သာသာနာတော် အတွက် ဤမျှလောက် ကြိုးစားပြီး အလုပ်တွေလုပ်ခဲ့တဲ့ ဆရာတော်ကြီးရဲ့ သူ့လုပ်ဆောင်ချက်တွေအပေါ် ထားတဲ့ သဘောထားနှင့် ရှုမြင်ပုံကလည်း အားကျ အတုယူဖွယ်နှင့် လေးစားဖွယ် ဖြစ်ရပြန်ပါတယ်။ ဘိုးဘလက်ထက်က ရခဲ့တဲ့ မြတ်ဗုဒ္ဓသာသနာတော်ရဲ့ တန်ခိုး ထပ်ပြီး မညှိုးဖို့ အားကြိုး မာန်တက် ဆရာတော်က ဆောင်ရွက်တဲ့ အကြောင်း အောက်ပါအတိုင်း ရေးတော်မူပါတယ်။ အလုပ်ကို မနေမနား လုပ်တော်မူသလောက် အပြော လျှော့ပြောတာကလည်း ကြည်ညို မြတ်နိုးဖွယ်ရာပါ။
ကိုယ်တည်း တစ်ယောက်၊ ချမ်းသာရောက်ဘို့၊ ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး၊ … ဗုဒ္ဓမြတ်စွာ၊ သာသနာ၏၊ ရှေးခါ ဘိုးဘ၊ လက်ထက်ကလျှင်၊ ရသည့်တန်ခိုး၊ ထပ် မညှိုးဖို့၊ အားကြိုးမာန်တက်၊ ငါဆောင်ရွက်သည်၊ … ဆက်လက် တည်တံ့ရုံသာတည်း။
(တစ်ဘဝသံသရာ၊ စာ၊ ၃၈၉)
အခု နောက်ဆုံး အနေနှင့် ဆရာတော်ကြီးရဲ့ သံဃာတော်များသို့ လျှောက်ထားချက်ထဲက စာပိုဒ် တစ်ခုကို ဆက်လက် ဖတ်ရှု ကြည်ညိုစေချင်ပါတယ်။ ဆရာတော်ကြီးဟာ နောက်လိုက် တပည့်များ ချမ်းသာမယ် ဆိုလျင် သူကတော့ ဆင်းရဲချင် ဆင်းရဲပါစေ တဲ့။ သူတော်ကောင်း ခေါင်းဆောင်ကြီးတို့ရဲ့ သဘောထားကို ခု ဖော်ပြမည့် လင်္ကာမှာ တွေ့ရပါတယ်။
၎င်းအပြင် အလုပ်လုပ်လျှင် ကဲ့ရဲ့ခံရမှုနှင့် ချီးမွမ်းမှု တစ်ခုမဟုတ် တစ်ခု ခံရမှာ မလွဲပါပဲ။ လောကဓမ် မုန်တိုင်းကြမ်း ဒဏ်ကို ဆရာတော် အကြိမ်ပေါင်းများစွာ ခံစားခဲ့ရကြောင်း တစ်ဘဝ သံသရာစာအုပ် နောက်ပိုင်းတွင် ဆရာတော်ကိုယ်တိုင် မှတ်တမ်းတင်ခဲ့သည်။ ဒီလို လောကဓံတွေကို ဆရာတော်က ကြံ့ကြံ့ခံ ကျော်ဖြတ်တော်မူလာခဲ့ပါတယ်။ ဒီအချက်ကို ဆရာတော် ရေးထားတာက စိတ်ဓာတ်ပိုင်းဆိုင်ရာက လေးစား အတုယူဖွယ်လည်းဖြစ်၊ စိတ်အားသတ္တိည်း ပေးသည့်ပြင် ကဲ့ရဲ့ ပြစ်တင်ကြတဲ့ လောကဓံကို “မခံ့တရံ့၊ ခံ့တရံ့နဲ့၊ ကြံ့ကြံ့ပုံသေ၊ ခံခဲ့ပေ၏” လို့ ရေးသား စီကုံးထားတာလေးက မြတ်နိုးဖွယ်ရာပါ။ ဆက်ဖတ်ကြည့်ကြပါစို့။
ကိုယ်တည်းတစ်ယောက်၊ ဆင်းရဲရောက်လို့၊ ကိုယ့်နောက် အများ၊ ချမ်းသာပွားမူ၊ တစ်ပါးဖြစ်ထွေ ဆင်းရဲစေတော့၊ စိတ်နေခုလို၊ ဝမ်းဝယ်သို၍၊ ထိုထိုအလုပ်၊ လွန်ကြိုးကုတ်သော်၊ မဟုတ်သတင်း လုပ်ဇာတ်ခင်းလျက်၊ ချင်းချင်းရွဲ့သံ၊ ကဲ့ရဲ့သံတို့၊ နာခံမညီး၊ ပြည်လုံးဟီးမျှ၊ ဝေးနီးအနှံ့၊ ပြန့်အောင်ဖြန့်လည်း၊ မခံ့တရံ့၊ ခံ့တရံ့နဲ့၊ ကြံ့ကြံ့ပုံသေ၊ ခံခဲ့ပေ၏ ၊ မသေမပျောက်၊ ခုချိန်ရောက်သော်၊ နောက်က ဒကာ၊ ဒါယိကာနဲ့၊ ဆရာသမား၊ တပည့်များတို့၊ အားထားကူညီ၊ ဝိုင်းအုံပြီမို့၊ ကိုယ်သည်၎င်း၊ ကိုယ့်အပေါင်းနဲ့၊ ကိုယ်နှောင်းငယ်သား၊ တိုင်းကျိုးများဘို့၊ ဘုရားသာသနာတော် ၊ မူရင်းပေါ်အောင်၊ ဖွင့်ဖော်သင့်ကြောင်း၊ အခွင့်တောင်းသည်၊ … အပေါင်း ဆရာတော်ဘုရား။
(တစ်ဘဝသံသရာ၊ စာ ၃၉၄)ခရီးသွားရင်း ဖတ်ခဲ့ မှတ်ခဲ့ဖူးတာလေးတွေထဲက တစ်ချို့သော ကောက်နုတ်ချက်များကို မျှဝေလိုက်တာပါ။ နောင် အေးအေး ဆေးဆေး ပြန်ဖတ်ဖြစ်လျှင်တော့ ဖြည့်စွက်ခြင်း၊ သို့ မဟုတ် အသစ်ရေးတင်ခြင်းများ ပြုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဘုန်းဉာဏ်
No comments:
Post a Comment