Pages

Feb 28, 2010

What is Kamma?

ကံဟူသည် …

ကမ္မဟူသည် ပါဠိစကားလုံးဖြစ်ပြီး အပြုအမူ ဝါ အလုပ်ဟု အဓိပ္ပါယ်ရသည်။ သက္ကဋဘာသာဖြင့် ကရ်မ - ဟု ခေါ်သည်။ ကမ္မသည် ကောင်း၊မကောင်းသော အပြုအမူ ဝါ အလုပ်ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ်ရသည်။ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ပြုမူ ပြောဆို ကြံစည်အပ်သော စေတနာပါသော ပြုမူ ဆောင်ရွက်ချက်အားလုံး အကြုံးဝင်သည်။ ပရမတ္ထအဓိပ္ပါယ်ဖြင့်မူ ကမ္မ (ကံ)ဟူသည် စေတနာ (စေတသိက်)ဟု အဓိပ္ပါယ်ရသည်။ “အို ရဟန်းတို့ စေတနာကိုပင် ကံဟု ငါဟောကြားတော်မူ၏၊ စေ့ဆောာ်၍ (စေတနာပါ၍) တစ်စုံတစ်ယောက်သည် ကိုယ် နှုတ် နှလုံးဖြင့် ပြုမူပေသည်” ဟု မြတ်ဗုဒ္ဓ ဟောတော်မူသည်။(အင်္ဂုတ္တရနိကာယ်၊ အတွဲ ၃၊ စာ ၄၁၅)။

ကံသည် ကံသာပဓာနဝါဒ (fatalism)လည်း မဟုတ်သလို ကြိုတင် သတ်မှတ်ပြဌာန်းခံဝါဒ (predeter-mination) လည်း မဟုတ်ပေ။ အတိတ်ကံသည် ပစ္စုပ္ပန်ကို (တစ်စုံတစ်ရာ) သက်ရောက်မှု ရှိသည်ကားမှန်၏၊ သို့သော် စိုးမိုးအုပ်ချုပ်နိုင်ခြင်း ကား မရှိပေ။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံသည် အနာဂတ်ကို သက်ရောက်မှု ရှိပါသည်။ အတိတ်ကံသည် တစ်ခဏမှ တစ်ခဏသို့ ဖြတ်သန်းနေသော ဘဝကိုမှီနေသည့် နောက်ခံအကြောင်း အချက်မျှသာ ဖြစ်ပါသည်။ အနာဂတ်ကံသည် ရောက်ရှိရရှိလာရဦးမည့် ဘဝဖြစ်သည်။ ပစ္စုပ္ပန်ကာလ (အခိုက် အတန့်)သာလျှင် တည်ရှိ၍ ယင်းကို အကောင်းအတွက် အသုံပြုမည်၊ အဆိုဘက် အသုံး ပြုမည်ဆိုသည့် တာဝန်မှာကား ပုဂ္ဂိုတစ်ဦးချင်းပေါ်တွင် မူတည်ပါသည်။

အပြုအမူတိုင်း ဝါ ကံတိုင်းသည် အကျိုးသက်ရောက်မှုရှိသည်။ ကံသည် ပထမတွင် အကြောင်းတရားဖြစ်ပြီး နောက်ပိုင်းတွင် အကျိုးတရား ဖြစ်သွားသည်။ ဒါကြောင့် ကံကို “ကြောင်းကျိုး နိယာမတရားဟု ခေါ်ကြသည်။ ဥပမာဆိုရသော် ကျောက်ခဲတစ်လုံးကို ပစ်ပေါက်လိုက်ခြင်း သည် ကံ (အပြုအမူ) ဖြစ်သည်။ ကျောက်ခဲသည် မှန်ပြူတင်းကို ထိမှန်၍ မှန်ပြူတင်း ကွဲသွားသည်။ ကွဲသွားခြင်းသည် ကျောက်ခဲတစ်လုံးကို ပစ်ပေါက်လိုက်ခြင်းကံ၏ အကျိုးတရားဖြစ်သည်။ သို့သော် ပြူတင်းကွဲသွားခြင်းသည် အဆုံးစွန်သောတရား မဟုတ်ပေ။ ကွဲပျက်သွားသော ပြူတင်းသည် ဖြစ်ပေါ်လာမည့် ဒုက္ခသုက္ခများ၏ အကြောင်းတရား ဖြစ်လာပြန်သည်။ ယင်းပြူတင်း ကို အစားထိုးရန် ငွေသုံးရမည်။ ထို့ကြောင့် စုမည့်ငွေ မစုနိုင်၊ သို့မဟုတ် ကိစ္စတစ်စုံတစ်ရာအတွက် မိမိဝယ်ချင် နေတာလေး မဝယ်နိုင်တော့။ မိမိအပေါ် ကျရောက်လာသည့် ယင်း၏အကျိုးကား စိတ်ပျက်စိတ်ထိခိုက်ရမှုပင် ဖြစ်သည်။ ဤအချက်က မိမိကို စိတ်ကသိကအောင့် ဖြစ်စေနိုင်ပြီး သတိလက်လွတ် ဖြစ်သွားပါက ယင်း စိတ်ကသိကအောင့် ဖြစ်မှုကိုပင် အခြားအမှားတစ်ခု ပြုလုပ်မိရန် အခွင့်ပေးရာရောက်တော့မည်။ ကံ၏ အကျိုးတရားကား ဆုံးခန်းတိုင်ခြင်းမရှိမူ၍ ကံတရားသည်လည်း မဆုံးနိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့၏ အပြုအမူများ (ကံ)နှင့် ပတ်သက်၍ အလွန်သတိထားသင့်သည်။ သို့မှသာ အကျိုးတရားကောင်းပေမည်။ ထို့ကြောင့် ကောင်းသောကံ၊ ကောင်းကျိုပေးမည့်ကံကို ပြုလုပ်ရန်လိုအပ်ပေသည်။ ယင်းကံသည် ကံကောင်းခြင်းအဖြစ် ရောက်ရှိလာမည်ဖြစ်ပြီး၊ ပိုမိုကောင်းမြတ်သောကံကို ကျွန်ုပ်တို့ စတင်ြပုလုပ်ရန် လုံလောက်စေမည် ဖြစ်သည်။

ရေကန်ထဲသို့ ကျောက်ခဲတစ်လုံးကို ပစ်ချလိုက်ပြီ်း ယင်း၏အကျိုးတရားကို စောင့်ကြည့်ပါ။ ဗွက်ခနဲမည်ပြီး ကျေက်ခဲထိမှန်သော နေရာတစ်ဝိုက်တွင် လှိုင်းကွင်းလေးများ များစွာပေါ်လာသည်။ လှိုင်းကွင်းလေးများ မည်သို့မည်ပုံ ကျယ်ကျယ်လာသည်ကို ကြည့် ကြည့်ပါ။ လှိုင်းကွင်းများ အလွန်ကျယ်သွားပြီး ကျွန်ုပ်တို့ လိုက်မကြည့်နိုင်လောက်အောင် သေးလွန်းသွားသည်ကို ကြည့်ကြည့်ပါ။ ကျောက်ခဲလေးက ရေကန်ထဲရှိရေကို ဖွလိုက်သည်၊ သို့သော် ဖွမှုကား မပြီးဆုံးသေးပေ။ ရေလှိုင်းငယ်လေးများ ရေကန်နှုတ်ခမ်း သို့ ရောက်သည့်အခါ ရေသည် ရေစတင်ပွက်စေသည့် ကျောက်တုံးသို့ ရောက်သည်တိုင်အောင် ပြန်ရိုက်ခတ်သွားသည်။

ကျောက်တုံးထံ ရေလှိုင်းပြန်လာသကဲ့သို့ ကျွုန်ုပ်တို့၏ ကောင်းကံ မကောင်းကံများသည်လည်း ကျွန်ုပ်တို့ထံ ပြန်လာသည်။ မကောင်းသောစိတ်ထားဖြင့် အပြုအမူ (ကံ)များကို ပြုလုပ်သမျှကာလပတ်လုံး မကောင်းကျိုး တည်းဟူသော ရေလှိုင်းသစ် လေးများက ကျွန်ုပ်တို့ထံ ပြန်လည်ရိုက်ခတ်လာပြီး ကျွုန်ုပ်တို့အား မွှေနှောက်ပေမည်။ ကျွန်ုပ်တို့သည် မေတ္တာ ကရုဏာ လက်ကိုင်ထားပြီး ငြိမ်းချမ်းစွာ နေနှိုင်ပါက ပြန်ရိုက်ခတ်လာသည့် ဒုက္ခလှိုင်းလေးများသည် ပျေက်ကွယ်သွားသည့်တိုင်အောင် အားနဲနဲသွားပြီး ကျွန်ုပ်တို့၏ ကောင်းသောကံများသည် ဝမ်းသာစရာအဖြစ်ဖြင့် ကျွန်ုပ်တို့ထံ ပြန်လာပေမည်။ ဥပမာ - သရက်စေ့ ကို စိုက်ပျိုးပါက သရက်ပင်ပေါက်ပြီး သရက်သီးသီးသကဲ့သို့လည်းကောင်း၊ ငရုပ်စေ့စိုက်က ငရုပ်ပင်ပေါက်ပြီး ငရုပ်သီး သီး သကဲ့သို့ လည်းကောင်း ဖြစ်ပါသည်။ မြတ်ဗုဒ္ဓဟောကြားတော်မူသည်မှာ -

