Pages

Jan 27, 2012

ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ။ (ဂျက် လီ)

ဂျက် လီဟာ အာရှတိုက်မှာ လူသိအများဆုံး သိုင်း (ကိုယ်ခံပညာ) ရုပ်ရှင်မင်းသား ဖြစ်နိုင် ပါတယ်။ ဒါ့ အပြင် ဟောလိဝုဒ်မှာ ရေပန်းစားမှု ကလည်း တိုးပွားလို့ လာနေပါတယ်။ သူ့ရဲ့ ဒီ ကိုယ်ရေး အကျဉ်းချုပ်မှာတော့ ဗုဒ္ဓဘာသာ အပေါ်မှာ သူ့ရဲ့ စိတ်ဝင်စားမှုနှင့် အများအကျိုး အတွက် ဗုဒ္ဓဘာသာ တရားတော်ရဲ့ တန်ဖိုးတွေ ကို ထွန်းကားအောင် လုပ်နေတဲ့ သူ့ရဲ့တာဝန်ကို မျှဝေထားပါတယ်။


၁၉၉၇ ခုနှစ်မှာ ရုပ်ရှင်ရိုက်တာကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချက်ကတော့ ကျွန်တော် အရမ်းကို ပင်ပန်းလို့ပါ။ စဉ်းစားကြည့်ပါဦး။ ရှစ်နှစ်သား အရွယ်က စပြီးတော့ဗျာ၊ ဝူးရှူးကို တစ်နေ့ကို ရှစ်နာရီ နှုန်းနှင့် ဆယ်နှစ်ကြာ လေ့ကျင့်ခဲ့ရတယ်။ အဲဒီနောက် ရုပ်ရှင်ကားတွေ စရိုက်တာပဲ။ ပြီးတော့လဲ အားလုံးက အတူတူလိုပါပဲ။ နောက်ပြီး သတင်းထောက်တွေနှင့် စကားပြောတိုင်း ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြ ပေးဖို့ရာ အမြဲပဲ ချော့မော့ ပြောကြတော့တာပဲ။ ဒါပေမဲ့လဲ ထင်ပေါ်ကျော်ကြားတော့ လာ တာပေါ့လေ။ ဝင်ငွေကောင်းကောင်းရပါတယ်။ ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမားတော့လဲ ရှိတာပေါ့ဗျာ။


နှစ်တွေက ကုန်လွန်ခဲ့ပါပြီ။ အရွယ်အသီးသီးဟာ သူ့နည်းသူ့ဟန်နှင့်တော့ တွေးခေါ်နိုင်စွမ်းရှိတာပါပဲ။ ဒီတော့လဲ ဟိုဟိုဒီဒီ ဆုံးဖြတ်ချက်တွေ ချမိတာပါပဲ။ ရိုးရိုးသားသားပြောရရင် ပိုကျော်ကြားအောင် ဒါမှမဟုတ် အာဏာ ပိုရှိအောင်လုပ်ရတာကို ကျွန်တော် စိတ်မဝင်စာခဲ့ဘူးဗျ။ မေမေ့အတွက်၊ ကျွန်တော့မိသားစုနှင့် ကျွန်တော့ ကလေးတွေအတွက် မျှမျှတတရှိဖို့၊ သူတို့ကို ထောက်ပံ့ပေးဖို့ လုံလောက်ပါပြီ။ ကျွန်တော် အနားယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။

ဒီအချိန်မှာပေါ့ဗျာ ... လို ကုန်စန် ရင်ပိုချီ (Lho Kunsang Rinpoche) ကို တွေ့ပါတယ်။ သူက တိဗက်ဗုဒ္ဓ ဘာသာရဲ့ ဘာသာရေးဆရာတော်ကြီးပေါ့။ ဘာလို့ အနားယူတော့မှာလဲလို့ သူက ကျွန်တော့ကို မေးပါ တယ်။ “ဗုဒ္ဓတရားတော်ကို လေ့လာဖို့နှင့် ဘာသာတရား ကိုင်းရှိုင်းတဲ့ ဘဝနှင့် နေထိုင်ဖို့ပါဘုရား” လို့ လျှေက်ထားလိုက်တယ်။

