သင်္ကြန်ပွဲတော်ဆိုတာ မြန်မာတို့ရဲ့ ရိုးရာပွဲတော်များအနက် အရေးကြီးဆုံး ပွဲတော်လို့ ယူဆလို့ ရနိုင်ပါတယ်။ သင်္ကြန်ဆိုတာ သင်္ကန္တ ဆိုတဲ့ပါဠိက သို့မဟုတ် သံကြာန္တ ဆိုတဲ့ သက္ကဋစကားက ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီ သင်္ကန္တ သို့မဟုတ် သံကြာန္တ ဆိုတာက ပြောင်းရွေ့ခြင်း သို့မဟုတ် တနင်္ဂနွေဂြိုဟ်သည် တစ်ရာသီမှ တစ်ရာသီသို့ ပြောင်းရွေ့ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဒီနေရာမှာတော့ နှစ်ဟောင်းကနေ နှစ်သစ်သို့ ကူးပြောင်းခြင်းလို့ ဆိုလိုပါတယ်။
သင်္ကြန် သို့မဟုတ် မြန်မာ့ နှစ်သစ်ကူးပွဲတော်ကို လေးရက် သို့မဟုတ် ငါးရက် ကျင်းပလေ့ရှိကြပါတယ်။ သင်္ကြန်ပွဲတော်တွင် အချင်းချင်း ရေပက်ကစားကြပါတယ်။ အများအားဖြင့် ရေပက်ခံ မဏ္ဍပ်တည်ဆောက်ပြီး ဖြစ်စေ၊ ရေပက်ခံယာဉ်ဖြင့် လှည့်လည်ပြီး ဖြစ်စေ ပါဝင်ဆင်နွှဲကြပါတယ်။ အချို့ကလည်း နီးရာနေရာ သို့မဟုတ် စိတ်ဝင်စားသည့်နေရာသို့ သွားရောက် ကြည့်ရှု အားပေးကြပါတယ်။ နှစ်ကာလ ကြာညောင်းလာသည်နှင့် အမျှ ပွဲတော်ကျင်းပပုံမှာ တစ်စတစ်စ ကွာခြားလာသည်ကတော့ သေချာပါတယ်။ နံ့သာရေ အေးအေးလေးဖြင့် ပက်ဖြန်းခြင်း၊ သပြေခက် ပိတောက်ပန်းခက်တို့ဖြင့် ပက်ဖြန်းဖြင်း စသည်မှသည် မီးသတ်ပိုက်ဖြင့် ထိုး၍ ပက်ခြင်းအထိ ရေပက်ပုံက ပြောင်းလဲလာပါတယ်။ မည်သို့ပင်ရှိစေ၊ သင်္ကြန်ပွဲတော်၏ အားလုံးသိကြသည့် အရာမှာ ရေပက် ကစားခြင်းပင် ဖြစ်ပါတယ်။
ရေပက်ခြင်းတွင် နှစ်သစ်ကို အေးမြသောရေဖြင့် ပက်ဖြန်း၍ ကြိုဆိုခြင်း စသည့် အဓိပ္ပါယ်များစွာ ရှိနိုင်သော်လည်း အဓိကအနှစ်သာရ ဖြစ်သည့် ဆိုလိုချက်တစ်ရပ်မှာ နှစ်ဟောင်းမှ မကောင်းမှု အညစ်အကြေးများကို (အတာ) ရေဖြင့် ပက်ဖြန်း၍ ဆေးကြောခြင်းဖြစ်သည်ဟု ဆိုကြသည်။ များစွာ အဓိပ္ပါယ်ရှိသည့် အဆိုဖြစ်သည်။ သို့သော် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေဖြင့် ဆေးကြော သန့်စင်ပစ်ခြင်း ဆိုသည်မှာ သင်္ကေတမျှသာ ဖြစ်သည်။
ဤနေရာတွင် ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်က သုန္ဒရိက ဘာရဒွါဇ၏ မေးလျှောက်ချက်ကို သတိယမိသည်။ တရားနာနေကြသော ရဟန်းတော်တို့ရဲ့ အနီးမှာ ထိုင်နေတဲ့ သူက ရှင်တော် ဘုရားကို “အရှင်ဘုရား ဗဟုကာမြစ်တွင်းသို့ ရေးချိုးကြွပါသလော” ဟု မေးလျှောက်ကြည့်၏။ ဘုရားရှင်က ဗဟုကာမြစ်က ဘာအရေးပါပြီး ဘယ်လို ကောင်းကျိုးရှိလို့လဲလို့ (ရှင်းပြတော်မူချင်လို့) ပြန်မေးတော်မူပါတယ်။ အဲဒီမြစ်ကို လူတွေက (ကိလေသာ) အညစ်အကြေး စင်ကြယ်စေတတ်တယ် လို့ မှတ်ယူကြပါတယ်ဘုရားလို့ ပြန်လျှောက်ပါတယ်။
ဒီတော့ ဘုရားရှင်က မဲညစ်သော ကံရှိသူဟာ ဗဟုကာမြစ်၊ အဓိကက္က ဆိပ်၊ ဂယာဆိပ်၊ သုန္ဒရိကမြစ်၊ သရဿတီမြစ်၊ ပယာဂဆိပ်၊ ဗဟုမတီမြစ်တွေ အနက် ကြိုက်တဲ့နေရာ ရေသွားချိုးပါ။ အမြဲမပြတ် ရေချိုးနေလဲ မစင်ကြယ်နိုင်ကြောင်းနှင့် လိမ်လည်၊ သတ်ဖြတ်၊ ခိုးယူခြင်း စသည်မှ ရှောင်ကြဉ်လျှင်ကား ရေတွင်းသည်ပင် ဂယာဆိပ် ဖြစ်ပေတယ်လို့ ရှင်းလင်း မိန့်ကြားတော်မူပါတယ်။
တကယ်တော့ စိတ်မှာ ဖြစ်တဲ့ အညစ်အကြေးကို မည်သည့်ရေနှင့်မျှ ဆေးကြောလို့ မရ၊ စိတ်နှင့်သာ ပြန်လည် ဆေးကြော သန့်စင်လို့ ရတယ် ဆိုတာကို ဗုဒ္ဓဘာသာဝင်များ သိပြီး ဖြစ်ပါတယ်။ ထို့ကြောင့်ပင် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေဖြင့် ဆေးကြော သန့်စင်ပစ်ခြင်း ဆိုသည်မှာ သင်္ကေတမျှသာ ဖြစ်သည်ဟု ဆိုခြင်း ဖြစ်ပါတယ်။
သို့သော်လည်း အတာရေဖြင့် နှစ်ဟောင်းမှ မကောင်းမှု အညစ်အကြေးတို့ကို ဖြူစင် သန့်ရှင်းအောင် ပက်ဖြန်း ဆေးကြောသည်ဟု သင်္ကေတပြု၍ ဆိုခြင်းကပင် တစ်နှစ်တာ အတွင်း မိမိ၏ ကိုယ် နှုတ် နှလုံး သုံးပါးသော ကံတို့ကို ပြန်လည် စစ်ဆေးကြည့်ခြင်း၊ ကောင်းမှု မကောင်းမှုများ ပြု မပြု၊ ဘယ်အတိုင်းအတာထိ ပြုခဲ့ မပြုခဲ့စသည်တို့ကို စစ်ဆေးကြည့်သည့် အဓိပ္ပါယ်ကို ဆောင်ပါတယ်။ ဤသို့ မိမိကိုယ်ကိုယ် မိမိ စစ်ဆေးကြည့်ခြင်းသည် လောကီးရေးရာအတွက်သာ မက လောကုတ္တရာရေး အတွက်ပါ တိုးတက်မှု၏ ပထမခြေလှမ်းဟု ဆိုချင်ပါတယ်။
စစ်ဆေးကြည့်သည့်အခါ ကောင်းမှုများ ပြုခဲ့သည်ကို တွေ့ရလျှင်လည်း နှစ်သစ်တွင် ဆက်လက် ပြုလုပ်နိုင်ရေး မှသည် တိုး၍ ပြုလုပ်နိုင်ရေးအထိ ကြိုးပမ်း အားထုတ်မည် ဆိုသည့် အဓိပ္ပါယ်ကို ပြသည်။ အလားတူပင် မကောင်းမှု လုပ်ခဲ့သည်များကို တွေ့မြင်ရလျှင်လည်း အနည်းဆုံး လျှော့ချမည်၊ တတ်နိုင်လျှင် လုံးဝ ရှောင်ကြဉ်မည်ဟု သန္နိဋ္ဌာန် ချမှတ် လုပ်ဆောင်လိုသည့် သဘောတရားပါဝင်သည်။ ဤသည်မှာ လွန်စွာ ကောင်းမြတ်ပြီး အဓိပ္ပါယ် ပြည့်ဝသည်။
နှစ်သစ်ကူးနှင့် ပတ်သက်ပြီး လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ရာ ဘာသာနှင့် ဓလေ့ထုံးတမ်းများ ကွဲပြားသော်လည်း တူညီသည့် အချက် ရှိသည်ဟု ထင်သည်။ ထိုအချက်ကား နှစ်သစ်ကူးတွင် သန္နိဋ္ဌာန် (resolution) ချမှတ်ကြခြင်း ဖြစ်သည်။
၂၀၁၀ခု အတွက် အနောက်တိုင်း နှစ်သစ်ကူးတော့ ဘီဘီစီ ထုတ်လွင့်ချက် တစ်ခုတွင် ကြားရတာက နှစ်သစ်ဆိုတာ ရိုးရာ အစဉ်အလာအရ သန္နိဋ္ဌာန်တွေချမှတ်ရတဲ့ အချိန်အခါတဲ့လေ။ အဲဒီ သန္နိဋ္ဌာန်ဆိုတာ မိမိကို တိုးတက်စေမဲ့ စိတ်ကူးတွေပါတဲ့။
သူတို့တွေရဲ့ နှစ်သစ်ကူး သန္နိဋ္ဌာန်ချမှတ်ရာမှာ ယေဘုယျ အနေနှင့် တွေ့ရတာကတော့ နှစ်ခုပါ။ အလွယ်ပြောရလျှင် တစ်ခုက to give up ဖြစ်ပြီး နောက်တစ်ခုက to take up ဖြစ်ပါတယ်။ နှစ်ဟောင်းကုန်တဲ့ အခါ ကိုယ့်ကိုယ်ကို ပြန်စစ်ဆေးကြည့်ကြတယ်။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ အရာတွေရော မကောင်းတဲ့ အရာတွေကိုပါ စစ်ဆေးကြည့်ပြီးတော့ မကောင်းတာတွေဆိုလျှင် စွန့်လွှတ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ရပြီး မလုပ်ရသေးတဲ့ ကောင်းတာတွေကို စတင်လုပ်ဖို့နှင့် လုပ်နေတဲ့ ကောင်းတဲ့ အရာတွေ ဆိုလျှင်တော့ ဆက်လုပ် (carry on) ဖို့ ဖြစ်ပါတယ်။
သန္နိဋ္ဌာန်ချမှတ်ထားတာတွေ အောင်မြင်ဖို့ ဆိုတာ လွယ်တော့ မလွယ်လှပါဘူး။ ဥပမာ လူ ခုနှစ်သိန်းခွဲကျော်လောက် ဆေးလိပ် ဖြတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ကြတာ 40,000 လောက်ပဲ အောင်မြင်ခဲ့ပါသတဲ့။ တကယ်တော့ မကောင်းတာကို လုပ်ရတာဟာ ရေစုန်ကို မျှောရတာနှင့် တူပြီး ကောင်းတာလုပ်ဖို့ကတော့ ရေဆန်ကို ကူးခတ်ရတာနှင့် တူပါတယ်။ ကြိုးပမ်း အားထုတ် လုပ်ကိုင်ရ ပါတယ်။ ဇွဲ သတ္တိ လိုပါတယ်။ စိတ်ရဲ့ သဘော သဘာဝကိုကလည်း မကောင်းမှုမှာ ပျော်မွေ့တတ်ပါတယ်။ “ပါပသ္မိံ ရမတိ မနော”လို့ ဘုရားလည်း ဟောတော်မူတယ်မဟုတ်ပါလား။
ဒါပေမဲ့ ရှင်ပဏ္ဍိတ သာမဏေလေး စဉ်းစားသလို စိတ်မရှိတဲ့ ရေကိုတောင် ကိုယ်လိုရာ ရောက်အောင်လုပ်ပြီး အလုပ်ကိစ္စ ပြီးစီးအောင် လုပ်လို့ ရသေးလျှင်၊ စိတ်မရှိတဲ့ မြားကိုတောင် အပူပေးပြီး ဖြောင့်လို့ ရသေးလျှင်၊ စိတ်မရှိတဲ့ သစ်ကိုတောင် လိုချင်တဲ့ ပုံစံဖြစ်အောင် ရွေလို့ (ဖြတ်ထုတ် ပြုပြင်လို့) ရသေးလျှင် စိတ်ရှိတဲ့ မိမိတို့မှာ ဘာကြောင့် ရည်မှန်းချက် ရောက်အောင် မလုပ်နိုင်ရမှာလဲလို့ စိတ်အား သတ္တိမွေးပြီး ဇွဲနှင့် ကြိုးစားရမှာပါ။ မိမိစိတ်ကို မိမိ ယဉ်ကျေးအောင် ဆုံးမရမှာပါ။ ပညာရှိဆိုတာ မိမိကိုယ်ကိုယ် (ယဉ်ကျေးအောင်) ဆုံးမတတ်တယ် (အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ) လို့ ဘုရားရှင်က ဟောကြားတော်မူခဲ့ပါတယ်။
သန္နိဋ္ဌာန်ချမှတ်မှု အများစုရဲ့ ရည်ရွယ်ချက်က ဘဝစာမျက်နှာသစ် ဖွင့်လှစ်ဖို့ (to turn over a new leaf) ဖြစ်လေတော့ မိမိရဲ့ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တဲ့ လုပ်ရိုးလုပ်စဉ်တွေ၊ အကျင့်ဟောင်းတွေကို ပြုပြင် ပြောင်းလဲပစ်ပြီး ပိုမို ကောင်းမွန်လာအောင်၊ ပိုမို တိုးတက်လာအောင်၊ ပိုမို အောင်မြင်လာအောင် ကြိုးစားကြရပါမယ်။
နှစ်သစ်ကူးချိန်မှာ လောကီရေးမှာရော လောကုတ္တရာရေးဘက်မှာပါ တိုးတက် အောင်မြင်အောင် မိမိကိုယ်ကို ပြန်လည် စစ်ဆေးကြည့်ပြီး စွန့်လွှတ်သင့်တာ စွန့်လွှတ်၊ ပြုပြင်သင့်တာကို ပြုပြင်၊ ဆက်လုပ်သင့်တာ ဆက်လုပ်၊ စပြီး ကျင့်သုံးသင့်တာတွေကို ကျင့်သုံးခြင်းတည်းဟူသော အတာရေစင်ဖြင့် ချို့ယွင်း အားနည်းချက်များကို ပက်ဖြန်းဆေးကြောကြရပေမည်။ ဒီလို ပက်ဖြန်း ဆေးကြောပါမှလည်း မိမိအတွက် ဖြူစဉ် သန့်ရှင်း အောင်မြင်ခြင်းကို ယူဆောင်လာသည့် မင်္ဂလာ နှစ်သစ် ဖြစ်လာမှာ ဖြစ်ပါတယ်။
မိမိတို့ အတွက် ပျော်ရွှင် ချမ်းမြေ့ ကြည်နူးဖွယ်ရာ မင်္ဂလာနှစ်သစ် ဖြစ်အောင် ကြံစည်၊ ပြောဆို၊ ပြုမူ နေထိုင်ကြပါစို့လား။
ဘုန်းဉာဏ်