စိုက်ပျိုးထားသော မျိုးစေ့အတိုင်း၊

ထိုအပင်မှအသီးကို သင် ရိတ်သိမ်းရပေသည်။

ကောင်းမှုပြုလေ့ရှိသူ ကောင်းကျိုးရပြီး၊

မကောင်းမှုပြုလေ့ရှိသူ မကောင်းကျိုး ရိတ်သိမ်းရသည်။

စိုက်ပျိုးသောအပင်မှ အသီးကို ခံစားသုံးဆောင်ရပေလိမ့်မည်။

(သံယုတ္တနိကာယ်၊ အတွဲ ၁၊ စာ ၂၂၇)

ကျွန်ုပ်တို့ထံရောက်လာသမျှသည် မှန်ကန်ပါသည်။ ကောင်းတာရောက်လာပြီး ကျွန်ုပ်တို့ကို ပျော်ရွှင်စေသောအခါ ကျွန်ုပ်တို့ပြု လုပ်ခဲ့သည့်ကံသည် မှန်ကန်၊တရားသည်ဟု ကျွန်ုပ်တို့ကို ပြသရန် ရောက်လာပေပြီဟု အသေအချာ သိနိုင်တော့သည်။ မကောင်းတာ မနှစ်သက်ဖွယ်ရာ ရောက်လာပြီး နာကျင်စေ သို့မဟုတ် စိတ်ဆင်းရဲစေပြန်တော့ ကျွန်ုပ်တို့၏ အမှားကို ထောက်ပြ ဖို့ရန် ရောက်လာချေပြီဟု အသေအချာ သိနိုင်ပြန်ပါသည်။ ကံတရားကား အမြဲတမ်း တရားမျှတ မှန်ကန်သည်ကို မမေ့အပ်ပေ။ ကံသည် အချစ် အမုန်းမရှိ၊ ဆုလာဘ်လည်း မပေးတတ်သလို အပြစ်လည်း မပေးတတ်ပေ။ စိတ်ဆိုးခြင်း၊ သဘောကျနှစ်သက် ခြင်း အလျှင်း မရှိတတ်ပေ။ ကြောင်းကျိုးနိယာမတရား သက်သက်သာ ဖြစ်ပါသည်။

ကံသည် ကျွန်ုပ်တို့အကြောင်း ဘာမျှမသိပေ။ ကျွန်ုပ်တို့ကို မီးလောင်သည့်အခါ မီးသည် ကျွန်ုပ်တို့ကို သိပါသလား။ မသိပါ။ လောင်တတ် အပူဓာတ်ကို ထုပ်လွှတ်တတ်သည်မှာ မီး၏ သဘောသဘာဝဖြစ်ပါသည်။ မီးကို မှန်မှန်ကန်ကန် ကျကျနန အသုံးပြု ပါက အလင်းရောင်ကို ပေးသည်၊ အစားအစာ ချက်ပြုတ်နိုင်သည်၊ မလိုအပ်သည်တို့ကို ရှို့ပစ်နိုင်သည်။ ကျကျနန အသုံးမပြု ပါက ကျွုပ်တို့ကိုရော ပစ္စည်းဥစ္စာတို့ကိုပါ လောင်ကျွမ်းပစ်တတ်သည်။ မီး၏ကိစ္စမှာ တောက်လောင်ရန်ဖြစ်ပြီး၊ ကျွန်ုပ်တို့ကိစ္စမှာ နည်းလမ်းတကျ အသုံးပြုရန်ဖြစ်သည်။ ကျွန်ုပ်တို့ကို မီးလောင်သည့်အခါ ဒေါသထွက်ပြီး မီးကို အပြစ်တင်နေပါက မိုက်မဲရာ ရောက်ပေတော့မည်၊ အကြောင်းမှာ အမှားကို ကျွန်ုပ်တို့က ပြုသောကြောင့်ပင်။

ဤကမ္ဘာတွင် မညီမျှမှုများ၊ ကံကြမ္မာအမျိုးမျိုးကား ရှိပါသည်။ ဥပမာ တစ်ဦးသည် နိမ့်ကျပြီး အခြားတစ်ဦးမှာ မြင့်မားသည်။ တစ်ဦးမှာ မွေးကင်းစအရွယ်တွင်ပင် ဆုံးပါး၍ အခြားတစ်ဦးသည် အသက်ရှစ်ဆယ် တစ်ရာ ရောက်မှ ကွယ်လွန်ရသည်။ တစ်ဦးမှာ ရောဂါထူပြော၊ ချိနဲ့အားနည်း၍ အခြားတစ်ဦးမှာ ကျန်းမာသန်စွမ်းသည်။ တစ်ဦးမှာ စည်းစိမ်ဥစ္စာခြံရံ၍ ကြီးလာရပြီး အခြားတစ်ဦးမှာ ဒုက္ခများကြားတွင် ကြီးပြင်းလာရသည်။ တစ်ဦးမှာ သန်းကြွယ်သူဌေးအဖြစ် မွေဖွားလာပြီး အခြားတစ်ဦးမှာ ဆင်းရဲသားအဖြစ် မွေးဖွားလာရသည်။ တစ်ဦးမှာ ဉာဏ်ပညာ ထက်မျက်ထူးချွှန်သူအဖြစ် မွေးလာပြီး အခြားတစ်ဦးမှာ လူအလူနအဖြစ် မွေးဖွားလာသည်။

ကမ္ဘာလောကကြီးတွင် တည်ရှိနေသည့် မညီမမျှမှုများ၏ အကြောင်းကား အဘယ်ပါနည်း။ ဤမတူကွဲပြားမှုများကား အခွင့် တိုက်ဆိုင်မှုသက်သက် (blind chance) ကြောင့်ပါဟု ဗုဒ္ဓဘာသာဝင်တို့က မယုံကြည်နိုင်ပေ။ သိပ္ပံပညာသည်ပင် အမှန်တော့ chance သီအိုရီ အားလုံးကို ပယ်သည်။ သိပ္ပံပညာရှင်တို့လောကတွင် အရာအားလုံးသည် ကြောင်းကျိုးနိယာမ အတိုင်း ဖြစ်ပျက်နေသည်။ ကမ္ဘာလောကကြီး၏ မညီမျှမှုများမှာ ဖန်ဆင်းရှင် ထာဝရဘုရားကြောင့်ပါလို့လည်း ဗုဒ္ဓဘာသာဝင်တို့က မယုံကြည်နိုင်ပေ။

ဗုဒ္ဓလက်ထက်တော်အခါက ပျံ့နှံ့ခေတ်စားခဲ့သော အမြင်သုံမျိုးအနက် တစ်မျိုးမှာ ---

သုခ၊ ဒုက၊္ခ သုခလည်းမဟုတ် ဒုက္ခလည်းမဟုတ်သော ဥပေက္ခာဝေဒနာတွင် မည်သည့် ဝေဒနာကို ခံစားသည် ဖြစ်စေ၊ ထိုတွေ့ကြုံခံစားရမှုမှာ မဟာဗြဟ္မာ၏ ဖန်ဆင်းမှုကြောင့်တည်း ဟူ၍ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ၊ အတွဲ ၁၊ စာ ၁၅၈)။

ဤကံကြမ္မာပဓာနဝါဒအမြင်ကို သုံးသပ်ဝေဖန်ရာတွင်

“အဲဒီလိုဆိုလျှင် လူများသည် လူသတ်သမားများ၊ သူခိုးသူဝှက်များ၊ မမြတ်သော အကျင့်ကို ကျင့်သူများ၊ လူလိမ် လူညာများ၊ ကုန်းချောစကား ပြောဆိုသူများ၊ ကြမ်းတမ်းသောစကားကို ပြောဆိုသူများ၊ အဓိပ္ပါယ်မရှိ ပေါက်ကရ ပြောသူများ၊ သူများ စည်းစိမ်ကို မက်မော ရလိုသူများ၊ ပျက်စီးစေလိုစိတ် (ဗျာပါဒ) ရှိသုများနှင့် မိစ္ဆာဒိဋ္ဌိများသည် လောကကိုအစိုရသူ (Supreme Deity)၏ ဖန်ဆင်းမှုကြောင့် ဖြစ်လာရခြင်း ဖြစ်ပေလိမ့်မည်။ ဤသို့လျှင် ဖန်ဆင်းရှင် (God)၏ ဖန်ဆင်းခြင်းကို အဓိက အကြောင်းအဖြစ်ဖြင့် ယုံကြည်စွဲလမ်းကြသူတို့အား ပြုလုပ် ဆောင်ရွက်လိုသည့်ဆန္ဒလည်း ရှိတော့မည်မဟုတ်။ ဤကိစ္စကို ပြုလုပ် မည်၊ သို့မဟုတ် ထိုအပြုအမူမှ ရှောင်ကြဉ်ရမည်ဟူသော လိုအပ်ချက်လည်း ရှိတော့မည်မဟုတ်ပေ။ (အင်္ဂုတ္တရနိကာယ၊ မဟာဝဂ်၊ တိတ္ထာဝတနသုတ်၊စာ ၁၇၃) ဟု မြတ်ဗုဒ္ဓက မိန့်တော်မူပါသည်။

မိမိကိုယ်ကို ညှင်းဆဲသည့်အကျင့် (အတ္တကိလမထာနုယောဂအကျင့်)ကျင့်သူ အဝတ်မဝတ်သည့် ပရဗိုက် တစ်ဦးအား ရည်ညွှန်း၍ ---

အို ရဟန်းတော်တို့ ဗြဟ္မာ (God) ဖန်ဆင်းခြင်း၏ အကျိုးကြောင့် သတ္တဝါတို့သည် ဆင်းရဲခြင်း ချမ်းသာခြင်းတို့ကို ခံစားရသည်ဟု ဆိုလျှင် ဤအဝတ်မဝတ်သော ပရဗိုက်တို့ကို ကောက်ကျစ်စဉ်းလဲ ယုတ်မာသော God က သေချာပေါက်ဖန်ဆင်းထားတာ ဖြစ်ရလိမ့်မည်။ ထို့ကြောင့် ပရဗိုက်တို့သည် ဤကဲ့သို့သော ဆိုးဝါးလှသည့် ဆင်းရဲဒုက္ခကို ယခု ခံစားနေကြရပေသည်” ဟု ဗုဒ္ဓက မိန့်တော်မူခဲ့ပါသည်။

ဗုဒ္ဓဘာသာအရမူ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တည်ရှိနေသည့် မညီမျှမှု မတူညီမှုများမှာ တစ်စုံတစ်ခုသော အတိုင်းအတာထိကား မျိုရိုးဗီဇနှင့် သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်ကြရပြီး အများအားဖြင့်ကား အကြောင်းတစ်ခု သို့မဟုတ် အကြောင်း(ကံ)များ ကြောင့် ဖြစ်ရပေသည်။ ထိုအကြောင်း ကံသည်လည်း ပစ္စုပ္ပန်ကံသာမက၊ နီးသောကံ၊ ဝေးသောကံများလည်း ပါသည်။ လူသားသည် ၎င်း၏ ပျော်ရွှင်မှုသုခနှင့် ဆင်းရဲမှုဒုက္ခအတွက် သူ့မှာ တာဝန်ရှိပေသည်။ သူ၏ နတ်ဘုံနတ်နန်းကိုရော ငရဲဘုံကိုပါ သူပင် ဖန်ဆင်းသည်။ သူသည် သူ့ကံကြမ္မာ၏ အရှင်သခင်ဖြစ်သည်။ သူသည် အတိတ်၏ သားသမီးဖြစ်ပြီး အနာဂတ်၏ ဖခင် ဖြစ်ပေတော့သည်။

(ဆရာတော် ဦးသေဋ္ဌိလ၏ Essential Themes of Buddhist Lectures စာအုပ်မှ What Kamma Is ကို ဘာသာပြန်ပါသည်။)

ဘုန်းဉာဏ်
Sitiawan, Malaysia

No comments: