Pages

Sep 7, 2010

ပစ္စုပ္ပန်တည့်တည့်မှာ နေပါ

ငယ်စဉ်ကစကလို့ ရင်းနှီးနေတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ Live now တဲ့။ “ပစ္စုပ္ပန်တည့်တည့်မှာ နေပါ” လို့ ပြန်ရင် နီးစပ်တန်ကောင်းပါရဲ့။

အချို့ လူတွေဟာ အတိတ်က အမှားတွေကို တွေးပြီး စိတ်မကောင်း ဖြစ်နေတတ်တယ်။ အချို့ ကြပြန်တော့ မလုပ်လိုက်မိခဲ့တဲ့ အလုပ်တစ်ခုခုအတွက် ပြန်တွေးပြီး စိတ်ဆင်းရဲမှု ဖြစ်နေတတ်ပြန်တယ်။ အချို့  ကြပြန်တော့ လွတ်သွားတဲ့ ငါးက ကြီးနေတတ်ကြပြန်ရော။ ဒါပေမဲ့ ဘာ့ကြောင့်ပဲ အတိတ်ကို တွေးကာ ဆွေးနေ နောင်တရနေစေကာမူ အတိတ်ဆိုတာကြီးက ပြီးသွားပြီ။ သင်္ခန်းစာယူရုံကလွဲပြီး ပြန်ယူလို့မှ မရတော့တာ။ အတိတ်ကို တွေးတောလွမ်းမောနေရင် စိတ်ဆင်းရဲမှု၊ တွေဝေမှုဆိုတဲ့ မကောင်းကျိုးသာ ခံစားရမှာပေါ့။ ဒါကြောင့် အဲဒါကြီးကို မေ့ပစ်ဖို့လိုပါတယ်။

အခြားတစ်ဖက်မှာတော့ အနာဂတ်မှာ ဘာတွေလုပ်မယ်၊ ဘယ်လိုလုပ်မယ် ဆိုတာတွေကို စဉ်းစား၊ စိတ်ကူးတွေ တစ်သီကြီးနှင့် ဟုတ်နေပါတယ်။ အဲဒီလောက်ဆို ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အချို့က အဲဒီ အနာဂတ်ရေးကို မျှော်တွေးပြီးတော့ လိုအပ်တာထက် ပိုပူပန်လွန်းတတ်ကြ၊ စိတ်စောလွန်း တတ်ကြပြန် တယ်။ ဒီတော့ လက်ရှိအလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ မေ့နေတတ်ကြပြန်ပါရော။ ဒါမှမဟုတ် လက်ရှိအလုပ်အပေါ်မှာ တစ်နည်းနည်နှင့် သက်ရောက်မှု ရှိတတ်ပါတယ်။  ဒါတွေကြောင့်လား မသိ၊ ပစ္စုပ္ပန်တည့်တည့်ပဲ အာရုံစိုက်ပြီး အကောင်းဆုံး လုပ်ပါလို့ သတိပေးစကား ထွက်လာဟန် ရှိပါတယ်။ ဒါပေမဲ့ အနာဂတ်အတွက် အိပ်မက်မက်တာတို့၊ စီမံကိန်းဆွဲတာတို့ မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်တာ ကတော့ ထင်ရှားပါတယ်။

နောက်တော့ တရားပြဆရာတော်ကြီးတွေရဲ့

“အတိတ်ကိုလဲ မပြန်နှင့်၊
အနာဂတ်ကိုလည်း မကြံနှင့်၊
ဖြစ်ဆဲ ရုပ် နာမ် ပစ္စုပ္ပန်
အမှန်ကိုက်အောင် ရှု” ဆိုတဲ့ တရားလင်္ကာသံတွေကို နာကြားရ၊ မှတ်သားရ၊ ကျင့်ကြံရပြန်ပါတယ်။  ဖြစ်ပေါ်ဆဲ ရုပ်တရား နာမ်တရားတွေကို ဖြစ်ပေါ်ခိုက် တည့်တည့်မှာပဲ သတိကပ် အသိတပ်ပြီး ရှုမှတ်ဖို့ လမ်းညွန်ချက်ပေးတာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတိုင်းသော အာရုံကို ဖြစ်ပေါ်ခိုက် တည့်တည့်မှာပဲ အာရုံနှင့် မှတ်သိစိတ်တို့ ကပ်နေအောင် ရှုမှတ်ဖို့ ညွန်ပြကြတာပါ။ ဒါကို မှတ်မိလွယ်အောင် လင်္ကာစီပေးထားတာပါ။ မဟာစည်ရိပ်သာမှာ တရားနာရင်း ဒီလင်္ကာကို နာကြားခဲ့ရတာဖြစ်လို့ ဘယ်သူ စပ်ဆိုတာလဲဆိုတာတော့ မသိပါဘူး။

နောင် အတော်လေးကြာတော့ “ဘဝတန်ဖိုး အရယူ” ဆိုတဲ့ ခေါင်းစီးနှင့်

“အတိတ်ကိုတွေး မဆွေးလေနှင့်၊
အတိတ်ဆိုတာ ပြန်မလာဘူး။

အနာဂတ်မှန်းဆ မလွမ်းတနှင့်၊
အနာဂတ်ဆိုတာ မသေချာဘူး။

ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာဝယ်၊
ပညာ လုံ့လ၊ အသုံးချလက်
ဘဝတန်ဖိုး၊ အားမာန်ကိုး၍၊
မြတ်နိုးကြည်ဖြူ၊ အရယူလော့” ဆိုတဲ့ ကဗျာလေးကို တွေ့ရပြန်ပါတယ်။ ရွှေမြင့်မိုရ် မိုးကုတ် တရားစခန်းတစ်ခုမှာ ဒါယကာတစ်ဦး ယူလာတဲ့ ဆရာတော် Dr. အရှင် နန္ဒမာလာဘိဝံသရဲ့ “အတ္ထုပ္ပတ္တိအကျဉ်း” စာအုပ်ပါးလေးရဲ့ ကျောဖုံးမှာ ရေးထားတဲ့ လင်္ကာလေးပါ။

ဒီလင်္ကာကို စာရေးသူက  အောက်ပါအတိုင်း (ကိုယ့်အကြိုက်) ပြင်လိုက်မိပါတယ်။

ဘဝတန်ဖိုး တိုးထက်တိုးဖို့

အတိတ်ကိုတွေး၊ မဆွေးလေနှင့်
အတိတ်ဆိုတာ ပြန်မလာဘူး။

အနာဂတ်မျှော်တွေး၊ မပူဆွေးနှင့်
အနာဂတ်ဆိုတာ၊ မသေချာဘူး။

ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာကို
စဉ်းစား ချိန်ဆ၊ ဓိဋ္ဌာန်ချပြီး
ပညာ လုံ့လ၊ အသုံးချလျက်
ဘဝတန်ဖိုး၊ တိုးထက်တိုးအောင်
အားမာန်ဆောင်ကာ၊ ကြိုးစားပါလော့။

ဒီကဗျာတွေရဲ့ နောက်ခံ
ဘာပဲဖြစ်ဖြစ် ဒီကဗျာတွေရဲ့ အဓိပ္ပါယ်က ကောင်းသလို နောက်ခံကလဲ ကောင်းပါတယ်။ ဒီလင်္ကာကို မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် ဝိဘင်္ဂဝဂ်မှာ ပါတဲ့ ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတော်တွေထဲက အစနှစ်ဂါထာကို အခြေခံပြီး ရေးထားတယ်လို့ ယူဆတာပါပဲ။ အဲဒီသုတ်တော်မှာ ပါတဲ့ ဂါထာတွေက မကြာခဏ ဖတ်သင့်တဲ့ ဂါထာတွေပါ။ တကယ်တော့ အဲဒီကျမ်းမှာ (၁) ဘဒ္ဒေကရတ္တသုတ္တံ၊ (၂) အာနန္ဒဘဒ္ဒေကရတ္တသုတ္တံ၊ (၃) မဟာကစ္စာနဘဒ္ဒေကရတ္တသုတ္တံ၊ (၄) လောမသိင်္ဂိယသုတ္တံ ဆိုတဲ့ နာမည်တွေနဲ့ ဒီဂါထာတွေကို ဖော်ပြထားတာဟာ ဒီတရားတော် ဘယ်လောက် အရေးကြီးသလဲ ဆိုတာ ဖော်ပြနေတယ်လို့တောင် ပြောလို့ရပါတယ်။ အောက်မှာ ဖတ်ကြည့်ရအောင်နော်။

အတီတံ နာနွာဂမေယျ၊ နပ္ပတိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊ အပ္ပတဉ္စ အနာဂတံ။

ပစ္စုပ္ပနဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။
အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။

အဇ္ဇေဝ ကိစ္စ မာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

ဧဝံ ဝိဟာရိံ အာတာပိံ၊ အဟောရတ္တမတန္ဒိတံ။
တံ ဝေ ဘဒ္ဒေကရတ္တောတိ၊ သန္တော အာစိက္ခတေ မုနိ။

အင်္ဂလိပ်ဘာသာပြန်။ ။ မဇ္ဈိမနိကာယ် သုံးကျမ်းကို I. B. Honer က ဘာသာပြန်ပြီး Pali Text Society (PTS) က ဖြန့်ချိထားတဲ့မူ ရှိပါတယ်။ နောက်တော့ ဒီကျမ်းတွေကို အင်္ဂလိပ် ဘုန်းတော်ကြီး ဘိက္ခု ဥာဏမောဠိ က ဘာသာပြန်၊ အမေရိကန်ဘုန်းတော်ကြီး ဘိက္ခု ဗောဓိက တည်းဖြတ်ပြီး Wisdom Publication, Boston ကနေ ဖြန့်ချိထားတာရှိပါတယ်။ ဘဒ္ဒေကရတ္တသုတ် သတ်သတ်ကိုတော့ Thanissaro Bhikkhu နှင့် Nyananda (ဥာဏာနန္ဒ) တို့က ဘာသာပြန်ထားတာလည်း ရှိပါသေးတယ်။ I. B. Honer ရဲ့ ဘာသာပြန်စာအုပ်က ရဖို့ခက်တာကြောင့် သူမရဲ့ ဘာသာပြန်ကိုပဲ ဒီမှာ ဖော်ပြလိုက်ပါတယ်။

The past should not be followed after, the future not desired.
What is past is got rid of and the future has not come.

But whoever has vision now here, now there, of a present thing,
Knowing that it is immovable, unshakable, let him cultivate it.

Swelter at the task this very day, who knows whether he will die tomorrow?
There is no bargaining with the great hosts of Death.

Thus abiding ardently, unwearied day and night,
He indeed is 'Auspicious' called, described as a sage at peace.

(Honer, I. B. (tr.), 1999, The Collection of the Middle Length Saying, vol. III, PTS, London, p. 233)

http://www.suttareadings.net/audio/index.html မှာ သွားရောက် ကြည့်မယ်ဆိုရင် Larry Rosenberg က ဒီဂါထာတွေကို ဖတ်ပြထားတာကို တွေ့ရပါလိမ့်မယ်။ အသံကို နားဆင်လိုရင်ပဲ ဖြစ်ဖြစ်၊ ဒေါင်းလုဒ် လုပ်လိုလို့ပဲ ဖြစ်ဖြစ်၊ ဘာသာပြန်ကို တိုက်ဆိုင်ကြည့်ချင်လို့ပဲ ဖြစ်ဖြစ် သွားရောက်ကြည့်ရှုနိုင်ပါကြောင်း မျှဝေလိုက် ရပါတယ်။

ဘုန်းဥာဏ်
Mumbai (Bombay), India
07/09/10

Aug 17, 2010

အားလုံး မင်္ဂလာပါ

လာရောက် လည်ပတ်သူ အားလုံးကို မင်္ဂလာပါလို့ ရှေးဦးစွာ နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

စာရေးသူ မြန်မာပြည်မှာ ရောက်နေစဉ် ဘာစာမှ အသစ်မတင်ပေးနိုင်ခဲ့ပါဘူး။ ပိုအားနာဖို့ ကောင်းတာက ဗွီအိုအေက ဘဘော့ဂါတွေ ပြောသမျှ အစီအစဉ်မှာ မိမိရဲ့ ဘလော့ဂ်အကြောင်း ထုပ်လွင့်ပြီး နောက်ရက် နံနက် (မေ ၁၀ ရက်)မှာ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်။ အဲဒီကတည်းက သုံးလကျော်လောက်အတွင်းမှာ 'လွပ်လပ်စွာ ရွေးချယ်ခွင့်' ဆိုတာတစ်ပုဒ်ပဲ ပို့စ်အသစ်တင်ဖြစ်ခဲ့တာပါပဲ။ (ဒါတောင် ဖြည့်စွက် ပြင်ဆင် စရာလေးတွေ ရှိပါသေးတယ်)။ ဒီအတွက် လာရောက် စာဖတ်သူအားလုံးကို နားလည်ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ။

အခုတော့ Mumbai ကို ရောက်နေပါတယ်။ ရောက်စမို့ နေရေးထိုင်ရေး နှင့် အခြားကိစ္စလေးတွေ ရှိနေသေး တာကြောင့် အခုလောလောဆယ် စာပြန်စရေးဖြစ်ဖို့ မသေချာသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ပို့စ်အသစ် တင်နိုင်အောင် ကြိုးစားပါ့မယ်။ ဗုဒ္ဓဒေသနာတော်များမှ ကောက်နှုတ်ချက် တစ်ချို့တစ်ဝက်နှင့် ရေးပြီးသား အနဲအကျဉ်းလဲ ရှိတဲ့အတွက် အခွင့်သင့်ရင် တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း

ဘုန်းဥာဏ်
Mumbai, India
17/08/2010

May 20, 2010

လွတ်လပ်စွာ ရွေးချယ်ခွင့်


မလေးရှား၌ ရှိနေစဉ် တနေ့မှာ ဒကာတစ်ဦးက မေးပါတယ်။ “အရှင်ဘုရား၊ တပတ်တခါ ဒါမမဟုတ် သတ်မှတ်ချိန်တိုင်း၌ ဝတ်ပြု ဝတ်တက် မလာပါက ငရဲကို မလွဲမသေ ရောက်စေ လို့ ဟောထား ပညတ် ထားတဲ့ သုတ်တော်များ ရှိပါသလား” တဲ့။ သူက ဆက်ပြောပါသေးတယ်။ အခြားဘာသာတွေမှာတော့ အဲဒီလို ရှိတယ်။ ဒါကြောင့် သူတို့ သတ်မှတ်တဲ့ နေ့တိုင်းမှာ မဖြစ်မနေ သွားပြီး ဝတ်တက်ကြတယ်တဲ့။ သူ့စေတနာ သူ့ဆန္ဒကတော့ ကျောင်းကို လူတွေ တစ်ပတ်တစ်ရက် သို့မဟုတ် နှစ်ရက် လာရောက် ဝတ်တက် ဝတ်ကပ် ပြုစေချင်တာပါပဲ။

ဒါပေမဲ့ ဗုဒ္ဓဘာသာမှာက အဲဒီလို ပညတ်ထားတာ မရှိပါဘူး။ သူ ပညတ်ထားတာကို ဖေါက်ဖျက်လို့ ဒဏ်ခတ်တယ် ဆိုရင် မဟာကရုဏာတော်ရှင် ဖြစ်ပါတယ်ဆိုတဲ့ သူ့ရဲ့ ဂုဏ်ပုဒ်ကို မေးခွန်းထုပ်စရာတွေ ဖြစ်လာတော့ မပေါ့။ ဗုဒ္ဓဘာသာမှာက သူ့အလိုလိုက် သူ့ အကြိုက် ဆောင်လို့ ဆုတော် လာဘ်တော် ပေးသနား ချီးမြှင့်တာမျိုးလဲ မရှိပါဘူး။ သူပြောတဲ့ အတိုင်း မလုပ်လို့  ဖြစ်စေ၊ သူ့ကို ပြန်ဝေဖန်လို့ ဖြစ်စေ မင်း ငရဲသွားပြီး ဆင်းရဲဒုက္ခ ခံစေဆိုတဲ့ ပြစ်ဒဏ်ခတ်ခြင်း မျိုးလဲ မရှိပါဘူး။ ကောင်းတာကိုပဲ ဖြစ်ဖြစ်၊ မကောင်းတာကိုပဲ ဖြစ်ဖြစ် သက်ဆိုင်သူဟာ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ပြုမူခွင့် ရှိပါတယ်။ ကိုယ်ရွေးချယ် ပြုလုပ်တဲ့ ကောင်းသော မကောင်းသော အလုပ်၊ အပြုမူ (ကံ)တွေကို ကိုယ်တာဝန်ယူရမှာပါ။ “ငါသည် ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသူဖြစ်၏။ ကံအမွေကို ခံရသူဖြစ်၏။ ကံဟူသောအကြောင်းရင်း ရှိသူဖြစ်၏။ ကံဟူသော ဆွေမျိုးရှိသူဖြစ်၏။  ကံသာလျှင် မှီခိုရာ ရှိသူဖြစ်၏။ ကောင်းသောကံကို ပြုသည် ဖြစ်စေ၊ မကောင်းသော ကံကို ပြုသည်ဖြစ်စေ ငါသည် ထိုကံ၏ အမွေကို ခံယူရပေလိမ့်မည်” လို့ အဘိဏှ ပစ္စဝေက္ခိတဗ္ဗဌာနသုတ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တရနိကာယ်မှာ ဟောထားတာက ဒီသဘောပါ။ 

ဒါကြောင့်မို့ ကောင်းတာကို လုပ်ချင်လဲ လုပ်လို့ရတယ်။ မကောင်းတာ လုပ်ချင်သပဆိုရင်လဲ ရပါတယ်။ ကိုယ့်မှာ စိတ်ကြိုက် ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုနှင့် တွဲပါလာတဲ့ တာဝန်ရှိမှုနှင့် ကိုယ်လုပ်ခဲ့တဲ့ အလုပ် (ကံတရား)ရဲ့ ကောင်ကျိုး ဆိုးပြစ်ကိုတော့ ကိုယ် လက်ခံရမှာပါ။ ထိုနည်းတူပါပဲ။ ဒုက္ခခပ်သိမ်း ကင်းလွတ်ငြိမ်းရာ နိဗ္ဗာန်ကို ရောက်ချင်တယ်ဆိုရင်လဲ ကိုယ့်အပေါ် မူတည်ပါတယ်။ ဒီလိုမဟုတ်လို့ “သံသရာဝဋ်ထဲ၊ မကျွတ်ဘဲ နေနေ၊ ဇွတ်ဆွဲလို့ တပေပေ” လုပ်ချင်သေးသပ ဆိုရင်လဲ ကိုယ့်အပေါ်မူတည်တာပါပဲ။ နိဗ္ဗာန်ကို အရောက်လှမ်းရာမှာပင် ပုံစံငါးမျိုးထဲက ကြိုက်တာကို ရွေးချယ်ပြီး သွားပိုင်ခွင့် ရှိပါတယ်။ (၁) ပကတိသာဝက အဖြစ်နှင့် သွားမလား၊ ဒါမမဟုတ် (၂) မဟာသာဝက၊ (၃) အဂ္ဂသာဝက၊ (၄) မဟာဗောဓိ (ဘုရားအဖြစ်)၊ (၅) ပစ္စေကဗောဓိ ဆိုတဲ့ ပုဂ္ဂိုလ်ငါးမျိုးမှာ ကြိုက်ရာ ပုဂ္ဂိုလ်ဖြစ်အောင် ရွေးချယ်ပြီး နိဗ္ဗာန်ကို သွားနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ရွှေးချယ်မှုနှင့် အတူပါလာတဲ့ ပါရမီဖြည့်မှုဆိုတဲ့ တာဝန်ကိုတော့ ကိုယ်ကိုယ်တိုင်ပဲ ယူရမှာပါ။ ဘယ်လူ ဘယ်နတ်ကမှ ရောက်စေ၊ ဖြစ်စေဆိုပြီး ဆုပေးလိုက်လို့ ရောက်သွားတာမျိုး ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ You should do your work, for the Tathagatas only teach the way လို့ (Dhp. XX 4 မှာ) ဗုဒ္ဓ ဟောတော်မူထားတာ ရှိတယ် မဟုတ်ပါလား။

အဲဒီလိုပါပဲ။ လူ့လောကမှာ အောင်မြင်တဲ့သူ ဖြစ်ချင်သလား။ ကျရှုံးသူ ဖြစ်ချင်သလား။ ကြီးမြတ်သူ ဖြစ်ချင်တာလား၊ ယုတ်ညံ့သူ၊ သေးသိမ်းသူဖြစ်ချင်တာလား။ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဘယ်လူ ဘယ်နတ်၊ ဘယ်အရာကမှ မင်း ဒီလူမျိုး ဖြစ်စေ၊ ဒီလောက်ဖြစ်စေလို့ ဖန်ဆင်းပေး၊ သတ်မှတ်ပေးထားတာ မဟုတ်ပါဘူး။ ဘယ်လိုလူမျိုးပဲ ဖြစ်ချင်သည် ဖြစ်စေ၊ ကိုယ်ရွေးချယ်ထားတဲ့ သူမျိုးဖြစ်အောင်တော့ ကိုယ့်တာဝန် ကိုယ်ထမ်း၊ ကိုယ့်လမ်း ကိုယ်ရောက်အောင် လျှောက်ရမှာပါ။ “မိမိသည်သာ မိမိ၏ အားကိုးရာ (One is one's own refuge.)” ဆိုတဲ့ ဟောကြားချက်နှင့် အညီ ကျင့်ကြံ လုပ်ဆောင်ကြရမှာပါ။ ဘယ်လောက်ထိ ဖြစ်သလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ဆန္ဒ၊ ကံ၊ ဥာဏ်၊ ဝီရိယ ဘယ်လောက် ရှိသလဲ ဆိုတဲ့ အချက်တွေ အပေါ်မှာသာ မူတည်ပါတယ်။ 

မေတ္တာဖြင့်
ဘုန်းဥာဏ်

May 5, 2010

ဗုဒ္ဓဒေသနာတော်များမှ ကောက်နှုတ်ချက်များ

ဒီတစ်ခါတော့ ကောက်နှုတ်ချက်တွေ တင်ပေးလိုက်ပါတယ်။ ဘုရားဟော ပါဠိတော်တွေထဲက စာဖတ်သူ များ အတွက် လိုအပ်မယ်ထင်တဲ့ ကောက်နှုတ်ချက်တွေပါ။ တစ်ခါ တစ်ခါတော့ ဘုရားဟော မူရင်းတရား တော်တွေကို ဖတ်ကြရတာ သိပ်ကို အရသာရှိပါတယ်။ တစ်ခါတစ်ရံတော့ တခြားအကြောင်းအရာတွေကို ဖတ် ချင်ပြန်တာပေါ့လေ။ 

အမေရိက ဟာဝိုင်ယီ တက္ကသိုလ်က ဗုဒ္ဓစာပေ ပညာရှင် အငြိမ်းစား ပါမောက္ခကြီး David J. Kalupahana ဟာ သီရိလင်္ကာနိုင်ငံ Kalaniya တက္ကသိုလ်ရဲ့ the Institute of Pali and Buddhist Studies ရဲ့ နှစ်ဆယ့်ငါးနှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို လာပါတယ်။ သူ စာတမ်းဖတ်အပြီးမှာ ကျောင်းသား တစ်ယောက်က ဆရာကြီး အခု (အငြိမ်းစာ ယူပြီးပြီဆိုတော့) ဘာတွေ လုပ်နေ ဖတ်နေပါသလဲ လို့ မေးပါ တယ်။ ဒီဆရာကြီးဟာ ထေရဝါဒ၊ မဟာယာန ဗုဒ္ဓဘာသာ ဒဿနိကတွေတင် မကဘူး။ အနောက်တိုင်း ဒဿနတွေကို ကျေနေအောင် ဖတ်ထားသူကြီး၊ ဗုဒ္ဓဒဿနကို ကျမ်းပေါင်းများစွာ ပြုစုထားသူကြီး ဆိုတော့ ကျောင်းသားက သိပ်သိချင်တာပေါ့လေ။ ဒီတော့ အငြိမ်းစား ပါမောက္ခကြီးက ဘာပြန်ဖြေတယ် ထင်ပါသလဲ။

“ကျွန်တော် ရှိသမျှ ဒဿနိကစာအုပ် စာတမ်းတွေ အကုန်လုံး လှူလိုက်ပြီ။ အခုတော့ ဘုရားဟော နိကာယ် ငါးကျမ်းပါဠိတော်တွေကိုပဲ ထိုင်ဖတ်နေတာပါ” တဲ့။ 

အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကို တလည်လည် လို့ ပြောကြတယ် မဟုတ်ပါလား။ တစ်ခါတရံ ဖြစ်တတ်တာလေးက စဖတ်တော့တော့ စိတ်ပဲ မဝင်စား သလိုလို၊ နားပဲ မလည်သလိုလိုနဲ့။ ဒီတော့ ပစ်ချထားလိုက်တယ် ဆိုပါတော့။ နောက် အတော်လေးကြာလို့ ကောက်ကိုင် ဖတ်မိတဲ့အခါ နှစ်လုံးသားထဲ စီးဝင်သွား၊ နားလည်သွားလိုက်တာများ ပီတိတွေ ပွားရတဲ့ အထိပါ။ ဒီလို အချိန်မျိုး၊ သို့မဟုတ် ဒီလိုလူမျိုးတွေ အတွက်တော့ အထူးကောင်းမယ် ထင်ပါတယ်။ 

လိုအပ်လို့ အကျယ် ဖတ်ချင်ရင် ရှာရလွယ်အောင် ကျမ်းညွှန်းတွေလဲ ပေးလိုက်ပါသေးတယ်။ ဘာသာရေး ဆိုင်ရာ အင်္ဂလိပ် ဝေါဟာရတွေနှင့် ရင်းနှီးလိုသူတွေ အတွက် အချို့အပိုဒ်တွေကိုတော့ အမေရိကန် ပါဠိ စာပေ ပညာရှင် ဆရာတော် ဘိက္ခုဗောဓိနှင့် ဂျာမန်ဆရာတော် အရှင် ဥာဏပေါဏိက (ပျံလွန်) တို့ရဲ့ အင်္ဂုတ္ထုရ် ဘာသာပြန် ညွန့်ပေါင်းကျမ်းထဲက အနည်းငယ် ကောက်နှုတ် တင်ပြလိုက်ပါတယ်။ (အင်္ဂလိပ်လို ဖတ်လေ့ရှိသူများ အတွက် မရည်ရွယ်ပါ)။

ဖတ်မှတ် လေ့လာ၍ ဒေသနာသုတ သာမက အအေးဓာတ်ပါ ရရှိခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
 
ဒေသနာတော်များမှ မေတ္တာနှင့် ပတ်သက်သည့် ကောက်နှုတ်ချက်များ
"ငါ၏ စိတ်သည် ဖောက်ပြန်ပြောင်းလဲခြင်း မဖြစ်စေရ၊ ကြမ်းကြုတ် ယုတ်မာသော စကားကိုလည်း မထွက် ဆိုမိစေရ၊ ဒေါသမသမ်း မေတ္တာလွှမ်းကာ ချမ်းသာကြီးပွားလိုသောစိတ် ထား၍သာ ငါနေမည်။

ထိပါးပြောဆိုလာသူကိုလည်း မေတ္တာစိတ် ဖြန့်လွှမ်းပို့လွှတ်၍သာ နေမည်။ သတ္တလောက တစ်ခုလုံးကို လည်း ကျယ်ပြန့် မြင့်မြတ်၍ ကန့်သတ်ချက်မထင်၊ တွင်း ပြင်ဘေးရန်လည်း မစွက်၊ မေတ္တာစိတ် သက်သက် ဖြင့် ဖြန့်လွှမ်းပို့လွှတ်၍သာ ငါနေမည်" ဟု နှလုံးသွင်း လေ့ကျင့်ကြကုန်လော့။

(ကကစူပမသုတ်၊ မဇ္ဈိမနိကာယ်၊ သုတ်တော် အမှတ် ၂၁)။

 

အစ္ဆရာသင်္ဃာတသုတ်တော်များ (လက်ဖျစ်တစ်တွက်မျှ မေတ္တာ)
ရဟန်းတို့! ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့် ယှဉ်သောစိတ်ကို အကယ်၍ မှီဝဲအံ့ (ပွားများအံ့။ နှလုံးသွင်းအံ့။)။ ရဟန်းတို့! ဤရဟန်းသည် ဈာန်မှ ဆိတ်သုဉ်း ကင်းကွာမှု မရှိပဲ နေသူ၊ ဘုရားရှင် ၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ ဘုရားရှင်၏ အဆုံးအမတော်ကို လိုက်နာ၍ နေသူ၊ တိုင်းသူ ပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်နေသူဟု ဆိုထိုက်၏။ ထိုမေတ္တနှင့် ယှဉ်သောစိတ်ကို ကြိမ်ဖန်များစွာ လေ့လာ ပွားများကုန်သော ရဟန်းတို့ကို မူကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။
(အံ၊ ၁၊ အစ္ဆရာသင်္ဃာတဝဂ်၊ အမှတ် ၃၊ ၄၊ ၅ သုတ်တော်များ)

Loving-kindness
Monks, if for just the time of a ginger-snap a monk produces a thought of loving-kindness, develops it, gives attention to it, such a one is rightly called a monk. Not in vain does he meditate. He acts in accordance with the Master's teaching, he follows his advice, and eats deservingly the country's alms-food. How much more so if he cultivates it! (I, vi, 3 – 5)
(Nyanaponika Thera & Bhikkhu Bodhi, (Trans & ed.) 2005, Numerical Discoursed of the Buddha, (An Anthology), 4th printing, Vistaar Publication, New Delhi, p. 36.

 
မေတ္တာသုတ် (မေတ္တာအကျိုး (၁၁) မျိုး)
ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို ပွားများအပ် ပြုစုပျိုးထောင်အပ်၊ ကြိမ်ဖန်များစွာ ပြုအပ်၊ ယဉ်ကဲ့သို့ ပြုအပ်၊ တည်မှီရာကဲ့သို့ ပြုအပ်၊ ခိုင်မြဲစွာ တည်စေအပ်၊ အခိုင်အခံ့ပြုအပ်၊ ကောင်းစွာ အားထုပ်အပ်သည် ရှိသော် အကျိုးတရား ဆယ့်တစ်မျိုးတို့ကို မျှော်လင့်နိုင်ကုန်၏။ အဘယ် ဆယ့်တစ်မျိုးတို့နည်း ဟူမူ -

ချမ်းသာစွာ အိပ်ရ၏၊ အိမ်မက်ဆိုး မမက်၊ လူတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရ၏၊ လူမဟုတ်သူ (နတ်၊ သားရဲ၊ ဘီလူး) တို့၏ ချစ်ခင်ခြင်းကို ခံရ၏၊ နတ်တို့၏ စောက်ရှောက်ခြင်းကို ခံရ၏၊ (မေတ္တာပွားများသည့်) သူကို မီး အဆိပ် လက်နက်တို့သည် မစွဲကျ မထိခိုက်နိုင်၊ လျှင်မြန်စွာ စိတ်တည်ကြည်၏၊ မျက်နှာအဆင်း ကြည်လင်၏၊ မတွေဝေပဲ သေရ၏၊ အလွန်မြင့်မြတ်သော (အရဟတ္တဖိုလ်) တရားကို ထိုးထွင်းမသိသော် ဗြဟ္မာပြည်သို့ ရောက်ရ၏။ 

(ဆောင်ပုဒ်)။ ။အိပ် နိုးချမ်းသာ၊ ကောင်းစွာ အိပ်မက်၊ ချစ်လျက် လူ နတ်၊ စောင့်လတ် နတ်များ၊ မီး ဆိပ် ဓား တို့၊ ရှောင်ရှား ကိုယ်မှာ၊ လျင်စွာ စိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ်တစ်ဖြာ သည်၊ မေတ္တာ ပွားမှု အကျိုးတည်း။
(အင်္ဂုတ္ထိုရ်ပါဠိတော် ၁၁၊ ၂ အနုဿတိဝဂ်၊ မေတ္တာသုတ်)

 
The Blessings of Loving-kindness
If, O monks, the liberation of the mind by loving-kindness is developed and cultivated, frequently practised, made one's vehicle and foundation, firmly established, consolidated, and properly undertaken, eleven blessings may be expected. What eleven?

One sleeps peacefully; one sees no bad dreams; one is dear to human beings; one is dear to non-human beings; one will be protected by devas; fire, poison and weapons cannot injure one; one's mind becomes easily concentrated; one's facial complexion will be serene; one will die unconfused; and f one does not penetrate higher, one will be reborn in the Brahma-world. (XI, 16)
(Nyanaponika Thera & Bhikkhu Bodhi, (Trans & ed.) 2005, Numerical Discoursed of the Buddha, (An Anthology), 4th printing, Vistaar Publication, New Delhi, p.273.

 
Parents in the Buddhist Perspective
"Brahma (mighty God)", monks, is a term for father and mother. "The early teachers" is a term for father and mother. "The early deities" is a term for father and mother. "Those worthy of worship" is a term for father and mother. And why? Parents are of great help to their children, they bring them up, feed them and show them the world. 
(AN. IV, 63)

I declare O monks, that there are two persons one can never repay. What two? One's mother and father.

Even if one should carry about one's mother on one shoulder and one's father on the other and while doing so should live a hundred years, reach the age of a hundred years; and if one should attend to them by anointing them with salves, by massaging, bathing and rubing their limbs,  and they should even void their excrements there - even by that would one not do enough for one's parents as the supreme lords and rulers over this earth so rich in the seven treasures, one would not do enough for them, one would not repay them. What is the reason for this? Parents do much for their children: they bring them up, feed them and guide them through this world.

But O monks, one who encourages his unbeleaving parents, settles and establishes them in faith; who encourages his immoral parents, settles and establishes them in virtue; who encourages his stingy parents, settle and establishes them in generosity; who encourages his ignorant parents, settle and establishes them in wisdom - such a one, O monks, does enough for his parents: he repays them and more than repays them for what they have done. 
(AN. II, iv, 2)
(Nyanaponika Thera and Bhikkhu Bodhi, 2000, (tran. & ed.),  Numerical Discourses  of the Buddha, Vistaar Publication, New Delhi, p. 42 -43). 


ကိုယ်နာကျင်သော်လည်း စိတ်မနာကျင်ပါစေနဲ့
“ကိုယ် ခန္ဓာ နာကျင်သော်လည်း စိတ် မနာကျင်စေရ” ဟု မိမိကိုယ်ကိုယ် မိမိ လေ့ကျင့်ရမည်။
(နကုလပိတသုတ်၊ ခန္ဓဝဂ္ဂသံယုတ်)။

You should train yourself thus: 'even though I am afflicted in body, my mind will be unafflicted.' (Nakulaputa sutta, Khandavagga Samyutta)

အသိပေးခြင်း။ အကြောင်းညီညွတ်ပါက ဆက်လက် ကောက်နှုတ် တင်ပြပေးပါဦးမည်။
မေတ္တာဖြင့်
ဘုန်းဥာဏ်
Sitiawan, Malaysia
05/05/2010

Apr 30, 2010

ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာ


ဗုဒ္ဓမြတ်စွာကို 563 BC ၌ အန္ဒိယမြောက်ပိုင်း သကျနိုင်ငံတော် (ခုခေတ် နီပေါနိုင်ငံ) တွင် ဖွားမြင်တော်မူ ခဲ့ပါသည်။ ခမည်းတော်မှာ သကျနိုင်ငံတော်၏ အရှင် ဘုရင် သုဒ္ဓေါဒနဖြစ်ပြီး မယ်တော်ကတော့ မဟာမာယာဒေဝီဖြစ်ပါတယ်။ သူ၏ ကိုယ်ပိုင် အမည်မှာ သိဒ္ဓတ္ထဖြစ်ပြီး မျိုးနွယ်အမည်ကတော့ ဂေါတမဖြစ်သည်။ ထိုခေတ်က ထုံးစံအတိုင်း သက်တော် တဆယ့်ခြောက်နှစ်အရွယ်တွင် အလွန် ချောမော လှပပြီး သစ္စာတရားကြီးမားလှသည့် ယသောဓရာဒေဝီနှင့် ရွှေလက်ဆက်တော်မူခဲ့သည်။ 

နန်းတော်၌ စည်းစိမ်ချမ်းသာ အပြည့်ဖြင့် ချမ်းချမ်းသာသာ စံမြန်းရသော်လည်း ဘဝ၏ တကယ့်အမှန်တရားနှင့် လူသားထု၏ ဒုက္ခကို ရုတ်တရက် ကြုံတွေ့တော်မူရသောအခါ ထိုဒုက္ခတို့မှ လုံးဝ လွတ်မြောက်ရာကို ရှာဖွေရန် သူ ဆုံးဖြတ်ချက် အခိုင်အမာ ချခဲ့သည်။ ထို့ကြောင့် သက်တော် နှစ်ဆယ့်ကိုးနှစ်တွင် ရွှေနန်းတော်က သူ့ဘဝကို စွန့်လွှတ်တော်မူကာ ရဟန်းအဖြစ်သို့ပြောင်း၍ ဒုက္ခခပ်သိမ်း ကင်းပြတ်ငြိမ်းရာ နိဗ္ဗာန်ကို ရှာဖွေတော်မူခဲ့သည်။ ထိုခေတ်က အကျော်ကြားဆုံး ဆရာများ ထံတွင် သူတို့သင်ပေးနိုင်တာ မှန်သမျှ သင်ယူ ကျင့်ကြံခဲ့သည်။ မကြာမီ ဆရာများကိုယ်တိုင်က သူတို့နှင့် တန်းတူ ရည်တူ အဆင့်တူ ဟု အသိအမှတ်ပြုကြသည်။ ရှာဖွေနေသည့် အလုံစုံ လွတ်မြောက်ရာ၊ ဒုက္ခ အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်ကို မရသဖြင့် ထိုဆရာများကို စွန့်ကာ ကိုယ်တော်တိုင် နည်းလမ်း ရှာဖွေ ကျင့်ကြံ အားထုတ်ခဲ့သည်။ သက်တော် ၃၅ ၌ သိစရာမှန်သမျှ မကျန်ရအောင် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

ဗုဒ္ဓဖြစ်တော်မူသည်မှစ၍ (၄၅) နှစ်ကြာ လူအများ အကျိုးစည်းပွား တိုးပွားစေရန်နှင့် ချမ်းသာသုခ ရကြစေရန် တရားဒေသနာများ မနေမနား ဟောကြားဆုံးမတော်မူခဲ့ပါသည်။ အမျိုးသားနှင့် အမျိုးသမီး၊ ဘုရင်နှင့် ကျေးတော် ကျွန်တော်၊ ဇာတ်မြင့်နှင့် ဇာတ်နိမ့်၊ ပညာရှိနှင့် ပညာမဲ့၊ သူဌေးနှင့် ဆင်းရဲသား၊ ကြည်ညိုသူနှင့် မကြည်ညိုသူ၊ ရုပ်ချောနှင့် ရုပ်ဆိုး အမျိုးမျိုးသော လူတို့ကို အတန်းအစား လုံးဝ မခွဲခြားပဲ ဟောကြားဆုံးမတော်မူခဲ့ပါသည်။ 

ဟောကြားတော်မူရာတွင် ပြဿနာတစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာ စိစစ်ပြသည်။ ပြီးမှ စည်းစနစ်ကျကျ ပေါင်းစပ်ပြကာ ရှင်းလင်းလွယ်ကူစွာ အဓိပ္ပါယ်ဖေါ်ပေးသည်။ ဗုဒ္ဓသည် Socrati မမွေးမီကပင် Socratic Method ဟု ယခု လူသိများသည့်နည်း (Dialogue ပုံစံ) ဖြင့် သင်ကြား ဟောပြခဲ့ပါသည်။ အပြန်အလှန် ဟောပြော ဆွေးနွေးမှုတွင် ဗုဒ္ဓကို မည်သူမျှ မတုမီနိုင်ပါပေ။ ထို့ပြင် ပုဂ္ဂိုလ်အလိုက် စရိုက်နှင့် လျော်ညီအောင်၊ ဥာဏ်အနု အရင့်၊ ခံယူနိုင်စွမ်းတို့ကိုကြည့်၍ ဟောပြသည်။ တရားရမည့်သူရှိပါက အလွန်ဝေးကွာသော အရပ်သို့တိုင် ကြွရောက်ဟောပြသည်။ ပရိနိဗ္ဗာန် စံတော့မည့်ဆဲဆဲ (ကွယ်လွန်ရန် မိနစ်ပိုင်းအလို) အထိ သူ့တရားတော်နှင့် ပတ်သက်၍ သံသယရှိပါက မေးကြရန်၊ နောင်မှ မမေး လိုက်ရလေခြင်းလို့ စိတ်မကောင်း မဖြစ်ကြရန် မိန့်ကြားတော်မူခြင်းကား ကြားနာရသူတို့၏ စိတ်နှလုံးကို ထိရှစေပါသည်။ သူ၏ ဥာဏ်ပညာ၊ မေတ္တာနှင့် မဟာကရုဏာတို့ မည်မျှကြီးမားတော်မူကြောင်း သတိမထားမိ မရှိရအောင်ပင် ဖြစ်သည်။ သို့ကြောင့်ပင် ဗုဒ္ဓကို စံတုမမီသည့် ဆရာ ဟု ချီးမွမ်း ထောမနာ ကြပါတယ်။

ဗုဒ္ဓသည် လူ့ဘဝဆိုတာ ရခဲလှတဲ့အရာပါလို့ ဘဝတန်ဖိုးကို ဖော်ထုပ်ပြခဲ့သည်။ ဒါ့အပြင် ဆန္ဒ၊ ဝီရိယနှင့် တကယ်လုပ်က ဘုရားပင် အဟုတ်ဖြစ်နိုင်ကြောင်း ပြကာ လူသား၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု မြှင့်တင်ပေးခဲ့သည်။ လူ့ကိုယ်ကျင့်သိက္ခာ ပြည့်ဝပါက နတ်တို့အရှင် သိကြားမင်းသည်ပင် ရိုသေ လေးမြတ် ရကြောင်း ထုပ်ဖော်ပြခဲ့သည်။ သူကိုယ်တိုင်က ဘုရားမဖြစ်မီ မင်းသားဖြစ်ခဲ့သော်လည်း ကျွန်စံနစ်ကို တော်လှန်ခဲ့သည်။ ဇာတ်ခွဲခြားသည့် စနစ်ကို စိန်ခေါ်ခဲ့သည်။ သမိုင်းတွင် အမျိုးသမီးတို့၏ အခွင့်အရေးကို ပထမဆုံး မြှင့်တင်ပေးခဲ့သည်။ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ကောင်း မကောင်း၊ မှန် မမှန်၊ တရားနည်းလမ်းကျ မကျ စီစစ် ဝေဖန်ခွင့်ကို ပေးခဲ့သည်။ ဥပမာ - ကျန်းဂန်ထဲမှာ ပါလို့ ဒါသာလျှင်မှန်တယ်၊ ဒါကတော့ ဒို့ဆရာကြီး ပြောတာမို့ ဒါသာလျှင်မှန်တယ်လို့ မယူဆရ၊ မမှတ်ရဘူး ဆိုတာမျိုးတွေပါ (ကာလာမသုတ်၊ အင်္ဂုတ္ထုရ်ပါဠိ)။ တထာဂတ (ဘုရား) ကိုပင် ဘုရားဟုတ် မဟုတ် စီစစ်ပြီးမှ ယုံပါ (ဝီမံသကသုတ်၊ မဇ္ဈိမနိကာယ်၊ သုတ်အမှတ် ၄၈) ဆိုတာမျိုးကတော့ လွတ်လပ်ခွင့် ပေးတဲ့နေရာမှာ စံတုမမှီပါပဲ။ ဒါကြောင့် သူ၏ တပည့်သာဝကများသာမက တပည့်မဟုတ်သူများပါ (ဗုဒ္ဓလက်ထက်ကရော ခုခေတ်ပါ) လေးစား အသိအမှတ်ပြုကြရပါတယ်။ 

သက်တော်ရှစ်ဆယ်အရွယ် 483 BC ၌ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သူ၏ တရားဒေသနာတော်များကို တပည့်သာဝကကြီး ငါးရာက စုပေါင်းတည်းဖြတ် ရွတ်ဆို အတည်ပြုခြင်း သံဂါယနာ တင်တော်မူခဲ့ကြသည်။ ထိုဒေသနာတော်များကို ဓမ္မ ဝိနယ (နည်းလမ်းနှင့် စည်းကမ်း) ဟု တစ်မျိုး၊ နိကာယ်ငါးရပ် (Five Collections) ဟု တသွယ်၊ ပိဋကတ်သုံပုံဟု တစ်ဖုန် မျိုးစုံသော နာမည်တို့ဖြင့် ခေါ်ဝေါ်ခဲ့ကြပါတယ်။ ခေတ်ပညာရှင်အချို့က ဗုဒ္ဓ၏ တရားတော်များကို Religion (ဘာသာတရား) လို့ ယူဆပြီး အချို့ကတော့ Philosophy လို့ ယူဆကြပြန်ပါသည်။ ဗုဒ္ဓဘာသာဟာ ဖန်ဆင်းရှင်ကို လုံးဝကို လက်မခံတာကြောင့် religion ဆိုတဲ့ ဘာသာမျိုး မဟုတ်ကြောင်း ခပ်စောစောကပင် ဗုဒ္ဓစာပေ ပညာရှင်တွေက ပြောထားခဲ့ ကြပါတယ်။ သို့သော်လည်း မည်သို့ပင် ခေါ်ခေါ် ဘယ်လိုပင် ပြောပြောပါ၊ မြတ်ဗုဒ္ဓ၏ တရားတော်တို့ကား လောဘဖြစ်ကြောင်း၊ ဒေါသဖြစ်ကြောင်း၊ မောဟဖြစ်ကြောင်းများ၊ မကောင်းသော စိတ်အညစ်အကြေးတို့ အနည်းငယ်မျှပင် မပါဝင်လို့ ကြားရ နာရ လေ့လာဖတ်ရှုရသူတို့၏ စိတ်နှစ်လုံးကို အေးငြိမ်းစေခြင်းရသကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဒုက္ခခပ်သိမ်းမှ လွတ်မြောက်မှုဆိုတဲ့ ဝိမုတ္တိသုခ ကိုလည်း ရစေနိုင်ပါတယ်။ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ထဲမှာ ရှိတ်စပီယားပေးခဲ့တဲ့ နှင်းဆီပန်း ဥပမာလေး လိုပေါ့။

"ရွှေနှင့်ဆီ ဒို့ခေါ်ကြ၊ သူ့ အမည်က ဘာလဲဗျာ၊

သူ့အမည် ကြိုက်ရာပေး၊ မွှေးမြဲ မွှေးမည်သာ"  

What's in a name? That we call a rose.

By any other word would smell as sweet.


ဒါကြောင့်လဲ ရှည်လျှားလှတဲ့ သမိုင်းကြောင်းတခုလုံးမှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ရတဲ့ စစ်ပွဲဆိုတာ မရှိဘူးလို့ သမိုင်းသုတေသီတွေက ဆိုကြပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို လေ့လာကြည့်တဲ့ အခါ ဘယ်တုန်းကမှ အကြောက်တရားနှင့် သူ့နောက်ဆွဲခေါ်တာ မတွေ့ရပါဘူး။ ဘယ်တော့မှ လာပြီး ငါ့ကိုယုံကြည်စမ်းပါ (come and believe) လို့ မခေါ်ဘူး။ လာပြီး ကြည့်ပါ (come and see) လို့သာ ဖိတ်ခေါ်ပါတယ်။ လာ၊ စစ်ဆေး၊ အားထုပ်ကြည့်၊ ကြိုက်မှ ယုံပါတဲ့။ သူ့ရဲ့ ဓမ္မဟာ အဲဒီလို ဖိတ်ခေါ်ရဲတဲ့ ဂုဏ် အရည်အချင်းနှင့် ပြည့်စုံပါတယ်။ 

ဗုဒ္ဓဟောကြား ဆုံးမ သင်ပြတော်မူခဲ့သော တရားတော်များကို ခုခေတ် လူသုံးများသည့် ဝေါဟာရဖြင့် "ဗုဒ္ဓဘာသာ" လို့ ခေါ်ကြပြီး ဗုဒ္ဓ၊ ဓမ္မ၊ သံဃာကို သက်ဝင်ယုံကြည်ကြကာ သူ၏ ဓမ္မအတိုင်း လိုက်နာကျင့်ကြံ နေထိုင်ကြသူတို့ကို "ဗုဒ္ဓဘာသာဝင်" လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကျ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ကတော့ တကယ်ကိုပဲ ခက်မယ်လို့ ထင်မိပါတယ်။ နောင် အဆင်သင့်တဲ့ အချိန်မှာ ဒီအကြောင်း ဆွေးနွေးတင်ပြဖို့ ရည်ရွယ်ထားပါတယ်။

ဘုန်းဉာဏ်
Sitiawan, Malaysia
29/ 04/ 2010

ရည်ညွှန်း။
  1. Rahula, W., 1978, What the Buddhat Taught, The Gordon Fraser Gallery Ltd., London.
  2. Shakespeare, W., Blackemore Evans, G (ed.), Romeo and Juliet, Cambridge University Press, p. 93.
  3. Sri Dhammananda, K. 1993, What Buddhist Believe, Expanded & revised edition, 5th Edition, YMBA, Singapore, p. 4-6.