Pages

Sep 18, 2011

အသေးအမွှား ကိစ္စလေးတွေက ဖော်ပြနေတဲ့ ကြီးမြတ်မှုများ (၁)

အကြောင်းကြောင်းကြောင့် ခုတလော စာမရေး ဖြစ်တာ ကြာပါပြီ။ ရေးပြန်တော့လဲ ခပ်ကျဲကျဲပင်။ စာလာဖတ်သူတွေကို အမှန်တကယ် အားနာမိပါသည်။ စာပြန်မရေးနိုင်မီ ဟိုတုန်းက ဖတ်မှတ်ခဲ့တာ အချို့ကို A Blogger's Note အတွက် တင်ဦးမည်ဟု စိတ်ကူးပေါက်ပြီး သိမ်းထားသည်များကို လိုက်ရှာပြန်တော့ တစ်ပုဒ်သာ အလွယ်တွေ့သည်။

ရေအလှူခံကြွလာသည့် အရှင် အာနန္ဒာနှင့် ဇာတ်နိမ့် အနှိမ်ခံ မိန်းကလေး အကြောင်းပါ။ ဒီမှတ်တမ်းက ထေရဝါဒ ပိဋကတ်မှ ဟုတ်မည် မထင်ပါ။ သို့သော် ယခု ဖတ်ရသည့် စာအုပ်တွင်လည်း ကျမ်းညွှန်း ဖော်ပြမထားသဖြင့် မူရင်းကျမ်းကို မိမိ မသိပါ။ သို့သော် အရှင်မြတ် အာနန္ဒာ၏ အသေးအမွှား သို့မဟုတ် အမှတ်မထင် စကားလေးက ဇာတ်နိမ့် မိန်းကလေး တစ်ယောက်အတွက် ကြီးမားသည့် စိတ်နှစ်သက်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ တွေ့ရတဲ့ စာအုပ်က လွန်ခဲ့တဲ့ ရှေးဟောင်းစာအုပ် တစ်အုပ်ကို ပြန်ရိုက်နှိပ်ထားတာပါ။ ဒီတော့ စာတွေက ရှေးသုံးတွေ ပါနေတော့ နည်းနည်းတော့ ဖတ်ရတာ တမျိုး ဖြစ်နေမလားပဲ။ ဒါပေမဲ့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

THE WOMAN AT THE WELL
Ananda, the favourite disciple of the Buddha, having been sent by the Lord on a mission, passed by a well near a village, and seeing Pakati, a girl of the Matanga caste, he asked her for water to drink.

Pakati said: “O Bhrhman, I am too huble and sean to give thee water to drink, do not ask any service of me lest thy holiness be contaminated, for I am of low caste.”
And Ananda replied: “I ask not for caste but for water;” and Matanga girl’s heart leaped joyfully and she gave Ananda to drink.

Ananda thanked her and went away; but she followed him at a distance. 

Having heard that Andnda was a disciple of Gotama Sakyamuni, the girl repaired to the Blessed One and cried: “O Lord help me, and let me live in the place where Ananda thy disciple dwells, so that I may see him and minister unto him, for I love Ananda.”

And the Blessed One understood the emotions of her heart and he said: “Pakati, thy heart is full of love, but thou understandest not thine own sentiments. It is not Ananda that thou lovest, but his kindness. Accept, then, the kindness thou hast seen him practice unto thee, and in the humility of thy station practice it unto others.

“Verily there is great merit in the generosity of a king when he is kind to a slave; but there is a greater merit in the slave when he ignores the wrongs which he suffers and cherishes kindness and good-will to all mankind. He will cease to hate his oppressors, and good-will to all mankind. He will cease to hate his oppressors, and even when powerless to resist their usurpation will with compassion pity their arrogance and supercilious demeanour.

‘Blessed art thou, Pakati, for though art a Matanga thou wilt be a model for noblemen and noblewomen. Thou art of low caste, but Brahmans may learn a lesson from thee. Swerve not from the parth of justice and righteousness and thou wilt outshine the royal glory of queens o the throne.” 

Paul Carus,The Gospel of Buddha, Buddha Bhoomi Prakashan, Nagpur, 1997, pp.141-2.

Aug 22, 2011

လူ့ဘဝကို စောကြောကြည့်သည့် ဂန္ထဝင် မေးခွန်းများ (အဆက်)



လူ၏ အစကို အခြားသော ဘာသာ အယူဝါဒကြီးများက အနန္တ တန်ခိုးတော်ရှင်က ဖန်ဆင်ခဲ့သည်ဟု ယူဆကြကြောင်း ရှေ့စာ (လူ့ဘဝကို စောကြောကြည့်သည့် ဂန္ထဝင် မေးခွန်းများ)တွင် တင်ပြခဲ့ပါသည်။

ဗုဒ္ဓလက်ထက်တော် အခါက ရှိခဲ့သည် မတူကွဲပြားသည့် အမြင် သုံးမျိုး အနက် တစ်မျိုးသည် ဖန်ဆင်းရှင် အယူအဆနှင့် သက်ဆိုင်ပါသည်။ ယင်းအယူဝါဒက  “ဤ သတ္တဝါသည် အလုံးစုံသသော ချမ်းသာသုခကိုလည်းကောင်း၊ ဆင်းရဲ ဒုက္ခကိုလည်းကောင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်းမဟုတ်သော ဥပေက္ခာကိုလည်းကောင်း ခံစား၏။ ထိုခံစားမှုအားလုံးသည် လောကကို အစိုးရသူ (တန်ခိုးတော်ရှင်)၏ ဖန်ဆင်းမှုကြောင့်သာ ဖြစ်သည်” ဟု ဆိုသည်။ ဤအယူအဆမှာ ကံကြမ္မာဝါဒ အမြင်သာ ဖြစ်သည်။ ဤအမြင်အတိုင်းဆိုလျှင် လူဆိုသည်မှာ အနန္တတန်းခိုးတော်ရှင် ဖန်ဆင်းရှင်၏ အလိုတော်အတိုင်း၊ ဖန်ဆင်းမှုအတိုင်းသာ ဖြစ်ရချေမည်။ သူ့အလို သူ့ဖန်ဆင်းမှု အတိုင်းသာ လူတွေ ဖြစ်လာရသည်ဆိုပါက လူသားတို့၏ ကောင်းမှု ဆိုးမှု မှန်သမျှအတွက် လူမှာ တာဝန်မရှိ၊ ဖန်ဆင်းရှင်မှာသာ တာဝန်ရှိပေတော့မည်။

ဗုဒ္ဓရှင်တော်မြတ်ကလည်း “အဲဒီလိုသာ ဆိုလျှင် သူ့အသက် သတ်သူ၊ ခိုးသူ၊ မမြတ်သော အကျင့်ကို ကျင့်သူ၊ လိမ်လည်သူ၊ ကုန်းတိုက်စကား ပြောဆိုသူ၊ ကြမ်းတမ်းသော စကားကို ပြောဆိုသူ၊ ပြိန်ဖျင်းသော (အကျိုးမရှိသော) စကားကို ပြောဆိုသူ၊ သူတစ်ပါး စည်းစိမ်ကို လိုချင်မက်မောသူ၊ ပျက်စီးစေလိုစိတ်ရှိသူ၊ အယူမှားသူတို့သည် လောကကို အစိုးရသူ၏ ဖန်ဆင်းမှုကြောင့်သာ ဖြစ်ပေတော့မည်”ဟု ဝေဖန် မိန့်ကြားတော်မူခဲ့ပါသည်။ (တိတ္ထာယတနသုတ်၊ အံ၊ ၁)

တဖန် ဒေဝဒဟသုတ်တော် (မ၊ ၃) တွင်လည်း အတ္တကိလမထာနုယောဂ အကျင့်ကို ကျင့်သည့် အဝတ်မဝတ်သည့် တက္ကတွန်းများကို ရည်ညွှန်းတော်မူကာ “အို ရဟန်းတို့ … သတ္တဝါတို့သည် ဗြဟ္မာ (တန်ခိုးတော်ရှင်)၏ ဖန်ဆင်းမှုကြောင့်သာ  ချမ်းသာခြင်း ဆင်းရဲခြင်းတို့ကို ခံစားရပါက ဤ အဝတ်မဝတ်သည့် တက္ကတွန်းများကို ယုတ်မာ ဆိုးညစ်သည့် ဗြဟ္မာ (တန်ခိုးတော်ရှင်)က ဖန်ဆင်းထားသည် အမှန် ဖြစ်ပေလိမ့်မည်”ဟု ဝေဖန် ထောက်ပြတော်မူထားပါသည်။

ဗုဒ္ဓဘာသာ အလိုအရမူ ကျွန်ုပ်တို့ကို အနန္တ တန်ခိုးတော်ရှင်က ဖန်းဆင်းခဲ့သည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ ဘယ်က လာမှန်းလည်း မသိနိုင်ပါ။ စကြာဝဠာကြီးသည် သဘာဝနိယာမအတိုင်း ပျက်ခြင်း၊ ပျက်ပြီးသည့်အတိုင်း ဆက်တည်နေခြင်း၊ ပြန်လည် ဖြစ်ထွန်းလာခြင်း၊ ဖြစ်ထွန်းပြီးသည့် အတိုင်း ဆက်တည်နေခြင်းဖြင့် ဖြစ်ပျက် တည်ရှိနေသည်။ 

ကျွန်ုပ်တို့ နေထိုင်နေသော ယခု စကြာဝဠာကြီးသည်လည်း ပျက်သုဉ်းပြီးနောက် ယင်းပျက်စီးသွားသည့် အတိုင်း အချိန်ကာလ အတော်ကြာ တည်တန့်နေခဲ့သည်။ ယင်းနောက် တစ်ဖြေးဖြေးချင်း ပြန်လည်ကာ ဖြစ်ထွန်းပေါ်ပေါက်လာနေခဲ့သည်။ တစ်စစ ဖြစ်ထွန်းပေါ်ပေါက်လာရင်း သက်ရှိသတ္တဝါတို့ ဖြစ်တည် နေထိုင်နိုင်သော အဆင့်၊ စည်ပင်ပွါးများနိုင်သော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ယင်းသို့သော အခြေအနေတွင် ယခင် ကမ္ဘာရှိခဲ့စဉ်က ဖြစ်တည် နေထိုင်ခဲ့သော အချို့သော သတ္တဝါတို့သည် ယင်းတို့၏ ကံအားလျော်စွာ ယခု ကမ္ဘာသစ်သို့ ပြန်လည် မွေးဖွားလာခဲ့ကြသည်။ 

ဒီဃနိကာယ်လာ အဂ္ဂညသုတ်တော်အရ ဆိုလျှင် အာဘဿရ ဗြဟ္မာ့ပြည်မှ ဗြဟ္မာများသည် ၄င်းတို့၏ ကံကြွင်းကံဟောင်းတို့ကြောင့် ဤကမ္ဘာမြေအပြင်ဝယ် အလိုလျောက် ဖွေးဖွားခြင်းဖြင့် မွေးဖွားလာကြသည်။ ထို့ကြောင့် “လူအစ ဗြဟ္မာက” ဟု အချို့က ဆိုကြသည်။ သို့သော်လည်း ဤအချက်ကို လူ့ဘဝ ဖြစ်တည်မှု၏ မူလအစ တနည်းဆိုသော် သတ္တဝါတို့၏ မူလအစဟု မယူဆသင့်ပေ။ ဗုဒ္ဓဒေသနာတော် အလိုအရ သတ္တဝါတို့သည် အန္တိမလွတ်မြောက်မှု (နိဗ္ဗာန်) ချမ်းသာ မရမခြင်း သံသရာတွင် မနေမနား တဖြစ်တည်း ဖြစ်တည် ကျင်လည်၍ နေရပေသည်။ အမှန်ဆိုရသော် သတ္တဝါတို့သည် သံသရာတွင် ဘဝပေါင်း မရေမတွက်နိုင်လောက်အောင် ဖြစ်ခဲ့ကြရပေပြီ။ သို့ဖြစ်ရကား “လူ အစ ဗြဟ္မာက” ဆိုသည်မှာ ကမ္ဘာကြီး ပျက်ပြီးနောက် အသစ်တဖန် တည်ရှိလာပြန်သော အခါဝယ် စတင် ဖြစ်ပေါ်လာခြင်းကိုသာ ဆိုလိုပါသည်။ စင်စစ်သော်ကား သတ္တဝါတို့၏ တကယ့် မူလ အစကို မသိနိုင်ပေ။

သို့ကြောင့် ဗုဒ္ဓဘာသာသည် အကြိမ်ကြိမ် အဖန်ဖန် ဘဝဖြစ်တည်ရမှုကို လက်ခံပါသည်။ သို့လက်ခံသော်ငြား အခြားသော တွေးခေါ်ရှင်များ လက်ခံထားသော လူဝင်စား အယူအဆနှင့်ကား ကွာခြားပါသည်။ သီရိလင်္ကာမှ ဆရာတော် အရှင် နာရဒ (ပျံလွန်ပြီး)က သူ၏ ဗုဒ္ဓနှင့် ဗုဒ္ဓဒေသနာတော် (The Buddha and His Teaching) တွင် “တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းခြင်း သို့မဟုတ် ဝင်စားခြင်းဟု ရှုမြင်အပ်သော နောက်ဘဝကို ယုံကြည်မှုကို ပိုင်သာဂိုးရပ် စ်၊ ပလေတို ကဲ့သို့သော တွေးခေါ်ရှင်များ၊ ရှယ်လီ (Shelly)၊ တင်နီဆန် (Tennyson)၊ ဝါ့ဒစ်ဝါ့ဒ် (Wordsworth) ကဲ့သို့သော ကဗျာဆရာများနှင့် အရှေ့တိုင်း အနောက်တိုင်းမှ သာမန် ပုဂ္ဂိုလ် အများ အပြားက လက်ခံကြကြောင်း မှတ်တမ်းတင်ထားသည်”ဟု ဖော်ပြသည်။ ယင်းသို့သော ယုံကြည်ချက်ကို ဗုဒ္ဓဝါဒက လက်မခံပေ။ အကြောင်းမှာ တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းသွားလာနေသည့် အမြဲတည်သည့် အတ္တ သို့မဟုတ် ဝိညာဉ် သို့မဟုတ် လိပ်ပြာကို လက်မခံသလို ထာဝရဘုရားက ဖန်ဆင်းအပ်သည့် လူဝင်စားလို အယူအဆမျိုးကိုလည်း ဗုဒ္ဓဘာသာက လက်မခံသောကြောင့်ပင်။

ဗုဒ္ဓဘာသာအယူအဆ အရမူ ဤဘဝ ဤခန္ဓာ ဖြစ်လာဖို့ရန် ဖန်ဆင်းရှင် မရှိ၊ ဘဝ အထပ်ထပ် အဖန် တည်နေရပြန်ခြင်းအတွက်လည်း ဖန်ဆင်းသူ မရှိပါ။ ကြောင်းကျိုးတရားတို့သာလျှင် သူ့သဘာဝအတိုင်း ဖြစ်တည်နေကြခြင်း ဖြစ်သည်။ 

ဤနည်းဖြင့်ပင် သက်ရှိသတ္တဝါမှန်သမျှတို့သည် မွေးဖွားခြင်း သေဆုံးခြင်း သံသရာတွင် အတောမသတ်နိုင်အောင် သွားလာနေကြသည်။  လူ့အဖြစ်နှင့်သာ သွားလာနေကြသည် မဟုတ်။ လူ့ဘုံ လူ့လောကတွင်သာ ဖြစ်တည်နေကြသည် မဟုတ်။ သုံးဆယ့်တစ်ဘုံဟု ခေါ်တွင်သည့် ဘုံဌာနများတွင် လူ့အဖြစ် လူ့ခန္ဓာ၊ နတ်အဖြစ် နတ်ခန္ဓာ၊ တိရစ္ဆာန်အဖြစ် တိရစ္ဆာန်ခန္ဓာတို့ဖြင့် မိမိတို့၏ ကံအားလျှော်စွာ ပြောင်းလဲကာ သွားလာ ကျင်လည် နေထိုင်နေကြသည်။ သို့ဖြစ်ရကား လူသည် အဘယ်က လာပါသနည်းဟု မေးခဲ့သော် တိကျစွာ ပေးနိုင်သည့် အဖြေကား မရှိတော့ပြီ။ ထို့အတူ ဘယ်ကို သွားနေပါသနည်းဟု မေးခဲ့သော် ရေရာတိကျစွာ ပြန်ဖြေနိုင်သူများလည်း မဟုတ်ကြပါ။

 ဗုဒ္ဓရှင်တော်မြတ်က
“ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ မသိမှု အဝိဇ္ဇာဖြင့် လွှမ်းခြုံ ပိတ် ဖုံး ကာဆီးအပ်၊ တဏှာတည်းဟူသော ကြိုးဖြင့် ချည်နှောင်အပ်သည်ဖြစ်၍ ဤဘဝမှ ထိုဘဝသို့ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကြင်လည်ကြရကုန်သော သတ္တဝါတို့၏ အစကို မသိနိုင်” ဟု ဟောတော်မူခဲ့ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ဘဝ၏ မူလအစကို မသိနိုင်ခြင်း ဖြစ်ပါသည်။ မူလအစကို မသိနိုင်ရုံမျှမက အယုတ်ဆုံး ဤဘဝ၏ ရှေ့မှ ဘဝလေး တစ်ခုကိုမျှလည်း မသိနိုင်ပါ။ အဝိဇ္ဖာ ထူပြောမှုနှင့် တဏှာ နှောင်ကြိုး ခိုင်မာလွန်းချက်ပင်။ သို့သော်လည်း ကျွန်ုပ်တို့၏ ဘဝဖြစ်တည်မှု၊ ကြုံတွေ့ခံစားရသည့် ဆင်းရဲ ချမ်းသာတို့သည် ရှေ့ဘဝတွင် ပြုခဲ့ဘူးသော အကြောင်းတစ်ခုတည်းကြောင့်သာ ဖြစ်သည် မဟုတ်။ ထို့အတူ အကြောင်းတရား မရှိပဲ ဖြစ်ပေါ်လာခြင်းလည်း မဟုတ်ပါ။ ဘဝ ဖန်တီးရှင် အနန္တတန်ခိုးတော်ရှင်လည်း မရှိရကား ဘဝ၏ အခက်အခဲများကို ရင်ဆိုင် အနိုင်ယူရန်သော်လည်းကောင်း၊ ဘဝဒုက္ခ အဝဝမှ ထွက်မြောက်ရာ အလုံးစုံ လွတ်မြောက်မှုကြီးကို ရယူနိုင်ရန်သော်လည်းကောင်း တာဝန်အဝဝသည် ကျွန်ုပ်တို့ ကိုယ်တိုင်၏ ပခုံးပေါ်၌သာ ရှိပါတော့သည်။

ပုံကို http://www.abstractpaintings.com/ မှ ကူးယူ ဖော်ပြပါသည်။

ဘုန်းဉာဏ်

Aug 2, 2011

အကြွေစောခဲ့ရရှာသည့် ဆယ်ကျော်သက် ရက်ကန်းသည်မလေး


သူမမှာ နာမည် ရှိသော်လည်း နာမည်ကို မခေါ်ကြ။ ရက်ကန်းသည် ဖခင်၏ သမီးဖြစ်သဖြင့် ရက်ကန်းသည်မလေးဟုသာ လွယ်လွယ် ခေါ်ကြသည်။ ထို့ကြောင့် လူတွေ သူ့နာမည်ကို ကောင်းကောင်း မသိကြ။ အခြေအနေက မချမ်းသာစေကာမူ ကာလ ဒေသအရ မဆိုးလှ။ 

သို့သော် သူ့တွင် ကံကောင်းသည့် အချက် ရှိသည်။ ယင်းကား ရတနာသုံးပါး အပေါ် သက်ဝင်သည့် သဒ္ဓါတရား ရှိခြင်းပင်။ တရားနာကြားခွင့် ရနိုင်သည့် ခေတ်အခါတွင် လူဖြစ်ပြီး နာကြားနိုင်သည့် ဒေသတွင်လည်း လူလာဖြစ်ရသည်။ 

သူ့အသက်မှာ တစ်ဆယ့်ခြောက်နှစ်မျှသာ ရှိသေးသည်။ တကယ်တော့ ဒီအရွယ်ဆိုတာ လှချင် ပချင်သည့် အရွယ်။ ပျော်ချင်ပါးချင်သည့် အသက်။ ရင်ခုန်သံကို ခံစားနှစ်ခြိုက်တတ်စ အသက်အပိုင်းအခြား။ ဒီလို အရွယ်တွင် ဘုရားသွား ကျောင်းတက် လုပ်ချင်ပေမည့် လေးနက်လွန်းသည့် တရားဒေသနာမျိုးကို မနာကြားချင်တတ်သေး။ နုနယ်သေးသည့် ကလေးသာသာ အရွယ်မို့ ဘဝရှေ့ရေး လေးလေးနက်နက်ကြီး တွေးတတ်ဖို့ရာ မဖြစ်တတ်သေးသည်မှာ ဓမ္မတာ။ လောကကြီး၏ ဆန်းပြားမှုများအောက်တွင် စူးစမ်းလိုစိတ်၊ ခံစားလိုစိတ်၊ ပျော်ပါးမြူးတူးလိုစိတ်တို့ တဖိတ်ဖိတ် ယိုဖိတ်တတ်တဲ့ အချိန်မျှသာ။

သို့ပေမဲ့ ဆယ်ကျော်သက် ရက်ကန်းသည်မလေးကတော့ တမူထူးခြားသည်။ သူ၏ ဓာတ်ခံလေးက တရားနာဖို့ စိတ်ဝင်စားသည်။ ဝင်စားသည့် အလျှောက် တရားနာခွင့်လည်း ရခဲ့သည်။ တရားပွဲမှာ နာကြားခဲ့ရသည့် တရားတော် အကျဉ်းချုပ်က

“အသက်ရှင်ခြင်းကား မမြဲ၊ သေရခြင်းကား မြဲပေ၏။ သေရမည်မှာ ဧကန်သာပင်။ အသက်ရှင်ရခြင်းသည်ကား သေခြင်း နောက်ဆုံး ရှိပါပေ၏။ သက်ရှင်ခြင်းကား၊ မမြဲသော်ငြား၊ သေရခြင်းကား၊ မြဲပေသည်” ဟု မရဏဿတိ ပွားများသင့်ကြောင်း ဖြစ်သည်။ မရဏဿတိ ပွားများမထားခဲ့သော် ဘဝ၏ နောက်ဆုံးအချိန် ရောက်လာပါက ဒုတ်မပါသည့်သူ အဆိပ်ပြင်းသည့် မြွေကို မြင်သည့် အခါ ကြောက်လန့်သလို စိုးရိမ်ပူဆွေး ငိုကြွေးပြီး ဘဝ အဆုံးသတ်ရတတ်သည်။ မရဏဿတိ ပွားများထားသူများ အတွက်ကား ဒုတ်ပါသည့် သူဟာ မြွေကို မြင်လျှင် ဒုတ်နှင့် အသာအယာ ဖယ်ပြီး သွားနိုင်သလို ဘဝ၏ နောက်ဆုံး အချိန် ရောက်လာသည့် အခါ ကြောက်ရွံ့တုန်လှုပ်မှု မရှိပေ။ ထို့ကြောင့် မရဏဿတိကို ပွားများကြဖို့” ဟောကြားတော်မူသည့် တရားပါ။

တရားက သေခြင်းအကြောင်း ဟောသည့် တရားမို့ သူ့အရွယ်နှင့် စာလျှင် မြင့်သည်ဟု ဆိုချင် ဆိုနိုင်သည်။ စိတ်ဝင်စားဖို့ ခက်သဖြင့် နားလည်ဖို့ မလွယ်ဟု အကြမ်းဖျဉ်း ပြောနိုင်သည်။ သို့သော် သူကတော့ တရားကို စိတ်ပါ လက်ပါပင် နာယူမှတ်သားခဲ့သည်။

နာခဲ့ရသည့် တရားက ရုတ်တရက် ကြည့်လိုက်လျှင် အဆိုးမြင်ဟု ထင်စရာ ရှိသော်ငြား သေချာ စဉ်းစာကြည့်လျှင် “ရင့်တဖုတ်ဖုတ် ကင်းဖြုတ်ဖြုတ်” ဆိုသည့်နှယ် ကြီးကြီး ငယ်ငယ် အသွယ်သွယ်သော ဘဝတို့ ကြွေလွင့်လှပြီ ဖြစ်ရာ အမှန်တရားဟု နားလည်ရပါသည်။ အမှန်ဟု နားလည်သဖြင့် မည်သို့ ရင်ဆိုင် ဖြေရှင်းရမည်ကို စဉ်းစားမိပြီး ပြင်ဆင်နိုင်သည်။ ထို့ပြင် သူက “မြတ်စွာဘုရား စကားတော်ဆိုတာ အံဖွယ်ကောင်းတယ်။ ငါလည်း ပွားများသင့်တာပဲ” ဟု ခံယူပြီး တရားတော် အတိုင်း ပွားများလာခဲ့သည်မှာ သုံးနှစ်သုံးမိုးတောင် ရှိခဲ့ပါပြီ။ တရားတော်ကလည်း ထိုင်ရင်း ရပ်ရင်း ပွားလို့ ရသလို လမ်းသွားရင်း၊ လဲလျှောင်းရင်းလည်း ပွားနိုင်တာမျိုးပါ။

တရားတော်ကို နေ့နေ့ ညည နှလုံးသွင်းသည်။ ပွားသည်၊ ရှုသည်။ အလုပ်တိုင်း၏ သဘာဝအတိုင်း အစတွင် ခက်သလိုလို ရှိသော်လည်း တစတစ လွယ်လာသည်။ အကျင့် ရလာသည်နှင့် အမျှ ပိုပိုလွယ်လာသည်။ တရားထူး ရတာ မရတာထက် ဘဝအမြင် ပိုသန်လာသည်။ တည်ငြိမ် ရင့်ကျက်လာသည်။ ဘဝရရှိထားသဖြင့် စားဝတ်နေရေး အတွက် လုပ်ကိုင် ရုန်းကန်နေရသော်ငြား လောဘ၊ ဒေါသ၊ မာန်မာနများ နည်းလာသည်။ သည့်အတွက် ဘဝသည် အတော်ပင် တည်ငြိမ်လာသည်။ စိတ် အညစ်အကြေးများ တစတစ ပါးလွှာ ကင်းစင်လာသဖြင့် နေပျော်သည့် ဘဝဟုလည်း ဆိုနိုင်ပြန်သည်။ ရှုမှတ်မှု၏ လက်ငင်းအကျိုးများပင်။ 

