Pages

Aug 25, 2012

လူ့ဘဝ၏ ကြီးမြတ်မှု


ဘာသာတရား တစ်ခု၏ တာဝန်ကား လူသားကို ငြိမ်းချမ်းစွာ နေထိုင်တတ်စေရန်နှင့် လူ့ဂုဏ်သိက္ခာကို ထိမ်းသိမ်း စောင့်ရှောက်ရန် မြင့်မြတ်သည့် ကိုယ်ကျင့်တရား ဥပဒေသများကို ဖြည့်ဆည်းပေးရန် ဖြစ်၏။ သို့မဟုတ်ပါက လူသားတို့၏ ကြီးကျယ်မြင့်မြတ်မှု အကြောင်းကို ပြောဆိုရန် မဖြစ်နိုင်ပေ။ အကြောင်းကား အိပ်၊ စား၊ ကာမ ဤသုံးဝ အတွက်သာ အသက်ရှင်နေသည့် အခြားသော သတ္တဝါများ၏ အဆင့်အတန်းသို့ လျှောကျသွားမည် ဖြစ်သောကြောင့်ပင်။ လူသားများသည်လည်း ဤအခြေခံ လိုအပ်ချက်များ ပြည့်ဝ ကျေနပ်စေရန် အတွက်သာ အသက်ရှင်သည်ဆိုပါက ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ လူသားများ ဖြစ်ကြောင်း ပြသစရာ များများစားစား ရှိလှမည် မဟုတ်တော့ပေ။ လူသားများကား အသက်ရှင်သန်ရုံမျှ အဆင့်ကို ကျော်လွန်ပြီး မိမိ၏ စစ်မှန်စွာ ဖြစ်တည်မှုကို ရှာဖွေနိုင်စွမ်း ရှိပါသည်။

ဗုဒ္ဓဘာသာတွင် ဤအရာကို ဓမ္မဟု ခေါ်ပါ၏။ ဤဓမ္မကို အခြားသော သက်ရှိသတ္တဝါတို့ ထိုးထွင်း၍ မသိနိုင်။ အကြောင်းကား လူသား၏ ဉာဏ်ပညာသည် စကြာဝဠာအတွင်းရှိ အခြားသော သက်ရှိ သတ္တဝါတို့ ဉာဏ်ထက် ထက်မြက်သောကြောင့် ဖြစ်သည်။ လူသား၏ စိတ်သည်သာ ဓမ္မကို နားလည် သဘောပေါက်နိုင်၏။ လူသားများကား ဤစကြာဝဠာရှိ သက်ရှိသတ္တဝါများ အနက် ဘာသာတရားလို ရှုပ်ထွေးလှသည့် စနစ်တစ်ခုကို ကြံစည် စိတ်ကူးနိုင်သည့် တစ်မျိုးတည်းသော သက်ရှိသတ္တဝါ ဖြစ်ကြောင်း မှတ်သားထိုက်ပါ၏။ နတ် ဗြဟ္မာများမှာပင် သီးခြား ဘာသာတရားဟူ၍ မရှိပေ။

ကျွန်ုပ်တို့ လူသားများသည် နတ် သို့မဟုတ် ဗြဟ္မာများကို သူတို့၏ အမည်ဖြင့် ရှိခိုး ပူဇော်ကြသော်လည်း လူသားတို့၏ ဉာဏ်ပညာသည် ၄င်းတို့၏ ဉာဏ်ပညာထက် သာလွန်ကြောင်းကို ကျွန်ုပ်တို့ သဘောပေါက် နားလည်ကြရပေမည်။ ဤအချက်ကြောင့်ပင်လျှင် နတ်တစ်ပါးသည်လည်းကောင်း၊ ဗြာဟ္မာ တစ်ဆူသည်လည်းကောင်း ဘုရား ဖြစ်မလာနိုင်ခြင်း ဖြစ်ပေသည်။ လူတစ်မျိုးတည်း သာလျှင် သမ္မာသမ္ဗောဓိဉာဏ်သို့ တက်လှမ်းနိုင်ပေသည်။ အကြောင်းကား လူသည်သာ သူ၏ အသိဉာဏ်ကို အမြင့်ဆုံး အမြတ်ဆုံး အဆင့်အထိ ပွားများ မြင့်တက်လာအောင် စွမ်းဆောင်နိုင်ရည် ရှိသောကြောင့်ပင်။

ဆိုခဲ့ပြီးသည့် ဤ ဉာဏ်အထူးကို ရရှိပြီးသော လူသားသည် သူ့ဘဝ တည်ရှိမှုသဘောကို နားလည်ရန်လည်း ကြိုးစားတတ်ပါ၏။ သူ့ကို မြင့်မြတ်ပြီး လေးစားရစေမည့် စနစ်ကျသည့် ကိုယ်ကျင့် နီတိကို တည်ဆောက်ရန်လည်း ကြိုးစားတတ်ပါ၏။ အတိတ်ကာလနှင့် လက်ရှိ အတွေးအခေါ်သမားတို့သည် ဘဝတည်ရှိမှု ဆိုင်ရာ ပြဿနာသုံးရပ်ကို နက်နက်နဲနဲ စဉ်းစား တွေးခေါ်ခဲ့ကြလေပြီ။ ၄င်း ပြဿနာ သုံးရပ်ကား “အကျွန်ုပ်ကား အဘယ်သူနည်း”၊ “ဤလောက ဤဘဝတွင် အကျွန်ုပ် ဘာတွေ လုပ်နေသနည်း” ဆိုတာနှင့် “ကျွန်ုပ်ကို လိုအပ်ပါရဲ့လား” ဆိုသည်တို့ ဖြစ်ပါသည်။ ဤပြဿနာတို့၏ အဖြေများကား လူကို အဓိပ္ပါယ်ရှိသည့် ဘဝဖြစ်တည်မှု အဖြစ် နေတတ်ရန် အခြေခံ အကြောင်းရင်းကို ဖြည့်ဆည်းပေးပါသည်။

လူ၏ အခြေခံ ကိုယ်ကျင့်တရား ဥပဒေသကား ဘယ်အရာ ဖြစ်ပါသနည်း။ ဤမေးခွန်းကို ဖြေဆိုဖို့ရာ ‘လူသား’ ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပါယ်ကား အဘယ်နည်း ဆိုသည်ကို ကိုယ့်ကိုယ်ကို ဦးစွာ မေးရပေမည်။ လူသားများကို ရည်ညွှန်းသော အခါ ပါဠိဘာသာနှင့် သက္ကဋ ဘာသာစကားတို့က  “မနုဿ (manussa)” သို့မဟုတ် “မနုသျ (manusya)” ဆိုသော စကားလုံးကို အသုံးပြုသည်။ ယင်းစကားလုံးကား များစွာ အဓိပ္ပါယ်ရှိသော စကားလုံး ဖြစ်ပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင်၊ “man” ဆိုသော အင်္ဂလိပ် စကားလုံးသည်လည်း “စဉ်းစားတွေးခေါ်ခြင်း”ဟု အဓိပ္ပါယ်ရသည့် သက္ကဋစကား “manu” မှ ဆင်းသက်လာသည်။ 

လူသားတို့သည် စိတ်ကို ပြုစုပျိုးထောင်ပြီး အမြင့်ဆုံး အဆင့်ထိ တိုးတက်ပွားများစေနိုင်သော တစ်မျိုးတည်းသော သက်ရှိ သတ္တဝါများ ဖြစ်သည်။ ယင်းသို့သော သက်ရှိသတ္တဝါမျိုးကို မနုဿ (လူ)ဟု ခေါ်သည်။ “man” ဆိုသော စကားလုံးသည်လည်း စိတ်ဟု အဓိပ္ပါယ်ရသည့် မန ဆိုသော စကားလုံးမှ ဆင်းသက်လာသည်။ ဤအကြောင်းကြောင့်ပင် တွေးတော စဉ်းစားရန် စိတ်ရှိသော သတ္တဝါကို လူဟု ခေါ်သည်။ လူသည် သူ၏ မြင့်မားသော အသိဉာဏ်ဖြင့် သူ၏ လိုအင်ဆန္ဒများကို ဦးတည် လမ်းကြောင်းပေးရပေမည်။ ထို့ပြင် သူ့ဘဝကို သူ ရွေးချယ်သည့်အရာ ဖြစ်ပေါ်စေရန် စွမ်းဆောင်နိုင်ရပေမည်။ (လူသားဟု ကျွန်ုပ်တို့ ရည်ညွှန်းပြောဆိုသည့်အခါ ကျား မ မရွေး လူသားအားလုံး အကြောင်းကို စဉ်းစားနေတာ အမှန်ပဲဖြစ်ပါတယ်။ အမျိုးသမီးများသည် ဉာဏ်ပညာအရ ဖြစ်စေ၊ စိတ်ဓာတ်ပိုင်း အရ ဖြစ်စေ၊ ကိုယ်ကျင့်တရားပိုင်းအရ ဖြစ်စေ မည်သည့်နည်းနှင့်မျှ အမျိုးသားများထက် နိမ့်သည်ဟု စဉ်းစား ယူဆစရာ အကြောင်း မရှိပါပေ)။ 

တရုတ်ကတော့ လူသားဆိုတာကို “ကြင်နာမှုကို နှစ်သက်တတ်တဲ့ နှလုံးသား ရှိသူ” ရယ်လို့ အဓိပ္ပါယ် ဖွင့်ပါသည်။ လူသား၏ နှလုံးသားမှာ စာနာမှုနှင့် ရိုးသားမှု ရှိရပါမည်။ ယင်း အရည်အသွေး နှစ်ရပ် မရှိလျှင်တော့ သူ့ကို စစ်မှန်သော လူသားဟု မမှတ်ယူတော့ပါဘူး။ အနောက်တိုင်း ဒဿနဆရာများကတော့ “လူသားများ”ကို ကြောင်းကျိုး ဆင်ခြင်ဉာဏ်ကို အသုံးပြုတတ်သူများလို့ အဓိပ္ပါယ် ဖွင့်ဆိုပါသည်။ လူသားများ ဆိုတာ ဆင်ခြင်တုံတရားဖြင့် ပြုမူတတ်သူများ ဖြစ်ပါသည်။ အခြားသော သက်ရှိ သတ္တဝါများကတော့ အသက်ရှင်သန်မှု၊ မြူးတူးပျော်ပါးမှုနှင့် အကာအကွယ်ရယူမှုတို့ကို အသေအချာ ရရှိစေဖို့ ၄င်းတို့၏ အလိုအလျှောက် တုန့်ပြန်နိုင်မှု (ဗီဇဓာတ်)ကိုသာ အသုံးပြုပါသည်။ မကောင်းသော အတွေးအကြံများမှ ရှောင်ကြဉ်၍ သီလကို တိုးတက်ပွားများစေလျက် စိတ်ကို ပြုစုပျိုးထောင် (ပွားများ)ပေးသည့် အခါ စိတ်စင်ကြယ်မှုကို ဖြစ်စေသည့် တည်ကြည်မှုကို ရရှိနိုင်ပါသည်။ 


အသိပေးခြင်း။ K. Sri Dhammananda ၏ "Buddhist Principles for Human Dignity" မှ "Superiority of Human Life"ကို ဘာသာပြန်ပါသည်။

No comments: