လူသားများ
အနေဖြင့် ကျွန်ုပ်တို့တွင် လက္ခဏာ သို့မဟုတ် ဗီဇသဘာဝ သုံးမျိုး ရှိကြပါသည်။ အမည်ထုတ်ပြောရသော်
တိရစ္ဆာန် သဘာဝ၊ လူသား သဘာဝနှင့် နတ် သဘာဝတို့ ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ဤ ဗီဇသဘာဝများကို
တွေ့ရှိခံစားရန် နတ်ပြည်တွင် ပြန်လည် မွေးဖွားသည် အထိ သို့မဟုတ် ငရဲကျသည်အထိ စောင့်ရန်
မလိုပါ။ တိရစ္ဆာန်များတွင် ကြောင်းကျိုး ဆင်ခြင်ဉာဏ် အားနည်းကြသည်။ သို့သော် ကျွန်ုပ်တို့
လူသားများ အနေဖြင့်မူ ကျွန်ုပ်တို့၏ အသိဉာဏ်ကို အသုံးပြုလျက် တိရစ္ဆာန် သဘာဝကို ချိုးနှိမ်နိုင်
ထိန်းချုပ်နိုင်ပါသည်။ ယင်းသို့ လုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ လူသား သဘာဝကို ပျိုးထောင်နိုင်သည့်
အပြင် ကျွန်ုပ်တို့မှာ ရှိသည့် နတ် သဘာဝကိုပင် ရှာဖွေဖော်ထုတ်နိုင်ပေသည်။
တိရစ္ဆာန်များမှာ
လုံးဝဥဿုံ နီးပါး ဗီဇဓာတ်၏ လှုံ့ဆော်မူကို ခံကြရကား ၄င်းတို့၏ တိရစ္ဆာန် သဘာဝကို ထိန်းချုပ်ရန်
နည်းလမ်း မရှိပေ။ ကျွန်ုပ်တို့သည် လူသားများ ဖြစ်ကြခြင်းကြောင့် မိမိတို့၏ စိတ်ကို
ခွဲခြမ်းစိတ်ဖြာရန်နှင့် သင့် မသင့် ဆင်ခြင်ရန် အတွက် အသုံးပြုလျက် တစ်ခုခုကို ကျင့်ဝတ်နှင့်
ညီ မညီ နားလည် သဘောပေါက်ကြပါသည်။ အချို့သော အရာများမှာ ဆိုးညစ်ယုတ်မာပြီး အန္တရာယ်ရှိသည်ကိုလည်းကောင်း၊
အချို့မှာ မိမိတို့ အတွက်သာ မက အခြားသူများ အတွက်ပါ ကောင်းမြတ်ပြီး အသုံးတည့်သည်ကိုလည်းကောင်း
ကျွန်ုပ်တို့ နားလည် သဘောပေါက်ကြပြီး ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် လူသားများကို အခြားသော
သတ္တဝါများထက် အဆင့်မြင့်သည့် နေရာတွင် နေရာပေးထားပါသည်။ မိမိတို့၏ တိရစ္ဆာန် သဘာဝကို ချိုးနှိမ် ထိန်းချုပ်ခြင်း အားဖြင့်လည်းကောင်း၊
မေတ္တာနှင့် ကရုဏာတရားတို့ကို ပွားများစေခြင်း အားဖြင့်လည်းကောင်း ကျွန်ုပ်တို့သည် စိတ်ကို
ချုပ်တည်း သည်းခံခြင်း၊ အခွင့်ပေးခြင်း၊ နားလည်မှု၊ ညီညွတ်မှု၊ သဟဇာတဖြစ်မှုနှင့် ချစ်ကြည်မှုတို့ကို
တိုးတက် ပွားများစေကြရပါသည်။ ဤတရားများမှာ လူသား အရည်အသွေးများ ဖြစ်ပါသည်။
ဘာသာတရား၏
မူလ ရည်ရွယ်ချက်မှာ ဤ ဂုဏ်အရည်အသွေးများ မြှင့်တင် အားပေးပြီး ပြုစု ပျိုးထောင် ပေးရန်
ဖြစ်ပါသည်။ သို့ဖြစ်ငြားလည်း အချို့သော ဤအရည်အသွေးများသည် ကျွန်ုပ်တို့တွင် မွေးကတည်းက
ပါလာသည် ဆိုသည်ကို ကျွန်ုပ်တို့ နားလည် သဘောပေါက်ရပါမည်။ စင်စစ်သော်ကား ဘာသာတရားများ
မပေါ်ပေါက်မီ ကတည်းက စံမှီသည့် ဤ အရည်အသွေးများကို ဖြစ်ပေါ်တိုးတက်စေခဲ့ကြပြီးပါပြီ။ လူသားတို့၏
စိတ်သည် နတ်ချမ်းသာကို ခံစားနိုင်သည် အထိ လွယ်လင့်တကူ ပွားများနိုင်ခဲ့လောက်အောင်ပင်
မြင့်တက်ခဲ့ကြသည်။ ဤသည်ကို အခြားသော သက်ရှိ သတ္တဝါများ မလုပ်ဆောင်နိုင်။ လူသားတို့စိတ်သည်
အလွန် ရှုပ်ထွေးလှသည့် ယန္တရား တစ်ခု ဖြစ်သည်။
စိတ်သည် ငရဲလို
အဆိုးဆုံးမျိုးကို ဖန်တီးနိုင်သည်။ အစားအသောက် အတွက် ဖြစ်စေ၊ ကာကွယ်မှု အတွက် ဖြစ်စေ
သတ်ပုတ်ကြရသည့် အခြားသော သတ္တဝါများနှင့် မတူပဲ စိတ်သည် လူများကို လောဘနှင့် မနာလိုမှု
အတွက် သတ်ဖြတ်စေသည့် အပြင် အပျော်သဘော အတွက်ပင် သတ်ဖြတ်စေတတ်ပါသည်။ သို့ဖြစ်စေကာမူ
ဘယ်သောအခါမျှ ကျေနပ် အားရနိုင်သည် မရှိ။ လိုချင်မှု တစ်မျိုးကို ကျေနပ်နှစ်သက်စေပြီးသည်နှင့်
တစ်ပြိုင်နက် ချက်ခြင်းပင် အခြားတစ်ခု အတွက် တတ်မက်မိပြန်သည်။ အကျိုးဆက် အနေနှင့် သူသည်
အမြဲမပြတ်ပင် မပျော် မရွှင် ဖြစ်နေရတော့သည်။
မဟတ္တမ ဂန္ဓီက
“ကမ္ဘာကြီးမှာ လူတိုင်း၏ လိုအပ်ချက်များ အတွက် လုံလုံလောက်လောက် ရှိပါသည်။ သို့သော်
လူတစ်ယောက်၏ လောဘ အတွက်ပင် လုံလောက်အောင် မရှိပါချေ” ဟူ၍ မြွက်ကြားခဲ့သည်။ လူသားများသည်
အင်အားပိုကြီးရန်၊ အာဏာပိုရှိရန်နှင့် ပိုမိုခံစားလိုမှုများ အတွက် တပ်မက်သည့် ဝိသမ
လောဘကြောင့် အချင်းချင်း အကြားမှာပင် တိုက်ခိုက်နေကြပါသည်။
Dr. K. Sri Dhammananda ၏ "Buddhist Principles for Human Dignity" မှ "Three Natures in Human Life"ကို ဘာသာပြန်ပါသည်။
ဘုန်းဉာဏ်