ဆမ်ဘာဝမ်း ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်ကျင်းပတာကို ကြည့်ရှုခွင့် ရပါတယ်။ အဲ ကူညီခွင့်လဲ ရလိုက်သေးတယ် ဆိုရင်လဲ မမှားဘူးပေါ့။ ဒို့ဘဝက အပျော်အပါးတွေနှင့် မဆိုင်လှလို့ မြန်မာ့သင်္ကြန်မှာ ဘယ်လိုတွေ ပျော်ပါးကြ ဆင်နွဲကြတယ်ဆိုတာ အသေအချာတော့ မသိပါဘူး။ ကြော်ငြာတွေ၊ သတင်းတွေမှာ ရေးကြ ပြောကြတာတွေ ကနေ တဆင့် အတော်အတန်တော့ ရိပ်မိပါတယ်။ မန္တလေးမှာ စာသင်ခဲ့ရစဉ် ဦးပဉ္စင်းပေါက်စဘဝက နှစ်ခါလောက်တော့ မန္တလေးကျုံးဘေးက သင်္ကြန်ပွဲတော် ကျင်းပရာကို မော့တော့ မော့တော့နှင့် သွားကြည့်ခဲ့ဘူးတာပါ။ ကိုယ်မသွားရမဲ့ နေရာကို သွားတာမို့ အရှက်နှင့် လေ့လာ ကြည့်ရှုချင်စိတ်တို့ ရောထွေး အားပြိုင်နေတာကြောင့် ဘာရယ် ဘယ်လိုရယ်လို့ကို ခွဲခွဲခြားခြား မသိခဲ့ရသလောက်ပါပဲ။ ငယ်ငယ်က ရွာမှာ ကိုရင်ပေါက်စ ဘဝနှင့် နေရစဉ်က ဝမ်းကွဲညီ ကိုရင်တစ်ပါး လူတစ်ယောက်ကို ရေသွားပက်လိုက်တာ ဆရာတော် မြင်လို့ ခေါ်ပြီး ဘုရားရှေ့မှာ ထိုင်ခိုင်းပြီး ပုတီးကို နာရီပေါင်းများစွာ (တစ်နေကုန်လောက်) စိပ်ခိုင်းတာကို ပြန်ပြန်မြင်ယောင်နေမိတော့ ပိုဆိုးတာပေါ့။
ဒါပေမဲ့ နှစ်နေရာလောက်တော့ ကောင်းကောင်း ကြည့်ခဲ့ဖူးတယ်ဆိုတာ ရှက်ရှက်နှင့် တဲ့တဲ့ကြီး ဝန်ခံလိုက်ပါတယ်။ တစ်ခုကတော့ မြန်မာ့ရိုးရာ အဆိုအကတွေနှင့် ဧည့်ခံဖျော်ဖြေကြတဲ့ နေရာပါ။ ဒီနေရာမှာ ကြည့်ကြတဲ့ သူတွေကတော့ အတော်ဣနြေ္ဒရရ ရှိသေးတယ်လို့ ထင်မိပါရဲ့။ ဒုတိယ ကြည့်မိတာကတော့ ခေတ်ပေါ်တေးဂီတနှင့် သီဆို တီးမှုတ်ကြတဲ့ နေရာတွေပါ။ ရိုးရိုးပျော်တဲ့သူတွေရော၊ မူးယူးပျော်တဲ့သူတွေရော အို ... လိုက်ဆိုလိုက်ကြ၊ ကလိုက်ကြတာ ဆူလို့ ညံလို့ ကွေးလို့ ကောက်လို့ပါပဲလား။ ပိတ်ဆို့နေတဲ့ ဆိုင်ကယ် တွေ၊ ကားတွေ၊ လူတွေလဲ မပြောပါနှင့်တော့။ တစ်ချို့လဲ အတော်အောက်တန်းကျတဲ့ အပြုအမူတွေကိုပြုလုပ်ကြတာကိုလဲ တွေ့ခဲ့ရပေါ့။ တစ်ချို့လဲ သတိလစ်လောက်အောင် မမူး(သေး)တာရယ်၊ သင့်တင့်တဲ့ စာရိတ္တ၊ အသိလေးရှိသေး တာရယ် ကြောင့် သူတို့နား ဒို့ရောက်သွားတော့ အချင်းချင်း “ဟေး ဟေး” ဆိုလိုက်ကာ လက်တို့ပြီး လုပ်ကြတော့မယ်လို့ ထင်ရတဲ့ ရိုင်းစိုင်းမှုတွေကို ထိမ်းသွားကြတာလဲ တွေ့ခဲ့ရပေါ့။ တစ်သက်မှာ မြို့သင်္ကြန်ဆို ဒါလောက်ပဲ တွေ့ဖူး တာမို့ ခုနေခါ ဘယ်လိုလုပ်ကြ ဘာတွေလုပ်ကြတယ်ဆိုတာ မသိတော့ပါဘူး။ ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို ကြားသိနေရတာတွေကို အကဲခတ်ကြည့်ရတာဖြင့်တော့ ရိုးရာသင်္ကြန်ကနေ ရိုင်းရာသင်္ကြန်ဘက်ကို ဦးတည်လို့ အရှိန်အဟုန်နှင့် ပြောင်းနေတယ်လို့တော့ ထင်မိပါတယ်။
ဒါပေမဲ့ ဆမ်ဘာဝမ်းသင်္ကြန်ကတော့ ရိုးရာယဉ်ကျေးမှုကို အတော်ကို ကြိုးစားထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဒီသင်္ကြန်ကို ရည်ရွယ်ချက် နှစ်ခုနှင့် ကျင်းပတယ်လို့ သိရပါတယ်။ ပထမတစ်ခုက အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောက်ရန် ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်က ပြည်ပရောက် မျိုးဆက်သစ် လူငယ်များ မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို သိရှိ၊ မြတ်နိုး၊ တန်ဖိုးထားတတ်စေရန် ဖြစ်ပါတယ်။ ကဲ ပွဲတော်ကို စာရေးသူနှင့် အတူ လျှောက်လည် ကြည့်ကြရ အောင်လား။ ပထမဦးဆုံး အင်ကြင်းပင်ပျိုနှစ်ပင်ရဲ့ကြားမှာ စမ္ပါယ်ယ်တော်မူနေတဲ့ ဘုရားရှင်ရဲ့ ပုံတော်ကို ဂုဏ်တော်ကို အာရုံပြုကာ ဖူးလိုက်ကြရအောင်။
မြန်မာတို့ရဲ့ သင်္ကြန်ပွဲတော်ဟာ တကယ်တော့ ဗုဒ္ဓယဉ်ကျေးမှုကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် သင်္ကြန်ပွဲတော်မှာဆိုရင် ဘုရားဆင်းတုတော်ကို ရေသပ္ပါယ်တာ၊ ဆွမ်း၊ ပန်း၊ ဆီးမီး ကပ်လှူတာတွေပါဝင်ပါတယ်။ မဟာကရုဏာတော်ရှင် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်တွေကို သတိယ ပူဇော်တဲ့ အနေနဲ့ပေါ့။ ဒါကြောင့် ဆန္ဒရှိသူတွေ ကုသိုလ်တရား တိုးပွားနိုင်ကြအောင် မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်ပူဇော်ထားတာပါ။ တကယ်တော့ စင်္ကာပူ ဥပဒေက အများပြည်သူနှင့်ဆိုင်တဲ့ ပန်းခြံလိုမျိုးနေရာတွေမှာ ဘာသာရေးလုပ်ခွင့် မရှိပါဘူး။ ဒါပေမဲ့လဲ ဒါက ရိုးရာယဉ်ကျေးမှု နှစ်သက်ကူးပွဲတော်ရဲ့ အနှစ်သာရတစ်ခုအနေနှင့် ပါတာမို့ လက်ခံ ခွင့်ပြု ပေးတယ်လို့ သိရပါတယ်။
ဒိနောက်တော့ ပွဲတော်နှင့်ပတ်သက်လို့ ကိုယ်သိသလောက်ကို စပြောရရင် စတုဒိသာ ကျွေးမွေးတာက စပြောရမယ် ထင်ပါတယ်။ နံနက် (၈) နာရီမှ စတင်ကာ ကျွေးမွေး လှူဒါန်းနေတဲ့ စတုဒိသာတန်းကြီးကို တစ်ပတ်လောက် လှည့်ကြည့်ကြရအောင်နော်။ စုံလိုက်တဲ့ စားစရာ သောက်စရာတွေ။ တွေ့ပါပြီ ကြာဆန်ကြော်၊ ကြာဇံဟင်းခါး၊ မုံလုံးရေပေါ်၊ ရွှေရင်အေး၊ သာကူမွှေး၊ ကျောက်ကျောဖျော်ရည်၊ လ္ဘက်ရည်နှင့် ကောက်ညှင်းပေါင်း၊ မုံ့ဟင်းခါး၊ နန်းကြီးသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ ဖရဲသီးစသည့် သစ်သီးမျိုးစုံ၊ ကြက်သားပလာတာ၊ အအေးမျိုးစုံနှင့် သောက်ရေသန့်၊ ရခိုင်မုံ့တီ၊ ရခိုင်ကြာဇံသုပ်၊ တောင်ငူ တို့ဟူးသုပ်၊ မုံ့လက်ဆောင်း၊ လက်ဖက်သုပ်၊ မုံ့ဖက်ထုပ်၊ ပေါင်မုံ့ အုန်းနို့ဆမ်း၊ ဝက်သားဒုတ်ထိုး၊ ဝက်ခေါင်းသုပ်၊ ဖရဲသီး စတာတွေအပြင် မြန်မာ ထမင်း ဟင်းလဲ ပါသေးရဲ့။ မြန်မာ ထမင်းဟင်းက ကုလားပဲ နှင့် ကြက်သားချက်၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ ငါးပိရည်ရှယ်နှင့် တို့စရာစုံတို့နှင့် လာသမျှလူကို မစားရ မရှိရလေအောင် အဝကျွေးမယ်တဲ့လေ။ အမလေး အများကြီးပါလား။ ရှေ့တော့ ဆက်သွားကြည့်လို့ မရတော့ ဘူး။ လူတွေက များလွန်းလို့။ များလိုက်တဲ့ စားစရာ၊ စားလိုက်ကြတဲ့ လူတွေ လူတွေ။ ကြည့်ရ မြင်ရတာက ဝမ်းသာစရာကြီး။ အလှူရှင်တွေက လေးဆယ်ကျော်ဆိုပဲ။ ခုရေးပြလိုက်တာက စာရေးသူ မြင်ရတာတွေထဲက မှတ်မိသလောက်ကို ပြန်ပြောကြည့်တာ။ (ကိုယ်လှူတဲ့ စားစရာအမည် မပါလို့ ထည့်မရေးရကောင်းလားဆိုပြီး ကျုပ်ကို စလေ ဦးပုညနည်းနှင့် မေတ္တသုတ် တစ်စောင်လုံးကို ပုဒ်မပါကြုံးပြီး ပို့မနေနဲ့ဦး။ တောင်းပန်ပါတယ်။) စတုဒိသာဆိုတော့ အရပ်လေးမျက်နှာက လာကြသူတွေ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့၊ အားလုံး အားလုံးကို လှူဒါန်း ကျွေးမွေးတာပေါ့။ အောက်မှာ စတုဒိသာ စားစရာ အချို့နှင့် စားသောက်နေကြတဲ့ ဓာတ်ပုံအချို့ကို တင်ပေးလိုက်ပါတယ်။ ကျွေးသူ၊ စားသူ၊ မြင်သူတွေ မုဒိတာပွား၊ ကုသိုလ်များကြရအောင်လို့ပေါ့။ (စားစရာတွေကို သေချာမြင်နေရတဲ့ ဓာတ်ပုံ (၉) ပုံက သူငယ်ချင်းဆီက ယူတင်ပေးလိုက်တာနော်။ ပို့စ်တင်မယ်လို့ စိတ်ကူးမရှိခဲ့လို့ စားသောက်ဖွယ်ရာတွေကို တစ်ပုံမှ မရိုက်လိုက်ရဘူး။)
သင်္ကြန်ပွဲတော်ကို Sembawang Park ထဲမှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပဆင်နွဲခဲ့ကြတာပါ။ အစီအစဉ် တစ်ခုလုံးကို နှစ်ပိုင်းခွဲထားတာ (အစီအစဉ်စာရွက်မြင်လိုက်ရလို့) တွေ့ရပါတယ်။ ဖျော်ဖြေရေး အစီစအစဉ် (၁) ကို နံနက် (၉)နာရီ မှ (၁၂) နာရီထိ ပြုလုပ်ပြီး၊ အစီအစဉ် (၂) ကိုတော့ (၁၂)နာရီမှ ညနေ (၄)နာရီထိ ကျင်းပတာ တွေ့ရပါတယ်။ ဖျော်ဖြေရေးကတော့ ကိုယ်နှင့်ကလဲ မဆိုင်လှ၊ ဝါသနာကလဲ နဲ၊ မှတ်ဥာဏ်မှာလဲ မွဲလှတာမို့ ဒီမှာ မရေးပြတော့ပါဘူး။ အဲ ယေဘုယျပြောရရင်တော့ စွယ်စုံဘကျော် တို့ အနုပညာ ညီအစ်ကို မောင်နှမများက သင်္ကြန်သီချင်းများ၊ မြန်မာ့ရိုးရာ သီချင်းများဖြင့် သီဆို ဧည့်ခံ ဖျော်ဖြေပါတယ်(တဲ့)။ “မြမန်းဂီရိ” ဆိုလား သီချင်းကြီး သီချင်းခန့်တစ်ပုဒ်ကို ဆိုနေတာကိုတော့ မှတ်မိသား။ ဒါ့အပြင် အသံကောင်းကောင်း ဟန်ကောင်းကောင်းနှင့် အဆိုပါပိုင်နိုင်တဲ့ (ကို) အောင်ခိုင်ဆွေရဲ့ “မြူမှောင်ဝေကင်း” သင်္ကြန်တေးသီချင်းသံကိုလဲ ကြားမိပါသေးတယ်။ အဲ ကိုယ်မမြင် မသိလိုက်ပေမဲ့ ဘလော့ဂ် တစ်ခုမှာတော့ “ကမ္ဘာပြားတယ်လို့ ပြောရမလား၊ ဘဲဥလိုဖြစ်သွားတယ် ပြောရမလား၊ အီကြာကွေးလို ဖြစ်နေတာလား။ မသိဘူး။ အညာသားရုပ်နှင့် မြန်မာ အမျိုးသားများက တရုပ်သီချင်းနှင့် ဖြေဖျော်သွားပါတယ်” လို့ ရယ် “တရုပ်အမျိုးသမီးက အားကျမခံ တူးပို့တူပို့ လုပ်သွားပါတယ်” လို့ရယ် အရွှမ်းဖေါက်ထားတာလေး တွေ့ရ ပါသေးတယ်။ တော်တော်လဲ ဟာသဥာဏ်ပါတဲ့လူပါပဲ။ အဲဒီ အမျိုးသားတွေက ဓမ္မဥယျာဉ်ကျောင်း တရုပ်စာ သင်တန်းကပါတဲ့။ စာရေးသူတော့ မသိလိုက် မကြည့်လိုက်ရပါ။
စာရေးသူတကယ် ပီတိဖြစ်ရတာက သုံးခုရှိပါတယ်။ ပထမတစ်ခုက သက်ကြီးပူဇော်ပွဲအစီအစဉ်ပါ။ အသက် (၇၀)ကျော် အဘိုး အဘွားတွေကို ပင့်ဖိတ်ပြီး အစားအသောက်များနှင့် ကျွေးမွေးပြုစုတာကို မြင်ရတာရယ်၊ စင်မြင့်ပေါ်ကို တင်ပြီး ပူဇော် ကန်တော့တာရယ်မြင်ရတော့ တကယ်ကိုပဲ ဝမ်းသာ၊ ကြည်နူး၊ ပီတိဖူးတွေ ဝေရ ဖြာရ ပွင့်လန်းရပါ တယ်။ ဒို့မြန်မာ့ယဉ်ကျေးမှုက “အသက် ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ် ခစားရိုသေလေ” လို့ တစ်မျိုး၊ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” လို့ တစ်ဖုံ ရှိတယ် မဟုတ်ပါလား။ “သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး အသင်း” ကိုဖွဲ့စည်းထားတဲ့ လူငယ် လေးတွေကို တွေ့ရပြန်တော့ ဝမ်းလဲသာရ၊ လေးလဲလေးစားရပြန်ပါတယ်။ သူတို့အသင်းက မုံ့လုံးရေပေါ် စတုဒိသာ လှူဒါန်းပါတယ်။ ဒါ့အပြင် သက်ကြီး ပူဇော်ခံတွေကို လက်ဆောင်ပစ္စည်းများနှင့် ကန့်တော့်တာကိုလဲ မြင်ခဲ့ရပါတယ်။ ဝမ်းသာကြည်နူးရတဲ့ မြင်ကွင်းတစ်ခုပါပဲ။ (ဖိုးဖိုး ဖွားဖွားတွေကို ကျောင်းမှာပဲ ထမင်း ဟင်းနှင့် ဧည့်ခံ ကျွေးမွေးတာဆိုတော့ စတုဒိသာ အလှူရှင်တွေက သူတို့ကို လှူဒါန်း ကျွေးမွေးဖို့ မေ့နေကြဟန်တူပါတယ်။ သူတို့တွေနှင့် သင့်တော်မယ့် အစားအသောက်တွေ လာလှူကြ ကျွေးကြရင် သိပ်ကောင်းမှာပဲလို့လဲ အတွေးပေါ် မိပါတယ်။)
နောက်တစ်ခုကတော့ ကလေးများရဲ့ မင်္ဂလာကဗျာ ရွတ်ဆိုမှုပါပဲ။ ကလေးတွေက ငယ်ငယ်လေးတွေ။ ဟန်နီဆိုတဲ့ အသက် ငါးနှစ်ခွဲ သမီးလေးတောင် ပါသေးတယ်။ (အစောက ခုနှစ်နှစ်လို့ မှားရေးမိခဲ့တာ တောင်းပန်ပါတယ်။) ငယ်တယ်ဆိုပြီးများ ပွဲဖြစ်ရုံထည့်ထားတယ် မထင်လိုက်ပါနဲ့၊ ဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျာတွေကို အစအဆုံးတောင် ဆိုတတ် ဆိုနိုင်တာကို ပွဲမလုပ်ခင်က တွေ့ခဲ့ရဖူးပါတယ်။ ဆရာတော် သံဃာတော်တွေနား ဘယ်လို ချဉ်းကပ်ရ လှူရ ကပ်ရတယ်ဆိုတဲ့ ကဗျာတစ်ပုဒ်ကိုတောင် အဲဒီ ငါးနှစ်ခွဲ သမီးလေးက ဒီလောက်များတဲ့ ပရိသတ်ကြီးရဲ့ ရှေ့မှာ မကြောက်မရွံ့ တစ်ကိုယ်တော် အစွမ်းပြ သီဆိုပြလိုက်သေး။ နိုင်ငံခြားမှာ မွေး၊ နိုင်ငံခြားကျောင်းတက်၊ ကျောင်းစာ အိမ်စာတွေနှင့် အသဲအသန် နပန်းလုံးနေရတဲ့ ထဲကတောင် မြန်မာ့ယဉ်ကျေးမှု၊ အခြေခံ ဗုဒ္ဓအဆုံးအမတွေကို သင်ယူကြ လေ့လာ ထားလိုက်ကြတာ။ သင်ပေးသူ၊ သင်ယူသူနှင့် ပန့်ပိုးပေးတဲ့ မိဘတွေကို အများကြီး ကျေးဇူးတင်မိတာ အမှန် ပါပဲ။ ဒါကြောင့် သာဓု အကြိမ်ကြိမ် ခေါ်မိပါတယ်။
ကလေးတွေရဲ့ မင်္ဂလာကဗျာ ရွတ်ဆိုမှုကို ပျော်တပြုံးပြုံး မော်မဆုံးအောင် အားပေးနေတဲ့ ပရိတ်သတ် ကြီးကို ကြည့်ရင်း ကဗျာတွေကို လိုက်ဆိုနေတဲ့ မိဘတွေ၊ ကြည်နူးတဲ့ မျက်နှာတွေနှင့် ကြည့်နေကြတဲ့ ကလေးမိဘအရွယ်တွေကို မြင်ရတော့ သားတော်ထံကို စိတ်ရောက်နေတဲ့ ဘုရား ရှေ့တော်မှောက်ရောက် အဇာတသတ်မင်း အကြောင်း သတိယမိပါတယ်။ အဲဒါကတော့ အဇာတသတ် မင်း ဘုရားထံမှောက် ချဉ်းကပ် ဖူးမြော်သွားတော့ သံဃာအပါး ငါးရာက ဘုရားရှင်ကို ဝိုင်းရံ ထိုင်နေကြတာကို တွေ့ပါသတဲ့။ သံဃာတော်တွေက ဒီလောက်များပေမဲ့ လက်ချိုးသံ၊ ချောင်းဟန့်သံတောင် မကြား မတွေ့ရအောင် ငြိမ်သက် တည်ကြည်ကြတာကို ဖူးတွေ့ရပါရော။ ဒီတော့ သူချစ်လှတဲ့ သူ့ရဲ့သားလေးကို သတိယပြီး “ငါ့သားတော်လေးလဲ ဒီလို ငြိမ်သက် တည်ကြည်တဲ့ ဣနြေ္ဒနှင့် ပြည့်စုံပါမူ သိပ်ကောင်းမှာပဲ” လို့ တွေးမိပါသတဲ့။ ခုလဲ ပရိသတ်ထဲက အချို့ကလေးမိဘတွေဟာ “ဒို့သားသား မီးမီးလေးတွေလဲ ဒီ ကလေး လေးတွေလို ဆိုတတ်ရင် သိပ်ကောင်းမှာပဲ” လို့ တွေးနေကြမှာပါပဲလို့ စာရေးသူက သူတို့အတွေးထဲ ဝင်ရောက် ခံစားကြည့်မိပါသေး တယ်။
ရိုးရာကနေ ရိုင်းရာသင်္ကြန်းဖက်ကို ကူးပြောင်းနေတယ်လို့ ကြားထားမိပြီး ကြားမိတိုင်း၊ တွေးမိတိုင်း ဝမ်းနည်းလိုက်ရတာ။ အခု ဒီလို စိတ်ဝင်တစား အားပေးကြတာကိုမြင်ရတော့မှ ဝမ်းသာလိုက်ရတာလေ။ မင်္ဂလာကဗျာတစ်ပိုဒ်စီကို ကျောင်းသား ကျောင်းသူ တစ်ယောက်စီက ရွတ်ဆိုကြပါတယ်။ တစ်ယောက် ရွတ်ပြီးလိုက်၊ ပရိသတ်ကြီးက လက်ခုပ်ဩဘာပေးလိုက်၊ တစ်ပုဒ်ရွတ်ပြီးလိုက်၊ လက်ခုပ်သံတွေနှင့် ချီးကြူး လိုက်နှင့် ဝမ်းသာဖွယ်ရာ မြင်ကွင်းကြီးပါ။ ပရိတ်သတ်ကြီးက လဲ တကယ်ကို ယဉ်ယဉ်ကျေးကျေး၊ ရွှင်ရွှင် ပြပြ၊ စိတ်ဝင်တစား အားပေးနေလိုက်ကြတာ အံ့မခန်းပါပဲ။ အားရ ဝမ်းသာ ပီတိတွေ ဖြာရပါတယ်။ မင်္ဂလာ ကဗျာတွေ ရွတ်ဆိုမယ်ဆိုတော့ ပရိတ်သတ်ကြီးက ဒီလောက်ကြီး အားပေးလိမ့်မယ်လို့ တကယ်ကို ထင် မထားမိလို့ပါ။ ကလေးတွေဆိုတာ ကြည့်လိုက်၊ ပရိသတ်ကြီးတစ်ခုလုံးကို တဖြေးဖြေး လည်ကြည့်လိုက်နှင့် စာရေးသူလဲ တကယ်ကိုပဲ ပြုံးပျော်နေရတာပါ။
နောက်ဆုံးတစ်ခုကတော့ ပြဇာတ်တိုလေးပါ။ ဇာတ်ညွှန်း နှင်းဟေမာက သေရည် သေရက်ဖြစ်ပေါ်လာပုံကို ကောက်ကြောင်း ကောက်ပြ သလို သေရည်သေရက်ကြောင့် တိုင်းပြည်ဆုတ်ယုတ် ပျက်ပြားတတ်ပုံကို မီးမောင်းထိုးပြထားပါတယ်။ တကယ်တော့ ဇာတ်တော်အမှတ် (၅၁၂) ကုမ္ဘဇာတ် (ဇာတကဋ္ဌကထာ၊ ၅၊ စာ ၁၂ - ၂၂) ကို ယူပြီး ဇာတ်ညွှန်း ရေးကာ အနုပညာရှင်တို့က တင်ဆက်ကြတာပါ။ အဓိကအသိပေးချင်တဲ့ အချက်ကို ထောက်ကူပေးဖို့ကတော့ ဟိုလူကြီးကို အဓိကထားပြီး မြန်မာပြည်သားတွေ ပြောချင် နေကြတဲ့ စကားတွေကို ဟာသနှောကာ တင်ဆက်ကပြကြတာပါ။ သရုပ်ဆောင်တွေကလဲကောင်း၊ ဟာသတွေကလဲ ထိမိတော့ ဇာတ်လမ်းတိုကို ကြည့်ပြီး ပရိသတ်ကြီးက တသောသော တဝေါဝေါ ပွဲကြနေကြလေရဲ့။
ဇာတ်ညွှန်းရေးသူကလဲ တော်၊ ဇာတ်ဆောင်တွေကလဲ ကောင်းလိုက်ပါဘိသနဲ့။ ဇာတ်တော်လာ အကြောင်း အရာ တစ်ခုကို တင်ဆက် ဖျော်ဖြေမယ်ဆိုရင် မြို့နေပရိတ်သတ်က ဒီလောက် အားပေးလိမ့်မယ်လို့ ထင် မထားမိရိုးပါ။
အခု ကပြမှုက မြန်မာတို့အတွက် ဇာတ်ဆောင်တွေရဲ့ ပြောစကားတွေ၊ ဟာသတွေကြောင့် စိတ်ထွက်ပေါက်ရော၊ သတိ ရော အသိဥာဏ်ပါ ရလောက်တဲ့ တင်ဆက်မှုတစ်ခုပါလို့ ထင်မြင်မိပါတယ်။ ဒီ ဇာတ်လမ်းမျိုးကို ခုလို တင်ပြ အသုံး တော်ခံကြတဲ့သူတွေကိုရော၊ စိတ်ဝင်တစား အားပေးကြတဲ့ ပရိတ်သတ်ကြီးကိုပါ သိပ်ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ “အရက်ဖိုးက လဖက်ရည် ဖိုးထက်တောင် ဈေးချိုနေတယ်၊ အရက်ဆိုင်တွေ လဲ ပေါလိုက်တာ လွန်ပါရော၊ ဒါကြောင့် အရက် သောက်ကြတဲ့ လူငယ်တွေလဲ အများကြီး တိုးပွားလာနေတယ်” လို့ မနှစ်လောက်က သတင်းတွေမှာ ဖတ်ရ ကြားရလို့ပါ။ “သေနှင့် အရက်၊ စီးပွားဖျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ” လို့ ဒို့ ယဉ်ကျေးမှု၊ ဒို့ဘာသာ၊ ဒို့သာသနာက ဆိုဆုံးမပါလျက် ဒင်းတို့ခေတ် (ဒို့ခေတ်) ရောက်မှ ဖြစ်ရလေခြင်းရယ်လို့ ရင်ထဲမယ်တော့ တမျိုးကြီးပေါ့။ ဒီလိုမျိုး ခံစားကြရတာကလဲ ဒို့နိုင်ငံ ဒို့လူမျိုး ဒို့ယဉ်ကျေးမှုကို ကမ္ဘာက အသိအမှတ်ပြု အထင်ကြီး လေးစားစေလိုစိတ်တို့ ပြည့်သိပ်နေလို့သာ ဖြစ်ပါတယ်။ အာဏာရှင်လိုမျိုး အုပ်ချုပ်တဲ့ အချိန်မှာတို့၊ အရည် အချင်းမရှိတဲ့သူတွေ ကြီးစိုးတဲ့ခေတ်မှာတို့ဆို ဒီလိုမျိုး သောက်စားကြ မူးယဇ်တတ်ကြ၊ လောင်းကစားမှုတွေ နှင့် တစ်ရုံးရုံး ဖြစ်တတ်ကြတယ်တဲ့။ နိုင်ငံရေးကို စိတ်မဝင်စားနိုင်စေဖို့ ဒီလိုဖြစ်အောင်လဲ အဲဒီလိုလူမျိုးတွေက ဖန်တီးတတ်ကြတယ်လို့ နိုင်ငံရေး သုခမိန်ဆန်ဆန် ဝေဖန်သုံးသပ်သံတွေကို ဘုန်းကြီးကျောင်း အုတ်တံတိုင်းတွေ ကြားကတောင် ကြားနေရပါတယ်။ စာရေးသူကတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာသင်ယူဖူးတာလဲ မဟုတ်၊ နိုင်ငံရေးသမိုင်းတွေကို ကျေနေအောင် လေ့လာထားဖူးတာလဲ မဟုတ်လို့ ဒီလိုတွေ တမင် ဖန်တီးတတ်တယ်ဆိုတာ ဟုတ် မဟုတ် အသေအချာတော့ မသိပါဘူး။ ဒီနှစ်တော့ ဒို့နိုင်ငံမှာလဲ အရက်ကြော်ငြာတာတွေ ပိတ်ပင်တယ်လို့ ကြားရပြန်တော့ စိတ်သက်သာခွင့် နဲနဲတော့ ရပါရဲ့။
ဘာပဲဖြစ်နေပါစေ။ ဗုဒ္ဓယဉ်ကျေးမှုကနေ ဆင်းသက်လာပြီး ဘာသာ ရေးနှင့်ပါတွဲပြီး ကျင်းပ ဆင်နွှဲလာခဲ့ကြတဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ရိုင်းရာယဉ်ကျေးမှုပွဲတော်လို့ ပြောပ လောက်အောင်ကို ဖြစ်ပျက်လာနေတာကတော့ မကောင်းတာ အသေအချာပါပဲ။ ဒါကြောင့်လဲ ရိုးရာ ယဉ် ကျေးမှုကို ထိန်းသိမ်း ဖော်ထုပ်တဲ့ ဒီပွဲမှာ လာရောက်ပါဝင် ဆင်နွဲသူများ အားလုံးကို အရက်သေစာ သောက်စားမူးယဇ်ခြင်း လုံးဝ မပြုလုပ်ရန် အထူးမေတ္တာရပ်ခံထားပြီး ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြရန် ဖိတ်ကြားထားတာ တွေ့ရပါတယ်။ မူးနေတာတွေ့ရင် ဘယ်ကပဲ သောက်လာသည်ဖြစ်စေ၊ သင်္ကြန်ကော်မတီက အနူးအညွတ်တောင်းပန် မေတ္တာရပ်ခံပြီး အငှါးကားနှင့် ပြန်ပို့ပေးဖို့ထိကို ကြိုကြိုတင်တင် စီစဉ်ထားကြောင်း သိရသလို စင်္ကာပူ ရောက် မြန်မာများကလဲ အလွန်ယဉ်ကျေးစွာ ပူးပေါင်းပါဝင်ဆင်နွှဲကြတာကို တွေ့မြင်ရပါတယ်။ ဒီလို ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိ လုပ်ဆောင်ကြမှလဲ အခြားသူများက မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုနှင့် လူမျိုးကို လေးစားကြမှာ မဟုတ်ပါလား။ ဩော် . . . ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို ကိုယ်မှ မြတ်နိုး တန်ဖိုး ထားမှု မရှိရင် ဘယ်သူကများ မြတ်နိုး လေးစား တန်ဖိုးထားပါလိမ့်။ ?????
အသိတရား၊ သတိတရားတို့ဖြင့် ရိုးရာ၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းနိုင်ကြပါစေ။ လူသစ် စိတ်သစ် စွမ်းအားသစ်တို့ဖြင့် ကြံစည် ပြောဆို လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး အစစ အရာရာ တိုးတက် အောင်မြင်ခြင်း မင်္ဂလာအပေါင်း ခညောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆန္ဒပြု နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဘုန်းဥာဏ်
(ခေတ္တ) ဆမ်ဘာဝမ်၊ စင်္ကာပူ။
၁၃၊ ၀၄ ၊ ၂၀၁၀။
No comments:
Post a Comment