Pages

Jan 17, 2011

ဗုဒ္ဓဘာသာမှာ ထင်ဟပ် ဖော်ပြထားတဲ့ စကြာဝဠာ ကမ္ဘာလောက (၂)

ကပ် (ကမ္ဘာ)နှင့် ပတ်သက်လို့ သိချင်တာနှင့် သုတ္တန်တွေကို လိုက်ဖတ်ကြည့်တော့ အထိုက်အလျှောက်တော့ တွေ့ရပါတယ်။ အထိုက်အလျှောက်ပဲ တွေ့ရတယ် ဆိုတာကလည်း ရှေ့မှာ ရေးခဲ့သလို “ဗုဒ္ဓတရားတော်တွေဟာ စကြာဝဠာအကြောင်း အသေးစိတ် ထုတ်ဖော်ထားတဲ့ ဘာသာရပ် မဟုတ်” လို့ပါပဲ။ တွေ့ရသမျှ သုတ်တော်တွေထဲကမှ အချို့ကို ဖော်ပြပါ့မယ်။

ကပ် (ကမ္ဘာ)ကို အင်္ဂုတ္တရပါဠိတော်၊ဣန္ဒြိယဝဂ်မှာ ပါတဲ့ ကပ္ပသုတ္တန်မှာ လေးမျိုး ခွဲခြား ဖော်ပြပါတယ်။ အဲဒီ လေးမျိုးဆိုတာက -
(၁) ကမ္ဘာပျက်ဆဲ သံဝဋ္ဋကပ် (the enveloping epoch)
(၂) ပျက်ပြီးကမ္ဘာအတိုင်း တည်ရှိနေသော သံဝဋ္ဋဋ္ဌာယီကပ် (the enveloped epoch)
(၃) ကမ္ဘာတည်ထောင်ဆဲ ဖြစ်ပေါ်ဆဲ ဝိဝဋ္ဋကပ် (the developing epoch)
(၄) ဖြစ်ပေါ်ပြီး ကမ္ဘာ၏ (ဖြစ်ပေါ်ပြီအတိုင်း) တည်ဆဲ ဝိဝဋ္ဋဋ္ဌာယီကပ် (the developed epoch) တို့ဖြစ်ပါတယ်။ 

အဲဒီ ကပ်ကမ္ဘာ တစ်ခုစီ တစ်ခုစီကို နှစ်ဘယ်လောက်၊ နှစ်ပေါင်း ဘယ်နှစ်ရာ၊ ဘယ်နှစ်ထောင်၊ ဘယ်နှစ်သိန်း ကြာပြီလို့ ရေတွက်ဖို့ ခက်ပါတယ်။ ရေတွက်လို့ မရပါဘူး။ ကမ္ဘာကြီးရဲ့ အသင်္ချေဆိုတာ ဒီလေးမျိုးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို အသင်္ချေယျ ဖြစ်ပုံကို ပုံဆောင်ပြီး ဟောပြထာားတာ ရှိပါတယ်။ ဒါပေမဲ့ ရေတွက်လို့ မရလောက်အောင် ကြာတယ် (အသင်္ချေ သဘော)ဆိုရင် နားလည်ပြီမို့ ဒီမှာတော့ မရေးတော့ပါဘူး။

ဒီဃနိကာယ်လာ ဗြဟ္မဇာလသုတ်တော်မှာ အချိန် အလွန်ကြာမြင့်သောအခါ တစ်ခါတစ်ရံ ဒီလောကကြီးဟာ ပျက်တတ်ကြောင်းနှင့် တစ်ခါတစ်ရံ ဖြစ်တည်လာတတ်ကြောင်း ဟောကြားတော်မူချက် ပါရှိတာကို တွေ့ရပါတယ်။  အင်္ဂညသုတ်တော်မှာလည်း အလားတူ ဖော်ပြချက် ပါရှိလာပြန်တာပါပဲ။

ဒီသုတ်တော်တွေကို ဖတ်ကြည့်လိုက်ရင် ကမ္ဘာကြီးဟာ အချိန်တန်ရင် သူ့သဘောနှင့်သူ ဖြစ်ပေါ်၊ ဖြစ်ပေါ်တဲ့အတိုင်း ဆက်တည်တံ့နေတယ်။ ဖြစ်ပေါ်ပြီးတဲ့ အတိုင်း ဆက်တည်နေပြီးနေတယ်ဆိုတာ တဖြေးဖြေး ဖြစ်ပေါ် ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ ထို့အတူပါပဲ။ ဖြစ်ပေါ်တာ၊ ဖြစ်ပေါ်ပြီးအတိုင်း တည်တာ ရှိလေတော့ ပျက်ရတတ်တဲ့ သဘောကလဲ ရှိပြန်တာပါပဲ။ ပျက်သွားပြီးတော့လဲ အသစ် အသစ် ပြန်မဖြစ်ခင် အပျက်အတိုင်း ရှိနေရတဲ့ အချိန်ဆိုတာ ရှိပြန်တာပါပဲ။

ဗုဒ္ဓဘာသာမှာတော့ မည်သည့် ဖန်ဆင်ရှင်ကိုမျှ လက်မခံတော့ ဒါတွေကို သဘာဝ ဓမ္မနိယာမလို့ ဆိုပါတယ်။ ဒီ ဖြစ်၊ တည်၊ ပျက်ဓာတ်သဘောဟာ a firm condition of existence (ဓမ္မဋ္ဌိတ)၊ a necessary condition of existence (ဓမ္မနိယာမ) ဖြစ်ပါတယ်။ မည်သည့် အချိန် အခါမျိုး၊ မည်သည့် အခြေအနေမျိုးမှာမဆို ဒီကပ်လေးမျိးထဲက တစ်ခုခုက ဖြစ်နေ (သို့မဟုတ်) ပျက်နေတတ်ပါတယ်။ 

ဒါကိုကြည့်ရင် ဗုဒ္ဓဝါဒရဲ့ အရေးအကြီးဆုံး အယူအဆဖြစ်တဲ့ “အရာအားလုံးဟာ မမြဲမှု (အနိစ္စ)၊ မမြဲတဲ့အတွက် ဆင်းရဲမှု (ဒုက္ခ)၊ အစိုးမရမှု (အနတ္တ) သဘောကို အထင်အရှား တွေ့ရသလို ဟောကြားချက်တွေဟာ တစ်ခုနှင့် တစ်ခု ကိုက်ညီမှု ရှိနေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ သဘာဝနိယာမတွေပဲ။ ဘယ်သူ့ကြောင့်မျှ မဟုတ်၊ ဘယ်သူ့ဖန်ဆင်းချက်မျှလဲ မဟုတ်ပါဘူး။ သူ့သဘောနှင့် သူ ဖြစ်နေ ပျက်နေတာတွေပါ။ ဗုဒ္ဓရှင်တော်မြတ်က - 

“ရဟန်းတို့ ဘုရားရှင်တို့ လောကမှာ ပွင့်သည်ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ၊ ထို (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ဓာတ်သည် သဘောအားဖြင့် တည်သည်၏ အဖြစ်၊ သဘောအားဖြင့် မြဲသည်၏ အဖြစ်သည် တည်ရှိနေမည်သာ။ အရာအားလုံးသည် မတည်မြဲ၊ ဆင်းရဲ၏၊ အလိုသို့ မလိုက်ကုန်” လို့ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ၊ ဥပ္ပါဒါသုတ်မှာ ဟောကြားတော်မူထားပါတယ်။

(ဆက်ပါဦးမည်)
ဘုန်ားဏ်

No comments: