Pages

May 28, 2011

ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား

မနှစ် (၂၀၁၀ ခု)က စင်္ကာပူက ရင်းနှီးတဲ့ အိမ်တစ်အိမ်ရောက်စဉ် စားပွဲပေါ်မှာ တင်ထားတဲ့ ရီးဒါးစ် ဒိုင်ဂျက် မဂ္ဂဇင်းဟောင်း တစ်စောင်ကို တွေ့ပါတယ်။ ၂၀၀၉ ခု ဇန်နဝါရီလက ထုတ်ဝေထားတာပါ။ တစ်ခုခုကို ပြန်ဖတ်ပြီး စားပွဲပေါ် တင်ထားဟန် တူပါတယ်။

လှန်လှောကြည့်တော့ ဂျက် လီရဲ့ ဝမ်း ဖောင်ဒေးရှင်း အကြောင်း ရေးထားတဲ့ The Power of One ဆောင်းပါးရှည် တစ်ပုဒ်ကို တွေ့ရပါတယ်။ ဆောင်းပါးရှင်က Sonia Kolesnikov-Jessop ပါ။ ခပ်မြန်မြန်လေး ဖတ်ကြည့်တော့ သဘောကျတာရယ်၊ အိမ်မှာလဲ မိတ္တူကူးစက် ရှိနေတာရယ်ကြောင့် အဲဒီ ဆောင်းပါးကို မိတ္တူကူးပေးဖို့ ပြောပါတယ်။ အိမ်က စာအုပ်ပိုင်ရှင် အငယ်မလေးက “ကူးမနေပါနဲ့ ဘုရား။ တပည့်တော် စာအုပ်ပါ။ အရှင်ဘုရား ယူသွားပါ။ လိုချင်လျှင် မဂ္ဂဇင်းဟောင်းတွေ အများကြီး ရှိပါသေးတယ်”လို့ လျှောက်ပါတယ်။

အဲဒီစာအုပ်တွေကို မယူခဲ့ပေမဲ့ ဒီတစ်အုပ်တော့ ယူလာခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခေါက်ထက်လည်း ပို မဖတ်ဖြစ်ခဲ့ပါဘူးလေ။ ယူစဉ်က ကိုယ်တိုင်ဖတ်ဖို့နှင့် အလျှင်းသင့်လျှင် ဘာသာပြန်ပြီး ဘလော့ဂ်မှာ အများနှင့် မျှဝေဖို့ပါ။ ဘာသာပြန်ချင်တာကတော့ အကြောင်းအရာ ကောင်းတာကြောင့် တစ်ကြောင်း၊ မဖတ်ရသေးလျှင် အသစ်ပင် ဖြစ်သည်ဟု ယူဆတာက တစ်ကြောင်းကြောင့်ပါ။ သို့သော် တစ်နှစ်ကျော်သွားပေမဲ့ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။ ခုတော့ ဘာသာပြန်ပြီးဖြစ်လို့ မျှဝေနိုင်ပါပြီ။ 

ဂျက်လီဟာ ၂၀၀၄ ခု ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီဖြစ်စဉ်မှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ သူရော သူ့သမီးငယ်လေး နှစ်ဦးပါ အဲဒီ ကပ်ဘေးမှာ သေကံမရောက် သက်မပျောက်ခဲ့ရပေမဲ့ အများကြီး သံဝေဂရပြီး သူ့ဘဝ ပြောင်းလဲခဲ့ပါတယ်။ သူ့စကားအတိုင်း ပြောရလျှင် အတ္တဆန်တဲ့ ဂျက် လီ ဘဝ ပြီးဆုံးသွားပြီး ဘဝသစ်မှာ နေနေပါပြီ။ ကပ်ဘေးဒဏ်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင် မင်းသားဟာ သဘာဝ ကပ်ဘေးဒဏ် ခံစားရတဲ့သူတွေကို ကူညီ ကယ်ဆယ်ဖို့ One Foundation အဖွဲ့ကို တရုတ်ပြည်မှာ ၂၀၀၇ ခု ဧပြီလမှာ စတင်ဖွဲခဲ့ပါတယ်။ 

ဒီအကြောင်း ရေးထားတဲ့ ဆောင်းပါးရဲ့ နာမည်က The Power of One တဲ့။ “ငွေတစ်ကျပ်ရဲ့ စွမ်းအား” လို့ ဘာသာပြန်လျှင် သင့်မယ်လို့ ထင်မိပါတယ်။ သူ့ရဲ့ အယူအဆက လူတိုင်း လူတိုင်း တစ်လကို ငွေတစ်ယွမ် (၁၅ ဆင့်) ပေးလှူကြမယ်ဆိုလျှင် ဒေါ်လာ ဘီလျှံပေါင်းများစွာ ရရှိမှာ ဖြစ်ပြီး ယင်းငွေများဖြင့် သဘာဝဘေးဒဏ် ခံရသူများကို လျှင်မြန် ထိရောက်စွာ ကူညီ ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ 

ဂျက်လီရဲ့ အယူအဆဟာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်း ဆရာတော်ဘုရားကြီးရဲ့ အယူအဆ တစ်ခုနှင့်လည်း တူတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာက မိမိ မန္တလေး သာသနာ့တက္ကသိုလ် တက်နေစဉ်က တစ်ဆင့်စကား ကြားခဲ့ဖူးတာပါ။ မန္တလေးနှင့် ရန်ကုန်မြို့တွေမှာ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးတွေ တစ်ခုစီ တည်ဆောက်တော့မယ် ဆိုတော့ ဆရာတော်ကြီးက အခုလို စိတ်ကူးတော်မူပါသတဲ့။ 

ဗုဒ္ဓဘာသာ ဒကာ ဒကာမတွေ အားလုံး အခုလို သာသနာ့တက္ကသိုလ်ကြီးတွေ တည်ဆောက်တဲ့ အခါ ထာဝရ ကုသိုလ်အဖြစ် ပါဝင်သင့်တယ်။ ပါလည်း ပါဝင်စေချင်တယ်။ ဒါပေမဲ့ သူတို့တွေ အားလုံးကို အလှူငွေကြောင့် တာဝန်လည်း မတက်စေချင်ဘူး။ နောက်ပြီး ကုသိုလ်ပြုတာမို့ အောင်မြင်ပြီး သန့်ရှင်းစင်ကြယ်တဲ့ ကုသိုလ်ဖြစ်အောင် စိတ်လည်း နည်းနည်းလေးမှ မကွက်စေချင်ပါဘူးတဲ့။ ဒီတော့ ဆရာတော်ဘုရားကြီးက ကုသိုလ်လည်းရ၊ ရတဲ့ ကုသိုလ်ကလည်း တာဝန်လည်းကင်း စိတ်လည်း ရှင်းတဲ့ ကုသိုလ်ဖြစ်အောင် တစ်အိမ်ထောင်လျှင် သုံကျပ်နှုန်း အလှူငွေ ပါဝင်လှူဒါန်းဖို့ နိုးဆော်ပါသတဲ့။ (၁၉၈၁ - ၂ ခုလောက်က မြန်မာငွေ သုံးကျပ်ပါ။ တစ်ဒေါ်လာအောက် အများကြီး လျှော့နေဦးမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီ ခုနှစ်လောက်က လူလားမြောက်နေသူများသာ အတိအကျ သိပါလိမ့်မယ်။)  

ဂျက် လီရဲ့ ဝမ်း ဖောင်ဒေးရှင်း အကြောင်း ဖော်ပြတဲ့  ဒီ ဆောင်းပါးထဲမှာ အကြိုက်ဆုံးကတော့ ဖောင်ဒေးရှင်းရဲ့ မူဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ရှိခြင်း ဆိုတဲ့ အချက်ပါပဲ။ အောင်မြင်တဲ့ NGO အဖွဲ့ တစ်ခု ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အချိန်ယူ လေ့လာပြီး သိလာခဲ့တဲ့ အချက်ကတော့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်ဆိုတာပါပဲတဲ့။ ဒီအချက်ပါရှိဖို့က လက်ရှိ မြန်မာပြည် အခြေအနေနှင့်လည်း အများကြီး ကိုက်ညီပါတယ်။ အထူးအဖြင့် အလှူခံပြီး လုပ်တဲ့ လုပ်ငန်းဟာ ပွင့်လင်းမြင်သာမှုမူ မရှိလျှင် အမှန်တကယ် ရည်စူးထားတဲ့သူတွေဆီ အပြည့်အဝ မရောက်နိုင်ပါဘူး။ ရည်စူး ပေးလှူထားသလောက်လဲ မရောက်နိုင်ပါဘူး။ တာဝန်ရှိသူ အဆင့်အဆင့်အနေနှင့်လည်း နှစ်ပေါင်း ငါးဆယ်နီးပါး ရင်းနှီးကြွမ်းဝင်နေတဲ့ ဖြတ်စား လာဘ်စားလုပ်ဖို့ အခြေအနေ ပိုများပါတယ်။ ရလဒ်အနေနှင့် လူထု ယုံကြည်မှု ကင်းမဲ့သွားပြီး မအောင်မြင်နိုင်တော့ပါဘူး။ ဒီတော့ လိုအပ်သူတွေထံ လိုအပ်သလောက် မရောက်နိုင်တော့ပါဘူး။

ဒီလို ပြောလို့ ကိုယ့်လူမျိုးကိုယ် နှိမ်လေခြင်း ဆိုပြီး စိတ်မဆိုးပါနှင့်။ အကျင့်ပျက်မှုက နယ်ပယ်ပေါင်းစုံမှာ ဖြစ်နေတာ လူတိုင်းအသိပါ။ ဥပမာအဖြစ် စာရေးသူတို့ မန္တလေး သာသနာ့တက္ကသိုလ် တက်နေစဉ်က အဖြစ်အပျက်လေး တစ်ခုကို ပြောပါရစေ။ ပြည်နယ် တစ်ခုမှာ ထင်ရှားကျော်ကြားနေတဲ့ ဆရာတော်ကြီး တစ်ပါးက မန္တလေးနှင့် ရန်ကုန်ရှိ သာသနာ့တက္ကသိုလ် တစ်ခုစီနှင့် မင်းကွန်း မိုးမိတ်ကုန်းမြေက တိပိဋကကျောင်းမှာ သီတင်းသုံးနေကြတဲ့ သံဃာတော်တွေကို သင်္ကန်း တစ်စုံစီ လှူတော်မူချင်ပါသတဲ့။ ဒီတော့ တာဝန်ယူကြတဲ့ အနီးနေ သူ့တပည့် ဒါယကာတွေကို မိန့်ကြားတော်မူမှာပေါ့။ စီစဉ်သူတွေက စီစဉ်ပြီး လှူပြီးပါကြောင်း လျှောက်ထားကြမှာပေါ့။ တကယ်လည်း လှူပါတယ်။ ဒါပေမဲ့ သံဃာတော် သုံးရာငါးဆယ် လေးရာနီးပါးရှိ မန္တလေး သာသနာ့တက္ကသိုလ်ကို ရောက်လာလို့ ခွဲဝေ လှူဒါန်းတဲ့ သင်္ကန်းများဟာ တစ်စုံမှ အသစ် သို့မဟုတ် အကောင်းပါမလာပါဘူး။ ဆေးလိပ် မီးပေါက် သင်္ကန်းတွေ၊ တစ်ထွာ တစ်မိုက် အကွက်လိုက် ပြဲနေတဲ့ သင်္ကန်းတွေ၊ သင်းပိုင်က တစ်ရောင်၊ ဧကသီက တစ်ရောင် (အပေါ်ဝတ်၊ အောက်ဝတ်) အရောင်မညီတဲ့ သင်္ကန်းဟောင်းတွေချည်းပါပဲ။ သင်္ကန်းသစ်တွေဟာ စီစဉ်သူ လူတစ်စု လက်ချက်ကြောင့် ကျောင်းပတ်ဝန်းကျင်က ဆိုင်းတွေမှာပဲ တစ်ခါတည်း အိုဟောင်း သွားကြရရှာဟန်တူပါတယ်။ (ကျော်ကြားလှတဲ့ ထို ဆရာတော်ကြီးထံမှာ လစဉ် ဒုလ္လဘရဟန်း ရာထောင်ချီ ရှိခဲ့တယ်လို့ ပြောကြပါတယ်။)

ဒီအလှူက နာမည်ကျော် ဆရာတော်ကြီး တစ်ပါးရဲ့ တက္ကသိုလ် တက်နေတဲ့ သံဃာတော်တွေကို မွန်မွန်မြတ်မြတ် လှူတဲ့ အလှူပါ။ လူလူချင်း မရှိဆင်းရဲသူ သို့မဟုတ် ကပ်ဘေးကပ်ဒဏ် ခံရသူတွေကို လှူတာ မဟုတ်သေးဘူး။ အချို့သော ကြားလူတွေ ဘယ်လောက် ကိုယ်ကျင့်တရားမဲ့လဲ ဆိုတာ သာဓကတစ်ခု အဖြစ် ပြောတာပါ။ ဒါတောင် အဲဒီ အဖြစ်အပျက်က (၁၉၉ ၃ - ၉၄ ခု ပညာသင်နှစ်) လောက်ကပါ။ နောက်ပိုင်းတွေမှာတော့ တစ်တိုင်းပြည်လုံး နေရာစုံမှာ ဆိုးမှ ဆိုးပါပဲ။ မြန်မာပြည်ရဲ့ အကျင့်ပျက်စီးသွားပုံနှင့် ပတ်သက်လို့ သူငယ်ချင်း တစ်ပါးရဲ့ “ခုခေတ် မြန်မာလူမျိုးက အမြှီးကျက် အမြှီးစား ခေါင်ကျက် ခေါင်းစား မဟုတ်တော့ဘူး။ မကျက်ခင်ကိုက အမြှီးရော ခေါင်းပါ စားပစ်နေကြပြီ” လို့ ပြောဆိုသံကို သတိယမိပါတယ်။ ဒါကြောင့် ပရဟိတ အလုပ်ကို မှန်မှန်ကန်ကန် ရိုးရိုးသားသား လုပ်တာပါဆိုတာ အများယုံကြည်ဖို့ ပွင့်လင်း မြင်သာမှုက မရှိမဖြစ် အရေးကြီးပါတယ်။

သို့သော် လူတိုင်း အဖွဲ့အစည်းတိုင်းတော့ ထိုကဲ့သို့ချည်း မဟုတ်ပါ။ အလွန် မွန်မြတ် သန့်စင်သည့် စိတ်ထား နှစ်လုံးသားနှင့် ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ဆောင်ရွက် လုပ်ကိုင်နေကြသူများ များစွာ ရှိပါသည်။ ဥပမာ မင်းသား ဦးကျော်သူနှင့် အဖွဲ့၊ ဦးဇာဂနာ စသည့် ထင်ရှားသူများရော မထင်ရှားသူများပါ လူအများ ကောင်းစားရေး တစ်နည်းဆိုသော် လောက ကောင်းကျိုးအတွက် မိမိအကျိုးကိုပင် အပျက်ခံကာ ထမ်းရွက်နေကြသူများလည်း ရှိပါသည်။ လူမှု ကူညီထောက်ပံ့ရေး အဖွဲ့အသီးသီး တည်ထောင်ကာ ကူညီထောက်ပံ့သူတွေလည်း များလာရာ ဝမ်းမြောက်ကြည်နူး အထူးပင် သာဓုခေါ်မိပါသည်။

နောက်အရေးကြီးတာ တစ်ခုက လူတစ်ယောက်ရဲ့ တန်ဖိုးပါ။ လူ့တစ်ယောက်ရဲ့ တန်ဖိုးကို သူ ဘယ်လောက် အောင်မြင်သလဲ၊ ဘယ်လောက် နာမည်ကြီးသလဲ၊ ဘယ်လောက် ပညာတတ်သလဲ၊ ဘယ်လောက် ချမ်းသာသလဲ၊ ဘယ်လောက် အာဏာ ပါဝါ ရှိသလဲ ဆိုတာတွေနှင့်ချည်း တိုင်းပြီး  ပိုင်းဖြတ်လို့ မရပါဘူး။ သူ့ရဲ့ အဲဒီလို အရည်အသွေးတွေ၊ အရှိန်အဝါတွေ၊ ရာထူး ဌာနန္တရတွေ၊ လုပ်ပိုင်ခွင့်တွေကို လူသား ကောင်းကျိုးအတွက်၊ သို့မဟုတ် လောက ကောင်းကျိုးအတွက် ဘယ်လောက်လုပ်သွားသလဲ၊ ဘယ်လိုလုပ်သွားသလဲဆိုတာနှင့် တိုင်းတာ ဆုံးဖြတ်ပါမှ သူ့တန်ဖိုး အစစ်ကို မှန်မှန်ကန်ကန် ပိုင်းဖြတ်ရာ ရောက်ပါလိမ့်မည်။ 

သို့သော် ယင်းကဲ့သို့သော အချက်များက လောကအကျိုးကို ကြီးကြီးမားမား ကျယ်ကျယ် ပြန့်ပြန့် သယ်ပိုး ဆောင်ရွက်နိုင်ရန် များစွာ အထောက်အကူ ပြုပါသည်။ သို့ဖြစ်ခြင်းကြောင့် မိမိ၏ ကျော်ကြားမှု၊ အောင်မြင်မှု၊ ရာထူးကြီးမှုများကို အသုံချပြီး မှန်ကန်သည့် ခေါင်းဆောင်မှုမျိုး ပေးနိုင်ကြလျှင်ကား လောကသည် ပို၍ ပို၍ သာယာ လှပလာပေမည်။ လူအပေါင်းသည် ပို၍ ပို၍ ပျော်ရွှင် ချမ်းမြေ့ကြပေမည်။

ဂျက် လီ၏ လောကကို ပို၍ အလှဆင်နိုင်သော သဘောထားများ၊ ဖွဲ့စည်း လုပ်ကိုင်ပုံ၊ ကျယ်ပြန့်အောင် လုပ်ဆောင်ပုံ စသည့် အချက်များ ပါဝင်သည့် ဤဆောင်းပါးကို ဘာသာပြန်၍ တင်ဆက်လိုက်ပါသည်။ ဤ ဆောင်းပါးကို ဖတ်စဉ်နှင့် ဘာသာပြန်စဉ် မင်းသား ဦးကျော်သူနှင့် ပရဟိတ လုပ်ဆောင်သူများကို အကြိမ်ကြိမ် သတိယမိရာ ဤဘာသာပြန် ဆောင်းပါးလေးဖြင့် ထိုကဲ့သို့သော သူများကို ရည်ရွယ် ဂုဏ်ပြုသည်ဟုပင် ဆိုချင်ပါတော့သည်။

ဘုန်းဉာဏ်
(ဘာသာပြန် ဆောင်းပါးကို ဇွန်လ တစ်ရက်နေ့တွင် တင်ပေးပါမည်။ 
ပုံကို http://img.aktualne.centrum.cz/350/77/3507798-jet-li.jpg မှ ယူပါသည်။)

No comments: