Pages

Mar 26, 2010

မိုက်မှောင်ကင်းသောည

ဒီဘလော့ဂ်မှာ "A Blogger's Notes" ဆိုတဲ့ အခန်းလေး တစ်ခုလဲ ရှိပါတယ်။ ရည်ရွယ်ချက် ကတော့ မိမိ ဖတ်မိ ဖတ်ရာတွေထဲက သုတ၊ ရသ မခွဲခြားပဲ ကောင်းနိုးရာရာ တွေကို "မှတ်စု" အဖြစ် တင်ထားဖို့ပါ။ ဒါပေမဲ့ များများကြီး မတင်ဖြစ်ခဲ့ပါဘူး။ မှတ်ထားတာ လေးတွေတောင် ဟုတ်တိပတ်တိ တင်ဖြစ်ခဲ့တာ မဟုတ်ဘူးလေ။ 

စာချစ်သူ ရှုစား နေတဲ့ ဒီဘလော့ဂ်မှာ စာဖတ်သူအတွက် အကျိုး အရှိဆုံး စိတ်အချရဆုံး ခေါင်းစဉ်ကို recommendation လုပ်ပါဆိုရင် "ဘလော့ဂါ တစ်ယောက်ရဲ့ မှတ်စု" က လွဲရင် အခြားမရှိ ပါဘူး။ ကိုယ် ဖတ်မှတ် နေရတာတွေ နှင့် ဒီဘလော့ဂ်မှာ တင်ချင်တာ တင်သင့်တာတွေနှင့်က သင့်တော်လှတာ မဟုတ်လို့ များများကြီး တင်ထား မပေး နိုင်ပေမဲ့လဲ တင်ထားပြီး တာတွေကတော့ စာချစ်သူ အကြိုက်တွေ့မယ်လို့ ရဲရဲကြီး မျှော်လင့်မိပါတယ်။ 

ဒီတစ်ခါ ပို့စ်တင်လိုက်တာကတော့ ဆရာ ငွေဥဒေါင်းရဲ့ "ဗုဒ္ဓစာပန်းချီ" ဒုတိယတွဲမှာ ပါတဲ့ "မိုက်မှောင်ကင်း သောည" မှ ကောက်နှုတ် တင်ပြချက်ပါပဲ။ စာပန်းချီဆိုတဲ့ အတိုင်း ချယ်သထားလိုက်ပုံကတော့ စွဲမက်စရာ လေးပါ။ ကြည့်သောသူဟာ ဒါထက်လဲ အများကြီး ပိုလို့ပိုလို့ မြင်ပါနိုင်ပါတယ်။ ကြည့်သောသူ မြင်၍ မြင်သော သူ ကျင့်သုံး လိုက်နာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဘုန်းဉာဏ်
၂၄၊ ၀၃၊ ၁၀

Sembawang, Singapore
မိုက်မှောင်ကင်းသောည


ခက်လှချေသည်။

တပည့်မှားလျှင် ဆရာက ပြုပြင်သည်။ သားသမီးမှားလျှင် မိဘက ပြုပြင်သည်။ လူငယ်မှားလျှင် လူကြီးက ပြုပြင်သည်။
လူကြီးမှားသောအခါ မည်သူက ပြုပြင်မည်နည်း။ ထို့ထက် ဘုရင်မှားလျှင် ပြုပြင်ရန် သာ၍ ခက်သည်။
အမှားဆိုသည်မှာ မသိ၍ မှားခြင်းလည်း ရှိ၏။ သိလျက်ဖြင့် မှားခြင်းလည်း ရှိ၏။ သိလျက်ဖြင့် မှားသော အမှားမျိုးကို လူကြီးများသာ လုပ်တတ်ကြသည်။
မသိသောအမှားကို ပြင်ဖို့ လွယ်သေး၏။ သိလျက်ဖြင့်မှားသော အမှားကိုကား ပြင်ဖို့ ခက်လှ၏။ ယခုမူ တိုင်းပြည်၏သခင် ဘုရင်ကိုယ်တိုင် မှားနေ၍ ပို၍ ခက်လှချေသည်။ ရိုးရိုးမှားယုံမျှ မဟုတ်။ ဖခင် သူတော်ကောင်းကို သတ်ပစ်သည်အထိ မိုက်မိုက်ကန်းကန်း မှားမိသည်။
အမှားကို အမှားမှန်းသိ၍ သတ်လိုက်သည်ကိုပင် ရဲရဲမသတ်ဝံ့။ ပရိယာယ်ဆင်၍ သတ်သည်။ ထောင်သွင်း၍ အစာငတ်ထားသည်။ ဖြေဖဝါးကို ဓားဖြင့်ခွဲ၍ မီးရဲရဲဖြင့် ကင်စေသည်။
ဤမျှဆိုလျှင် သူ့ကို သိလောက်ပေပြီ။ သူကား "အဇာတသတ်" တည်း။

ဘုရင်ကိုယ်တိုင် မှားသောအခါ ဘယ်သူမှ မပြင်နိုင်၊ မပြင်ဝံ့။ ပြင်မည့်သူ မှန်သမျှ တပ်လန်သွားကြရသည်။ ပညာရှိ မူးကောင်း မတ်ကောင်းမှန်သမျှ နောက်သို့ ဆုတ်ကြရသည်။
သို့ရာတွင် ဘယ်သူ၏ ပြုပြင်ဆုံးမမှုကိုမျှ မနာခံခဲ့သော်လည်း မမျှော်လင့်သော နေရာမှ ဆုံးမနိုင်မည့် သူ ပေါ်ပေါက်လာသည်။ ထိုသည်ကား ရင်သွေးရင်နှစ်ကလေး ပေါက်ဖွားလာခြင်းပင် ဖြစ်၏။
အဇာတသတ်သည် မိမိရင်သွေးရင်နှစ် ပေါ်ပေါက်လာသည့်အခါတွင်မှ မိဘ၏မေတ္တာကို နားလည်လာသည်။ ကိုယ်ချင်းစာလာမိသည်။ သူကား လူပေါင်းမှား၍ ငါးပါးမှောက်ခဲ့ရသော်လည်း ဗီဇညံ့သူကား မဟုတ်ပါပေ။ ...

ငွေဥဒေါင်း၊ "မိုက်မှောင်ကင်းသောည၊ ဗုဒ္ဓစာပန်းချီ"၊ ဒုတိယတွဲ၊ သတ္တမအကြိမ်၊ ၁၉၉၈၊ စာပေလောက ပုံနှိပ် တိုက်၊ ရန်ကုန်၊ စာမျက်နှာ ၁၆၆-၇။







လယ်တီဆရာတော်ဘုရားကြီး၏ "ဂမ္ဘီရကဗျာကျမ်း" မှ ကောက်နှုတ်ချက်များ (၂)


သတ္တဋ္ဌာန ဘုရားရှိခိုး

ပလ္လင်္က သတ္တာဟ စံတော်မူပုံ
ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။ ပညိနြေ္ဒ၊ ချွေရာမှန်ဘိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်း အံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေ လျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။ ဘုန်းကြွယ်လက်ဦး ဘွယ်ပေကိုး။


အနိမိသ သတ္တာဟ စံတော်မူပုံ

နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တမ်း စက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်။ ။ကြည်လင် ညွတ်နူး ဘွယ်ပေကိုး။


စင်္ကမ သတ္တာဟ စံတော်မူနေပုံ

သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မ၊ှ မြောက်ခွင် ဥတ္တရာ၊ စင်္ကြသာ၌၊ လူးလာ တုံ့ခေါက်၊ ကြွချီ လျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်။ ။တရားဆင်ခြင် လျက်ပေကို။


ရတနာဃရ သတ္တာဟ စံတော်မူနေပုံ
လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင်၊့ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက် ဘွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်ညည်။ ။ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။


အဇပါလ သတ္တာဟ စံတော်မူပုံ

ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ် ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်း ညောင်၌၊ ဘုန်းခေါင် ပရမေ၊ စမ္ပာယ်နေသည်။ ရိုသေမြတ်နိုး ဘွယ်ပေကိုး။

မုစလိန္ဒ သတ္တာဟ စံတော်မူနေပုံ
ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညို ပြည့်လျှမ်း ၊ ကြာပန်း ညွတ်ရုံ။ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စမ္ပာယ်နေ သော်၊ မိုး လေ ထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာမိုး သည်။ ရှေးရိုးသမ္ဘာတော်ကြောင့်ကိုး။


ရာဇာယတန သတ္တာဟ စံတော်မူနေပုံ

ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်း ပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်။ ကြီးမား ဥာဏ်တော် ဘွင့်လို့ကို။

ထိုခုနှစ်ပါး၊
အရပ်မျုားကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်။ ကောင်းကျိုး ခပ်သိမ်း၊ ပြည့်စေ့သောဝ်။

သတ္တဋ္ဌာန ဘုရားရှိခိုး ပြီး၏

(ဂမ္ဘီရကဗျာကျမ်း၊ စာ၊ ၅၊ ၆။)

Mar 25, 2010

လယ်တီဆရာတော်ဘုရားကြီး၏ “ဂမ္ဘီရကဗျာကျမ်း” မှ ကောက်နှုတ်ချက်များ (၁)


ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုးမျိုး


ကြာသပတေးနေ့ ပဋိသန္ဓေယူ

၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။ ။သောင်းခွင် စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန် မှုကြောင့်၊ ရတု နဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူ သည်။ ။နတ်လူငြိမ်းဘို့ ကိန်းပါကို။ ။

သောကြာနေ့ ဖွားမြင်

၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ ။ နတ် လူအောင်မြို့ လမ်းပါကို။ ။

တနင်္လာနေ့ တောထွက်
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆဲ့သုံးနနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြ ဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ် လှုံသည်။ ။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။ ။

ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်

၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုံလပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ ပရမေ၊ ပလ္လင်ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူ ခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက် ဘုန်းတော်၊ သောင်းလုံး ကျော်သည်။ ။ သုံးဘော်လူတို့ ငြမ်းပါကို။ ။

စနေနေ့ ဓမ္မစကြာဟော

၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက် အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက် ထွေပြား၊ ဟောဖော်ကြားသည်။ ။ တရားနတ်စည် ရွမ်းတယ်ကို။ ။

အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ

၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါ လေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်း မယုတ်၊ ကုသိန္နာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။ ။ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။ ။


တနင်္ဂနွေနေ့ တေဇောဓာတ်လောင်

၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုပ်ကြုံ၍၊ ဂဠုန်နေ့ ဝယ်၊ ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စော ဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။ ။မွေတော် ရှစ်စိတ် ကြွင်းတယ်ကို။ ။


ဆုတောင်း

  • ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ ကိုယ်တော်ဖြားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်။ ။ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။

  • အဆုံးဘဝ၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို၊ တရား စည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆယ့်တစ်တန်၊ ငြိမ်းရာမှန်သည်။ ။ နိဗ္ဗာန်အောင်မြို့ ရောက်စေသောဝ်။

  • သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကြိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊ ဤပုည ကြောင့် ဒိဋ္ဌမျက်မြင်၊ ဘဝတွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာ အညီ၊ ပါရမီ နှင့်၊ ဆယ်လီပုည၊ မြတ်ဓမ္မလည်း၊ နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်။ ။သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။

  • ဘဝတစ်ဖန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်း နတ်ကောင်း၊ ဘဝကောင်း၌၊ ညွတ်ညောင်း သန္ဓေ၊ တိဟိတ်နေ၍၊ ဆွေလယ် မျိုးလယ်၊ တန်ခိုးကြွယ်သည်။ ။ လ နှယ် ထွန်းတင့်ပါစေသောဝ်။

  • အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဖော်၊ သတင်း ကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက် စင်ဖြူ၊ အလှူရေစက်၊ လက်နှင့် မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွန်းစိုသည်။ ။ ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။


  • ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်းမာရ်စစ်၊ အောင်ပွဲလှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့် ချုံးလျက်၊ ရွေဘုန်း စိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ် ခိုသည်။ ။မဂ် ဖိုလ် နိဗ္ဗာန်ရောက်စေသောဝ်။


    အမျှဝေ

  • သုံးလူ့ထွဋ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါး သံဃာ၊ အရိယာအား၊ ရတနာမိုဃ်း၊ ရွာသွန်းဖြိုးသို့၊ ကိုးပါး ခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံ ချီးကြူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှစ်ခိုးရသည့်၊ ပုညကုသိုလ်၊ အဘို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင် ဆရာ၊ ဉာတကာက၊ သတ္တဝါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ၊ မျှပေးဝေသည်။ ကောင်းထွေသာဓု ခေါ်စေသောဝ်။


    ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းများ ပြီး၏။

(ဂမ္ဘီရကဗျာကျမ်း၊ စာ၊ ၁ - ၄။)

လယ်တီဆရာတော်ဘုရားကြီး၏ “ဂမ္ဘီရကဗျာကျမ်း” မှ ကောက်နှုတ်ချက်များ


ဒီ ပို့စ်ကစလို့ ရတနာသုံးတန်ကို ကြည်ညိုကြသူတွေ၊ မြန်မာစာပေကို မြတ်နိုး တန်ဖိုးထား ကြသူတွေ နှင့် လိုအပ်လျှင် ကိုးကားချင်သူတွေ အားလုံးအတွက် လယ်တီ ဆရာတော် ဘုရားကြီးရဲ့ ကဗျာ၊ လင်္ကာများ နှင့် တေးထပ်များကို "ဂမ္ဘီရကဗျာကျမ်း" မှ ကောက်နှုတ်ပြီး တင်ပြ လိုက်ပါတယ်။ လိုအပ်လျှင် လိုအပ်တဲ့ အချိန်မှာ ယူငင်သုံးစွဲနိုင်ဖို့ ရည် ရွယ်ပါတယ်။ "ခုနစ်နေ့ ဗုဒ္ဓဝင် ဘုရားရှိခိုး" နှင့် "သတ္တဋ္ဌာန ဘုရား ရှိခိုး" ကတော့ ဗုဒ္ဓဘာသာဝင် တော်တော်များများ အလွှတ်ရကြ၊ ကြား ဖူးကြတာ များပါတယ်။ နာမည်ကြီး အဆိုတော် တစ်ယောက် ရွတ်ဆို ပူဇော်တာ ကြားဖူးသလိုလိုပါပဲ။ ကိုယ့်နယ်ပယ် မဟုတ်လို့ တပ်အပ် သေချာတော့လဲ မပြောနိုင်ဘူးပေါ့။ ဘာပဲ ပြောပြော အဲဒီလင်္ကာတွေက အသံထွက် ရွတ်ဆို ပူဇော်ရင် အတော်ကြီး ကြည်နူးဖွယ် ကောင်းလှပါ တယ်။ ဗုဒ္ဓဝင် သိထားပြီးသူတွေ အတွက်တော့ အကောင်းဆုံးပေါ့။

ကောက်နှုတ်တင်ပြထားတဲ့ အခြားသော ကဗျာ၊ မေတ္တာစာ၊ တေးထပ်တွေကလဲ မှတ်သားစရာ ကောင်းလှ ပါတယ်။ မြန်မာစာပေ ဝါသနာပါသူတွေ အတွက်တော့ အတော်ကို အရသာရှိစေမဲ့ စာတွေပါပဲ။ တရားသံဝေ ရသင့် ရလိုသူတွေအတွက် ဆရာတော်ကြီးက မိမိကိုယ်များ ဆိုဆုံးမနေလားလို့ ထင်မှားရလောက်အောင်ကို ကောင်းမြတ်လှပါတယ်။


ပုံနှိပ်မှတ်တမ်း အသေးစိတ်၊ စာမျက်နှာနံပတ်တို့ကို တိတိကျကျ ညွန်ပြထားလို့ ကိုးကား ရေးသားလိုတဲ့ သူတွေ အတွက်လဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။


ဂမ္ဘီရကဗျာကျမ်း ။ တကယ်တော့ ဒီကျမ်းအမည်ဟာ လယ်တီဆရာတော်ကြီးက ဒီကျမ်းအတွက် သီးသန့် ရေးသားပြီး ပေးထားတဲ့ ကျမ်းအမည် မဟုတ်ပါဘူး။ ဒီကျမ်းမှာ ပါတဲ့ စာပေတွေဟာ တစ်ခုနှင့် တစ်ခု ရေးသားချိန် မတူသလို အကြောင်းအရာလဲ ကွဲပြား၊ စာပေ ရေးသားဖို့ အကြောင်းဖန်လာတဲ့ သူတွေကလဲ ခြားနားပါတယ်။ ဆရာတော်ကြီးရဲ့ ဒီလိုစာပေတွေကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက ပေါင်းစုပြီး ရွှေကြူးကုမ္ပဏီ ပုံနှိပ်တိုက်၊ ရန်ုကုန်မြို့က (၁၉၉၁) ခုနှစ်မှာ ပထမအကြိမ် ရိုက်နှိပ် ထုပ်ဝေခဲ့ပါတယ်။ ထိုပထမ အကြိမ်ရိုက် မူအတိုင်း အမျိုးသား ပုံနှိပ်တိုက်၊ ဂန္ဓမာ ပုံနှိပ်တိုက်၊ ရွေပြည်တန် ပုံနှိပ်တိုက်နှင့် မြန်မာပြည် စာအုပ်တိုက်တို့က အကြိမ်ကြိမ် ပုံနှိပ်ခဲ့ကြကြောင်း ဆရာ ဦးအောင်မွန် (မြတ်ဆုမွန်) ၏ ဂမ္ဘီရကဗျာကျမ်း မိတ်ဆက်နိဒါန်း (စာ ၁၀ - ၁၁) တွင် ဖော်ပြထားပါတယ်။


ဤပို့စ်ပါ ကောက်နှုတ်ချက်များသည် လယ်တီရောင်ခြည် ကွန်ပျူတာစာပေနှင့် မြတ်ဆုမွန်စာပေ လုပ်ငန်း တို့က ၂၀၀၄ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ရိုက်နှိပ်ထုပ်ဝေသော "ဂမ္ဘီရကဗျာကျမ်း" မှ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

ဘုန်းဉာဏ်

23/ 03/ 2010

Sembawang, Singapore

Mar 21, 2010

ဂျနီဖာ လိုပက်(ဇ်) ဗုဒ္ဓဘာသာသို့ ပြောင်းလာလေပြီ



လန်ဒန်၊ အောက်တိုဘာ ၉၊ ၂၀၀၄။ အကျော်အမော်တွေဟာ ဗုဒ္ဓဘာသာကို ထူးထူးဆန်းဆန်း စိတ်ဝင်စား စွဲမက်မှုရှိကြဟန်တူပါရဲ့။ ဒီတစ်ခါ ဗုဒ္ဓဘာသာကို ဆက်ခံသူကတော့ လက်တီလို ဒီဗာ ဂျနီဖာ လိုပက်(ဇ်) ပါပဲ။

သတင်းအရတော့ Wedding Planner မင်းသမီးဟာ တွဲဖက်သရုပ်ဆောင် ရစ်ချဒ် ဂေး (Richard Gere)နှင့် ဘာသာရေး ဆွေးနွေးပြောဆိုမှု အကြိမ်အတော်များများ အပြီးမှာ ရစ်ချဒ် ဂေးရဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ စူးစိုက် နှစ်မြှုပ်ထားမှုက ဗုဒ္ဓဘာသာကို လက်ခံယုံကြည်ဖို့ လှုံ့ဆော်ပေးလောက်အောင်ကို သူမကို စွဲမက်စေပါတယ် လို့် သဆန်း သတင်းစာက ရေးပါတယ်။

"ဒို့တွေ ကကြရအောင်လား (Shall We Dance)" ဇာတ်ကားမှာ ဂေးနှင့် တွဲဖက်သရုပ်ဆောင်ထားသူ လိုပက်က သူမဟာ ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်နှင့် ကောင်းမြတ်တဲ့ လူသားတစ်ဦးဖြစ်ဖို့ရာ အလွန်တရာ အရေးကြီး ပါတယ်ဆိုတာတွေကို သတိထားမိလာပါပြီလို့ ဆိုပါတယ်။

"ကမ္ဘာလောကကြီးမှာ စွမ်းအားတစ်ခုရှိပါလားလို့ အခုတော့ ကျွန်မသိပါပြီ။ ကောင်းမြတ်မှုနှင့် မေတ္တာတရားကို ရှင်က ငြိမ်းသတ်လိုက်ရင် ငြိမ်းသတ်မှုက ရှင့်ထံပြန်လာမှာပဲဆိုတဲ့ စွမ်းအင်ရှိတယ်လေ။ အဲဒါကတော့ ကျမ အတွက် အလုပ်ဖြစ်တဲ့ အခြေခံတရားတစ်ခုပါပဲ" လို့ သူမရဲ့ဆိုစကားကို သတင်းက ကိုးကား ဖော်ပြပါတယ်။


Source: Sasana Abhiwurdhi မှ April 2009 တွင် ရိုက်နှိပ်ထုပ်ဝေသည့် Society How to Develop Happiness in Daily Living, Features & Interviews with Buddhist Celebrities စာအုပ်မှ Jennifer Lopez ကို မြန်မာပြန်ဆိုပါသည်။


ဘုန်းဉာဏ်
Sitiawan, Malaysia

Mar 20, 2010

ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ။ (ဂျက် လီ)

ဂျက် လီဟာ အာရှတိုက်မှာ လူသိအများဆုံး သိုင်း (ကိုယ်ခံပညာ) ရုပ်ရှင်မင်းသား ဖြစ်နိုင် ပါတယ်။ ဒါ့ အပြင် ဟောလိဝုဒ်မှာ ရေပန်းစားမှု ကလည်း တိုးပွားလို့ လာနေပါတယ်။ သူ့ရဲ့ ဒီ ကိုယ်ရေး အကျဉ်းချုပ်မှာတော့ ဗုဒ္ဓဘာသာ အပေါ်မှာ သူ့ရဲ့ စိတ်ဝင်စားမှုနှင့် အများအကျိုး အတွက် ဗုဒ္ဓဘာသာ တရားတော်ရဲ့ တန်ဖိုးတွေ ကို ထွန်းကားအောင် လုပ်နေတဲ့ သူ့ရဲ့တာဝန်ကို မျှဝေထားပါတယ်။


၁၉၉၇ ခုနှစ်မှာ ရုပ်ရှင်ရိုက်တာကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချက်ကတော့ ကျွန်တော် အရမ်းကို ပင်ပန်းလို့ပါ။ စဉ်းစားကြည့်ပါဦး။ ရှစ်နှစ်သား အရွယ်က စပြီးတော့ဗျာ၊ ဝူးရှူးကို တစ်နေ့ကို ရှစ်နာရီ နှုန်းနှင့် ဆယ်နှစ်ကြာ လေ့ကျင့်ခဲ့ရတယ်။ အဲဒီနောက် ရုပ်ရှင်ကားတွေ စရိုက်တာပဲ။ ပြီးတော့လဲ အားလုံးက အတူတူလိုပါပဲ။ နောက်ပြီး သတင်းထောက်တွေနှင့် စကားပြောတိုင်း ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြ ပေးဖို့ရာ အမြဲပဲ ချော့မော့ ပြောကြတော့တာပဲ။ ဒါပေမဲ့လဲ ထင်ပေါ်ကျော်ကြားတော့ လာ တာပေါ့လေ။ ဝင်ငွေကောင်းကောင်းရပါတယ်။ ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမားတော့လဲ ရှိတာပေါ့ဗျာ။


နှစ်တွေက ကုန်လွန်ခဲ့ပါပြီ။ အရွယ်အသီးသီးဟာ သူ့နည်းသူ့ဟန်နှင့်တော့ တွေးခေါ်နိုင်စွမ်းရှိတာပါပဲ။ ဒီတော့လဲ ဟိုဟိုဒီဒီ ဆုံးဖြတ်ချက်တွေ ချမိတာပါပဲ။ ရိုးရိုးသားသားပြောရရင် ပိုကျော်ကြားအောင် ဒါမှမဟုတ် အာဏာ ပိုရှိအောင်လုပ်ရတာကို ကျွန်တော် စိတ်မဝင်စာခဲ့ဘူးဗျ။ မေမေ့အတွက်၊ ကျွန်တော့မိသားစုနှင့် ကျွန်တော့ ကလေးတွေအတွက် မျှမျှတတရှိဖို့၊ သူတို့ကို ထောက်ပံ့ပေးဖို့ လုံလောက်ပါပြီ။ ကျွန်တော် အနားယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။

ဒီအချိန်မှာပေါ့ဗျာ ... လို ကုန်စန် ရင်ပိုချီ (Lho Kunsang Rinpoche) ကို တွေ့ပါတယ်။ သူက တိဗက်ဗုဒ္ဓ ဘာသာရဲ့ ဘာသာရေးဆရာတော်ကြီးပေါ့။ ဘာလို့ အနားယူတော့မှာလဲလို့ သူက ကျွန်တော့ကို မေးပါ တယ်။ “ဗုဒ္ဓတရားတော်ကို လေ့လာဖို့နှင့် ဘာသာတရား ကိုင်းရှိုင်းတဲ့ ဘဝနှင့် နေထိုင်ဖို့ပါဘုရား” လို့ လျှေက်ထားလိုက်တယ်။

“ဟင့်အင်း၊ မင်း အနားယူလို့ မရသေးပါဘူး” လို့ ရင်ပိုချီက မိန့်ပါတယ်။

အခုတော့ဗျာ ... ကျွန်တော့ရဲ့ အသက်မွေးမှုလုပ်ငန်းစဉ်မှာ ပညာသုတ ကြီးမားကြွယ်ဝတော်မူကြတဲ့ ဆရာသမားတွေကို တွေ့ထားရပါပြီ။ ပြီးတော့လဲ ကျွန်တော့ရဲ့ ကံကြမ္မာဟာ ဗုဒ္ဓဘာသာနှင့် ဆက်စပ် နေတယ်လို့ သူတို့တွေအားလုံးက မိန့်ကြတယ်ဗျ။ ရှောင်လင်ကျောင်းတော် (Shaolin Temple) ရုပ်ရှင်ကား ရိုက်နေစဉ်ကတောင်မှလေ၊ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်အတွက် ဘာသာရေး ထုံးတမ်း ဓလေ့တွေကို ကျွန်တော်လေ့လာနေစဉ်ပေါ့ဗျာ၊ ကျောင်းကလူတွေက “ခင်ဗျား ဘုန်းကြီးလုပ်သင့်ပြီ” လို့တောင် ကျွန်တော့်ကို ပြောကြတယ်လေ။ (ဒီတော့ ဒါရိုက်တာက “ဟင့်အင်း၊ စောင့်ပါဦး၊ မလုပ်သေးပါနဲ့ဦး၊ ဇာတ်ကား ပြီးအောင်ရိုက်ဖို့ ရှိသေးတယ်လေ” လို့ ပြောရသေးတယ်)။

ဒါပေမဲ့လဲ ငါဟာ ဗုဒ္ဓဘာသာကျင့်စဉ်လမ်းကို အမှန်တကယ် ရှာဖွေရမှာပဲလို့ အချိန်ကြာမြင့်စွာကို ကျွန်တော်ကလည်း ခံစားနေခဲ့ရပါပြီ။ ကျွန်တော် ရင်ပိုချီကို လျှောက်ထားမိတယ်။ “တခြားလူတွေအားလုံးက တော့ ဘုန်းကြီးဖြစ်လာဖို့၊ သို့မဟုတ် လောကီဘောင်ကို စွန့်ခွါပြီး ပိဋကတ်ကျန်းဂန်တွေလေ့လာဖို့ တပည့် တော်ကို တိုက်တွန်းနေကြပါပြီ။ ဒါပေမဲ့ အားလုံးရဲ့အရှင် ဆရာသခင်ကတော့ “အလုပ်ဆီကို ပြန်ပါ” လို့ မိန့်နေတာပါ။”

“ဒီတစ်သက်တာမှာ မင်းရဲ့တာဝန်က မပြီးသေးဘူး” လို့ ဆရာတော်က မိန့်ပါတယ်။

ကျွန်တော်က မေးလိုက်တယ်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တပည့်တော် ရခဲ့တာတွေ၊ ပေးနိုင်စွမ်း ရှိခဲ့ပြီးတာတွေနှင့် တပည့်တော် ကျေနပ်တင်းတိမ်ပါပြီ။ တပည့်တော်ရဲ့ အသက်မွေးမှုလုပ်ငန်း၊ တပည့် တော်ရဲ့ ကျော်ကြားမှု၊ တပည့်တော်ရဲ့မိသားစုနှင့် တပည့်တော် ကျေနပ်ပါပြီ။ လုပ်ဖို့ ကြံစည်ထားတာတွေ အားလုံး ပြီးမြောက်ပြီးပါပြီဘုရား။”

“မင်းရဲ့တာဝန်ဆိုတာ တစ်ဦးတစ်ယောက်ကိုအကြွေးတင်တာမျိုး မဟုတ်ပါဘူးကွာ။ မင်းမှာ ပိုပြီးကြီးမားတဲ့ တာဝန်ကြီး ရှိနေသေးတာကို ပြောတာပါ။”

“ကောင်းပါပြီ၊ အဲဒါ ဘာလဲဆိုတာ မိန့်ပါ။ အဲဒါ ဘာလဲဆိုတာ သိရရင် ဒီတာဝန်ကိုယူဖို့ တပည့်တော် သဘော တူချင်မှတူမယ်။ ငြင်းပယ်ကောင်း ငြင်းပယ်ပါမယ်” လို့ ပြန်လျှောက်လိုက်တယ်။
“မင်းကို ထုပ်ပြောလို့ မဖြစ်ပါဘူးကွာ။ အတွေ့အကြုံကတဆင့် မင်းဖာသာမင်း သဘောပေါက်လာပါလိမ့် မယ်”လို့ သူက ဖြေတယ်လေ။

“ကောင်းပါပြီ။ ဆရာက ဒီလိုဆိုရင် အဲဒါကို တပည့်တော် ရှာဖွေပါ့မယ်” လို့ သံသယနှင့်ပဲ လျှောက်လိုက် ပါတယ်။ သူဘာတွေပြောနေတယ်ဆိုတာ ကျွန်တော် မသိဘူး။

ဒါပေမယ်လို့ တချိန်တည်းမှာလေ၊ ရုပ်ရှင်ကားတွေ ဆက်ရိုက်နေဖြစ်တယ်ဗျ။ ကျွန်တော် Lethal Weapon 4 ကို ရိုက်တယ်။ ဒိနောက်တော့ တစ်နှစ် နှစ်နှစ်လောက် ဒီတာဝန်ဆိုတာကြီးက ဘာကြီးများဖြစ်လေမလဲလို့ နားလည်လာသည်တိုင်အောင် ကြိုးစားရင်း အချိန်တွေ အများကြီးကုန်ခဲ့ပါတယ်။

အမေရိကမှာရှိနေတဲ့ ကျွန်တော့ထံ ရင်ပိုချီ အလည်လာတဲ့အချိန်မတိုင်မီ သူဆိုလိုတာကို အရိပ်အမြွက် တော့ သိရပြီလို့ ကျွန်တော် စပြီးခံစားလာရပြီ။ ကျွန်တော်လုပ်ရမည့် အရာနှင့်ပတ်သက်လို့ သဲလွန်စ အများ အပြားကို ကျွန်တော် တွေ့ထားပြီးပြီ။ အဲဒါက ရုပ်ရှင်ကားတွေရိုက်ဖို့ရာ ကျွန်တော့် စိတ်ရင်းစေတနာနှင့် ဆက်စပ် ပတ်သက်နေတယ်လေ။

ခက်ခဲပင်ပန်းလှပြီး ဒဏ်ရာရဖို့ အန္တရာယ်အမြဲရှိနေတဲ့ ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကို ဆက်လုပ်ဖို့ ဘယ်လို အကြောင်းတရားမျိုးကများ င့ါကို လှုံ့ဆော်ပေးနေပါလိမ့်မလဲ။ ရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်တော်က ငွေကိုပဲဖြစ်ဖြစ်၊ ကျော်ကြားမှုကိုပဲဖြစ်ဖြစ် ထပ်ပြီး မမက်မော မကပ်ငြိတော့တဲ့ လူမျိုးလေ။ ကျွန်တော့မိသားစုကို စောင့်ရှောက်ထောက်ပံ့ဖို့ ငွေလုံလုံလောက်လောက်ရအောင် အချိန် အကြာကြီး ကျွန် တော် ရှာခဲ့ပြီးပြီပဲဗျာ။

ပြီးတော့လဲလေ ကျွန်တော်တို့တွေ သိကြတဲ့အတိုင်းပါပဲ၊ ကျော်ကြားမှုဆိုတာဗျာ တဒင်္ဂ တစ်ခဏပါပဲ။ သမိုင်းတစ်လျှောက်မှာ ထင်ပေါ်ကျောင်ကြားတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲဗျာ။ ဟောလိဝုဒ် တစ်နေရာတည်းမှာပဲ ရုပ်ရှင်မင်းသား ဘယ်နှစ်ယောက်ရှိလဲ။ အဲဒီထဲက ဘယ်နှစ်ယောက် မှတ်ဉာဏ်ထဲက လျော့ပါးပျောက်ကွယ်သွားပြီလဲ။

အချိန်က အရာရာတိုင်းကို တိုက်စားသွားပါတယ်။ ဆယ်ကျော်သက်တွေဟာ ပြီးခဲ့တဲ့ မျိုးဆက်က ရုပ်ရှင်သရုပ်ဆောင်တွေကိုတောင် သိကြတော့တာမှ မဟုတ်တာ။ ဂုဏ်သတင်းကြီးမှုရဲ့ သွေးဆောင် လှည့်ဖြားမှုကို ကောင်းကောင်းကြီး သဘောပေါက်ရင် ခင်များကို အဓမ္မကြီးမောင်းနှင်နေတဲ့ အဲဒီ လည့်ဖြားမှုကို မောင်းနှင်ခွင့် မပေးဘူးဆိုတာ သေချာပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတာဝန်ကြီးကို ကျွန်တော် မနှစ်က သဘောပေါက်နားလည်လာတယ်ဗျ။ ကျွန်တော့မှာ ဗုဒ္ဓဘာသာကို အနောက်ကမ္ဘာကို ကူညီ မိတ်ဆက်ပေးဖို့ တာဝန်တစ်ရပ် ရှိတယ်လေ။ အစဉ်အလာနည်းလမ်းနှင့်လဲ မဟုတ်သလို အစဉ်အလာ ဆက်သွယ်ရေးနည်း နှင့်လဲ မဟုတ်ဘူးလေ။

ဗုဒ္ဓဘာသာမှာ အဓိကကျတဲ့ အယူအဆကြီးတွေ အများကြီး ရှိပါတယ်။ အခုလောလောဆယ်တော့ အဲဒီထဲက နှစ်ခုကိုပဲ ကျွန်တော် ပြောပါ့မယ်။ အယူအဆတစ်ခုက ကံတရားဗျ။ အဲဒီကံဆိုတာဗျာ - ခင်ဗျားရဲ့ ကံကြမ္မာကို စီမံဖန်တီးပေးတဲ့ အပြုအမူတွေ လုပ်ဆောင်ချက်တွေပေါ့။ တခြားတစ်ခုက မေတ္တာ ဒါမှမဟုတ် ကရုဏာတရားပါ။ လူတိုင်းလူတိုင်းကို မေတ္တာနှင့်ယှဉ်ပြီး ဆက်ဆံတဲ့ တရားပေါ့။

လူတိုင်းလူတိုင်းဟာလေ ဘယ်လောက်ထိ ညည်းညူနေချင်ကြတာကို ကျွန်တော် စပြီးသတိထားမိတယ်။ သူတို့တွေရဲ့ ကျန်းမာရေး၊ အလုပ်အကိုင်၊ အလုပ်ရှင်၊ ဆက်ဆံရေး၊ သူတို့တွေရဲ့ မိသားစုနှင့်ပတ်သက်ပြီး ညည်းညူချင်ကြတာပါ။ လူတွေကဗျာ သူတို့တွေရဲ့ဘဝတွေ ဘာတွေများဖြစ်နေပါလိမ့်၊ တခြားလူတွေ အားလုံးက သူတို့တွေရဲ့ဘဝကို ဘယ်လိုများ ခက်ခဲအောင်လုပ်နေပါလိမ့် ဆိုတာတွေနှင့် ပတ်သက်ပြီး တစ်ချိန်လုံး ငြီးတွားပြောဆိုနေကြတာပါ။ ဒါပေမယ်လို့လဲ ခင်ဗျားမှာ ဖြစ်လာနေတာတွေက မဝေးလှတဲ့ အတိတ်ကာလကပဲ ခင်ဗျားရဲ့ အပြုအမူတွေက ဖန်တီးထားတာတွေပါ။ အလားတူပါပဲ ဒီဘဝမှာ ခင်ဗျားလုပ်ထားတာတွေ - ခင်ဗျားရဲ့ အပြုအမူ အလုပ်အကိုင်တွေ၊ စကားတွေ၊ အမူအရာတွေ အားလုံးဟာ နောက်ဘဝမှာ ခင်ဗျားဘာဖြစ်မယ်ဆိုတာကို စီမံဖန်တီးပေးတယ်လေ။ အခု ခင်ဗျားဘဝရဲ့အဆုံးမှာ ကိုယ်ပိုင် account statement တစ်ခုကို ခင်ဗျားရေးပေးရပြီလို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ တခြားလူတွေကိုတော့ ခင်ဗျား ဖုံးကွယ်လို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ ခင်ဗျား လိမ်လို့မရပါဘူး။ ဘယ်သူ့ကို ခင်ဗျား ညည်းညူတယ်၊ ဘယ်လုပ်ငန်း တာဝန်တွေကတော့ဖြင့် မပြီးဆုံးပဲထားခဲ့ရပြီ၊ ဘယ်ကတိစကားတွေ ပျက် ကွက်ခဲ့တယ်ဆိုတာတွေ ခင်ဗျား သိပါတယ်။

အဲဒါကိုသာ ဒီနည်းနှင့် ခင်ဗျားတွေးကြည့်လိုက်မယ်ဆိုရင် အတော်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်ကွက် တစ်ခုတော့ ခင်ဗျား ဖန်တီးပြီးသွားပြီလို့ ပြောလို့ရသွားပြီပေါ့။ စိတ်ဝင်စားဖွယ်ရာ လှုံ့ဆော်မှုတွေ၊ ဖြေရှင်း မပြီးသေးတဲ့ ပြဿနာတွေ၊ သူ (သို့မဟုတ်) သူမ တိုက်ရိုက်ပြောဖို့ လိုအပ်မယ့် ဒါမှမဟုတ် နောက်တစ်ကြိမ် ကျရင် အစားပေးရမယ့် ဒီလိုမှ မဟုတ်သေးရင်လဲ အမှန်ဖြစ်အောင် ပြင်ရဦးမယ့် အမှားတွေ အဲဒီလိုဟာမျိုးတွေ အားလုံးနှင့် ဇာတ်ဆောင်စရိုက်တစ်ခု ဖြစ်လာနိုင်အောင်ပေါ့။ စင်စစ်တော့ ခင်ဗျားဟာ နောက်ဘဝအတွက် ဇာတ်ညွှန်း တစ်ပုဒ်ကို အမြဲမပြတ် ရေးနေပါတယ်လို့ ပြောရင် ပြောလို့ရပါတယ်။ ဒါမှမဟုတ် ခင်ဗျားရဲ့ လက်ရှိ အခြေ အနေကို ငြီးငြူတဲ့အခါ နှစ်ကြိမ်တွေးလို့ရတာပေါ့။ - ဘာလို့လဲဆိုတော့ ဒါကို ဖြစ်လာအောင်လုပ်တဲ့ အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ခင်ဗျားထင်သလဲ။ တစ်ချို့အခိုက်အတန့်မှာ ကပြဖို့ အချို့ ဇာတ်ကောင် စရိုက်တွေကို ဘယ်သူက စီစဉ်ခဲ့တယ်လို့ ခင်ဗျားထင်သလဲ။ ဇာတ်လမ်းထဲမှာ ကြေကွဲဖွယ်ရာ အကွေ့ အကောက်တွေ၊ နောက်ပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနှင့် အခြေအနေတွေကို ဘယ်သူက ပုံဖေါ်ခဲ့တာလဲ။ ကံတရားကပဲ ဇာတ်ညွှန်းရေးပြီး ခင်ဗျားရဲ့ကံတရားအတွက် ခင်ဗျားတစ်ယောက်ထဲမှာပဲ တာဝန်ရှိတာပါ။ လူအများကသာ ကံတရားကို ဒီလိုတွေးကြရင် ကမ္ဘာကြီးဟာ အလွန်ကိုပဲ ထူးခြားလာနိုင်ပါတယ်။ ညည်းညူတာတွေလဲ လျော့ပါးသွားမယ်။ လူတွေလည်း သူတို့ရဲ့ စိတ်နေသဘောထားကို အပြောင်းလဲကြီး ပြောင်းလဲအောင် လုပ်နိုင်လောက်ပါတယ်။ တခြားလူတွေအပေါ် ပိုကောင်းလာနိုင်ပါတယ်။ ပြီးတော့ ပိုမိုပြီး မေတ္တာတရား ရှေးရှုတဲ့နည်နှင့် စပြီးပြုမူ ဆက်ဆံလာနိုင်ပါတယ်။

ဒါက တကယ့် အပေါ်ယံလေးပါ။ ကျွန်တော် နေ့စဉ်နေ့တိုင်း အသစ်အသစ်တွေကို လေ့လာနေရဆဲပါ။ ယခုအခါမှာတော့ ရုပ်ရှင်ရိုက်ရာမှာ ကျွန်တော့ရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်က ရုပ်ရှင်မဟုတ် ဘူးဗျ။ အဲဒီအစား ရုပ်ရှင် တီဗွီ သို့မဟုတ် အင်တာနက်ဆိုတဲ့ ကြားခံဆက်သွယ်ရေး နည်းလမ်းကိုသုံးပြီး ဗုဒ္ဓဘာသာ နှင့်ပတ်သက်လို့ ကျွန်တော့ရဲ့ နားလည်မှုတွေကို နားထောင်လို ကြားလိုကြသူတွေနှင့် မျှဝေဖို့က ကျွန်တော့ ရဲ့ မျှော်လင့်ချက်ပါ။ အနာဂတ်ကာလမှာ အရှိန်အဝါ ဒါမှမဟုတ် ငွေကြေး ပိုရမယ်ဆိုရင် ဒီတာဝန်ကို ပြီးပြတ် အောင် ကူညီဆောင်ရွက်ရာမှာ သုံးစွဲဖို့ ကြံစည်စိတ်ကူးထားပါတယ်။ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ၊ ရင်ပိုချီတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ နာမည်ကျော်ကြား လူသိများကြတာ မဟုတ်လေတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ သင်ကြားချက်တွေကို ဘယ်သူမှ အာရုံမစိုက်မိဘူး ဖြစ်နေတယ်။ ကျွန်တော် သူတို့ရဲ့ ဉာဏ်ပညာကို ဝိုင်းပြီး ဖြန့်ဖြူးပေးချင်ပါတယ်။ သူတို့တွေရဲ့ ဒဿနနှင့် ပတ်သက်လို့ အနည်းအကျဉ်း ပြောပြပေးဖို့နှင့် လူ့ဘဝဖြစ်တည်မှုဇာတ်လမ်းမှာ မေတ္တာတရားက ဘယ်လို အရေးပါတဲ့ အခန်းက ပါဝင်ကပြနေတယ် ဆိုတာကို ပြောပြပေးဖို့ ဆက်သွယ်ရေး (media) ကို သုံးနိုင်စွမ်း ကျွန်တော့မှာ ရှိပါတယ်။ ဒါဟာ အခုအခါ ကျွန်တော်ရဲ့ အရင်းခံအကြောင်းတရားပါပဲ။ ကျွန်တော်ကိုယ်တိုင် အတွက်တော့ နောက်ထပ် ရုပ်ရှင်ကားတွေကို မရိုက်တော့ပါဘူး။ ကျွန်တော်ဟာ အနားယူလို့ မရသေးဘူးဆိုတာ အခုတော့ သဘောပေါက်လာပါပြီ။ ကမ္ဘာကြီးမှာ ပိုမိုကြီးမားတဲ့ ဉာဏ်ပညာနှင့် သဘာဝပိုကျတဲ့ အပြုအမူဖြစ်လာအောင် ဝိုင်းဝန်းပြီး လှုံ့ဆော် ပေးကောင်းပေးနိုင်တဲ့ ရုပ်ရှင် ဇာတ်ကား အနည်းငယ် မရိုက်ရသေးခင်တော့ အနားယူလို့ မရသေးပါဘူး။ လက်မှတ်ရောင်းတဲ့ နေရာက ပြန်လှည့်တာထက် အဝေးဆို အဝေးကြီးကို မျှော်ကြည့်နေပါတယ်။

ကရုဏာတရားနှင့် အကန့်အသတ်မဲ့ မေတ္တာတရားဆိုတဲ့ ဗုဒ္ဓဒဿနကို မြှင့်တင်ပေးဖို့ ကျွန်တော့ အပိုင်းကို ကျွန်တော် လုပ်ချင်တာသက်သက်ပါ။ ဒီဘဝတစ်သက်တာမှာ လူဖြစ်ရခြင်းဆိုတဲ့ အခွင့် အရေးကို အကျိုးအရှိဆုံးဖြစ်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာ အချို့လူတွေ နားလည် လာအောင်လို့ပါ။ နည်းနည်း လေးပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော် ကိုယ့်ပရိတ်သတ်တွေကို ဘာသာတရား ပြောင်းဖို့ ကြိုးစားနေတာ မဟုတ်ရပါဘူး။ သတင်းအချက်အလက် ကမ်းပေးရုံလေးပါ။ ဒီလိုမှမဟုတ်ရင် ကြုံကြိုက်ချင်မှ ကြုံကြိုက်မယ့် အယူအဆတွေကို လှစ်ပြ ထိတွေ့စေဖို့သက်သက်ပါ။ သတင်းစကားကို သူတို့တွေ စိတ်မဝင်စားရင် ဒါကို သတိတောင် ထားမိကောင်းမှ ထားမိမှာပါ။ နားဆင်ဖို့ အသင့်ပါပဲ ဆိုရင်တော့ သူတို့တွေ ကြားပါလိမ့်မယ်ဗျာ။


Sasana Abhiwurdhi Wardhana Society မှ April 2009 တွင် ရိုက်နှိပ်ထုပ်ဝေသည့် How to Develop Happiness in Daily Living, Features & Interviews with Buddhist Celebrities စာအုပ်မှ Jet Li ၏ “Our Actions Determine our Destiny ကို တိုက်ရိုက် ဘာသာပြန်ဆိုပါသည်။


ဘုန်းဉာဏ်
Sitiawan, Malaysia
Thu 18/02/2010