Pages

Dec 1, 2010

ကမ္ဘာကြီးရဲ့ အခြေခံကို စရှာခဲ့ကြတဲ့ အတွေးအခေါ်သမားတွေ

မနေ့ တစ်နေ့က ဒီဃနိကာယ်လာ ဗြဟ္မဇာလ သုတ်တော်ကို ပြန်ဖတ်ဖြစ်တယ်။ အယူဝါဒ အကြောင်းတွေ ဖတ်နေရင်း ကမ္ဘာလောကကြီး အကြောင်းကို သက်ဆိုင်ရာ ဝါဒရှင်တွေ အသီးအသီက ဉာဏ်မှီသလောက် ယူဆကြ တာတွေကို သတိထားမိတယ်။ ဖတ်ရင်းနဲ့ ကမ္ဘာလောကကြီးကို လူတွေ စိတ်ဝင်စား ကြတဲ့ အကြောင်း အနောက်တိုင်း ဒဿနမှာရော အရှေ့တိုင်း (အိန္ဒိယ) ဒဿနမှာပါ တွေ့ရတယ် ဆိုတာကို သတိယမိတယ်။ ဒါနဲ့ အနီးအနားက ရတတ်သမျှ စာအုပ်လေးတွေ လှန်လှော ဖတ်မိပြန် ရော။ 

တကယ်ဆိုတော့ “လူ”အကြောင်းကို စိတ်ဝင်စားနေမိတာပါ။ နယ်ပယ်ကို ချုံ့ပြီး ပြောရရင် အထူးသဖြင့်တော့ ဗုဒ္ဓစာပေမှာ လာတဲ့ လူနှင့်ဆိုင်တဲ့ အယူအဆကို စိတ်ဝင်စားနေမိတာပါ။ ဒါပေမဲ့ အဲဒါတွေက ဖတ်ဖြစ် လေ့လာဖြစ်ခဲ့ရင်တောင် စာဖြစ်လာပါ့မလားဆိုတာတော့ မသေချာသေးဘူး။ (စာရေးပျင်းတာလဲ ပါတာပေါ့လေ။) ရေးဖြစ်ခဲ့ရင် နိဒါန်းလေးဖြစ်သွားအောင် ခုတော့ လူတွေမှီရာ ဒီကမ္ဘာအကြောင်းကို အတွေးအခေါ် ဂိုဏ်းတွေ ပေါ်စက တွေးခဲ့ကြတာကို ပြန်ချုံ့ရေးပြီး ပို့စ်အဖြစ် တင်လိုက်ပါတယ်။

အနောက်တိုင်း ဒဿနပညာရပ်ကို စတင်တည်ဆောက်ခဲ့ကြသူများလို့ သမိုင်း တင်ခံထားကြရသူများ သည်ပင် စကြာဝဠာကြီးရဲ့ သဘောသဘာဝနှင့် မည်သည့်အရာတွင် အခြေခံကြောင်းများကို စူးစမ်း လေ့လာခဲ့ကြတာကို တွေ့ရပါတယ်။ 

အနောက်တိုင်း ဒဿနရဲ့ ဖခင်ကြီးလို့ အသိအမှတ်ပြုခံရတဲ့ သေးလိ (ဇ်) (Thales 624 – 546 BC) က စကြာဝဠာကြီးကို ရုပ်သဘောတရားအဖြစ် ရှုမြင်ခဲ့ပြီး ရေ သို့မဟုတ် စွတ်စိုမှုဓာတ် (water or moisture) ကို အရာရာကို ဖြစ်စေသော အခြေခံဓာတ် (fundamental principle) အဖြစ် စဉ်းစား တင်ပြခဲ့တယ်။ သတ္တဝါတိုင်းဟာ ရေကို အမှီပြုပြီး အသက်ရှင်သန်ကြရတယ်။ ရေခိုးရေငွေ့ဟာ မီးဓာတ်အဖြစ် ပြောင်းလဲနိုင်သလို မိုးရေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ မိုးရွာသွန်းလိုက်ရင် မီးဓာတ်၊ လေဓာတ်များဟာလဲ ရေဓာတ်အဖြစ် ပြန်ပြောင်းလာတယ်။ ဒီမိုးရေတွေ ခန်းချောက်သွားပြန်တော့ မြေဓာတ် (ပထဝီဓာတ်) အဖြစ် ပြောင်းလဲ သွားပြန်ရောတဲ့။ အဲဒီ ပထဝီ (မြေ)ဓာတ်ကနေ စိမ့်စမ်းရေ၊ မြစ်ရေတွေ ဖြစ်ပေါ်လာပြန်တယ်။ ဒါကြောင့် အရာအားလုံးဟာ ရေကပဲ ဖြစ်လာပြီး ရေဓာတ်အဖြစ်ပဲ ပြန်ရောက်ရတာပဲ။ ဒီတော့ ရေဟာ အခြေခံဓာတ် ဖြစ်ရပါတယ်လို့ သူက တွေးခေါ်ပါတယ်။

သေးလိ(ဇ်)ရဲ့ တပည့်ဖြစ်သူ အနက်ဇီမန်ဒါး (Anaximander – 610 – 546 BC)ကတော့ သူ့ဆရာရဲ့ အယူအဆဖြစ်တဲ့ စကြာဝဠာကြီးဟာ  ရုပ်သဘောတရားဖြစ်တယ် ဆိုတာကို ဆက်ခံပါတယ်။ ဒါပေမဲ့ စကြာဝဠာကြီးရဲ့ အခြေခံဓာတ်က ရေဓာတ်ပဲ ဖြစ်တယ်ဆိုတဲ့ အယူအဆကိုမူ ငြင်းပယ်ခဲ့ပြန်ပါတယ်။ ရေဓာတ်ဟာ အခြေခံအကျဆုံးသော ဓာတ်ဖြစ်မယ်ဆိုရင် ကမ္ဘာလောကကြီးဟာ စိုစွတ်မှု လွန်းကဲ နေရမယ်။ စိုစွတ်မှု လွန်ကဲနေရင် မီးဓာတ်ဆိုတာ မရှိနိုင်တော့ဘူး။ ဒါပေမဲ့ လက်တွေ့မှာ မီးဓာတ်ဆိုတာာက ရှိနေတယ်။ ဒါကြောင့် အခြေခံဓာတ်ဟာ ရေဓာတ် မဖြစ်နိုင်ဘူး။ ဒီတော့ ကမ္ဘာကြီးသည် ဆန့်ကျင်ဖက်အရာများ စုပေါင်းတည်ဆောက်ထားခြင်း ဖြစ်တယ်။ ဒါကြောင့် စကြာဝဠာကြီးဆိုတာ ရေ၊ မြေ၊ လေ၊ မီးဓာတ်တို့ ပေါင်းစုထားတဲ့ အနန္တဓမ္မ (ဆုံးစမရှိ) ဓာတ်ဖြစ်ပါတယ်။ အနန္တဓမ္မ (apeiron or the infinite) သည်ပင် ၄င်းကိုယ်တိုင်ရဲ့ ထာဝရဖြစ်တည်မှု စွမ်းအားဖြစ်တယ်။ အရာအားလုံးကို ဖြစ်ပေါ်စေတယ်။ ပြီးတော့ အားလုံးကို သူကပဲ စိုးမိုး အုပ်ချုပ်တယ်လို့ သူ့ဒဿနက ဆိုပါတယ်။ 

တစ်ဖန် အနက်ဇီမန်းဒါးရဲ့ တပည့် အနက်ဇီမိနိ (Anaximenes, 588 – 525 BC)ကမူ စကြာဝဠာကြီးကို ရုပ်ဖြစ်တယ်၊ အခြေခံသဘောတရား တစ်ခုတည်းပဲ ရှိတယ်လို့ ဆက်ခံ ယူဆပေမဲ့ ယင်း၏ အခြေခံတရားမှာ ဓာတ်လေးမျိုးလုံး ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ လက်မခံပြန်ပါဘူး။ သူက စကြာဝဠာကြီးရဲ့ အခြေခံဓာတ်မှာ လေလို့ ဆိုပြန်ပါတယ်။ လေဆိုတာ ပူတဲ့သဘောကို ဖြစ်စေနိုင်သလို အေးတဲ့ သဘောကိုလဲ ဖြစ်စေနိုင်တယ်။ နောက် အစိုင်အခဲ အဖြစ်သို့လဲ ပြောင်းလဲနိုင်တယ်။ လေမရှိရင် သတ္တဝါတွေ အသက် မရှင်နိုင်ဘူး။ ဒါကြောင့် စကြာဝဠာကြီးရဲ့ အခြေခံဓာတ်ဟာ လေဖြစ်တယ်။ လေဟာ ကမ္ဘာလောကကြီးကို လွှမ်းခြုံထားတယ်။ (Air encompass the world တဲ့။) စကြာဝဠာကြီးဟာ လေပေါ်မှာ တည်ပြီး ပြားတဲ့ ပုံစံရှိတယ်ဆိုပဲ။

နောက်ပိုင်း ဒဿနပညာ တိုးတက် ပြန့်ပွားလာပြီး ဂိုဏ်းဖွဲ့ ပြောကြတော့ ဒီဒဿနပညာရှင် သုံးယောက်လုံးကို သူတို့ မွေးဖွား နေထိုင်တဲ့ မိုင်လိတပ်စ်မြို့ကို အခြေခံပြီး မိုင်လိတပ်စ်ဂိုဏ်း(သား)လို့ ရည်ညွန်းသုံးနှုန်းကြပါတယ်။ ဒီဂိုဏ်းသားတွေရဲ့ အတွေးအခေါ်ကို ခြုံငုံ သုံသပ်ကြည့်ရင် စကြာဝဠာကြီးကို ရုပ်အဖြစ်သာ ရှုမြင်ကြတယ်။ သဘာဝကို ဖြေရှင်းရာမှာ အစဉ်အလာ ယုံကြည်မှုဖြစ်တဲ့ အနန္တ တန်ခိုးတော်ရှင်ဘုရား၊ တန်ခိုးတော်ရှင် နတ်တွေ၊ စုန်းတွေရဲ့ အကူအညီနှင့် မဖြေရှင်းပြခဲ့ကြဘူး။ သဘာဝကို သဘာဝတရားနှင့်သာ လက်တွေ့ကျကျ ဖြေရှင်းကြတာကို တွေ့ရတယ်။ အဲဒီလို ဖြေရှင်းချက် ထုပ်ရာမှာ မြင်တွေ့ရတဲ့ အဖြစ်အပျက် အကြောင်းအရာပေါ်မူတည်တဲ့ အတွေ့အကြုံ အာရုံနည်းနှင့် ဖြေရှင်းတာကို တွေ့ရတယ်။ သူတို့တွေရဲ့ တွေးခေါ်မှုဟာ သိပ္ပံနည်းကျ တွေးခေါ်မှုဆီ စတင် ရှေးရှုစေ ခဲ့ပါတယ်။

ဒီတွေးခေါ်ရှင်တွေ တင်ပြခဲ့တဲ့ စကြာဝဠာဆိုင်ရာ ဖြေရှင်းချက်တွေဟာ မှန်တယ်လို့ မဆိုနိုင်ဘူး။ လေးနက်မှု လဲ မရှိလှသလို အတွေးအခေါ်စနစ်ကျနမှုလဲ မရှိပါဘူးတဲ့။ ဒီတော့ သူတို့တွေရဲ့ အတွေးအခေါ်တွေဟာ ဒီခေတ်ကနေ ပြန်လှမ်းကြည့်လိုက်တော့ အရေးပါ အရာရောက်မှုလဲ မရှိတော့ဘူးပေါ့။ ဆရာတွေက ဒီလို သုံးသပ်ပြကြပါတယ်။ 

ဒါပေမဲ့ စာရေးသူ အခြား ရှုဒေါင့်တစ်မျိုးကနေ ခြုံငုံပြောလိုတာကတော့ သူတို့တွေဟာ အများလက်ခံထားတဲ့ အစဉ်အလာ ယုံကြည်မှုတွေကနေ ခွဲထွက်နိုင်တဲ့ အသိဥာဏ်၊ ခွဲထွက်ရဲတဲ့ သတ္တိ ကြီးမားတာက အလွန်လေးစားစရာ ကောင်းပါတယ်။ အမှန်တရားကို မြတ်နိုးမှုနှင့် ရှာဖွေလိုမှုကလဲ ချီးကြူးစရာပါ။ တစ်ပြိုင်နက်တည်းမှာပဲ တစ်ယောက်ရဲ့ အတွေးအခေါ်ကို နောက်တစ်ယောက်က အခြေခံပေမဲ့ ငါ့ဆရာကြီးပြောတာသာ အမှန်လို့ တစ်ယူသန် တစ်စောက်ကန်း စိတ်ထားမျိုး၊ စွဲကိုင်မှုမျိုး မရှိပဲ ဆင့်ကဲ တွေးခေါ်ကြတာကလဲ ကောင်းပါတယ်။ “ဆရာထက် တပည့် လက်စောင်းထက်” ပုံစံမျိုး ဖြစ်လာတာကိုက အလွန်အားရ ကျေနပ်စရာ ကောင်းပါတယ်။ “အစဉ်အလာက ဒီလိုဆိုတာဆိုပြီး ဟုတ်ပြီမှန်ပြီလို့ မယူဆနှင့်။ ငါ့ဆရာကြီး ပြောတာမို့၊ ငါတို့ အကြီးအကဲ ပြောတာမို့ သူပြောတာသာမှန်တယ်လို့ မယူစွဲလေနှင့်” စတဲ့ မြတ်ဗုဒ္ဓရဲ့ ကာဠာမသုတ်တော်လာ ဟောကြားချက်များကို သတိယမိပါတယ်။ တွေးခေါ် မျှော်မြင်မှုဟာ လူတွေ အတွက် မရှိမဖြစ် လိုအပ်ပြီး လွတ်လပ်မှု ရှိဖို့လဲ လိုအပ်လှပါတယ်။ ဒါမှလဲ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ပါလား။

မှတ်ချက်။ John Edward Bentley ရဲ့ Philosophy: An Outline - History မှာတော့ သေးလိ (ဇ်)ကို ၆၄၀ ဘီစီမှာ မွေးပြီး ၅၅၀ မှာ ကွယ်လွန်ကြောင်း ပြထားပါတယ်။

ကမ္ဘာဂြိုဟ်ပုံကို http://science.nationalgeographic.com/science/photos/earth-moon-gallery.html မှ ယူထားပါတယ်။

ဘုန်းဉာဏ်
၀၁၊ ၁၂၊ ၂၀၁၀

ရည်ညွှန်း။
၁။ ခင်အေးသီ၊ ဒေါ်၊ အနောက်တိုင်း ဒဿနပညာ၊ ပထမတွဲ၊ အပိုင်း (၁)၊ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်၊ ၁၉၇၈။
၂။ Bentley John Edward, Philosophy: An Outline - History, (reprint), Littlefield, Adams & Co.,  USA, 1958. 
၃။ Diane Collinson and Kathryn Plant, Fifty Major Philosophers, 2nd edition, Routlege, 2006.