လူ့ စိတ်သည်
စကြာဝဠာ တစ်ခုလုံးရှိ ဓာတ်များကို သော်လည်းကောင်း၊ ကမ္ဘာ့ စနစ်များကို သော်လည်းကောင်း
ထိုးထွင်းသိပြီး ခွဲခြားစိတ်ဖြာနိုင်စွမ်း ရှိသည်။ စိတ်တွင် လျှင်မြန်စွာ ဖြစ်ချုပ်နေသည့်
စေတသိက်များလည်း ပါဝင်သည်။ ယင်း စေတသိက်တို့သည် လျက်စီးလက်သည့် အမြန်နှုန်းဖြင့် အမြဲ
ဖြစ်လိုက် ပျက်လိုက် ဖြစ်နေသည်။ ၄င်းသည် အားကောင်း ပြင်းထန်သည့် စွမ်းရည် ပုံစံ တစ်မျိုး
ဖြစ်သည်။ စင်စစ်သော်ကား လူသား၏ စိတ်နှင့် နှိုင်းယှဉ်နိုင်သည့် စွမ်းရည်မျိုး မည်သည်
မရှိပါပေ။ စိတ်ဟူသည် အရာအားလုံး၏ ရှေးသွား ဖြစ်ပါ၏။ စိတ်သည်
မြင့်မြတ်ပါ၏။ အရာအားလုံးသည် စိတ်သာလျှင် အရင်းမူလ ရှိပါကုန်၏။ ဗုဒ္ဓရှင်တော်မြတ်က
“အလျှင်အမြန် ပြေးသွားတတ်သည့် လူ့စိတ်မှ တစ်ပါး အခြားသော စွမ်းအင်ကို ငါ ဘုရား မြင်တော်မမူပေ”ဟူ၍
ဟောကြားတော်မူခဲ့ပါသည်။ ဥပမာ … သိပ္ပံပညာကို လေ့လာသူတို့သည် အနုမြူ (atom)၏ သဘောတရားကို အလွယ်တကူပင် သဘောပေါက်ကြပေလိမ့်မည်။ အနုမြူမှုန်
တစ်ခုသည် တစ် စက္ကန့် အတွင်းမှာပင် အကြိမ်ပေါင်း သန်းချီပြီး ပြောင်းလဲတတ်သည်။
ဗုဒ္ဓဘာသာ စိတ်ပညာတွင်
လူ့စိတ် အကြိမ်ပေါင်း (၁၇) ကြိမ် ပြောင်းလဲချိန်တွင် ရုပ်ကား တစ်ကြိမ်သာ ပြောင်းလဲသည်ဟု
ကျွန်ုပ်တို့ကို ပြောပြထားသည်။ အနုမြူများနှင့် ဒြပ်စင်များသည်လည်း ယင်း ဥပဒေသအတိုင်းပင်
လည်ပတ်နေပေသည်။ ဇီဝဗေဒကို လေ့လာသူတို့သည် ကလာပ်စည်းများနှင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင်းရှိ
အရာရာတိုင်းသည် အချိန်နှင့် အမျှ ပြောင်းလဲနေရကြောင်း နားလည်နိုင်ကြပေသည်။ ကျွန်ုပ်တို့၏
စိတ် စွမ်အင်တို့သည် လျက်စီးလက်မှုထက် အကြိမ်ပေါင်း တစ်ထောင် ပိုမြန်ကာ ဖြစ် ပျက်နေပါသည်။
ထိုသို့သောအရာသည် စိတ်၏ သဘောသဘာဝပင် ဖြစ်ပါသည်။
၎င်းအပြင်
လောကတွင် ဖြစ်ပျက်သည့် အရာအားလုံး အတွက် စိတ်မှာပင် တာဝန် ရှိပါသည်။ ရှင်တော် ဗုဒ္ဓက
“ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ဤစကြာဝဠာ အတွင်း တည်ရှိသမျှ အတွက် စိတ်မှာပင် တာဝန်
ရှိပါ၏။ ”ဟု ဟောပြတော်မူခဲ့ပါသည်။ “သင် တွေးထင်ထားသည့် အတိုင်း သင် ဖြစ်လာရသည်”ဟု
စကားပုံ တစ်ခုလည်း ရှိပါသည်။ ကျွန်ုပ်တို့ ဖြစ်နေသမျှသည် ကျွန်ုပ်တို့ စိတ်ကူးစိတ်သန်း၏
အကျိုးရလဒ် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏
ပြဿနာများ အတွက် နတ်ဘုရားများ၊ တစ္ဆေသရဲများနှင့် နတ်မိစ္ဆာများကို အပြစ်တင်နေကြခြင်းသည် ကျွန်ုပ်တို့၏ လှည့်စားတတ်သည့် စိတ်အာရုံကြောင့် ဖြစ်ပါသည်။ အချို့လူများကမူ ယနေ့ ကျွန်ုပ်တို့
ဒုက္ခခံစားရမှုမှာ ဟိုး … ဘိုးဘေး ဘီဘင်တို့ ကျူးလွန်ခဲ့ကြသည့် ‘မူလအစ’ အပြစ်ကြီး (sin)၏ အကျိုးဆက်ဖြစ်သည် ဟုပင် ယုံကြည်နေကြသည်။ (sin-ဟု ခေါ်သည့် ဒုစရိုက်ကြီးမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဖန်ဆင်းရှင်
ဘာသာတွင် အထူးသဖြင့် ခရစ်ယန်ဘာသာ တရားတွင် ရှိသည်။ ယင်းကို ရည်ရွယ်ဟန် တူပါသည်။ ဘာသာပြန်သူ)။
အဲဒီလိုသာ ဆိုခဲ့လျှင် တိရစ္ဆာန်များ အတွက် ဘယ်လို ပြောကြပါမည်နည်း။ သူတို့လည်း ဗျာဓိသဘော
ခံစားကြရသည်။ အိုမင်းရင့်ရော်ပြီး သေဆုံးကြရသည်ပင်။ တိရစ္ဆာန်များလည်း ၄င်းတို့၏ မူလအစ
အပြစ်ကြီး (sin)၏ အကျိုးကို ခံစားနေကြရတာပါလား။ သစ်ပင်များသည်လည်း အနာဖြစ်မှု၊
ကြီးရင့်မှုနှင့် သေဆုံးမှုတို့ကို ခံစားကြရသည်။ ၄င်းတို့သည်လည်း မူလအစ အပြစ်ကြီး (sin)ကြောင့် ဤ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသလော။
အခြားသူ တစ်ဦးတစ်ယောက်၏
စိတ်ကို မည်သူမျှ မထိန်းချုပ်နိုင်ပေ။ သို့သော် မိမိ၏ စိတ်ကို မိမိ ပွားများ တိုးတက်စေလျှင်ကား
ကောင်းသည့် ကိစ္စအတွက် ဖြစ်စေ၊ မကောင်းသည့် ကိစ္စအတွက်ဖြစ်စေ အခြားသူများ အပေါ် ကြီးမားသည့်
လွှမ်းမိုးမှုကို ဖြစ်စေနိုင်ပါသည်။ သိပ္ပံပညာ တိုးတက်မှုကို ကိုယ်ကျိုးအတ္တ ကိစ္စရပ်များ
အတွက် အချို့လူများက လွဲမှားစွာ အသုံးချခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းများ ပြုလုပ်နိုင်ပါသည်။
အခြား တစ်ဖက်တွင်မူ ဓမ္မသဘောတရား သို့မဟုတ် စကြာဝဠာ၏ အလုပ်လုပ်ပုံများကို ခံစား နားလည်ရန်
စိတ်ကို ထိန်းကျောင်းပြီး အသုံးချနိုင်ပါသည်။
ဥပမာ - စိတ်ကို
ပွားများ တိုးတက်စေခြင်းဖြင့် အမျိုးသား အမျိုးသမီးတို့သည် အနုမြူ တစ်ခု၏ အတွင်းရှိ
စွမ်းအင်ကို ရှာဖွေဖော်ထုပ်တွေ့ရှိကြပြီး လူသား ကောင်းကျိုးအတွက် အပြုသဘောဆောင်သည့်
အလုပ် အများအပြားကို လုပ်ဆောင်ရန် ဤပညာကို အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ဆန့်ကျင်ဘက်
အနေဖြင့် ယင်း ရှာဖွေတွေ့ရှိမှု ဖြစ်စဉ်တွင် ကမ္ဘာကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့်
နယူကလီးယား လက်နက်များကိုလည်း တည်ထွင်ခဲ့ကြသည်။ စိတ်ကို သင့်တင့်စွာ မထိန်းချုပ်လျှင်
သို့မဟုတ် လေ့ကျင့်မှု မပြုလျှင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အန္တရာယ်များမှာ အမှန်တကယ်ပင်
စိတ်ကူး၍ မရနိုင်အောင်ပင် ဖြစ်ပေလိမ့်မည်။ စိတ်ထဲတွင် ချက်ခြင်း ပေါ်လာသည့် ဥပမာ တစ်ခုကို
ဆိုရပါမူ ဟစ်တလာ (Hitler) ပင် ဖြစ်ပါသည်။ သူသည် ကြီးကျယ်သည့် ဉာဏ်ပညာကို ဆိုးယုတ်သည့်
ကိစ္စများ အတွက် အသုံးပြုခဲ့သည်။
သက်ရှိ သတ္တဝါ အားလုံး လိုလိုသည် လူသားတို့၏ အတ္တဆန်သည့်
လောဘစိတ်ကြောင့် တဖြေးဖြေး မျိုးတုန်း ပျောက်ကွယ်လာနေသည်။ ယင်း လောဘစိတ် ဆိုသည်မှာ
သင့်တင့်လျှောက်ပတ်စွာ မကျင့်ကြံသည့် စိတ်များမှ ဖြစ်ပေါ်လာသည်။ ၄င်းတို့သည် ရေနှင့်
လေကို ညစ်ညမ်းစေပြီး သဘာဝပတ်ဝန်းကျင်ကို တိုးတက်အောင် လုပ်နေပါသည်ဟု ပြောနေရင်း ဖျက်ဆီးပစ်နေကြသည်။
အမှန်တော့ သဘာဝပတ်ဝန်းကျင်ကို တိုးတက်အောင် လုပ်နေပါသည်ဟု ပြောနေစဉ် ဖျက်ဆီးပစ်ဖို့
စိတ်တိမ်းညွတ်နေကြသည်။ အခြားသော သက်ရှိ သတ္တဝါများသည် မည်သည့် အရာကိုမျှ လူသားများလောက်
မဖျက်ဆီးပါဟု ကျွန်ုပ်တို့ ဝန်ခံကြရပေမည်။
Dr. K. Sri
Dhammananda ၏ "Buddhist
Principles for Human Dignity" မှ "The Nature of The Human Mind"ကို ဘာသာပြန်ပါသည်။
ပုံကို ဤ နေရာမှ ယူပါသည်။
ပုံကို ဤ နေရာမှ ယူပါသည်။
ဘုန်းဉာဏ်
No comments:
Post a Comment