“ဟင့်အင်း၊ မင်း အနားယူလို့ မရသေးပါဘူး” လို့ ရင်ပိုချီက မိန့်ပါတယ်။

အခုတော့ဗျာ ... ကျွန်တော့ရဲ့ အသက်မွေးမှုလုပ်ငန်းစဉ်မှာ ပညာသုတ ကြီးမားကြွယ်ဝတော်မူကြတဲ့ ဆရာသမားတွေကို တွေ့ထားရပါပြီ။ ပြီးတော့လဲ ကျွန်တော့ရဲ့ ကံကြမ္မာဟာ ဗုဒ္ဓဘာသာနှင့် ဆက်စပ် နေတယ်လို့ သူတို့တွေအားလုံးက မိန့်ကြတယ်ဗျ။ ရှောင်လင်ကျောင်းတော် (Shaolin Temple) ရုပ်ရှင်ကား ရိုက်နေစဉ်ကတောင်မှလေ၊ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်အတွက် ဘာသာရေး ထုံးတမ်း ဓလေ့တွေကို ကျွန်တော်လေ့လာနေစဉ်ပေါ့ဗျာ၊ ကျောင်းကလူတွေက “ခင်ဗျား ဘုန်းကြီးလုပ်သင့်ပြီ” လို့တောင် ကျွန်တော့်ကို ပြောကြတယ်လေ။ (ဒီတော့ ဒါရိုက်တာက “ဟင့်အင်း၊ စောင့်ပါဦး၊ မလုပ်သေးပါနဲ့ဦး၊ ဇာတ်ကား ပြီးအောင်ရိုက်ဖို့ ရှိသေးတယ်လေ” လို့ ပြောရသေးတယ်)။

ဒါပေမဲ့လဲ ငါဟာ ဗုဒ္ဓဘာသာကျင့်စဉ်လမ်းကို အမှန်တကယ် ရှာဖွေရမှာပဲလို့ အချိန်ကြာမြင့်စွာကို ကျွန်တော်ကလည်း ခံစားနေခဲ့ရပါပြီ။ ကျွန်တော် ရင်ပိုချီကို လျှောက်ထားမိတယ်။ “တခြားလူတွေအားလုံးက တော့ ဘုန်းကြီးဖြစ်လာဖို့၊ သို့မဟုတ် လောကီဘောင်ကို စွန့်ခွါပြီး ပိဋကတ်ကျန်းဂန်တွေလေ့လာဖို့ တပည့် တော်ကို တိုက်တွန်းနေကြပါပြီ။ ဒါပေမဲ့ အားလုံးရဲ့အရှင် ဆရာသခင်ကတော့ “အလုပ်ဆီကို ပြန်ပါ” လို့ မိန့်နေတာပါ။”

“ဒီတစ်သက်တာမှာ မင်းရဲ့တာဝန်က မပြီးသေးဘူး” လို့ ဆရာတော်က မိန့်ပါတယ်။

ကျွန်တော်က မေးလိုက်တယ်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တပည့်တော် ရခဲ့တာတွေ၊ ပေးနိုင်စွမ်း ရှိခဲ့ပြီးတာတွေနှင့် တပည့်တော် ကျေနပ်တင်းတိမ်ပါပြီ။ တပည့်တော်ရဲ့ အသက်မွေးမှုလုပ်ငန်း၊ တပည့် တော်ရဲ့ ကျော်ကြားမှု၊ တပည့်တော်ရဲ့မိသားစုနှင့် တပည့်တော် ကျေနပ်ပါပြီ။ လုပ်ဖို့ ကြံစည်ထားတာတွေ အားလုံး ပြီးမြောက်ပြီးပါပြီဘုရား။”

“မင်းရဲ့တာဝန်ဆိုတာ တစ်ဦးတစ်ယောက်ကိုအကြွေးတင်တာမျိုး မဟုတ်ပါဘူးကွာ။ မင်းမှာ ပိုပြီးကြီးမားတဲ့ တာဝန်ကြီး ရှိနေသေးတာကို ပြောတာပါ။”

“ကောင်းပါပြီ၊ အဲဒါ ဘာလဲဆိုတာ မိန့်ပါ။ အဲဒါ ဘာလဲဆိုတာ သိရရင် ဒီတာဝန်ကိုယူဖို့ တပည့်တော် သဘော တူချင်မှတူမယ်။ ငြင်းပယ်ကောင်း ငြင်းပယ်ပါမယ်” လို့ ပြန်လျှောက်လိုက်တယ်။
“မင်းကို ထုပ်ပြောလို့ မဖြစ်ပါဘူးကွာ။ အတွေ့အကြုံကတဆင့် မင်းဖာသာမင်း သဘောပေါက်လာပါလိမ့် မယ်”လို့ သူက ဖြေတယ်လေ။

“ကောင်းပါပြီ။ ဆရာက ဒီလိုဆိုရင် အဲဒါကို တပည့်တော် ရှာဖွေပါ့မယ်” လို့ သံသယနှင့်ပဲ လျှောက်လိုက် ပါတယ်။ သူဘာတွေပြောနေတယ်ဆိုတာ ကျွန်တော် မသိဘူး။

ဒါပေမယ်လို့ တချိန်တည်းမှာလေ၊ ရုပ်ရှင်ကားတွေ ဆက်ရိုက်နေဖြစ်တယ်ဗျ။ ကျွန်တော် Lethal Weapon 4 ကို ရိုက်တယ်။ ဒိနောက်တော့ တစ်နှစ် နှစ်နှစ်လောက် ဒီတာဝန်ဆိုတာကြီးက ဘာကြီးများဖြစ်လေမလဲလို့ နားလည်လာသည်တိုင်အောင် ကြိုးစားရင်း အချိန်တွေ အများကြီးကုန်ခဲ့ပါတယ်။

အမေရိကမှာရှိနေတဲ့ ကျွန်တော့ထံ ရင်ပိုချီ အလည်လာတဲ့အချိန်မတိုင်မီ သူဆိုလိုတာကို အရိပ်အမြွက် တော့ သိရပြီလို့ ကျွန်တော် စပြီးခံစားလာရပြီ။ ကျွန်တော်လုပ်ရမည့် အရာနှင့်ပတ်သက်လို့ သဲလွန်စ အများ အပြားကို ကျွန်တော် တွေ့ထားပြီးပြီ။ အဲဒါက ရုပ်ရှင်ကားတွေရိုက်ဖို့ရာ ကျွန်တော့် စိတ်ရင်းစေတနာနှင့် ဆက်စပ် ပတ်သက်နေတယ်လေ။

ခက်ခဲပင်ပန်းလှပြီး ဒဏ်ရာရဖို့ အန္တရာယ်အမြဲရှိနေတဲ့ ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကို ဆက်လုပ်ဖို့ ဘယ်လို အကြောင်းတရားမျိုးကများ င့ါကို လှုံ့ဆော်ပေးနေပါလိမ့်မလဲ။ ရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်တော်က ငွေကိုပဲဖြစ်ဖြစ်၊ ကျော်ကြားမှုကိုပဲဖြစ်ဖြစ် ထပ်ပြီး မမက်မော မကပ်ငြိတော့တဲ့ လူမျိုးလေ။ ကျွန်တော့မိသားစုကို စောင့်ရှောက်ထောက်ပံ့ဖို့ ငွေလုံလုံလောက်လောက်ရအောင် အချိန် အကြာကြီး ကျွန် တော် ရှာခဲ့ပြီးပြီပဲဗျာ။

ပြီးတော့လဲလေ ကျွန်တော်တို့တွေ သိကြတဲ့အတိုင်းပါပဲ၊ ကျော်ကြားမှုဆိုတာဗျာ တဒင်္ဂ တစ်ခဏပါပဲ။ သမိုင်းတစ်လျှောက်မှာ ထင်ပေါ်ကျောင်ကြားတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲဗျာ။ ဟောလိဝုဒ် တစ်နေရာတည်းမှာပဲ ရုပ်ရှင်မင်းသား ဘယ်နှစ်ယောက်ရှိလဲ။ အဲဒီထဲက ဘယ်နှစ်ယောက် မှတ်ဉာဏ်ထဲက လျော့ပါးပျောက်ကွယ်သွားပြီလဲ။

အချိန်က အရာရာတိုင်းကို တိုက်စားသွားပါတယ်။ ဆယ်ကျော်သက်တွေဟာ ပြီးခဲ့တဲ့ မျိုးဆက်က ရုပ်ရှင်သရုပ်ဆောင်တွေကိုတောင် သိကြတော့တာမှ မဟုတ်တာ။ ဂုဏ်သတင်းကြီးမှုရဲ့ သွေးဆောင် လှည့်ဖြားမှုကို ကောင်းကောင်းကြီး သဘောပေါက်ရင် ခင်များကို အဓမ္မကြီးမောင်းနှင်နေတဲ့ အဲဒီ လည့်ဖြားမှုကို မောင်းနှင်ခွင့် မပေးဘူးဆိုတာ သေချာပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတာဝန်ကြီးကို ကျွန်တော် မနှစ်က သဘောပေါက်နားလည်လာတယ်ဗျ။ ကျွန်တော့မှာ ဗုဒ္ဓဘာသာကို အနောက်ကမ္ဘာကို ကူညီ မိတ်ဆက်ပေးဖို့ တာဝန်တစ်ရပ် ရှိတယ်လေ။ အစဉ်အလာနည်းလမ်းနှင့်လဲ မဟုတ်သလို အစဉ်အလာ ဆက်သွယ်ရေးနည်း နှင့်လဲ မဟုတ်ဘူးလေ။

ဗုဒ္ဓဘာသာမှာ အဓိကကျတဲ့ အယူအဆကြီးတွေ အများကြီး ရှိပါတယ်။ အခုလောလောဆယ်တော့ အဲဒီထဲက နှစ်ခုကိုပဲ ကျွန်တော် ပြောပါ့မယ်။ အယူအဆတစ်ခုက ကံတရားဗျ။ အဲဒီကံဆိုတာဗျာ - ခင်ဗျားရဲ့ ကံကြမ္မာကို စီမံဖန်တီးပေးတဲ့ အပြုအမူတွေ လုပ်ဆောင်ချက်တွေပေါ့။ တခြားတစ်ခုက မေတ္တာ ဒါမှမဟုတ် ကရုဏာတရားပါ။ လူတိုင်းလူတိုင်းကို မေတ္တာနှင့်ယှဉ်ပြီး ဆက်ဆံတဲ့ တရားပေါ့။

လူတိုင်းလူတိုင်းဟာလေ ဘယ်လောက်ထိ ညည်းညူနေချင်ကြတာကို ကျွန်တော် စပြီးသတိထားမိတယ်။ သူတို့တွေရဲ့ ကျန်းမာရေး၊ အလုပ်အကိုင်၊ အလုပ်ရှင်၊ ဆက်ဆံရေး၊ သူတို့တွေရဲ့ မိသားစုနှင့်ပတ်သက်ပြီး ညည်းညူချင်ကြတာပါ။ လူတွေကဗျာ သူတို့တွေရဲ့ဘဝတွေ ဘာတွေများဖြစ်နေပါလိမ့်၊ တခြားလူတွေ အားလုံးက သူတို့တွေရဲ့ဘဝကို ဘယ်လိုများ ခက်ခဲအောင်လုပ်နေပါလိမ့် ဆိုတာတွေနှင့် ပတ်သက်ပြီး တစ်ချိန်လုံး ငြီးတွားပြောဆိုနေကြတာပါ။ ဒါပေမယ်လို့လဲ ခင်ဗျားမှာ ဖြစ်လာနေတာတွေက မဝေးလှတဲ့ အတိတ်ကာလကပဲ ခင်ဗျားရဲ့ အပြုအမူတွေက ဖန်တီးထားတာတွေပါ။ အလားတူပါပဲ ဒီဘဝမှာ ခင်ဗျားလုပ်ထားတာတွေ - ခင်ဗျားရဲ့ အပြုအမူ အလုပ်အကိုင်တွေ၊ စကားတွေ၊ အမူအရာတွေ အားလုံးဟာ နောက်ဘဝမှာ ခင်ဗျားဘာဖြစ်မယ်ဆိုတာကို စီမံဖန်တီးပေးတယ်လေ။ အခု ခင်ဗျားဘဝရဲ့အဆုံးမှာ ကိုယ်ပိုင် account statement တစ်ခုကို ခင်ဗျားရေးပေးရပြီလို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ တခြားလူတွေကိုတော့ ခင်ဗျား ဖုံးကွယ်လို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ ခင်ဗျား လိမ်လို့မရပါဘူး။ ဘယ်သူ့ကို ခင်ဗျား ညည်းညူတယ်၊ ဘယ်လုပ်ငန်း တာဝန်တွေကတော့ဖြင့် မပြီးဆုံးပဲထားခဲ့ရပြီ၊ ဘယ်ကတိစကားတွေ ပျက် ကွက်ခဲ့တယ်ဆိုတာတွေ ခင်ဗျား သိပါတယ်။

အဲဒါကိုသာ ဒီနည်းနှင့် ခင်ဗျားတွေးကြည့်လိုက်မယ်ဆိုရင် အတော်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်ကွက် တစ်ခုတော့ ခင်ဗျား ဖန်တီးပြီးသွားပြီလို့ ပြောလို့ရသွားပြီပေါ့။ စိတ်ဝင်စားဖွယ်ရာ လှုံ့ဆော်မှုတွေ၊ ဖြေရှင်း မပြီးသေးတဲ့ ပြဿနာတွေ၊ သူ (သို့မဟုတ်) သူမ တိုက်ရိုက်ပြောဖို့ လိုအပ်မယ့် ဒါမှမဟုတ် နောက်တစ်ကြိမ် ကျရင် အစားပေးရမယ့် ဒီလိုမှ မဟုတ်သေးရင်လဲ အမှန်ဖြစ်အောင် ပြင်ရဦးမယ့် အမှားတွေ အဲဒီလိုဟာမျိုးတွေ အားလုံးနှင့် ဇာတ်ဆောင်စရိုက်တစ်ခု ဖြစ်လာနိုင်အောင်ပေါ့။ စင်စစ်တော့ ခင်ဗျားဟာ နောက်ဘဝအတွက် ဇာတ်ညွှန်း တစ်ပုဒ်ကို အမြဲမပြတ် ရေးနေပါတယ်လို့ ပြောရင် ပြောလို့ရပါတယ်။ ဒါမှမဟုတ် ခင်ဗျားရဲ့ လက်ရှိ အခြေ အနေကို ငြီးငြူတဲ့အခါ နှစ်ကြိမ်တွေးလို့ရတာပေါ့။ - ဘာလို့လဲဆိုတော့ ဒါကို ဖြစ်လာအောင်လုပ်တဲ့ အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ခင်ဗျားထင်သလဲ။ တစ်ချို့အခိုက်အတန့်မှာ ကပြဖို့ အချို့ ဇာတ်ကောင် စရိုက်တွေကို ဘယ်သူက စီစဉ်ခဲ့တယ်လို့ ခင်ဗျားထင်သလဲ။ ဇာတ်လမ်းထဲမှာ ကြေကွဲဖွယ်ရာ အကွေ့ အကောက်တွေ၊ နောက်ပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနှင့် အခြေအနေတွေကို ဘယ်သူက ပုံဖေါ်ခဲ့တာလဲ။ ကံတရားကပဲ ဇာတ်ညွှန်းရေးပြီး ခင်ဗျားရဲ့ကံတရားအတွက် ခင်ဗျားတစ်ယောက်ထဲမှာပဲ တာဝန်ရှိတာပါ။ လူအများကသာ ကံတရားကို ဒီလိုတွေးကြရင် ကမ္ဘာကြီးဟာ အလွန်ကိုပဲ ထူးခြားလာနိုင်ပါတယ်။ ညည်းညူတာတွေလဲ လျော့ပါးသွားမယ်။ လူတွေလည်း သူတို့ရဲ့ စိတ်နေသဘောထားကို အပြောင်းလဲကြီး ပြောင်းလဲအောင် လုပ်နိုင်လောက်ပါတယ်။ တခြားလူတွေအပေါ် ပိုကောင်းလာနိုင်ပါတယ်။ ပြီးတော့ ပိုမိုပြီး မေတ္တာတရား ရှေးရှုတဲ့နည်နှင့် စပြီးပြုမူ ဆက်ဆံလာနိုင်ပါတယ်။

ဒါက တကယ့် အပေါ်ယံလေးပါ။ ကျွန်တော် နေ့စဉ်နေ့တိုင်း အသစ်အသစ်တွေကို လေ့လာနေရဆဲပါ။ ယခုအခါမှာတော့ ရုပ်ရှင်ရိုက်ရာမှာ ကျွန်တော့ရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်က ရုပ်ရှင်မဟုတ် ဘူးဗျ။ အဲဒီအစား ရုပ်ရှင် တီဗွီ သို့မဟုတ် အင်တာနက်ဆိုတဲ့ ကြားခံဆက်သွယ်ရေး နည်းလမ်းကိုသုံးပြီး ဗုဒ္ဓဘာသာ နှင့်ပတ်သက်လို့ ကျွန်တော့ရဲ့ နားလည်မှုတွေကို နားထောင်လို ကြားလိုကြသူတွေနှင့် မျှဝေဖို့က ကျွန်တော့ ရဲ့ မျှော်လင့်ချက်ပါ။ အနာဂတ်ကာလမှာ အရှိန်အဝါ ဒါမှမဟုတ် ငွေကြေး ပိုရမယ်ဆိုရင် ဒီတာဝန်ကို ပြီးပြတ် အောင် ကူညီဆောင်ရွက်ရာမှာ သုံးစွဲဖို့ ကြံစည်စိတ်ကူးထားပါတယ်။ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ၊ ရင်ပိုချီတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ နာမည်ကျော်ကြား လူသိများကြတာ မဟုတ်လေတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ သင်ကြားချက်တွေကို ဘယ်သူမှ အာရုံမစိုက်မိဘူး ဖြစ်နေတယ်။ ကျွန်တော် သူတို့ရဲ့ ဉာဏ်ပညာကို ဝိုင်းပြီး ဖြန့်ဖြူးပေးချင်ပါတယ်။ သူတို့တွေရဲ့ ဒဿနနှင့် ပတ်သက်လို့ အနည်းအကျဉ်း ပြောပြပေးဖို့နှင့် လူ့ဘဝဖြစ်တည်မှုဇာတ်လမ်းမှာ မေတ္တာတရားက ဘယ်လို အရေးပါတဲ့ အခန်းက ပါဝင်ကပြနေတယ် ဆိုတာကို ပြောပြပေးဖို့ ဆက်သွယ်ရေး (media) ကို သုံးနိုင်စွမ်း ကျွန်တော့မှာ ရှိပါတယ်။ ဒါဟာ အခုအခါ ကျွန်တော်ရဲ့ အရင်းခံအကြောင်းတရားပါပဲ။ ကျွန်တော်ကိုယ်တိုင် အတွက်တော့ နောက်ထပ် ရုပ်ရှင်ကားတွေကို မရိုက်တော့ပါဘူး။ ကျွန်တော်ဟာ အနားယူလို့ မရသေးဘူးဆိုတာ အခုတော့ သဘောပေါက်လာပါပြီ။ ကမ္ဘာကြီးမှာ ပိုမိုကြီးမားတဲ့ ဉာဏ်ပညာနှင့် သဘာဝပိုကျတဲ့ အပြုအမူဖြစ်လာအောင် ဝိုင်းဝန်းပြီး လှုံ့ဆော် ပေးကောင်းပေးနိုင်တဲ့ ရုပ်ရှင် ဇာတ်ကား အနည်းငယ် မရိုက်ရသေးခင်တော့ အနားယူလို့ မရသေးပါဘူး။ လက်မှတ်ရောင်းတဲ့ နေရာက ပြန်လှည့်တာထက် အဝေးဆို အဝေးကြီးကို မျှော်ကြည့်နေပါတယ်။

ကရုဏာတရားနှင့် အကန့်အသတ်မဲ့ မေတ္တာတရားဆိုတဲ့ ဗုဒ္ဓဒဿနကို မြှင့်တင်ပေးဖို့ ကျွန်တော့ အပိုင်းကို ကျွန်တော် လုပ်ချင်တာသက်သက်ပါ။ ဒီဘဝတစ်သက်တာမှာ လူဖြစ်ရခြင်းဆိုတဲ့ အခွင့် အရေးကို အကျိုးအရှိဆုံးဖြစ်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာ အချို့လူတွေ နားလည် လာအောင်လို့ပါ။ နည်းနည်း လေးပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော် ကိုယ့်ပရိတ်သတ်တွေကို ဘာသာတရား ပြောင်းဖို့ ကြိုးစားနေတာ မဟုတ်ရပါဘူး။ သတင်းအချက်အလက် ကမ်းပေးရုံလေးပါ။ ဒီလိုမှမဟုတ်ရင် ကြုံကြိုက်ချင်မှ ကြုံကြိုက်မယ့် အယူအဆတွေကို လှစ်ပြ ထိတွေ့စေဖို့သက်သက်ပါ။ သတင်းစကားကို သူတို့တွေ စိတ်မဝင်စားရင် ဒါကို သတိတောင် ထားမိကောင်းမှ ထားမိမှာပါ။ နားဆင်ဖို့ အသင့်ပါပဲ ဆိုရင်တော့ သူတို့တွေ ကြားပါလိမ့်မယ်ဗျာ။


Sasana Abhiwurdhi Wardhana Society မှ April 2009 တွင် ရိုက်နှိပ်ထုပ်ဝေသည့် How to Develop Happiness in Daily Living, Features & Interviews with Buddhist Celebrities စာအုပ်မှ Jet Li ၏ “Our Actions Determine our Destiny ကို ဘာသာပြန်ဆိုပါသည်။


ဘုန်းဉာဏ်
Sitiawan, Malaysia
Thu 18/02/2010

4 comments:

မင်းကိုကို said...

ကိုဂျက်လီရဲ့ ခံစားမှုနဲ့ ခံယူချက်ကိုတော့ လေးစားပါတယ်ဗျာ...

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

Lin Aung said...

brother how to share your post
I like this
thanks brother