၀၉၊ ၀၃၊ ၂၀၁၁ နေ့က Tabata Prince က Bone Nyan ဖေ့စ်ဘွတ်ခ် အကောင့်မှာ တက်ဂ် လုပ်လာတာလေးကို ဘာသာပြန်ပေးလိုက် ပါတယ်။ သူက Jim Rogers ရဲ့ A Gift To My Children (A Father's Lessons for Life and Investing) မှ အခန်း (၂) ကို ဆက်ပြီး တက်ဂ်လုပ်လာပါတယ်။ (အခန်း ၁ ကို မတ်လ ၂၆ ရက်နေ့က ဘာသာပြန် ဖော်ပြပြီးခဲ့ပါပြီ)။
စာလာဖတ်သူတွေ စာ အပြောင်းအလဲ ဖတ်စေချင်တာရယ်၊ အလုပ် နည်းနည်း ရှုပ်နေလို့ အသစ် မရေးအားတာရယ်ကြောင့် ဒီမှာ ဆက်တင်လိုက်ပါတယ်။ ဓမ္မစာစု အတွက်သာ လာဖတ်တာ ဆိုလျှင်တော့ ဒီပို့စ်အတွက် ဒီမှာတင် ရပ်လို့ ရပါပြီလို့ အားနားစွာ ပြောပါရစေ။ နောက်ပို့စ်တွေ ရောက်မှပဲ ဓမ္မစာတွေ ဆက်ဖတ်ကြတာပေါ့။
ကျေးဇူးတင်ပါတယ်။
သမီးရဲ့ အယူအဆတွေကို တစ်စုံတစ်ယောက်က ရယ်သွမ်းသွေးတယ် ဆိုရင် အဲဒါကို အောင်မြင်နိုင်ခြေရှိတဲ့ သင်္ကေတအဖြစ် မှတ်ယူလိုက်ပါ။
သမီးရဲ့ အနီးအနားက လူတွေက အရေးယူ ဆောင်ရွက်မှု နည်းလမ်းတစ်ခုကို အားမပေးဘူး ဆိုရင် ဒါမှမဟုတ် သမီး လုပ်ကိုင်မည့် အရာကို ရယ်သွမ်းသွေးကြတယ်ဆိုလျှင် အဲဒါကို အောင်မြင်နိုင်ခြေရှိတဲ့ သင်္ကေတအဖြစ် မှတ်ယူလိုက်ပါ။ ဒါကို သမီး နားလည်ဖို့ အရေးကြီးတယ်။ အမှန်ကတော့ အများလုပ်တာကို လိုက်လုပ်ရုံလေးနှင့် ကိုယ်ပိုင် အောင်မြင်မှုရခဲ့တဲ့ လူဆိုတာ တစ်ယောက်မှ မရှိသေးဘူးကွဲ့။ ဥပမာအဖြစ် တရုတ်ပြည်ကိုပဲ ကြည့်ကြပါစို့ကွယ်။ တရုပ်ပြည်ဟာ ရင်းနှီးမြှုပ်နှံသင့်တဲ့ တိုင်းပြည် မဟုတ်ဘူးလို့ လူတွေက ပြောလေ့ရှိပြီး တကယ်လည်း ဘယ်သူကမှ အဲဒီမှာ ရင်းနှီးမြှုပ်နှံဖို့ အားမထုတ်ကြဘူး။ ဒါပေမယ်လို့ အဲဒီတုန်းကသာ တစ်ယောက်ယောက်က ငွေ စိုက်ထည့်ခဲ့မယ်ဆိုရင် ခုလောက်ဆို သူတို့တွေဟာ ငွေတွေ အများကြီး ရပြီးကြရောပေါ့။
၁၉၈၀ ပြည့်နှစ်တွေမှာ တရုတ်ပြည်ဟာ တကယ် အလားအလာ ရှိတယ်လို့ ဖေဖေ သဘောပေါက် နားလည်ခဲ့ပြီး ပါဝင်ခဲ့တယ်။ အဒီတုန်းက ဖေဖေ့နားက လူတွေက “ဟေး ဂျင်၊ တရုပ်ပြည်က ပြဿနာ များလွန်းပါတယ်။ ဘာလို့ ပါရတာလဲ” လို့ ပြောကြတယ်။ ဖေဖေ လုပ်နေခဲ့တာတွေက စိတ်မမှန်လို့ လုပ်တာလို့ လူအများစုက ပြောကြတယ်။ ဒါပေမဲ့ သူတို့ပြောတာကို ဖေဖေ နားမထောင်ခဲ့ပါဘူး။ အဲဒီအစား ဖေဖေ့ ဘဝပေးအသိနောက်ကိုပဲ လိုက်လုပ်ခဲ့တယ်။ ကုမ္မဏီအမျိုးမျိုးနှင့် ပတ်သက်တဲ့ ရနိုင်သမျှသော အထောက်အထားတွေကို လေ့လာခဲ့တယ်။ တကယ်တော့ ကိုယ်တိုင် သုတေသနလုပ်ဖို့ နေရာမျိုးစုံကို သွားကြည့်ခဲ့တယ်။ ဖြစ်ချင်တော့ တရုတ်ပြည်တွင်းမှာ လူပေါင်း ၁. ၃ သန်း အလုပ်လုပ်နေကြပြီး သူတို့ ရင်းနှီးမြှုပ်နှံလေ့ ရှိတဲ့ စုဆောင်းနှုန်းက သူတို့ ဝင်ငွေရဲ့ ၃၅ % လောက် ရှိတယ်လေ။ ဒီလို နိုင်ငံမျိုးက ဘာလို့ မတိုးတက်ရမှာလဲ။ အထင်ကြီးလောက်တဲ့ ဂျပန်က ၂၀% ဆိုတဲ့ စုဆောင်းငွေနှုန်းထက်တောင် ပိုများလိုက်သေး။
မတူတာကတာ့ အမေရိကန်ပြည်ထောင်စုကို ကြည့်ပါ။ ဒီတိုင်းပြည်မှာ ငွေစုဆောင်းနှုန်းက ဖေဖေ ပထမဆုံး ကမ္ဘာလှည့်ခရီး သွားခဲ့စဉ် ၁၉၉၀ ခုနှစ် တစ်ဝိုက်က ၄% လေးပဲ ရှိခဲ့တာ။ ပြီးတော့ ၂% အထိကို ကျဆင်းသွားခဲ့တယ်။ ပြီးတော့ အမေရိကန် ပြည်ထောင်စုဟာ အကြီးအကျယ် ဘဏ္ဍာရေး လိုငွေပြမှု ရှိပါတယ်။ လူတွေက တရုတ်ပြည်က စွန့်စားလွန်းရာ ကျပါတယ်လို့ တစ်လွဲ စိတ်ကူးပေါက်တဲ့ သာမန် အသိနောက် လိုက်နေကြစဉ် ဖေဖေကတော့ ကိုယ်ပိုင် ဘဝပေးအသိနောက် လိုက်ပြီး တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တယ်။ တရုတ်ရဲ့ တိုးတက်ကြီးထွားမှုက အမေရိကထက် အများကြီး သာလွန်သွားပါပြီ။
သမီးဟာ သမီးပဲဖြစ်ပါစေ။
နယ်ပယ်စုံမှာ အောင်မြင်ပြီး ဖြစ်တဲ့ လူတိုင်းကို ကြည့်ကြည့်လိုက်စမ်းပါ။ သူတို့တွေဟာ အနုပညာရှင်တွေပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂီတသမားတွေပဲဖြစ်ဖြစ် ဒါမှမဟုတ်လဲ သူတို့ အသက်မွေး ဝမ်းကျောင်း အလုပ်က ဘာပဲ ဖြစ်ပါစေ၊ သူများတွေကို ပုံတူကူးချပြီး အောင်မြင်မှု ရတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူများ လုပ်တာကို ပုံတူကူးချလို့ အောင်မြင်တဲ့သူ တစ်ယောက်တစ်လေများ ရှိလို့လား။
ဆိုနီကိုပဲ စဉ်းစားကြည့်လိုက်စမ်း။ သူတို့ဟာ မတူတာကို အမြဲလုပ်ပြီးတော့ တစ်ခြား ကုမ္ပဏီတွေထက် ထူးခြားပေါ်လွင်နေတယ်။ သမီး သိပါတယ်ကွာ၊ သူများတွေ လက်ရှောင်တဲ့ ဆုံးဖြတ်ချက်ကို ချဖို့ ဒါမှမဟုတ် တာဝန်ယူဖို့ဆိုတာ သတ္တိရော စိတ်အားထက်သန်မှုပါ လိုတယ်ဆိုတာကိုလေ။ ရဲရင့်ပြီး အခြား ဘယ်သူမှ လိုက်မလာမည့် လမ်းကို လျှောက်ရဲသူများဆီကိုသာ အောင်မြင်မှုက လာတတ်တယ် ဆိုတာကို သတိယနော်။ ဒါကြောင့် ဆိုနီဟာ အဓိက စီးပွားရေး လုပ်ငန်းကြီး ဖြစ်နေတာပေါ့။
ဖေဖေကတော့လေ သမီးကို အဲဒီလိုမျိုး သတ္တိနှင့် ကိုယ့် ဆန္ဒတွေ၊ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကြိုးစားစေချင်တာပဲ။ သမီးရဲ့ ဖေဖေဟာ ရင်းနှီးမြှုပ်နှံသူ တစ်ဦးအဖြစ် အောင်မြင်တာ သက်သက်ကြောင့် သမီးဟာလဲ ရင်းနှီးမြှုပ်နှံသူ တစ်ဦးပဲ ဖြစ်ရမယ်လို့ မဆိုလိုဘူးကွဲ့။ သမီးဟာ ဖေဖေ မဟုတ်လို့ ဖေဖေ့ ပုံတူကိုယ်ပွား ဖြစ်ဖို့ မလိုပါဘူးကွာ။ ဒါပေမဲ့ သမီးကို ဖေဖေ လုပ်စေချင်တာက စစ်မှန်တဲ့ ကိုယ်ပိုင်ဖြစ်ပြီး တစ်မူထူးခြားတဲ့ သမီးကိုယ်တိုင်ပဲ ဖြစ်ဖို့ပဲကွဲ့။
ချစ်သမီးလေးရေ … သမီး တစ်နေ့ထက် တစ်နေ့ အရွယ်ရောက်ရောက်လာလို့ အကြံပေးစကားကတော့ ဖေဖေ ဆက်ဆိုနေဦးမယ်။ သမီးရဲ့ ထင်မြင်ယူဆချက်ကို ဆန့်ကျင်ဟန်တူမယ့် အချိန်တွေ ဆိုတာလဲ ရှိနိုင်တာပဲ။ ဒါပေမဲ့ ဖေဖေဟာ သမီးရဲ့ ဖေဖေ ဖြစ်တာကြောင့်နှင့်တော့ ဖေဖေ ပြောတာ အားလုံးကို လက်ခံဖို့ မလိုပါဘူး။ ဖေဖေက သမီးကို အများနှင့်မတူ တစ်မူထူးခြားပြီး အမှီအခိုကင်းတဲ့ သမီးအဖြစ် ရှုမြင်ထားတာလေ။ အခြား လူတွေက သမီးဟာ ဆုံးဖြတ်လုပ်ကိုင်ဖို့ ငယ်လွန်းတယ်လို့ ထင်လျှင်တောင်မှ မှန်တာကို ဆုံးဖြတ်ဖို့ သမီးရဲ့ ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အသုံးပြုသမျှ ကာလပတ်လုံး သမီးလုပ်ချင်တာကို လုပ်ပါ။
ဒါပေမဲ့ သမီး မှန်တယ် ထင်တာကို လိုက်မလုပ်ခင် အရင်ဆုံး သမီးရဲ့ အိမ်စာ လုပ်ဖို့ ဝီရိယ စိုက်စေချင် တယ်။ ရနိုင်သမျှသော ရင်းမြစ်တွေ အားလုံးကို လေ့လာပြီး သမီးကိုယ် သမီး ပညာတတ်အောင် လုပ်ပါ။ ရလာတဲ့ အရင်းအမြစ်တွေကို သတိကြီးကြီး ထားပြီး ခွဲခြမ်း စိတ်ဖြာပါ။ ပြီးတော့ သမီးမှန်တယ် ထင်တာဟာ အမှန်တကယ်လည်း မှန်တာပဲဆိုတာ သေချာအောင် ကျကျနန လုပ်ဆောင်ပါ။ ဒါကို အရင်ဆုံး မလုပ်ပဲ အရေးယူ လုပ်ဆောင်တာမျိုး မလုပ်ပါနဲ့။ မအောင်မြင်တဲ့ လူတွေဟာ သူတို့ နားတောင် မလည်တဲ့အရာ၊ သူတို့ လေ့လာမှု မပြုမည့် အရာတွေကို ဝင်လုပ်နေကြတယ်လေ။ ဒါဟာ တန်ဖိုးရှိလှတဲ့ အချိန်နှင့် ငွေတွေကို သူတို့တွေ ဆုံးရှုံးနေပုံပဲကွဲ့။
နောက်ဆုံးအနေနှင့် သမီးလိုက်လုပ်ဖို့ မျှော်လင့်တာ တစ်ခုတော့ ရှိပါတယ်။ သမားရိုးကျ အသိမျိုး၊ အစဉ်အလာ ဉာဏ်ပညာမျိုးနှင့် အခြေခိုင်နေတယ်ဆိုတဲ့ အယူအဆမျိုးတွေကို သမီးလေး စိတ်မဝင်စားနှင့် နော်။ ဒါပေမဲ့ မရှိလျှင် လူ့ အဖွဲ့အစည်း ရပ်တည်လို့ မရနိုင်တဲ့ စည်းကမ်းတွေ၊ ကျင့်ဝတ်တွေကိုတော့ မျှော်လင့်လည်း မျှော်လင့်ပါ။ လိုက်လည်း လိုက်နာပါ။ ဒါက လေးစားထိုက်သူတိုင်းကို ယုံကြည်မျှော်လင့်ထားတဲ့ အရာကွဲ့။ ဒါက နေနည်း ထိုင်နည်း အမှန်ဖြစ်ရုံမျှ မက။ ဂုဏ်သရေရှိ လူတွေဟာ ဥပဒေဆိုင်ရာ ပြဿနာတွေကို ဘယ်သောအခါမှ ပူပန်စရာ မလိုတော့တဲ့ အပြင် ရေရှည်မှာ သူတို့တွေက အမြဲပဲ ထိပ်တန်းကို ရောက်လာတော့တာပဲကွဲ့။
ပုံကို http://en.wikipedia.org/wiki/Gift မှ ယူပါတယ်။
ဘုန်းဉာဏ်