Pages

Oct 30, 2011

မုသာဝါဒနှင့် ပတ်သက်တဲ့ တွေးမိတာလေး အချို့


မတ်လ (၁၈) ရက် (၂၀၁၀) နေ့က လွှင့်တင်ခဲ့တဲ့ BBC Learning English သင်္ခန်းစာ၊ 6 Minute English အစီအစဉ်ထဲက lying ဆိုတဲ့ သင်္ခန်းစာလေး ဖတ်မိတော့ မုသာဝါဒ (လိမ်ပြောမှု)နှင့် ပတ်သက်ပြီး တွေးမိတာလေးတွေ ရှိပါတယ်။ အဲဒီထဲက အချို့ကို “မုသာဝါဒနှင် ပတ်သက်တဲ့ တွေးမိတာလေး အချို့” လို့ ခေါင်းစီးတပ်ပြီး ဒီပို့စ်မှာ ပြောကြည့်ချင်ပါတယ်။ 

လိမ်လည်ပြောဆိုခြင်း (မုသာဝါဒ) မှ ရှောင်ကြဉ်ခြင်းဆိုတာ ဗုဒ္ဓဘာသာမှာတော့ အခြေခံ ကျင့်ဝတ် ငါးခုထဲက တစ်ခုပေါ့။ ဒီငါးခုကို ပုဆိုးကို မြဲအောင် ဝတ်ထားသလို အမြဲပဲ လိုက်နာ ကျင့်သုံးရမယ်လို့ ဆိုပါတယ်။ ရှေးသုံးနှင့်တော့ “ခါးဝတ် ပုဆိုး” ကဲ့သို့ မြဲရမယ်တဲ့။ ခုတော့ ဘောင်းဘီ၊ ဂါဝန်ကို မြဲအောင် ဝတ်ထားသလို မြဲမြဲ ကျင့်သုံးရမယ် လို့ ပြောရမလားပါပဲ။

ဆိုလိုချင်တာက ဒီလိုပါ။ အင်္ဂါကြီးငယ်ကို လုံလုံခြုံခြုံ ဖြစ်အောင် ပုဆိုး၊ ဘောင်ဘီ၊ ဂါဝန်စတဲ့  ဝတ်ရမည့် အဝတ်ကို လုံခြုံအောင် မဝတ်ရင်  ဒါမှ မဟုတ် မြဲမြဲဝတ်မထားလို့ ကျွတ်သွား ကျသွားရင် မမြင်သင့် မမြင်ထိုက်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပေါ်နေပါလိမ့်မယ်။ ပေါ်နေရင် ကြည့်လို့ မြင်လို့ မကောင်းသလို ကာယကံရှင်မှာလဲ အတော်ပဲ ရှက်ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ငါးပါးသီလ မလုံရင် မမြဲရင် ကိုယ်ကျင့်အဝတ် ကျွတ်ကျလို့ အင်္ဂါကြီးငယ် ပေါ်သလို ရှက်ဖွယ်ရာပါ။

အဲဒီမုသားစကားဆိုတာ ပြောလိုက်တဲ့ မုသားရဲ့ အတိမ် အနက်၊ ပြောသူရဲ့ ရည်ရွယ်ချက်၊ အပြောခံရသူရဲ့ အကျိုး ဘယ်လောက်ထိ ပျက်ပြား ဆုတ်ယုတ်သွားသလဲ စတဲ့ အချက်အပေါ်မှာ မူတည်ပြီး ကံမြောက် မမြောက်၊ ကံ ကြီး မကြီး ဆိုတာ ဖြစ်ပါတယ်။

လိမ်လည်တာတို့၊ လှည့်ဖျားတာတို့ ဆိုတဲ့ စကားလုံးတွေရဲ့ အတိမ် အနက်၊ အသုံး အနှုန်းတွေကို လေ့လာ ကြည့်ရရင် စိတ်ဝင်စားစရာ ကောင်းမှာပဲလို့ တွေးမိပါတယ်။ လှည့်ဖြားတာ ကိုတော့ 'deception' လို့ ခေါ်တယ်ထင်တယ်။ အဲဒါကို misleading, dishonest, untruthful လို့ ရှင်းပြထားတာကို BBC အင်္ဂလိပ်စာ သင်ခန်းစာမှာ တွေ့ရဖူးပါတယ်။ 

အခုတော့ လှည့်ဖြားတယ် ဆိုတာ တကယ့် တွေ့နေ မြင်နေကြ လူသားရဲ့ အပြုအမူ တစ်ရပ် (a very common human activity) ဖြစ်နေပါတယ်။ အချို့ကတော့ ရှောင်လို့မရတဲ့ လူသားရဲ့ သဘောသဘာဝ အစိတ်အပိုင်း တစ်ခုလို့တောင် ဆိုကြပြန်ပါတယ်။ မြန်မာမှာ “မုသားမပါ လင်္ကာ မချော” လို့ ဆိုတာ ဒါကိုများ ဆိုလိုလေသလားပါပဲ။

နောက်မုသား တစ်မျိုးကတော့ အဖြူရောင်မုသား (a white lie) တဲ့။ အဲဒါက လူတစ်ယောက် ခံစားမှု ကောင်းအောင်၊ သက်သာအောင် ပြောတဲ့ မုသားပါ။ ဝိတ်ကျချင်နေတဲ့သူကို တကယ် မကျပဲနဲ့ ဝိတ်နည်း နည်း ကျသွားပြီ၊ အသားဖြူချင်လို့ ခရင်မ်မျိုးစုံ ဝယ်လိမ်းနေသူကို မဖြူပဲ အသားဖြူလာတယ် ဆိုတာမျိုးတွေပေါ့။ ဒီတော့ 'အဖြူရောင် မုသား' ဆိုတာ မြှောက်ပင့်ခြင်း တစ်မျိုး (a form of flattery) လို့ အဓိပ္ပါယ် ရသွားပြန်ရော့လေ။

ဆိုးတာကတော့ တမင်လိမ်တာ၊ အကြံအစည် ရှိရှိ လိမ်တာ (a motivated lie)၊ ကလိမ်စေ့ ငြမ်းဆင်တဲ့ လိမ်လည်မှုမျိုးပါ။ လောကကြီးက အတော်တော့ ထူးဆန်းပါဘိ။ လူတစ်ယောက် လိမ်၊ မလိမ်ဆိုတာ a lie detector သို့မဟုတ် Polygraph machine လို့ ခေါ်တဲ့ မုသားဖော်စက်နှင့် ဖော်ထုပ်ကြည့်လို့ ရတယ်ဆိုပဲ။ 

ဖော်ထုပ်ပုံက မေးခွန်းအချို့ကို သင်က ဖြေဆိုနေစဉ် သင့်ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုကို တိုင်းတာတာ၊ သင့်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲသလဲ ဆိုတာကို ကြည့်တာတဲ့လေ။ ဒီအပြောင်းအလဲထဲမှာ အသက်ရှူပုံ တွေ (breathing patterns)၊ နှလုံးခုန်တာ၊ ချွေးတွေပိုထွက်လာတာစတဲ့ ပြောင်းလဲမှုတွေပါတာပေါ့တဲ့။  ဘုန်းကြီးကျောင်းထဲမှာပဲ ကြီးခဲ့ရ နေခဲ့ရတဲ့ ဘုန်းဥာဏ်တော့ အသိ လိုက်မမှီတော့ပါဘူး။ ရွာက ဟို လူကြီးတို့အုပ်စုကို အဲဒီစက်နှင့် စစ်ကြည့်ရရင်တော့ “အင်း ... စက် ဘယ်လိုနေပါ့၊ တုန်ခါလွန်းပြီး ပြုတ် ပြတ်ထွက်ကုန်မလား စသည်ဖြင့် တွေးမိပါရဲ့။ 

ဒါပေမဲ့လဲ ဒီစက်က အကုန်တော့ ဖော်ထုပ်နိုင်မယ် မထင်ပါဘူး။ သူက စက်လေ။ လူမှ မဟုတ်တာ။ လူပြုရင် သူ နုရတော့မှာပေါ့ လို့ တွေးမိပြန်တယ်။ George W. Maschke ဆိုတဲ့သူက လိမ်ညာမှုကို ဒီစက်နှင့် ဖော်ထုပ်တာဟာ သိပ္ပံနည်းကျ အခြေအမြစ် မရှိဘူး။ ဒါဟာ သိပ္ပံနည်းကျ စမ်းသပ်ပြီး အကြောင်းပြလို့ ရတဲ့ အယူအဆ မဟုတ်ပါဘူး (It's a complete junk science) ဆိုပြီး ပယ်တာကို ဖတ်ရပါတယ်။

အဲဒါတွေ တွေးမိတော့ မုသားနှင့် ပတ်သက်တဲ့ ဘုရား တရားတော်ကို သတိယမိပြန်ပါတယ်။ ပထမတစ်ခုက ရဟန်းဖြစ်တာ မကြာသေးတဲ့ သားတော် ရာဟုလာကို ဆုံးမတော်မူတဲ့သုတ်တော်မှာ ပါတာပါ။  တစ်ညနေခင်းမှာ ဘုရားရှင်ဟာ ရှင်ရာဟုလာထံ ကြွလာတော်မူပါတယ်။

ကြွလာပြီး ခပ်ထားတဲ့ ရေအိုးမှာ ရေနဲနဲပဲ ချန်ပြီး ခြေတော်တို့ကို ဆေးတော်မူပါတယ်။ ရှင်လာဟုလာကို ခြေဆေးရေအိုးမှာ ချန်ထားတဲ့ ရေနဲနဲကို မြင်သလားလို့ မေးတော်မူပါတယ်။ “မြင်ပါတယ်ဘုရား” လို့ လျှောက်တော့ “ရာဟုလာ၊ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ (ရဟန်း)မှာ ရဟန်း တရား (spiritual achievement, lit. recluseship) နည်းနည်းလေးပဲ ရှိတော့တယ်” လို့ မိန့်တော်မူ ပါတယ်။ 

နောက်တော့ ဘုရှားရှင်က အဲဒီ ရေနည်းနည်းလေးကို သွန်ပစ်လိုက်ပြီး “ရာဟုလာ၊ ရေနည်းနည်းကို သွန်ပစ်လိုက်တာ မြင်ပါသလား” လို့ မေးတော်မူပါတယ်။ “မြင်ပါတယ် ဘုရား” လို့ လျှောက်တော့ ”(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူဟာ ရဟန်းတရားကို စွန့်ပစ်လိုက်တော့တာပဲ” လို့ မိန့်တော်မူပါတယ်။

အဲဒီနောက် ဘုရားရှင်ဟာ ခြေဆေးရေအိုးကို မှောက်ပြီး “ရာဟုလာ၊ ရေအိုး မှောက်ထားတာကို မြင်ပါသလား” လို့ မေးတော်မူကာ၊ ရှင်ရာဟုလာကလဲ “မြင်ပါတယ် ဘုရား” လို့ လျှေက်ထားပြန်တော့ ဘုရားရှင်က “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူဟာ ရဟန်းတရားကို မှောက်ပစ်ထားလိုက်တော့တာပဲ” လို့ မိန့်ပြန်ပါတယ်။ 

နောက်တစ်ခါ မြတ်စွာဘုရားရှင်ဟာ ခြေဆေးရေအိုးကို လှန်တော်မူပြီး “ရာဟုလာ၊ ဒီရေအိုးမှာ ဘာမှ မရှိတော့တာကို မြင်ရဲ့လား” လို့ မေးတော်မူပြန်ပါတယ်။ ရှင်ရာဟုလာလေးက “မြင်ပါတယ် ဘုရား”လို့ လျှေက်လိုက်ပါတယ်။ ဒီတော့ “ဒီလိုပဲ ရဟုလာ။ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူမှာ ရဟန်းတရား ဘာမျှ မကျန်တော့ဘူး” လို့ မိန့်တော်မူပါတယ်။ 

အဲဒီနောက်တော့ တိုက်ပွဲဝင် မင်းစီးဆင် ဥပမာ (ဒီမှာတော့ မရေးတော့ဘူး) နှင့် ရှင်းပြကာ “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ မလုပ်ဝံ့တာ ဘာမျှ မရှိတော့ဘူး။ ဒါကြောင့်မို့ ရည်ရွင်လို လို့တောင် မုသားစကားကို မပြောဘူး” လို့ ကျင့်ရမယ်လို့ ဗုဒ္ဓက ဟောကြားဆုံးမတော် မူပါတယ်။

နောက်တစ်ခုက ဣတိဝုတ္တက ပါဠိတော်မှာ ဟောထားတဲ့ “ရဟန်းတို့၊ တမင်တကာ (ရည်ရွယ်ချက်ရှိရှိ) လိမ်ပြောတဲ့သူဟာ ဘာကြီးပဲ ဖြစ်နေနေ၊ သူမလုပ်ရဲတဲ့ မကောင်းမှုဆိုတာ မရှိတော့ဘူး လို့ ငါဘုရား ဟောကြားတော်မူတယ်” ဆိုတာကို သတိယမိပါတယ်။

စာဖတ်သူကတော့ ဘယ်လို တွေးမယ်မသိ။ စာရေးသူကတော့ “သြော် တရားတော်ကတော့ မှန်လိုက်တာပါလား” လို့ ကိုယ့်ကိုယ်ကို ပြောမိပါရဲ့။ လူလိမ်လေးဆိုရင်တော့ မသိ၊ မပြောလို။ ရာဇဝင်တွင်တဲ့ လူလိမ်ကြီးတွေ ဆိုရင် သိပ်မှန်တယ်။ သူတို့က သူတို့လိမ်တာ ပြောမိလို့ပဲ ဖြစ်ဖြစ်၊  ဒီလောက်ကြီး ဖြစ်နေတာ မကောင်းပါ ဘူးလို့ ပြောရင်ပဲ ဖြစ်ဖြစ်၊ သူတို့မှာ ဓားရှိရင် ဓားနှင့် ခုတ်လိမ့်မယ်။  ဒုတ်ရှိရင် ဒုတ်နှင့် ရိုက်လိမ့်မယ်။ သေနတ်ရှိရင် သေနတ်နှင့် ပစ်လိမ့်မယ်။ သူတို့မှာ မကောင်းမှုလုပ်ရမှာ ရှက်တတ် တဲ့ ဟိရီ၊ ကြောက်တတ်တဲ့ သြတ္တပ္ပတရားဆိုတာ နတ္တိ။ တရားတာ၊ မတရားတာမရှိ၊ ကောင်းတာ မကောင်းတာ မသိ။ သူတို့ မလုပ်ရဲတာ ဘာမျှမရှိတော့တာ ယနေ့ မြင်ခဲ့ကြရ၊ မြင်ကြရဆဲ မဟုတ်လား။

ရာဇဝင်တွင်အောင် လိမ်တတ်တဲ့သူတွေ အတွက်တော့ နေစရာမရှိ၊ စားစရာမရှိအောင် ဒုက္ခရောက်နေတဲ့ သူတွေ သန်းနှင့်ချီ တွေ့ရလဲ အေးရာအေးကြောင်းဆိုပြီး ပစ်ထားရဲတယ်။ သူများကူညီထောက်ပံ့တာကိုလဲ ခေါင်းပုံဖြတ် စားရဲတယ်။ ကိုယ်ကျိုး ကိုယ့်အတ္တ အတွက် အများသူငါကို ဘဝပျက်သည်ထိ မတရား နှောင့်ယှက်တတ်တယ်။ ပြီးရင် သူတို့ဟာ မေတ္တာ၊ ကရုဏာကြီးကြောင်း ပြချင် ပြောချင်လိုက်တာလဲ လွန်ပါရော စသည်ဖြင့် တွေးနေမိပါတယ်။ တကယ့် မေတ္တာ၊ ကရုဏာတရားကို နည်းနည်းလေးပဲ ဖြစ်ပါစေ၊ ဒီလိုလူတွေရင်မှာ ပေါက်ဖွားလာုကရင်တော့ လောကကြီး အတော်ပဲ ငြိမ်းချမ်းလာမှာပါ။

တစ်ချို့ အဖြူရောင် မုသားစစ်စစ်ဆိုရင်တော့ ရည်ရွယ်ချက် (စေတနာ) ကိုက သူ့အကျိုး ပျက်စီးစေလိုတာ မဟုတ်တဲ့ အတွက် မုသာဝါဒ ကံမြောက်ကောင်းမှ မြောက်ပါမယ်။ 

ဆင်ခြေပေးတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို လိမ်တာ (ယန်း ပေါလ် ဆားတ် ပြောတဲ့ Bad faith) ပဲ ဖြစ်ဖြစ်၊ ရှောင်လို့ မရလို့ အဖြူရောင် မုသားကိုပဲသုံးသုံး၊ အနီရောင် အပြာရောင် အဝါရောင် မုသားကိုပဲသုံးသုံး၊ ဘာပဲသုံးသုံးပါ။ လိမ်တာကတော့ လိမ်တာပါပဲ။ လုပ်သင့်တာ တစ်ခုက ကိုယ်ချင်းစာကြည့်ဖို့ပါပဲ။ ကိုယ့်ကို သူ ဒီလို ပြောဆို၊ ပြုမူရင် ကိုယ် ကြိုက်မလားလို့ ကိုယ်ချင်းစာကြည့်ပါ။ ကိုယ်မကြိုက်ဘူး ဆိုရင်တော့ သူလဲ မကြိုက်လောက်ပေဘူးပေါ့။ ဒါဆို ရှောင်သင့်တယ်လို့ ဆိုချင်ပါတယ်။
 
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

ဘုန်းဥာဏ်
Mumbai, India
25/ 09/ 2010

ရည်ညွှန်း။ ။ 
1. Horner I. B (tr.) "Middle Length Sayings" vol. II, Motilal Banarsidass Publishers, pp. 87-8. 
2. Ireland, John D (tr.), Itivuttaka, BPS, Kandy, pp. 167 -8.
3. http://www.bbc.co.uk/worldservice/learningenglish/general/sixminute/2010/03/100318_6min_lying_page.shtml

(၂၀၁၀ ခု စက်တင်ဘာ ၂၅ ရက်နေ့က တင်ခဲ့တဲ့ ပို့စ် အဟောင်းကို ပြန်တင်လိုက်ပါတယ်။ ထူးခြားမှု ရှိလို့ ပြန်တင်တာတော့ မဟုတ်ပါဘူး။ အခြားဆောင်းပါးတွေလိုပါပဲ။

အားပေးဖတ်ရှူသူတွေကို ကျေးဇူးတင်ပါတယ်။)

Oct 10, 2011

သီတင်းကျွတ်ပွဲတော်နှင့် ကောင်းမြတ်တဲ့ အစဉ်အလာ

(ယခုနှစ် သီတင်းကျွတ် ပွဲတော် အတွက် စာ အသစ် မရေးဖြစ်လို့ မနှစ်က ရေးပြီး တင်ခဲ့တဲ့ ပို့စ်ကိုပဲ ပြုပြင်ခြင်း မပြုပဲ ပြန်လည် တင်လိုက်လိုက်ခြင်း ဖြစ်ပါကြောင်း  ကြိုတင် အသိပေးအပ်ပါသည်။)

ဆယ့်နှစ်လရာသီ တစ်ခုလုံးကို ပွဲတော် အသီးသီးနှင့် တန်းဆာ ဆင်ထားတဲ့ မြန်မာတို့ ရိုးရာလေးက ချစ်စရာ၊ မြတ်နိုး စရာလေးပါ။ သေချာ စဉ်းစားကြည့်ရင် အဲဒီထဲမှာ ချစ်မြတ်နိုးစရာ အကောင်းဆုံးက သီတင်းကျွတ်လ မီးထွန်းပွဲ လို့ ထင်မိတယ်။


“သီတင်းကျွတ်လ ဆီးမီးထွန်းပွဲ” ဆိုတာလေးကို ကလေးငယ် ဘဝကတည်းက သိကြ၊ နှုတ်ကျိုး နေကြပါတယ်။ “သီတင်းကျွတ်လ မီးထွန်းပွဲ” ဆိုတဲ့ အတိုင်းပဲ ဒီပွဲတော်မှာ မီးတွေ ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး သုံးရက်ကြာ ထွန်းကြပါတယ်။ လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက် ညတွေမှာပေါ့။ 

အိမ်တွေမှာဆို ဘုရာစင်ကို စိတ်ကြိုက် တန်းဆာဆင်ကာ ထွန်းညှိတတ်ကြတယ်။ အိမ် ဝရံတာ စတဲ့ နေရာမျိုးတွေမှာလဲ မီးဆိုင်း၊ မီးပုံး ရောင်စုံလေးတွေကို ချိတ်ဆွဲ ထွန်းကြတယ်။ ဒါတင် မကသေးဘူး။ စေတီ ပုထိုးတွေ၊ လမ်းတွေနှင့် ဘာသာရေး အဆောက်အဦတွေ၊ ရွေးချယ် သတ်မှတ်ထားတဲ့ နေရာတွေမှာလဲ အရောင် အသွေးစုံ မီးလုံး လှလှလေးတွေ ဝေနေအောင် တပ်ဆင် ချိတ်ဆွဲကြကာ ထွန်းညှိကြပြန်တယ်။ ဒါကြောင့်လဲ မီးထွန်းထားတာတွေကို မိသားစုလိုက် လိုက်ကြည့်ကြတယ်။ လှပတဲ့ မီးရောင်အောက်မှာ အလွန်တရာ သပ္ပါယ်လှတဲ့ ဘုရား စေတီတွေကိုလဲ မိသားစုလိုက် လိုက်လံ ဖူးကြတယ်။ အဲဒီလို ဘုရားဖူးရ၊ လှည့်ပတ် ကြည့်ရှုရတာတွေကိုက စိတ်ကို ရွှင်လန်း အေးမြ အပျော်တွေ ရစေတာပါ။

တကယ်တော့ မီးထွန်းတာဟာ အလှအပ သက်သက်အတွက် ထွန်းတာ မဟုတ်ပါဘူး။ မီးထွန်းပွဲမှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ပါဝင်ပါတယ်။

မယ်တော် ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ နတ်သား အမှုးရှိတဲ့ နတ် ဗြဟ္မာ အပေါင်းကို ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားရာက ပြန်ကြွလာတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကို လူတွေက ဆီးမီးတွေ၊ အမွေးတိုင်တွေ ထွန်းညှိ ပူဇော်ပြီး ကြိုဆိုခဲ့ကြတယ်တဲ့။ အဲဒါကို အတုယူ အစဉ်လိုက်ပြီး အထိမ်းအမှတ် အနေနဲ့ မီးတွေကို လှလှ ပပ ပြင်ဆင်ကြပြီး ဘုရားရှင်ကို ရည်မှန်း ပူဇော်ကြရာက မီးထွန်းပွဲတော် ဆိုတာ ဖြစ်လာခဲ့ဟန် တူပါတယ်။

နောက်တစ်ခုကတော့ ဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရား ဟောကြားတော်မူပြီး ကျေးဇူးဆပ်တယ် ဆိုတဲ့ အစဉ်အလာပါ။ ပဋိသန္ဓေတည်နေပြီလို့ သိသည့် အချိန်မှသည် လူတစ်လုံး သူတစ်လုံး ဖြစ်လာသည်အထိ စောက်ရှောက် ကျွေးမွေးလာတဲ့ မိဘတွေဟာ သားသမီးတွေ အတွက် တုနှိုင်းမမီတဲ့ အနန္တကျေးဇူးရှင်တွေပါ။ အဲဒီ ကျေးဇူးတွေကို သားသမီးတွေ အနေနှင့် မိဘတွေ လိုအပ်တဲ့ အချိန်မှာ ပြန်လည် ပေးဆပ်ဖို့ လိုတယ်လေ။ မဆပ်နိုင်သည့်တိုင်အောင် သိနေဖို့၊ အစဉ်သတိယနေဖို့တော့ လိုအပ်တယ် မဟုတ်လား။ ဒါကြောင့် ဒီပွဲတော်ဟာ မိဘတွေရဲ့ ကျေးဇူးတရားတွေကို သိရှိ အောက်မေ့စေတဲ့ပွဲ၊ ကျေးဇူးဆပ်တဲ့ပွဲ ဆိုလည်း မမှားဘူးပေါ့။

ဒါကြောင့်မို့ သီတင်းကျွတ် ကာလမှာ ဖေဖေ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦး ဒေါ်ဒေါ် စတဲ့ မိဘ ဆွေမျိုးတွေကို တင့်တယ် လှပတဲ့ လက်ဆောင် ပစ္စည်းတွေနဲ့ လှည့်လည် ကန်တော့ကြတဲ့ ဓလေ့လေး ရှိတာ ထင်ပါရဲ့။ အဝေးရောက်နေရင်လဲ လက်ဆောင်တစ်ခုခု ပေးပို့ပြီး ကန်တော့တတ်ကြတယ်။ ဒီအစဉ်အလာက ပွဲတော်မို့ လက်ဆောင်ပေးတာ သက်သက်ထက် အဓိပ္ပါယ် ပိုပါတယ်။ အတူ ယှဉ်တွဲ ဆက်ဆံ ပေါင်းသင်းနေကြတဲ့ လူတွေဆိုတော့ လောဘ၊ ဒေါသ၊ မောဟရဲ့ အထူ အပါးအလျှောက် ပြောမှား ဆိုမှားတာတွေ၊ စိတ်နှင့် ပြစ်မှားမိတာတွေက အနည်းနှင့် အများတော့ ရှိတတ်ကြပါတယ်။ ဒါမှ မဟုတ်ရင်လဲ သံသယဖြစ်တတ်ကြပါတယ်။ အဲဒီလို နည်းနှင့် ကိုယ့်ထက် အသက် ဂုဏ်ဝါ ကြီးတဲ့ သူတွေကို ပြစ်မှားမိရင် ခွင့်လွှတ် ကျေအေးဖို့ တောင်းပန် ကန့်တော့ကြတာပါ။ 

လူငယ်ကသာ မဟုတ်ပါဘူး။ လူကြီးတွေဟာလဲ အလားတူ ပြစ်မှား မိတတ်ကြတာပါပဲ။ ဒါကြာင့်မို့ ကန်တော့ခံကြတဲ့  လူကြီးတွေကိုယ်တိုင်ကလဲ သူတို့တွေ အကယ်လို့ ပြောမှား ဆိုမှား ပြုမိမှား ရှိခဲ့ကြရင်လဲ ခွင့်လွှတ်ကြပါလို့ လူငယ်တွေကို  ပြန်ပြီး တောင်းပန်ကြလေ့ ရှိကြတာပါ။ 

စိတ်ထား နူးညံ့ သိမ်မွေ့တဲ့၊ ရိုးရာ အစဉ်အလာလဲ ကောင်းခဲ့၊ ထိမ်းလဲ ထိမ်းသိမ်းတဲ့ အိမ်တွေမှာဆို မိဘတွေကို မိသားစုဝင်တွေအားလုံး စုံစုံ ညီညီ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုး ကန်တော့တဲ့ ဓလေ့ ရှိတတ်ကြတယ်။ တစ်ချို့ဆို အစ်ကိုကြီး အမကြီးတွေကိုတောင် အစဉ်လိုက် ကန့်တော့တတ်ကြသေးတယ်။ သြော် တကယ်လဲ ကြည်နူးရတဲ့ ကာလနှင့် ဓလေ့လေးပါပဲနော်။ 

လူသားတွေသာ မကပါဘူး။ သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတော်ကြီးတွေလဲ “ပဝါရဏာ ကံ” ပြုကြပါတယ်။  

ပဝါရဏာ ဆိုတာက “ဖိတ်မံတက ပြုခြင်း (invitation) လို့ အဓိပ္ပါယ် ရပါတယ်။ ဝါကျွတ်တဲ့ အဆုံးမှာ လုပ်တဲ့ ပွဲတစ်ပွဲလို့ ဆိုလို့ ရကောင်းပါတယ်။ ပွဲဆိုလို့ တီးတာ၊ မှုတ်တာ၊ ကတာ၊ ခုန်တာမျိုးတွေ လုပ်တဲ့ ဒါမှမဟုတ် အဲဒါမျိုးတွေ ရောယှက်ထားတဲ့ ပွဲတော့ မဟုတ်ပါဘူး။ နယ်ပယ် အလိုက် ဆိုင်ရာ ဆိုင်ရာ သံဃာတော်များ အားလုံး စုစည်းပြီး ဖိတ်မံသမှု ပြုရတဲ့ ပွဲပါ။  

ရဟန်းဖြစ်စေဦးတော့၊ လူဆိုတာ တစ်ယောက်တည်း နေတဲ့အမျိုး မဟုတ်ပါဘူး။ အများနှင့် နေပြန်တော့လဲ ပြဿနာဆိုတာ အနည်းနှင့် အများတော့ ဖြစ်တတ်တယ်လေ။ သိတယ် မဟုတ်လား။ လူဆိုတဲ့ အမျိုးက တစ်ယောက်ထဲ နေတာတောင် သူ့စိတ်နှင့်သူ ရှေ့စိတ်နှင့် နောက်စိတ် တည့်ချင်မှ တည့်တတ်တာမျိုးပါ။ အများနှင့် ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။  

ဒီတော့ ညီညွတ်အောင် စကားမပြောပဲ နေမယ်ဆိုတော့လဲ မဖြစ်ပါဘူး။ လူ့သဘာဝနှင့်လဲ ဆန့်ကျင်ပါတယ်။ ဒါကြောင့်လဲ ညီညီ ညွတ်ညွတ် နေစေဦးတော့၊ စကားမပြောပဲ ညီညွတ်အောင် နေတာမျိုး၊ လိုအပ်တာလောက်ပဲ လက်ဟန် ခြေဟန်နှင့် စကားပြောတာမျိးက အကောင်းဆုံး နေခြင်းမျိုး မဟုတ်ပါဘူး။ ဘုရားရှင်ကလဲ မကြိုက်ပါဘူး။ ကဲ့ရဲ့တော်မူပါတယ်။ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား နေတာတောင် စကား မပြောပဲ နေကြလို့ “နွား၊ ဆိတ်၊ ရန်သူတို့ရဲ့ နေခြင်းမျိုးနှင့် နေကြတယ်” လို့ ခိုင်းနှိုင်းပြီး ကဲ့ရဲ့တော်မူခဲ့တာပါ။   

ပြောစရာ ရှိတာ ပြော၊ လုပ်စရာ ရှိတာ၊ လုပ်သင့်တာ လုပ်ရမှာပါ။ ဒီလို ပြောဆို လုပ်ကိုင်ပြန်တော့ အမှားအယွင်းတွေက ကြုံကြရ၊ ကြားကြရ ပြန်ပါတယ်။ ဒါမှမဟုတ် သံသယ ဖြစ်လာကြရပါတယ်။ ရလဒ်ကတော့ အနည်းနှင့် အများ စိတ်ဝမ်းကွဲကြရတယ်။ မမေးနိုင် မခေါ်နိုင်တွေ ဖြစ်ကြရတယ်။ ရန်သူတွေ ဖြစ်ကုန်ကြတယ်။ ဒီတော့ အတူနေသူ အားလုံး အပြန်အလှန် နားလည်ဖို့၊ အပြစ်ရှိရင် တောင်းပန်ဖို့နှင့် တောင်းပန်ခံရတဲ့ သူတွေကလဲ ကျေအေး ခွင့်လွှတ်ဖို့ လိုပါတယ်။ အဲဒီတော့ အချင်းချင်း ပွင့်ပွင့် လင်းလင်း ဖိတ်ကြားထားဖို့ လိုတာပေါ့။  

ရဟန်းတော်တို့ရဲ့ ဝိနည်းမှာတော့ ဖိတ်ကြားမှုကို (၁) အချင်းချင်း လိုက်လျောစေ (ညီညွတ်စေ)ရန်၊ (၂) အာပတ်မှ ထမြောက်စေရန်၊ (၃) ဝိနည်းကို ရှေးရှုစေရန်ဆိုတဲ့ ရည်ရွယ်ချက် သုံးမျိုးနှင့် လုပ်တာပါ။

ဖိတ်ကြားပုံကတော့ ပါဠိလို “သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ” လို့ သုံးကြိမ် လျှောက်ကြား ဖိတ်မံရတာ ဖြစ်ပါတယ်။ “အရှင်ဘုရား (တို့)၊ သံဃာတော်ကို တပည့်တော် ဖိတ်ကြားပါတယ်။ မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်းများ ရှိခဲ့ပါလျှင် တပည့်တော်ကို သနားသဖြင့် ပြောဆိုကြပါ။ အပြစ်ကို မြင်လျှင် ကုစားပါမယ်ဘုရား” လို့ အဓိပ္ပါယ် ရပါတယ်။

ဒါကို အတုယူပြီး မိဘ ဘိုးဘွား စတဲ့သူတွေကို ရှိခိုးပြီး တောင်းပန်ကြတဲ့ ဓလေ့ ဖြစ်လာလေသလားလို့ စဉ်းစားမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ဒီဓလေ့လေးက အရမ်းကို ကောင်းတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လဲ လူမှုအသိုင်းအဝန်းမှာ ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့စေချင်ပါတယ်။  

ဘယ်အသိုင်းအဝန်းမှာပဲ ဖြစ်ဖြစ်၊ ဘုံရည်မှန်းချက် ရှိမယ်။ အဲဒီ ရည်မှန်းချက် ပန်းတိုင်ကို တစ်စိတ်တည်း တစ်ဝမ်းတည်း အတူ လက်တွဲ လုပ်ဆောင်ကာ နေကြမယ်။ ချီတက်ကြမယ်။ ဘယ်သူမှ လောဘ၊ ဒေါသ၊ မောဟကို အခြေမခံကြစတမ်းပေါ့။ အရပ်ပြောပြောတော့ အားလုံး မညစ်ပတ်ကြစတမ်း။ လုံးဝ ရိုးသား ဖြူစင်မှုကို အခြေခံရမယ်ပေါ့။  

ဒါထဲကမှ အမှားလုပ်မိတာကို မြင်လို့ပဲ ဖြစ်ဖြစ်၊ ကြားလို့ပဲ ဖြစ်ဖြစ်၊ သံသယရှိရင်ပဲ ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းပေါ့။ ပွင့်ပွင့်လင်းလင်း ပြော ဆိုပေမဲ့ အကျိုးလိုလားစိတ်နှင့် ပြောဆိုရမှာပါ။ အဲဒီလို ပြောလာရင် လက်ခံပြီး ပြင်ပါ့မယ်လို့ ဖိတ်ကြားရမှာပါ။ အားလုံး ဒီလို စိတ်နှင့်ချည်း နေကြရင် ညီညွတ်မယ်။ ညီညွတ်ရင် ချမ်းသာမယ်။ ချမ်းသာရင် အလုပ်ကို အာရုံစိုက်ပြီး လုပ်နိုင်မယ်။ အဲဒီလို လုပ်နိုင်ရင် ရည်မှန်းချက် ပန်းတိုင်ကို ချမ်းချမ်းသာသာ ချောချော မွေ့မွေ့နှင့် ရောက်မယ်ဆိုတာကြီးက အသေအချာကြီးပါ။  

မိသားစု တစ်ခုထဲမှာတောင် တစ်ယောက်နှင့် တစ်ယောက် အထင် လွဲတတ်ကြတယ်။ မိဘတွေက အစိုးရိမ် လွန်ပြီး ဒေါသတွေ ပေါက်ကွဲ၊ လိုအပ်တာထက် ပိုပြီး ပြောဆိုမိ ဆုံးမမိတတ်တယ်။ သားသမီးတွေက မိဘ စကားကို နားမထောင်၊ မလိုက်နာတာမျိုး၊ မကြားချင် မမြင်ချင်ယောင်ဆောင်တာမျိုး စတဲ့ တစ်ခုခုနှင့် ပြစ်မှားမိတတ်တယ်။ အပြန်အလှန် အထင်လွဲတာ၊ စိတ်ကောက်တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြစ်မှား ပြောဆိုမိတာတွေ ရှိတတ်ကြပါတယ်။ ဒါကလဲ လူ့သဘာဝပါပဲ။ ဒါတွေကို ဖုံးကွယ် မထားပဲ ပြောဆိုဖို့ ရင်ထဲက တကယ့် စေတနာနှင့် ဖိတ်တယ် ဆိုတာ အင်မတန်မှ လေးနက် သိမ့်မွေ့ပြီး ချစ် မြတ်နိုးဖွယ်ရာပါ။  

မိဘနှင့် သားသမီးသာမက၊ ဆရာနှင့် တပည့်၊ ခင်ပွန်းနှင့် ဇနီးသည်၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းနှင့် အိမ်နီးနားခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဆရာနှင့် ဒကာ၊ ပြည်သူနှင့် အစိုးရ စတဲ့စတဲ့ အချင်းချင်း ဆက်စပ် ပတ်သက်နေတဲ့ အသိုက်အဝန်းအားလုံးဟာ အတူတူပါပဲ။ တကယ် မှားတာတွေ ရှိမယ်။ အမှားလုပ်တယ်လို့ မြင်တာ၊ ကြားတာ၊ သံသယဖြစ်တာတွေ ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ စေတနာဆိုးနှင့် မှားတာ မဟုတ်ရင် အပြုပြင် ခံနိုင်၊ ဝေဖန် ထောက်ပြ အကြံဥာဏ် ပေးတာကို ခံနိုင်ရမှာပေါ့။ အပြန် အလှန် တောင်းပန်၊ ကျေနပ် ခွင့်လွှတ် လက်ခံနိုင်ရင် အကောင်းဆုံးပါ။   

ဒီလိုသာဆိုရင် တကယ့် စိတ်ချမ်းမြေ့စရာ အကောင်းဆုံး၊ ပျော်စရာ အကောင်းဆုံး အသိုက်အဝန်း ဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် အချင်းချင်း အပြစ်ကို ဖိတ်မံ၊ လက်ခံ၊ ကျေအေးကြတဲ့ ဓလေ့လေး လူမှု အသိုင်းအဝန်းမှာ ဆထက်ကဲပို ထွန်းကားလာစေချင်တယ်။ ထွန်းကားလာပါစေလို့လည်း အလေးအနက် ဆန္ဒပြုလိုက်ရပါတယ်။ 

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ 

ဘုန်းဥာဏ် 
Mumbai, India 
19/10/2010

Oct 7, 2011

အိပ်မက် ကမ္ဘာထဲက မင်းကြီး သုဒ္ဓေါ


လာရောက် အားပေး ဖတ်ရှုကြသည့် လူများ များလာခါမှ ပို့စ် အသစ် ပုံမှန် မတင်နိုင် ဖြစ်နေသည်။ အချို့ မိတ်ဆွေများလည်း Archive မှ ပို့စ် အဟောင်းများကို မွှေနောက် ဖတ်ရှုပြီးနေလောက်ပါပြီ။ သည့်အတွက် အမှန်တကယ် စိတ်မကောင်း ဖြစ်မိပါသည်။ သို့သော် ဖတ်ရ မှတ်ရများလှသည့် မိမိ၏ ပင်မ အလုပ်က ရှိနေသည့် အပြင် အရေးကြီးသည့် အချိန်သို့ပါ ရောက်နေသဖြင့် ပထမဆုံး ဘလောဂ်ဖက် သိပ် မလှည့်နိုင် ဖြစ်သွားခဲ့သည်။ နောက်တော့ အင်တာနက်နှင့်ပါ ခပ်စိမ်းစိမ်း နေရသည့် အခြေသို့ ဆိုက်လာသည်။ ဒီတော့ အသစ်ရေးတင်ဖို့ ပိုလို့ပင် ခက်ခဲပြန်သည်။ 

တကယ်ဆို စာဖတ်သူများနှင့် မျှဝေကြည့်ချင်သည့် အကြောင်းအရာများ အတော်များများ ရှိပါသေးသည်။ အချို့မှာ စိတ်ဝင်စားဖွယ် အကြောင်းအရာများ ဖြစ်မည်ဟု ယုံကြည်ပါသည်။ သို့သော် မရေးဖြစ်သေး။

အင်တာနက်နှင့် တစိမ်းပြင်ပြင် ဖြစ်နေပေမဲ့ အတတ်နိုင်ဆုံး ရေးတင်ဖြစ်အောင် လုပ်ဦးမည်ဟု တွေးမိသည်။ (ကတိပေးခြင်းတော့ မဟုတ်ပါ။) 

နက်နှင့် ခဏတာ ပြန်ဆုံခိုက် ဘာအကြောင်း ရေးရမည်လဲဟု တွေးမိစဉ် ဆက်မရေး ဖြစ်သော “ဘုရားဖူး ခရီးစဉ်”အကြောင်း ပထမဆုံး သတိယမိသည်။ ဆက်ရေးမည်ဆိုလျှင် တောထွက် ဒုက္ခရစရိယာ ကျင့်သည့် နေရာ စသည်တို့ကို ရေးသင့်သည်။ သို့သော် အရန်သင့် မဖြစ်လှ။ ပြတ်နေတာ ကြာခဲ့ပါပြီ။ သို့ဖြင့် ယင်း ခရီးစဉ် အဆက်အတွက် ပြန်နွှေသည့် သဘောမျိုး စာ ခပ်တိုတို တစ်ပုဒ်ကို ရေးဖွဲ့ကာ တင်လိုက်ရပါသည်။

အိပ်မက် ကမ္ဘာထဲက မင်းကြီး သုဒ္ဓေါ
မွေးကင်းစ သိဒ္ဓတ္ထ မင်းသားလေး၏ ခန္ဓာကိုယ်ပေါ်တွင် သုံးဆဲ့နှစ်ပါးသော လက္ခဏာတော်များ ပါလာသည်။ ခြေဖဝါးတော်လေးတွင်လည်း စကြာဘီးပုံပါ ပါလာသည်။ ထို့ကြောင့် မွေးပြီ မကြာမီ ပြုလုပ်သည့် အခမ်းအနားတွင် သားတော်လေးသည် “စကြာဝတေးမင်း” သို့မဟုတ် “ဘုရား” ဖြစ်မည်ဟု ပုရောဟိတ်တို့က  ဟောကိန်းထုတ်ခဲ့ကြသည်။ 

ခမည်းတော် သုဒ္ဓေါဓန မင်းကြီးသည် ဘုရားဆိုသည်ကို အသံသာ ကြားဖူးသည်။ “လောကတွင် သုံးလောက ထွဋ်ထား မြတ်ဘုရား ပွင့်ထွန်းပေါ်ပေါက်မည်တဲ့” ဟူသော ကောလာဟလ စကားကိုသာ သူ ကြားဖူးသည်။ မြင်းဖူးခြင်း မရှိ။ သို့အတွက် ရေရေ ရာရာ နားလည်လှသည် မဟုတ်။ ဘုရားရှင်တို့၏ ဘုန်းကံ အတိုင်းအတာကို သူ မသိ။ ဉာဏ်တော် အနန္တသဘောကို သူ မရိပ်စားမိ။ တန်ခိုးတော် အနန္တဆိုသည်ကို သူ နားမလည်။ သို့ဖြင့် ဘုရားဆိုသော စကား၏ အဓိပ္ပါယ်ကို ပညာရှိ အမတ်ကြီးတို့ကို တင်လျှောက်စေ၏။ ဤအချက်တွင်တော့ သူတို့လည်း ထူးမခြားနားပါပေ။ နားလည်ရန်မှာလည်း မဖြစ်နိုင်။ နှစ်ပေါင်း အသင်္ချေ ကြာညောင်းမှ တစ်ခါ တစ်ရံသာ ပွင့်ပေါ်တော်မူတတ်သည့် ဘုရားမြတ်စွာ၏ ဂုဏ်ကို မည်သူက  နားလည် နိုင်မည်နည်း။ မင်းကြီးတို့ နားလည်သည်မှာ ဘုရင်ဘဝ၊ ဘုရင့်စည်းစိမ်၊ ဘုရင့် အသရေတော်သာ ဖြစ်သည်။ ထို့ကြောင့် သူက သားတော်လေးကို စကြာဝတေးမင်းသာ ဖြစ်စေချင်သည်။ 

မင်း ဖြစ်စေချင်သည့် အခြားသော အရေးကြီး အကြောင်း တစ်ရပ်ကလည်း ရှိနေပြန်သေးသည်။ ထိုအရေးကား မိမိအရေးမျှ မဟုတ်။ တစ်တိုင်းပြည်လုံး၏ အရေးလည်း ဖြစ်သည်။ တိုင်းသူ ပြည်သား အားလုံး၏ ကံကြမာလည်း မည်သည်။ အမဲစက် မထင်စေချင်သည့် ကပိလဝတ်၏ သမိုင်းလည်း ဟုတ်သည်။ တစ်ထွာမျှလောက်သော အမြင်၊ တစ်မိုက်မျှလောက်သာ နက်သည့် အကြံတို့ဖြင့် အဟုတ်ကြီး ထင်ကာ “ထိုထို ဤဤ” စိတ်ကူး ယဉ်နေခြင်း မဟုတ်။ နိုင်ငံ အရေး၊ သားတော် အရေးကို လေးလေးကြီး တွေး၊ နက်နက်ကြီး မျှော်ခေါ်စဉ်းစားကာ စကြာဝတေးမင်း ဖြစ်စေချင်နေခြင်း ဖြစ်သည်။

ကောသလနှင့် မာဂဓ နိုင်ငံတို့သည် မိမိတို့ ကပိလဝတ်နေပြည်တော်၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည်။ ဤတိုင်းပြည် နှစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်မှု ရှေ့တန်းရောက်နေပြီး စည်းပွားရေး  တောင့်တင်း ပြည့်စုံနေသည်။ တိုင်းပြည် အင်အား ရှိသဖြင့် သူတို့ စစ်တပ်များမှာလည်း အင်အား တောင့်တင်းသည်။ အင်အား တောင့်တင်းသည်နှင့် အမျှ နယ်ပယ်ချဲ့ထွင်မှုလည်း ပြုလုပ်နေကြသည်။ 

ဤအချိန်တွင် တိုင်းပြည် အင်အား ရှိဖို့ လိုသည်။ အင်အား တကယ် ရှိအောင် လုပ်နိုင်သူမှာ တိုင်းပြည်၏ ပကတိ အခြေအနေမှန်ကို သိမြင်၊ အနာဂတ်ကို ထွင်းဖောက် မြင်နိုင်ပြီး မှန်ကန်သည့် ဦးဆောင်မှု ပေးနိုင်သည့် ခေါင်းဆောင်ကောင်းသာ ဖြစ်သည်။ ယင်းခေါင်းဆောင်ကောင်း နောက်တွင် ညီညာ တက်ကြွစွာ လိုက်ပါ လုပ်ဆောင်ပါက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာကာ အင်အား တောင့်တင်းလာမည်။ ယင်းသို့ ဆိုလျှင် အနီးအနားက နယ်ချဲ့ သြဇာချဲ့လိုသည့် နိုင်ငံများကို မှုစရာ မလိုတော့။ သို့မဟုတ်က အိမ်နီးချင်း အင်အားကြီး နိုင်ငံက ချော့တောင်း ခြောက်တောင်းသဖြင့်လည်း တိုင်းပြည် လုံးပါးပါးသွားနိုင်သည်။ အခြေအနေ ပေးချိန်တွင် တက်သိမ်းလာလျှင်လည်း တစ်ခါတည်း ကိစ္စချောနိုင်သည်။ သို့အတွက် မိမိနေရာ ဆက်ခံနိုင်မည့် ခေါင်းဆောင်ကောင်း လိုအပ်နေသည်။ 

ယင်းအတွက် အမွေဆက်ခံနိုင်မည့် သားတော် တစ်ပါး ဖွားမြင်ဖို့ စောင့်မျှော်နေခဲ့ရသည်။ ယခုတော့ သားတော် မင်းသားလေး မွေးဖွားခဲ့ပြီ။ လိုချင်နေသည့် ခေါင်းဆောင် ဖြစ်လာမည်ဟု မျှော်တွေး နေသည်။ ဤသို့သော အချိန်တွင် မျှော်လင့်နေသော ခေါင်းဆောင်မျိုး ဖြစ်လာမည်သာမက တစ်လောကလုံးကိုပင် တရားသဖြင့် အုပ်ချုပ် မင်းလုပ်နိုင်သည့် စကြာဝတေးမင်း ဖြစ်လာမည်ဟု ကြားသိရသဖြင့် ခမည်းတော် ဘုရင်ကြီးမှာ ဝမ်းသာတော်မူလှသည်။

မင်းသားလေး ပညာသင်ယူသည့် အရွယ် ရောက်လာသော အခါ အံ့မခန်း အရည်အသွေးများကို ရှုစားရပြန်သည်။ မင်းသားတို့ တတ်အပ်သည့် ဓားရေး လှံရေး၊ လေးမြား စသည့် အတတ်ပညာ အရပ်ရပ်တွင် ထူးချွန်လှသည်။ သူမတူသည့် အမြင် စူးရှမှု၊ ဖောက်ထွင်းသိမြင်နိုင်သည့် ဉာဏ်ရည် ရှိသည်။ ဥပဓိရုပ် ခန့်ငြား ချောမောသလောက် အရည်အချင်းမှာ တောက်ပြောင်လှသည်။ ဤလို သားတော်မျိုးကို ရသဖြင့် ဝမ်းမြောက်ကြည်နူး၍ မဆုံးနိုင်တော့။ တစ်တိုင်းပြည်လုံးလည်း အားတက်သရော ဖြစ်နေကြသည်။

 အရည်အသွေး တောက်ပြောင်သလောက် အခြားတစ်ဖက်တွင်မူ အစွန်းတစ်ခုက ရှိနေပြန်သည်။ ယင်းကား ဘဝကို ငြီးငွေ့ကာ တောထွက်သွားမည် ဆိုသည့် အချက်။ “သားတော်လေး ဘုရားဖြစ်လို့ မဖြစ်ဘူး။ စကြာဝတေးမင်း ဖြစ်ကို ဖြစ်ရပေမည်”ဟု မျှော်လင့်ချက်နှင့် စိုးရိမ်မကင်းမှုတို့ ရောထွေးယှက်တင်နေသည့် အတွေးမျိုး ဘုရင်ကြီး မကြာခဏ တွေးနေခဲ့သည်။ 

တွေးပါများသဖြင့် နည်းလမ်းများကိုလည်း ကြံဆမိလာသည်။ သားတော်ထံ စကြာရတနာ ဆိုက်မည့် အချိန်ထိ အချိန်ဆွဲရမည်။ ထက်မြက်သည့် သားတော်ကို အခြားနည်းဖြင့် အချိန်မဆွဲနိုင်။ ချမ်းသာ သုခ တောအုပ်တွင်းသို့ မသိမသာ ခေါ်ဆောင်ပြီး သူ့အလိုလို ရစ်မူးစေကာ အချိန်ဆွဲရပေမည်။ ထိုခေတ်၏ ဓလေ့ထုံးစံ ဖြစ်သည့် လက်ထပ်နိုင်သည့် အရွယ်တော် ရောက်လျှင် ရောက်ခြင်း တည်ကြည် ချောမော ပြေပြစ်လှသည့် ယသောဓရာ မင်းသမီးလေးနှင့် လက်ဆက်ပေးလိုက်သည်။ ယင်းနောက် နန်းစည်းစိမ်ကို လွှဲအပ်သည်။

သို့သော် သည်မျှနှင့် မပြီးသေး။ သားတော်လေးကို မည်သို့သော ဆင်းရဲခြင်းမျိုးမျှ ထိတွေ့ ခံစားရခြင်း မဖြစ်ပေါ်အောင် စီမံပေးရမည်။ သားတော် ပျော်ရွှင် ချမ်းမြေ့စွာ စံပယ်ဖို့ ဥတု သုံးလီနှင့် လိုက်ဖက်မည့် စံနန်းဆောင် သုံးဆောင်ကို ဆောက်လုပ်စေသည်။ ချောမော လှပ ယဉ်နု ကြွရွသည့် ရုပ်ရည်ပိုင်ဆိုင်သည့် အပြင် အရွယ်ပါ ပြည့်စုံသည့် မောင်းမ မိဿံတို့ကို ခစား လုပ်ကျွေးစေရန် စီမံထားသည်။ 

ထို့ပြင် ဘဝကို ငြီးငွေ့စေနိုင်၊ သံဝေဂ ရစေနိုင်သည့် မည်သည့် အရာ၊ မည်သို့သော သူကိုမျှ မမြင်ရ မကြားရစေရန် စီမံပြန်သည်။ ထို့အတွက် နန်းတော် အနီးအပါးတွင် လူအို၊ လူနာ၊ လူသေများ မကပ်ရောက်နိုင်ရေး အလေးပေး ဆောင်ရွက်သည်။  ကပိလဝတ်ပြည့်ရှင်သည် သားတော် တောမထွက်ရေး အလေးပေး ဆောင်ရွက်ရင်း သူ့ မူလ စိတ်ထားနှင့် ဆန့်ကျင်ဘက် အဓမ္မပြောင်းရွှေ့မှုများကိုပင် ပြုမိလာသည်။ သို့သော် မတတ်နိုင်ခဲ့ပြီ။ သူအို သူနာ သူသေတွေကို မြင်ရသဖြင့် ဘဝ၏ မသာယာဖွယ်၊ မကျေနပ်ဖွယ် သဘော၊ မပြည့်စုံ၊ အစိုးမရသည့် အဖြစ်တို့ကို စဉ်းစားတွေးတောမိကာ “ မင်းသားလေး တောထွက်သွားသော်” ခက်ရချေတော့မည်။

ဘဝစည်းစိမ်ကြောတွင် မျောနေ မြုပ်နေစေရန် စီမံလွန်းလှသဖြင့် မင်းသားလေးမှာ စည်းစိမ်ကြားတွင် ပိတ်မိနေသည်။ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက် စူးရှလှသော်လည်း လောက၏ တကယ့် သဘောသဘဝများနှင့် ကင်းကွာလာသည်။ သို့သော် အိပ်မက် ကမ္ဘာထဲ မျော်ပါနေသည့် ခမည်းတော် ဘုရင်ကြီးမှာ မှတစ်ပါး ရွေးချယ်စရာ မရှိရကား မတတ်နိုင်တော့ပြီ။ မင်းကြီး သုဒ္ဓေါကား ”အားထားရမည့် သားတော် မင်းသားလေး အတွက် ရတနာမျိုးစုံ ချယ်သထားပြီး တစ်လောကလုံးကို စိုးမိုးနိုင်ခြင်းဖြင့် အနားသတ်ထားသည့် “စကြာမင်း အနာဂတ်”ကား မဝေးလှတော့ပြီ”ဟူသော သူ၏ အိပ်မက် ကမ္ဘာတွင် အိပ်မောကြကောင်းနေဆဲ ဖြစ်တော့သည် ။

ဘုန်းဉာဏ်

Sep 18, 2011

အသေးအမွှား ကိစ္စလေးတွေက ဖော်ပြနေတဲ့ ကြီးမြတ်မှုများ (၁)

အကြောင်းကြောင်းကြောင့် ခုတလော စာမရေး ဖြစ်တာ ကြာပါပြီ။ ရေးပြန်တော့လဲ ခပ်ကျဲကျဲပင်။ စာလာဖတ်သူတွေကို အမှန်တကယ် အားနာမိပါသည်။ စာပြန်မရေးနိုင်မီ ဟိုတုန်းက ဖတ်မှတ်ခဲ့တာ အချို့ကို A Blogger's Note အတွက် တင်ဦးမည်ဟု စိတ်ကူးပေါက်ပြီး သိမ်းထားသည်များကို လိုက်ရှာပြန်တော့ တစ်ပုဒ်သာ အလွယ်တွေ့သည်။

ရေအလှူခံကြွလာသည့် အရှင် အာနန္ဒာနှင့် ဇာတ်နိမ့် အနှိမ်ခံ မိန်းကလေး အကြောင်းပါ။ ဒီမှတ်တမ်းက ထေရဝါဒ ပိဋကတ်မှ ဟုတ်မည် မထင်ပါ။ သို့သော် ယခု ဖတ်ရသည့် စာအုပ်တွင်လည်း ကျမ်းညွှန်း ဖော်ပြမထားသဖြင့် မူရင်းကျမ်းကို မိမိ မသိပါ။ သို့သော် အရှင်မြတ် အာနန္ဒာ၏ အသေးအမွှား သို့မဟုတ် အမှတ်မထင် စကားလေးက ဇာတ်နိမ့် မိန်းကလေး တစ်ယောက်အတွက် ကြီးမားသည့် စိတ်နှစ်သက်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ တွေ့ရတဲ့ စာအုပ်က လွန်ခဲ့တဲ့ ရှေးဟောင်းစာအုပ် တစ်အုပ်ကို ပြန်ရိုက်နှိပ်ထားတာပါ။ ဒီတော့ စာတွေက ရှေးသုံးတွေ ပါနေတော့ နည်းနည်းတော့ ဖတ်ရတာ တမျိုး ဖြစ်နေမလားပဲ။ ဒါပေမဲ့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

THE WOMAN AT THE WELL
Ananda, the favourite disciple of the Buddha, having been sent by the Lord on a mission, passed by a well near a village, and seeing Pakati, a girl of the Matanga caste, he asked her for water to drink.

Pakati said: “O Bhrhman, I am too huble and sean to give thee water to drink, do not ask any service of me lest thy holiness be contaminated, for I am of low caste.”
And Ananda replied: “I ask not for caste but for water;” and Matanga girl’s heart leaped joyfully and she gave Ananda to drink.

Ananda thanked her and went away; but she followed him at a distance. 

Having heard that Andnda was a disciple of Gotama Sakyamuni, the girl repaired to the Blessed One and cried: “O Lord help me, and let me live in the place where Ananda thy disciple dwells, so that I may see him and minister unto him, for I love Ananda.”

And the Blessed One understood the emotions of her heart and he said: “Pakati, thy heart is full of love, but thou understandest not thine own sentiments. It is not Ananda that thou lovest, but his kindness. Accept, then, the kindness thou hast seen him practice unto thee, and in the humility of thy station practice it unto others.

“Verily there is great merit in the generosity of a king when he is kind to a slave; but there is a greater merit in the slave when he ignores the wrongs which he suffers and cherishes kindness and good-will to all mankind. He will cease to hate his oppressors, and good-will to all mankind. He will cease to hate his oppressors, and even when powerless to resist their usurpation will with compassion pity their arrogance and supercilious demeanour.

‘Blessed art thou, Pakati, for though art a Matanga thou wilt be a model for noblemen and noblewomen. Thou art of low caste, but Brahmans may learn a lesson from thee. Swerve not from the parth of justice and righteousness and thou wilt outshine the royal glory of queens o the throne.” 

Paul Carus,The Gospel of Buddha, Buddha Bhoomi Prakashan, Nagpur, 1997, pp.141-2.

Aug 22, 2011

လူ့ဘဝကို စောကြောကြည့်သည့် ဂန္ထဝင် မေးခွန်းများ (အဆက်)



လူ၏ အစကို အခြားသော ဘာသာ အယူဝါဒကြီးများက အနန္တ တန်ခိုးတော်ရှင်က ဖန်ဆင်ခဲ့သည်ဟု ယူဆကြကြောင်း ရှေ့စာ (လူ့ဘဝကို စောကြောကြည့်သည့် ဂန္ထဝင် မေးခွန်းများ)တွင် တင်ပြခဲ့ပါသည်။

ဗုဒ္ဓလက်ထက်တော် အခါက ရှိခဲ့သည် မတူကွဲပြားသည့် အမြင် သုံးမျိုး အနက် တစ်မျိုးသည် ဖန်ဆင်းရှင် အယူအဆနှင့် သက်ဆိုင်ပါသည်။ ယင်းအယူဝါဒက  “ဤ သတ္တဝါသည် အလုံးစုံသသော ချမ်းသာသုခကိုလည်းကောင်း၊ ဆင်းရဲ ဒုက္ခကိုလည်းကောင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်းမဟုတ်သော ဥပေက္ခာကိုလည်းကောင်း ခံစား၏။ ထိုခံစားမှုအားလုံးသည် လောကကို အစိုးရသူ (တန်ခိုးတော်ရှင်)၏ ဖန်ဆင်းမှုကြောင့်သာ ဖြစ်သည်” ဟု ဆိုသည်။ ဤအယူအဆမှာ ကံကြမ္မာဝါဒ အမြင်သာ ဖြစ်သည်။ ဤအမြင်အတိုင်းဆိုလျှင် လူဆိုသည်မှာ အနန္တတန်းခိုးတော်ရှင် ဖန်ဆင်းရှင်၏ အလိုတော်အတိုင်း၊ ဖန်ဆင်းမှုအတိုင်းသာ ဖြစ်ရချေမည်။ သူ့အလို သူ့ဖန်ဆင်းမှု အတိုင်းသာ လူတွေ ဖြစ်လာရသည်ဆိုပါက လူသားတို့၏ ကောင်းမှု ဆိုးမှု မှန်သမျှအတွက် လူမှာ တာဝန်မရှိ၊ ဖန်ဆင်းရှင်မှာသာ တာဝန်ရှိပေတော့မည်။

ဗုဒ္ဓရှင်တော်မြတ်ကလည်း “အဲဒီလိုသာ ဆိုလျှင် သူ့အသက် သတ်သူ၊ ခိုးသူ၊ မမြတ်သော အကျင့်ကို ကျင့်သူ၊ လိမ်လည်သူ၊ ကုန်းတိုက်စကား ပြောဆိုသူ၊ ကြမ်းတမ်းသော စကားကို ပြောဆိုသူ၊ ပြိန်ဖျင်းသော (အကျိုးမရှိသော) စကားကို ပြောဆိုသူ၊ သူတစ်ပါး စည်းစိမ်ကို လိုချင်မက်မောသူ၊ ပျက်စီးစေလိုစိတ်ရှိသူ၊ အယူမှားသူတို့သည် လောကကို အစိုးရသူ၏ ဖန်ဆင်းမှုကြောင့်သာ ဖြစ်ပေတော့မည်”ဟု ဝေဖန် မိန့်ကြားတော်မူခဲ့ပါသည်။ (တိတ္ထာယတနသုတ်၊ အံ၊ ၁)

တဖန် ဒေဝဒဟသုတ်တော် (မ၊ ၃) တွင်လည်း အတ္တကိလမထာနုယောဂ အကျင့်ကို ကျင့်သည့် အဝတ်မဝတ်သည့် တက္ကတွန်းများကို ရည်ညွှန်းတော်မူကာ “အို ရဟန်းတို့ … သတ္တဝါတို့သည် ဗြဟ္မာ (တန်ခိုးတော်ရှင်)၏ ဖန်ဆင်းမှုကြောင့်သာ  ချမ်းသာခြင်း ဆင်းရဲခြင်းတို့ကို ခံစားရပါက ဤ အဝတ်မဝတ်သည့် တက္ကတွန်းများကို ယုတ်မာ ဆိုးညစ်သည့် ဗြဟ္မာ (တန်ခိုးတော်ရှင်)က ဖန်ဆင်းထားသည် အမှန် ဖြစ်ပေလိမ့်မည်”ဟု ဝေဖန် ထောက်ပြတော်မူထားပါသည်။

ဗုဒ္ဓဘာသာ အလိုအရမူ ကျွန်ုပ်တို့ကို အနန္တ တန်ခိုးတော်ရှင်က ဖန်းဆင်းခဲ့သည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ ဘယ်က လာမှန်းလည်း မသိနိုင်ပါ။ စကြာဝဠာကြီးသည် သဘာဝနိယာမအတိုင်း ပျက်ခြင်း၊ ပျက်ပြီးသည့်အတိုင်း ဆက်တည်နေခြင်း၊ ပြန်လည် ဖြစ်ထွန်းလာခြင်း၊ ဖြစ်ထွန်းပြီးသည့် အတိုင်း ဆက်တည်နေခြင်းဖြင့် ဖြစ်ပျက် တည်ရှိနေသည်။ 

ကျွန်ုပ်တို့ နေထိုင်နေသော ယခု စကြာဝဠာကြီးသည်လည်း ပျက်သုဉ်းပြီးနောက် ယင်းပျက်စီးသွားသည့် အတိုင်း အချိန်ကာလ အတော်ကြာ တည်တန့်နေခဲ့သည်။ ယင်းနောက် တစ်ဖြေးဖြေးချင်း ပြန်လည်ကာ ဖြစ်ထွန်းပေါ်ပေါက်လာနေခဲ့သည်။ တစ်စစ ဖြစ်ထွန်းပေါ်ပေါက်လာရင်း သက်ရှိသတ္တဝါတို့ ဖြစ်တည် နေထိုင်နိုင်သော အဆင့်၊ စည်ပင်ပွါးများနိုင်သော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ယင်းသို့သော အခြေအနေတွင် ယခင် ကမ္ဘာရှိခဲ့စဉ်က ဖြစ်တည် နေထိုင်ခဲ့သော အချို့သော သတ္တဝါတို့သည် ယင်းတို့၏ ကံအားလျော်စွာ ယခု ကမ္ဘာသစ်သို့ ပြန်လည် မွေးဖွားလာခဲ့ကြသည်။ 

ဒီဃနိကာယ်လာ အဂ္ဂညသုတ်တော်အရ ဆိုလျှင် အာဘဿရ ဗြဟ္မာ့ပြည်မှ ဗြဟ္မာများသည် ၄င်းတို့၏ ကံကြွင်းကံဟောင်းတို့ကြောင့် ဤကမ္ဘာမြေအပြင်ဝယ် အလိုလျောက် ဖွေးဖွားခြင်းဖြင့် မွေးဖွားလာကြသည်။ ထို့ကြောင့် “လူအစ ဗြဟ္မာက” ဟု အချို့က ဆိုကြသည်။ သို့သော်လည်း ဤအချက်ကို လူ့ဘဝ ဖြစ်တည်မှု၏ မူလအစ တနည်းဆိုသော် သတ္တဝါတို့၏ မူလအစဟု မယူဆသင့်ပေ။ ဗုဒ္ဓဒေသနာတော် အလိုအရ သတ္တဝါတို့သည် အန္တိမလွတ်မြောက်မှု (နိဗ္ဗာန်) ချမ်းသာ မရမခြင်း သံသရာတွင် မနေမနား တဖြစ်တည်း ဖြစ်တည် ကျင်လည်၍ နေရပေသည်။ အမှန်ဆိုရသော် သတ္တဝါတို့သည် သံသရာတွင် ဘဝပေါင်း မရေမတွက်နိုင်လောက်အောင် ဖြစ်ခဲ့ကြရပေပြီ။ သို့ဖြစ်ရကား “လူ အစ ဗြဟ္မာက” ဆိုသည်မှာ ကမ္ဘာကြီး ပျက်ပြီးနောက် အသစ်တဖန် တည်ရှိလာပြန်သော အခါဝယ် စတင် ဖြစ်ပေါ်လာခြင်းကိုသာ ဆိုလိုပါသည်။ စင်စစ်သော်ကား သတ္တဝါတို့၏ တကယ့် မူလ အစကို မသိနိုင်ပေ။

သို့ကြောင့် ဗုဒ္ဓဘာသာသည် အကြိမ်ကြိမ် အဖန်ဖန် ဘဝဖြစ်တည်ရမှုကို လက်ခံပါသည်။ သို့လက်ခံသော်ငြား အခြားသော တွေးခေါ်ရှင်များ လက်ခံထားသော လူဝင်စား အယူအဆနှင့်ကား ကွာခြားပါသည်။ သီရိလင်္ကာမှ ဆရာတော် အရှင် နာရဒ (ပျံလွန်ပြီး)က သူ၏ ဗုဒ္ဓနှင့် ဗုဒ္ဓဒေသနာတော် (The Buddha and His Teaching) တွင် “တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းခြင်း သို့မဟုတ် ဝင်စားခြင်းဟု ရှုမြင်အပ်သော နောက်ဘဝကို ယုံကြည်မှုကို ပိုင်သာဂိုးရပ် စ်၊ ပလေတို ကဲ့သို့သော တွေးခေါ်ရှင်များ၊ ရှယ်လီ (Shelly)၊ တင်နီဆန် (Tennyson)၊ ဝါ့ဒစ်ဝါ့ဒ် (Wordsworth) ကဲ့သို့သော ကဗျာဆရာများနှင့် အရှေ့တိုင်း အနောက်တိုင်းမှ သာမန် ပုဂ္ဂိုလ် အများ အပြားက လက်ခံကြကြောင်း မှတ်တမ်းတင်ထားသည်”ဟု ဖော်ပြသည်။ ယင်းသို့သော ယုံကြည်ချက်ကို ဗုဒ္ဓဝါဒက လက်မခံပေ။ အကြောင်းမှာ တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းသွားလာနေသည့် အမြဲတည်သည့် အတ္တ သို့မဟုတ် ဝိညာဉ် သို့မဟုတ် လိပ်ပြာကို လက်မခံသလို ထာဝရဘုရားက ဖန်ဆင်းအပ်သည့် လူဝင်စားလို အယူအဆမျိုးကိုလည်း ဗုဒ္ဓဘာသာက လက်မခံသောကြောင့်ပင်။

ဗုဒ္ဓဘာသာအယူအဆ အရမူ ဤဘဝ ဤခန္ဓာ ဖြစ်လာဖို့ရန် ဖန်ဆင်းရှင် မရှိ၊ ဘဝ အထပ်ထပ် အဖန် တည်နေရပြန်ခြင်းအတွက်လည်း ဖန်ဆင်းသူ မရှိပါ။ ကြောင်းကျိုးတရားတို့သာလျှင် သူ့သဘာဝအတိုင်း ဖြစ်တည်နေကြခြင်း ဖြစ်သည်။ 

ဤနည်းဖြင့်ပင် သက်ရှိသတ္တဝါမှန်သမျှတို့သည် မွေးဖွားခြင်း သေဆုံးခြင်း သံသရာတွင် အတောမသတ်နိုင်အောင် သွားလာနေကြသည်။  လူ့အဖြစ်နှင့်သာ သွားလာနေကြသည် မဟုတ်။ လူ့ဘုံ လူ့လောကတွင်သာ ဖြစ်တည်နေကြသည် မဟုတ်။ သုံးဆယ့်တစ်ဘုံဟု ခေါ်တွင်သည့် ဘုံဌာနများတွင် လူ့အဖြစ် လူ့ခန္ဓာ၊ နတ်အဖြစ် နတ်ခန္ဓာ၊ တိရစ္ဆာန်အဖြစ် တိရစ္ဆာန်ခန္ဓာတို့ဖြင့် မိမိတို့၏ ကံအားလျှော်စွာ ပြောင်းလဲကာ သွားလာ ကျင်လည် နေထိုင်နေကြသည်။ သို့ဖြစ်ရကား လူသည် အဘယ်က လာပါသနည်းဟု မေးခဲ့သော် တိကျစွာ ပေးနိုင်သည့် အဖြေကား မရှိတော့ပြီ။ ထို့အတူ ဘယ်ကို သွားနေပါသနည်းဟု မေးခဲ့သော် ရေရာတိကျစွာ ပြန်ဖြေနိုင်သူများလည်း မဟုတ်ကြပါ။

 ဗုဒ္ဓရှင်တော်မြတ်က
“ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ မသိမှု အဝိဇ္ဇာဖြင့် လွှမ်းခြုံ ပိတ် ဖုံး ကာဆီးအပ်၊ တဏှာတည်းဟူသော ကြိုးဖြင့် ချည်နှောင်အပ်သည်ဖြစ်၍ ဤဘဝမှ ထိုဘဝသို့ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကြင်လည်ကြရကုန်သော သတ္တဝါတို့၏ အစကို မသိနိုင်” ဟု ဟောတော်မူခဲ့ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ဘဝ၏ မူလအစကို မသိနိုင်ခြင်း ဖြစ်ပါသည်။ မူလအစကို မသိနိုင်ရုံမျှမက အယုတ်ဆုံး ဤဘဝ၏ ရှေ့မှ ဘဝလေး တစ်ခုကိုမျှလည်း မသိနိုင်ပါ။ အဝိဇ္ဖာ ထူပြောမှုနှင့် တဏှာ နှောင်ကြိုး ခိုင်မာလွန်းချက်ပင်။ သို့သော်လည်း ကျွန်ုပ်တို့၏ ဘဝဖြစ်တည်မှု၊ ကြုံတွေ့ခံစားရသည့် ဆင်းရဲ ချမ်းသာတို့သည် ရှေ့ဘဝတွင် ပြုခဲ့ဘူးသော အကြောင်းတစ်ခုတည်းကြောင့်သာ ဖြစ်သည် မဟုတ်။ ထို့အတူ အကြောင်းတရား မရှိပဲ ဖြစ်ပေါ်လာခြင်းလည်း မဟုတ်ပါ။ ဘဝ ဖန်တီးရှင် အနန္တတန်ခိုးတော်ရှင်လည်း မရှိရကား ဘဝ၏ အခက်အခဲများကို ရင်ဆိုင် အနိုင်ယူရန်သော်လည်းကောင်း၊ ဘဝဒုက္ခ အဝဝမှ ထွက်မြောက်ရာ အလုံးစုံ လွတ်မြောက်မှုကြီးကို ရယူနိုင်ရန်သော်လည်းကောင်း တာဝန်အဝဝသည် ကျွန်ုပ်တို့ ကိုယ်တိုင်၏ ပခုံးပေါ်၌သာ ရှိပါတော့သည်။

ပုံကို http://www.abstractpaintings.com/ မှ ကူးယူ ဖော်ပြပါသည်။

ဘုန်းဉာဏ်