ဒီတစ်ပတ်မှာတော့ စာရေးသူ အလုပ်နည်းနည်း ရှုပ်နေပါတယ်။ အထူးသဖြင့်တော့ စိတ်ထဲမှာ ပိုပြီး ရှုပ်နေတာပါ။ ဖတ်ရ၊ မှတ်ရ၊ ပြီးတော့ ရေးရမှာတွေနှင့် ရှုပ်နေပါတယ်။ အဲဒါတွေကြောင့်ပဲ အနားရတဲ့ အချိန်မှာလည်း ဘလော့ဂ်အတွက် မရေးနိုင် ဖြစ်ခဲ့ရတယ်။ စာလာဖတ်ကြသူတွေကိုလည်း အသစ်မတင်လို့ စိတ်ပျက်တာမျိုး မဖြစ်စေချင်ပါဘူး။ ဖတ်စရာ တစ်ခုခု တင်ပေးချင်ပါတယ်။ ဒါကြောင့် ဘာတင်ပေးရပါမလဲလို့ စဉ်းစားမိတော့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ တစ်ဘဝသံသရာ စာအုပ်ထဲက ကောက်နှုတ် မှတ်သားထားတဲ့ ကဗျာ လင်္ကာတွေကို သတိယပါတယ်။
တကယ်တော့ ဒီစာအုပ်ကို ခရီးသွားရင်း တွေ့တဲ့အချိန် ကွက်တိကွက်ကြား ဖတ်ပြီး မှတ်ခဲ့တာမို့ သိပ် အများကြီး မဟုတ်သလို အစီအစဉ်လည်း မကျပါဘူး။ တကယ်က ဒီစာအုပ်က အကြိမ်ကြိမ် ဖတ် မှတ်သင့်တဲ့ စာအုပ်ပါ။ အထူးသဖြင့်တော့ ရှင်၊ ရဟန်းတွေ အတွက်ပေါ့။ ခုလောလောဆယ်တော့ ပြန်လည်း မဖတ်နိုင်သေးပါဘူး။ ဒါကြောင့် ရေးမှတ်ခဲ့ဘူးတာတွေထဲက အချို့ကို တင်ပေးလိုက်ပါတယ်။
၁။ ဗုဒ္ဓရှင်တော်မြတ်ကို သဗ္ဗညုတ ဉာဏ်တော်ရှင်လို့ ယုံကြည်ကြ ဂုဏ်ပြုကြ၊ ပုဇော်ကြပါတယ်။ အဲဒီဉာဏ်တော်က ဘယ်လိုမျိုးပါလဲ။ သဗ္ဗညုတ ဉာဏ်တော်ကြီးရဲ့ အဓိပ္ပါယ်ကို ဆရာတော်က လင်္ကာလေးနှင့် ရှင်းလင်း ဖွင့်ပြခဲ့ပါတယ်။ တစ်ချို့ကတော့ ဒီလင်္ကာကို ကျက်မှတ်ပြီး ဘုရားရှိခိုးတဲ့ အခါ ရွတ်ဆို ပူဇော်ကြပါတယ်။ စာဖတ်သူလည်း ဘုရားရှင်ကို အာရုံပြုပြီး ဒီလင်္ကာကို ဖတ်ကြည့်ပါလား။
သဗ္ဗညုတ ဉာဏ်တော် အစွမ်း သုံပါး
(က)
သိရန်မှန်က မကျန်ရအောင်
လုံးဝစုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
(ခ)
သိသည့်တရား များအပြား၌
ဟောထားစဖွယ် နည်းသွယ်သွယ်ကို
ချယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
(ဂ)
ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣနြေ္ဒစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
ဉာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့်
အများဝေနေ ကျွတ်လွတ်စေဖို့
မနေ မနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင် သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ဘုရားတည်း။
၂။ ဒုတိယ အနေနှင့် ဆရာတော်ဘုရားကြီးရဲ့ သံဝေဂ လင်္ကာကို တင်ပေးလိုက်ပါတယ်။ ဒီလင်္ကာက တော်တော်များများ တွေ့ဖူးကြပါတယ်။ တစ်ချို့ဆို အလွတ်တောင် ရွတ်ဆိုနိုင်ကြပါတယ်။ သံဝေဂဆိုတာ ပွားသင့်တဲ့ အရာပါ။ အမြဲ မဟုတ်တောင် အလျှဉ်းသင့်တဲ့ အခါမှာပေါ့။ ဒါမရှိလျှင် မအိုတော့မည့်နှယ်၊ မနာတော့မည့် ပုံ၊ မသေတော့မည့် ဟန်နှင့် မေ့ချင်တိုင်း မေ့နေတတ်ကြပါတယ်။ (ဘုန်းဉာဏ် ဖြစ်နေတာကို ကြည့်ပြောတာပါ)။ လယ်တီ ဆရာတော် ဘုရားကြီး စကားတော်နှင့် ပြောရလျှင်တော့ “နင် ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း” ပါပဲ။ ဒါကလည်း ပုထုဇဉ်တို့ရဲ့ သဘာဝပေကိုး။ ဒီတော့ အကျိုးဆက်က “ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ ခမန်း” ပေါ့။
ဒါကြောင့် “မဟာဂန္ဓာရုံဆရာတော်ဘုရား နောက်ဆုံးညွန်ကြားသွားသည့် သံဝေဂတရားတော်” ကို ဖတ်ကြည့်ပြီး သံဝေဂ ပွားများကြည့်စေချင်ပါတယ်။
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။ ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ။
၆။ ခဏမစဲ အိုစမြဲ ကိုယ်လဲ သေဖက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင် ပြင်သင့်ပြီ။
၉။ ဒါန သီလာ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
ခု တခါ ဆရာတော် ဘုရားရဲ့ အဓိဋ္ဌာန်နှင့်ကို ဖတ်ကြည့် ကြည်ညိုကြရအောင်လား။ ဆရာတော်ဟာ ပိဋကတ်တော်တွေကို နေ့မနား ညမအား ပို့ချ ရေးသားတော်မူခဲ့ပါတယ်။ ခိုင်ခံ့တဲ့ ကျမ်းကြီးပေါင်း (၇၀) ကျော်ကို ရေးသားသွားတော်မူခဲ့ပါတယ်။ ဘဝနတ်ထံ ပျံလွန်တော်မူခါနီး ရက်ပိုင်းလေး အလိုအထိကို စာရေး စာသင်သွားခဲ့တဲ့ ဆရာတော်ကြီးပါ။ ခုဆိုလျှင် ဆရာတော်ရဲ့ စာအုပ်ကို မဖတ်ဖူး မလေ့လာဖူးတဲ့ ရှင် ရဟန်းဆိုတာ မရှိတော့လောက်အောင်ကို သာသနာတော်အတွက် အကျိုးပြုပါတယ်။
ဒီလို ဆရာတော်ကြီးရဲ့ အဓိဋ္ဌာန်က
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက နောက်ဆုံးအထိ ပါရမီ၊
လူ နတ်များစွာ ချမ်းသာရေးကို အသက်ပေး၍ ပြုခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့ ငါပါ အသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်။
(တစ်ဘဝသံသရာ၊ စာ၊ ၃၇၂)
ကောက်နုတ်ချက် အပိုင်း (၂) ကို ဆက်ပါဦးမည်။
ဘုန်းဉာဏ်