Pages

Mar 13, 2010

ဗုဒ္ဓဘာသာဆိုတာ


ဗုဒ္ဓဘာသာဆိုတာ သိဒ္ဓတ္ထ ဂေါတမလို့ အမည်တော်ရတဲ့ ဗုဒ္ဓရဲ့ ဘဝနှင့် သင်ကြားပြသမှု (ဒေသနာတော်)မှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဘီစီ ငါးရာစုမှာ အိန္ဒိယမြောက်ပိုင်း (အခုခေတ် နီပေါ) ၌ မင်းမျိုး မင်းနွယ် တွင် မွေးဖွားတော်မူပြီး၊ မင်းမျိုးမင်းနွယ် တစ်ဦး၏ အကျိုးကျေးဇူးကို ခံစားရသဖြင့် ဥစ္စာဓန ကြွယ်ကြွယ်ဝဝ၊ စည်းစိမ်ချမ်းသာ ပြည့်ဝစွာဖြင့် သူ့ကို ပြုစု စောက်ရှောက် လူလားမြောက်စေခဲ့ပါတယ်။ သို့တစေ လောကီ ချမ်းသာဟူသည် ချမ်းသာစစ် ချမ်းသာမှန်ဖြစ်မှုနှင့် အားရကျေနပ်မှုကို လုံလောက်သည့် အာမခံချက် မပေးနိုင်သည်ကို မကြာမီ ရှာဖွေ တွေ့ရှိခဲ့လေသည်။ လူသားတို့ ခံစာရနိုင်သည့် ဒုက္ခ၏ စေ့ဆော် တိုက်တွန်းခြင်း ခံရသည် ဖြစ်၍ သက်တော် နှစ်ဆယ့်ကိုးတွင် နန်းတော်က သူ့ဘဝကို စွန့်လွတ် ထားခဲ့ပြီး လူသားတို့ အတွက် ချမ်းသာသုခ၏ သော့ချက်ကို စတင်ရှာဖွေခဲ့သည်။ ခြောက်နှစ်ကြာ အပြင်းအထန် ကြိုးပမ်းမှု၊ ဒုက္ကရစရိယာ ကျင့်တော်မူပြီး နောက် သက်တော် သုံးဆယ့် ငါးတွင် အနှောင်အဖွဲ့အားလုံး ဆင်းရဲ အားလုံးမှ လုံးဝလွတ်မြောက်ရာသို့ သွားရာလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤလမ်းကို လျှောက်ခြင်းဖြင့် သူ၏ ရှာဖွေတွေ့ရှိမှု၏ အထွဋ်အထိပ်ဖြစ်သည့် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခဲ့ပါသည်။ ထိုအချိန်မှ စတင်ကာ လူ နတ်ဦးခိုက် ပူဇော်ထိုက်သည့် ဗုဒ္ဓဟု သိလာကြသည်။ သူ၏ ကျန်ရှိနေသည့် လေးဆယ့် ငါးနှစ်တာ ကာလကို အိန္ဒိယ မြောက်ပိုင်းတစ်ခွင်လုံးကို တရားဓမ္မ ဟောပြတော်မူရင်း၊ ရှာဖွေ တွေ့ရှိထား သည့် သစ္စာ တရား၊ အမြတ်ဆုံး အမြင့်ဆုံး ချမ်းသာ ဖြစ်သည့် နိဗ္ဗာန်သို့ သွားရာလမ်းကို ဟောဖော် ညွန်ပြတော်မူရင်း လှည့်လည်တော်မူခဲ့သည်။ သူပရိနိဗ္ဗာန်ပြုတော် မူပြီးနောက် သူ့ဒေသနာများကို ဆက်လက်ဟောကြား ကျင့်ကြံနိုင်ကြရန် သံဃာဟု ခေါ်သည့် ဘိက္ခုနှင့် ဘိက္ခုနီ အဖွဲ့အစည်း ကိုလည်း တည်ထောင်တော်မူခဲ့သည်။ သက်တော်ရှစ်ဆယ်တွင် ဗုဒ္ဓရှင်တော်မြတ်သည် သူ့ကို ကြည်ညိုမြတ်နိုးကြသည့် တပည့် အပေါင်း ခြံရံလျက် ငြိမ်းချမ်းစွာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါသည်။


နောင်ရာစုနှစ်ပေါင်းများစွာ ဗုဒ္ဓ၏ ဒေသနာတော်သည် အာရှ တိုက်ကြီးတခွင်သို့ ပျံ့နှံ့ ရောက်ရှိသွားသည်။ အာရှယဉ်ကျေးမှု၏ အခြေခံအကြောင်းတရား၊ ဉာဏ် ပညာပိုင်းဆိုင်ရာ၊ ဘာသာရေး ဆိုင်ရာနှင့် အနုပညာရသ ခံစားမှုဆိုင်ရာ အကြီးကျယ်ဆုံးသော အောင်မြင်ပြီးမြောက်မှု၏ ရင်းမြစ် ဖြစ်လာခဲ့ပေသည်။ ရာစုနှစ် ပေါင်း နှစ်ဆယ့်ငါးခု ကုန်လွန်လာသည့်တိုင် ဗုဒ္ဓ၏ တရားဒေသနာ ကား စတင်ဟောကြားတော်မူခဲ့စဉ်ကနှင့်မခြား ယနေ့အထိလဲ အလွန်တရာမှ ဆီလျှော် သင့်အပ် ကောင်းမြတ်နေသေးသည်သာ။ ရှင်းရှင်းလင်းလင်း၊ လက်တွေ့ကျကျနှင့် ကြောင်းကျိုး သင့်လျော်သည့် ထိုတရားတော်သည် စိတ်ဓာတ်ဖွံ့ဖြိုးတိုက်တက်မှုသို့ သွားရာ တယူသန် တရားသေ မဟုတ်သည့်လမ်းကို ပေးအပ်ပါသည်။ ယင်းစိတ်ဓာတ် ဖွံ့ဖြိုးတိုးတက်မှုသည် ကိုယ်ကျင့်တရား ခိုင်မာမှု၊ စိတ်နှလုံး ဖြူစင်သန့်ရှင်းမှုနှင့် လူ့အခြေအနေ နှင့် ပတ်သက်သည့် အခြေခံ သစ္စာ တရားများကို ကိုယ်တိုင် ထိုးထွင်း သိမြင်မှုတို့ကို အလေး အနက်ထားသည်။ ထိုအချက်သည် ကမ္ဘာ့ အရှေ့ခြမ်း အနောက်ခြမ်းနှစ်ခုလုံးတွင် ဘာသာဝင်ဦးရေ တိုးပွားနေအောင် ဆွဲဆောင် သည့် အကြောင်း တရားများပင် ဖြစ်နေပေတော့သည်။

မှတ်ချက်: http://bodhimonastery.net/bm/about-buddhism.html မှ About Buddhism ကို ဘာသာပြန်သည်။

ဘုန်းဉာဏ်
Sembawang, Singapore
၁၃၊၀၃၊၁၀။

Mar 12, 2010

Free Will (ကိုယ့်သဘောနှင့်ကိုယ်)

ရှေ့ (ဆောင်းပါးများ)မှာ ဖော်ပြပြီးသလိုပါပဲ၊ ကံဆိုတာ ကံစီမံရာအတိုင်းပါပဲဆိုတဲ့ ကံကြမ္မာယုံမှုမျိုးလည်း မဟုတ်သလို ပြောင်းလဲပစ်လို့ မရတဲ့ ကံတရား လည်း မဟုတ်ပါဘူး။ မိမိ စိုက်ပျိုးပြီးခဲ့တာတွေအားလုံးကို အချိုးအစားကျကျ ကွက်တိ ရိတ်သိမ်းရမှာ သေချာနေတာမျိုးကြီးလည်း မဟုတ်ပြန်ဘူး။ လူတွေ လုပ်ခဲ့တဲ့ ကံတွေဟာ ယေဘုယျပြောရရင်တော့ လုံးဝ ပြောင်းလဲလို့ မရတာမျိုး မဟုတ်ပါဘူး။ ကံ အနည်းငယ်ကသာ အဲဒီလို ပြောင်းလဲလို့ မရတာပါ။ ဥပမာဆိုရရင်တော့ ရိုင်ဖယ်သေနတ်ကို ပစ်လိုက်ရင် ကျည်ဆံကို ပြန်ခေါ်ယူလို့ မရတော့ပါဘူး။ ဒါမှ မဟုတ် ပစ်မှတ်မှ ဘေးကိုလွှဲပစ်လို့ မရတော့ပါဘူး။ ခဲ သို့မဟုတ် သံလုံးအစား ချောမွတ်နေတဲ့ အစိမ်းရောင် ဘိလိယက်ခုံ ပေါ်က ကျူတံနဲ့ထိုး လိုက်လို့ ရွေ့နေတဲ့ ဆင်စွယ်ရောင် ဘောလုံးလေးသာ ဖြစ်ခဲ့ရင် အဲဒီ ဘောလုံးနောက်ကို သို့မဟုတ် အဲဒီ ဘောလုံးကိုပစ်လို့ရတယ်။ အခြားဘောလုံးလဲ အလားတူပါပဲ။ သူ့ရဲ့ လမ်းကြောင်းကို ပြောင်းလို့ ရပါတယ်။ ဒါတွင်မကသေးဘူး၊ အရမ်းလျှင်ပြီး၊ အရမ်းကြီး တွန်းထိုးပစ်လိုက်တာ မဟုတ်ဘူးဆိုလျင် ဘီးလိယက်ခုံရဲ့ တခြား ဘက်ကိုတောင်မှ လှည့်ယူလို့ ရသေးတယ်။ အဲဒီ ဘောလုံးကိုမှီပြီး လမ်းကြောမှာ သွားဆုံပြီး၊ ချက်ချင်းကျအောင်တောင် ထိုးပစ်လို့ ရတယ်။ ကျူတံပါတဲ့ မိမိရဲ့ နောက်ပိုင်းကံတွေနှင့် ပြုပြင် မွမ်းမံလို့ ရတယ်၊ အခြေအနေတွက မျက်နှာသာပေးခဲ့ရင် မိမိရဲ့ အစောပိုင်းက လုပ်ထားတဲ့ကံကို လျော့ပါး ပျောက်ကွယ်သွားအောင်တောင် လုပ်လို့ရပါတယ်။ ကျယ်ပြောလှတဲ့ ယေဘုယျ ဘဝရေစီးကြောင်းမှာ ကံတရားရဲ့ လည်ပတ်ပုံဟာ အများကြီးကို တူလှပါတယ်။ မိမိရဲ့ နောက်နေ့ကံ နှင့် အရင်နေ့က ကံရဲ့ အကျိုးကို ပြုပြင် မွမ်းမံလို့ ရတယ်။ ဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင်လေ မိမိကံတွေကနေ ထာဝရ လွတ်မြောက်ဖို့ ဖြစ်နိုင်ခြေဟာ ရှိနိုင်ပါဦးမလား။ ဆုံးခန်းတိုင်မှာ မဟုတ်တော့တဲ့ မိမိကိုယ်ကို ဆက်လက်ဖြစ်စေတဲ့ စွမ်းအင်ကို ထာဝရဖြစ်စေရာ ရောက်တော့ မှာပေါ့။

ဒါကြောင့်မို့ လူမှာ စိတ်ကြိုက်ဖန်တီးနိုင်စွမ်း တစ်စုံတစ်ရာသော အတိုင်းအတာထိတော့ ရှိပါတယ်။ မိမိဘဝကို ပုံဖော်ဖို့ ဒါမှမ ဟုတ် မိမိကံတွေကို ပြုပြင်မွမ်းမံဖို့ ဖြစ်နိုင်ခြေ အားလုံနီးပါး ရှိပါတယ်။ အရက်စက်ဆုံးလူ တစ်ဦးဟာတောင်မှ သူ့ရဲ့ စိတ်ကြိုက် ဆန္ဒ၊ လုံ့လဝီရိယတွေနှင့် အမွန်မြတ်ဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက်ဟာ အကောင်းအတွက်ပဲ ဖြစ်ဖြစ်၊ အဆိုးအတွက်ပဲဖြစ်ဖြစ် အချိန်မရွေး ပြောင်းလဲပစ်လို့ ရပါတယ်။ ဒါပေမယ်လို့ လောကကြီးမှာ လူသားကိုယ်တိုင် အပါအဝင် အရာရာတိုင်းဟာ အခြေအနေတွေပေါ်မှာ တည်မှီနေတယ်။ အခြေအနေ မပေးလို့ကတော့ ဘာဆိုဘာမှ ဖြစ်ပေါ်တည်ရှိမလာနိုင် ဘူး။ ဒါကြောင့်မို့ လူမှာ စိတ်ကြိုက်ဖန်တီးနိုင်စွမ်း အတိုင်းအတာ တစ်ခုအထိ ရှိပါတယ်၊ လုံးဝ စိတ်ကြိုက်ဖန်တီး နိုင်စွမ်းကြီး တော့လဲ မရှိဘူးပေါ့။ ဗုဒ္ဓဒဿနအရဆိုရင် နာမ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲပဲဖြစ်ဖြစ် အရာရာတိုင်းသည် နိယာမတရား တွေနှင့် အကြောင်းချင်းရာတွေ(conditions)အားလျော်စွာ ဖြစ်ပေါ်လာကြတာပဲ။ ဒီလိုမှမဟုတ်ဘူးဆိုရင် ဖရိုဖရဲ ပရမ်းပတာ ဖြစ်မှုတွေ၊ ဖြစ်ချင်သလို ဖြစ်မှုတွေ မင်းမူနေတော့မပေါ့။ သို့ပေမဲ့ ဒီလိုမျိုးကြီးက မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် တစ်နည်းတစ်ဖုံ ဖြစ်ဦး မယ်ဆိုရင်လဲ ခေတ်သစ် သိပ္ပံပညာကရှာဖွေတွေ့ရှိထားတဲ့ သဘာဝနိယာမတရားတွေအားလုံးဟာ အစွမ်းမဲ့ (အလကား) ဖြစ် သွားရပါလိမ့်မယ်။


လူရဲ့ အရေးကြီးပြီး အနှစ်သာရဖြစ်တဲ့ ကံရဲ့သဘောသဘာဝဟာ နာမ်ပိုင်း (စိတ်ပိုင်း) ဆိုင်ရာပဲ။ အတွေးတစ်ခုဟာ မိမိရဲ့ စိတ်ထဲမှာ ခဏခဏ ဖြစ်လာပြီဆိုတဲ့အခါ အဲဒီအတွေးကို မကြာခဏ တွေးချင်တဲ့ စိတ်ညွတ်မှုလေးတော့ အသေအချာ ရှိနေ ပါတယ်။အပြုအမူတစ်ခုကို ခဏခဏလုပ်တဲ့အခါ အဲဒီအပြုအမူကို ထပ်ထပ်လုပ်ချင်တဲ့ စိတ်ညွတ်မှုစရိုက် တစ်ခုတော့ရှိနေပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် အပြုအမူတိုင်းဟာ အလားတူ အပြု အမူကို ဆက်တိုက် ဖြစ်စေလေ့ ရှိပြီး အတုန့်အလှည့်အားဖြင့် ဖြစ်စေပါတယ်။ လူတစ်ယောက်ဟာ ကောင်းတာကိုတွေး၊ ကောင်း တာကို ပြောပြီး ကောင်းတာကို လုပ်တယ်ဆိုရင် သူ့အပေါ် ကျရောက်မဲ့ အကျိုးက သူ့မှာရှိနေတဲ့ ကောင်းမြတ်မှုကိုစိတ်ညွတ်မှု တိုးစေပြီး ပိုမိုကောင်းမြတ်တဲ့ လူတစ်ယောက်ဖြစ်စေပါတယ်။ ဆန့်ကျင်ဘက်အားဖြင့်တော့ ကိုယ် နှုတ် စိတ်အားဖြင့် မကောင်းမှု ကို လုပ်တယ်ဆိုရင် သူ့ရဲ့ မကောင်းမှုမှာ စိတ်ညွတ်မှုတွေကို အားကောင်းစေပါပြီ။ ပိုဆိုးသူတစ်ယောက် ဖြစ်စေပါပြီ။ ပိုဆိုးသူ တစ်ယောက် ဖြစ်လာပြီးတဲ့ အခါ နောင်မှာ လူဆိုးအဖေါ်ဆီကို ဦးတည်တော့မယ်။ ပြီးတော့ အဲဒီလို အပေါင်းအဖော်နှင့် အတူရှိနေခြင်းရဲ့ များပြားလှစွာသော စိတ်မချမ်းသာမှုတွေ ကျရောက်တော့တာပဲ။ အခြားတစ်ဖက်မှာတော့ စာရိတ္တကောင်းမြတ်သူတစ်ယောက်၊ ဆိုလိုတာက တော့ အမြဲတမ်း ပိုပိုကောင်းလာနေတဲ့ သူတစ်ယောက်ဟာ သဘာဝအလျောက်ကို လူကောင်းတွေနှင့် မိတ်ဖြစ်ဖို့ စိတ်ညွတ်မယ်။ ချမ်းသာသုခတွေ၊ နှစ်သိမ့်စရာတွေနှင့် လူ့ဘဝရဲ့ ပိုမိုကြမ်းတမ်းလှတဲ့ စိတ်တုန်လှုပ် ချောက်ချားဖွယ် ရာများမှ လွတ်မြောက်မှုတွေကို ခံစားရပါလိမ့်မယ်။ ဒီစိတ်တုန်လှုပ် ချောက်ချားဖွယ်ရာများမှ လွတ်မြောက်မှုဆိုတာဟာ အဲဒီလိုမျိုး အသိုင်းအဝိုင်းက ဖော်ဆောင်ပေးတတ်တဲ့ အရာပေါ့။


ယဉ်ကျေးပြီးသူ၏ ကိစ္စတွင်မူ ပိုမိုကြီးလေးသော မကောင်းမှုကိုပင် သေးငယ်အောင်လုပ်လို့ရသည်။ တစ်ချိန်တည်းမှာပင် မယဉ်ကျေးသူ၏ သေးငယ်သောမကောင်းမှုသည် အခွင့်သာလျှင်သာသလို အခြေအနေအရ ပိုမိုကြီးသော မကောင်းကျိုးကို ပေးနိုင်ပါသည်။ ဗုဒ္ဓသည် အောက်ပါအတိုင်း ဟောကြားတော်မူပါသည်။

“ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကာယဘာဝနာကိုလည်း မပွားများ (မလေ့ကျင့်)၊ သီလကိုလည်း မပွားများ၊ စိတ်ကိုလည်း မပွားများ၊ ပညာကိုလည်း မပွားများ၊ ဂုဏ် (ကောင်းမြတ်မှု) နည်း၏။ သီလနည်း၏၊ မကောင်းမှုအနည်းငယ်၏ အကျိုးဖြင့် ဆင်းရဲစွာနေရ၏။ ဤသို့သောသူသည် ပြုအပ်သော အနည်းငယ်သော မကောင်းမှုကံသည် သူ့ကို ငရဲသို့ ဆောင် ယူ၏။“
“ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကာယဘာဝနာကိုလည်း ပွားများ၏ (လေ့ကျင့်၏)၊ သီလကိုလည်း ပွားများ၏၊ စိတ်ကိုလည်း ပွားများ၏၊ ပညာကိုလည်း ပွားများ၏၊ ဂုဏ် (ကောင်းမြတ်မှု) များ၏၊ ကြီးမြတ်သောသူဖြစ်၏။ အကန့်အသတ်မရှိ နေရ၏။ ဤသို့သောသူသည် ပြုအပ်သော အလားတူသော မကောင်းမှုကံသည် ဤဘဝမှာပင် ခံစားရ၏၊ သေပြီးနောက်၌ အနည်းငယ်သော မကောင်းမှုကံသည်ပင် မထင်တော့၊ များစွာသော အကျိုးကား အဘယ်မှာ ထင်ပါတော့မည်နည်း။“
“ထိုအရာသည် ဤကဲ့သို့ ဖြစ်ပေ၏။ အို ရဟန်းတို့ လူတစ်ယောက်သည် ဆားခဲတစ်ခဲကို ရေခွက်သေးသေးလေး၌ ထည့်သည် ဟု ဆိုကြပါစို့။ အို ရဟန်းတို့ သင်တို့ မည်သို့ထင်ကြကုန်သနည်း။ ယခု ဤခွက်ထဲတွင်ရှိသော အနည်းငယ်သောရေသည် ငန်လာပြီး မသောက်နိုင်သော ဆားငန်ရေ ဖြစ်ရာပါသလော။“ “မှန်လှပါ အရှင်ဘုရား။“ အဘယ့်ကြောင့် ဤသို့ဖြစ်ရပါသနည်း။ “အရှင်ဘုရား ခွက်ထဲတွင် ရေအနည်းငယ်သာရှိရကား ဤဆားခဲမျှဖြင့် ငန်လှပြီး မသောက်နိုင်အောင် ဖြစ်ရကြောင်းပါဘုရား။“
“အို ရဟန်းတို့ လူတစ်ယောက်သည် ဆားခဲတစ်ခဲကို ဂင်္ဂါမြစ်၌ ထည့်သည်ဟု ဆိုကြပါစို့။ အို ရဟန်းတို့ သင်တို့ မည်သို့ထင် ကြကုန်သနည်း။ ယခုအခါ ဂင်္ဂါဖြစ်ရေသည် ဤဆားခဲမျှဖြင့် ငန်လာပြီး မသောက်နိုင်သော ဆားငန်ရေ ဖြစ်ရာပါသလော။“
“အမှန်စင်စစ် မဖြစ်ကြောင်းပါ အရှင်ဘုရား။“ “အဘယ့်ကြောင့် မဖြစ်ရသနည်း။“ “အရှင်ဘုရား ဂင်္ဂါမြစ်ရေထုသည် များသော ကြောင့် ငန်လှပြီး မသောက်နိုင်အောင် မဖြစ်ရကြောင်းပါဘုရား။“
“အို ရဟန်းတို့ ဤနည်းတူသာလျှင် မကောင်းမှု အနည်းငယ်သာလျှင် ပြုလုပ်ပြီး ထိုအနည်းငယ်သော မကောင်းမှုသည် ငရဲသို့ ဆောင်ယူသွားသော ပုဂ္ဂိုလ်မျိုး၏ အဖြစ်သည်လည်း ရှိနိုင်ပေ၏။ အို ရဟန်းတို့ အလားတူ အနည်းငယ်သော မကောင်းမှုကို ပြု လုပ်ပြီး မျက်မှောက်ဘဝ၌ပင် ခံစာရ၏။ သေပြီးနောက်၌ အနည်းငယ်သော မကောင်းကျိုးသည်ပင် မထင်ရှား။ များစွာသော အကျိုးကား အဘယ်မှာ ထင်ရှားပါမည်နည်း။ ဤသို့သော ပုဂ္ဂိုလ်မျိုး၏ အဖြစ်သည်လည်း ရှိနိုင်ပေ၏။“

“အို ရဟန်းတို့ အသပြာဝက်ဖြင့်သော်လည်းကောင်း၊ တစ်အသပြာဖြင့်သော်လည်းကောင်း၊ အသပြာတစ်ရာဖြင့်သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ခံရသော ပုဂ္ဂိုလ်မျိုး၏ အဖြစ်သည်လည်း ရှိနိုင်ပေ၏။ အို ရဟန်းတို့ တဖန် အသပြာဝက်ဖြင့်သော်လည်းကောင်း၊ တစ်အသပြာဖြင့်သော်လည်းကောင်း၊ အသပြာတစ်ရာဖြင့်သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ခြင်း မခံရသော ပုဂ္ဂိုလ်မျိုး၏ အဖြစ် သည်လည်း ရှိနိုင်ပေ၏။“

“အို ရဟန်းတို့ အဘယ်သူသည် အသပြာဝက်ဖြင့်သော်လည်းကောင်း၊ တစ်အသပြာဖြင့် သော်လည်းကောင်း၊ အသပြာတစ်ရာ ဖြင့်သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ခံရသနည်း။ အို ရဟန်းတို့ တစ်စုံတစ်ယောက်သည် ဆင်းရဲတိုင်း၊ ချို့တဲ့တိုင်၊ နွမ်းပါး တိုင်း အသပြာဝက်ဖြင့် သော်လည်းကောင်း၊ တစ်အသပြာဖြင့်သော်လည်းကောင်း၊ အသပြာတစ်ရာဖြင့်သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင် ခံရပေ၏။“

“အို ရဟန်းတို့ အဘယ်သူသည် အသပြာဝက်ဖြင့်သော်လည်းကောင်း၊ တစ်အသပြာဖြင့် သော်လည်းကောင်း၊ အသပြာတစ်ရာဖြင့် သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင် မခံရသနည်း။ အို ရဟန်းတို့ ချမ်းသာသော၊ ကြွယ်ဝသော၊ များသောအသုံးအဆောင်ရှိ သောသူသည် အသပြာဝက်ဖြင့်၊ တစ်အသပြာဖြင့်၊ အသပြာတစ်ရာဖြင့် ဖမ်းဆီး ချုပ်နှောင်ခြင်း မခံရပေ။“

“အို ရဟန်းတို့ ဤနည်းတူသာလျှင် မကောင်းမှု အနည်းငယ်သာလျှင် ပြုလုပ်ပြီး ထိုအနည်းငယ်သော မကောင်းမှုသည် ငရဲသို့ ဆောင်ယူသွားသော ပုဂ္ဂိုလ်မျိုး၏ အဖြစ်သည်လည်း ရှိနိုင်ပေ၏။ အို ရဟန်းတို့ သို့မဟုတ် နောက်ထပ်တစ်ဖန် အနည်းငယ်သော မကောင်းမှုကို ပြုလုပ်ပြီး မျက်မှောက်ဘဝ၌ပင် ခံစာရ၏။ သေပြီးနောက်၌ အနည်းငယ်သော မကောင်းကျိုးသည်ပင် မထင်ရှား။ များစွာသော အကျိုးကား အဘယ်မှာ ထင်ရှားပါမည်နည်း။ ဤသို့သော ပုဂ္ဂိုလ်မျိုး၏ အဖြစ်သည်လည်း ရှိနိုင်ပေ၏။“

(အင်္ဂုတ္တရနိကာယ၊ အတွဲ ၁၊ စာ ၂၄၉)

ဆရာတော် ဦးသေဋ္ဌိလ၏ “Essential Themes of Buddhist Lectures“ မှ Free Will ကို ဘာသာပြန်ဆိုပါသည်။ ဆရာတော်သည် အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ၅ လောဏက- ပလ္လဝဂ်၊ ၉ လောဏက ပလ္လသုတ်တော်ကို အင်္ဂလိပ်လို ဘာသာပြန်ကာ ထည့်သွင်းကိုးကား ထားသည်။ ဤနေရာ၌ ပါဠိတော်ကို ဘာသာပြန်ရာတွင် ဆရာတော်သည် တိုက်ရိုက် ဘာသာပြန်ခြင်းထက် ချုံပြီးဘာသာပြန်ထားကြောင်း တွေ့ရပါသည်။ ဘာသာပြန်သူ)

Mar 8, 2010

ကံအမျိုးမျိုး


အကျိုးပေးရာကာလအရ ကံကို လေးမျိုးခွဲထားသည်။ (၎င်းတို့မှာ - ) ယခုဘဝမှာပင် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in the same lifetime)။ နောင်ဘဝတွင် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in the next life) နှင့်၊ ဘဝအဆက်ဆက် အကျိုးပေးတတ်သည့်ကံ (Kamma that ripens in successive births) တို့ဖြစ်သည်။ ဤကံသုံးမျိုးတို့သည် အစေ့မှ အညှောက်ထွက်သကဲ့သို့ အကျိုးပေးရန် သေချာသည်။ သို့သော်လည်း အစေ့ကလေး အညှောက်ပေါက်ဖို့ရာ မြေဆီလွှာ၊ မိုးစသည်တို့ကဲ့သို့သော အခြားသော အကြောင်းအထောက်အပံ့များ လိုအပ် သည်။ အလားတူပင် ကံ အကျိုးပေးရန် အခြေအနေ၊ ပတ်ဝန်းကျင် စသည်တို့ကဲ့သို့သော အကူဖြစ်သည့် အကြောင်းအထောက် အပံ့များ လိုအပ်ပါသည်။ တစ်ခါတစ်ရံတွင်မူ ဤကဲ့သို့သော အကူအထောက်အပံ့ အကြောင်းများ လိုအပ်သည့်အတွက် ကံက မည်သည့် အကျိုးမျှ မပေးသည်လည်း ရှိတတ်ပါသေးသည်။ ဤကဲ့သို့သော အကျိုးမပေးသည့်ကံကို (၄) “အဟောသိကံ” “အကျိုးမပေးသည့်ကံ” ဟု ခေါ်ပါသည်။

ကိစ္စ အလုပ်လုပ်ပုံအားဖြင့် ကံကို (နည်းတစ်မျိုးဖြင့်) လေးမျိုးခွဲပြပြန်သည်။ ကံလေးမျိုးသည် -

၁။ ဇနကကံ (Regenerative Kamma) - ပဋိသန္ဓေကျိုး (ဘဝအစ)ကို ဖြစ်စေတတ် ပေးတတ်သောကံ၊
၂။ ဥပတ္ထမ္ဘကကံ (Supportive Kamma) - ရှိပြီးသာကံ၏အကျိုပေးမှု (ဇနကကံနှင့် ၎င်း၏ အကျိုးပေးမှု)ကို ထောက်ပံ့ ကူညီမှုပေးတတ်၊ တည်တံ့စေတတ်သောကံ၊
၃။ ဥပပီဠကကံ (Counteractive Kamma) - ပြန်လည်အကျိုးပေးတတ်သောကံ၏ အကျိုးပေးမှုကို အကျိုးပေး ခွင့် မရအောင် ဖိနှိပ်တတ် ချယ်လှယ်တတ်သော သို့မဟုတ် (အကျိုးပေးမသန်အောင်) ပြုပြင်တတ်သောကံ၊
၎။ ဥပဃာတကကံ (Destructive Kamma) - ရှိပြီး (အကျိုးပေးပြီး)ကံ၏ စွမ်းအင်သတ္တိများကို ဖျက်ဆီးပြီး မိမိ ကိုယ်တိုင်၏ အကျိုးပေးမှုများဖြင့် အစားထိုး အကျိုးပေးတတ်သောကံ။

(ပဋိသန္ဓေ) အကျိုးပေးဖို့ရာ ဦးစားပေးမှု (အလှည့်အကြိမ်) အရ နောက်ထပ် ကံအမျိုးအစား ခွဲထားမှု ရှိပြန်သေးသည်။ (၎င်းတို့မှာ - )

၁။ ဂရုကကံ (Serious or Weighty Kamma) - ယခုဘဝ သို့မဟုတ် နောင်(ဒုတိယ) ဘဝတွင် အကျိုးပေးသည့်ကံ။ ဤကံ၏ ကောင်းမြတ်သောဖက်မှ ကြည့်သော် (မဟဂ္ဂုတ် ဈာန်တရားသည် ဂရုကကံ ဖြစ်သည်။ အကြောင်းမှာ ဈာန်မဟုတ် သော ကုသိုလ်ကံများထက် အကျိုးပေးမြန်လှသောကြောင့်ပင်။ အဆိုးဖက်တွင်မူ အာနန္တရိယကံ (ဒုတိယဘဝတွင် အကျိုးပေး လေ့ရှိသောကံ) ငါးမျိုးသည် ကရုကကံ ဖြစ်သည်။ ၎င်းတို့မှာ အမိ သတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ ဘုရား ရှင်ကို သွေးထွက်အောင် လုပ်ခြင်းနှင့် သံဃာ အချင်းချင်း ကွဲအောင်ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။


အာသန္နကံ (Death-proximate Kamma) ဆိုသည်မှာ သေခါနီးအချိန်၌ ကိုယ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ပြုလုပ်သော ကံဖြစ်သည်။ စိတ်ဖြင့်ပြုသည်ဟူသည် မိမိ၏ ရှေးကပြုလုပ်ခဲ့သော ကောင်းသောအလုပ် မကောင်းသောအလုပ် (ကောင်းကံ၊ မကောင်းကံ)များကို တွေးမိ သတိယမိခြင်း၊ ကောင်း မကောင်းသော အတွေး၊ စိတ်များရှိခြင်းကို ဆိုလိုသည်။ မိမိ၌ ဂရုကကံ မရှိခဲ့သော် ဤအာသန္နကံသည်ပင် ပဋိသန္ဓေကျိုးကို ပေးပါသည်။


အာစိဏ္ဏကံ(Habitual Kamma) ဆိုတာ မိမိ အမြဲမပြတ်ပြုလုပ်နေတဲ့ ကံကို ခေါ်တာပါ။ အာသန္နကံ မရှိရင်တော့ ဒီကံကပဲ အကျိုးဝင်ပေးပြီး နောက်ဘဝကို ဖန်တီးပေးတော့တာပဲ။


ကဋတ္တာကံ (Reserved Kamma) ဆိုတာ ဦးစားပေး အကျိုးပေးမှုကံတွေထဲမှာ နောက်ဆုံးကံပါ။ မည်သည့် သတ္တဝါကမျှ ဒီကံကို မျှော်လင့်မထားပါဘူး။ အကျိုးပေးဖို့ အာစိဏ္ဏကံမရှိဘူးဆိုရင် ဒီကံက ပဋိသန္နေကျိုးကို (နောက်ဘဝကို) ဖြစ်စေတော့ ပေးတော့တာပါပဲ။

(ရှေးရှေးဘဝတို့၌ ပြုအပ်ပြီးသော စေတနာနှင့် ယခုဘဝတွင် ဂရုက အာသန္န အာစိဏ္ဏအခြေအနေသို့ မရောက် တတ်ဘဲ အမှတ်တမဲ့ သာမန်မျှ ပြုအပ်သောကံများကို “ကဋတ္တာကံ“လို့ခေါ်ကြောင်း ဆရာတော် အရှင် ဇနကာဘိဝံသရဲ့ “သင်္ဂြိုဟ် ဘာသာဋီကာ၊ စာမျက်နှာ ၃၄၃၊ နယူးဘားမားအော့(ဖ်)ဆက် ပိဋကပုံနှိပ်တိုက်၊ ဧကာဒသမအကြိမ်” မှာ ရှင်းပြထားပါတယ်လို့ ဘာသာပြန်သူက ဖြည့်စွက် ဖော်ပြလိုက်ပါတယ်)။

အကျိုးပေးတဲ့နေရာကိုလိုက်ပြီး နောက်တမျိုးတစား ခွဲခြားထားပြန်သေးတယ်။ အဲဒီကံတို့ရဲ့အမည်တွေကတော့ -
၁။ အပါယ်ဘုံမှာ အကျိုးပေးတဲ့ အကုသိုလ်ကံ၊
၂။ ကာမသုဂတိဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ၊
၃။ ရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ၊
၎။ အရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံ တို့ဖြစ်ပါတယ်။

၁။ အကုသိုလ်ကံတို့သည် လောဘ၊ ဒေါသနှင့် မောဟတရားကြောင့် ဖြစ်ရသည်။ အကုသိုလ်ကံ ဆယ်မျိုး ရှိပါတယ်။ အဲဒါတွေ ကတော့ - အသက်သတ်ခြင်း၊ ခိုးယူခြင်း၊ မမြတ်သောကာမသွားလာခြင်း၊ (ဤသုံးမျိုးသည် ကာယကံ မည်ပါသည်။)၊ လိမ်ညာခြင်း၊ ဂုံးတိုက်ခြင်း (သွေးခွဲ ရန်တိုက်ခြင်း)၊ နာခံခက်သည့် စကားကို ပြောခြင်း၊ အနှစ်ကင်းမဲ့ ပေါ့ပျက်ပျက်စကားမျိုးကို ပြောခြင်း။ (ဤလေးမျိုးသည် ဝစီကံကြောင့် ဖြစ်၏။)၊ သူတစ်ပါး စည်းစိမ်ကို လိုချင်ရချင်မှု(အဘိဇ္ဈာ)၊ သူတစ်ပါးကို သေကျေ ပျက်စီးစေလိုသည့် ဒေါသကြမ်း (ဗျာပါဒ)နှင့် အမြင်မှား အယူအဆမှား (မိစ္ဆာဒိဋ္ဌိ) (ဤသုံးမျိုး သည် မနောကံ)တို့ပဲ ဖြစ်ပါ တယ်။


ဤဆယ်မျိုးတွင် - သတ်ခြင်းဆိုသည်မှာ တိရစ္ဆာန်မျိုးစုံ အပါအဝင် သက်ရှိသတ္တဝါကို သတ်ခြင်းကို ဆိုလိုတာပါ။ အင်္ဂါငါးမျိုးနှင့် ပြည့်စုံမှ ဒီကံမြောက် (သတ်မှုမြောက်)တာပါ။ ၎င်းတို့ကတော့ - သတ္တဝါဖြစ်ခြင်း၊ သတ္တဝါလို့ သိခြင်း၊ သတ်လို သေစေလို သော စေတနာရှိခြင်း၊ အားထုပ်ခြင်း (သတ်ခြင်း)နှင့် သတ်လို့သေခြင်း တို့ဖြစ်ပါတယ်။ အသက်သတ်ခြင်းရဲ့ မကောင်းကျိုးတွေ ကတော့ အသက်တိုခြင်း၊ ရောဂါများခြင်း၊ ချစ်ရမြတ်နိုးရသူနှင့် ခွဲခွါရခြင်းကြောင့် အမြဲ သောကရောက်ရခြင်းနှင့် အမြဲ ကြောက် ရွံ့ရခြင်းတို့ ဖြစ်ပါတယ်။


ခိုးမှုမြောက်ဖို့ကတော့ အင်္ဂါငါးမျိုးလိုအပ်ပြီး အဲဒါတွေကတော့ - သူတစ်ပါးပစ္စည်းဖြစ်ခြင်း၊ သူတစ်ပါးရဲ့ ပစ္စည်းလို့ သိခြင်း၊ ခိုးယူလိုစိတ်ရှိခြင်း၊ ခိုးယူခြင်းနှင့် ထားတဲ့နေရာမှ ရွေ့ခြင်းတို့ဖြစ်ပါတယ်။ ခိုးခြင်းရဲ့ အကျိုးတွေကတော့ ဆင်းရဲမွဲတေခြင်း၊ စိတ်ဆင်းရဲရခြင်း၊ လိုတာမရရှိ မပြည့်စုံခြင်း၊ သူတစ်ပါးကို မှီခိုကပ်ရပ်နေရတတ်ခြင်းတို့ ဖြစ်ပါတယ်။


မမြတ်သော ကာမသွားလာခြင်းကံမြောက်ဖို့ရာ လိုအပ်တဲ့ အင်္ဂါလေးရပ်ရှိပြီး အဲဒီ အင်္ဂါတွေကတော့ တားမြစ်(စောင့်ရှောက်) ထားတဲ့သူဖြစ်ခြင်း၊ သွားလာ (လွန်ကျူး)ဖို့ အားထုပ်ခြင်း၊ ရအောင် ကြံစည်လှည့်လည် ပရိယာယ်ဆင်ခြင်းနှင့် ပိုင်ဆိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မမြတ်သော ကာမသွားလာခြင်းရဲ့ ဆိုးကျိုးတွေကတော့ ရန်သူများခြင်း၊ ရယူပိုင်ဆိုင်လိုသည့် ဇနီးကို မရခြင်း၊ မိန်းမဖြစ်ရခြင်းနှင့် မိန်းမစိုး (eunuch) ဖြစ်ရခြင်းတို့ပါပဲ။


မုသာဝါဒကံမြောက်ဖို့ရာ လိုအပ်တဲ့ အင်္ဂါလေးရပ်ကတော့ - မဟုတ်မမှန်ခြင်း၊ လိမ်လည် လှည့်ဖြားလိုစိတ်ရှိခြင်း၊ လိမ်ခြင်းနှင့် လိမ်သည့်အတိုင်း သိခြင်း (ယုံခြင်း) တို့ဖြစ်ပြီး၊ ဆိုးကျိုးတွေကတော့ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခံရခြင်း၊ သွားပုပ်လေလွင့် (အမနာပ) အပြောခံရခြင်း၊ ယုံကြည်မှု မခံရခြင်းနှင့် ခံတွင်းနံ့ နံခြင်းတို့ ဖြစ်သည်။


ဂုံးတိုက်ခြင်း (သွေးခွဲ ရန်တိုက်ခြင်း) ကံမြောက်ဖို့ရာလည်း အင်္ဂါလေးရပ် လိုအပ်ပြီး အဲဒါတွေကတော့ ခွဲရမည့်သူများ ရှိခြင်း၊ သွေးခွဲလိုစိတ်ရှိခြင်း၊ သွေးခွဲဖို့လုပ်ခြင်းနှင့် ပြောဆိုခံရသူ (သွေးခွဲခံရသူ)က သိခြင်းတို့ ဖြစ်ပါသည်။ ဤကံ၏ အကျိုးကတော့ လုံလောက်သော အကြောင်းတစ်စုံတစ်ရာ မရှိပဲ မိတ်ပျက်ရခြင်းပင် ဖြစ်သည်။


နာခံခက်သည့် စကားကို ပြောခြင်း (ဆဲရေးတိုင်းထွာခြင်း) ကံမြောက်ဖို့ရာ လိုအပ်သည့် အင်္ဂါသုံရပ်မှာ - ဆဲရေးတိုင်းထွာ ရမည့်သူ၊ စိတ်ဆိုးဒေါသထွက်ခြင်းနှင့် ဆဲရေးတိုင်းထွာသည့် စကားတို့ကို ပြောဆိုခြင်းတို့ ဖြစ်သည်။ ဒီကံရဲ့ အကျိုးတွေကတော့ အပြစ်မရှိသော်လည်း အမုန်းခံရခြင်းတတ်ခြင်းနှင့် အသံဆိုးခြင်းတို့ ဖြစ်သည်။


အကျိုးမပြီး အချီးနှီးသောစကားကို ပြောဆိုခြင်းကံမြောက်ရန် အချက်နှစ်ရပ်လိုအပ်ပြီး ၎င်းတို့ကတော့ အနှစ်ကင်းမဲ့ပေါ့ပျက်ပျက် စကားမျိုးကို ပြောလိုစိတ်ရှိခြင်းနှင့် ပြောဆိုခြင်းတို့ဖြစ်သည်။ အနှစ်ကင်းမဲ့ ပေါ့ပျက်ပျက် စကားမျိုးကို ပြောခြင်းရဲ့ အကျိုးတွေ ကတော့ ခန္ဓာကိုယ်အင်္ဂါကြီးငယ်တို့ မညီမညွတ်ရှိခြင်းနှင့် မိမိပြောစကားကို လက်မခံခြင်းတို့ပဲဖြစ်ပါတယ်။


သူတစ်ပါးစည်းစိမ်ကို လိုချင်ရချင်မှု (အဘိဇ္ဈာ) ကံမြောက်ဖို့ရာ လိုအပ်သည့် အင်္ဂါနှစ်ရပ်မှာ - သူတစ်ပါး စည်းစိမ်ဥစ္စာဖြစ်ခြင်း နှင့် “ဒါ ငါ့ဥစ္စာဖြစ်လျှင် ကောင်းမှာပဲ” လို့ပြောလျက် ရလိုစိတ်ပြင်းပြခြင်းတို့ ဖြစ်သည်။ အကျိုးတရားကတော့ မိမိဆန္ဒ မပြည့်ဝ ရခြင်းပင်။


သူတစ်ပါးကို သေကျေ ပျက်စီးစေလိုမှု ကြမ်းတမ်းသော ဒေါသ (ဗျာပါဒ) ကံမြောက်ဖို့ရာ အင်္ဂါနှစ်ရပ် လိုအပ်ပြီး ယင်းအင်္ဂါ နှစ်ရပ်မှာ - အခြားသောလူ၊ သတ္တဝါဖြစ်ခြင်းနှင့် ထိခိုက်နစ်နာ ပျက်စီးစေလိုခြင်းတို့ ဖြစ်သည်။ အကျိုးတွေကတော့ အကြည်း တန်ခြင်း၊ အနာရောဂါများခြင်းနှင့် မုန်းစရာကောင်းတဲ့ သဘာဝရှိခြင်းတို့ပါပဲ။


အမြင်မှား အယူအဆမှားခြင်း (မိစ္ဆာဒိဋ္ဌိ)ဆိုတာ တရားသဘောတွေကို ယထာဘူတကျကျ (အရှိ အရှိအတိုင်း) မမြင်နိုင် နားမလည်နိုင်ပဲ (မှားယွင်းဖောက်ပြန် မမှန်မကန်) မြင်မှုကို ဆိုလိုတာပါပဲ။ ဒီကံမြောက်ဖို့ အချက်နှစ်ချက် လိုအပ်ပါတယ်။ ယင်းတို့မှာ ဖောက်ပြန်မှားယွင်းစွာ ရှုမြင်ခြင်းနှင့် ထိုအမြင်အတိုင်း သိမြင်နားလည်ခြင်းတို့ ဖြစ်ပါတယ်။ ဒီကံရဲ့ အကျိုးတွေ ကတော့ကား အရင်းခံတွယ်တာမှု အားကြီးခြင်း၊ ဉာဏ်ပညာကင်းခြင်း၊ ဉာဏ်ထိုင်းခြင်း၊ နာတာရှည်ရောဂါများ ခံစားရခြင်းနှင့် ကဲ့ရဲ့ဖွယ်ရာ အတွေးအခေါ် အယူအဆများရှိခြင်းတို့ ဖြစ်ပါတယ်။ (Expositor, I, P. 128)

