Pages

Apr 26, 2010

မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ (၂)


(ပိုဒ် ၂၀၀)။ ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီး ငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်း ကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏။

(ပိုဒ် ၂၀၂)။ မစွေ မစောင်း၊ မှန်လမ်းကြောင်းဖြင့်၊ ထိန်းကျောင်းသတိ၊ စောင်းကြိုးညှိသို့၊ စောင့်ဘိပညာ၊ မလစ်ရာဘူး၊ မင်းမှာ ကပ်နေ၊ လူမွှေယောက်ျား၊ မင်းစေများတို့၊ လျှပ်ဝါးသမှု၊ ပေါက်လွတ်ပြုက၊ ပြည်သူ့မီးဖွား၊ ဟူတုံငြား၏၊ ပြည်သားပြည်သူ၊ ကျွတ်ကျွတ်ဆူအောင်၊ လောင်ပူ မချမ်း၊ စိတ်ဝမ်းမသာ၊ ဖြစ်တတ်စွာ၏။

(ပိုဒ် ၂၀၄)။ မာန်ပြင်း ဝေကာ၊ လွန်တင်းမာ၍၊ ပညာမရှု၊ ကဲမပြုနှင့်၊ ရာဟုစက်အိမ်၊ နဝင်းကြိမ်လျက်၊ မိုးတိမ်ဆီးနှင်း၊ အုပ်မိလျှင်းကား၊ နေမင်း လမင်း၊ လေးကျွန်းဝင်းလည်း၊ မလင်းနိုင်ရာ၊ ညှိုးကြစွာ၏။

(ပိုဒ် ၂၁၂)။ လူတို့ကိစ္စ၊ လူ့လောကနှိုက်၊ ပြုသမျှမျိုး၊ ပြစ် အကျိုးတို့၊ ကောင်းဆိုး အတိ၊ မြဲမယှိဘူး၊ လောကီ့ထုံးစံ၊ လောကဓံကား၊ မကြံလည်းဖြစ်၊ ကြံလည်းနစ်၏၊ စင်စစ်မှတ်သား၊ မယုံမှားနှင့်၊ ယောက်ျားတကာ၊ အားထုပ်ရာသည့်၊ ကြီးစွာလုံ့လ၊ ဝါယာမမူ၊ မချကောင်းချေ၊ မလွတ်စေနှင့်၊ မသေမချင်း၊ ပြုအပ်နှင်း၏၊ မယွင်းမှန်လှ၊ ဤလောကနှိုက်၊ လုံ့လမမူ၊ နတ်မကူဘူး၊ လူလည်းလုံ့လ၊ နတ်လည်းမ၏။

(ပိုဒ် ၂၂၁)။ မိမိကိုယ်ကို၊ ကြီးပွားလိုက၊ အတိုမပြု၊ အရှည်ရှုလော့။

(ပိုဒ် ၂၃၆)။ ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့။

(ပိုဒ် ၂၄၅)။ ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်နှိုက်၊ ဥာဏ် ဝီရိယ၊ ပယောဂတည့်၊ ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်ဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏။ လုံ့လမထူ၊ ဥာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလဲကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဥာဏ်ဖြင့်၊ သင့် မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ယှိအပ်စွတည်း၊ တံငါ့လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင် ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော့။

(ပိုဒ် ၂၄၆)။ ယွင်းဘောက်သမ္မာ၊ ယူမိစ္ဆာနှင့်၊ ပညာမဲ့သူ၊ လူဟူသမျှ၊ လူ့ဗာလတို့၊ မိဘ ဆရာ၊ ဆုံးမပါလည်း၊ တမာသို့ ခါး၊ နားနှိုက်မသာ၊ မလိုက်နာဘဲ၊ လိုရာမြှောက်ငြား၊ သူ့စကားသာ၊ ပျားသို့ချိုပြီး၊ နားမငြီးဘူး၊ ဘေးကြီးရောက်မှ၊ မိမယ်တ၍၊ ထိုဗာလဆိုး၊ လူမိုက်မျိုးတို့၊ ကိုးရာမထင်၊ မိုးမမြင်ခဲ့။

(ပိုဒ် ၂၄၉)။ ပယောဂစက်၊ ပျက်သည်သူအား၊ လူကိုထား၍၊ ဘုရားသော်မှ၊ ကယ်မရဘူး။

(ပိုဒ် ၂၅၀)။ ပညာယှိမြတ်၊ ဗောဓိသတ်တို့၊ နက္ခတ်ယှဉ်ရာ၊ အခါဖင့်နှေး၊ နေ့မရွေးဘူး၊ အရေးလက်ရောက်၊ မျက်မှောက်ကျိုးထင်၊ ရခြင်းပင်သာ၊ ဤလျှင်သင့်မြတ်၊ ကောင်းနက္ခတ်တည့်၊ အမှတ်မသွေ၊ မလွန်စေနှင့်။

(ပိုဒ်၂၅၄)။ မောဟပိတ်ဆို့၊ ပညာချို့သည့်၊ လူတို့ ဥစ္စာ၊ များတုံပါလည်း၊ မဟာသမုဒ်၊ ရေအစုတ်သို့၊ သောက်ထုတ် သုံး ချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုးမရ၊ ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ ဗိုလ်ခြေအားလုံး၊ သောက်သုံးချမ်းသာ၊ ပြီးတတ်စွာရှင့်၊ သဒ္ဓါမရှေး၊ မပေးမလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော်ဌာန၊ဤလောကနှိုက်၊ စိတ်ကကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊ မင်္ဂလာလွန်မြတ်၊ ဖြစ်သတတ်ရှင့်။

(ပိုဒ် ၂၅၅)။ အလောင်းတို့နှယ်၊ မေတ္တာကြွယ်၍၊ ကယ်ဆယ်တတ်ငြား၊ သူတို့အားလည်း၊ ပြစ်မှာ ဘယ်ခါ၊ မပြုရာဘူး၊ ပြုပါတတ်သူ၊ လူ မဟူဘူး၊ လူတွင်ယုတ်မာ၊ မိုက်ဆုံးစွာတည့်၊ ပညာ မယှဉ်၊ အကတညု၊ လူ့ပါပိယ၊ ဟူသမျှကား၊ မိဘကိုလျက်၊ ကျေးဇူးဖျက်၍၊ အပျက်ကိုသာ၊ ပြုတတ်စွာခဲ့၊ မိစ္ဆာယွင်းခွ၊ ထိုဗာလကို၊ သားလှ လိမ္မာ၊ ကွင်းသွေခွါလော့၊ ဒုရာဇီဝ၊ ဒုစာရနှင့်၊ သီလငါးပါး၊ လူ့တရားကို၊ ပယ်ယှား မကြိုက်၊ ထိုသူမိုက်လည်း၊ လူနှိုက် လူရာ၊ မဝင်စွာတည့်။

(ပိုဒ် ၂၅၆)။ လူ့ပြည်ဘဝ၊ လူ့လောကနှိုက်၊ ထကြွရေးရာ၊ လိမ္မာစွာနှင့်၊ ဘွေရှာရငြား၊ ဥစ္စာများကို၊ ပျက်ပြားမပျောက်၊ ယွင်းမထောက်အောင်၊ စောက်ရှောက်နိုင်ထ၊ သီလ သဒ္ဓါ၊ ပညာယှိပေါင်း၊ မိတ်ကောင်းအမြဲ၊ မှီဝဲပေါင်းဖော်၊ မမော် မကြွား၊ ပလွှား မဝါ၊ မျှကာသက်မွေး၊ ကျင့်ရေး စတု၊ ဤလေးခုတို့၊ ယခု ဒိဋ္ဌ၊ ပစ္စက္ခနှိုက်၊ ဟိတချမ်းသာ၊ ပွားကြောင်းလာ၏၊ သဒ္ဓါ သီလ၊ စာဂ ပညာ၊ ဤလေးဖြာမူ၊ နောင်လာ သုခ၊ ရအံ့ အကြောင်း၊ မှန်တုံရှောင်းဟု၊ ဂုဏ်ပေါင်းထွတ်တင်၊ သုံးလူ့ရှင်တို့၊ မိန့်ကျင်မုချ၊ ဟောကုန်ကြ၏။ ဒိဋ္ဌ တမလွန်၊ ကျိုးနှစ်တန်ကို၊ အမှန်မုချ၊ မမြင်ကလျှင်၊ အန္ဓစက္ခု၊ လူဟုမည်ကာ၊ ပညာမျက်စိ၊ မယှိဖြစ်ဆန်း၊ နှစ်ဘက်ကန်းတည့်၊ လူမှန်းသိရုံ၊ ကံမယုံပဲ၊ မစုံမလင်၊ မျက်မှောက်တွင်သာ၊ အမြင်ဒိဋ္ဌ၊ တဘက်လှကား၊ ဧက စက္ခု၊ နှစ်စုအကျိုး၊ စုံပြည့်ဖြိုးအောင်၊ ထိုးထိုးထွင်းထွင်း၊ မြင်တတ်လျှင်းမူ၊ ထိုသသူကို၊ လူတွင် ပဏ္ဍိ၊ မည်ယှိခေါ်ပြု၊ ဒွိ စက္ခုတည့်၊ မောင်ပုရွှေစင်၊ ဘသက်တင်လည်း၊ အမြင်မျက်စိ၊ နှစ်ဘက်ရှိအောင်၊ သတိသမ္မာ၊ မကင်းကွာဘဲ၊ ပညာဝမ်းတွင်၊ အမြဲထင်၍။ ။ ဆင်ခြင် တိတ်တွေး စာနာတည်း။

(ပိုဒ် ၂၆၀)။ မိစ္ဆာ မောဟ၊ မှောင့်နယ်ကျလျက်၊ ချို့ကတထူး၊ ကံစုန်းပြူးနှင့်၊ ဉာဏ်ရူးမွဲတေ၊ လူရှုပ်တွေလည်း၊ ကဝေနတ်မော်၊ ရူးဆေးဘော်၍၊ အကြော်တငြာ၊ ငါဆရာဟု၊ ပညာယောင်ဝါး၊ မြင်းမိုရ်ဖျားက၊ သိကြားကိုမျှ၊ အနေရအောင်၊ ခေါ်ချနိုင်ကြောင်း၊ ဟူတုံရှောင်း၏၊ ဆေးကောင်းစွမ်းအန်၊ မန္တာန်သတ္တိ၊ သိဒ္ဓိပြီးယောင်၊ ဟန်ဆောင်ဝါကြွား၊ ထောင်ပလွှားလျက်၊ စိတ်ကား ဣန္ဒာ၊ နှုတ် ဝိဇ္ဇာတည့်၊ ကိုယ်မှာ ဖွတ်လား၊ ခေါင်းစုတ်ဘွားနှင့်၊ ခေါင်းပါး မွဲပြာ၊ ဆင်းရဲစွာ၏၊ သမ္မာဝါယာ၊ သမ္မာသင်္ကပ်၊ မစပ်တရား၊ ကောင်းကြံယှားတိုင်း၊ ကြိုးစား ပမ်းစား၊ လူဝိုးဝါးတို့၊ မပွားပညာ၊ ချည်းနှီးသာတည့်၊ ထင်ရာမှန်းလျက်၊ မျက်ကန်း လမ်းသွား၊ ပြုတုံငြားလည်း၊ မှန် မှား မသိ၊ ကျိုးမယှိရှင့်၊ ဝိစိကိစ္ဆာ၊ များရုံသာဖြင့်၊ အဝိဇ္ဇာတုံး၊ မြင်းမိုရ်ဖုံးသို့၊ လုံးလုံး မသိ၊ မောဟဘိ၏။ 

(ပိုဒ် ၂၆၁)။ လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင် ကြောက်လော့၊ ရှေ့ နောက် မဆ၊ လူ့ဗာလတို့၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး ပြစ်၊ စိစစ် မြှော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက် ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။

အမှာစကား။ အလျဉ်းသင့်သည့် အခါ ဆက်လက် ကောက်နှုတ် တင်ပြပါဦးမည်။


ဘုန်းဥာဏ်
Sembawang, Singapore
28/04/2010

2 comments:

TomiRomig0221 said...

來問個安,誰不支持這個部落格,我咬他........................................

ဘုန်းဉာဏ် said...

I'm sorry. I've no idea what you said. Anyway, thanks for your comment.