ဒီဘလော့ဂ်မှာ "A Blogger's Notes" ဆိုတဲ့ အခန်းလေး တစ်ခုလဲ ရှိပါတယ်။ ရည်ရွယ်ချက် ကတော့ မိမိ ဖတ်မိ ဖတ်ရာတွေထဲက သုတ၊ ရသ မခွဲခြားပဲ ကောင်းနိုးရာရာ တွေကို "မှတ်စု" အဖြစ် တင်ထားဖို့ပါ။ ဒါပေမဲ့ များများကြီး မတင်ဖြစ်ခဲ့ပါဘူး။ မှတ်ထားတာ လေးတွေတောင် ဟုတ်တိပတ်တိ တင်ဖြစ်ခဲ့တာ မဟုတ်ဘူးလေ။
စာချစ်သူ ရှုစား နေတဲ့ ဒီဘလော့ဂ်မှာ စာဖတ်သူအတွက် အကျိုး အရှိဆုံး စိတ်အချရဆုံး ခေါင်းစဉ်ကို recommendation လုပ်ပါဆိုရင် "ဘလော့ဂါ တစ်ယောက်ရဲ့ မှတ်စု" က လွဲရင် အခြားမရှိ ပါဘူး။ ကိုယ် ဖတ်မှတ် နေရတာတွေ နှင့် ဒီဘလော့ဂ်မှာ တင်ချင်တာ တင်သင့်တာတွေနှင့်က သင့်တော်လှတာ မဟုတ်လို့ များများကြီး တင်ထား မပေး နိုင်ပေမဲ့လဲ တင်ထားပြီး တာတွေကတော့ စာချစ်သူ အကြိုက်တွေ့မယ်လို့ ရဲရဲကြီး မျှော်လင့်မိပါတယ်။
ဒီတစ်ခါ ပို့စ်တင်လိုက်တာကတော့ ဆရာ ငွေဥဒေါင်းရဲ့ "ဗုဒ္ဓစာပန်းချီ" ဒုတိယတွဲမှာ ပါတဲ့ "မိုက်မှောင်ကင်း သောည" မှ ကောက်နှုတ် တင်ပြချက်ပါပဲ။ စာပန်းချီဆိုတဲ့ အတိုင်း ချယ်သထားလိုက်ပုံကတော့ စွဲမက်စရာ လေးပါ။ ကြည့်သောသူဟာ ဒါထက်လဲ အများကြီး ပိုလို့ပိုလို့ မြင်ပါနိုင်ပါတယ်။ ကြည့်သောသူ မြင်၍ မြင်သော သူ ကျင့်သုံး လိုက်နာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ဘုန်းဉာဏ်
၂၄၊ ၀၃၊ ၁၀
Sembawang, Singapore
မိုက်မှောင်ကင်းသောည
ခက်လှချေသည်။
တပည့်မှားလျှင် ဆရာက ပြုပြင်သည်။ သားသမီးမှားလျှင် မိဘက ပြုပြင်သည်။ လူငယ်မှားလျှင် လူကြီးက ပြုပြင်သည်။
လူကြီးမှားသောအခါ မည်သူက ပြုပြင်မည်နည်း။ ထို့ထက် ဘုရင်မှားလျှင် ပြုပြင်ရန် သာ၍ ခက်သည်။
အမှားဆိုသည်မှာ မသိ၍ မှားခြင်းလည်း ရှိ၏။ သိလျက်ဖြင့် မှားခြင်းလည်း ရှိ၏။ သိလျက်ဖြင့် မှားသော အမှားမျိုးကို လူကြီးများသာ လုပ်တတ်ကြသည်။
မသိသောအမှားကို ပြင်ဖို့ လွယ်သေး၏။ သိလျက်ဖြင့်မှားသော အမှားကိုကား ပြင်ဖို့ ခက်လှ၏။ ယခုမူ တိုင်းပြည်၏သခင် ဘုရင်ကိုယ်တိုင် မှားနေ၍ ပို၍ ခက်လှချေသည်။ ရိုးရိုးမှားယုံမျှ မဟုတ်။ ဖခင် သူတော်ကောင်းကို သတ်ပစ်သည်အထိ မိုက်မိုက်ကန်းကန်း မှားမိသည်။
အမှားကို အမှားမှန်းသိ၍ သတ်လိုက်သည်ကိုပင် ရဲရဲမသတ်ဝံ့။ ပရိယာယ်ဆင်၍ သတ်သည်။ ထောင်သွင်း၍ အစာငတ်ထားသည်။ ဖြေဖဝါးကို ဓားဖြင့်ခွဲ၍ မီးရဲရဲဖြင့် ကင်စေသည်။
ဤမျှဆိုလျှင် သူ့ကို သိလောက်ပေပြီ။ သူကား "အဇာတသတ်" တည်း။ဘုရင်ကိုယ်တိုင် မှားသောအခါ ဘယ်သူမှ မပြင်နိုင်၊ မပြင်ဝံ့။ ပြင်မည့်သူ မှန်သမျှ တပ်လန်သွားကြရသည်။ ပညာရှိ မူးကောင်း မတ်ကောင်းမှန်သမျှ နောက်သို့ ဆုတ်ကြရသည်။
သို့ရာတွင် ဘယ်သူ၏ ပြုပြင်ဆုံးမမှုကိုမျှ မနာခံခဲ့သော်လည်း မမျှော်လင့်သော နေရာမှ ဆုံးမနိုင်မည့် သူ ပေါ်ပေါက်လာသည်။ ထိုသည်ကား ရင်သွေးရင်နှစ်ကလေး ပေါက်ဖွားလာခြင်းပင် ဖြစ်၏။
အဇာတသတ်သည် မိမိရင်သွေးရင်နှစ် ပေါ်ပေါက်လာသည့်အခါတွင်မှ မိဘ၏မေတ္တာကို နားလည်လာသည်။ ကိုယ်ချင်းစာလာမိသည်။ သူကား လူပေါင်းမှား၍ ငါးပါးမှောက်ခဲ့ရသော်လည်း ဗီဇညံ့သူကား မဟုတ်ပါပေ။ ...
No comments:
Post a Comment