တပည့် မောင်ဩဇာကို ဆိုဆုံးမသော သံဝေဂတေးထပ်
ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊
နင်ယခု မေ့ပုံလို၊ တွေ့မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတန်း၊
နှစ်အရည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်၊
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင်၊ ရှိသေးလေလိမ့်လား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ၊ မရုံးချင်လျှင်၊ အရှုံးနင့်ပြင်၊ ရှိသေးလေလိမ့်လား။
(ဂမ္ဘီရကဗျာကျမ်း၊ စာ ၆၇)။
နိဗ္ဗိန္ဒတေးထပ်များ
အဝိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊
အရွတ်စု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဘို့ဖန်နဲ။
အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရေ စိုတရွှဲဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေး သည်းခြေ ပြည် သလိပ်တွေက၊ တည်မဆိပ် လျှမ်းပြည့်သည်သာ။
သို့ကလောက် ရွံစရာပါကို၊ လွန်တဏှာ မက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြပလေ၊
တဏှာဖမ်းတဲ့၊ အကန်းတွေမှာ၊ အပန်းမပြေ၊ ဟိုက်မောရှာကြလေး။
တဏှာပူတ၊ဲ့ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့ အမိုက်တွေမှာ၊ အဟိုက်မပြေ၊ ပင်ပန်းရှာကြလေး။
ကိုယ်ခန္ဓာ ကောင်ရုပ်က၊ ဟောင်ပုပ်ပုပ် နံညှီ၊
ကိုးဒွါရ ပြွန်နဒီမှာ၊ ရွံစလီပါပဲ၊
ဤကာယ ရုပ်အရှင်ကို၊ အဟုတ်ပင် မှတ်ကြမစဲ။
သုသာန်နှင့် တစပြင်မှာ၊ သူသေသွင် မလွဲ၊
ချွေး မျက်ရေ နှပ် ချွဲက၊ ပြတ်မစဲ စီးယို၊
အိုင်းအနာ နူ အရွှဲငယ်နှင့်၊ တူတူပဲ မှတ်ကြ ကိုယ့်ကိုယ်။
များတစု လူဗိုလ်မှာ၊ အဟုတ်လို ထင်စွဲလို့၊
စက်ဝဲ သံသရာ၊ မွန်းနစ်ကြရှာ၊
ကမ်းတစ်ဖက် ခေမာကို၊ ရောက်နိုင်ပါပြီ ဘူးကွဲ့လေး။
(ဂမ္ဘီရကဗျာကျမ်း၊ စာ၊ ၇၁။)
No comments:
Post a Comment