Pages

Apr 26, 2010

မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ (၁)


မဃဒေဝမလင်္ကာကျမ်းသည် မန်လည်ဆရာတော်ကြီး၏ စာပေလက်ရာများအနက် အကျော်ကြားဆုံး ကျမ်းဖြစ်သည်။ ကျမ်းနာမည် အပြည့်အစုံမှာ "မဟာသုတကာရီ မဃဒေဝလင်္ကာသစ်" ဖြစ်သည်။ ဤလင်္ကာသစ်ကို ငယ်ရွယ်စဉ် ပညာသင်ကြားစဉ် အချိန်ကပင် အထူး ကြည်ညိုခဲ့ရသည့် နေမိဇာတ်တော်လာ မဃဒေဝမင်း၏ အဋ္ဌုပ္ပတ္တိကို အကျယ်ချဲ့၍ လင်္ကာဖြင့် ဝေဝေဆာဆာ ရေးသားခဲ့ခြင်းဖြစ်သည်။

ဤလင်္ကာသစ် ပထမစာမူကို ၁၂၆၉ ခုနှစ်တွင် မန္တလေးမြို့ ရတနာဒီပံ စာပုံနှိပ်တိုက်က ပထမဆုံး ပုံနှိပ်သည်။ ဒုတိယစာမူကိုမူ ၁၂၇၆ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်က ပုံနှိပ်ဖြန့်ချီခဲ့သည်။ ဆရာတော်သည် စာမူကို ၁၂၈၁ ခုနှစ်တွင် ထပ်မံ ပြင်ဆင် ဖြည့်စွက်ခဲ့သည်။ ယင်းမူသည် တတိယမူဖြစ်လာသည်။ မန္တလေးမြို့ ရွှေရေးဆောင်တိုက် တိုက်အုပ်ဆရာတော် ဦးစန္ဒိမာ ကြီးကြပ်၍ ပေထက်အက္ခရာတင်ခဲ့သည်။ ၁၂၈၁ ခု နတ်တော်လဆန်း (၁၃) ရက်နေ့ (၃) နာရီ အချိန်တွင် ပြီးဆုံကြောင်း ယင်း တတိယစာမူကိုပင် ပုံနှိပ်ထားကြောင်း စာအုပ်၏ နိဒါန်းတွင် မာန်လည်စာပေ စောက်ရှောက်ရေး အဖွဲ့က ပုံနှိပ်မှတ်တမ်းအဖြစ် တင်ပြထားသည်။ ယခု စာရေးသူ ကောက်နှုတ်ရာတွင် သုံးသည့် စာအုပ်သည်လည်း မာန်လည်စာပေ စောက်ရှောက်ရေး အဖွဲ့က ၂၀၀၈ ခုနှစ်တွင် အဋ္ဌမအကြိမ်မြောက် ရိုက်နှိပ်ထုပ်ဝေခဲ့သည့် စာအုပ်ဖြစ်ပါသည်။

ကျမ်းပြုဆရာတော်ကို မြန်မာသက္ကရာဇ် ၁၂၀၃ (ခရစ် ၁၈၄၂) တွင် မန်လည်မြို့၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ မြို့စာရေးကြီး ဦးတင်နှင့် ဇနီး ဒေါ်ဖြေတို့ ဖြစ်သည်။ ၁၂၈၂ ခု (ခရစ်နှစ် ၁၉၂၀)၊ သက်တော် (၇၉)၊ ဝါတော် (၅၉) တွင် ပျံလွန်တော်မူသည်။ ဆရာတော်သည် ပိဋကတ်ကို နိုင်နင်းတတ်ကျွမ်းရုံမျှ မက ဘင်္ဂလီ၊ နာဂရီ၊ ဆင်ဟလ (သီရိလင်္ကာ ဘာသာစကား) စသည့် ဘာသန္တရတို့ကို တတ်ကျွမ်းတော်မူသည်။ ထို့ပြင် ဇာတ် နိပါတ၊ ရာဇဝင်၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ကျမ်းများကို တဖက်ကမ်းခတ် တတ်မြောက်တော်မူကြောင်း "မဃဒေဝလင်္ကာကျမ်း" ကို သေသေချာချာ ဖတ်ကြည့်ပါက သိနိုင်သည်။ (ယခု ကောက်နှုတ်ချက်များတွင်ကား ထိုဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ကျမ်းဆိုင်ရာများ ပါဝင်ကောင်းမှ ပါဝင်ပါမည်)။

ဆရာတော်သည် "အထက် မန်လည်၊ အောက် လယ်တီ" ဟု မော်ကွန်းထိုးရလောက်အောင်ပင် ကျော်ကြားတော်မူပါသည်။ ပတ္တမြားရွှေဂူကို ဝက်များက ညွန်လူး ပွတ်တိုက်သော်လည်း မညစ်သည့်အပြင် ပိုမို၍ အရောင်ထွက်ကြောင်း ငါးရာငါးဆယ် ဇာတ်တော်လာ (၂၈၅) ဇာတ်မြောက် "မဏိသူကရ" ဇာတ်ကိုယူ၍ ရေးဖွဲ့ခဲ့သော "ပတ္တမြား ရွှေဂူ" လေးဆစ်ကဗျာကို လက်ရှိ နဝမတန်း မြန်မာကဗျာ လက်ရွေးစင်တွင် ထည့်သွင်းထားရာ ဆရာတော်ကို ခုခေတ်လူငယ်များလည်း သိကြပါသည်။ 

မဃဒေဝလင်္ကာသစ်ကျမ်းနှင့် ပတ်သက်၍ နှစ်ဖက်လှ ဆရာ ဦးကျော်လွင် (သ၊ စ၊ အ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ) က "ဆရာတော်ခေါ်ခံရတိုင်း ဆရာတော်ဖြစ်တာ မဟုတ်ဘူး။ တကယ် ဆရာတော်ဖြစ်ချင်ရင် မဃဒေဝကျမ်းကို ကျေနေအောင် လေ့လာထားပါ" လို့ မြန်မာစာပို့ချရင်း ပြောခဲ့သည်ကို (ကိုယ်မလေ့လာမိသော်လည်း) သတိရမိသည်။ နိကာယ်ငါးရပ် ပိဋကတသုံးပုံအပြင် ဂန္ထန္တရ ကျမ်းများစွာတို့မှ အဆီအနှစ်တို့ကို ထုပ်ပြီး သိပ်သည်း ကျစ်လစ်စွာ ထည့်သွင်းထားသောကြောင့်  ဆရာ ထိုသို့ ပြောခြင်းဖြစ်မည်ဟု ထင်ပါသည်။

ဤစာအုပ်ကို အပိုင်း (၆) ပိုင်းဖြင့် ဖွဲ့စည်းထားသည်။ ထိုအပိုင်းများမှ ဒုတိယပိုင်း (၅) သံဝေဂါကာရအခမ်းနှင့် တတိယပိုင်း (၃) ပုတ္တောဝါဒခမ်းမှ ကောက်နှုတ်ထားပါသည်။ ယင်းတို့မှ တဖန် သံဝေဂါကာရအခန်းမှ ကောက်နှုတ်ချက်များကို အမှတ် (၁) ပို့စ်အဖြစ် တင်လိုက်ပါသည်။ 

ရှင်းလင်းမြင်သာသည့် ဥပမာ၊ တောက်ပြောင်သည့် စကားလုံး၊ ချောမောသည့် အထုံးအဖွဲ့၊ လေးနက်သည့် အဓိပ္ပါယ် စသည်တို့ဖြင့် ပြည့်လျမ်းနေသည့် ဆရာတော်ကြီး၏ လင်္ကာများကို နှစ်သက် သဘောကျမည်ဟု မျှော်လင့်ပါသည်။

ဖတ်ရှု ဆင်ခြင် အသိဉာဏ် ဝင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်
ဘုန်းဉာဏ်
ခေတ္တ စင်္ကာပူ
၂၇၊ ၀၄၊ ၂၀၁၀

 
မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ
(ပိုဒ် ၁၃၁)။ လိပ်ခဲမည်စွာ၊ ဤခန္ဓာ၌၊ သာယာယိမ်းယိုင်၊ မတိမ်းနိုင်ဘဲ၊ စွဲကိုင်အတ္တ၊ သက္ကာယဖြင့်၊ ဝါဒပြင်းစွာ၊ တငါငါနှင့်၊ တဏှာယောက်ျား၊ လက်သမားလျှင်၊ ဆောက်ငြားကြိမ်ကြိမ်၊ ခန္ဓာအိမ်ကို၊ စည်းစိမ်မှတ်ပြု၊ ကိုယ်ဟုမှတ်ထင်၊ တခင်ခင်တည့်။

 
(ပိုဒ် ၁၃၉)။ ဇရာညီးပြောင်၊ မီးကြီးလောင်လျက်၊ အကောင်ပမာ၊ ဆောင်ရုပ်ဝါနှင့်၊ ငါးဖြာပဉ္စက်၊ ခန္ဓာပျက်ကို၊ သန်လျှက်မိုးချီ၊ မမီမချင်း၊ ငြိုးထားခြင်းဖြင့်၊ အတင်းမကွာ၊ နောက်ထပ်ပါ၍၊ တွေ့ရာသင်းချိုင်း၊ ရပ်မဆိုင်းဘဲ၊ ပိုင်းအံ့ဆတ်ဆတ်၊ လိုက်နေတတ်သည့်၊ သူသတ်ယောက်ျား၊ ရန်သူလားသို့၊ တရားချက်ကျ၊ ပစ္စက္ခဖြင့်၊ လက်ရကိုင်မိ၊ ဒိဋ္ဌသိ၍၊ မချိမဆန့်၊ ပျော်မဝံ့အောင်၊ လတ္တံ့တျားတျား၊ သေမင်းအားကို၊ သောက်စားငံ့ရည်း၊ နေရချည်းဟု၊ ခိုက်ခြည်းစိုက်ခြည်း၊ အမြင်သည်းလျက်၊ လက်တည်းမကွာ၊ အမြဲသာလျှင်၊ မရဏာသတိ၊ ထင်ဘိရကား။

 
(ပိုဒ် ၁၄၁)။ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ အပါယနှင့်၊ ဒုက္ခမဆိတ်၊ အတိတ် နာဂတ်၊ ခုဝတ္တမာန်၊ ပစ္စုပ္ပန်ဟု၊ ရှစ်တန်ဝတ္ထု၊ သံဝေစုတွင်၊ အိုမှု ဇရာ၊ ရောက်ခြင်းရာ၌၊ မဟာသံဝေဂ၊ မိုးကြိုးကျသို့၊ ကြီးလှရှိန်စော်၊ ရွှေဥာဏ်တော်ဝယ်၊ ရှုမျှော်မယုတ်၊ ယထာဘုတ်ဖြင့်၊ သမုဒ်ရေလှိုင်း၊ စံတုနှိုင်းအောင်၊ ဟုတ်တိုင်းမှန်စွာ၊ ထင်တော်စွာ၏။ အာကာကောင်းကင်၊ စမထင်သို့၊ ဤသင်္ခါရ၊ ဟူသမျှလည်း၊ နစ္စ ဓူဝ၊ သဿတဖြင့်၊ ထာဝရမြဲရာ၊ မယှိစွာဘူး၊ ပေမှာတသီး၊ တသက်ပြီးလျက်၊ ကျီးတသားပေါက်၊ နောက်၌မလာ၊ တကြိမ်သာသို့၊ ဇရာ မရဏ၊ ဤဓမ္မလည်း၊ တဘဝမှာ၊ ဓမ္မတာလှိုင်း၊ သတ္တဝါ ထိုထို၊ တကြိမ်အိုက၊ နောက်ကိုတလည်၊ ပျိုသည်မယှိ၊ သေသည်ထိတည့်၊ သေပြီးနောက်မှာ၊ ဘန်တခါမျှ၊ ပြန်လာ ရှင်လာ၊ မယှိစွာဘူး။ . . . ဝိဇ္ဇာဇော်ဂျီ၊ တပသီနှင့်၊ လောကီဣဒ္ဓိပါဒ်၊ လွန်ကြီးမြတ်သည့်၊ မိုးနတ်ဗြဟ္မာ၊ ဖြစ်စေကာလည်း၊ ပညာဆေးဝါး၊ မန္တြရားဖြင့်၊ ကုစားအရိုး၊ တန်ခိုးဘန်ဆင်း၊ အို သေခြင်းမှ၊ ရှောင်ကွင်းဘယ်မှာ၊ လွတ်နိုင်ရာလိမ့်။

 
(ပိုဒ် ၁၄၂)။ ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍ မပျို၊ အိုသာအိုခဲ့၊ ပျက် ပြိုမဆိတ်၊ တညိတ်ညိတ်ဖြင့်၊ တမှိတ်မစဲ၊ တည် မမြဲရှင့်၊ ဘောက်လဲ ဖြစ်ချုပ်၊ မီးဟုပ်ဟုပ်သို့၊ နာမ် ရုပ် နှစ်ခု၊ ပစ္စည်းပြု၍၊ ပေါင်းစု ဖြစ်ကြ၊ သင်္ခတဟု၊ သဘာဝမျိုး၊ ကောင်း အဆိုးဖြင့်၊ ကြောင်း ကျိုးမျှသာ၊ ထင်စပါ၏၊ အကာအတိ၊ နှစ်မရှိကြောင့်၊ ပကတိကိုယ်၊ မတည်လိုဘူး။ ပုဂ္ဂိုလ် အထု၊ ထိုအစုတွင်၊ အာယု ပုည၊ ခယနှစ်မှာ၊ တဖြာဖြာကြောင့်၊ ဗြဟ္မာတို့အား၊ စုတိငြား၏၊ နှစ်ပါးမည်ထ၊ ထိုခယ၌၊ ဟာရ ကောပါ၊ ထည့်၍သာလျှင်၊ လေးဖြာအပေါင်း၊ နတ်သေကြောင်းတည်း၊ ၎င်းထိုမှ၊ မနုဿကား၊ ခယနှစ်ချက်၊ ဥဘယက်နှင့်၊ လက်နက်ဟူပေ၊ ဥပစ္ဆေဖြင့်၊ လေးထွေအလို၊ လေကြောင်းဆို၏၊ ထိုထိုသေခြင်း၊ မကင်းသတ္တ၀ါ၊ သေကြရာနှိုက်၊ ဝိဇ္ဇာ သိပ္ပ၊ ဣဒ္ဓိစသား၊ ထိုမျှအားလုံး၊ လက်ချဆုံး၏၊ သုံးဆယ့်တစ်ထပ် ဘုံအရပ်ဝယ်၊ မလပ်များစွာ၊ ကျင်လည်ပါသည့်၊ သတ္တဝါ မြတ် ယုတ်၊ ထိုအစုတ်ကား၊ သမုဒြာ၊ စက္ကဝါနှင့်၊ မဟာပထဝီ၊ မေဒနီ မြင်းမိုရ်၊ ယုဂန္ဓိုရ်တို့၊ ပျက်ပြို ဘန်ဘန်၊ ကြိမ်ကြိမ်ပြန်လဲ၊ အလွန်မြဲလှ၊ ခိုင်ခံ့စွသား၊ မူလ နှစ်မြွှာ၊ အဝိဇ္ဇာနှင့်၊ တဏှာမြစ်ငုတ်၊ ရင်းမပြုတ်၍၊ မြတ် ယုတ် ဘဝ၊ ဇာတိရက၊ အိုကြသေကြ၊ မနေရဘူး၊ လူက နတ်က၊ ဖြစ်သမျှပင်၊ မြင်သမျှမျိုး ၊ ဒုက္ခအိုးတည့်၊ လိုစိုးပိုင်ပိုင်၊ တည်မခိုင်ခဲ့၊ မခံနိုင်ပျက်၊ မပျက်နိုင်ခံ၊ ဝဋ်ထုံးစံရှင့်၊ တရံကိစ္စ၊ မသွေရဘူး၊ ဒုက္ခမြဲစွာ၊ ဓမ္မတာဖြင့်၊ ဇရာ မရဏ၊ ဆုံးဌာနဟု၊ဘဝစက်ဝိုင်း၊ ဤဆစ်ပိုင်းကား။        ။ဖြစ်တိုင်းရောက်နေ ခရီးတည်း။

 
(ပိုဒ် ၁၄၃)။ ကာယဟူဘိ၊ နားမျက်စိနှင့်၊ ဣတ္ထိ ပုရိသ၊ ဖြစ်လာကြတိုင်း၊ ရုက္ခသီးပွင့်၊ ခါမလင့်ဘဲ၊ ရင့် တဖုတ်ဖုတ်၊ ကင်း ဖြုတ်ဖြုတ်ဖြင့်၊ ညှာပြုတ်ကြွေကျ၊ မမြဲကြသို့၊ ဘဝပျက်ပြို၊ လူထိုထိုကား၊ ရွယ်ပျို ရွယ်လတ်၊ ကျန် မလွတ်သည်။    ။မချွတ်သေအံ့ အပြီးတည်း။

No comments: