Pages

Aug 16, 2016

ငြိမ်းချမ်းရေး အလှတရားဖြင့် လောကကို ပြုပြင်ဖန်တီးခြင်း

ငြိမ်းချမ်းရေး အလှတရားဖြင့် လောကကို ပြုပြင်ဖန်တီးခြင်း
***************************************************************
ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းဖို့ရော၊ လောကကြီး ငြိမ်းချမ်းဖို့ရာပါ ကရုဏာတရားလည်း လိုအပ်ပါ၏။ မေတ္တာတရားလည်း လိုအပ်ပါ၏။ ထို့ကြောင့် ကရုဏာတရားလည်း ထားရှိအပ်၊ ပွားများအပ်ပါ၏။ မေတ္တာတရားလည်း ထားရှိအပ်ပွားများအပ်ပါ၏။
လောကကြီး အစဉ်တိုးတက်ဖို့ရာ သူတပါး အောင်မြင်တာ၊ ကောင်းစားတာကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုလည်း လိုအပ်ပါ၏။ ဝမ်းမြောက်မှု၏ အခြားတစ်ဖက်တွင်မူ သူလို ဖြစ်အောင်၊ သို့မဟုတ် သူထက်ပင် သာအောင် မနာလိုမှုမဖက် ဉာဏ်၊ ဝီရိယသက်သက်ဖြင့် ကြိုးစားအပ်ပါ၏။
မေတ္တာ၊ ကရုဏာတို့သည် ဥပေက္ခာတရားတို့နှင့် မကင်းအပ်။ မှန်ပါ၏။ မေတ္တာ၊ ကရုဏာသာ ကြီးပြီး ဥပေက္ခာတရားကို လေ့ကျင့်ပွားများခြင်း မရှိသော် နှလုံးစိတ်ဝမ်းလည်း ညှိုးနွမ်းရတတ်ပါ၏။ ပန်းလည်း ပင်ပန်းရတတ်ပါ၏။ ဆင်းလည်း ဆင်းရဲရတတ်ပါ၏။ ကရုဏာဒေါသော ဟု အရပ်တွင် ပြောနေကြသော ဒေါသတရားတို့လည်း ရင်တွင် ပေါက်ဖွားရတတ်ပါ၏။ သို့ဖြစ်ရကား အကောင်း အဆိုးတို့ကြောင့် ခံစားတုန်လှုပ်ခြင်း မရှိသော၊ အလွန်တရာ တည်ကြည်ငြိမ်သက်လှသော ဥပေက္ခာတရားမျိုးသည်လည်း လိုအပ်လှပါ၏။ သနားခြင်း (ကရုဏာ)နှင့် ချစ်ခင်ခြင်း အကျိုးလိုလားခြင်း (မေတ္တာတရား)တို့၏ ဟိုမှာဘက်ခြမ်းတွင် ဥပေက္ခာတရားတို့ ရှိအပ်လှပါ၏။ ထို့ကြောင့် ဥပေက္ခာတရားကိုလည်း လေ့ကျင့်ပွားများထားရန် လိုအပ်လှပါသည်။
ဤစိတ်ဓာတ်မျိုး လေ့ကျင့်ပွားများထားသော် သင်သည် စိတ်၏ ငြိမ်းချမ်းခြင်း၊ ချမ်းသာခြင်း သုခကို ဧကန်မုချ ရရှိပေမည်။ သင့်ကြောင့်တော့ လောကကြီး အနှောင့်အယှက် ဖြစ်တော့မည် မဟုတ်ပါပေ။
သင့်လိုလူစား များပြားလာခဲ့သော် လောကကြီးသည် အစဉ် တိုးတက်၍ ငြိမ်းချမ်းလာပေမည်။ ထို့ကြောင့် ဤတရားလေးပါး အစဉ်ပွား၍ ကိုယ့်ကိုယ်ကိုရော လောကကိုပါ စောင့်ရှောက်ကြဖို့ မိမိတို့အားလုံး ကြိုးစားအပ်ပါ၏။

ဒေါက်တာ အရှင် ဉာဏုတ္တရ
(16/ 08/ 2016)

No comments: