မွန်ဘိုင်း တက္ကသိုလ် (Fort Campus) က စာကြည့်တိုက်ကို စာဖတ်သွားတယ်။ တက္ကသိုလ်လမ်း (University Road), မွန်ဘိုင်း ၄၀၀ ၀၀၁ မှာ ရှိတဲ့ အိုးလ် ကမ်ပါ့တ် (စ်)က စာကြည့်တိုက်ကို သွားတာပါ။
စာဖတ်ဖို့ စသွားတဲ့ နေ့က ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို သက်ဆိုင်ရာ ဝန်ထမ်းတွေက သွားရှာနေတယ်။ တော်တော်နှင့် မရပါဘူး။ ဒါနှင့် ကမ်ဘောဒီယား ဘုန်းကြီးလေး ငှားထားတဲ့ သူ မဖတ်သေးတဲ့ စာအုပ်ကို ကောက်ယူကာ ဖတ်နေ လိုက်တယ်။ မကြာပါဘူး။ ကျောင်းသားတစ်ယောက်က မိမိထိုင်နေတဲ့ စားပွဲဆီကို လာပါတယ်။
သူက အရှင်ဘုရားရဲ့ အချိန် မိနစ်အနည်းငယ်ကို သုံးခွင့်ပြုပေးနိုင်ပါသလားလို့ ယဉ်ယဉ်ကျေးကျေး မေးပါတယ်။ ရပါတယ်။ ထိုင်ပါ။ ဘာပြောချင်လို့ပါလဲလို့ မေးတော့ သူက ထိုင်ခုံမှာ ဝင်ထိုင်ပါတယ်။ စာကြည့်တိုက်ထဲမှာ စကားပြောလို့ အဆင်မပြေဘူး ထင်တယ်ဆိုတော့ ရပါတယ်၊ ခဏပါလို့ သူကဆိုတယ်။ ဒါပေမဲ့ ကျောင်းသားတွေနှင့် ဝေးရာ ခုံကို ရှာပြီး ထိုင်လိုက်ကြပါတယ်။
သူက ကျွန်တော် ခု ကျောင်းတက်နေပါတယ်။ စာမေးပွဲလည်း မကြာမှီ ဖြေရတော့မယ်။ ဒါပေမဲ့ ဘာကိုမှ စိတ်စူးစိုက်လို့ မရပါဘူး။ အဲဒါ ဘယ်လို လုပ်ရတယ်ဆိုတာ အကြံဉာဏ်ပေးပါလားလို့ ဆိုလာပါတယ်။
စာရေးသူက သူ့ကို ပြုံးပြပြီး ကျွန်တော်သိတာကို ပြောပြစေချင်တာလားလို့ ထပ်မေးလိုက်တော့ ဟုတ်ပါတယ်။ ခင်ဗျားကြည့်ရတာ တည်တည်ငြိမ်ငြိမ် ရှိတယ်။ နောက် ဘုန်းကြီးဆိုတော့ တည်ငြိမ်အောင် နေတဲ့ နည်းတွေလည်း သိမှာပဲတဲ့။ သူက ပြောပြန်ပါတယ်။
ကိုယ့်နိုင်ငံထဲတုန်းကတော့ ကိုယ့်အဝတ်အစား (သင်္ကန်းတော်)နှင့် ပတ်သက်လို့ ဘာမှ မတွေးဘူးပေမယ့် နိုင်ငံခြား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်တဲ့ တိုင်းပြည်တွေမှာ သွားတိုင်း လူတွေကြည့်ကြလွန်းလို့ ဒီလူတွေ ဒို့သင်္ကန်းကြီးကို မမြင်ဖူးပဲ မြင်ရတော့ ဘယ်လို တွေးမလဲလို့ တစ်ခါတရံတော့ စဉ်းစားမိပါတယ်။ ဒီလူတွေ ဘယ်လို လူတွေလည်း မသိဘူး။ အဝတ်ကို သူများလို မဝတ်ပဲ ကိုယ်ကို အဝတ်ကြီးကြီးနှင့် ပတ်ထားတယ်ဗျာလို့များ တွေးကြလေမလားလို့လဲ ခဏခဏ တွေးမိပြီး သူငယ်ချင်းများကို အရွှမ်းဖောက်ပြီး ပြောမိတတ်ပါတယ်။
ဒါပေမဲ့ သေချာတာကတော့ ဘယ်နားသွားသွား၊ ငွါးငွါးစွင့်စွင့်ကြီး ပေါ်လွင်နေတယ် ဆိုတာပါပဲ။ ခုလည်း ဒီကျောင်းသားက ဘယ်အချိန်ကစပြီး ကြည့်နေတယ် မသိပါဘူး။ စာရေးသူမှာ ပထမဆုံး အခေါက်မို့ ကဒ်ပြားလုပ်ရ၊ ကက်တလောက် ရှာရ၊ လာပြန်ပေးရ၊ စာအုပ်ရောက်လာအောင် စောင့်ရနှင့် အလုပ်တွေ ရှုပ်နေတာ။ သူက စာဖတ်ရာကနေ လှမ်းကြည့်နေတာ ဖြစ်နိုင်တယ်။
စာရေးသူက ကောင်းပါပြီ၊ ဒီလိုဆို စိတ်တည်ငြိမ်အောင် လုပ်နည်း နှစ်နည်း ပြောပြမယ်။ ခင်ဗျား စဉ်းစားပြီး ကြိုက်တာ တစ်ခု ရွေးလုပ်ပေါ့လို့ ပြောလိုက်ပါတယ်။ ပြောနေတဲ့ ခဏမှာတော့ “သြော် … ဗုဒ္ဓဆိုလျှင်တော့ ဒါမျိုးဆို ဝေနေယျ အလိုက် စရိုက်နှင့် ညီအောင် တရားပေးမှာပဲ” လို့လည်း ဘုရားကိုယ်တော်မြတ်ရဲ့ ဂုဏ်တော်ကို သတိယမိပြန်ပါတယ်။ ဒီကတော့ ဘာမှ မကြည့်နိုင်ပါဘူး။ ယေဘုယျ သဘောအရ သင့်မယ် ထင်တဲ့ နည်းနှစ်မျိုးကို အတိုချုံးပြီး ပြောရပြီပေါ့။
တရားထိုင်နည်းတွေ ဗုဒ္ဓဘာသာမှာ အများကြီး ရှိတယ်။ အဲဒီထဲက နည်းနှစ်နည်းကို အကျဉ်း ပြောပြမယ်လေ။ ကိုယ်ကြိုက်တာ၊ ကိုယ်နှင့် သင့်တော်မယ် ထင်တာကို လုပ်ပေါ့လို့ စပြောမိတယ်။ သူက ပြုံးရွှင်စွာနှင့် ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ပါ”လို့ ပြောပါတယ်။ ဒီတော့မှ စာသံ ပေသံတွေ မပါစေပဲ တရားထိုင်တာတွေနှင့် စိမ်းနေတဲ့ သာသာခြား ကျောင်းသား တစ်ယောက်နှင့် သင့်တော်မယ် ထင်တာလောက်ကို ရိုးရိုးလေး ပြောပြလိုက်ပါတယ်။ (ဒါကြောင့် လေ့လာဖူး ရှုမှတ်ဖူးတဲ့ မဟာစည်နည်း၊ မိုးကုတ်နည်းတွေကိုလည်း ပြောမပြပါဘူး။ “သတိမြဲရာ၊ ပထမာ၊ ဒု မှာ ရှည်တိုသိ၊ လုံးစုံလင်းရာ တ-၌သာ၊ စ-မှာ ငြိမ်းလေဘိ”ဆိုတဲ့ လယ်တီဆရာတော်နည်းကိုလည်း မပြောပြလိုက်ပါဘူး။ ဝိပဿနာ ရှုမှတ်ဖူးသူများ ဖြစ်ခဲ့လျှင် ယောနိသောမနသိကာရဖြင့် ဖတ်ပါရန် ပန်ကြားပါသည်။)
ပထမ တစ်နည်းကတော့ ဝင်သက် ထွက်သက်ကို မှတ်တဲ့နည်းပါ။ ဒါကို စမလုပ်မီ တရားထိုင်ဖို့ ကောင်းမွန်တဲ့ နေရာတစ်ခု ရှိဖို့တော့ လိုအပ်ပါတယ်။ အတန်အသင့် ဆိတ်ငြိမ်ပြီး လေဝင်လေထွက်လေးလည်း ကောင်းတဲ့ နေရာမျိုးပေါ့။
လူတိုင်း အသက်ရှူနေ ကြတယ်။ သတိထားမိသည် ဖြစ်စေ၊ မထားမိသည် ဖြစ်စေ အသက်ကတော့ ရှူနေကြတာပါပဲ။ ဒါက သဘာဝပါ။ အဲဒါကို သတိထားကြည့်မယ် ဆိုလျှင်တော့ လိုချင်တဲ့ စိတ်တည်ငြိမ်မှု ရလာပါလိမ့်မယ်။ အသက်ရှူတာကို အသေအချာ သတိစိုက်ကြည့်လျှင် ဝင်သက် ထွက်သက်တိုင်းဟာ နှာသီးလေးကို ထိထိပြီး ဝင်နေ ထွက်နေတာကို တွေ့ရပါတယ်။ အဲဒီ ဝင်လေ ထွက်လေကို သိအောင် စောင့်ကြည့်ဖို့ပါပဲ။ ဂိတ်စောင့်သူဟာ ဝင်လာတိုင်း၊ ထွက်သွားတိုင်းသော လူတွေကို အမြဲ စောင့်ကြည့်နေသလို နှာသီးဖျား တစ်ဝိုက်မှာ တိုက်ပြီး ထိပြီး ဝင်လာတိုင်းသော ဝင်သက်လေ၊ ထွက်သက်လေကို သိနေအောင် စောင့်ကြည့်၊ စူးစိုက်ပြီး မှတ်နေဖို့ပါပဲ။
အဲဒါကြောင့် ထိုင်ဖို့ သင့်တော်တဲ့ နေရာကို ရွေးပြီး ထိုင်ပါ။ ထိုင်တဲ့ အခါ ခါးကို မတ်မတ် ထားထိုင်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို ရှေ့ကိုလည်း မကိုင်းညွတ်စေနှင့်။ နောက်ကိုလည်း မယိုင်ညွတ်စေနဲ့ပေါ့။ အဲဒီလို ဖြစ်နေလျှင် ထိုင်ရတာ၊ စူးစိုက်ရတာ အဆင်မပြေတတ်ပါဘူး။ ဒါပေမဲ့ သက်တောင့်သက်သာ ရှိဖို့တော့ လိုပါတယ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အနေအထား လေးမျိုးလုံးနှင့် တရားမှတ်လို့ ရပေမယ့် အစမှာတော့ ထိုင်ပြီး ရှုမှတ်တာက အကောင်းဆုံးနှင့် အသင့်တော်ဆုံးပါ။
သက်တောင့်သက်သာ ထိုင်ပြီးပြီ ဆိုလျှင်တော့ စိတ်ကို နှာသီးဝကို ပို့ပါ။ အာရုံစိုက်ကြည့်လိုက်ပါ။ ဝင်သက်လေ၊ ထွက်သက်လေတွေကို သိလာပါလိမ့်မယ်။ အသက်ရှူလိုက်လို့ ဝင်လာတဲ့ ဝင်သက်လေဟာ နှာသီးဖျားကို ထိပြီး ဝင်သွားတာကို သိရပါလိမ့်မယ်။ အသက်ကို ရှူထုတ်လိုက်တဲ့ အခါမှာလည်း ထွက်သက်လေဟာ နှာသီးဖျားကို ထိပြီး ထွက်သွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ ဝင်လေတိုင်း၊ ထွက်လေတိုင်းကို သိအောင် နှာသီးဖျားမှာ စိတ်ကို ပို့ထားပါ။ ဝင်သက် ထွက်သက်ကို စူးစိုက်ပါ။ ပြီးလျှင် နှာသီးဖျားကို ထိပြီး ဝင်လာတဲ့ လေကိုလည်း သိပါ။ နှာသီးဖျားကို ထိပြီး ထွက်သွားတဲ့ လေကိုလည်း သိပါ။ ဒါကို နေ့စဉ် (၅ - ၁၀)မိနစ်လောက် လုပ်ဖို့ လိုပါတယ်။
ဒီလို သိအောင် ထိုင်ပြီး လုပ်တာကို တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်နိုင်လျှင် ပိုကောင်းပါတယ်။ တစ်ကြိမ်ကို ငါးမိနစ် - ဆယ်မိနစ်လောက် လုပ်နိုင်လျှင် လိုချင်တဲ့ အာရုံစူးစိုက်နိုင်မှု အသေအချာ ရမှာပါ။ တစ်ကြိမ်ပဲ ထိုင်နိုင်တယ် ဆိုလျှင်ပဲ ထူးခြားမှု၊ အာရုံစိုက်နိုင်မှု တိုးတက်လာတာကို ကိုယ်တိုင် တွေ့မြင်ရမှာပါ။
ဒီလို ဝင်သက် ထွက်သက်ကို စောင့်ကြည့် သိရှိမှုက မျှော်လင့်ထားသလောက် ခက်ချင်မှ ခက်နိုင်သလို ထင်သလောက်လည်း လွယ်ချင်မှ လွယ်မှာပါ။ ဘာလို့လဲဆိုတော့ စိတ်ဟာ ပြေးသွားနေတတ်တဲ့ သဘာဝ ရှိလို့ပါ။ ခုပဲ ဝင်လေ ထွက်လေကို သတိနှင့် စောင့်ကြည့်နေတယ်၊ သိနေတယ် ဆိုပေမဲ့ ကြည့်နေတဲ့ တစ်ချိန်တည်းမှာပဲ သူက အလစ်သုတ် ထွက်ပြေးတော့ တာပါပဲ။ ဒီတော့ သတိပြုမိတဲ့ အချိန်မှာ လျှောက်သွားနေတာ၊ သို့မဟုတ် တစ်ယောက်ယောက်နှင့် စကားပြောနေတာ၊ သို့မဟုတ် တစ်ခုခုလုပ်ဖို့ စဉ်းစားနေတာ ဒါမှမဟုတ်လည်း တစ်ခုခု လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီအခါမှာ စိတ်ကို ဝင်လေ ထွက်လေဆီ ပြန်ခေါ်လာပါ။ ပြီးလျှင် အာရုံစိုက်ပြီး သိသိနေအောင် ပြန်မှတ်ပါ။
စိတ်ဟာ ဘယ်လောက် မြန်ပြီး ဘယ်လို ပြေးသွားနေတတ်တယ်၊ ဖမ်းပြီး တစ်နေရာထဲမှာ နေအောင်လုပ်ဖို့ ဘယ်လို ခက်တယ်ဆိုတာ တရားထိုင်ကြည့်တဲ့ အခါ သိပါလိမ့်မယ်။ ဒါပေမဲ့ ဒါက စိတ်ပျက်စရာ မဟုတ်သလို အားလျှော့ဖို့လည်း မလိုပါဘူး။ စိတ်ရဲ့ သဘာဝကို ကြိုသိထားတော့ ပိုကောင်းတာပေါ့။ ငါးမိနစ်မှတ်တဲ့ အခါ သုံးမိနစ်လောက် ကောင်းကောင်းမှတ်နိုင်တယ် ဆိုလျှင်ပဲ လိုချင်တဲ့ အာရုံးစူးစိုက်နိုင်မှုကို ရပါလိမ့်မယ်။
နောက်တစ်ချက် သတိထားရမှာက အခုမှ စလုပ်မှာဆိုတော့ အလုပ်သစ်ရဲ့ သဘာဝအတိုင်း အစမှာ နည်းနည်းတော့ ချက်ချင် ခက်ပါလိမ့်မည်။ ဒါပေမဲ့ အဲဒီသဘောကိုလည်း သိထားတယ်၊ လုပ်ချင်တဲ့ ဆန္ဒနှင့် ကိုယ့်ဆန္ဒ အတိုင်း လုပ်နိုင်တဲ့ ဇွဲရှိလျှင်တော့ အောင်မြင်တာချည်းပါပဲ။ ဒါကို သတိပြုမိလျှင် လုံလောက်ပါပြီ။
(ဆက်ရန်)