Pages

Feb 12, 2011

အမှတ်တရ ပင်လုံ (၁)

မဟာရဋ္ဌာဘိသာမဂ္ဂီ စေတီတော်နှင့် ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်
မနှစ်က (၂၀၁၀) က ပင်လုံကို အလည်ရောက်ခဲ့တယ်။ ထီတမောင်းရွာကအပြန်မှာ နောင်တရားဆိုတဲ့ မြို့ငယ်လေးကနေ တောင်ကြီး၊ အဲဒီကမှ ပင်လုံကို သွားခဲ့တာပါ။ မေလ (၂၉) ရက်နေ့မှာ ပင်လုံကို ရောက်ပြီး၊ ဂျွန်လ (၂) ရက်နေ့မှာ ပြန်လာခဲ့ပါတယ်။ ဒေသခံ ဦးဇင်းတစ်ပါးနှင့် လိုက်သွားဖြစ်ခဲ့တာပါ။ တစ်ခါမှ သေချာမမြင်ဖူးသေးတဲ့ ပြည်မ တောင်တန်း ပူးပေါင်းရေး ကျောက်တိုင်ကို မြင်ချင်တာကလဲ သွားလည်ချင်တာရဲ့ အကြောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီခရီးက မှတ်မိတာလေးတွေကို ဓာတ်ပုံလေးတွေနှင့် တွဲ၊ ပင်လုံ စာချုပ်အကြောင်း နဲနဲဖြည့်ပြီး မှတ်တမ်းတင်ထား လိုက်ပါတယ်။

ပင်လုံမြို့ (31st May 2010)
ပင်လုံက လွိုင်လင်မြို့နယ်ထဲက မြို့တစ်မြို့ပါ။ တောင်ကြီးမြို့မှ (၆၄) မိုင် ကွာဝေးပြီး လွိုင်လင်မြို့နှင့်တော့ (၆) မိုင်သာ ဝေးပါတယ်။ တောင်ပတ်လည် ကာရံဝိုင်းထားတဲ့ ဒီမြို့လေးက နေချင်စဖွယ်ပါ။ ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ ဓနု၊ ပလောင်၊ တရုပ်၊ တောင်ရိုး၊ ရှမ်းတရုပ်၊ ယင်း (ယန်)၊ ယင်းနက်စတဲ့ လူမျိုးပေါင်းစုံနေထိုင်ကြတယ်လို့ ဆိုပါတယ်။ ဒီထဲက ယင်းနက်လူမျိုး ဆိုတာကိုတော့ ကြားဖူးကြသူ နည်းမယ်ထင်ပါတယ်။ 

တောင်ပေါ်ဒေသမှာပဲ နေနေကြတဲ့ ယင်းနက်တွေက သူတို့ဘာသာ စကားပဲ ပြောဆိုကြပြီး သူတို့အဝတ် သူတို့ ယက်လုပ် ဝတ်ဆင်ကြဆဲ ဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ရှင်းပြပါတယ်။ ပင်လုံနှင့် နီးတဲ့ အချို့ယင်းနက်လူမျိုး (ဥပမာ ကျူယုံရွာသူ ရွာသား) တွေက ရှမ်းစကားကို သင်လာကြ ပြောလာကြပြီး အဝတ်အစားလည်း ရှမ်းလိုပဲ ဝတ်ဆင်လာကြတယ်လို့ သူက ဆက်ရှင်းပြတယ်။

မဟာရဋ္ဌာဘိ သာမဂ္ဂီစေတီတော်ကြီးရဲ့ အနောက်ဘက်ခြမ်းက မြင်ရတဲ့ ပင်လုံမြို့
ပင်လုံက အချို့လမ်းနာမည်တွေက စိတ်ဝင်စားဖွယ်ရာပါ။ မြို့ဂိတ်ကနေ ဝင်သွားလို့ရှိရင် စစ်စံထွန်းလမ်း၊ သခင်မြလမ်း၊ ဦးဘချိုလမ်း၊ မန်း ဘခိုင်လမ်း၊ ဦးဘဝင်းလမ်းတို့ကို အစဉ်အတိုင်းတွေ့ရမှာပါ။ ကျဆုံးသွားတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီး အချို့ရဲ့ နာမည်တွေကို ဂုဏ်ပြုပြီး မည့်ထားတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် အာဏာရှိစဉ်က လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ လမ်းနာမည်တွေကို မြင်ရတာ ကြည်နူးမိပါတယ်။

ပင်လုံဟာ ခုထိလဲ မြို့ငယ်လေးပါပဲ။ ဒါပေမဲ့ သမိုင်းအတွက်တော့ သူက အရေးပါပါတယ်။ ပြည်မ တောင်တန်း ပူးပေါင်းရေး အတွက် အစည်းအဝေးကို ပင်လုံမှာ ၁၉၄၆ ခု မတ်လ (၁) ရက်နေ့မှ (၁၂)ရက်နေ့ အထိ ကျင်းပခဲ့ကြတယ်။ 

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ လွတ်လပ်ရေးအတွက် ဗြိတျသျှ အစိုးရနှင့် ‘အောင်ဆန်း - အက်တလီ’ စာချုပ်ကို ၁၉၄၇ ခု၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွမှာ ချုပ်ဆိုနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီစာချုပ်ရဲ့ အပိုဒ် (၃)၊ (ဂ) မှာ “တောင်တန်းဒေသ ပြည်နယ်များ အတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များ ကိုယ်တိုင်က ဗမာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ခေါ် ပြည်ထောင်စု ပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုး ချုပ်ဆိုပေးကြရမည်” လို့ ဗြိတိသျှ အစိုးရက ထည့်သွင်းခဲ့တယ်။ ဒီအတွက် အစည်းအဝေး ကျင်းပဖို့ လိုလာပါတယ်။  

အဲဒီ လိုအပ်လာတဲ့ အစည်း အဝေးကို ခေါင်းဆောင်တွေ ပင်လုံမှာ  ကျင်းပခဲ့ကြတာပါ။ ၁၉၄၇ ခု ဖေဖော်ဝါရီလ (၃)ရက် နေ့မှာ စပြီး ကျင်းပခဲ့ကြပါတယ်တဲ့။ ဖော်ဖော်ဝါရီလ (၁၁) ရက်နေ့တွမှာ ကျင်းပတဲ့ အစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်ကာ “ပြည်နယ်များနှင့် ပြည်မ ပူးပေါင်းကာ ပြည်ထောင်စု အသွင်ဖြင့် လွတ်လပ်ရေး ရယူခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း” ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ပြည်မ တောင်တန်း ပူးပေါင်းရေး စာချုပ်ကျောက်တိုင်
ရှင်းလင်းချက်ကို အားလုံး သဘောပေါက် နားလည်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းကိုလဲ ယုံကြည် ကြတာကြောင့် ပြည်ထောင်စုမူကို လက်ခံကြတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီမှာ ဗိုလ်ချုပ်အောင်ဆန်း  အမှူးပြုတဲ့ ကိုယ်စားလှယ် (၂၃) ဦးဟာ ပြည်ထောင်စုပုံစံ လွတ်လပ်ရေး အတွက် ပင်လုံ ညီညွတ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်တဲ့။ အဲဒီအတွက် “ပြည်မ တောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်”ကို စိုက်ထူခဲ့ကြတာပါ။ ဒီစာချုပ်ကိုပဲ အကြောင်းပြုပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာတာလဲ ဖြစ်ပါတယ်။

Feb 10, 2011

အမှတ်တရ တောင်ပေါ် ရွာလေး ထီတမောင်း

ပင်လောင်းမြို့လယ်မှ စေတီတော်
မြန်မာနိုင်ငံသား ဆိုပေမဲ့ မြန်မာပြည်ရဲ့ ဒေသအများစုကိုတော့ မရောက်ဖူးပါဘူး။ ပြည်နယ်တွေထဲမှာဆို ကချင်ပြည်နယ်ပဲ ကလေးဘဝက နှစ်နှစ်လောက် နေခဲ့ဘူးတာပါ။ ကျန်တဲ့ ပြည်နယ်တွေတော့ မနေဖူး၊ မရောက်ဖူးပါဘူး။ ဒါ့ကြောင့် အခွင့်ရရင် ပြည်နယ်တွေကို သွားလည်ကြည့်ချင်နေခဲ့ပါတယ်။

မနှစ် (၂၀၁၀)၊ မေလ မှာတော့ ရှမ်းပြည်နယ် တောင်ပိုင်းက ပင်လောင်း၊ တောင်ကြီးနှင့် ပင်လုံမြို့တို့ကို သွားရောက် လည်ပတ်ဖြစ်ခဲ့ပါတယ်။ အဓိကကတော့ ပင်လောင်းမြို့နယ်ထဲက (ထီတမောင်း ဆိုတဲ့) ရွာတစ်ရွာကို အလည်လိုက်သွား ဖြစ်ခဲ့တာပါ။ မေလ (၂၁) ရက်နေ့က အဲဒီရွာလေးကို ရောက်သွားတယ်။ သန်လျှင်မြို့နယ်ထဲက ရွာတစ်ရွာရဲ့ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးနှင့် လိုက်သွားဖြစ်ခဲ့တာပါ။ နောက် ဦးပအိုဝ်လို့ အလွယ်ခေါ်တဲ့ ပင်လုံသား ဦးဇင်းတစ်ပါးလည်း ပါပါတယ်။

အဲဒီ ဆရာတော်က သန်လျှင်မှာ နေပြီး ကျောင်းတက်ချင်တဲ့ ပအိုဝ်းကျာင်းသား၊ ကျောင်းသူတွေတွေကို သူ့ကျောင်းမှာ နေခွင့်ပြုပြီး ကျောင်းတက်နိုင်အောင် စီမံပေးတယ်။ ဒါကြောင့် အဲဒီရွာနှင့် အနီးဝန်းကျင် ရွာတွေက သူ့ကို ရင်းနှီးကြည်ညိုကြပါတယ်။ ဒီတော့ သူနှင့် လိုက်လည်ရတာ အစစ အရာရာ အဆင်ပြေခဲ့ပါတယ်။ 

ထီတမောင်း ရွာသူရွာသားတွေ အားလုံး ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ လောလောဆယ် မြန်မာ့ပညာရေးက ဆယ်တန်းအောင် သို့မဟုတ် သာမန် ဘွဲ့ရရုံနှင့် ဘာမျှ အလုပ်မဖြစ်၊ ဘဝအာမခံချက် ဘာမျှမရှိတာကို သိကြပေမယ့် အဲဒီရွာက လူတွေက သား သမီးတွေကို ကိုယ်နှင့် အဆင်သင့်တဲ့ မြို့ရွာတွေကို ပို့ပြီး ကျောင်းထားကြပါတယ်။ စာရေးသူတို့ ရောက်သွားတဲ့ အချိန်မှာ ကျောင်းသူ ကျောင်းသားတွေ နေထိုင် ပညာသင်ဖို့ အလျှဉ်းသင့်တဲ့ မြို့တွေကို သွားကုန်ကြပြီဖြစ်လို့ ရွာကတော့ အနည်းငယ် ချောက်ကပ်ကပ် ဖြစ်နေတယ်လို့ ထင်ပါတယ်။ 

ဒါပေမယ့် ရွာသူရွာသားတွေရဲ့ ရိုးသားပြီး ဖော်ရွှေမှုက လူနည်းနေလို့ ရွာရဲ့ ချောက်ကပ်ကပ် ဖြစ်နေတာကို ပြန်လည်စိုပြေစေပါတယ်။ သာယာတဲ့ ရာသီဥတု၊ မှိုင်းပြပြ မိုးကောင်းကင်နှင့် ခန့်ညား ထည်ဝါ အလှတွေဖြာနေတဲ့ တောင်တန်းကြီးတွေကြောင့်လည်း နေပျော်ခဲ့ရပါတယ်။ သန့်ရှင်းတဲ့လေကို တဝကြီး ရှူရှိုက်၊ လတ်ဆတ်တဲ့ သဘာဝ အသီးအရွက်တွေကို စားသုံးရတာကလည်း ကျေနပ်ပျော်ရွှင်ဖွယ်ရာပါ။

ရွာမှာ အိမ်တွေက ပင့်လို့ ဟိုအိမ် ဒီအိမ်သို့ ကြွသွားဖြစ်ကြပါတယ်။ အိမ်တစ်ချို့မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ပုံကြီးကူးပြီး ချိတ်ဆွဲထားတာကို ကြည်နူး ဝမ်းသာဖွယ်ရာ တွေ့ရပါတယ်။ နောက် ပအိုးဝ်ခေါင်းဆောင် ဦးအောင်ခမ်းထီပုံကိုလည်း တလေးတစား ချိတ်ဆွဲထားကြတာလည်း တွေ့ရပါတယ်။ 

ရွာက အိမ်တစ်အိမ်မှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်နှင့် ဦးအောင်ခမ်းထီတို့ပုံ
 ဗိုလ်ချုပ်ပုံကို ကြည့်ပြီး သူ့ရဲ့ ရိုးသားဖြောင့်မတ်မှု၊ အမျှော်အမြင်ရှိပြီး ကိုယ်ကျိုးစွန့် ခေါင်းဆောင်မှု စတာတွေ တွေးမိရင်းကပဲ နာဂတောင်တန်း လဟယ်မြို့နယ်မှာ သာသနာပြုတာဝန် ထမ်းဆောင်ရစဉ် (၁၉၉၅ - ၉၆)က မိမိတာဝန်ကျ ရွာက နာဂအဖိုးကြီးတွေ ပြောတာကို သတိယမိတယ်။ သူတို့က ဦးနု (ဝန်ကြီးချုပ်ဟောင်း) မလာဘူးကွာ။ လာရင် သူ့ခြေထောက် မြေမှာ မသွားခိုင်းဘူး။ ပခုံးမှာ ထမ်းမယ်” တဲ့။ (သူတို့ပြောတဲ့ အတိုင်း ရေးလိုက်ပါတယ်)။ သူတို့က ဦးနုရဲ့ နောက်ပိုင်း ဘဝနှင့် ဆုံးသွားတာကိုပါ မသိရှာကြဘူး။ လူသာ သေသွားပေမဲ့ သူတို့ရဲ့ လုပ်ရပ်ကောင်း (ကောင်းကံ) တွေက လူတွေရဲ့ နှလုံးသားမှာ တွယ်တာရစ်ပတ် နှောင်ကြိုးတွေ အလီလီ ထပ်ပြီး ရစ်ပတ်စွဲမြဲစေခဲ့ပါတယ်။

နောက်တစ်ခုကတော့ ပင်လောင်းမြို့ကို ခဏသွားလည်ဖြစ်တယ်။ မြို့က ခမ်းနား ကြီးကျယ်လှတာ မဟုတ်ပေမဲ့ သူ့ရဲ့ တည်ထားပုံနှင့် သာယာလှပမှုက ဖမ်းစားနိုင်စွမ်း ရှိပါတယ်။

ပင်လောင်းမြို့အဝင်မှ မြင်ရပုံ
ပင်လောင်းဈေးရှေ့
ဒကာ ကိုထွန်းအောင်က ဆွမ်းကပ်လို့ ဆိုင်တစ်ဆိုင်မှာ ဆွမ်းဘုဉ်းပေးခဲ့ရသေးတယ်။ ဟင်းတွေက ကောင်းပါတယ်။ ဆိုင်ထဲမှာ စားနေသူအချို့က ပုလင်းထောင်နေကြလို့ စိတ်ထဲမှာ ဆိုင်ထဲ ဝင်မိတာ အားနာသလိုလို တစ်မျိုး ခံစားရတယ်။ တစ်ဆက်တည်း သတိထားမိတာ တစ်ခုက လူဦးရေ မများလှတဲ့ အဲဒီမြို့လေးမှာလဲ အရက်၊ ဘီယာ (ကြော်ငြာ)တွေ ရှိတဲ့ ဆိုင်တွေက မြို့နှင့် မကာမိလောက်အောင်ကို များနေတယ် ဆိုတာပါပဲ။

အဲဒီရွာကနေပဲ အင်းလေး ဖောင်းတော်ဦးဘုရားကို သွားဖူးဖြစ်ခဲ့ပါတယ်။ ဘုန်းကြီးနှစ်ပါးနှင့် ကပ္ပိယတစ်ဦးကို ရွာသားခြောက်ယောက် လိုက်ပို့ကြပါတယ်။ တောင်ပေါ်လမ်းတွေမှာ ဆိုင်ကယ်တွေနှင့် လိုက်ပို့ကြတာပါ။

ညောင်ရွှေမြို့နယ်၊ အထူးဒေသ (၆)၊ တပ်ရင်း (၁)၊ တပ်ခွဲ (၅)က တည်ဆောက်နေတဲ့ “ကိုယ်ထူ ကိုယ်ထ” ရေအားလျက်စစ် ဖြစ်မြောက်ရေးနှင့် နောင်ဝိုး ခွန်မောင်သန်း အဖွဲ့သားများ ရေအား လျက်စစ် တည်ဆောက်တဲ့ နေရာက ချောင်းကို ဆန်တက်ပြီး ဖောင်တော်ဦးဘုရားကို သွားရင် မြန်မြန် ချောချော ရောက်တယ်တဲ့။ ဒါကြောင့် စက်လှေ ငှါးကြတယ်။ တော်တော်နှင့် မရပါဘူး။ နောက်တော့ တစ်စင်းကို ငှါးလို့ရသွားတယ်။ စက်လှေပေါ် တက်ပြီးကာမှ စက်ဘယ်လိုနှိုးလို့မှ မရလို့ ပြန်ဆင်းရတယ်။ စစ်ဆေးကြည့်တော့ ဆီက မသန့်လို့လို့ သိရပြန်ပါတယ်။

ဒီကနေ စက်လှေနှင့် ဆန်တက်ရင် အင်းလေးဖောင်တော်ဦး စေတီတော်ကို ရောက်တယ်တဲ့။
အဲဒါနှင့် အနီးက ဆိုင်တွေမှာ သွားစုံစမ်းကြည့်၊ ဆီအသစ်ဝယ် ထည့်ပြီး စက်နိုးတော့ ရပါတယ်။ ဒါနဲ့ ခရီး စထွက်ကြပါတယ်။ ဝါးငါးပြန်ခြောက်ပြန်လောက်ပဲ ရောက်ခါရှိသေး စက်က ရပ်သွားတယ်။ ဘယ်လိုပြန်နှိုးလို့မှ မရတော့ဘူး။ လက်တွေနှင့် ဝိုင်းလှော်ကြပြီး ကမ်းပြန်ကပ်ရပါတယ်။ အဆုံးမတော့ ဒီတစ်ခါလဲ ဆီတွေက မသန့်လို့ ဆိုပဲ။ ခရီးတစ်ဝက်လောက် ရောက်မှသာ ဒီလိုဖြစ်ရင်တော့ ဒုက္ခပဲ။ ချောင်းက မကြီး၊ ရေစီးက မသန်မို့ ကြောက်စရာတော့ မရှိပေမဲ့ ပြန်မရ၊ သွားမရနှင့် ဒုက္ခလှလှ တွေ့မှာတော့ သေချာပါတယ်။
ရေတွေ မကြုံစဖူး လျော့နည်းနေတယ် ဆိုတဲ့ အင်းလေး (၂၀၁၀ မေလ ၂၃ ရက်)
သြော် ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံရယ်!။ တန်ရာတန်ကြေး တောင်းကြ၊ ပေးကြတာတောင် ဒီလောက်ထိ ဖြစ်နေပြီလား။ စာရိတ္တက ဘာမျှမကျန်ကြတော့ပါလားလို့ တွေးမိတယ်။ သြော် အလုံစုံ ဗရုက်သုက္ခခေတ်ကြီးထဲမှာ ဒါလေးက မပြောပလောက်ပါဘူးလေလို့ တွေးရင်း အပြုံးမပျက် ခရီးဆက်ခဲ့ပါတော့တယ်။

ခွင့်လွှတ်ပေးပါ။ မှတ်ထားတာလေးတွေ ပျောက်ကုန်လို့ အချက်အလက် စုံစုံလင်လင် မရေးနိုင်တော့ပါ။ စာဖတ်သူရဲ့ အချိန်ကို ဖြုန်းသလို ဖြစ်သွားလျှင် ခွင့်လွှတ်ပေးပါ။)