Pages

Apr 2, 2011

ဆူနာမီအပေါ် ဗုဒ္ဓဘာသာဝင် တစ်ဦး၏ အမြင် (အပိုင်း ၂)


၂၀၁၁ ခု မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ဂျပန် ဆူနာမီ
 စင်္ကာပူ နိုင်ငံသားတစ်ယောက်က ကပ်ဘေးကြီးအကြောင်း ကြားရတဲ့အခါ သူ့ ဗင်ကားပေါ်ကို (ပစ္စည်းတွေ) တင်ပြီး ဒုက္ခရောက်နေသူတွေကို အစားအသောက်နှင့် ရေတွေ ပေးဝေမယ်ဆိုတဲ့ စိတ်နှင့် ထိုင်းနိုင်ငံကို မောင်းထွက်သွားတယ်။ ဝမ်းနည်းစရာ ကောင်းတာက လမ်းမှာ ကားဘီးချော်ပြီး ကွယ်လွန်သွားပါတယ်။ “သူ့ လုပ်ရပ် (ကံ)တွေ ကောင်းပါလျှက်နှင့် သူ ဘာလို့ ဒုက္ခရောက်ရတာလဲ” လို့ လူတွေက မေးကြတယ်။ ဒါပေမဲ့ ဒီလို မေးခွန်းမျိုးက သဘာဝ ကြောင်းကျိုးတရားနှင့် ကမ္မကြောင်းကျိုးတရားကြားမှာ ဇဝေဇဝါ ဖြစ်နေတယ်ဆိုတာကို ပြတာပါပဲ။ 

တစ်ခြားလူတွေ ဒုက္ခရောက်နေတဲ့ အပေါ် ဒီလူရဲ့ လျှင်မြန်ပြီး လက်တွေ့ကျတဲ့ တုန့်ပြန်မှုဟာ ကရုဏာတရားကြီးမားတာကို ပြသပြီး နောက်ဘဝမှာတော့ အလွန်ကောင်းတဲ့ အကျိုးတရား ရပါလိမ့်မယ်။ သူ့ရဲ့ မတော်တဆမှုကတော့ သူ့ရဲ့ ကောင်းကံ ဆိုးကံတွေနှင့် ဘာမျှ မပတ်သက်ပါဘူး။ ဒီဖြစ်မှုဟာ သဘာဝ ကြောင်းကျိုးတရားရဲ့ ရလဒ် တစ်ခုပါ။ အခိုက်အတန့် အာရုံစူးစိုက်မှု လွတ်သွားတာ၊ ဘရိတ်မကောင်းတာ၊ မိုးကြောင့် လမ်းချောနေတာ စသည်ဖြင့်ပေါ့ဗျာ။ ကောင်းမြတ်မှုက သဘာဝ အကြောင်းတရားတွေကြောင့် ကျွန်ုပ်တို့တွေ ဒုက္ခမရောက်ရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ (ကောင်းမြတ်မှုက) သဘာဝ အကြောင်းတရားတွေကြောင့် ဒုက္ခ ရောက်ရတဲ့ အခါမှာ ဒုက္ခ ပိုဖြစ်စေမည့် အန္တရာယ်ရှိသည့် နည်းလမ်းတွေနှင့် တုန့်ပြန်မိနိုင်ခြေ နည်းပါးစေပါလိမ့်မယ်။

ခရီးသည် ရာပေါင်းများစွာ ပါသွားသည့် ကျည်ဆန် ရထားနှစ်စင်းကို လိုက်ရှာနေကြသည့် စေတနာ့ ဝန်ထမ်းများ
 တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေကတော့ ဆူနာမီကြောင့် ဖြစ်ရတဲ့ သေဆုံး ထိခိုက်ဒဏ်ရာ ရတာတွေဟာ ဒီလူတွေရဲ့ အတိတ်က မကောင်းတဲ့ ကံတွေကြောင့်လို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါဟာ ဗုဒ္ဓဟောကြားတော်မူချက်နှင့် ဆန့်ကျင်ပါတယ်လို့ ဒီနေရာမှာ ထုတ်ပြောဖို့ မလိုအပ်တော့သလောက်ပါပဲ။ ဒေဝဒဟ သုတ်တော် (မ၊ ၂၊ ၂၁၄ နှင့် အံ၊ ၁၊ ၁၇၃) မှာ ကျွန်ုပ်တို့ တွေ့ကြုံခံစားရသမျှ ကံကြောင့်လို့ ယုံကြည်မှု (သဗ္ဗံ တံ ပုဗ္ဗေကတဟေတု)သည် မှားယွင်းသည့် အမြင် (မိစ္ဆာဒိဋ္ဌိ) ဖြစ်တယ်လို့ ဗုဒ္ဓရှင်တော် ဟောတော်မူပါတယ်။ သီဝကသုတ်တော် (သံ၊ ၄၊ ၂၂၈) မှာတော့ တစ်ခါတစ်ရံ ခံစားကြရတဲ့ ဒုက္ခသည် ကံကြောင့် ဖြစ်နိုင်သလို ဖျားနာခြင်းကြောင့်သော်လည်းကောင်း၊ ရာသီဥတုကြောင့် သော်လည်းကောင်း၊ သတိမေ့လျှော့မှုကြောင့်သော်လည်းကောင်း၊ ပြင်ပအကြောင်းတရားကြောင့် သော်လည်းကောင်း (သြပက္ကမိကာနိ) ဖြစ်နိုင်တယ်လို့ ဟောတော်မူပါတယ်။ ဆူနာမီဟာ ဒီ အကြောင်းတရားတွေ အနက် တတိယနှင့် နောက်ဆုံး အကြောင်းတရားတွေရဲ့ အကောင်းဆုံး ဥပမာ ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ ကံဖြစ်ဖြစ်၊ မကောင်းတဲ့ ကံဖြစ်ဖြစ်၊ ကံတရား အားလုံးမှာ အကျိုးတရားတစ်ခုကတော့ တပ်အပ်သေချာ ရှိပါတယ်။ သို့သော် အကျိုးတရား မှန်သမျှကတော့ ကံကြောင့် မဟုတ်ပါဘူး။

သဘာဝကပ်ဘေးကြီးကြောင့် အိမ်ပြန်မရသေးသူတွေ Haneda လေဆိပ်မှာ အိပ်စက်နေကြရစဉ်

ဒီ ကပ်ဘေးထဲ မပါဝင်ကြရလောက်အောင် ကံကောင်းကြတဲ့ ကျွန်တော်တို့ကကော ဘယ်လိုပါလဲ။ ဗုဒ္ဓရဲ့ ကမ္မဒေသနာတော်က ကျွန်ုပ်တို့နှင့် ဘယ်လို ဆက်စပ်နိုင်ပါသလဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ အမျိုးသားနှင့် အမျိုးသမီးလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဆူနာမီ အပေါ် တုန့်ပြန်မှုတွေက ကုသိုလ်လည်း ဖြစ်နိုင်သလို အကုသိုလ်လည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ ကြေကွဲဖွယ် အကြောင်းကို ဖတ်ကြည့်၊ ပခုံးလေးတွန့်ပြီး အားကစားအကြောင်းပါတဲ့ စာမျက်နှာကို လှန်လိုက်ကောင်း လှန်လိုက်နိုင်ပါတယ်။ ဒုက္ခသည်တွေ အတွက် အလှူခံတဲ့ အခါမှာတော့ ဒီအပတ် သူ ငွေပြတ်နေပါတယ်ဆိုပြီး တစ်ခုခု လှူဖို့ ငြင်းနိုင်ပါတယ်။ သို့မဟုတ် လှူတော့ လှူပြီး အချီးမွမ်းခံရဖို့ဖြစ်စေ၊ တော်တယ်လို့ အမြင်ခံရဖို့ဖြစ်စေ လူတကာကို လှည့်လည် ပြောနေနိုင်ပါတယ်။ သူ ပြုလုပ်နေကျ ပုံစံကနေ ခွဲထွက်ပြီး ပြုမူဆောင်ရွက်ဖို့ အခွင့်အရေးတစ်ရပ် ပေးအပ်တာ ခံရလျှက်သားနှင့် အဲဒီ အခွင့်အရေးကို ရယူဖို့ ပျက်ကွက်ခဲ့တယ်။ ရင့်ကျက်ဖို့အတွက်ဖြစ်စေ၊ ပြောင်းလဲဖို့ ဖြစ်စေ သူ ဆုံးရှုံခဲ့ပြီး သူ့ရဲ့ အကျင့်ဟောင်းတွေဖြစ်တဲ့ အတွေးအမြင် ခေါင်းပါးမှု၊ လောဘ၊  မာနကြီးမှုနှင့် အကြင်နာကင်းမှုတို့ရဲ့ ခေါ်ဆောင်မှုကို သူ့ကိုယ်သူ အသာတကြည်ပဲ ခွင့်ပြုခဲ့တယ်။ 

စာနာစိတ် အတော်လေးကင်းပြီး သူ့ကိုယ်သူပဲ စိတ်ဝင်စားတဲ့သူလို့ ဆိုကြပါစို့။ ဒါပေမဲ့ ရုပ်မြင်သံကြားမှာ ဆူနာမီ ဒုက္ခသည်တွေကို မြင်လိုက်ရတဲ့ အချိန်မှာ ရုတ်တရက် သူ ကရုဏာစိတ်ဖြစ်သွားတယ်။ အဲဒီနောက် အတိတ်မှာ အမြဲ လုပ်နေကျအတိုင်း ရိပ်ခနဲပေါ်လာတဲ့ ဒီ ကရုဏာစိတ်ကို ဥပေက္ခာပြုပစ်လိုက်မည့် အစား တစ်ခုခု လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြက်ခြေနီအဖွဲ့ထံ သွားပြီး တကယ် ရက်ရောတဲ့ အလှူတစ်ခုကို လုပ်ပါတယ်။ စေတနာရှင် လုပ်အားပေး ခေါ်နေတဲ့ သင်္ကေတကို မြင်လိုက်ရပြီး စိတ်ကူးရလျှင် ရခြင်း စာရင်းသွင်းတယ်။ ဒါ့အပြင် နောက် သတင်းပတ် အတော်ကြာအောင်ပဲ အလှူခံတာတို့၊ အခြားနည်းလမ်းတွေနှင့် လိုက်ကူညီတာတွေ လုပ်ရင်း ကိုင်ရင်းနှင့် သူ့ အားလပ်ချိန်တွေ အားလုံးကို အသုံးပြုပါတယ်။ 

အဲဒီလို လုပ်ခြင်းရဲ့ ရလဒ်ကတော့ အတ္တကြီးတဲ့ အလေ့အကျင့်တွေကို အားနည်း ချိနဲ့စေခဲ့ပြီး ကောင်းတဲ့ စိတ်ထားတွေကို သန်မာကြီးထွားစေခဲ့ပါတယ်။ သူဟာ အတိုင်းအတာ တစ်ခုအထိ ရင့်ကျက်ပြီး ပြောင်းလဲခဲ့ပါပြီ။ အနာဂတ်မှာ အခွင့်အရေး ရလေတိုင်း ခုလို အပြုသဘောဆောင်တဲ့ နည်းနှင့်ပဲ ဆက်ပြုလုပ်သွားလျှင် တစ်ဖြေးဖြေးနှင့် ပိုမို နှစ်သက်စရာကောင်းတဲ့သူ ဖြစ်လာလိမ့်မယ်။ ဒါ့အပြင် အများကြီး ပိုမို ပျော်ရွှင်ချမ်းမြေ့တဲ့သူလည်း ဖြစ်လာမှာပဲလေ။ ဒီလိုမျိုးနည်းနှင့် ဆူနာမီလို ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်မှာတောင် တကယ်တော့ ကောင်းတဲ့ဘက် တစ်ခုတော့ ရှိပါတယ်။ 


ပထမဦးဆုံးက ဒါနနှင့် မေတ္တာ စေတနာတွေကို ဖြစ်ထွန်းဖို့ အခွင့်အရေး တစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒုတိယ အနေနှင့်ကတော့ ကျွန်ုပ်တို့တွေ အားလုံး မြတ်ဗုဒ္ဓရဲ့ တရားတော်ဖြစ်တဲ့ သင်္ခါရလောကကြီးမှာ နေရတဲ့ ဘဝဟာ ကျေနပ်နှစ်သက်ဖွယ်ရာ မရှိပါတကား ဆိုတဲ့ ဒုက္ခသစ္စာတရားကို ဆင်ခြင် သုံးသပ်ဖို့ အခွင့်အရေး တစ်ရပ် ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆင်ခြင်သုံးသပ်မှုက ကျွန်ုပ်တို့ကို မိမိဘာသာ ကျေနပ် အားရနေမှုကနေ နိုးထစေနိုင်ပြီး ဘဝဟာ ဘယ်လောက်ပဲ သက်တောင့်သက်သာ ရှိနေပါစေ၊ အချိန်မရွေး ပြောင်းလဲနိုင်ပါလားလို့လည်း သတိတရား ရစေနိုင်ပါတယ်။ ဒါက ပေါ့ပျက်ပျက် လောကီအာရုံ လိုက်စားမှုတွေကနေ အဓိပ္ပါယ်ပြည့်ဝတဲ့ လောကုတ္တရာ ပန်းတိုင်တွေဆီ ခြေဦးလှည့်ဖို့ ကျွန်ုပ်တို့ကို ကူညီနိုင်ပါတယ်ဗျာ။

မှတ်ချက်။ အောက်ဆုံး ဓာတ်ပုံကို https://mail.google.com/mail/?shva=1#inbox/12f15bb14fa9ac5e မှ ယူထားပြီး ကျန်ပုံများကို http://www.mmdailynews.com/viewnews.php?id=455 မှ ယူပြီး (ဖြည့်စွက်) တင်ပြထား ပါသည်။

မူရင်း (အင်္ဂလိပ်လို) ဖတ်ရှုလိုသူများ http://sdhammika.blogspot.com/2011/03/tsunami-buddhist-view.html တွင် ဖတ်ရှုနိုင်ပါတယ်။

2 comments:

crystal said...

စဉ်းစားစရာတွေ ဖြစ်ဖြစ်ကုန်ပြီ ဘုန်းဘုန်းရာ

Unknown said...

လူတိုင်းလူတိုင်း ရင့်ကျက်ဖို့လိုတာပေါ့..........၊
ရင့်ကျက်မှလည်း လူတန်ဘိုးရှိတာနော်...........