Pages

Dec 30, 2010

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၃)

လူသား၏ စိတ်ဆင်းရဲမှု

လူသား၏ ဒုက္ခမှာ ငွေကြေးဖြင့် ဝယ်လို့ရသည့် ကာမချမ်းသာ အတွက် တစ်ကိုယ်ကောင်း ဆန်သည့် ဆန္ဒ၊ အခြားသူများကို လွှမ်းမိုးလိုသည့် တန်ခိုးအာဏာနှင့် အရေးအကြီးဆုံးက သေပြီးသည့် နောက်မှာပင် ထာဝရ အသက်ရှင်လိုသည့် ဆန္ဒတို့ကြောင့် ဖြစ်ရသည် ဟု ဗုဒ္ဓက မိန့်တော်မူပါတယ်။ ဤအရာများကို လိုချင် တပ်မက်မှုက လူများကို အတ္တကြီးစေတယ်။ သူတို့ဟာ သူတို့ရဲ့ အကြောင်းကိုသာ စဉ်းစားတယ်။ အရာခပ်သိမ်းကို သူတို့အတွက်သာလျှင် လိုချင်ကြတယ်။ အခြားသူများ ဘာဖြစ်နေသည်ကို ဂရုမစိုက်။ သူတို့ရဲ့ ဆန္ဒတွေ မပြည့်လေသော အခါ ဂနာမငြိမ် ဖြစ်လာကြတယ်။ မရောင့်ရဲနိုင် ဖြစ်လာတယ်။ ဒီဂနာမငြိမ်ဖြစ်မှုကို ရှောင်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ ထို ဂနာမငြိမ်မှုကို ဖြစ်စေသည့် တပ်မက်မှုကို ဖယ်ရှားပစ်ရန် ဖြစ်တယ်။ ဒီလို ဖယ်ရှားပစ်ဖို့က အလွန်ပဲ ခက်ပါတယ်။ သို့ပါငြားလည်း အောင်မြင် ပြီးမြောက်သည့် အချိန်တွင်ကား သူသည် ဖယ်ရှားပစ်လိုက်နိုင်ခြင်းရဲ့ တန်ဖိုးကို သိလာပါတော့တယ်။ 

ကျွန်ုပ်တို့၏ ဒဏ်ရာများကို အချိန်က ကုသပေးပါလိမ့်မည်

ဒုက္ခတွေက ဖြတ်ကျော်သွားသည်။ သင့်ကို မျက်ရည် ပေါက်ပေါက်ကျစေသည့် အရာကို မကြာမီ မေ့ပျောက်ပေတော့မည်။ သင် ငိုကြွေးခဲ့သည်ကို သင်ကား သတိရကောင်း ရနိုင်ပါသည်။ သို့သော် ဘာကြောင့် ငိုကြွေးခဲ့ရသည် ဆိုသည်ကိုမူ သတိမရနိုင်တော့ပါ။ 

ကျွန်တော်တို့ ကြီးပြင်းလာပြီး ဘဝကို ကျော်ဖြတ်စဉ်ကာလမှာ ညအချိန် အိပ်မပျော်ပဲ လဲလျောင်းခဲ့ရပုံ၊ တနေ့တာအတွင်းမှာ ကျွန်ုပ်တို့ကို စိတ်ပျက်စေသည့်အရာကို တွေးပူခဲ့ရပုံ သို့မဟုတ် တစ်ဦးတစ်ယောက်ကို ဘယ်လို ပြန်လည် လက်စားချေရမည်ဆိုတာနှင့် ပတ်သက်တဲ့ အတွေးစိတ်များ စိမ့်ဝင် ပျံ့နှံ့ခွင့် ပေးထားခြင်းဖြင့် ဒေါသကို မည်သို့မည်ပုံ မွေးမြူမိပုံများသည် ကျွန်ုပ်တို့အား မကြာခဏ အံအား သင့်စေပါသည်။  

 တစ်စုံတစ်ခုနှင့် ပတ်သက်ပြီး အခိုက်အတန့်အားဖြင့်တော့ ဒေါသအမျက် ချောင်းချောင်းထွက်ကောင်း ထွက်မိနိုင်ပါသည်။ နောက်တော့ ကျွန်ုပ်တို့ အကြီးအကျယ် ဒေါသဖြစ်ခဲ့တဲ့အရာကို စဉ်းစားကြည့်မိရင် အံ့အားသင့်စရာကောင်းတာက ဖြစ်ပျက်ခဲ့သမျှတွေ အားလုံးဟာ အချိန်နှင့် စွမ်းအားကို ဖြုန်းတီးတာပဲလို့ သဘောပေါက် နားလည်လာခြင်းပါပဲ။ မပျော်မရွှင် ဖြစ်နေတာကြီးကို ရပ်ပစ်ထားလိုက်နိုင်တဲ့ အချိန်၊ ပိုကောင်းမွန်တဲ့ အခြားတစ်ခုခုကို စတွေးသင့်တဲ့ အချိန်တွေမှာ တမင်သက်သက်ကြီး မပျော်မရွှင် ဆက်ဖြစ်နေစေခဲ့မိတယ်။

ဘယ်လို ဒုက္ခတွေပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ စိတ်ထိခိုက် ထိခိုက်၊ ကျွန်ုပ်တို့၏ ဒဏ်ရာများကို အချိန်က ကုစားပေးပါလိမ့်မည်။ သို့သော် ဒုက္ခဖြစ်လျှင် ဖြစ်ချင်း ထိခိုက် နာကျင်မှု မဖြစ်ရလေအောင် ကာကွယ်တားဆီးနိုင်ဖို့ ကျွန်ုပ်တို့ လုပ်နိုင်သည့်အရာတစ်ခု တကယ်ပင် ရှိပါသည်။ သူများတွေကို ကျွန်ုပ်တို့ စွမ်းရည်ကို ဖောက်ထုပ် စီးဆင်းခွင့်၊ ကျွန်ုပ်တို့အား မပျော်မရွှင် ဖြစ်အောင် လုပ်ခွင့် ဘာကြောင့် ပေးလိုက်ရတာလဲ။ ကျွန်ုပ်တို့ရဲ့ ဒုက္ခတွေကို မိမိတို့ရဲ့ စွမ်းရည်ကို ဖောက်ထုပ် စီးဆင်းခွင့်၊ ကျွန်ုပ်တို့အား မပျော်မရွှင် ဖြစ်အောင် လုပ်ခွင့် ဘာကြောင့် ပေးလိုက်ရတာလဲ။ အဖြေက သူများတွေက အဲဒီလို လုပ်သွားတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို မပျော်မရွှင် ဖြစ်စေတဲ့သူတွေဟာ ကျွန်ုပ်တို့ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

အလုပ်ခွင်မှာ ပြဿနာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ အိမ်ကိုတော့ မကောင်းတဲ့ စိတ်ထား (ပြဿနာတက်နေတဲ့ စိတ်ထားမျိုး) မကူးစက်စေသင့်ဘူး။ ပြဿနာတွေရဲ့ နိဂုံးဆိုတာ ရှိတယ်လို့ သင် သဘောပေါက်ထားသင့်ပါတယ်။ ဖြေရှင်းနည်းတွေကိုတော့ ကျွန်ုပ်တို့ရဲ့ အတ္တ ဆန္ဒများမှ လွတ်မြောက်အောင် လုပ်ရာမှာ တွေ့နိုင်သလို ဇဝေဇဝါဖြစ်မှုနှင့် မသိ မိုက်မဲမှုဆိုတဲ့ ပုံစံမျိုးစုံကို အမြစ်ပြတ် ရှင်းလိုက်ခြင်းအားဖြင့်လဲ တွေ့နိုင်ပါတယ်။

ပြဿနာရဲ့ အဖြေကို ရှာမရတဲ့ အခါတိုင်း ကျွန်တော်တို့ဟာ ဓားစားခံ ရှာချင်ကြတယ်။ ကျွန်တော်တို့ရဲ့ မကျေနပ်ချက်ကို (ကုလားမနိုင် ရခိုင်မဲတဲ့ အနေနဲ့) ပုံချလို့ရမဲ့ သူကိုပေါ့။ သူတစ်ပါးအပေါ် အပြစ်တင်ဖို့က သိပ်လွယ်ပါတယ်။ တကယ်တော့ တစ်ချို့ဆိုရင် အဲဒီလို သူများကို အပြစ်တင်ပြီး ကျေနပ်မှု ရှာကြတယ်။ ဒါမျိုးက လုံးဝ မခံယူသင့်တဲ့ စိတ်ထားမျိုးပါ။ ကျွန်တော်တို့ဟာ သူတစ်ပါးအပေါ် ဒေါသထွက်တာမျိုး မပြသင့်ပါဘူး။ ကိုယ့်ပြဿနာကို အပင်ပန်းခံပြီး အစွမ်းကုန်ုကိုးစားပြီး ဖြေရှင်းသင့်တယ်။ ကျွန်တော်တို့ တွေ့ကြုံရမည့် မည့်သည့် ပြဿနာကို မဆို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်။

(အလျဉ်းသင့်သည့် အခါ ဆက်လက် ဘာသာပြန် တင်ပြပါဦးမည်)

ဘုန်းဉာဏ်

Dec 23, 2010

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၂)

 မိမိစိတ်ကို ထိန်းချုပ်ပါ
လူသားရဲ့ စိတ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို အကြီးအကျယ်ကို လွှမ်းမိုးပါတယ်။ စိတ်ဟာ စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နုလို့ ဆိုရလောက်အောင် အလားအလာ စွမ်းပကားတွေ ရှိပါတယ်။ (စိတ်ဟာ ဆေးတစ်ပါး ဖြစ်နိုင်သလောက်ကို အဆိပ်ဖြစ်နိုင်လောက်တဲ့ စွမ်းအင်တွေကလဲ ရှိနေတာပါ။) စိတ်ဟာ ဆိုးဝါး ကြမ်းတမ်းရင် သတ္တဝါ တစ်ဦးတစ်ယောက်ကို သတ်ပစ်နိုင်သလို တည်ငြိမ် ဂရုတစိုက် ကြိုးစားအားထုပ်ရင် အခြားသူတွေကို အကျိုးပြုတာပါပဲ။ စိတ်ကို သမ္မာဆန္ဒအပေါ်မှာ အာရုံစိုက်ထားပြီး သမ္မာဝါယာမ(ကောင်းမြတ်တဲ့ အားထုပ်မှု)၊ သမ္မာဒိဋ္ဌိ (မှန်ကန်တဲ့ အမြင်) တို့နှင့် ထောက်ပံ့ပေးထားရင် စိတ်က ဖြစ်စေတဲ့ အကျိုးတရားဟာ ကြီးကျယ် များပြားတော့တာပါပဲ။ ဖြူစင်သန့်ရှင်းပြီး ကောင်းမြတ်တဲ့ အတွေးတွေနှင့် ယှဉ်တဲ့ စိတ်ဟာ ခန့်ကျန်းပြီး သက်တောင့်သက်သာ ရှိတဲ့ ဘဝနှင့် နေရတာပါပဲ။

မိမိရဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မနာလို ဣဿာ စတဲ့ စိတ်တွေလောက် ဘယ်ရန်သူကမျှ မိမိကို ဒုက္ခ မပေးနိုင်ဘူး” လို့ ဗုဒ္ဓက ဟောကြားတော်မူ ထားပါတယ်။ 

ဖြစ်ပေါ်လာတဲ့ အခြေအနေအရ စိတ်ကို ထိန်းညှိပေးရမယ်ဆိုတာကို မသိတဲ့သူဟာ သေပြီးသူ တစ်ဦးနှင့် မခြားတော့သည့်နှယ် ဖြစ်ပါတယ်။ စိတ်ကို အတွင်းဘက်ကို လှည့်ပြီး ပျော်ရွှင် ကြည်နူးမှုကို သင့် ကိုယ်တွင်းမှာပင် တွေ့အောင်ရှာပါ။

စိတ်ကို ထိန်းသိမ်း စောင့်စည်းပြီး သင့်လျှော်အောင် စေစားနိုင်တဲ့ အခါမှသာ စိတ်ပိုင်ရှင်အတွက်ရော လူမှု အသိုင်းအဝိုင်း အတွက်ပါ အသုံးဝင်လာမှာပါ။ ထကြွသောင်းကျန်းတဲ့ စိတ်ဟာ စိတ်ပိုင်ရှင်ကိုရော အခြားသူများကိုပါ ပြဿနာတွေ ဖြစ်စေတဲ့အရာ ဖြစ်ပါတယ်။ ဒီကမ္ဘာမှာ ဖြစ်ပျက်ခဲ့သမျှသော ကသောင်း ကနင်း ဖြစ်ရမှုတွေဟာ စိတ်ထိန်းချုပ်မှု၊ စိတ်တည်ငြိမ်မှုနှင့် ဣနြေ္ဒရှိမှု နည်းလမ်းတွေကို မလေ့လာ မသင်ယူတဲ့ လူတွေရဲ့ ဖန်တီးမှုပဲ ဖြစ်ပါတယ်။

တည်ငြိမ်မှုဟာ ပျော့ညံ့မှု မဟုတ်ပါဘူး။ အချိန်မရွေး တည်ငြိမ်တဲ့ စိတ်ထားရှိသူဟာ သူ့ကိုယ်သူ ယဉ်ကျေးသူ တစ်ယောက် အဖြစ် အထင်အရှား ပြသတာပါပဲ။ အဆင်ပြေနေတဲ့ အချိန်မှာ တည်ငြိမ်ဖို့က သိပ်ကြီး မခက်လှပါဘူး။ ဒါပေမဲ့ အဆင်မပြေတဲ့ အချိန်မှာ စိတ်ကို ထိန်းချုပ်ဖို့ကတော့ တကယ်ကိုပဲ ခက်ခဲပါတယ်။ အောင်မြင်သင့် အောင်မြင်ထိုက်တာက ဒီ ခက်ခဲတဲ့ အရည်အသွေးကိုပါ။ ဘာလို့လဲဆိုရင် ဒီလိုမျိုး တည်ငြိမ်မှု စိတ်ထိန်းချုပ်မှုကို လေ့ကျင့်ခြင်းအားဖြင့် လူတစ်ယောက်ဟာ သတ္တိစွမ်းပကားကို တည်ဆောက်နေလို့ပါ။

သဘာဝရဲ့ အသံ

ခေတ်သစ်လူသားဟာ သဘာဝရဲ့ အသံကို နားမထောင်ပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနှင့် ပျော်ရွှင်သာယာမှုကို တွေးနေရတဲ့ အတွက်ကြောင့်ပါ။ သူဟာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို လျစ်လျူရှုရလောက်အောင်ကို လောကီရေးရာ သာယာမှုကို တွေးတော ကြံစည်နေတာပါ။ မျက်မှောက် လူသားရဲ့ သဘာဝမကျလှတဲ့ အမူအရာက လူသားရဲ့ ဘဝနှင့် ဘဝရဲ့ အန္တိမပန်းတိုင်ကို ချက်ခြင်းကိုပဲ မှောက်မှောက် မှားမှား  ရှုမြင်စေပါတယ်။ ဒါက ကျွန်ုပ်တို့ ခေတ်မှာရှိတဲ့ စိတ်ပျက်စရာ၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် မလုံခြုံမှုတွေအားလုံးရဲ့ အကြောင်းတရားပါပဲ။

လူဟာ ကြမ်းကြုတ် ယုတ်မာပြီး သဘာဝတရားနှင့် စကြာဝဠာတို့ရဲ့ နိယာမတရားတွေကို ဆန့်ကျင်ရင် သူ့လုပ်ရပ်၊ အပြောအဆိုနှင့် အတွေးတွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ညစ်ညမ်းစေ ပါလိမ့်မယ်။ အလွဲသုံးစား ပြုခံရတဲ့ သဘာဝတရားဟာ လူသားရဲ့ ရှင်သန်မှုအတွက် လိုအပ်တာတွေကို ဖြည့်ဆည်း ထောက်ပံ့ ပေးတော့မှာ မဟုတ်ပါဘူး။ အဲဒီအစား ဆန့်ကျင်မှုများ၊ ပဋိပက္ခများ၊ ကပ်ရောဂါ များနှင့် ကပ်ဆိုက်မှု ဘေးအန္တရာယ်များကသာ လူသားအတွက် ဖြစ်ပေါ်လာဖို့ စောင့်ဆိုင်းနေပါလိမ့်မယ်။

လူသားဟာ ဒီ သဘာဝနိယာမနှင့် အညီ နေထိုင်မယ်၊ တရားနှင့် ညီတဲ့ဘဝနှင့် နေမယ်၊ သုစရိုက်တရား တည်းဟူသော ကောင်းမြတ်မှုဖြင့် လောကကြီးကို သန့်ရှင်း စင်ကြယ်စေမယ်၊ ပြီးတော့ အခြားသော သက်ရှိသတ္တဝါများ အားလုံးအပေါ် သနားကြင်နာခြင်းရှိတဲ့ မေတ္တာတရား ထားမယ် ဆိုရင် လူသားအတွက် သူဟာ ပျော်ရွှင်ချမ်သာမှုကို ဖြစ်စေနိုင်ပါတယ်။ ငြိမ်းချမ်းမှုကို အမှန်တကယ် နှစ်သက် သူဟာ အခြားသူရဲ့ လွတ်လပ်ခွင့်ကို မချိုးဖောက်သင့်ပါဘူး။ အခြားသူတွေကို နှောင့်ယှက်တယ်၊ လှည့်စားတယ် ဆိုတာ မှားယွင်းပါတယ်။

သင်ဟာ အလွန်တရာ အလုပ်များလှတဲ့သူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရားဘာဝနာ ပွားများမှုမှာပဲ ဖြစ်ဖြစ်၊ တန်ဖိုးရှိတဲ့ စာအုပ်စာပေများကို ဖတ်ရှုမှုမှာပဲ ဖြစ်ဖြစ် အနည်းဆုံး မိနစ် အနည်းငယ် လောက်တော့  နေ့စဉ် အသုံးပြုသင့်ပါတယ်။ ဒီအလေ့အကျင့်က သင့်ရဲ့ ပူပန်သောကများကို သက်သာ လျော့ပါးစေမှာ ဖြစ်ပြီး သင့်စိတ်ကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့် ဘာသာတရားကို တွေးတော စဉ်းစားဖို့က သင့် တာဝန်ဖြစ်ပါတယ်။ သာသာရေးဆိုင်ရာ ဝန်းကျင်မှာ ကျင်းပတဲ့ ပွဲတော်များ အတွက် အတော်အသင့် အချိန်ပေးပါ။ ဘာသာတရား ကိုင်းရှိုင်းတဲ့ လူတွေနှင့် အပေါင်းအဖော်အဖြစ် နေရ တဲ့ အချိန်တိုလေးကပင် ကောင်းမြတ်တဲ့ အကျိုးရလဒ်တွေကို ဖြစ်စေပါလိမ့်မည်။

စိတ်ကျန်းမာရေးနှင့် ရာဇဝတ်မှု ကြူးလွန်လိုစိတ်

စိတ်ရောဂါ နှင့် စိတ်ဖောက်ပြန်မှုမျိုးစုံ တိုးပွားလာမှုဟာ ခေတ်သစ် ရောဂါ အားလုံးရဲ့ စိုးရိမ် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အလားအလာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ အထူးသဖြင့် ချမ်းသာ ကြွယ်ဝသည့် နိုင်ငံတွေမှာ စိတ်ရောဂါ ဝေဒနာရှင်များ တိုးပွားနေပါတယ်။

ကိစ္စရပ် အများအပြားမှာ ကျွန်ုပ်တို့ လူမှု အဝန်းအဝိုင်းရှိ ရာဇဝတ်ကောင်များကို စိတ်ဝေဒနာနှင့် မခြား ဖော်ပြပါတယ်။ ဖရွိုက် (Freud) ရဲ့ သုတေသနလုပ်ငန်းမှ တိုက်ရိုက် အစပြုသည့် အပြုသဘော ဆောင်ပြီး အကျိုးသက်ရောက်မှု များလှတဲ့ ရလဒ်တစ်ခုကတော့ ရာဇဝတ်ကောင်များနှင့် ဆိုးသွမ်း လူငယ်များဟာ စိတ်ဝေဒနာသည်များ ဖြစ်ကြပြီး အပြစ်ပေးမှုထက် ကုသမှု ပိုမိုလိုအပ်သူများ ဖြစ်သည် ဆိုခြင်းကို အသိအမှတ် ပြုခြင်း ဖြစ်ပါတယ်။ အပြစ်ပေးခြင်းကို ပြန်လည် ထူထောင်မှုနှင့် အစားထိုးရန် တိုးတက် တီထွင်ထားသည့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများ အားလုံး၏ အခြေခံ ဖြစ်သည် ဆိုသည့် ပြဿနာနှင့် ပတ်သက်၍ သဘောထား ကြီးလှသည့် အမြင်မှာ ဤအမြင်ပင် ဖြစ်ပါတယ်။

သင့်၏ အိမ်နီးနားခြင်းများကို သိပါ

အခြားလူများ မည်သို့ မည်ပုံ နေထိုင်ကြသည်ကို ကျွန်ုပ်တို့ မတွေ့မြင်ကြသည့်အခါ မတူ ကွဲပြားသည့် ဘဝနေနည်းများကို မလေ့လာမိတတ်ပေ။ ခရီးသွားခြင်းဟာ အကောင်းဆုံးသော ပညာရေးပုံစံဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် မတူ ကွဲပြားသည့် လူများနှင့် ကိုယ်တိုင် တွေ့ကြုံရမှုများသည် ကျွန်ုပ်တို့အား ကြင်နာ ထောက်ထားမှုကို ဖြစ်စေပါတယ်။ သည်းမခံမှုဆိုတာ အခြားသူရဲ့ လိုအပ်ချက်များနှင့် တွေးပုံ တွေးနည်းကို မသိမှုကြောင့် ဖြစ်ရတာပါ။

(ဆက်ပါဦးမည်)

ဘုန်းဉာဏ်

Dec 20, 2010

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁)

(Ven. K. Sri. Dhammananda ၏ How To Overcome Your Difficulties စာအုပ်ငယ်ကို ဘာသာပြန် တင်ပြပါသည် 

စိတ်ပူနေပါလား။ စိတ်ပျက်လက်ပျက် ဖြစ်နေပါသလား။ ဒီလိုဆိုလျင်တော့ သင့်ရဲ့ပြဿနာတွေကို အသေအချာ နားလည်လာအောင် ဒီစာစောင်လေးကို ဖတ်ဖို့ ဖိတ်ကြားပါတယ်။ ဒီစာစောင်လေးကို သင်နှင့် ပူပန် သောကရောက်နေကြတဲ့ သူတွေကို ရည်ရွယ်တာပါ။

ကြောက်ရွံ့ခြင်းနှင့် ပူပန်သောက
ကြောက်ရွံ့ခြင်းနှင့် ပူပန်သောကဟာ လောကီရေးရာ အခြေအနေတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ဖြစ်ပေါ် လာတဲ့ အတွေးစိတ်တွေမှ မွေးဖွား ဖြစ်ပေါ်လာပါတယ်။ သူတို့တွေဟာ ကပ်ငြိမှုတဏှာနှင့် တွယ်တာမှုမှာ မြစ်ဖျားခံပါတယ်။  အမှန်စင်စစ်ကတော့ ဘဝဆိုတာ အရာရာ အမြဲမပြတ် ရွေ့လျား ပြောင်းလဲနေတဲ့ ရုပ်ရှင်ကားတစ်ခုလိုပါပဲ။ ဒီလောကမှာ ဘယ်အရာမှ ခိုင်မြဲ တည်ငြိမ်တာမဟုတ်ပါဘူး။ ငယ်ရွယ် နုပျို သန်မာကြသူတွေက ငယ်ငယ်ရွယ်ရွယ်နှင့် သေကြရမှာကို ကြောက်ရွံ့ကြတယ်။ အိုမင်းရင့်ရော်ပြီး ဆင်းရဲဒုက္ခ ရောက်နေကြသူတွေက အသက်အရှည်ကြီးနေကြရမည့်ရေး ပူပန်နေကြတယ်။ ဒီနှစ်ခုကြားက လူတွေက တစ်နှစ်ပတ်လုံး ပျော်ပျော်ရွှင်ရွှင် နေရဖို့ မက်မက်မောမောကြီး တောင့်တနေကြပြန်တယ်။

ကောင်းတာလေးတွေကို ပျော်ပျော်ရွှင်ရွှင် မျှော်လင့်စောင့်စားရတာတွေက မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားပါတယ်။ မသာယာ မမြတ်နိုးဖွယ်ကို ကြောက်ကြောက်ရွံ့ရွံ့ စောင့်စား မျှော်လင့်ရမှုတွေက ပျောက်ကွယ်သွားနိုင်ခဲဟန်တူတဲ့ ပူပန်သောကတွေကို ဖန်တီးပေးပါတယ်။ ဒီလိုစိတ်ခံစားရမှုတွေဟာ သဘာဝပါပဲ။ ကြိုးဆွဲခံရတဲ့ ရုပ်သေးရုပ်တစ်ရုပ်လိုပါပဲ။ ဘဝရဲ့ ဒီလိုမျိုး အတက် အကျတွေဟာ တကယ် မရှိတဲ့ အတ္တနှင့် ကစားနေကြရတာပါ။ ဒါပေမဲ့ စိတ်ကတော့ အဲဒီအတ္တရဲ့ အထွဋ်အထိပ်မှာ ရှိပါတယ်။

ဘာဝနာလို့ တစ်နည်းတစ်ဖုံ သိကြတဲ့ စိတ်လေ့ကျင့်မှုဟာ စိတ်ပိုင်းဆိုင်ရာ ထကြွသောင်းကြမ်းမှုကို ယဉ်ကျေးအောင် လုပ်ခြင်းရဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်က
ချစ်ခင် တွယ်တာခြင်းကြောင့် သောကရောက်ရ၏၊
သောကကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏၊
ချစ်ခင် တွယ်တာမှု လုံးဝ  ကင်းသောသူအတွက် သောကကင်းကွာ၊
ကြောက်ရွံ့မှုလည်း အလွန်ပင် နည်းလာရပေတော့၏” လို့ ရှင်းလင်း ဟောကြားတော်မူထားပါတယ်။

 မည်သည့်ပုံစံနှင့်ပဲ ခင်မင် တွယ်တာ သံယောဇဉ်ဖြစ်ဖြစ် သောကနှင့် အဆုံးသတ်ရပါလိမ့်မယ်။ မျက်ရည်စတွေက ဘဝရဲ့ မတည်မြဲခြင်းသဘောကို အဆုံးသတ်မပေးနိုင်သလို အချိန်ဆွဲပြီး နှုတ်ဆက်နေ တာကလဲ အဆုံးသတ် မပေးနိုင်ပါဘူး။ အရာခပ်သိမ်းဟာ မမြဲပါဘူး။

အသက်ကြီးသူတွေပဲ ဖြစ်ဖြစ်၊ ငယ်ရွယ်ကြသူတွေပဲ ဖြစ်ဖြစ် ဒီဘဝမှာ ဒုက္ခခံစားကြရတာပါပဲ။ မည်သူမျှ ချွင်းချက် မရရှာကြပါဘူး။ ဆယ်ကျော်သက် အများစုဟာ ပိုမိုကြီးမားတဲ့ ဆင်းရဲဒုက္ခကို ခံစားကြရ ပါတယ်။ ဖားလဲ မဟုတ် ဖားလောင်းလဲ မဟုတ်တဲ့ အတွက်ကြောင့် ဆယ်ကျော်သက်တွေဟာ ဆန့်ကျင်ဘက် လိင်ရှိသူတွေနှင့် တည်ငြိမ်တဲ့ ဆက်ဆံရေး တည်ဆောက် ခံစားကြတာကတော့ ခံထိုက်ပါတယ်။ သူတို့ကိုယ်သူတို့ လိင်ပိုင်းဆိုင်ရာ အာရုံတွေအဖြစ် ရှုမြင်ခံရတာကို ဂုဏ်ယူနေကြတဲ့ ဆန့်ကျင်ဖက် လိင်ရှိသူတွေကို အထင်ကြီး စွဲမက်စေဖို့ ကြိုးစားကြရာမှာ သူတို့တွေရဲ့ ဆွဲဆောင်နိုင်မှုကို ကြိုးစားပမ်းစားကို ပြစားကြ ကြွားလုံးထုပ်ကြပါတယ်။ ယောက်ျားရော မိန်းမပါ တကယ်ကို သူတို့မဟုတ်တဲ့ အတိုင်း ပြုမူနေထိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ သူတို့ တွေးတာ ခေါ်တာကြတော့ အရွယ် ရောက်ပြီးသူတို့လိုမျိုး ကြိုးစားကြတယ်။ သဘာဝအတိုင်း ပြုမူ နေထိုင်မယ်ဆိုရင် သူတို့တွေကို ဟားကြမှာကို ကြောက်ရွံ့ကြတယ်။ ဒီ အပြုအမူမျိုးဟာ အမြတ်ထုပ်ခံရမဲ့ အလားအလာ ရှိပါတယ်။ အပယ်ချခံရမှာ ကြောက်ရွံ့ကြသလို အတ္တမာနတွေ သိမ်ငယ်မှာကိုလည်း ပူပန်ကြပြန်ပါတယ်။ တစ်ဖက်သတ်အချစ်ဟာ ဆယ်ကျော်သက် အများအပြားတို့ရဲ့ အသဲတွေကို မကြာခဏ ခွဲပစ်ပါလိမ့်မယ်။ အကြောင်းကတော့ သူတို့တွေဟာ သူတို့ကို သူတို့ အရူးလုပ်မိကြပြီလို့ ခံစားကြလို့ပါ။ အချို့ဆို ကိုယ့်ကိုယ်ကို သတ်သေမိသည် အထိကို ဖြစ်စေပါတယ်။ သို့ဖြစ်ရလင့်ကစား ဘဝကို ယထာဘူတကျကျ (အရှိ အရှိအတိုင်း၊ အမှန်အမှန်အတိုင်း) မြင်တတ်လျှင်ကား ဒီလိုမျိုး ဝမ်းနည်းဖွယ်ရာကြီးကို ရှေင်ရှားနိုင်ပါသတယ်။ မှန်မှန်ကန်ကန် ကြီးထွား ရင့်ကျက်ဖို့ ဗုဒ္ဓရဲ့ ဘဝကို ချဉ်းကပ်ပုံ ချဉ်းကပ်နည်းကို လူငယ်တို့ကို သင်ပေးရပါမယ်။ 

ဘယ်မှာပဲ ကြောက်ရွံ့မှု ဖြစ်ဖြစ်၊ ကြောက်ရွံ့မှု ဆိုတာ လူမိုက်မှာသာ ဖြစ်တာပါ၊ ပညာရှိမှာ မဖြစ်ပါဘူး” လို့ ဗုဒ္ဓက မိန့်ကြားတော်မူထားပါတယ်။

ကြောက်ရွံ့မှုဆိုတာ စိတ်အခြေအနေ တစ်ရပ်ထက် မပိုပါဘူး။ မိမိရဲ့ စိတ်ဟာ ထိန်းချုပ်လို့၊ ဦးတည်ရာ ပြောင်းပေးလို့ ရတဲ့ အရာမျိုးပါ။ အပြုသဘောမဆောင်တဲ့ အတွေးစိတ်ဟာ ကြောက်ရွံ့မှုကို ဖြစ်စေပါတယ်။ အပြုသဘောဆောင်တဲ့ အတွေးစိတ်ကတော့ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်တွေနှင့် စံနှုန်းတွေကို အကောင်ထည်ပေါ် ပြီးမြောက်စေပါတယ်။ ရွေးချယ်မှုကတော့ ကျွန်ုပ်တို့၏ တာဝန်သာ ဖြစ်ပါတယ်။ လူသားတိုင်းဟာ မိမိစိတ်ကို မိမိ ထိန်းသိမ်း စောင့်စည်းဖို့ စွမ်းရည်ရှိပါတယ်။ သဘာဝတရားက လူသားကို တစ်စုံတစ်ခုအပေါ်မှာ ပြီးပြည့်စုံတဲ့ အခွင့်အာဏာ အပ်နှင်းထားပါတယ်။ အဲဒါကတော့ အတွေး စိတ်ပဲ ဖြစ်ပါတယ်။ လူသားတစ်ဦး ဖန်တီးတဲ့ အရာတိုင်းဟာ အတွေးကပဲ စပါတယ်။ ကြောက်ရွံ့မှုကို အောင်နိုင်ဖို့ နည်းလမ်းကို ပိုမို နားလည်အောင် ကူညီမဲ့ သော့ချက်က ဒီမှာပါ။

တစ်ခါက ထင်ရှား ကျော်ကြားတဲ့ ဗြိတိသျှ ခန္ဓာဗေဒပညာရှင် တစ်ဦးကို ကျောင်သား တစ်ယောက်က ကြောက်ရွံ့မှုကို ကုသဖို့ အကောင်းဆုံး ကုထုံးက ဘာပါလဲ လို့ မေးပါတယ်။ ပညာရှင်ကြီး ပြန်ဖြေတာက “တစ်ဦး တစ်ယောက် အတွက် တစ်စုံတစ်ခုကို ကြိုးစားပြီး လုပ်ပေးပါ” တဲ့။

အဖြေကြောင့် ကျောင်းသားဟာ အတော်လေးကို အံအားသင့်သွားပြီး ထပ်ရှင်းပါဦးဗျာ လို့ တောင်ပန် ပါတယ်။ အဲဒီအခါမှာ သူ့ဆရာက “တစ်ချိန်တည်းမှာ မင်းဟာ ဆန့်ကျင်ဖက် (အတွေး)စိတ် နှစ်ခုကို မင်းစိတ်ထဲမှာ ထားလို့ မရပါဘူး” လို့ ပြောလိုပါတယ်။ အတွေးတစ်ခုက အခြားအတွေးတစ်ခု အမြဲပဲ မောင်းထုတ်ပါလိမ့်မယ်။ ဥပမာ -  သင့်ရဲ့ စိတ်ကို အခြားတစ်ယောက်ကို ကူညီဖို့ တစ်ကိုယ်ကောင်းဆန်မှု ကင်းတဲ့ ဆန္ဒနှင့် လုံးဝ ဖြည့်ဆည်းထား သိမ်းပိုက်ထားတယ် ဆိုရင် မင်းဟာ တစ်ချိန်တည်းမှာပဲ ကြောက်ရွံ့မှုကို လက်ခံထားလို့ မရပါဘူး။

စိုးရိမ်ပူပန်မှုက သွေးသားတွေကို အရွယ်မတိုင်မီ ခန်းခြောက်စေပါတယ်။” ကြောက်ရွံ့မှုနှင့် သောက အသင့်အတင့်ကတော့ ကိုယ့်ကိုယ်ကို ထိမ်းသိမ်းထားခြင်းဆိုတဲ့ သဘာဝ ဗီဇပါ။ ဒါပေမဲ့ အမြဲမပြတ် ကြောင်းကျိုး မဆီလျှော်တဲ့ ကြောက်ရွံ့မှုနှင့် ကာလတာရှည် ပူပန်မှုကတော့ လူသားရဲ့ ခန္ဓာကိုယ်အတွက် အကြင်နာ ကင်းတဲ့ ရန်သူတွေဖြစ်ပါတယ်။ အဲဒါတွေက ခန္ဓာကိုယ်ဆိုင်ရာ ပုံမှန် လည်ပတ်မှုကို ဖောက်ဖောက် ပြန်ပြန် ဖြစ်စေပါတယ်။

(ဆက်ပါဦးမည်)
ဘုန်ဉာဏ်

Dec 13, 2010

စိန်မြေ ဧကပေါင်းများစွာ

ဒီဇင်ဘာ (၄)ရက်နေ့ ညတစ်ညမှာ လမ်းလျှောက်ထွက်ဖြစ်တယ်။ ဝေးဝေး မဟုတ်ပါဘူး။ ကိုယ့်နေရာနှင့် ကပ်နေတဲ့ ချ(ခ်ျ)ဂိတ် ဝန်းကျင်လောက်ပါပဲ။ လူတွေက ဘုန်းကြီးကို မြင်ရင် ပြူးပြဲကြည့်တတ်လွန်းလို့  ကိစ္စ မရှိရင် အပြင် သိပ်မထွက်ဖြစ်ဘူး။ 

လမ်းလျှောက် ထွက်ဖြစ်ရင်တော့ လူတွေ အေးအေးလူလူ လမ်းလျှောက် အပန်းဖြေကြတဲ့ ပင်လယ်ကမ်းခြေတစ်လျှောက်ရယ်၊ ဒါမှ မဟုတ် သွားနေကျ အနီးပတ်ဝန်းကျင်ရယ်တင်ပါ။ အနီး ပတ်ဝန်းကျင် လျှောက်ဖြစ်ရင်တော့ လမ်းဘေးက စာအုပ် အဟောင်းဆိုင်တွေမှာ ကိုယ်လိုချင်တာ ရှိလိုရှိငြား ကြည့်မိတတ်ပါတယ်။ မန္တလေးမှာ နေလာခဲ့ကတည်းက ဈေးချို ညဈေးမှာ စာအုပ်အဟောင်းဆိုင်တွေမှာ မိုးတို မတ်တတ် ကြည့်တတ်၊ ရှာဖွေတတ်တဲ့ အကျင့်က ပါနေတယ်။ 

မွန်ဘိုင်းက လမ်းဘေး စာအုပ် အဟောင်းဆိုင်လေးတွေမှာ တစ်ခါတစ်ရံ ကောင်းတဲ့ စာအုပ်လေးတွေ သိပ်မဟောင်းပဲ ဈေးချိုချိုနဲ့ ရတတ်ပါတယ်။ ဒီနေ့ညလဲ Shiv Khera ရဲ့ You Can Win ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဈေးက ရူပီး ငါးဆယ်ဆိုတော့ သိပ်ချိုတာပေါ့။ (မြန်မာငွေ တစ်ထောင်ကျော်ကျော်လေးပဲ ရှိတာ။) ဒါနဲ့ ဝယ်လာခဲ့တယ်။ အဟောင်းဆိုင်ကလို့ ဆိုပေမဲ့ စာအုပ်က အသစ်အတိုင်းပဲ။

ဒီ စာအုပ်က အပြည်ပြည်ဆိုင်ရာမှာ အရောင်းရဆုံး စာအုပ်ဆိုပဲ။ ဒါ့အပြင် ဘာသာပေါင်း ရှစ်ဘာသာနှင့် အုပ်ရေ 1, 000, 000 ကျော် ရောင်းပြီးဆိုပါလား။ မျက်နှာဖုံးမှာ ရေးထားတယ်။ အဲဒီထဲကပဲ အစပိုင်း အမြင်သဘောထား ဆိုင်ရာလေး နည်းနည်းကို  ဘာသာပြန်ပြီး `အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်` ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တင်ခဲ့တယ်။ ခုလဲ Acres of Diamonds ကိုပဲ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ စာဖတ်သူ အကြိုက်တွေ့ မတွေ့ကတော့ မသိပါ။ သူကလဲ ရပ်ဆဲ ကွန်ဝဲ (Russell Cornwell)ရဲ့ Acres of Diamond ရဲ့ စာကို ပြင်ဆင်ထားတာပါတဲ့။ အောက်မှာ ဖတ်ကြည့်ပါလား။

ဟာဖစ်(ဇ်) အာဖရိကမှ လယ်သမားတစ်ယောက်ပါ။ သူဟာ စိတ်လည်း ချမ်းသာ၊ ရောင့်လဲ ရောင့်ရဲပါတယ်။ သူဟာ ရောင့်ရဲတင်းတိမ်တတ်လို့ စိတ်ချမ်းသာပြီး၊ စတ်ချမ်းသာလို့လဲ ရောင့်ရဲ တင်းတိမ်ပါတယ်။ တစ်နေ့မှာတော့ ပညာရှိတစ်ယောက် သူ့ဆီပေါက်ချလာပြီး စိန်တွေရဲ့ ဂုဏ်ကျက်သရေနှင့် တန်ခိုးပါဝါတွေကို ပြောပြပါတယ်။ ပညာရှိကြီးက  “မင်းရဲ့ လက်မလောက် အရွယ်ရှိတဲ့ စိန်ရှိရင်ပဲ မင့် ကိုယ်ပိုင်မြို့တော် ဝယ်နိုင်တာပေါ့။ လက်သီးဆုပ် အရွယ် စိန်ရှိရင်တော့ မင့်တိုင်းပြည်ကိုတောင် ပိုင်ကောင်းပိုင်နိုင်တယ်ကွ” လို့ ပြောပြတယ်။ ပြောပြီးတော့ ပညာရှိကြီးက ထွက်သွားတယ်။ ဟာဖစ်(ဇ်)ဟာ အဲဒီညတော့ အိပ်လို့ မရတော့ဘူးပေါ့။ သူဟာ ပျော်လဲ မပျော်ဘူး။ ရောင့်လဲ မရောင့်ရဲတော့ဘူး။ မရောင့်ရဲတတ်တော့လို့ မပျော်ရွှင်တော့သလို မပျော်ရွှင်တော့လို့ မရောင့်ရဲတတ်တော့ဘူးပေါ့။

နောက်နေ့ မနက်ရောက်တော့ ဟာဖစ်(ဇ်)ဟာ သူ့လယ်လေး ရောင်းဖို့ စီမံတော့တာပဲ။ မိသားစုကို စောင့်ရှောက်ခဲ့ပြီး စိန်တွေရှာဖို့ ထွက်သွားခဲ့တယ်။ သူဟာ အာဖရိက တစ်တိုက်လုံးကို ရှာကြည့်တယ်။ စိန်တစ်ပွင့်မှ မတွေ့ဘူး။ ဥရောပတစ်ခွင်လဲ နှံ့နေအောင် ရှာဖွေတယ်။ ဘာမှ မတွေ့ပါဘူး။ စပိန်ကို ရောက်သွားတဲ့ အချိန်မှာတော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာအပြင် ငွေရေးကြေးရေးဆိုင်ရာပါ လျော့နည်း ကုန်းခန်းခဲ့တယ်။ ဘာစီလိုနာဖြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေကြောင်း ကြံမိလောက်အောင်ကိုပဲ စိတ်ဓာတ်တွေ ကျလှပေါ့။

အိမ်ရောက်သွားတဲ့ အချိန်မှာတော့ သူ့လယ်ကို ဝယ်လိုက်တဲ့ သူက လယ်တောထဲ ဖြတ်စီဆင်းနေတဲ့ စမ်းချောင်းလေးထဲမှာ ကုလားအုပ်တွေကို ရေတိုက်နေတယ်။ စမ်းချောင်း တစ်လျောက်မှာတော့ နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ ကျောက်ခဲတစ်တုံးကို ထိုးမိနေပြီး သက်တန့်တစ်ခုလို ပြိုးပြိုးပျက်ပျက် အရောင်တွေ လင်းလက်စေတာပေါ့။ လယ်ပိုင်ရှင်သစ်က အဲဒီ အရောင်တွေလက်နေတဲ့ ကျောက်တုံးကို သူ့ဧည့်ခန်းမှာ ထားရရင်တော့ ကြည့်ကောင်းမှာပဲလို့ တွေးမိပါတယ်။ သူက ကျောက်တုံးကို ကောက်ပြီး သူ့ရဲ့ အပေါ်ရုံထဲ ထည့်ထားလိုက်တယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာတော့ ပညာရှိက ပေါက်ချလာပြီး ပြိုးပြိုးပျက်ပျက် အရောင်တွေ ထွက်နေတဲ့ အဲဒီ ကျောက်တုံးကို မြင်သွားတယ်။ သူက မေးတယ်။
“ဟာဖစ်(ဇ်) ပြန်ရောက်ပြီလား”။ 
လယ်ပိုင်ရှင် အသစ်က 
“ဟင့်အင်း၊ ဘာလို့ မေးတာလဲ” လို့ ပြန်မေးတယ်။ 
ဘာလို့ မေးတာလဲဆို အဲဒီကျောက်တုံးက စိန်ကွ၊ ငါက တစ်ခုကို မြင်ရင် တစ်ခုကို မှတ်မိတာပဲ” လို့ ပညာရှိက ပြောတယ်။ လယ်ပိုင်ရှင်သစ်က “မဟုတ်ဘူး။ အဲဒါက စမ်းချောင်းထဲက ကျွန်တော် ကောက်လာတဲ့ ကျောက်တုံးပါ။ လာ၊ ကျနော် လိုက်ပြမယ်။ အဲဒီမှာ အများကြီးပဲ” လို့ ပြန်ပြောတယ်။ သူတို့နှစ်ယောက် အဲဒီ စမ်းချောင်းလေး ဖြတ်စီးဆင်းနေတဲ့ လယ်ဆီကို သွားကြတယ်။ နမူနာအဖြစ် အချို့ကို ကောက်ယူပြီး စစ်ဆေးဖို့ ပို့လိုက်တယ်။ သေချာတာပေါ့။ အဲဒီကျောက်တုံးတွေက စိန်တွေပဲ။ အမှန်တော့ လယ်မြေတစ်ခုလုံးဟာ စိန်မြေဧကပေါင်းများစွာနှင့် ဖုံးအုပ်ထားတယ်ဆိုတာ သူတို့ တွေ့လိုက်ကြရတယ်။

ပုံပြင်လေးက ဒါလေးပါပဲ။ အဲဒီမှာ စာရေးဆရာက ဒီအဖြစ်အပျက်လေးနှင့် ပတ်သက်ပြီး ဘဝသင်္ခန်းစာတွေ ပြောပြပါလိမ့်မယ်။ သူပြောပြတာ ဖတ်မကြည့်ခင် ခဏလောက် ရပ်စဉ်းစားကြည့်ပါလား။ သြော် ... စာအုပ်ပြုစုသူရဲ့ အတွေးနှင့်တော့ တူချင်မှ တူမှာပေါ့။ မတူတိုင်း မှားတာ မဟုတ်တာလဲ စာဖတ်သူ သိတာပဲ။  ဒီတော့ အားလုံးဖတ်လို့ပြီးရင် စာဖတ်သူတွေးမိတာလေး ကွန့်မန့်ရေးပြီး မျှဝေပါလား။ အားလုံး ဖတ်ရတာပေါ့ဗျာ။ စာအုပ်ပြုစုသူရကတော့ ...

ဒီပုံပြင်ရဲ့ သင်္ခန်းစာက ဘာလဲ။ သင်္ခန်းစာ ခြောက်ခု ရှိပါတယ်တဲ့။
၁။ ကျွန်တော်တို့ရဲ့ အမြင်သဘောထား မှန်ကန်တဲ့ အခါ ကျွန်တော်တို့ဟာ စိန်မြေ ဧကပေါင်းများစွာ အပေါ်မှာ လျှောက်လှမ်းနေကြတယ်။ အခွင့်အလမ်းဆိုတာဟာ အမြဲတမ်း ကျွန်တော်တို့ ခြေထောက် အောက်မှာ ရှိတယ်။ ဘယ်မှ သွားနေစရာ မလိုဘူး။ ကျွန်တော်တို့ လုပ်ရမှာက အဲဒီ အခွင့်အလမ်းကို မှတ်မိ သိရှိဖို့ပါပဲ။

၂။ အဝေး (အခြားတစ်ဖက်)က မျက်က အမြဲပဲ ပိုစိမ်းတတ်ပါတယ်။

၃။ အဝေး (အခြားတစ်ဖက်)က မျက်ကို ကျွန်တော်တို့က ကြည့်နေစဉ် ကျွန်တော်တို့ဖက်က မျက်ကို လှမ်း ကြည့်နေတဲ့ အခြားသူတွေလဲ ရှိတတ်ပါတယ်။ သူတို့က ကျွန်တော်တို့နှင့် နေရာတွေ အရောင်းအဝယ်လုပ်ဖို့ ပျော်ရွှင်နေပါလိမ့်မယ်။

၎။ အခွင့်အလမ်းဆိုတာကို မမှတ်မိ မသိရှိတဲ့သူတွေဟာ အခွင့်အရေးက တံခါးလာခေါက်တဲ့ အခါ ဆူလိုက် တာကွာလို့ ငြီးငြူတတ်ကြပါတယ်။

၅။ အခွင့်အရေးဆိုတာကို ရောက်လာတဲ့ အခါ မှတ်မိသိရှိတာထက် ထွက်ခွါသွားခါမှ ပိုပြီး မှတ်မိ သိရှိလွယ် တတ်ကြတယ်။

၆။ အခွင့်အလမ်းက တစ်ကြိမ်ပဲ တံခါးခေါက်တတ်ပါတယ်။ နောက်လာတဲ့ အခွင့်အလမ်းက ပိုကောင်းချင် ကောင်းမယ်၊ ပို ဆိုးချင်ဆိုးမယ်။ ဒါပေမဲ့ အရင်အခွင့်အလမ်းတော့ လုံးဝ မဟုတ်ဘူး။ ဒါကြောင်မို့ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးတာပေါ့။ အချိန်မဟုတ်တဲ့ အခါမှာ ချမှတ်မိတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာလဲ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတော့တာပါပဲ

(ပို့စ် အသစ်တင်စရာကလဲ မရှိ၊ ဗုဒ္ဓဂါယာသို့ ခရီးစဉ်ကလဲ စထွက်ဖို့ နာရီပိုင်းပဲ လိုတော့တာမို့ ခပ်မြန်မြန်ဖတ်၊ ရေးပြီး တင်လိုက်တယ်။ ကောင်းတယ် မကောင်းဘူး မသိပါဘူး။  ဖတ်တဲ့အတွက် ကျေးဇူး တင်ပါတယ်)။

ဘုန်းဉာဏ်
မွန်ဘိုင်း၊ အိန္ဒိယ
၁၃၊ ၁၂၊ ၂၀၁၀

Dec 8, 2010

အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်

ပွဲဈေးတန်းမှာ မိုးပျံပူဖောင်း ရောင်းပြီး အသက်မွေးရတဲ့ လူတစ်ယောက်ရှိတယ်။ သူ့မှာ အနီရောင်၊ အဝါရောင်၊ အပြာရောင်၊ အစိမ်းရောင်တွေအပါအဝင် ရောင်စုံ မိုးပျံပူဖောင်းတွေ ရှိတယ်လေ။ ဈေးရောင်းမကောင်းတဲ့ အခါတိုင်း သူက ဟယ်လီယံဓာတ် ထည့်ထားတဲ့ ပူဖောင်းတစ်လုံးကို ကောင်းကင်ကို လွှတ်ပါလိမ့်မယ်။ ပူဖောင်း ကောင်းကင်ပျံတက်သွားတာကို ကလေးတွေ မြင်တဲ့အခါ ကလေးအားလုံးက တစ်လုံးစီ ရချင်လာတယ်။ ကလေးတွေက သူဆီ လာပြီး တစ်လုံးစီ ဝယ်ကြတော့တာပဲ။ သူ့ရောင်းအားတွေ တက်သွားမှာပေါ့။ တစ်နေ့လုံး ဈေးရောင်းကျသွားတဲ့ အခါတိုင်း သူ ပူဖောင်းတစ်လုံးစီ ဆက်လွှတ်တင်နေခဲ့တယ်။ တစ်နေ့မှာ ပူစီဖောင်း ရောင်းသမားဟာ သူ့အပေါ်ဝတ် အင်္ကျီကို ဆွဲခံရသလိုလို ရှိတာနဲ့ လည်ကြည့်လိုက်တော့ ကလေးတစ်ယောက်က မေးတယ်။ "အမဲရောင် ပူဖောင်းကို လွှတ်လိုက်ရင်လဲ အဲဒါက ကောင်းကင်ပေါ် ပျံတက်သွားမှာလား ဟင်"တဲ့။ ကလေးရဲ့ သိချင်စိတ်ပူပန်မှုကြောင့် သနားစိတ်ဖြစ်သွားတဲ့ ပူဖောင်းရောင်းသူဟာ "သားလေးရေ ပူးဖောင်းကို ကောင်းကင်ပျံတက်စေတာက အရောင်မဟုတ်ဘူး၊ ပူဖောင်းထဲမှာ ထည့်ထားတဲ့အရာ (ဓာတ်)ပဲ ဖြစ်တယ်ကွဲ့" လို့ ချိုချိုသာသာလေး ပြန်ဖြေလိုက်ပါတယ်။

အဲဒီအခြေခံသဘောတရားဟာ ကျွန်တော်တို့ ဘဝတွေနှင့် သက်ဆိုင်ပါတယ်။ အရေးပါအရာရောက်တာက အတွင်းပိုင်းမှာပါ။ မြင့်တက်သွားစေတဲ့ အတွင်းပိုင်းက အရာဆိုတာ ကျွန်တော်တို့ရဲ့ အမြင်သဘောထားပါပဲ။ ဟားဗတ်တက္ကသိုလ်မှ ဝီလျံ ဂျိမ်(စ်)က "ကျွန်တော့ မျိုးဆက်ရဲ့ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုကတော့ လူတွေဟာ သူတို့ရဲ့ အမြင်သဘောထားတွေကို ပြောင်းပေးလိုက်ခြင်းအားဖြင့် သူတို့တွေရဲ့ ဘဝတွေကိုလဲ ပြောင်းလဲပစ်နိုင်တယ် ဆိုတာပါပဲ"လို့ ပြောခဲ့တယ်။

သင့်အောင်မြင်မှုကို ဖြည့်ဆည်းပေးတဲ့ အရာဟာ သင့်ရဲ့  အမြင်သဘောထားပဲ။

ဟာဗတ်တက္ကသိုလ်က လုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရတာက လူတစ်ယောက် အလုပ်ရတဲ့ အခါ ဒါမှမဟုတ် ရာထူးတက်တဲ့ အခါ (၈၅) ရာခိုင်နှုန်းက အဲဒီလူရဲ့ စိတ်နေသဘောထားကြောင့် ဖြစ်တယ်။ (၁၅) ရာခိုင်နှုန်းသာ သူ့ရဲ့ အသိဉာဏ်နှင့် အချက်အလက်၊ ကိန်းဂဏန်းတွေကို သိလို့ ဖြစ်တယ် ဆိုတာပါပဲ။ ပညာရေးရဲ့ (၁၀၀) ရာနှုန်းပြည့် နီးပါးသော ငွေတွေဟာ ဘဝ အောင်မြင်မှုရဲ့ (၁၅) ရာခိုင်နှုန်းပဲ အရေးပါတဲ့ အချက်အလက်၊ ကိန်းဂဏန်းတွေ အတွက် ရောက်သွားတာဟာ အံ့သြစရာ ကောင်းပါတယ်။

You Can Win (သင်နိုင်နိုင်တယ်)ဆိုတာ အဲဒီအောင်မြင်မှုရဲ့ (၈၅) ရာခိုင်နှုန်းအကြောင်းတွေပဲ။ Attitude (အမြင်သဘောထား) ဆိုတာ အင်္ဂလိပ်ဘာသာစကားမှာ အရေးအကြီးဆုံး စကားလုံးပဲ။ အဲဒီစကားလုံးဟာ မိမိရဲ့ ပုဂ္ဂလိက ဘဝ၊ ပရော်ဖက်ရှင်နယ်ဘဝတွေ အပါအဝင် ဘဝရဲ့ နယ်ပယ်စုံနှင့် သက်ဆိုင်တယ်။ အမှုဆောင် အရာရှိတစ်ဦးဟာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မရှိပဲ ကောင်းမွန်တဲ့ အမှုဆောင် အရာရှိတစ်ဦး ဖြစ်နိုင်ပါရဲ့လား။ ကျောင်းသားတစ်ယောက်ဟာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မရှိပဲ ကောင်းမွန်တဲ့ ကျောင်းသားတစ်ဦး ဖြစ်နိုင်ပါရဲ့လား။ မိဘတွေ၊ ဆရာ ဆရာမတွေ၊ အရောင်းသမားတွေ၊ အလုပ်သမားတွေ ဒါမှမဟုတ် အလုပ်ရှင်တွေဟာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မရှိပဲ ကောင်းမွန်တဲ့ မိဘတွေ၊ ဆရာ ဆရာမတွေ၊ အရောင်းသမားတွေ၊ အလုပ်သမားတွေ ဒါမှမဟုတ် အလုပ်ရှင်တွေ ဖြစ်နိုင်ပါရဲ့လား။

သင်ရွေးချယ်တဲ့ နယ်ပယ်ကို ထည့်မတွက်ပဲ အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်ဟာ အမြင်သဘောထားပဲ ဖြစ်ပါတယ်။

စိတ်နေသဘောထားက အောင်မြင်မှုရဲ့ အရေးပါတဲ့ အချက်ဖြစ်တယ်ဆိုရင် ဘဝအပေါ်မှာ ထားတဲ့ သင့်ရဲ့ စိတ်နေစိတ်ထားကို စစ်ဆေးမကြည့်သင့်ပေဘူးလား။ သင့်ရဲ့ စိတ်နေစိတ်ထားက သင့်ရဲ့ အောင်မြင်မှု ပန်းတိုင်ကို ဘယ်နည်းဘယ်ပုံ အကျိုးသက်ရောက်စေတယ်ဆိုတာကိုရော မမေးသင့်ပေဘူးလား။

ရည်ညွှန်း။ Macmillan India Ltd က ပြန်လည်ရိုက်နှိပ် ထုပ်ဝေတဲ့ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ စာမျက်နှာ ၂၊ ၃ မှ စာပိုဒ်နှစ်ပိုဒ်ကို ဘာသာပြန်ပြီး ပို့စ် တင်လိုက်တာပါ။

Bone Nyan
Mumbai, India
08/12/2010

Dec 1, 2010

ကမ္ဘာကြီးရဲ့ အခြေခံကို စရှာခဲ့ကြတဲ့ အတွေးအခေါ်သမားတွေ

မနေ့ တစ်နေ့က ဒီဃနိကာယ်လာ ဗြဟ္မဇာလ သုတ်တော်ကို ပြန်ဖတ်ဖြစ်တယ်။ အယူဝါဒ အကြောင်းတွေ ဖတ်နေရင်း ကမ္ဘာလောကကြီး အကြောင်းကို သက်ဆိုင်ရာ ဝါဒရှင်တွေ အသီးအသီက ဉာဏ်မှီသလောက် ယူဆကြ တာတွေကို သတိထားမိတယ်။ ဖတ်ရင်းနဲ့ ကမ္ဘာလောကကြီးကို လူတွေ စိတ်ဝင်စား ကြတဲ့ အကြောင်း အနောက်တိုင်း ဒဿနမှာရော အရှေ့တိုင်း (အိန္ဒိယ) ဒဿနမှာပါ တွေ့ရတယ် ဆိုတာကို သတိယမိတယ်။ ဒါနဲ့ အနီးအနားက ရတတ်သမျှ စာအုပ်လေးတွေ လှန်လှော ဖတ်မိပြန် ရော။ 

တကယ်ဆိုတော့ “လူ”အကြောင်းကို စိတ်ဝင်စားနေမိတာပါ။ နယ်ပယ်ကို ချုံ့ပြီး ပြောရရင် အထူးသဖြင့်တော့ ဗုဒ္ဓစာပေမှာ လာတဲ့ လူနှင့်ဆိုင်တဲ့ အယူအဆကို စိတ်ဝင်စားနေမိတာပါ။ ဒါပေမဲ့ အဲဒါတွေက ဖတ်ဖြစ် လေ့လာဖြစ်ခဲ့ရင်တောင် စာဖြစ်လာပါ့မလားဆိုတာတော့ မသေချာသေးဘူး။ (စာရေးပျင်းတာလဲ ပါတာပေါ့လေ။) ရေးဖြစ်ခဲ့ရင် နိဒါန်းလေးဖြစ်သွားအောင် ခုတော့ လူတွေမှီရာ ဒီကမ္ဘာအကြောင်းကို အတွေးအခေါ် ဂိုဏ်းတွေ ပေါ်စက တွေးခဲ့ကြတာကို ပြန်ချုံ့ရေးပြီး ပို့စ်အဖြစ် တင်လိုက်ပါတယ်။

အနောက်တိုင်း ဒဿနပညာရပ်ကို စတင်တည်ဆောက်ခဲ့ကြသူများလို့ သမိုင်း တင်ခံထားကြရသူများ သည်ပင် စကြာဝဠာကြီးရဲ့ သဘောသဘာဝနှင့် မည်သည့်အရာတွင် အခြေခံကြောင်းများကို စူးစမ်း လေ့လာခဲ့ကြတာကို တွေ့ရပါတယ်။ 

အနောက်တိုင်း ဒဿနရဲ့ ဖခင်ကြီးလို့ အသိအမှတ်ပြုခံရတဲ့ သေးလိ (ဇ်) (Thales 624 – 546 BC) က စကြာဝဠာကြီးကို ရုပ်သဘောတရားအဖြစ် ရှုမြင်ခဲ့ပြီး ရေ သို့မဟုတ် စွတ်စိုမှုဓာတ် (water or moisture) ကို အရာရာကို ဖြစ်စေသော အခြေခံဓာတ် (fundamental principle) အဖြစ် စဉ်းစား တင်ပြခဲ့တယ်။ သတ္တဝါတိုင်းဟာ ရေကို အမှီပြုပြီး အသက်ရှင်သန်ကြရတယ်။ ရေခိုးရေငွေ့ဟာ မီးဓာတ်အဖြစ် ပြောင်းလဲနိုင်သလို မိုးရေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ မိုးရွာသွန်းလိုက်ရင် မီးဓာတ်၊ လေဓာတ်များဟာလဲ ရေဓာတ်အဖြစ် ပြန်ပြောင်းလာတယ်။ ဒီမိုးရေတွေ ခန်းချောက်သွားပြန်တော့ မြေဓာတ် (ပထဝီဓာတ်) အဖြစ် ပြောင်းလဲ သွားပြန်ရောတဲ့။ အဲဒီ ပထဝီ (မြေ)ဓာတ်ကနေ စိမ့်စမ်းရေ၊ မြစ်ရေတွေ ဖြစ်ပေါ်လာပြန်တယ်။ ဒါကြောင့် အရာအားလုံးဟာ ရေကပဲ ဖြစ်လာပြီး ရေဓာတ်အဖြစ်ပဲ ပြန်ရောက်ရတာပဲ။ ဒီတော့ ရေဟာ အခြေခံဓာတ် ဖြစ်ရပါတယ်လို့ သူက တွေးခေါ်ပါတယ်။

သေးလိ(ဇ်)ရဲ့ တပည့်ဖြစ်သူ အနက်ဇီမန်ဒါး (Anaximander – 610 – 546 BC)ကတော့ သူ့ဆရာရဲ့ အယူအဆဖြစ်တဲ့ စကြာဝဠာကြီးဟာ  ရုပ်သဘောတရားဖြစ်တယ် ဆိုတာကို ဆက်ခံပါတယ်။ ဒါပေမဲ့ စကြာဝဠာကြီးရဲ့ အခြေခံဓာတ်က ရေဓာတ်ပဲ ဖြစ်တယ်ဆိုတဲ့ အယူအဆကိုမူ ငြင်းပယ်ခဲ့ပြန်ပါတယ်။ ရေဓာတ်ဟာ အခြေခံအကျဆုံးသော ဓာတ်ဖြစ်မယ်ဆိုရင် ကမ္ဘာလောကကြီးဟာ စိုစွတ်မှု လွန်းကဲ နေရမယ်။ စိုစွတ်မှု လွန်ကဲနေရင် မီးဓာတ်ဆိုတာ မရှိနိုင်တော့ဘူး။ ဒါပေမဲ့ လက်တွေ့မှာ မီးဓာတ်ဆိုတာာက ရှိနေတယ်။ ဒါကြောင့် အခြေခံဓာတ်ဟာ ရေဓာတ် မဖြစ်နိုင်ဘူး။ ဒီတော့ ကမ္ဘာကြီးသည် ဆန့်ကျင်ဖက်အရာများ စုပေါင်းတည်ဆောက်ထားခြင်း ဖြစ်တယ်။ ဒါကြောင့် စကြာဝဠာကြီးဆိုတာ ရေ၊ မြေ၊ လေ၊ မီးဓာတ်တို့ ပေါင်းစုထားတဲ့ အနန္တဓမ္မ (ဆုံးစမရှိ) ဓာတ်ဖြစ်ပါတယ်။ အနန္တဓမ္မ (apeiron or the infinite) သည်ပင် ၄င်းကိုယ်တိုင်ရဲ့ ထာဝရဖြစ်တည်မှု စွမ်းအားဖြစ်တယ်။ အရာအားလုံးကို ဖြစ်ပေါ်စေတယ်။ ပြီးတော့ အားလုံးကို သူကပဲ စိုးမိုး အုပ်ချုပ်တယ်လို့ သူ့ဒဿနက ဆိုပါတယ်။ 

တစ်ဖန် အနက်ဇီမန်းဒါးရဲ့ တပည့် အနက်ဇီမိနိ (Anaximenes, 588 – 525 BC)ကမူ စကြာဝဠာကြီးကို ရုပ်ဖြစ်တယ်၊ အခြေခံသဘောတရား တစ်ခုတည်းပဲ ရှိတယ်လို့ ဆက်ခံ ယူဆပေမဲ့ ယင်း၏ အခြေခံတရားမှာ ဓာတ်လေးမျိုးလုံး ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ လက်မခံပြန်ပါဘူး။ သူက စကြာဝဠာကြီးရဲ့ အခြေခံဓာတ်မှာ လေလို့ ဆိုပြန်ပါတယ်။ လေဆိုတာ ပူတဲ့သဘောကို ဖြစ်စေနိုင်သလို အေးတဲ့ သဘောကိုလဲ ဖြစ်စေနိုင်တယ်။ နောက် အစိုင်အခဲ အဖြစ်သို့လဲ ပြောင်းလဲနိုင်တယ်။ လေမရှိရင် သတ္တဝါတွေ အသက် မရှင်နိုင်ဘူး။ ဒါကြောင့် စကြာဝဠာကြီးရဲ့ အခြေခံဓာတ်ဟာ လေဖြစ်တယ်။ လေဟာ ကမ္ဘာလောကကြီးကို လွှမ်းခြုံထားတယ်။ (Air encompass the world တဲ့။) စကြာဝဠာကြီးဟာ လေပေါ်မှာ တည်ပြီး ပြားတဲ့ ပုံစံရှိတယ်ဆိုပဲ။

နောက်ပိုင်း ဒဿနပညာ တိုးတက် ပြန့်ပွားလာပြီး ဂိုဏ်းဖွဲ့ ပြောကြတော့ ဒီဒဿနပညာရှင် သုံးယောက်လုံးကို သူတို့ မွေးဖွား နေထိုင်တဲ့ မိုင်လိတပ်စ်မြို့ကို အခြေခံပြီး မိုင်လိတပ်စ်ဂိုဏ်း(သား)လို့ ရည်ညွန်းသုံးနှုန်းကြပါတယ်။ ဒီဂိုဏ်းသားတွေရဲ့ အတွေးအခေါ်ကို ခြုံငုံ သုံသပ်ကြည့်ရင် စကြာဝဠာကြီးကို ရုပ်အဖြစ်သာ ရှုမြင်ကြတယ်။ သဘာဝကို ဖြေရှင်းရာမှာ အစဉ်အလာ ယုံကြည်မှုဖြစ်တဲ့ အနန္တ တန်ခိုးတော်ရှင်ဘုရား၊ တန်ခိုးတော်ရှင် နတ်တွေ၊ စုန်းတွေရဲ့ အကူအညီနှင့် မဖြေရှင်းပြခဲ့ကြဘူး။ သဘာဝကို သဘာဝတရားနှင့်သာ လက်တွေ့ကျကျ ဖြေရှင်းကြတာကို တွေ့ရတယ်။ အဲဒီလို ဖြေရှင်းချက် ထုပ်ရာမှာ မြင်တွေ့ရတဲ့ အဖြစ်အပျက် အကြောင်းအရာပေါ်မူတည်တဲ့ အတွေ့အကြုံ အာရုံနည်းနှင့် ဖြေရှင်းတာကို တွေ့ရတယ်။ သူတို့တွေရဲ့ တွေးခေါ်မှုဟာ သိပ္ပံနည်းကျ တွေးခေါ်မှုဆီ စတင် ရှေးရှုစေ ခဲ့ပါတယ်။

ဒီတွေးခေါ်ရှင်တွေ တင်ပြခဲ့တဲ့ စကြာဝဠာဆိုင်ရာ ဖြေရှင်းချက်တွေဟာ မှန်တယ်လို့ မဆိုနိုင်ဘူး။ လေးနက်မှု လဲ မရှိလှသလို အတွေးအခေါ်စနစ်ကျနမှုလဲ မရှိပါဘူးတဲ့။ ဒီတော့ သူတို့တွေရဲ့ အတွေးအခေါ်တွေဟာ ဒီခေတ်ကနေ ပြန်လှမ်းကြည့်လိုက်တော့ အရေးပါ အရာရောက်မှုလဲ မရှိတော့ဘူးပေါ့။ ဆရာတွေက ဒီလို သုံးသပ်ပြကြပါတယ်။ 

ဒါပေမဲ့ စာရေးသူ အခြား ရှုဒေါင့်တစ်မျိုးကနေ ခြုံငုံပြောလိုတာကတော့ သူတို့တွေဟာ အများလက်ခံထားတဲ့ အစဉ်အလာ ယုံကြည်မှုတွေကနေ ခွဲထွက်နိုင်တဲ့ အသိဥာဏ်၊ ခွဲထွက်ရဲတဲ့ သတ္တိ ကြီးမားတာက အလွန်လေးစားစရာ ကောင်းပါတယ်။ အမှန်တရားကို မြတ်နိုးမှုနှင့် ရှာဖွေလိုမှုကလဲ ချီးကြူးစရာပါ။ တစ်ပြိုင်နက်တည်းမှာပဲ တစ်ယောက်ရဲ့ အတွေးအခေါ်ကို နောက်တစ်ယောက်က အခြေခံပေမဲ့ ငါ့ဆရာကြီးပြောတာသာ အမှန်လို့ တစ်ယူသန် တစ်စောက်ကန်း စိတ်ထားမျိုး၊ စွဲကိုင်မှုမျိုး မရှိပဲ ဆင့်ကဲ တွေးခေါ်ကြတာကလဲ ကောင်းပါတယ်။ “ဆရာထက် တပည့် လက်စောင်းထက်” ပုံစံမျိုး ဖြစ်လာတာကိုက အလွန်အားရ ကျေနပ်စရာ ကောင်းပါတယ်။ “အစဉ်အလာက ဒီလိုဆိုတာဆိုပြီး ဟုတ်ပြီမှန်ပြီလို့ မယူဆနှင့်။ ငါ့ဆရာကြီး ပြောတာမို့၊ ငါတို့ အကြီးအကဲ ပြောတာမို့ သူပြောတာသာမှန်တယ်လို့ မယူစွဲလေနှင့်” စတဲ့ မြတ်ဗုဒ္ဓရဲ့ ကာဠာမသုတ်တော်လာ ဟောကြားချက်များကို သတိယမိပါတယ်။ တွေးခေါ် မျှော်မြင်မှုဟာ လူတွေ အတွက် မရှိမဖြစ် လိုအပ်ပြီး လွတ်လပ်မှု ရှိဖို့လဲ လိုအပ်လှပါတယ်။ ဒါမှလဲ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ပါလား။

မှတ်ချက်။ John Edward Bentley ရဲ့ Philosophy: An Outline - History မှာတော့ သေးလိ (ဇ်)ကို ၆၄၀ ဘီစီမှာ မွေးပြီး ၅၅၀ မှာ ကွယ်လွန်ကြောင်း ပြထားပါတယ်။

ကမ္ဘာဂြိုဟ်ပုံကို http://science.nationalgeographic.com/science/photos/earth-moon-gallery.html မှ ယူထားပါတယ်။

ဘုန်းဉာဏ်
၀၁၊ ၁၂၊ ၂၀၁၀

ရည်ညွှန်း။
၁။ ခင်အေးသီ၊ ဒေါ်၊ အနောက်တိုင်း ဒဿနပညာ၊ ပထမတွဲ၊ အပိုင်း (၁)၊ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်၊ ၁၉၇၈။
၂။ Bentley John Edward, Philosophy: An Outline - History, (reprint), Littlefield, Adams & Co.,  USA, 1958. 
၃။ Diane Collinson and Kathryn Plant, Fifty Major Philosophers, 2nd edition, Routlege, 2006.

Nov 20, 2010

အကယ်၍


 VOA မြန်မာပိုင်း အစီအစဉ်က (၂၀၁၀) နိုဝင်ဘာလ (၁၆)ရက် အင်္ဂါနေ့ညမှာ ဒေါ်အောင်ဆန်း စုကြည် ဘာသာပြန်ခဲ့တဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို ထုပ်လွင့်တာကို ကြားလိုက်ရပါတယ်။  ကိုကျော်အောင် လွင် စီစဉ်တင်ဆက် တဲ့ “အနုပညာ မိုးကောင်းကင် ကဏ္ဍ” မှာ ဝိုင်းတော်သူတွေက ရွတ်ဖတ် ပြထားကြတာပါ။ နားထောင်လို့ အလွန် ကောင်းပါတယ်။

ဘာအကြောင်းကြောင့်ပဲ စိတ်အား ငယ်ငယ်၊ ဘယ်လို ရည်မှန်းချက် ပန်းတိုင်ကိုပဲ ချီတက်တက်၊ ကိုယ့် အနီးအပါးက လိုက်ပါအားပေးနေတဲ့ အနီးဆုံးနှင့် အရေးအကြီးဆုံးလူလို စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေပါတယ်။ ဘာသာပြန်လက်ရာကလဲ တကယ့် မြတ်နိုးစရာ၊ စွဲလမ်းနှစ်သက်စရာ နူးညံ့ သိမ်မွေ့လှတယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က Rudyard Kipling ရဲ့ If လို့ အမည်ပေးထားတဲ့ ဒီကဗျာကို  ဘာသာပြန်ခဲ့တာလို့ ဆိုပါတယ်။ “စိတ်ဓာတ်ခွန်အားကို ဖြစ်စေတဲ့ ကမ္ဘာကျော် ကဗျာတွေထဲက ထိပ်တန်းကဗျာတစ်ပုဒ် ဖြစ်ကြောင်းနှင့် ဒီကဗျာကို အခြေခံပြီးတော့ အနုပညာ တင်ဆက်မှုတွေလဲ ပုံစံမျိုးစုံ ရှိကြောင်း ” ကိုကျော်အောင်လွင်က ရှင်းပြတာကို ကြားရပါတယ်။

ကဗျာဆရာ Rudyard Kipling ကို ဗြိတိသျှ ကိုလိုနီ အိန္ဒိယနိုင်ငံ ဘုံဘေ (မွန်ဘိုင်း) မြို့မှာ ဒီဇင်ဘာ (၃၀)ရက် (၁၈၆၅) ခုမှာ မွေးဖွားပါတယ်။ Kipling ဟာ အင်္ဂလိပ်လူမျိုး တစ်ဦး ဖြစ်ပြီး ကဗျာနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို ရေးသားခဲ့တဲ့ နာမည်ကြီး စာရေးဆရာ၊ ကဗျာဆရာတစ်ယောက်ပါ။ သူဟာ စာပေဆိုင်ရာ နိုဘယ်ဆုကို (၁၉၀၇) ခုနှစ်မှာ လက်ခံ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနှင့် ရေးတဲ့ နိုဘယ်လ်ဆုရ စာရေးဆရာတွေထဲမှာ သူဟာ ပထမဆုံးဖြစ်ပြီး ဒီနေ့အထိ အသက် အငယ်ဆုံး စာပေနိုဘယ်လ်ဆုရှင်လဲ ဖြစ်ပါသတဲ့။

သူရေးခဲ့တဲ့ နာမည်ကြီး စာပေလက်ရာတွေကတော့ The Jungle Book (1894)၊ Kim (1901) The Man Who Would Be King (1888) အပါအဝင် ဝတ္ထုတိုများစွာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နန်းမြို့တော် ဖြစ်ခဲ့တဲ့ မန္တလေးမြို့တော် အကြောင်း ရေးဖွဲ့ထားတဲ့ Mandalay ဆိုတဲ့ ကဗျာ (1890)ကလဲ သူရဲ့ နာမည်ကြီး ကဗျာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

 ဗွီအိုအေ သတင်းတင်ဆက်သူတွေ ရွတ်ဖတ်ပြတဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို စာလုံးများအဖြစ် ပြောင်းလဲပြီး ဘလော့ဂ် စာဖတ်ပရိတ်သတ်ကို မျှဝေလိုက်ပါ။တယ် အမှန်ကို ပြောရရင် ဒီကဗျာ မြန်မာပြန်ကို စာရေးသူ မတွေ့ဖူး မဖတ်ဖူးပါဘူး။ ဒါကြောင့် စာပိုဒ်တွေကို အင်တာနက်ပေါ်မှာ တွေ့ရတဲ့ အင်္ဂလိပ်လိဘာသာ ကဗျာကို ကြည့်ပြီး   ခွဲထားပါတယ်။ အင်္ဂလိပ်လို ကဗျာကိုလဲ  မျှဝေပေးလိုက်ပါတယ်။

ဘလောဂ်ပုံစံကြောင့် တစ်ကြောင်းထဲပြီးရမဲ့ စာတွေက နှစ်ကြောင်းဖြစ်၊ နှစ်ကြောင်းပိုဒ်တွေက သုံးကြောင်းဖြစ်နေတာတွေကိုလဲ နားလည်ခွင့်လွှတ်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ်။ သတ်ပုံ၊ အဖြတ်အတောက်စတဲ့ မှားယွင်းမှု တစ်စုံတစ်ရာ ရှိခဲ့ရင် သို့မဟုတ် ဘာသာပြန်သူရဲ့ မူလစာအထားအသိုနှင့် ကွဲလွဲနေခဲ့ရင် တင်ပြသူ ဘုန်းဉာဏ်ရဲ့ တာဝန်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။ 

အကယ်၍
အကယ်၍ မင်းအသိုင်းအဝိုင်း တုန်လှုပ်ချေက်ချားပြီး ဒါတွေဟာ မင့်ကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် ရင်ဆိုင်နိုင်မယ်ဆိုရင်၊
အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနှင့် မင်းကိုမင်း ယုံကြည်မှု အပြည့် ရှိမယ်ဆိုရင်၊
အကယ်၍ စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လဲ မမောမပန်း နေနိုင်မယ် ဆိုရင်
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ
မင်းကလဲ အလိမ်အညာတွေနှင့် မတုန့်ပြန်ဘူး ဆိုရင်၊
ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့ အခါ
မင်းကလဲ အမုန်းတွေ ပြန်မပွားဘူး ဆိုရင်၊

အကယ်၍ စိတ်ကူးယဉ် အိက်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ် ဆိုရင်၊
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ
တွေးခေါ်နိုင်မယ် ဆိုရင်၊
အကယ်၍ အောင်မြင်မှု သုခနှင့် ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့ ခံယူနိုင်မယ်ဆိုရင်၊
အကယ်၍ မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ပစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် နာကြားနိုင်မယ် ဆိုရင်
အကယ်၍ မင်းဘဝ တစ်ခုလုံး ပေးပြီး အရိပ်တကြည့်ကြည့်နှင့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံ လိုက်ရပြီးတဲ့နောက် အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနှင့် ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်၊

အကယ်၍ မင်းနိုင်ခဲ့သမျှတွေ အားလုံး
ကြွေတစ်လှည့် ကြက်တစ်ခုန် ပမာ တစ်လှည့်တစ်ခါတည်းနှင့် ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ငြီးငြူမနေဘူး ဆိုရင်၊
အကယ်၍ သူများတကာတွေ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်း အလှည့် ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်း နှင့်ပဲ အားနှင့် မန်နှင့် ဇွဲသတ္တိရှိရှိ ဆက် ကြိုးစားနိုင်မယ် ဆိုရင်
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားက လွဲလို့ ဘာဆို ဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကို ခိုင်မာစွာနှင့်ပဲ လက်ဆုပ်လက်ကိုင် ထားနိုင်မယ် ဆိုရင်၊

အကယ်၍ လူတွေနှင့် ထိတွေ့ဆက်ဆံ ပြောဆိုတဲ့ အခါ
ကိုယ်ကျင့် သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်၊
ဒါမှမဟုတ် မင်းဧကရာဇ်တွေနှင့် အတူ လမ်းလျောက်နေရပေမဲ့ မာန် မာန သွေး မကြွဘူး ဆိုရင်၊
အကယ်၍ ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို နာကြည်းအောင် မလုပ်နိုင်စေရင်၊
အကယ်၍ လူတိုင်းကို တန်းဘိုးထား လေးစားပေမဲ့ စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်
အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ် အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်
ငါ့သားရေ ... မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်း စွမ်းနိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလဲ ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။


If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";

If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!

  
ရည်ညွှန်း။
၁။ ဗွီအိုအေ မြန်မာပိုင်း၊ အနုပညာ မိုးကောင်းကင် အစီအစဉ် (၁၆၊ ၁၁၊ ၂၀၁၀) ညပိုင်း အစီအစဉ်။
၂။ http://en.wikipedia.org/wiki/Rudyard_Kipling
၃။ http://www.everypoet.com/archive/poetry/Rudyard_Kipling/kipling_if.htm
၎။ http://www.kipling.org.uk/poems_if.htm

ဘုန်းဉာဏ်

၂၁၊ ၁၁၊ ၂၀၁၀

Nov 15, 2010

မေတ္တာ ရောင်ပြန်

အမျိုးသား ခေါင်းဆောင်လို့ ပြည်သူတွေက ယုံကြည် သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ၁၃၊ ၁၁၊ ၂၀၁၀ နေ့ ညနေ ၅: ၁၅ မိနစ်ခန့်မှာ အစိုးရက နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပါတယ်။ စစ်အစိုးရ အနေနှင့် သူမကို ဖမ်းဆီးထားရာနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေကလဲ တစ်ကမ္ဘာလုံးမှာ ပွက်လောညံနေခဲ့ပါတယ်။

၁၂ ရက်နေ့ ကတည်းက သူမ လွတ်မယ်လို့ စောင့်မျှော်နေခဲ့ကြတဲ့ အတွက် ဒီနေ့မှာတော့ ပိုမိုများပြားလှတဲ့ လူတွေဟာ စိတ်ရှည်ရှည် စောင့်နေခဲ့ကြတယ်တဲ့။ လွတ်ပြီးပြီးချင်း အချိန်အနည်းငယ် အတွင်းမှာပဲ လူတွေ သောင်းနှင့် ချီတဲ့ အထိ ရောက်လာခဲ့ကြတယ်။ နောက် အိမ်နားအထိ မရောက် နိုင်တော့တဲ့ လူတွေကိုပါ ရေတွက်ရင် သောင်းဂဏန်း အကြီးစား အထိ ရှိမယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရသလို ဓာတ်ပုံတွေ၊ ဗွီဒီယိုသတင်းတွေကို ကြည့်ရင်လဲ သိသာပါတယ်။ 

ပြည်တွင်းက ပြည်သူတွေသာ မကပါဘူး။ ပြည်ပရောက် မြန်မာတွေဟာလဲ တစ်ချိန်လုံး လိုလို နားစွင့်နေကြ၊ စောင့်မျှော်နေကြဟန်တူပါတယ်။ တီဗွီ သို့မဟုတ် အင်တာနက် စာမျက်နှာတွေပေါ်က တစ်ဆင့်ပေါ့။ ပိုအဆင်ပြေသွားတာက လွှတ်တဲ့နေ့ဟာ စနေနေ့ (အားလပ်ရက်) ဖြစ်လို့ပါပဲ။

ဒါကို ကြည့်ရင် လူတွေဟာ သူမကို ဘယ်လောက် အထိ ချစ်သလဲ၊ မြတ်နိုးသလဲ၊ ယုံကြည် မျှော်လင့်သလဲ၊ ထောက်ခံသလဲ ဆိုတာ အလွန်တရမှာ သိသာ မြင်သာတဲ့ မြင်ကွင်းပါ။ ဒါ ဘာကြောင့်ပါလဲ

တကယ်တော့ ဒါတွေဟာ လူတွေ အပေါ်မှာ ထားတဲ့ သူမရဲ့ စေတနာ မေတ္တာတွေ ရောင်ပြန်ဟပ်တာလို့ ယုံကြည် ယူဆပါတယ်။ 

ပြည်သူ ပြည်သားတွေရဲ့ အပေါ်မှာ ထားတဲ့ သူမရဲ့ စေတနာက ဖြူစင်တယ်။ သူ့အကျိုး သူ့အတ္တ မပါဘူး။ တိုင်းပြည်ထဲ ပြန်အဝင်ခံမှာ မဟုတ်တဲ့ အတွက် ခင်ပွန်းသည် ဆုံးခါနီးမှာရော ဆုံးပြီးချိန်တွေမှာတောင် သွားမတွေ့ခဲ့ဘူး။ မိသားစု တစ်ခုလုံးကို တိုင်းပြည်အတွက် စွန့်ထားခဲ့တယ်။ တိုင်းပြည် ညီညွတ် တိုးတက် သာယာဝပြောရေး အတွက်  ဘာအခွင့် အရေးနှင့်မှ မလဲခဲ့ဘူး။ ဒါကြောင့် သူ့စေတနာက သန့ှ်ရှင်းတယ်။ အရောင်ရောမှု မရှိဘူး။ 


အဲဒီလို စွန့်လွှတ် အနစ်နာခံတယ် ဆိုတာ မေတ္တာတရား ကြီးမား နက်ရှိုင်းလို့သာ လုပ်နိုင်တာပါ။ ကိုယ့်ကိုယ်ကို ချစ်တာနှင့် တိုင်းပြည်ကို ချစ်တာ တစ်ထပ်တည်း ထားနိုင်လို့သာ ဒီလို လုပ်နိုင်တာပါ။ မိသားစုကို ချစ်တာထက် တိုင်းပြည်ကို ချစ်တာက ပိုနေတယ်။ ဘာသာရေး အရ ပြောရရင် ကာယကံမေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံ မေတ္တာလို့ မေတ္တာ သုံမျိုး ရှိတဲ့ထဲက ကာယကံ မေတ္တာကို နှစ်ပေါင်းများစွာ မပျောက် မပျက် လက်တွေ့ ပြသနိုင်တဲ့ အတွက်ကြောင့် ပြည်သူ့ မေတ္တာ ပြန်ပြီး ရောင်ပြန်ဟပ်တာပါ။ 

စေတနာ မေတ္တာ ဒီလောက်ကြီးတော့လဲ ပြည်သူတွေ အပေါ်မှာ ထားတဲ့ ကတိ၊ သစ္စာက ခိုင်ခံ့ တည်ကြည်ပြီပေါ့လေ။ ဒါတွေကြောင့်လဲ ပြည်သူတွေက ဒီလောက် အထိ ချစ်မြတ်နိုးကြဟန် တူပါတယ်။ 

တကယ်တော့ သူမဟာ နှစ်ပေါင်း နှစ်ဆယ့် တစ်နှစ်မှာ ဆယ့်ငါးနှစ်လောက် အကျယ်ချုပ် ကျခံနေခဲ့ရတာမို့ လူထုနှင့် ထိတွေ့ရချိန်က တကယ့် နည်းနည်းလေးရယ်ပါ။ ဒါပေမဲ့ မြန်မာပြည်သူတွေနှင့် ကမ္ဘြာ့ပည်သူတွေ၊ ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်တွေရဲ့ နှစ်လုံးသားတွေကိုတော့ သိမ်းကြုံး ယူငင် ထွေးပွေ့ထားနိုင်သူ ဖြစ်နေပါတယ်။ ဒါကို ဒီနေ့ သတင်းတွေ၊ တုန့်ပြန်သံတွေက သက်သေ ပြနေပါတယ်။ 

အကောင်းဆုံ ပြယုဂ်ကတော့ ကမ္ဘာ့ ထိပ်ဆုံး နိုင်ငံကြီးရဲ့ သမ္မတ အိုဘားမားက ဒေါ်စုဟာ သူ့ရဲ့ သူရဲကောင်းပါလို့ ပြောသွားချက်ပါပဲ။ သူလွတ်လာတာကို ဝမ်းသာကြ၊ ကြိုဆိုကြတဲ့ ကမ္ဘာ့ ခေါင်းဆေင်တွေရဲ့ အသံတွေကို ၁၅ ရက် (တနင်္လာ) နေ့ အထိကြားနေရဆဲ ဖြစ်ပါတယ်။ ဥပမာ “မတရားမှုတွေကို ရဲရဲ ရင့်ရင့် ရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဇွဲနှင့် သတ္တိဟာ အများအတွက် အားကျ အတုယူစရာ ဖြစ်တယ်” လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေဗစ် ကင်မရွန်းရဲ့ အောက်လွှတ်တော်မှာ ပြောသွားတဲ့ စကားမျိုးတွေပါ။

 ၁၄၊ ၁၁၊ ၂၀၁၀ နေ့မှာတော့  ဗဟန်းမြို့နယ်က ရွေဂုံတိုင် လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ လူထုကို တွေ့ဆုံပြီး မိန့်ခွန်းပြောပါတယ်။ သူကို တွေ့ချင် မြင်ချင်၊ သူ့အသံကို ကြားချင်လို့ လာကြတဲ့ လူအုပ်ကြီးကို ကြည့်ရတာ ကြက်သီးတောင် ထလောက်ပါတယ်။ ပြီးတော့ စကားပြောတာက နေ့ခင်း ၁၂ နာရီ၊ ဒီလို ပူအိုက်လှတဲ့ အချိန်မျိုးမှာ သိန်းချီ ရှိနိုင်တဲ့ လူအုပ်ကြီး လာရောက်ကြည့်ကြတာ၊ သူ့မိန့်ခွန်းကို လာနားထောင်ကြတာတွေဟာ အလွန်အံ့သြစရာ ဖြစ်ရပါတယ်။ လာရောက်ကြတဲ့ လူတွေရဲ့ မျက်နှာတွေပေါ်မှာလဲ အပြုံးပန်းတွေက ဝေလို့၊ ပီတိရေစင် ဖြန်းထားလို့ လန်းဆန်းနေတဲ့ ဒီမျက်နှာတွေကို အများသူငါ မြင်တွေ့နိုင်ပါတယ်။





မြန်မာပြည်မှာ ဖြစ်နေကြပုံစံလို တစ်အိမ်တစ်ယောက် ဆင့်ခေါ်တာမျိုးလဲ မဟုတ်၊ မလိုက်နိုင်ရင် ဒဏ်ငွေပေးရတာလဲ မရှိ၊ မလာနိုင်လို့ အာဏာပိုင် အဆင့်ဆင့်ကို ကြောက်စရာ စိုးရိမ်စရာလဲ မလိုပဲ ဒီလိုလာပြီး ကြိုဆိုကြ၊ နားထောင်ကြတာဟာ အထက်မှာ ပြောခဲ့တဲ့ ပြည်သူတွေ အပေါ်မှာ ထားတဲ့ သူမရဲ့ ကောင်းမြတ်တဲ့ စေတနာ၊ စစ်မှန်တဲ့ မေတ္တာတွေ ရောင်ပြန်ဟပ်တာပဲလို့ အခိုင် အမာ ယုံကြည်ကြောင်း ဆိုချင်ပါတယ်။

(ဓာတ်ပုံများ။ အထက်ဆုံး ဓာတ်ပုံ သုံးပုံမှာ AP က ဖြစ်ပြီး၊ အောက်ဆုံး သုံးပုံမှာ Eleven Media Group မှ ယူထားပါသည်။)

Nov 11, 2010

မွန်ဘိုင်း (ဘုံဘေ) မြို့မှ ဒေဝါလီ ပွဲတော်

ဒီနှစ်ကတော့ ကံကောင်းတယ် ဆိုရမလား။ နှစ်သစ်ကူးပွဲတွေ အတော် ဆင်နွဲခွင့် ရနေလို့လေ။ ၂၀၁၀ နှစ်စ ဖေဖော်ဝါရီလက မလေးရှား ဆစ်တီယာဝမ် မြို့လေးမှာ တရုပ် နှစ်သစ်ကူးပွဲတော်နှင့် ကြုံခဲ့တယ်။ အဲဒီပွဲမှာ ဘာသာရေး အပိုင်းကို ဦးဆောင် လုပ်ပေးခဲ့ရပါတယ်။ နောက် ဧပြီလ ရောက်တော့ စင်္ကာပူ ဆမ်ဘာဝမ်း မြန်မာ သင်္ကြန်နှင့် ကြုံဆုံပြန်ရော။ (ဒီဘလော့ဂ်မှာ တော်တော် စုံစုံလေး ရေးသားတင်ပြခဲ့ပါတယ်။) အခုတော့ မွန်ဘိုင်းမှာ ဒေဝါလီပွဲတော်နှင့် ပက်ပင်း တိုးပြန်ပြီ။ 

အော် နှစ်သစ်ကူးပွဲတော်တွေနှင့် ကြုံဆုံနေတယ် ဆိုတော့ ပျော်မြူးနေမယ်လို့လဲ ဖတ်ရင်း တွေးမနေနှင့်ဦး။ ဘုန်းကြီးဘဝ ဆိုတော့ ဘာမှ ထူးပြီး ပျော်ရတာမှ မဟုတ်တာ။ သိကြတဲ့အတိုင်းပေါ့။ ဒါပေမဲ့ ဒီပွဲတော် အကြောင်း နည်းနည်းတော့ ရေးပါဦးမယ်။

ဒေဝလီ သို့ မမဟုတ် ဒီပဝလီ (Diwali/ Deepavali) ပွဲတော်ဆိုတာ မီးထွန်းပွဲတော် တစ်ခုပါပဲ။ သက္ကဋ စကားလုံး “ဒီပါဝလီ” (row of lamps)က လာတဲ့စကားလုံး ဖြစ်ပါတယ်။ ဟိန္ဒူ၊ ဂျိန်းနှင့် ဆစ်(ခ်) ဘာသာတို့ ရဲ့ ငါးရက်ကြာ ကျင်းပတဲ့ အရေးအကြီးဆုံးပွဲတော် တစ်ခုပေါ့။ နှစ်တစ်နှစ်ရဲ့ အရေးအကြီးဆုံး ပွဲတော် တစ်ခုလဲ ဖြစ်ပါသတဲ့။ ဒါပြင် အိန္ဒိယရဲ့ ရိုးရာ ပြက္ခဒိန်အရ နှစ်သစ်ကူးပွဲတော်လို့လဲ ဆိုပါတယ်။ စီးပွားရေး အသိုက်အဝန်းဟာ ဘဏ္ဍာရေးနှစ်ကို ပွဲတော်ရဲ့ ပထမနေ့မှာ စတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေကို ဒေဝါလီပွဲတော် တစ်ခု တက်ဖို့ ဖိတ်ပါတယ်။ ဘုန်းကြီးဖြစ်နေ တာကြောင့် တက်ချင်စိတ် မရှိလှပါဘူး။ မလွတ်မလပ် ပုံစံမျိုးနှင့် သွားရတော့ ရှက်ရိပ် သန်းတဲ့ မျက်နှာထားက အလိုလို ပေါ်လာတတ်တယ်။ အဲဒါက ကိုယ့်အတွက် သိပ် မကောင်းလှဘူးလို့ ထင်ပါ တယ်။ 

ဒါပေမဲ့ ထည့်သွင်း စဉ်းစားစရာလေးတွေက ရှိနေခဲ့ပြန်ပါတယ်။ ပထမတစ်ချက်က အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေ အတွက် လုပ်ပေးတာဆိုတာကို စဉ်းစား မိတာပါ။ 

နောက်တစ်ခု ပိုအရေးကြီးတာက အခြားသူများရဲ့ လောကထဲမှာ နေတယ်ဆိုရင် ယဉ်ကျေးမှု  ပဋိပက္ခ (cultural clash) မဖြစ်ဖို့က အရေးကြီးပါတယ်။ အခြားယဉ်ကျေးမှုတစ်ခုနှင့် ကွက်တိဖြစ်သွားဖို့က မလွယ်လှဘူး။ ဘီဘီစီ အင်္ဂလိပ်စာ သင်ခန်းစာ တစ်ခုမှာ ဆိုရင် တိုင်းခြားမှာ သွားနေမဲ့သူတွေကို သက်ဆိုင်တဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကောင်းကောင်း လေ့လာပါ (Do lots of research) လို့ အကြံပေးတာကို ကြားဖူးပါတယ်။ စိတ်ဝင်စားမှုတူညီတဲ့ လူ၊ ရိုးရာယဉ်ကျေးမှု တူတဲ့လူ၊ တူညီတဲ့ နောက်ခံရှိသူတွေ (like-minded people) နှင့် တွေ့ရဖို့ကလဲ အခက်သား။ သွားလိုက်ရင်တော့ သူများ ယဉ်ကျေးမှုကို လေ့လာခွင့်ရတယ်။ တစ်ခါ တစ်ခါမှာ ဆိုရင် တမင်တောင် လေ့လာကြ၊ သုတေသန သဘောမျိုး လုပ်ယူကြရသေးတာ။ ဒီတော့ တက်သင့်တယ်လို့ အသိစိတ်က ပြောနေပြန်ပါတယ်။ အဲဒါနှင့် တက်ဖြစ်သွားပါရော။ 

သူငယ်ချင်း နိုင်ငံခြားကျောင်းသား အချို့

သိပ်စည်စည်ကားကားကြီး မဟုတ်ပါဘူး။ နိုင်ငံခြားကျောင်းသားရေးရာက ဒါရိုက်တာနှင့် အခြားလူ အချို့၊ နောက် ကျောင်းအုပ်တစ်ယောက်နှင့် သူ့ဇနီး၊ အခြား ဖိတ်ကြားခံရတဲ့ လူတွေလာကြပါတယ်။ မွန်ဘိုင်း တက္ကသိုလ်မှာ ကျောင်းသား ငါးသိန်းခွဲ ရှိတယ် ဆိုတာနှင့် ဘယ်နှစ်က ယဉ်ကျေးမှုရေးရာ စသည်မှာ ဆုရတယ် စတာတွေကို အဲဒီ principle က ပြောသွားတယ်။ နောက် ဟိုလူ နည်းနည်း ဒီလူ နည်းနည်း စကားပြောကြတယ်။

ပြီးတော့ ရိုးရာ တီးဝိုင်းနှင့် ဧည့်ခံပါတယ်။ အိန္ဒယကျောင်းသား ကျောင်းသူ အချို့၊ ပွဲလာ အချို့ကတော့ ကလိုက်ကြတာ။ ကင်ညာနှင့် ဆူဒန်ကျောင်းသားတွေလဲ ကကြပေမဲ့ ခဏခဏ ပြောင်းပြောင်းသွားတဲ့ က-ကွက်ကို မသိလို့နှင့် တူပါတယ်။ ကလိုက် ရပ်လိုက်ပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ပုံ မတွေ့ရတဲ့ အပြင် မဝန့်မရဲဟန်က ပိုပေါ်လွင်နေတယ်။ ကျောင်းသားသစ်တွေမို့ ထင်ပါရဲ့။ အိန္ဒယကျောင်းသားတွေက ခဏခဏ လာလာ ဆွဲခေါ်ကြပေမဲ့ ရဲရဲတင်းတင်း ကကြတာ မတွေ့ရပါဘူး။ 

နောက် ကျောင်းသူတစ်ချို့က ဗီယက်နမ်ဘုန်းကြီး တစ်ပါးကို ဘုန်းကြီးမှန်း မသိလို့ က-ဖို့ လာဆွဲခေါ်ကြလို့ အတော် ရီလိုက်ရသေးတယ်။ အဲဒီ ဘုန်းကြီးခမျာ Oh my God လို့ ငြီးငြူပြီး အတင်း ရုန်းကန် ငြင်းဆန်ရှာတယ်။ ဟုတ်တာပေါ့။ သူတို့ ဝတ်ရုံ (သင်္ကန်း)က လူဝတ်စုံ တစ်မျိုးအတိုင်းပဲပေကိုး။ သိမထားရင် တိုင်းရင်းသား တစ်မျိုး၊ ဒါမှ မဟုတ် နိုင်ငံခြားသား တိုင်းပြည်က ရိုးရာ အဝတ်လို့ပဲ ထင်မှာပေါ့။ 

ဒို့ကိုတော့ က-ဖို့ ဘယ်သူမှ လာဆွဲ မခေါ်ကြပါဘူး။ အန္ဒိယမှာ သာသနာ လုံးဝကွယ်မလောက် ဖြစ်သွားခဲ့ပေမဲ့ မဟာရဋ္ဌ ပြည်နယ်မှာတော့ ဒေါက်တာ အမ်ဘေဒကာရ် (Ambedkar) ရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တွေ ရှိနေသလို သိလဲ သိကြပါတယ်။ကြီးကျယ် ထင်ရှားခြင်း သိပ် မရှိလှပေမဲ့ ဘုံဘေမှာ ကျောင်းလေးတွေ တစ်သောင်းလောက် ရှိတယ်ဆိုပဲ။ (စာရင်း အတိအကျ မဟုတ်ပါ။)


ဒေဝါလီ အချိုပွဲ ပြင်ဆင်နေကြစဉ်

နောက်တော့ လက်ဖက်ရည်နှင့် ဒေဝါလီ အချိုပွဲ သွားရည်စာ ကျွေးမွေး ဧည့်ခံ၊ မီးရှူးမီးပန်းတွေ ထွန်းညှိ ပစ်ဖောက်ကြပြီး ပွဲတော်ကို အဆုံးသတ်လိုက်ကြပါတယ်။ ရိုးရိုးသားသား ဝန်ခံရရင် ပွဲစီစဉ်တာကတော့ ညံ့ပါတယ်။ ဒါပေမဲ့ မိဝေး ဖဝေးဖြစ်နေတဲ့ ကျောင်းသားတွေကို ထည့်သွင်း စဉ်းစားပြီး ဖိတ်ကြားတဲ့ စေတနာကတော့ မြင့်မြတ် ကောင်းမွန်ပါတယ်။
 

ဒေဝါလီပွဲတော်မှာ တစ်မြို့လုံး မီးတွေ ထိန်ထိန်လင်းနေတယ်။ အိမ်တိုင်း အဆောင်တိုင်းနှင့် တစ်ချို့ သစ်ပင် ပန်းပင်တွေမှာ ရောင်စုံမီးတွေ လှပ နုယဉ်နေအောင် ထွန်းထားတာ မြင်မိတော့ အမိ မြန်မာပြည်ကို သတိယမိတယ်။ ကောင်းတာလေးတွေ ခံစားရတဲ့ အခါမှာ ကိုယ် ချစ်မြတ်နိုးသူတွေကို အရင် သတိယတတ်ကြတာ ဓမ္မတာပါပဲလို့ (သီလက္ခန္ဓအဋ္ဌကထာမှာ) ဖတ်ရဖူးပါတယ်။ မြေကြီးက ရွှေသီးပြီး၊ စပါးတောင်လိုပုံ၊ ဆီကို ရေချိုးဖြစ်ခဲ့တဲ့ တိုင်းပြည်မှာ အစစ အရာရာ ဆင်းရဲမွဲတေသွားပြီး ရန်ကုန်၊ မန္တလေးလို မြို့တော်ကြီးတွေမှာတောင် လျက်စစ်မီး မရနိုင်ဖြစ်နေကြကို ယှဉ်ပြီး သတိယမိလို့ အတော်ဝမ်းနည်းမိပါတယ်။ မကြာသေးခင်က ပြီးသွားတဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်မှာ လှလှပပမှ ဖြစ်ခဲ့ပါလေစ။
 
နောက် ဒေဝါလီ ပွဲတော် တစ်ခု
၀၇၊ ၁၁၊ ၂၀၁၀ နေ့မှာလဲ ဒေဝါလီပွဲတော် တစ်ခု တက်ဖို့ ဖိတ်ကြားပြန်ပါတယ်။ ပွဲတော်က မွန်းဘိုင်း တက္ကသိုလ်ဝင်းထဲမှာပါ။ အမှန်ဝန်ခံရရင် အဲဒီနေ့က ကမ္ဘာကျော် မျက်လှည့်ပြပွဲ ရှိနေတာကြောင့် ဒီပွဲကို သိပ် မသွားချင်ပါဘူး။ မျက်လှည့်ပွဲကို ရုပ်သံ သို့မဟုတ် အင်တာနက်ကနေ တစ်နေကုန် အားရပါးရ ထိုင်စောင့်ကြည့်ချင်တယ်။ ဘာတွေ သိရ၊ မြင်ရ၊ ကြားရမလဲပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ ကျမ်းကြီးကြပ်ရေးမှူး ကိုယ်တိုင် နှစ်ခါတောင် ဖိတ်တာမို့ သွားတော့ သွားရပါတယ်။ ဒဿနိကဗေဒဌာနက ကျင်းပတာလို့ နာမည်ခံပေမဲ့ ဆရာမ မိသားစုကပဲ ဦးစီးကျင်းပပေးတာပါ။ သူရယ်၊ သူ့ခင်ပွန်းရယ်၊ သူ့သမီးရယ် အစ အဆုံး နောက်ကွယ်ကနေ ကြိုးစား ပမ်းစားလုပ်ကိုင် ဆောင်ရွက်နေတာကို တွေ့မိပါတယ်။ 


လူသားများရဲ့ ဖျက်ဆီးခြင်း ခံနေရတဲ့ မိခင် ကမ္ဘာမြေကြီုးရဲ့ အဖြစ်ကို ပုံဖော်နေစဉ်

Dhamma wisdom လို့ နာမည်ပေးထားမိတော့ (ခေါင်းစီးကို ငဲ့နေရလို့) ပွဲအကြောင်း၊ ကိုယ့်တွေ့ကြုံနှင့် ခံစားရတာလေးတွေကို သိပ်မရေးဖြစ်ဘူး။ ဒီတော့ မြန်မာပြည်က ဗီဒီယိုခွေတွေ ကြည့်ကြသူတွေလို အစကို ကျော်လိုက်ကြတာပေါ့။ အဲဒီတင်ဆက်မှုတွေထဲက တစ်ခုက လူသားတွေ ဖျက်ဆီခံရလို့ အတော်ကို ပုံပျက် ပန်းပျက် ဖြစ်နေတဲ့ မိခင် ကမ္ဘာမြေကြီးပုံကို သရုပ်ဖော် တင်ပြတာကိုတော့ အတော် သဘောကျမိပါတယ်။ 

လူသားတွေရဲ့ နည်းမျိုးစုံနှင့် ဖျက်ဆီးတာကို ခံနေရတာများတော့ ကမ္ဘာမြေကြီးက ဖြစ်ချင်ရာ ဖြစ်စေတော့ရယ်လို့ လျစ်လျှူရှုတော့မယ်တဲ့။ အဲဒါကို သိတော့မှ လူသားတွေ (လူမျိုးစုံ၊ အရွယ်စုံက လျစ်လျှူမရှုဖို့၊ ကမ္ဘာမြေကို ဂရုတစ်စိုက် ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ဝိုင်းပြီး ဂတိပြု တောင်းပန်ကြပါတယ်။ ကမ္ဘာကြီးက ပြောတိုင်း မယုံပါဘူး။ “ဘာ!!!။ ဂတိစကား၊ ဟုတ်လား။ မင်းတို့ ဂတိပေးခဲ့တဲ့ အကြိမ်တွေ သိပ်များနေပြီ။ တစ်ခါမှ ဂတိမတည်ဖူးဘူး” တဲ့။ ကမ္ဘာကြီးက ပြန်ပြောတာလေ။ ကလေးတွေ အများစုက တင်ဆက်တာ ဆိုပေမဲ့ အိုက်ဒီယာကိုတော့ အရမ်းကို ကြိုက်ပါတယ်။ အရမ်း အရေးကြီးပြီး လက်ရှိ ဖြစ်ပျက်နေတာကို မီးမောင်းထိုး တင်ပြထားတာလေးပါ။ လက်ရှိ အခြေအနေကို ကွက်တိ ထင်ဟပ်စေပါတယ်။

မျက်လှည့်ပြကွက်များဖြင့် ဧည့်ခံတင်ဆက်နေသည့် ဆယ်နှစ်အရွယ် သမီးလေး

မျက်လှည့်ပွဲ ကြည့်ချင်နေတဲ့ ဆန္ဒက သိပ်ကြီးမားနေလို့လားတော့ မသိပါဘူး။ ဒီပွဲမှာလဲ မျက်လှည့်ပွဲ ပါလာပါတယ်။ မျက်လှည့်ဆရာက ဆယ်နှစ်သမီးလေးပါ။ သူလေးရဲ့ ပြကွက်တွေကို အင်္ဂလိပ်လိုပဲ ရှင်းလင်း ပြောဆိုတင်ဆက်သွားတာ ပရိတ်သတ်က လက်ခုပ်သံ တဝေါဝေါနှင့် အားပေးပါတယ်။ 


ပြကွက်တွေက သိပ် အမြင့်ကြီး၊ အဆန်းကြီး မဟုတ်ပေမဲ့ အရွယ်နှင့် စာလိုက်ရင် အရမ်းကောင်းတာကြောင့် ပရိတ်သတ်ကြီးရဲ့ စိတ်ဝင်စားမှု၊ မေတ္တာနှင့် အားပေးမှုတွေကို အားလုံး သိမ်းကြုံး ထွေးပိုက်သွားနိုင်တာ တွေ့ရပါတယ်။ ပြကွက်တွေက များလဲများ၊ ကောင်းလဲကောင်းပေမဲ့ ခမောက်ကို ခြင်္သေ့ဖြစ်အောင် လုပ်တာတို့၊ ကျားဖြူကြီးကို ခြင်္သေ့ဖြစ်အောင် လုပ်တာမျိုးတို့တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ကလေးမို့ ထင်ပါတယ်။ အင်း ... မတတ်အပ် မတတ်သင့်တာတွေတော့ မတတ်တာပဲ ကောင်းပါတယ်လေ။ လူကြီးဖြစ်လာလဲ မလုပ်တတ်ပါစေနှင့်လို့ ဆုတောင်းပေးရမှာပါပဲ။

နောက်ဆုံး အစီအစဉ်ကတော့ လာရောက်ကြသူတွေကို ညစာနှင့် ရေခဲမုန့်တို့နှင့် ဧည့်ခံပါတယ်။ ချောင်ကျကျ နေရာလေးမှာ ထိုင်ပြီး ရေခဲမုန့်စားနေပါတယ်။ ကလေးမလေး တစ်သိုက် အနားလာထိုင်ပြီး စားကြတယ်။ 

ခဏနေတော့ လူသုံးယောက်က ဦးထုပ်ဖြူလေး လိုက်ဆောင်းပေးပြီး စာအုပ် တစ်အုပ် လက်ဆောင် ပေးနေတာကို လှမ်းမြင်ရတယ်။ နောက်ဆုံးတော့ သူတို့တွေ ကိုယ့်ဆီ ရောက်လာပါလေရော။ သင်္ကန်း သေချာရုံပြီး ထိုင်နေတဲ့ ဒို့ကိုလဲ အဲဒီ ဦးထုပ် ဆောင်းပေးမယ် လုပ်လို့ ဒို့က “တောင်းပန်ပါတယ်။ ဘုန်းကြီးမို့ မဆောင်းပါရစေနှင်”့လို့ ပြောလိုက်တယ်။ သူက “(မဟတ္တမ) ဂန္ဓီကြီး ဦးထုပ်မို့ပါ။ ဆောင်ပြီးပြီးချင် ချွတ်ပစ် လို့ ရပါတယ်။ ဆောင်းပေးပါရစေ” လို့ အတင်းပြောနေတာနဲ့ ကိုယ်လဲ ပြန်မပြောတော့ဘူး။ သူကလဲ ဆောင်းဖြစ်အောင်ကို ဆောင်းပေးသွားတာ။ လူဖြင့် ငိုရမလို ရယ်ရမလို ရှိလိုက်တာ။ ဒါနှင့် မထူးပါဘူး ဆိုပြီး အနားလာထိုင်စားနေတဲ့ ကလေးမ ပေါက်စိကွေးလေး တစ်သိုက်ကို ပြောလိုက်တယ်။ “အခု ငါက ဂန္ဓီကြီး ဖြစ်သွားပြီး။ မင်းတို့က သူ့ရဲ့ မြေး မြစ်တွေပေါ့။ ငါ မင်းတို့နှင့်အတူ ဓာတ်ပုံ ရိုက်လို့ ရမလား” ဆိုတော့ သူတို့က “ရပါတယ်”လို့ ပြုံးပြီး ပြောကြတယ်။ ဒါကြောင့်  သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး ဂန္ဓီကြီးဦးထုပ်နှင့် ဓာတ်ပုံ ရိုက်လိုက်သေးတယ်။ ပြီးတာနှင့် ဆွဲချွတ်ပစ်လိုက်ရတော့တယ်။

အခု ဒီနေရာမှာသာ အဲဒီပုံကို တင်လိုက်ရလို့ကတော့ စာဖတ်နေတဲ့ ဒကာ/ ဒကာမတွေ ဘုန်းဉာဏ်ကို စိတ်ပဲ အဆိုးကြီး ဆိုးကြမလား၊ အူတက်အောင်ပဲ ရယ်ကြမလား မသိတော့ပါဘူး။ ဒါပေမဲ့ လက်ဆောင်ပေးတဲ့ ဂန္ဓီကြီးရဲ့ An Autobiography or The Story of My Experiments with Truth စာအုပ်ကတော့ အသိ အလိမ္မာ ပွားမှာ သေချာပါတယ်။

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

Oct 19, 2010

သီတင်းကျွတ်ပွဲတော်နှင့် ကောင်းမြတ်တဲ့ အစဉ်အလာ

ဆယ့်နှစ်လရာသီ တစ်ခုလုံးကို ပွဲတော် အသီးသီးနှင့် တန်းဆာ ဆင်ထားတဲ့ မြန်မာတို့ ရိုးရာလေးက ချစ်စရာ၊ မြတ်နိုး စရာလေးပါ။ သေချာ စဉ်းစားကြည့်ရင် အဲဒီထဲမှာ ချစ်မြတ်နိုးစရာ အကောင်းဆုံးက သီတင်းကျွတ်လ မီးထွန်းပွဲ လို့ ထင်မိတယ်။

“သီတင်းကျွတ်လ ဆီးမီးထွန်းပွဲ” ဆိုတာလေးကို ကလေးငယ် ဘဝကတည်းက သိကြ၊ နှုတ်ကျိုး နေကြပါတယ်။ “သီတင်းကျွတ်လ မီးထွန်းပွဲ” ဆိုတဲ့ အတိုင်းပဲ ဒီပွဲတော်မှာ မီးတွေ ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး သုံးရက်ကြာ ထွန်းကြပါတယ်။ လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက် ညတွေမှာပေါ့။ 

အိမ်တွေမှာဆို ဘုရာစင်ကို စိတ်ကြိုက် တန်းဆာဆင်ကာ ထွန်းညှိတတ်ကြတယ်။ အိမ် ဝရံတာ စတဲ့ နေရာမျိုးတွေမှာလဲ မီးဆိုင်း၊ မီးပုံး ရောင်စုံလေးတွေကို ချိတ်ဆွဲ ထွန်းကြတယ်။ ဒါတင် မကသေးဘူး။ စေတီ ပုထိုးတွေ၊ လမ်းတွေနှင့် ဘာသာရေး အဆောက်အဦတွေ၊ ရွေးချယ် သတ်မှတ်ထားတဲ့ နေရာတွေမှာလဲ အရောင် အသွေးစုံ မီးလုံးလှလှလေးတွေ ဝေနေအောင် တပ်ဆင် ချိတ်ဆွဲကြကာ ထွန်းညှိကြပြန်တယ်။ ဒါကြောင့်လဲ မီးထွန်းထားတာတွေကို မိသားစုလိုက် လိုက်ကြည့်ကြတယ်။ လှပတဲ့ မီးရောင်းအောက်မှာ အလွန်တရာ သပ္ပါယ်လှတဲ့ ဘုရား စေတီတွေကိုလဲ မိသားစုလိုက် လိုက်လံ ဖူးကြတယ်။ အဲဒီလို ဘုရားဖူးရ၊ လှည့်ပတ် ကြည့်ရှုရတာတွေကိုက စိတ်ကို ရွှင်လန်း အေးမြ အပျော်တွေ ရစေတာပါ။

တကယ်တော့ မီးထွန်းတာဟာ အလှအပသက်သက်အတွက် ထွန်းတာ မဟုတ်ပါဘူး။ မီးထွန်းပွဲမှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ပါဝင်ပါတယ်။

မယ်တော် ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားအမှုးရှိတဲ့ နတ် ဗြဟ္မာ အပေါင်းကို ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားရာက ပြန်ကြွလာတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကို လူတွေက ဆီးမီးတွေ၊ အမွေးတိုင်တွေ ထွန်းညှိ ပူဇော်ပြီး ကြိုဆိုခဲ့ကြတယ်တဲ့။ အဲဒါကို အတုယူ အစဉ်လိုက်ပြီး အထိမ်းအမှတ် အနေနဲ့ မီးတွေကို လှလှ ပပ ပြင်ဆင်ကြပြီး ဘုရားရှင်ကို ရည်မှန်း ပူဇော်ကြရာက မီးထွန်းပွဲတော် ဆိုတာ ဖြစ်လာခဲ့ဟန် တူပါတယ်။

နောက်တစ်ခုကတော့ ဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရား ဟောကြားတော်မူပြီး ကျေးဇူးဆပ်တယ် ဆိုတဲ့ အစဉ်အလာပါ။ ပဋိသန္ဓေတည်နေပြီလို့ သိသည့် အချိန်မှသည် လူတစ်လုံး သူတစ်လုံး ဖြစ်လာသည်အထိ စောက်ရှောက် ကျွေးမွေးလာတဲ့ မိဘတွေဟာ သားသမီးတွေ အတွက် တုနှိုင်းမမီတဲ့ အနန္တကျေးဇူးရှင်တွေပါ။ အဲဒီ ကျေးဇူးတွေကို သားသမီးတွေ အနေနှင့် မိဘတွေ လိုအပ်တဲ့ အချိန်မှာ ပြန်လည် ပေးဆပ်ဖို့ လိုတယ်လေ။ မဆပ်နိုင်သည့်တိုင်အောင် သိနေဖို့၊ အစဉ်သတိယနေဖို့တော့ လိုအပ်တယ် မဟုတ်လား။ ဒါကြောင့် ဒီပွဲတော်ဟာ မိဘတွေရဲ့ ကျေးဇူးတရားတွေကို သိရှိ အောက်မေ့စေတဲ့ပွဲ၊ ကျေးဇူးဆပ်တဲ့ပွဲ ဆိုလည်း မမှားဘူးပေါ့။

ဒါကြောင့်မို့ သီတင်းကျွတ် ကာလမှာ ဖေဖေ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦး ဒေါ်ဒေါ် စတဲ့ မိဘ ဆွေမျိုးတွေကို တင့်တယ် လှပတဲ့ လက်ဆောင် ပစ္စည်းတွေနဲ့ လှည့်လည် ကန်တော့ကြတဲ့ ဓလေ့လေး ရှိတာ ထင်ပါရဲ့။ အဝေးရောက်နေရင်လဲ လက်ဆောင်တစ်ခုခု ပေးပို့ပြီး ကန်တော့တတ်ကြတယ်။ ဒီအစဉ်အလာက ပွဲတော်မို့ လက်ဆောင်ပေးတာ သက်သက်ထက် အဓိပ္ပါယ် ပိုပါတယ်။ အတူ ယှဉ်တွဲ ဆက်ဆံ ပေါင်းသင်းနေကြတဲ့ လူတွေဆိုတော့ လောဘ၊ ဒေါသ၊ မောဟရဲ့ အထူ အပါးအလျှောက် ပြောမှားဆိုမှားတာတွေ၊ စိတ်နှင့် ပြစ်မှားမိတာတွေက အနားနှင့် အများတော့ ရှိတတ်ကြပါတယ်။ ဒါမှ မဟုတ်ရင်လဲ သံသယဖြစ်တတ်ကြပါတယ်။ အဲဒီလို နည်းနှင့် ကိုယ့်ထက် အသက် ဂုဏ်ဝါ ကြီးတဲ့ သူတွေကို ပြစ်မှားမိရင် ခွင့်လွှတ် ကျေအေးဖို့ တောင်းပန် ကန့်တော့ကြတာပါ။ 

လူငယ်ကသာ မဟုတ်ပါဘူး။ လူကြီးတွေဟာလဲ အလားတူ ပြစ်မှား မိတတ်ကြတာပါပဲ။ ဒါကြာင့်မို့ ကန်တော့ခံကြတဲ့  လူကြီးတွေကိုယ်တိုင်ကလဲ သူတို့တွေ အကယ်လို့ ပြောမှား ဆိုမှား ပြုမိမှား ရှိခဲ့ကြရင်လဲ ခွင့်လွှတ်ကြပါလို့ လူငယ်တွေကို  ပြန်ပြီး တောင်းပန်ကြလေ့ ရှိကြတာပါ။ 

စိတ်ထား နူးညံ့ သိမ်မွေ့တဲ့၊ ရိုးရာ အစဉ်အလာလဲ ကောင်းခဲ့၊ ထိမ်းလဲ ထိမ်းသိမ်းတဲ့ အိမ်တွေမှာဆို မိဘတွေကို မိသားစုဝင်တွေအားလုံး စုံစုံ ညီညီ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုး ကန်တော့တဲ့ ဓလေ့ ရှိတတ်ကြတယ်။ တစ်ချို့ဆို အစ်ကိုကြီး အမကြီးတွေကိုတောင် အစဉ်လိုက် ကန့်တော့တတ်ကြသေးတယ်။ သြော် တကယ်လဲ ကြည်နူးရတဲ့ ကာလနှင့် ဓလေ့လေးပါပဲနော်။ 

လူသားတွေသာ မကပါဘူး။ သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတော်ကြီးတွေလဲ “ပဝါရဏာ ကံ” ပြုကြပါတယ်။  

ပဝါရဏာ ဆိုတာက “ဖိတ်မံတက ပြုခြင်း (invitation) လို့ အဓိပ္ပါယ် ရပါတယ်။ ဝါကျွတ်တဲ့ အဆုံးမှာ လုပ်တဲ့ ပွဲတစ်ပွဲလို့ ဆိုလို့ ရကောင်းပါတယ်။ ပွဲဆိုလို့ တီးတာ၊ မှုတ်တာ၊ ကတာ၊ ခုန်တာမျိုးတွေ လုပ်တဲ့ ဒါမှမဟုတ် အဲဒါမျိုးတွေ ရောယှက်ထားတဲ့ ပွဲတော့ မဟုတ်ပါဘူး။ နယ်ပယ် အလိုက် ဆိုင်ရာ ဆိုင်ရာ သံဃာတော်များ အားလုံး စုစည်းပြီး ဖိတ်မံသမှု ပြုရတဲ့ ပွဲပါ။  

ရဟန်းဖြစ်စေဦးတော့၊ လူဆိုတာ တစ်ယောက်တည်း နေတဲ့အမျိုး မဟုတ်ပါဘူး။ အများနှင့် နေပြန်တော့လဲ ပြဿနာဆိုတာ အနည်းနှင့် အများတော့ ဖြစ်တတ်တယ်လေ။ သိတယ်မဟုတ်လား။ လူဆိုတဲ့ အမျိုးက တစ်ယောက်ထဲ နေတာတောင် သူ့စိတ်နှင့်သူ ရှေးစိတ်နှင့် နောက်စိတ် တည့်ချင်မှ တည့်တတ်တာမျိုးပါ။ အများနှင့် ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။  

ဒီတော့ ညီညွတ်အောင် စကားမပြောပဲ နေမယ်ဆိုတော့လဲ မဖြစ်ပါဘူး။ လူ့သဘာဝနှင့်လဲ ဆန့်ကျင်ပါတယ်။ ဒါကြောင့်လဲ ညီညီ ညွတ်ညွတ် နေစေဦးတော့၊ စကားမပြောပဲ ညီညွတ်အောင် နေတာမျိုး၊ လိုအပ်တာလောက်ပဲ လက်ဟန် ခြေဟန်နှင့် စကားပြောတာမျိးက အကောင်းဆုံး နေခြင်းမျိုး မဟုတ်ပါဘူး။ ဘုရားရှင်ကလဲ မကြိုက်ပါဘူး။ ကဲ့ရဲ့တော်မူပါတယ်။ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား နေတာတောင် စကား မပြောပဲ နေကြလို့ “နွား၊ ဆိတ်၊ ရန်သူတို့ရဲ့ နေခြင်းမျိုးနှင့် နေကြတယ်” လို့ ခိုင်းနှိုင်းပြီး ကဲ့ရဲ့တော်မူခဲ့တာပါ။   

ပြောစရာ ရှိတာ ပြော၊ လုပ်စရာ ရှိတာ၊ လုပ်သင့်တာ လုပ်ရမှာပါ။ ဒီလို ပြောဆို လုပ်ကိုင်ပြန်တော့ အမှားအယွင်းတွေက ကြုံကြရ၊ ကြားကြရ ပြန်ပါတယ်။ ဒါမှမဟုတ် သံသယ ဖြစ်လာကြရပါတယ်။ ရလာဒ်ကတော့ အနည်းနှင့် အများ စိတ်ဝမ်းကွဲကြရတယ်။ မမေးနိုင် မခေါ်နိုင်တွေ ဖြစ်ကြရတယ်။ ရန်သူတွေ ဖြစ်ကုန်ကြတယ်။ ဒီတော့ အတူနေသူ အားလုံး အပြန်အလှန် နားလည်ဖို့၊ အပြစ်ရှိရင် တောင်းပန်ဖို့နှင့် ကျန်တဲ့သူတွေကလဲ ကျေအေး ခွင့်လွတ်ဖို့ လိုပါတယ်။ အဲဒီတော့ အချင်းချင်း ပွင့်ပွင့် လင်းလင်း ဖိတ်ကြားထားဖို့ လိုတာပေါ့။  

ရဟန်းတော်တို့ရဲ့ ဝိနည်းမှာတော့ ဖိတ်ကြားမှုကို (၁) အချင်းချင်း လိုက်လျောစေ (ညီညွတ်စေ)ရန်၊ (၂) အာပတ်မှ ထမြောက်စေရန်၊ (၃) ဝိနည်းကို ရှေးရှုစေရန်ဆိုတဲ့ ရည်ရွယ်ချက် သုံးမျိုးနှင့် လုပ်တာပါ။

ဖိတ်ကြားပုံကတော့ ပါဠိလို “သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ” လို့ သုံးကြိမ် လျှောက်ကြား ဖိတ်မံရတာ ဖြစ်ပါတယ်။ “အရှင်ဘုရား (တို့)၊ သံဃာတော်ကို တပည့်တော် ဖိတ်ကြားပါတယ်။ မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်းများ ရှိခဲ့ပါလျှင် တပည့်တော်ကို သနားသဖြင့် ပြောဆိုကြပါ။ အပြစ်ကို မြင်လျှင် ကုစားပါမယ်ဘုရား” လို့ အဓိပ္ပါယ် ရပါတယ်။

ဒါကို အတုယူပြီး မိဘ ဘိုးဘွား စတဲ့သူတွေကို ရှိခိုးပြီး တောင်းပန်ကြတဲ့ ဓလေ့ ဖြစ်လာလေသလားလို့ စဉ်းစားမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ဒီဓလေ့လေးက အရမ်းကို ကောင်းတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လဲ လူမှုအသိုင်းအဝန်းမှာ ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့စေချင်ပါတယ်။  

ဘယ်အသိုင်းအဝန်းမှာပဲ ဖြစ်ဖြစ်၊ ဘုံရည်မှန်းချက် ရှိမယ်။ အဲဒီ ရည်မှန်းချက် ပန်းတိုင်ကို တစ်စိတ်တည်း တစ်ဝမ်းတည်း အတူ လက်တွဲ လုပ်ဆောင်ကာ နေကြမယ်။ ချီတက်ကြမယ်။ ဘယ်သူမှ လောဘ၊ ဒေါသ၊ မောဟကို အခြေမခံကြစတမ်းပေါ့။ အရပ်ပြောပြောတော့ အားလုံး မညစ်ပတ်ကြစတမ်း။ လုံးဝ ရိုးသား ဖြူစင်မှုကို အခြေခံရမယ်ပေါ့။  

ဒါထဲကမှ အမှားလုပ်မိတာကို မြင်လို့ပဲ ဖြစ်ဖြစ်၊ ကြားလို့ပဲ ဖြစ်ဖြစ်၊ သံသယရှိရင်ပဲ ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းပေါ့။ ပွင့်ပွင့်လင်းလင်း ပြော ဆိုပေမဲ့ အကျိုးလိုလားစိတ်နှင့် ပြောဆိုရမှာပါ။ အဲဒီလို ပြောလာရင် လက်ခံပြီး ပြင်ပါ့မယ်လို့ ဖိတ်ကြားရမှာပါ။ အဖွဲ့ဝင် အားလုံး ဒီလို စိတ်နှင့်ချည်း နေကြရင် ညီညွတ်မယ်။ ညီညွတ်ရင် ချမ်းသာမယ်။ ချမ်းသာရင် အလုပ်ကို အာရုံစိုက်ပြီး လုပ်နိုင်မယ်။ အဲဒီလို လုပ်နိုင်ရင် ရည်မှန်းချက် ပန်းတိုင်ကို ချမ်းချမ်းသာသာ ချောချော မွေ့မွေ့နှင့် ရောက်မယ်ဆိုတာကြီးက အသေအချာကြီးပါ။  

မိသားစု တစ်ခုထဲမှာတောင် တစ်ယောက်နှင့် တစ်ယောက် အထင် လွဲတတ်ကြတယ်။ မိဘတွေက အစိုးရိမ် လွန်ပြီး ဒေါသတွေ ပေါက်ကွဲ၊ လိုအပ်တာထက် ပိုပြီး ပြောဆိုမိ ဆုံးမမိတတ်တယ်။ သားသမီးတွေက မိဘ စကားကို နားမထောင်၊ မလိုက်နာတာမျိုး၊ မကြားချင် မမြင်ချင်ယောင်ဆောင်တာမျိုး စတဲ့ တစ်ခုခုနှင့် ပြစ်မှား မိတတ်တယ်။ အပြန်အလှန် အထင်လွဲတာ၊ စိတ်ကောက်တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြစ်မှား ပြောဆိုမိတာတွေ ရှိတတ်ကြပါတယ်။ ဒါကလဲ လူ့သဘာဝလိုပါပဲ။ ဒါတွေကို ဖုံးကွယ် မထားပဲ ပြောဆိုဖို့ ဖိတ်တယ် ဆိုတာ အင်မတန်မှ လေးနက် သိမ့်မွေ့ပြီး ချစ် မြတ်နိုးဖွယ်ရာပါ။  

မိဘနှင့် သားသမီးသာမက၊ ဆရာနှင့် တပည့်၊ ခင်ပွန်းနှင့် ဇနီးသည်၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းနှင့် အိမ်နီးနားခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဆရာနှင့် ဒကာ၊ ပြည်သူနှင့် အစိုးရ စတဲ့စတဲ့ အချင်းချင်း ဆက်စပ် ပတ်သက်နေတဲ့ အသိုက်အဝန်းအားလုံးဟာ အတူတူပါပဲ။ တကယ် မှားတာတွေ ရှိမယ်။ အမှားလုပ်တယ်လို့ မြင်တာ၊ ကြားတာ၊ သံသယဖြစ်တာတွေ ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ စေတနာဆိုးနှင့် မှားတာ မဟုတ်ရင် အပြုပြင် ခံနိုင်၊ ဝေဖန် ထောက်ပြ အကြံဥာဏ် ပေးတာကို ခံနိုင်ရမှာပေါ့။ အပြန် အလှန် တောင်းပန်၊ ကျေနပ် ခွင့်လွှတ် လက်ခံနိုင်ရင် အကောင်းဆုံးပါ။   

ဒီလိုသာဆိုရင် တကယ့် စိတ်ချမ်းမြေ့စရာ အကောင်းဆုံး၊ ပျော်စရာ အကောင်းဆုံး အသိုက်အဝန်း ဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် အချင်းချင်း အပြစ်ကို ဖိတ်မံ၊ လက်ခံ၊ ကျေအေးကြတဲ့ ဓလေ့လေး လူမှု အသိုင်းအဝန်းမှာ ဆထက်ကဲပို ထွန်းကားလာစေချင်တယ်။ ထွန်းကားလာပါစေလို့ အလေးအနက် ဆန္ဒပြုလိုက်ရပါတယ်။ 

အားလုံး ပျော်ရွင် ချမ်းမြေ့ကြပါစေ။ 

ဘုန်းဥာဏ် 
Mumbai, India 
19/10/2010

Oct 8, 2010

ဗုဒ္ဓဘာသာဝင် ဟောလိဝုဒ် မင်းသား နှစ်ယောက်

How to Develop Happiness in Daily Life, Features & Interviews with Buddhist Celebrities စာအုပ်ကို ဖတ်မိတော့ ရုပ်ရှင်မင်းသား ဂျက် လီ ရဲ့ “Our Actions Determine Our Destiny” ဆိုတဲ့ အင်တာဗျူးကို တွေ့ရတယ်။ ကြိုက်လဲ ကြိုက်ပါတယ်။ ဒါကြောင့် “ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ” ဆိုတဲ့ ခေါင်းစီးနှင့်  ဘာသာပြန်ပြီး ဘလော့ဂ်လေးပေါ် တင်ခဲ့တယ်။ နောက်တော့ ဂျနီဖာ လိုပက်ဇ် အကြောင်း သတင်းတိုလေးကို ဘာသာပြန် တင်ခဲ့ပြန်ပါတယ်။

အဲဒီစာအုပ်ထဲကပဲ အော်လန်ဒို နှင့် လီယိုနာဒို ဒီကာပရီယို တို့ သတင်းတိုလေးကို ဘာသာပြန်ခဲ့ပေမဲ့ ပို့စ် မတင်ဖြစ်ခဲ့ဘူး။ သတင်းဖြစ်ခဲ့တာလဲ ကြာခဲ့ပြီဆိုတော့ လူတိုင်းလောက် သိပြီးဖြစ်မှာကိုး။ ကိုယ်ကသာ ဘုန်းကြီးမို့ စာအုပ်ဖတ်မိမှ သိရတာ။ ကိုယ့်နယ်ပယ်လဲ မဟုတ်ဘူးလေ။ နောက်တစ်ချက်က ဂျက် လီရဲ့ အင်တာဗျူးလို မှတ်သားစရာလဲ မပါလှဘူး။ 

ဒါပေမဲ့ အခုတော့ အတွေးတစ်မျိုးကြောင့် နဲနဲ ဖြည့်စွက်ပြီး သူတို့ အကြောင်းကို တင်ပေးလိုက်ပါတယ်။

အော်လန်ဒို (Orlando Jonathan Blanchard Bloom) ကို ယူကေနိုင်ငံမှာ ၁၉၇၇ ခုမှာ မွေးပါတယ်။ သူဟာ နာမည်ကျော်ကြား ဗုဒ္ဓဘာသာဝင်များ စာရင်းမှာ ပါပါတယ်။ သူဟာ အသက် ၁၉ နှစ်ရွယ်မှာ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တယ်။ ဘယ်လို ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တယ် ဆိုတာတော့ စာရေးသူ မသိပါဘူး။ 

သူကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဟာ Nichiren Buddhim ပါ။ Nichiren Buddhism ဆိုတာ ဂျပန်ပြည်မှာ ၁၃ ရာစုက ပေါ်ပေါက်လာခဲ့တဲ့ မဟာယာန ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတစ်ခုပေါ့။ ဂျပန်ဘုန်းတော်ကြီး Nichiren ရဲ့ ဟောကြားချက်တွေပေါ်မှာ အခြေခံထားတဲ့ ဂိုဏ်းခွဲတစ်ခုလို့ ဆိုပါတယ်။ Nichire ဂိုဏ်းကပဲ ထပ်ဆင့်ဂိုဏ်းကွဲတွေလဲ ပေါ်ပေါက်ခဲ့ပါတယ်။ ဂျပန်မှာလဲ ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတွေက အများကြီးပါ။ အဲဒီဂိုဏ်းဟာ ပြည်တွင်းမှာလဲ ကိုးကွယ်သူတွေ ပေါသလို အမေရိကအပါအဝင် နိုင်ငံအတော်များများမှာလဲ ပြန့်နှံ့နေတယ်လို့ သိရပါတယ်။ 

 စာရေးသူ မာစတာတန်း တက်ခဲ့စဉ်က ယူခဲ့တဲ့ ဘာသာရပ်တွေထဲမှာ တစ်ခုက Comtemporary Schools of Buddhist Thought in Japan  ပါပဲ။ ဒါကြောင့် အဲဒီဂိုဏ်းအကြောင်း အတော်အတန် သိပါတယ်။ ဒါပေမဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အတွက် သိပ်အကျိုးရှိမယ်လို့ မထင်လို့ ဒီမှာ မရေးတော့ပါဘူး။

အခု ၂၀၀၄ ခု ဒီဇင်ဘာလထုပ် The Hindustan Times သတင်းစာထဲ ပါလာခဲ့တာလေးကို ဖတ်ကြည့် ကြရအောင်လား။ 

“ဟောလိဝုဒ် မင်းသား နောက်တစ်ဦးဖြစ်တဲ့ အော်လန်ဒို ဘလုမ်းဟာ ဗုဒ္ဓဘာသာ ဖြစ်လာပါပြီ။ အသက် ၂၇ နှစ်အရွယ်ရှိ The Lord of the Rings မင်းသားဟာ Maidehead, Berkshire မှာ ရှိတဲ့ ဗုဒ္ဓဘာသာ စင်တာမှာ ကျင်းပတဲ့ တစ်နာရီကြာ အခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။ 

“သူ့ကြည့်ရတာ တကယ်ကိုပဲ ပျော်ရွှင်နေပါတယ်။ သက်တောင့်သက်သာလဲ ရှိဟန်တူပြီး အတော်လဲ စိတ်လှုပ်ရှားပုံပါပဲ” လို့ သွားခဲ့သူ တစ်ယောက်ကို ကိုးကားရေးသာထားပါတယ်။

The Lord of the Rings သုံးတွဲဆက် ဇာတ်ကားမှာ နတ်သူငယ် legolas အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ အော်လန်ဒိုဟာ သူ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးအကြောင်းကို လူသိရှင်ကြား လုံးဝ မပြောကြားဖူးသေးပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာ စိတ်ပုတီး ကိုင်ထားတာတော့ မကြာခဏ တွေ့ရပါတယ်” တဲ့။ 

“သူ ယုံကြည် ကိုးကွယ်တဲ့ ဘာသာရေး အကြောင်းကို လူသိရှင်ကြား လုံးဝ မပြောကြားဖူးသေးပါဘူး” လို့ သတင်းက ဆိုခဲ့ပေမဲ့ သူဟာ တကယ့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်နေတာ အများသိကြတယ် ထင်ပါတယ်။ Wikipidia မှာတော့ သူဟာ ဗုဒ္ဓဘာသာကို ကျင့်သုံးနေသူ တစ်ယောက် (Bloom is a practicing Buddhist) လို့ ဖော်ပြထားတယ်

၂၀၀၄ ခုနှစ်မှာ သူဟာ Soka Gakkai International အဖွဲ့ရဲ့ တင်းပြည့် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတယ်တဲ့။ Soka Gakkai ဆိုတာ ဂျပန်မှာ အခြေစိုက်တဲ့ Nichiren ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ဥပသကာ  (လူပုဂ္ဂိုလ်) အဖွဲ့အစည်းတစ်ခုပါ။ Soka Gakkai International ဟာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှာ အဖွဲ့ဝင်ပေါင်း ၂၃ သန်းကျော် ရှိတယ်ဆိုပဲ။ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးကို မြှင့်တင်နေတဲ့ အကျိုး အမြတ်မယူတဲ့ အဖွဲ့အစည်း တစ်ခုလို့ Wekipidia က ဆိုပါတယ်။

အမေရိကန် မင်းသမီး Kate Bosworth က ၂၀၀၂ ခုနှစ်မှာ သူနှင့် စတွဲခဲ့တဲ့အခါ အော်လန်ဒိုက ကိတ်ကို နိချိရင် ဗုဒ္ဓဘာသာနှင့် မိတ်ဆက်ပေးခဲ့တယ် လို့  ဆိုပါတယ်။ မင်းသမီးကလဲ ဗုဒ္ဓဘာသကို အတော်ကြိုက်ပုံပါပဲ။ “တကယ့်ကို မယုံကြည်နိုင်စရာ စိတ်အခြေအနေပါ။ အခြေခံအားဖြင့်တော့ မိမိကိုယ် မိမိ အမြဲတမ်း ပိုတော် ပိုကောင်းတဲ့သူ ဖြစ်အောင် လုပ်ဖို့၊ မိမိနှင့် ကမ္ဘာလောကကြီး အတွက် ရလိုတာကို အာရုံစိုက်ဖို့၊ အဲဒီကို တကယ်ရောက်အောင် လုပ်ဖို့ ဖြစ်တယ်”လို့ မင်းသမီးက ဆိုတယ်တဲ့လေ။

နောက်မင်းသား တစ်ယောက်ရဲ့ အကြောင်းကို ဖတ်ကြည့်ရအောင်လား။ အစမှာ ညွှန်းခဲ့တဲ့ စာအုပ်ရဲ့ စာမျက်နှာ (၈၉) မှာ ဖော်ပြထားတာပါ။ 

ဟောလိဝုဒ်မှာ အခုလောလောဆယ် အငြင်းပွားဖွယ်ရာ ရှိတဲ့ ပွဲအတောင်းခံရဆုံး မင်းသားဖြစ်ပေမဲ့ လီယိုနာဒို ဒီကာပရီယိုဟာ လော့စ်အိန်းဂျလက်စ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာ အုပ်စုတစ်ခုမှာ ဝင်လိုက်ပါတယ်။ စွမ်းအား ပြန်မပြည့်မချင်း ရုပ်ရှင်ရိုက်တာကို လျှော့ချပစ်ဖို့ရာ သန္နိဋ္ဌာန် ချထားပါတယ်လို့ လန်ဒန် ဒေလီမစ်ရာ သတင်းစာက ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ရေးသား အစီရင်ခံခဲ့ပါတယ်။ “ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ရှာဖွေနေပါတယ်။ ရုပ်ရှင် ရိုက်ရာဆီကို မပြန်ခင် ကာလကြာရှည် နားဖို့ စဉ်းစားနေတယ်။ လအတော်ကြာ၊ တစ်နှစ်လဲ ဖြစ်ချင် ဖြစ်မှာပေါ့ လို့ ဒီကာပရီယိုရဲ့ အပြောကို သတင်းစာကြီးက ကိုးကား ဖော်ပြထားပါတယ်။

ဒါကတော့ ၁၉၉၈၊ မေလ ၆ ရက်နေ့က ပါလာခဲ့တဲ့ သတင်းတိုလေးပါ။ ဒီမင်းသားရဲ့ ဘာသာရေးနှင့် သက်ဆိုင်တဲ့ နောက်ဆက်တွဲ သတင်းတွေကိုတော့ ကိုယ့်ရဲ့ နယ်ပယ်လဲ မဟုတ်လို့ စာရေးသူ မသိပါဘူး။ သိရင် ပြောကြပါလို့တော့ မေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဘုန်းဥာဏ်
၀၉၊ ၁၀၊ ၂၀၁၀။

ရည်ညွှန်း။ ။ 
1. How to Develop Happiness in Daily Life, Features & Interviews with Buddhist Celebrities, pp. 85, 89.  
2. http://en.wikipadia.org/wiki/Orlando_Bloom
3. http://en.wikipadia.rog/wiki/Soka Gakkai Internal
4. http://www.bellaonline.com/articles/art35933 

Sep 25, 2010

မုသာဝါဒနှင့် ပတ်သက်တဲ့ တွေးမိတာလေး အချို့

မတ်လ (၁၈) ရက် (၂၀၁၀) နေ့က လွှင့်တင်ခဲ့တဲ့ BBC Learning English သင်္ခန်းစာ၊ 6 Minute English အစီအစဉ်ထဲက lying ဆိုတဲ့ သင်္ခန်းစာလေး ဖတ်မိတော့ မုသာဝါဒ (လိမ်ပြောမှု)နှင့် ပတ်သက်ပြီး တွေးမိတာလေးတွေ ရှိပါတယ်။ အဲဒီထဲက အချို့ကို “မုသာဝါဒနှင် ပတ်သက်တဲ့ တွေးမိတာလေး အချို့” လို့ ခေါင်းစီးတပ်ပြီး ဒီပို့စ်မှာ ပြောကြည့်ချင်ပါတယ်။ 

လိမ်လည်ပြောဆိုခြင်း (မုသာဝါဒ) မှ ရှောင်ကြဉ်ခြင်းဆိုတာ ဗုဒ္ဓဘာသာမှာတော့ အခြေခံ ကျင့်ဝတ် ငါးခုထဲက တစ်ခုပေါ့။ ဒီငါးခုကို ပုဆိုးကို မြဲအောင် ဝတ်ထားသလို အမြဲပဲ လိုက်နာ ကျင့်သုံးရမယ်လို့ ဆိုကြပါတယ်။ ရှေးသုံးနှင့်တော့ “ခါးဝတ် ပုဆိုး” ကဲ့သို့ မြဲရမယ်တဲ့။ ခုတော့ ဘောင်းဘီ၊ ဂါဝန်ကို မြဲအောင် ဝတ်ထားသလို မြဲမြဲ ကျင့်သုံးရမယ် လို့ ပြောရမလားပါပဲ။

ဆိုလိုချင်တာက ဒီလိုပါ။ ပုဆိုး၊ ဘောင်ဘီ၊ ဂါဝန်စတဲ့ ဝတ်ရမည့် အဝတ်ကို လုံခြုံအောင် မဝတ်ရင်  ဒါမှ မဟုတ် မြဲမြဲဝတ်မထားလို့ ကျွတ်သွား ကျသွားရင် မမြင်သင့် မမြင်ထိုက်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပေါ်နေပါလိမ့်မယ်။ ပေါ်နေရင် ကြည့်လို့ မြင်လို့ မကောင်းသလို ကာယကံရှင်မှာလဲ အတော်ပဲ ရှက်ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ငါးပါးသီလ မလုံရင် မမြဲရင် ကိုယ်ကျင့်အဝတ် ကျွတ်ကျလို့ အင်္ဂါကြီးငယ် ပေါ်သလို ရှက်ဖွယ်ရာပါ။

အဲဒီမုသားစကားဆိုတာ ပြောလိုက်တဲ့ မုသားရဲ့ အတိမ် အနက်၊ ပြောသူရဲ့ ရည်ရွယ်ချက်၊ အပြောခံရသူရဲ့ အကျိုး ဘယ်လောက်ထိ ပျက်ပြား ဆုတ်ယုတ်သွားသလဲ စတဲ့ အချက်အပေါ်မှာ မူတည်ပြီး ကံမြောက် မမြောက်၊ ကံ ကြီး မကြီး ဆိုတာ ဖြစ်ပါတယ်။

လိမ်လည်တာတို့၊ လှည့်ဖျားတာတို့ ဆိုတဲ့ စကားလုံးတွေရဲ့ အတိမ် အနက်၊ အသုံး အနှုန်းတွေကို လေ့လာ ကြည့်ရရင် စိတ်ဝင်စားစရာ ကောင်းမှာပဲလို့ တွေးမိပါတယ်။ လှည့်ဖြားတာ ကိုတော့ 'deception' လို့ ခေါ်တယ်ထင်တယ်။ အဲဒါကို misleading, dishonest, untruthful လို့ ရှင်းပြထားတာကို BBC အင်္ဂလိပ်စာ သင်ခန်းစာမှာ တွေ့ရဖူးပါတယ်။ 

အခုတော့ လှည့်ဖြားတယ် ဆိုတာ တကယ့် တွေ့နေ မြင်နေကြ လူသားရဲ့ အပြုအမူ တစ်ရပ် (a very common human activity) ဖြစ်နေပါတယ်။ အချို့ကတော့ ရှောင်လို့မရတဲ့ လူသားရဲ့ သဘောသဘာဝ အစိတ်အပိုင်း တစ်ခုလို့တောင် ဆိုကြပြန်ပါတယ်။ မြန်မာမှာတော့ “မုသားမပါ လင်္ကာ မချော” လို့ ဆိုတာ ဒါကိုများ ဆိုလိုလေသလားပါပဲ။

နောက်မုသား တစ်မျိုးကတော့ အဖြူရောင်မုသား (a white lie) တဲ့။ အဲဒါက လူတစ်ယောက် ခံစားမှု ကောင်းအောင်၊ သက်သာအောင် ပြောတဲ့ မုသားပါ။ ဝိတ်ကျချင်နေတဲ့သူကို တကယ် မကျပဲနဲ့ ဝိတ်နည်း နည်း ကျသွားပြီ၊ အသားဖြူချင်လို့ ခရင်မ်မျိုးစုံ ဝယ်လိမ်းနေသူကို မဖြူပဲ အသားဖြူလာတယ် ဆိုတာမျိုးတွေပေါ့။ ဒီတော့ 'အဖြူရောင် မုသား' ဆိုတာ မြှောက်ပင့်ခြင်း တစ်မျိုး (a form of flattery) လို့ အဓိပ္ပါယ် ရသွားပြန်ရော့လေ။

ဆိုးတာကတော့ တမင်လိမ်တာ၊ အကြံအစည် ရှိရှိ လိမ်တာ (a motivated lie)၊ ကလိမ်စေ့ ငြမ်းဆင်တဲ့ လိမ်လည်မှုမျိုးပါ။ လောကကြီးက အတော်တော့ ထူးဆန်းပါဘိ။ လူတစ်ယောက် လိမ်၊ မလိမ်ဆိုတာ a lie detector သို့မဟုတ် Polygraph machine လို့ ခေါ်တဲ့ မုသားဖော်စက်နှင့် ဖော်ထုပ်ကြည့်လို့ ရတယ်ဆိုပဲ။ 

ဖော်ထုပ်ပုံက မေးခွန်းအချို့ကို သင်က ဖြေဆိုနေစဉ် သင့်ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုကို တိုင်းတာတာ၊ သင့်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲသလဲ ဆိုတာကို ကြည့်တာတဲ့လေ။ ဒီအပြောင်းအလဲထဲမှာ အသက်ရှူပုံ တွေ (breathing patterns)၊ နှလုံးခုန်တာ၊ ချွေးတွေပိုထွက်လာတာစတဲ့ ပြောင်းလဲမှုတွေပါတာပေါ့တဲ့။  ဘုန်းကြီးကျောင်းထဲမှာပဲ ကြီးခဲ့ရ နေခဲ့ရတဲ့ ဘုန်းဥာဏ်တော့ အသိ လိုက်မမှီတော့ပါဘူး။ ရွာက ဟို လူကြီးတို့အုပ်စုကို အဲဒီစက်နှင့် စစ်ကြည့်ရရင်တော့ “အင်း ... စက် ဘယ်လိုနေပါ့၊ တုန်ခါလွန်းပြီး ပြုတ် ပြတ်ထွက်ကုန်မလား စသည်ဖြင့် တွေးမိပါရဲ့။ 

ဒါပေမဲ့လဲ ဒီစက်က အကုန်တော့ ဖော်ထုပ်နိုင်မယ် မထင်ပါဘူး။ သူက စက်လေ။ လူမှ မဟုတ်တာ။ လူပြုရင် သူ နုရတော့မှာပေါ့ လို့ တွေးမိပြန်တယ်။ George W. Maschke ဆိုတဲ့သူက လိမ်ညာမှုကို ဒီစက်နှင့် ဖော်ထုပ်တာဟာ သိပ္ပံနည်းကျ အခြေအမြစ် မရှိဘူး။ ဒါဟာ သိပ္ပံနည်းကျ စမ်းသပ်ပြီး အကြောင်းပြလို့ ရတဲ့ အယူအဆ မဟုတ်ပါဘူး (It's a complete junk science) ဆိုပြီး ပယ်တာကို ဖတ်ရပါတယ်။

အဲဒါတွေ တွေးမိတော့ မုသားနှင့် ပတ်သက်တဲ့ ဘုရား တရားတော်ကို သတိရမိပြန်ပါတယ်။ ပထမတစ်ခုက ရဟန်းဖြစ်တာ မကြာသေးတဲ့ သားတော် ရာဟုလာကို ဆုံးမတော်မူတဲ့သုတ်တော်မှာ ပါတာပါ။  တစ်ညနေခင်းမှာ ဘုရားရှင်ဟာ ရှင်ရာဟုလာထံ ကြွလာတော်မူပါတယ်။

ကြွလာပြီး ခပ်ထားတဲ့ ရေအိုးမှာ ရေနဲနဲပဲ ချန်ပြီး ခြေတော်တို့ကို ဆေးတော်မူပါတယ်။ ရှင်လာဟုလာကို ခြေဆေးရေအိုးမှာ ချန်ထားတဲ့ ရေနဲနဲကို မြင်သလားလို့ မေးတော်မူပါတယ်။ “မြင်ပါတယ်ဘုရား” လို့ လျှောက်တော့ “ရာဟုလာ၊ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ (ရဟန်း)မှာ ရဟန်း တရား (spiritual achievement, lit. recluseship) နည်းနည်းလေးပဲ ရှိတော့တယ်” လို့ မိန့်တော်မူ ပါတယ်။ 

နောက်တော့ ဘုရှားရှင်က အဲဒီ ရေနည်းနည်းလေးကို သွန်ပစ်လိုက်ပြီး “ရာဟုလာ၊ ရေနည်းနည်းကို သွန်ပစ်လိုက်တာ မြင်ပါသလား” လို့ မေးတော်မူပါတယ်။ “မြင်ပါတယ် ဘုရား” လို့ လျှောက်တော့ ”(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူဟာ ရဟန်းတရားကို စွန့်ပစ်လိုက်တော့တာပဲ” လို့ မိန့်တော်မူပါတယ်။

အဲဒီနောက် ဘုရားရှင်ဟာ ခြေဆေးရေအိုးကို မှောက်ပြီး “ရာဟုလာ၊ ရေအိုး မှောက်ထားတာကို မြင်ပါသလား” လို့ မေးတော်မူကာ၊ ရှင်ရာဟုလာကလဲ “မြင်ပါတယ် ဘုရား” လို့ လျှေက်ထားပြန်တော့ ဘုရားရှင်က “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူဟာ ရဟန်းတရားကို မှောက်ပစ်ထားလိုက်တော့တာပဲ” လို့ မိန့်ပြန်ပါတယ်။ 

နောက်တစ်ခါ မြတ်စွာဘုရားရှင်ဟာ ခြေဆေးရေအိုးကို လှန်တော်မူပြီး “ရာဟုလာ၊ ဒီရေအိုးမှာ ဘာမှ မရှိတော့တာကို မြင်ရဲ့လား” လို့ မေးတော်မူပြန်ပါတယ်။ ရှင်ရာဟုလာလေးက “မြင်ပါတယ် ဘုရား”လို့ လျှေက်လိုက်ပါတယ်။ ဒီတော့ “ဒီလိုပဲ ရဟုလာ။ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူမှာ ရဟန်းတရား ဘာမျှ မကျန်တော့ဘူး” လို့ မိန့်တော်မူပါတယ်။ 

အဲဒီနောက်တော့ တိုက်ပွဲဝင် မင်းစီးဆင် ဥပမာ (ဒီမှာတော့ မရေးတော့ဘူး) နှင့် ရှင်းပြကာ “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ မလုပ်ဝံ့တာ ဘာမျှ မရှိတော့ဘူး။ ဒါကြောင့်မို့ ရည်ရွင်လို လို့တောင် မုသားစကားကို မပြောဘူး” လို့ ကျင့်ရမယ်လို့ ဗုဒ္ဓက ဟောကြားဆုံးမတော် မူပါတယ်။

နောက်တစ်ခုက ဣတိဝုတ္တက ပါဠိတော်မှာ ဟောထားတဲ့ “ရဟန်းတို့၊ တမင်တကာ (ရည်ရွယ်ချက်ရှိရှိ) လိမ်ပြောတဲ့သူဟာ ဘာကြီးပဲ ဖြစ်နေနေ၊ သူမလုပ်ရဲတဲ့ မကောင်းမှုဆိုတာ မရှိတော့ဘူး လို့ ငါဘုရား ဟောကြားတော်မူတယ်” ဆိုတာကို သတိယမိပါတယ်။

စာဖတ်သူကတော့ ဘယ်လို တွေးမယ်မသိ။ စာရေးသူကတော့ “သြော် တရားတော်ကတော့ မှန်လိုက်တာပါလား” လို့ ကိုယ့်ကိုယ်ကို ပြောမိပါရဲ့။ လူလိမ်လေးဆိုရင်တော့ မသိ၊ မပြောလို။ ရာဇဝင်တွင်တဲ့ လူလိမ်ကြီးတွေ ဆိုရင် သိပ်မှန်တယ်။ သူတို့က သူတို့လိမ်တာ ပြောမိလို့ပဲ ဖြစ်ဖြစ်၊  ဒီလောက်ကြီး ဖြစ်နေတာ မကောင်းပါ ဘူးလို့ ပြောရင်ပဲ ဖြစ်ဖြစ်၊ သူတို့မှာ ဓားရှိရင် ဓားနှင့် ခုတ်လိမ့်မယ်။  ဒုတ်ရှိရင် ဒုတ်နှင့် ရိုက်လိမ့်မယ်။ သေနတ်ရှိရင် သေနတ်နှင့် ပစ်လိမ့်မယ်။ သူတို့မှာ မကောင်းမှုလုပ်ရမှာ ရှက်တတ် တဲ့ ဟိရီ၊ ကြောက်တတ်တဲ့ သြတ္တပ္ပတရားဆိုတာ နတ္တိ။ တရားတာ၊ မတရားတာမရှိ၊ ကောင်းတာ မကောင်းတာ မသိ။ သူတို့ မလုပ်ရဲတာ ဘာမျှမရှိတော့တာ ယနေ့ မြင်ခဲ့ကြရ၊ မြင်ကြရဆဲ မဟုတ်လား။

ရာဇဝင်တွင်အောင် လိမ်တတ်တဲ့သူတွေ အတွက်တော့ နေစရာမရှိ၊ စားစရာမရှိအောင် ဒုက္ခရောက်နေတဲ့ သူတွေ သန်းနှင့်ချီ တွေ့ရလဲ အေးရာအေးကြောင်းဆိုပြီး ပစ်ထားရဲတယ်။ သူများကူညီထောက်ပံ့တာကိုလဲ ခေါင်းပုံဖြတ် စားရဲတယ်။ ကိုယ်ကျိုး ကိုယ့်အတ္တ အတွက် အများသူငါကို ဘဝပျက်သည်ထိ မတရား နှောင့်ယှက်တတ်တယ်။ ပြီးရင် သူတို့ဟာ မေတ္တာ၊ ကရုဏာကြီးကြောင်း ပြချင် ပြောချင်လိုက်တာလဲ လွန်ပါရော စသည်ဖြင့် တွေးနေမိပါတယ်။ တကယ့် မေတ္တာ၊ ကရုဏာတရားကို နည်းနည်းလေးပဲ ဖြစ်ပါစေ၊ ဒီလိုလူတွေရင်မှာ ပေါက်ဖွားလာုကရင်တော့ လောကကြီး အတော်ပဲ ငြိမ်းချမ်းလာမှာပါ။

တစ်ချို့ အဖြူရောင် မုသားစစ်စစ်ဆိုရင်တော့ ရည်ရွယ်ချက် (စေတနာ) ကိုက သူ့အကျိုး ပျက်စီးစေလိုတာ မဟုတ်တဲ့ အတွက် မုသာဝါဒ ကံမြောက်ကောင်းမှ မြောက်ပါမယ်။ 

ဆင်ခြေပေးတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို လိမ်တာ (ယန်း ပေါလ် ဆားတ် ပြောတဲ့ Bad faith) ပဲ ဖြစ်ဖြစ်၊ ရှောင်လို့ မရလို့ အဖြူရောင် မုသားကိုပဲသုံးသုံး၊ အနီရောင် အပြာရောင် အဝါရောင် မုသားကိုပဲသုံးသုံး၊ ဘာပဲသုံးသုံးပါ။ လိမ်တာကတော့ လိမ်တာပါပဲ။ လုပ်သင့်တာ တစ်ခုက ကိုယ်ချင်းစာကြည့်ဖို့ပါပဲ။ ကိုယ့်ကို သူ ဒီလို ပြောဆို၊ ပြုမူရင် ကိုယ် ကြိုက်မလားလို့ ကိုယ်ချင်းစာကြည့်ပါ။ ကိုယ်မကြိုက်ဘူး ဆိုရင်တော့ သူလဲ မကြိုက်လောက်ပေဘူးပေါ့။ ဒါဆို ရှောင်သင့်တယ်လို့ ဆိုချင်ပါတယ်။
 
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

ဘုန်းဥာဏ်
Mumbai, India
25/ 09/ 2010

ရည်ညွှန်း။ ။ 
1. Horner I. B (tr.) "Middle Length Sayings" vol. II, Motilal Banarsidass Publishers, pp. 87-8. 
2. Ireland, John D (tr.), Itivuttaka, BPS, Kandy, pp. 167 -8.
3. http://www.bbc.co.uk/worldservice/learningenglish/general/sixminute/2010/03/100318_6min_lying_page.shtml