Pages

Dec 13, 2010

စိန်မြေ ဧကပေါင်းများစွာ

ဒီဇင်ဘာ (၄)ရက်နေ့ ညတစ်ညမှာ လမ်းလျှောက်ထွက်ဖြစ်တယ်။ ဝေးဝေး မဟုတ်ပါဘူး။ ကိုယ့်နေရာနှင့် ကပ်နေတဲ့ ချ(ခ်ျ)ဂိတ် ဝန်းကျင်လောက်ပါပဲ။ လူတွေက ဘုန်းကြီးကို မြင်ရင် ပြူးပြဲကြည့်တတ်လွန်းလို့  ကိစ္စ မရှိရင် အပြင် သိပ်မထွက်ဖြစ်ဘူး။ 

လမ်းလျှောက် ထွက်ဖြစ်ရင်တော့ လူတွေ အေးအေးလူလူ လမ်းလျှောက် အပန်းဖြေကြတဲ့ ပင်လယ်ကမ်းခြေတစ်လျှောက်ရယ်၊ ဒါမှ မဟုတ် သွားနေကျ အနီးပတ်ဝန်းကျင်ရယ်တင်ပါ။ အနီး ပတ်ဝန်းကျင် လျှောက်ဖြစ်ရင်တော့ လမ်းဘေးက စာအုပ် အဟောင်းဆိုင်တွေမှာ ကိုယ်လိုချင်တာ ရှိလိုရှိငြား ကြည့်မိတတ်ပါတယ်။ မန္တလေးမှာ နေလာခဲ့ကတည်းက ဈေးချို ညဈေးမှာ စာအုပ်အဟောင်းဆိုင်တွေမှာ မိုးတို မတ်တတ် ကြည့်တတ်၊ ရှာဖွေတတ်တဲ့ အကျင့်က ပါနေတယ်။ 

မွန်ဘိုင်းက လမ်းဘေး စာအုပ် အဟောင်းဆိုင်လေးတွေမှာ တစ်ခါတစ်ရံ ကောင်းတဲ့ စာအုပ်လေးတွေ သိပ်မဟောင်းပဲ ဈေးချိုချိုနဲ့ ရတတ်ပါတယ်။ ဒီနေ့ညလဲ Shiv Khera ရဲ့ You Can Win ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဈေးက ရူပီး ငါးဆယ်ဆိုတော့ သိပ်ချိုတာပေါ့။ (မြန်မာငွေ တစ်ထောင်ကျော်ကျော်လေးပဲ ရှိတာ။) ဒါနဲ့ ဝယ်လာခဲ့တယ်။ အဟောင်းဆိုင်ကလို့ ဆိုပေမဲ့ စာအုပ်က အသစ်အတိုင်းပဲ။

ဒီ စာအုပ်က အပြည်ပြည်ဆိုင်ရာမှာ အရောင်းရဆုံး စာအုပ်ဆိုပဲ။ ဒါ့အပြင် ဘာသာပေါင်း ရှစ်ဘာသာနှင့် အုပ်ရေ 1, 000, 000 ကျော် ရောင်းပြီးဆိုပါလား။ မျက်နှာဖုံးမှာ ရေးထားတယ်။ အဲဒီထဲကပဲ အစပိုင်း အမြင်သဘောထား ဆိုင်ရာလေး နည်းနည်းကို  ဘာသာပြန်ပြီး `အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်` ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တင်ခဲ့တယ်။ ခုလဲ Acres of Diamonds ကိုပဲ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ စာဖတ်သူ အကြိုက်တွေ့ မတွေ့ကတော့ မသိပါ။ သူကလဲ ရပ်ဆဲ ကွန်ဝဲ (Russell Cornwell)ရဲ့ Acres of Diamond ရဲ့ စာကို ပြင်ဆင်ထားတာပါတဲ့။ အောက်မှာ ဖတ်ကြည့်ပါလား။

ဟာဖစ်(ဇ်) အာဖရိကမှ လယ်သမားတစ်ယောက်ပါ။ သူဟာ စိတ်လည်း ချမ်းသာ၊ ရောင့်လဲ ရောင့်ရဲပါတယ်။ သူဟာ ရောင့်ရဲတင်းတိမ်တတ်လို့ စိတ်ချမ်းသာပြီး၊ စတ်ချမ်းသာလို့လဲ ရောင့်ရဲ တင်းတိမ်ပါတယ်။ တစ်နေ့မှာတော့ ပညာရှိတစ်ယောက် သူ့ဆီပေါက်ချလာပြီး စိန်တွေရဲ့ ဂုဏ်ကျက်သရေနှင့် တန်ခိုးပါဝါတွေကို ပြောပြပါတယ်။ ပညာရှိကြီးက  “မင်းရဲ့ လက်မလောက် အရွယ်ရှိတဲ့ စိန်ရှိရင်ပဲ မင့် ကိုယ်ပိုင်မြို့တော် ဝယ်နိုင်တာပေါ့။ လက်သီးဆုပ် အရွယ် စိန်ရှိရင်တော့ မင့်တိုင်းပြည်ကိုတောင် ပိုင်ကောင်းပိုင်နိုင်တယ်ကွ” လို့ ပြောပြတယ်။ ပြောပြီးတော့ ပညာရှိကြီးက ထွက်သွားတယ်။ ဟာဖစ်(ဇ်)ဟာ အဲဒီညတော့ အိပ်လို့ မရတော့ဘူးပေါ့။ သူဟာ ပျော်လဲ မပျော်ဘူး။ ရောင့်လဲ မရောင့်ရဲတော့ဘူး။ မရောင့်ရဲတတ်တော့လို့ မပျော်ရွှင်တော့သလို မပျော်ရွှင်တော့လို့ မရောင့်ရဲတတ်တော့ဘူးပေါ့။

နောက်နေ့ မနက်ရောက်တော့ ဟာဖစ်(ဇ်)ဟာ သူ့လယ်လေး ရောင်းဖို့ စီမံတော့တာပဲ။ မိသားစုကို စောင့်ရှောက်ခဲ့ပြီး စိန်တွေရှာဖို့ ထွက်သွားခဲ့တယ်။ သူဟာ အာဖရိက တစ်တိုက်လုံးကို ရှာကြည့်တယ်။ စိန်တစ်ပွင့်မှ မတွေ့ဘူး။ ဥရောပတစ်ခွင်လဲ နှံ့နေအောင် ရှာဖွေတယ်။ ဘာမှ မတွေ့ပါဘူး။ စပိန်ကို ရောက်သွားတဲ့ အချိန်မှာတော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာအပြင် ငွေရေးကြေးရေးဆိုင်ရာပါ လျော့နည်း ကုန်းခန်းခဲ့တယ်။ ဘာစီလိုနာဖြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေကြောင်း ကြံမိလောက်အောင်ကိုပဲ စိတ်ဓာတ်တွေ ကျလှပေါ့။

အိမ်ရောက်သွားတဲ့ အချိန်မှာတော့ သူ့လယ်ကို ဝယ်လိုက်တဲ့ သူက လယ်တောထဲ ဖြတ်စီဆင်းနေတဲ့ စမ်းချောင်းလေးထဲမှာ ကုလားအုပ်တွေကို ရေတိုက်နေတယ်။ စမ်းချောင်း တစ်လျောက်မှာတော့ နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ ကျောက်ခဲတစ်တုံးကို ထိုးမိနေပြီး သက်တန့်တစ်ခုလို ပြိုးပြိုးပျက်ပျက် အရောင်တွေ လင်းလက်စေတာပေါ့။ လယ်ပိုင်ရှင်သစ်က အဲဒီ အရောင်တွေလက်နေတဲ့ ကျောက်တုံးကို သူ့ဧည့်ခန်းမှာ ထားရရင်တော့ ကြည့်ကောင်းမှာပဲလို့ တွေးမိပါတယ်။ သူက ကျောက်တုံးကို ကောက်ပြီး သူ့ရဲ့ အပေါ်ရုံထဲ ထည့်ထားလိုက်တယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာတော့ ပညာရှိက ပေါက်ချလာပြီး ပြိုးပြိုးပျက်ပျက် အရောင်တွေ ထွက်နေတဲ့ အဲဒီ ကျောက်တုံးကို မြင်သွားတယ်။ သူက မေးတယ်။
“ဟာဖစ်(ဇ်) ပြန်ရောက်ပြီလား”။ 
လယ်ပိုင်ရှင် အသစ်က 
“ဟင့်အင်း၊ ဘာလို့ မေးတာလဲ” လို့ ပြန်မေးတယ်။ 
ဘာလို့ မေးတာလဲဆို အဲဒီကျောက်တုံးက စိန်ကွ၊ ငါက တစ်ခုကို မြင်ရင် တစ်ခုကို မှတ်မိတာပဲ” လို့ ပညာရှိက ပြောတယ်။ လယ်ပိုင်ရှင်သစ်က “မဟုတ်ဘူး။ အဲဒါက စမ်းချောင်းထဲက ကျွန်တော် ကောက်လာတဲ့ ကျောက်တုံးပါ။ လာ၊ ကျနော် လိုက်ပြမယ်။ အဲဒီမှာ အများကြီးပဲ” လို့ ပြန်ပြောတယ်။ သူတို့နှစ်ယောက် အဲဒီ စမ်းချောင်းလေး ဖြတ်စီးဆင်းနေတဲ့ လယ်ဆီကို သွားကြတယ်။ နမူနာအဖြစ် အချို့ကို ကောက်ယူပြီး စစ်ဆေးဖို့ ပို့လိုက်တယ်။ သေချာတာပေါ့။ အဲဒီကျောက်တုံးတွေက စိန်တွေပဲ။ အမှန်တော့ လယ်မြေတစ်ခုလုံးဟာ စိန်မြေဧကပေါင်းများစွာနှင့် ဖုံးအုပ်ထားတယ်ဆိုတာ သူတို့ တွေ့လိုက်ကြရတယ်။

ပုံပြင်လေးက ဒါလေးပါပဲ။ အဲဒီမှာ စာရေးဆရာက ဒီအဖြစ်အပျက်လေးနှင့် ပတ်သက်ပြီး ဘဝသင်္ခန်းစာတွေ ပြောပြပါလိမ့်မယ်။ သူပြောပြတာ ဖတ်မကြည့်ခင် ခဏလောက် ရပ်စဉ်းစားကြည့်ပါလား။ သြော် ... စာအုပ်ပြုစုသူရဲ့ အတွေးနှင့်တော့ တူချင်မှ တူမှာပေါ့။ မတူတိုင်း မှားတာ မဟုတ်တာလဲ စာဖတ်သူ သိတာပဲ။  ဒီတော့ အားလုံးဖတ်လို့ပြီးရင် စာဖတ်သူတွေးမိတာလေး ကွန့်မန့်ရေးပြီး မျှဝေပါလား။ အားလုံး ဖတ်ရတာပေါ့ဗျာ။ စာအုပ်ပြုစုသူရကတော့ ...

ဒီပုံပြင်ရဲ့ သင်္ခန်းစာက ဘာလဲ။ သင်္ခန်းစာ ခြောက်ခု ရှိပါတယ်တဲ့။
၁။ ကျွန်တော်တို့ရဲ့ အမြင်သဘောထား မှန်ကန်တဲ့ အခါ ကျွန်တော်တို့ဟာ စိန်မြေ ဧကပေါင်းများစွာ အပေါ်မှာ လျှောက်လှမ်းနေကြတယ်။ အခွင့်အလမ်းဆိုတာဟာ အမြဲတမ်း ကျွန်တော်တို့ ခြေထောက် အောက်မှာ ရှိတယ်။ ဘယ်မှ သွားနေစရာ မလိုဘူး။ ကျွန်တော်တို့ လုပ်ရမှာက အဲဒီ အခွင့်အလမ်းကို မှတ်မိ သိရှိဖို့ပါပဲ။

၂။ အဝေး (အခြားတစ်ဖက်)က မျက်က အမြဲပဲ ပိုစိမ်းတတ်ပါတယ်။

၃။ အဝေး (အခြားတစ်ဖက်)က မျက်ကို ကျွန်တော်တို့က ကြည့်နေစဉ် ကျွန်တော်တို့ဖက်က မျက်ကို လှမ်း ကြည့်နေတဲ့ အခြားသူတွေလဲ ရှိတတ်ပါတယ်။ သူတို့က ကျွန်တော်တို့နှင့် နေရာတွေ အရောင်းအဝယ်လုပ်ဖို့ ပျော်ရွှင်နေပါလိမ့်မယ်။

၎။ အခွင့်အလမ်းဆိုတာကို မမှတ်မိ မသိရှိတဲ့သူတွေဟာ အခွင့်အရေးက တံခါးလာခေါက်တဲ့ အခါ ဆူလိုက် တာကွာလို့ ငြီးငြူတတ်ကြပါတယ်။

၅။ အခွင့်အရေးဆိုတာကို ရောက်လာတဲ့ အခါ မှတ်မိသိရှိတာထက် ထွက်ခွါသွားခါမှ ပိုပြီး မှတ်မိ သိရှိလွယ် တတ်ကြတယ်။

၆။ အခွင့်အလမ်းက တစ်ကြိမ်ပဲ တံခါးခေါက်တတ်ပါတယ်။ နောက်လာတဲ့ အခွင့်အလမ်းက ပိုကောင်းချင် ကောင်းမယ်၊ ပို ဆိုးချင်ဆိုးမယ်။ ဒါပေမဲ့ အရင်အခွင့်အလမ်းတော့ လုံးဝ မဟုတ်ဘူး။ ဒါကြောင်မို့ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးတာပေါ့။ အချိန်မဟုတ်တဲ့ အခါမှာ ချမှတ်မိတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာလဲ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတော့တာပါပဲ

(ပို့စ် အသစ်တင်စရာကလဲ မရှိ၊ ဗုဒ္ဓဂါယာသို့ ခရီးစဉ်ကလဲ စထွက်ဖို့ နာရီပိုင်းပဲ လိုတော့တာမို့ ခပ်မြန်မြန်ဖတ်၊ ရေးပြီး တင်လိုက်တယ်။ ကောင်းတယ် မကောင်းဘူး မသိပါဘူး။  ဖတ်တဲ့အတွက် ကျေးဇူး တင်ပါတယ်)။

ဘုန်းဉာဏ်
မွန်ဘိုင်း၊ အိန္ဒိယ
၁၃၊ ၁၂၊ ၂၀၁၀

No comments: