လူ၏ အစကို အခြားသော ဘာသာ အယူဝါဒကြီးများက အနန္တ တန်ခိုးတော်ရှင်က ဖန်ဆင်ခဲ့သည်ဟု ယူဆကြကြောင်း ရှေ့စာ (လူ့ဘဝကို စောကြောကြည့်သည့် ဂန္ထဝင် မေးခွန်းများ)တွင် တင်ပြခဲ့ပါသည်။
ဗုဒ္ဓလက်ထက်တော် အခါက ရှိခဲ့သည် မတူကွဲပြားသည့် အမြင် သုံးမျိုး အနက် တစ်မျိုးသည် ဖန်ဆင်းရှင် အယူအဆနှင့် သက်ဆိုင်ပါသည်။ ယင်းအယူဝါဒက “ဤ သတ္တဝါသည် အလုံးစုံသသော ချမ်းသာသုခကိုလည်းကောင်း၊ ဆင်းရဲ ဒုက္ခကိုလည်းကောင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်းမဟုတ်သော ဥပေက္ခာကိုလည်းကောင်း ခံစား၏။ ထိုခံစားမှုအားလုံးသည် လောကကို အစိုးရသူ (တန်ခိုးတော်ရှင်)၏ ဖန်ဆင်းမှုကြောင့်သာ ဖြစ်သည်” ဟု ဆိုသည်။ ဤအယူအဆမှာ ကံကြမ္မာဝါဒ အမြင်သာ ဖြစ်သည်။ ဤအမြင်အတိုင်းဆိုလျှင် လူဆိုသည်မှာ အနန္တတန်းခိုးတော်ရှင် ဖန်ဆင်းရှင်၏ အလိုတော်အတိုင်း၊ ဖန်ဆင်းမှုအတိုင်းသာ ဖြစ်ရချေမည်။ သူ့အလို သူ့ဖန်ဆင်းမှု အတိုင်းသာ လူတွေ ဖြစ်လာရသည်ဆိုပါက လူသားတို့၏ ကောင်းမှု ဆိုးမှု မှန်သမျှအတွက် လူမှာ တာဝန်မရှိ၊ ဖန်ဆင်းရှင်မှာသာ တာဝန်ရှိပေတော့မည်။
ဗုဒ္ဓရှင်တော်မြတ်ကလည်း “အဲဒီလိုသာ ဆိုလျှင် သူ့အသက် သတ်သူ၊ ခိုးသူ၊ မမြတ်သော အကျင့်ကို ကျင့်သူ၊ လိမ်လည်သူ၊ ကုန်းတိုက်စကား ပြောဆိုသူ၊ ကြမ်းတမ်းသော စကားကို ပြောဆိုသူ၊ ပြိန်ဖျင်းသော (အကျိုးမရှိသော) စကားကို ပြောဆိုသူ၊ သူတစ်ပါး စည်းစိမ်ကို လိုချင်မက်မောသူ၊ ပျက်စီးစေလိုစိတ်ရှိသူ၊ အယူမှားသူတို့သည် လောကကို အစိုးရသူ၏ ဖန်ဆင်းမှုကြောင့်သာ ဖြစ်ပေတော့မည်”ဟု ဝေဖန် မိန့်ကြားတော်မူခဲ့ပါသည်။ (တိတ္ထာယတနသုတ်၊ အံ၊ ၁)
တဖန် ဒေဝဒဟသုတ်တော် (မ၊ ၃) တွင်လည်း အတ္တကိလမထာနုယောဂ အကျင့်ကို ကျင့်သည့် အဝတ်မဝတ်သည့် တက္ကတွန်းများကို ရည်ညွှန်းတော်မူကာ “အို ရဟန်းတို့ … သတ္တဝါတို့သည် ဗြဟ္မာ (တန်ခိုးတော်ရှင်)၏ ဖန်ဆင်းမှုကြောင့်သာ ချမ်းသာခြင်း ဆင်းရဲခြင်းတို့ကို ခံစားရပါက ဤ အဝတ်မဝတ်သည့် တက္ကတွန်းများကို ယုတ်မာ ဆိုးညစ်သည့် ဗြဟ္မာ (တန်ခိုးတော်ရှင်)က ဖန်ဆင်းထားသည် အမှန် ဖြစ်ပေလိမ့်မည်”ဟု ဝေဖန် ထောက်ပြတော်မူထားပါသည်။
ဗုဒ္ဓဘာသာ အလိုအရမူ ကျွန်ုပ်တို့ကို အနန္တ တန်ခိုးတော်ရှင်က ဖန်းဆင်းခဲ့သည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ ဘယ်က လာမှန်းလည်း မသိနိုင်ပါ။ စကြာဝဠာကြီးသည် သဘာဝနိယာမအတိုင်း ပျက်ခြင်း၊ ပျက်ပြီးသည့်အတိုင်း ဆက်တည်နေခြင်း၊ ပြန်လည် ဖြစ်ထွန်းလာခြင်း၊ ဖြစ်ထွန်းပြီးသည့် အတိုင်း ဆက်တည်နေခြင်းဖြင့် ဖြစ်ပျက် တည်ရှိနေသည်။
ကျွန်ုပ်တို့ နေထိုင်နေသော ယခု စကြာဝဠာကြီးသည်လည်း ပျက်သုဉ်းပြီးနောက် ယင်းပျက်စီးသွားသည့် အတိုင်း အချိန်ကာလ အတော်ကြာ တည်တန့်နေခဲ့သည်။ ယင်းနောက် တစ်ဖြေးဖြေးချင်း ပြန်လည်ကာ ဖြစ်ထွန်းပေါ်ပေါက်လာနေခဲ့သည်။ တစ်စစ ဖြစ်ထွန်းပေါ်ပေါက်လာရင်း သက်ရှိသတ္တဝါတို့ ဖြစ်တည် နေထိုင်နိုင်သော အဆင့်၊ စည်ပင်ပွါးများနိုင်သော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ယင်းသို့သော အခြေအနေတွင် ယခင် ကမ္ဘာရှိခဲ့စဉ်က ဖြစ်တည် နေထိုင်ခဲ့သော အချို့သော သတ္တဝါတို့သည် ယင်းတို့၏ ကံအားလျော်စွာ ယခု ကမ္ဘာသစ်သို့ ပြန်လည် မွေးဖွားလာခဲ့ကြသည်။
ဒီဃနိကာယ်လာ အဂ္ဂညသုတ်တော်အရ ဆိုလျှင် အာဘဿရ ဗြဟ္မာ့ပြည်မှ ဗြဟ္မာများသည် ၄င်းတို့၏ ကံကြွင်းကံဟောင်းတို့ကြောင့် ဤကမ္ဘာမြေအပြင်ဝယ် အလိုလျောက် ဖွေးဖွားခြင်းဖြင့် မွေးဖွားလာကြသည်။ ထို့ကြောင့် “လူအစ ဗြဟ္မာက” ဟု အချို့က ဆိုကြသည်။ သို့သော်လည်း ဤအချက်ကို လူ့ဘဝ ဖြစ်တည်မှု၏ မူလအစ တနည်းဆိုသော် သတ္တဝါတို့၏ မူလအစဟု မယူဆသင့်ပေ။ ဗုဒ္ဓဒေသနာတော် အလိုအရ သတ္တဝါတို့သည် အန္တိမလွတ်မြောက်မှု (နိဗ္ဗာန်) ချမ်းသာ မရမခြင်း သံသရာတွင် မနေမနား တဖြစ်တည်း ဖြစ်တည် ကျင်လည်၍ နေရပေသည်။ အမှန်ဆိုရသော် သတ္တဝါတို့သည် သံသရာတွင် ဘဝပေါင်း မရေမတွက်နိုင်လောက်အောင် ဖြစ်ခဲ့ကြရပေပြီ။ သို့ဖြစ်ရကား “လူ အစ ဗြဟ္မာက” ဆိုသည်မှာ ကမ္ဘာကြီး ပျက်ပြီးနောက် အသစ်တဖန် တည်ရှိလာပြန်သော အခါဝယ် စတင် ဖြစ်ပေါ်လာခြင်းကိုသာ ဆိုလိုပါသည်။ စင်စစ်သော်ကား သတ္တဝါတို့၏ တကယ့် မူလ အစကို မသိနိုင်ပေ။
သို့ကြောင့် ဗုဒ္ဓဘာသာသည် အကြိမ်ကြိမ် အဖန်ဖန် ဘဝဖြစ်တည်ရမှုကို လက်ခံပါသည်။ သို့လက်ခံသော်ငြား အခြားသော တွေးခေါ်ရှင်များ လက်ခံထားသော လူဝင်စား အယူအဆနှင့်ကား ကွာခြားပါသည်။ သီရိလင်္ကာမှ ဆရာတော် အရှင် နာရဒ (ပျံလွန်ပြီး)က သူ၏ ဗုဒ္ဓနှင့် ဗုဒ္ဓဒေသနာတော် (The Buddha and His Teaching) တွင် “တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းခြင်း သို့မဟုတ် ဝင်စားခြင်းဟု ရှုမြင်အပ်သော နောက်ဘဝကို ယုံကြည်မှုကို ပိုင်သာဂိုးရပ် စ်၊ ပလေတို ကဲ့သို့သော တွေးခေါ်ရှင်များ၊ ရှယ်လီ (Shelly)၊ တင်နီဆန် (Tennyson)၊ ဝါ့ဒစ်ဝါ့ဒ် (Wordsworth) ကဲ့သို့သော ကဗျာဆရာများနှင့် အရှေ့တိုင်း အနောက်တိုင်းမှ သာမန် ပုဂ္ဂိုလ် အများ အပြားက လက်ခံကြကြောင်း မှတ်တမ်းတင်ထားသည်”ဟု ဖော်ပြသည်။ ယင်းသို့သော ယုံကြည်ချက်ကို ဗုဒ္ဓဝါဒက လက်မခံပေ။ အကြောင်းမှာ တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းသွားလာနေသည့် အမြဲတည်သည့် အတ္တ သို့မဟုတ် ဝိညာဉ် သို့မဟုတ် လိပ်ပြာကို လက်မခံသလို ထာဝရဘုရားက ဖန်ဆင်းအပ်သည့် လူဝင်စားလို အယူအဆမျိုးကိုလည်း ဗုဒ္ဓဘာသာက လက်မခံသောကြောင့်ပင်။
ဗုဒ္ဓဘာသာအယူအဆ အရမူ ဤဘဝ ဤခန္ဓာ ဖြစ်လာဖို့ရန် ဖန်ဆင်းရှင် မရှိ၊ ဘဝ အထပ်ထပ် အဖန် တည်နေရပြန်ခြင်းအတွက်လည်း ဖန်ဆင်းသူ မရှိပါ။ ကြောင်းကျိုးတရားတို့သာလျှင် သူ့သဘာဝအတိုင်း ဖြစ်တည်နေကြခြင်း ဖြစ်သည်။
ဤနည်းဖြင့်ပင် သက်ရှိသတ္တဝါမှန်သမျှတို့သည် မွေးဖွားခြင်း သေဆုံးခြင်း သံသရာတွင် အတောမသတ်နိုင်အောင် သွားလာနေကြသည်။ လူ့အဖြစ်နှင့်သာ သွားလာနေကြသည် မဟုတ်။ လူ့ဘုံ လူ့လောကတွင်သာ ဖြစ်တည်နေကြသည် မဟုတ်။ သုံးဆယ့်တစ်ဘုံဟု ခေါ်တွင်သည့် ဘုံဌာနများတွင် လူ့အဖြစ် လူ့ခန္ဓာ၊ နတ်အဖြစ် နတ်ခန္ဓာ၊ တိရစ္ဆာန်အဖြစ် တိရစ္ဆာန်ခန္ဓာတို့ဖြင့် မိမိတို့၏ ကံအားလျှော်စွာ ပြောင်းလဲကာ သွားလာ ကျင်လည် နေထိုင်နေကြသည်။ သို့ဖြစ်ရကား လူသည် အဘယ်က လာပါသနည်းဟု မေးခဲ့သော် တိကျစွာ ပေးနိုင်သည့် အဖြေကား မရှိတော့ပြီ။ ထို့အတူ ဘယ်ကို သွားနေပါသနည်းဟု မေးခဲ့သော် ရေရာတိကျစွာ ပြန်ဖြေနိုင်သူများလည်း မဟုတ်ကြပါ။
ဗုဒ္ဓရှင်တော်မြတ်က
“ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ မသိမှု အဝိဇ္ဇာဖြင့် လွှမ်းခြုံ ပိတ် ဖုံး ကာဆီးအပ်၊ တဏှာတည်းဟူသော ကြိုးဖြင့် ချည်နှောင်အပ်သည်ဖြစ်၍ ဤဘဝမှ ထိုဘဝသို့ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကြင်လည်ကြရကုန်သော သတ္တဝါတို့၏ အစကို မသိနိုင်” ဟု ဟောတော်မူခဲ့ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘဝ၏ မူလအစကို မသိနိုင်ခြင်း ဖြစ်ပါသည်။ မူလအစကို မသိနိုင်ရုံမျှမက အယုတ်ဆုံး ဤဘဝ၏ ရှေ့မှ ဘဝလေး တစ်ခုကိုမျှလည်း မသိနိုင်ပါ။ အဝိဇ္ဖာ ထူပြောမှုနှင့် တဏှာ နှောင်ကြိုး ခိုင်မာလွန်းချက်ပင်။ သို့သော်လည်း ကျွန်ုပ်တို့၏ ဘဝဖြစ်တည်မှု၊ ကြုံတွေ့ခံစားရသည့် ဆင်းရဲ ချမ်းသာတို့သည် ရှေ့ဘဝတွင် ပြုခဲ့ဘူးသော အကြောင်းတစ်ခုတည်းကြောင့်သာ ဖြစ်သည် မဟုတ်။ ထို့အတူ အကြောင်းတရား မရှိပဲ ဖြစ်ပေါ်လာခြင်းလည်း မဟုတ်ပါ။ ဘဝ ဖန်တီးရှင် အနန္တတန်ခိုးတော်ရှင်လည်း မရှိရကား ဘဝ၏ အခက်အခဲများကို ရင်ဆိုင် အနိုင်ယူရန်သော်လည်းကောင်း၊ ဘဝဒုက္ခ အဝဝမှ ထွက်မြောက်ရာ အလုံးစုံ လွတ်မြောက်မှုကြီးကို ရယူနိုင်ရန်သော်လည်းကောင်း တာဝန်အဝဝသည် ကျွန်ုပ်တို့ ကိုယ်တိုင်၏ ပခုံးပေါ်၌သာ ရှိပါတော့သည်။
ပုံကို http://www.abstractpaintings.com/ မှ ကူးယူ ဖော်ပြပါသည်။
ပုံကို http://www.abstractpaintings.com/ မှ ကူးယူ ဖော်ပြပါသည်။
ဘုန်းဉာဏ်