ကာမာဝစရဘုံမှာ အကျိုးပေးတတ်တဲ့ ကုသိုလ်ကံတွေကတော့ ဆယ်မျိုးရှိပါတယ်။ အဲဒီ ကုသိုလ်ကံတွေကတော့ - စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း (ဒါန)၊ ကိုယ် နှုတ်တို့ကို ကောင်းစွာ စောင့်ထိန်းမှု (သီလ)၊ ကမ္မဋ္ဌာန်း ပွားများမှု (ဘာဝနာ)၊ ရိုသေ လေးစားမှု (အပစာယန)၊ ကူညီဆောင်ရွက်ပေးမှု (ဝေယျာဝေစ္စ)၊ ကုသိုလ် ကောင်းမှုကို အမျှပေးဝေမှု (ပတ္တိဒါန)၊ အခြား သောသူများ၏ ကုသိုလ်ကောင်းမှုကို ဝမ်းမြောက် ဝမ်းသာဖြစ်မှု (ပတ္တာ-နုမောဒန)၊ တရားတော်ကို နာယူခြင်း (ဓမ္မသဝန)၊ တရားဟောခြင်း (ဓမ္မဒေသနာ) နှင့် အယူမှန်ကို ပြုခြင်း (ဒိဋ္ဌိဇုကမ္မ)တို့ဖြစ်သည်။


စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (ဒါန)က ဥစ္စာဓန ပေါများစေတတ်သည်။ သီလက ကာမဘုံတွင် မြင့်မြတ်သော အမျိုး၌ မွေးဖွား စေတတ်သည်။ ဘာဝနာက ရူပဘုံ အရူပဘုံတို့သို့ ရောက်စေတတ်ပြီး အရဟတ္တမဂ်ဉာဏ် (Higher Knowledge)နှင့် လွတ်မြောက်မှုကို ရရန် အထောက်အကူပေးသည်။

ရိုသေလေးစားမှု (အပစာယန)သည် မြင့်မြတ်သော မိဘမျိုးရိုးတွင် မွေးဖွားရခြင်း၏ အကြောင်းဖြစ်ပြီး ကူညီ ဆောင်ရွက်ပေးမှု (ဝေယျာဝေစ္စ)က အခြွေအရံများခြင်း၏ အကြောင်းဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုကို အမျှပေးဝေမှု (ပတ္တိဒါန)က မိမိကို အနာဂတ်ဘဝမှာ ပေါပေါများများ ပေးလှူနိုင်အောင် ဖြစ်စေတတ်ပါတယ်။ အခြားသောသူများ၏ ကုသိုလ်ကောင်းမှုကို ဝမ်း မြောက် ဝမ်းသာဖြစ်မှု(ပတ္တာနုမောဒန)ကတော့ ဘယ်တော့ မွေးမွေး ပျော်ရွှင်ရမှုကို အကျိုးပြုပေးပါတယ်။ ဓမ္မသဝန နှင့် ဓမ္မဒေသနာ (တရားနာမှု၊ တရားဟောမှု) တို့ကတော့ ဉာဏ် ပညာကြီးမားမှုကို ဖြစ်စေပါသည်။

၃။ ရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံက ငါးမျိုးရှိပါတယ်။ အဲဒီကံတွေဟာ စိတ်နှင့်သာဆိုင်ပြီး ဘာဝနာပွားများမှု အလုပ်နှင့် လုပ်ရတာပါ။ ငါးမျိုးကတော့ -
(က) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးရှိသော ပဌမဈာန်။
(ခ) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော ဒုတိယဈာန်။
(ဂ) ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော တတိယဈာန်။
(ဃ) သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော စတုတ္ထဈာန်။
(င) ဥပေက္ခာ၊ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးပါးနှင့် အတူဖြစ်သော ပဉ္စမဈာန် တို့ဖြစ်ပါတယ်။

၎။ အရူပဘုံမှာ အကျိုးပေးတဲ့ ကုသိုလ်ကံက လေးမျိုးရှိပါတယ်။ အဲဒီကံတွေဟာလည်း စိတ်နှင့်သာဆိုင်ပြီး ဘာဝနာပွားများမှု အလုပ်နှင့် လုပ်ရတာပါ။ ငါးမျိုးကတော့ -
(က) အာကာသာနဉ္စာယတနကုသိုလ်စိတ်၊
(ခ) ဝိညာနဉ္စာယတနကုသိုလ်စိတ်၊
(ဂ) အာကိဉ္စညာယတနကုသိုလ်စိတ်
(ဃ) နေဝသညာ နာသညာယတနကုသိုလ်စိတ် တို့ဖြစ်ပါတယ်။

ဘာသာပြန်သူ၏ အမှာ။ (ဆရာတော်ကြီး ဦးသေဋ္ဌိလ၏ Essential Themes of Buddhist Lectures စာအုပ်မှ Classification of Kamma ကို ဘာသာပြန်ပါသည်။ ဤကံများနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကား များလှ၏။ ဆရာတော်ကြီးကား အချိန်အကန့်အသတ်အတွင်းမှ ဟောပြောရခြင်းကြောင့် တစ်ကြောင်း၊ သာမန် ပရိတ်သတ်ကို ဟောပြောရ ခြင်းကြောင့် တစ်ကြောင်း ဤမျှလောက်သာ ဟောပြောခဲ့ခြင်း ဖြစ်မည်ထင်ပါသည်။ အသေးစိတ် သိလိုသူများ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၏ “သင်္ဂြိုဟ်ဘာသာဋီကာ“၊ ဧကာဒသမအကြိမ်၊ စာ၊ ၃၃၃ - ၄၁၀ ကို ဖတ်ရှုကြပါရန်)။
ဘုန်းဉာဏ်
Sitiawan, Malaysia
(၁၄၊ ၀၂၊ ၂၀၁၀၊ တနင်္ဂနွေ၊ တရုတ်နှစ်သစ်ကူးနေ့)

နိယာမ


ကမ္ဘာလောကမှာ ရှိနေတဲ့ မညီမျှမှုတွေရဲ့ အဓိကအကြောင်းဟာ ကံပါလို့ ဗုဒ္ဓဒေသနာက သင်ကြားပေမယ်လို့ ကံကြမ္မာသာ အဓိကဝါဒ (fatalism) သို့တည်းမဟုတ် သတ်မှတ်ပြဓာန်းခံဝါဒ ဝါ ဘုရားသခင် အလိုတော်ကျဝါဒ(the doctrine of predestination)ကို ဟောဆိုသင်ပြပေးသည်မဟုတ်ပေ။ အကြောင်းမှာ အရာရာတိုင်းသည် အတိတ်ကံကြောင့်သာ ဖြစ်ရ သည်ဟူသော အမြင်ကို ဗုဒ္ဓဘာသာက ကိုင်စွဲမထားသောကြောင့်ပင်။ ကမ္မနိယာမသည် ဗုဒ္ဓဒဿနတွင် ဖော်ပြထားသော အကြောင်းတရား နှစ်ဆယ့်လေးခုအနက် တစ်ခုမျှသာဖြစ်သည်။ (Compendium of Philosophy ကျမ်း စာမျက်နှာ ၁၉၁ ကို ကြည့်ပါ။) တနည်းပြောရသော် ကမ္မနိယာမသည် ၎င်းတို့ကိုယ်တိုင်က နိယာမတရားများဖြစ်ကြလျက် စကြာဝဠာကြီးတွင် လှုပ်ရှား လည်ပတ် သက်ရောက်နေသည့် နိယာမတရားငါးပါးအနက် တစ်ပါးမျှသာ ဖြစ်သည်။ နိယာမတရား ငါးပါး ဆိုတာက တော့ -

၁။ ဥတုနိယာမ - ရုပ်ပိုင်းဆိုင်ရာ ဇီဝအခြေခံမဟုတ်သည့် ဖွဲ့စည်းပုံ၊ ဥပမာ ရာသီဥတုဆိုင်ရာ လေနှင့် မိုး၏ သဘောသဘာဝ။ ရာသီဥတုတို့၏ အတွင်းဖွဲ့စည်းပုံ၊ ဝိသေသလက္ခဏာသဘောဆောင်သည့် ရာသီဥတု ဆိုင်ရာ ပြောင်းလဲဖြစ်ပျက်မှုများ၊ လေတိုက် ခြင်း မိုးရွာခြင်းတို့၏ အကြောင်းတရားများ၊ ပူခြင်းစသည်တို့၏ သဘောသဘာဝ စသည်တို့သည် ဤဥတုနိယာမအုပ်စုတွင် ပါဝင် သည်။

၂။ ဗီဇနိယာမ - ရုပ်ပိုင်းဆိုင်ရာ ဇီဝအခြေခံဖြစ်သည့် မျိုးစဉ်၊ မျိုးဗီဇများနှင့် မျိုးစေ့များ။ ဥပမာ - စပါးမျိုးစေ့မှရသော ဆန်၊ ကြံ သို့မဟုတ် ပျားရည်မှပေးသည့် ချိုသောအရသာ၊ အချို့သော သစ်သီးများ စသည်တို့၏ ထူခြားသော သဘောသဘာဝများ။ သိပ္ပံသဘောတရားဖြစ်သည့် ကလာပ်စည်းများ၊ မျိုးဗီဇများ နှင့် အမြွှာ တို့၏ ရုပ်ပိုင်းဆိုင်ရာ တူညီမှုများကို ဤနိယာမကြောင့်ဟု မှတ်ယူ၍ ရနိုင်ကောင်းပါသည်။

၃။ ကမ္မနိယာမ - ကံနှင့် ကံ၏အကျိုးပေးပုံနိယာမ၊ ဥပမာ - လိုလားအပ် မလိုလားအပ်သော ပြုလုပ်မှု (ကံ) များသည် သက်ဆိုင်ရာ ကောင်းကျိုး ဆိုးကျိုးများကို ဖြစ်စေသည်။ ရေသည် ၎င်း၏ level ကိုအသေအချာပင် ရှာဖွေသကဲ့သို့ ကံသည် လည်း အကျိုးပေးခွင့် ရသောအခါ ရှောင်လွှဲ၍မရသော အကျိုးရလဒ်ကို ဖြစ်စေပါသည်။ သို့သော်လည်း ဆုလာဘ် သို့မဟုတ် ပြစ်ဒဏ်ခတ်သည့် ပုံစံမျိုးဖြင့် မဟုတ်ပဲ အလိုလိုပါသည့် အစီ အစဉ်မျိုးဖြင့် အကျိုးပေးပါသည်။ ကံနှင့် အကျိုးသက်ရောက်မှု တို့၏ အစဉ်ကား လနှင့် ကြယ်တာရာတို့၏ လည်ပတ်သွားလာပုံကဲ့သို့ သဘာဝလည်းကျ၊ လိုလည်းလိုအပ်လှပေသည်။

၎။ ဓမ္မနိယာမ - သဘာဝနိယာမ၊ ဓမ္မတာသဘော၊ ဥပမာ - ဘုရားအလောင်းတော် ၎င်း၏နောက်ဆုံး ဘဝတွင် ဖြစ်ပေါ်သော သဘာဝမျိုး။ သဘာဝ၏ဆွဲငင်အားနှင့် အခြားသော အလားတူ နိယာမများ၊ ကောင်းမြတ်ခြင်းအကြောင်း စသည် စသည်တို့ကို ဤအုပ်စုတွင် ထည့်သွင်းနိုင်သည်။

၅။ စိတ္တနိယာမ - စိတ်၏သဘော၊ ဥပမာ - ဝိဉာဏ် (စိတ်)ဖြစ်စဉ်၊ ဝိဉာဏ်ဖြစ်ပေါ် ချုပ်ပျောက်မှု၊ ဝိဉာဏ်၏ အစိတ်အပိုင်း များ၊ စိတ်စွမ်းအင်၊ အဝေးမှာရှိနေသူနှင့် မနောခြင်းဆက်သွယ်မှု၊ အဝေးသိဒွါရပို (telesthesia)၊ အတိတ်သိဉာဏ် (retrocognition)၊ စိတ်လေး စိတ်ထင့်ခြင်း၊ အကြားအမြင်ရခြင်း၊ လူ့ဒွါရလွန်သိ (clairaudiene)၊ စိတ်အကြံကိုသိခြင်း၊ ခေတ်သစ်သိပ္ပံပညာသို့ ရှင်းပြ၍မရနိုင်သော စိတ်ပိုင်းဆိုင်ရာ သဘောတရားများသည် ဤအုပ်စုတွင် ပါဝင်သည်။ (အဘိဓမ္မဝတာရ၊ စာ- ၅၄)။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အရာခပ်သိမ်းသည် ဤနိယာမ တရားငါးပါး တွင် အကျုံးဝင်ပေသည်။ နာမ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အရာခပ်သိမ်းကို နိယာမ တရားတို့ဖြင့် ရှင်းပြလို့ရသည်။ ၎င်းတို့ကိုယ်တိုင်က နိယာမ ဥပဒေသများဖြစ်နေရကား ဥပဒေချမှတ်ပေးသူ (ဖန်ဆင်းရှင်) မလိုအပ်တော့ပေ။ ကံတရားဟူသည် ကား နိယာမတရားငါးပါးအနက် တစ်ပါးမျှသာ ဖြစ်ပါသ တည်း။

(ဆရာတော် ဦးသေဋ္ဌိလ၏ “Essential Themes of Buddhist Lectures“ မှ The Laws of Cosmic Order ကို ဘာသာပြန်ဆိုပါသည်။ နိယာမတရားကို အသေးစိတ်လေ့လာလိုသူများ လယ်တီဆရာတော် ဘုရားကြီး၏ “နိယာမဒီပနီကျမ်း“ ကို ဖတ်ရှုပါရန် အကြံပြုပါသည်။ ထိုကျမ်းသည် လယ်တီဒီပနီပေါင်းချုပ်၊ ပထမတွဲ (မိခင် ဧရာဝတီ စာအုပ်တိုက်၊ တတိယအကြိမ်၊ ၂၀၀၁-ခု၊ စာ- ၄၉၇ - ၅၄၉)တွင် ပါရှိပါသည်။ နိယာမဒီပနီကျမ်းကို ပါဠိဘာသာမှ Meni M. Barua, D. Litt., က အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုခဲ့ပြီး၊ M.A Mrs. C.A.F. Rhys Davids, D. Litt., M.A က ပြင်ဆင်တည်းဖြတ်ထား ပါသည်။ ဘာသာပြန်ဆရာ အသီးသီးက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားပြီးသော ထိုကျမ်းအပါအဝင် ဒီပနီ ကျမ်းပေါင်းရှစ်ကျမ်းကို The Manuals of Buddhism အမည်ဖြင့် သာသနာရေးဦးစီးဌာန၊ ရန်ကုန်မှ လည်း ၁၉၆၅ ခုနှစ်မှ စတင်ခါ ရိုက်နှိပ်ထုပ်ဝေထားပြီးပါပြီ။ ၎င်းကိုပင် Mahamakut Rajavidalaya Press, Bangkok, Thailand က ၁၉၇၈ ခုနှစ်က ပုံနှိပ်ဖြန့်ချိထားပါသေးသည်။ ထို့ပြင် ယခုအခါ ၎င်း Manuals ကိုပင် The Selangor Buddhist Vipassana Society က ၁၉၉၄ ခုနှစ်တွင် အုပ်ရေ ၁၀၀၀၊ ၂၀၀၀ ခုနှစ်တွင် အုပ်ရေ ၂၀၀၀ နှင့် ၂၀၀၄ ခုနှစ်တွင် အုပ်ရေ ၁၀၀၀ ကို free distribution (ဓမ္မဒါန)အဖြစ် ဖြန့်ချိထားပါသည်။ သို့ဖြစ်ရကား အင်္ဂလိပ် မြန်မာ နှစ်ဘာသာတွင် ကြိုက်နှစ်သက်ရာဘာသာနှင့် ဖတ်ရန် အစဉ်ပြေပါကြောင်း ဘာသာ ပြန်သူ၏ ဖြည့်စွက်ချက်အနေဖြင့် အသိပေးအပ်ပါသည်။

ဘုန်းဉာဏ်