ခုဆို အသက်က ဆယ့်ကိုးနှစ်ထဲ ရောက်လာပါပြီ။ အခွင့်အရေးကလည်း ပေါ်လာပြန်ပြီ။ သူတို့ အာဠဝီပြည်သို့ မြတ်ဗုဒ္ဓ ကြွချီလာတော့မည်ဟု သတင်းကြားသိနေရသည်။ “ခမည်းတော်ဆိုလည်းဟုတ်၊ အရှင်သခင်ဆိုလည်း မှန်၊ ဆရာဆိုလည်း တော်ပြန်သည့် ဗုဒ္ဓဘုရား ကြွချီလာမည်”ဟု ကြားသဖြင့် နှစ်သက် ဝမ်းမြောက်နေသည်။ “ပြီးခဲ့သည့် သုံးနှစ်ကလည်း ရွှေလို အဆင်း ဝါဝင်းနေသည့် ဆရာမြတ်ကို ဖူးမျှော်ခဲ့ရသည်။ ခုလည်း ရွှေလိုအဆင်း ဝါဝင်းသည့် ကိုယ်တော်မြတ်ကို ဖူးခွင့်လည်းရ၊ သာယာ ချိုမြိန်သည့် တရားတော်မြတ်ကိုလည်း နာကြားရတော့မည်” ဟု တွေးကာ ပျော်နေသည်။

ရက်ကန်းခတ်ရာသို့ သွားနေသည့် ဖခင်က “သမီးရေ၊ ပုဆိုးအပ်ထားတာ ရှိတယ်ကွဲ့။ အဲဒါ မပြီးသေးဘူးကွယ်။ တထွာလောက် လိုနေသေးတယ်။ ဒီနေ့ အပြီးသတ်ကြရမယ်။ ရက်ဖေါက် မြန်မြန်လေး ဖေါက်ပြီး ယူလာနော်” ဟု မှာသွားခဲ့သည်။ ဒီတော့ “တရားပဲ နာရမလား၊ ရက်ဖေါက်ရက်ပြီး ဖေဖေဆီ ယူသွားရမလား”ဟု သူ စဉ်းစားရပါပြီ။ “ရက်ဖေါက် ယူမလာရင် ဖေဖေက ထုနိုင် ထောင်းနိုင်သဖြင့် ရက်ဖေါက်ရက်၊ သွားပို့ပြီးမှပဲ တရားနာတော့မယ်လေ”ဟု တွေးပြီး ထိုင် အလုပ်လုပ်နေခဲ့သည်။

အာဠဝီပြည်သားများသည် ဘုရားရှင်ကို ဆွမ်းဆက်ကပ်ပြီး တရားနာဖို့ စောင့်နေကြသည်။ ဘုရားရှင်ကမူ တရား ဟောတော်မမူသေး။ ဤအမျိုးကောင်း သမီးလေးအတွက် ဇေတဝန် ကျောင်းတော်မှ ယူဇနာ သုံဆယ် ဝေးသည့် ခရီးရှည်ကြီးကို ကြွတော်မူလာခဲ့ခြင်း ဖြစ်သဖြင့် သူလာချိန်မှပဲ တရားစဟောမည်ဟု စောင့်ဆိုင်းတော်မူနေသည်။ 

ကလေးမလေးကတော့ သူ့အတွေးနှင့် သူ။ ရက်ဖေါက်ရက်ပြီး ခြင်းတောင်းလေးထဲထည့်ကာ သူ့အဖေ အလုပ်ခွင်သို့ သွားသည်။ ဘုရား တရားဟောသည့် နေရာရောက်လျှင် ပရိသတ် အစွန်တွင် ရပ်ကာ ဘုရားရှင်ကို လှမ်းဖူးလိုက်သည်။ ဘုရားရှင်လည်း သူ့ကို လှည့်ကြည့်တော်မူသည်။ သူကလည်း အရိပ်အကဲ သိသည်။ “ဘုရားရှင်ဟာ ပရိသတ်အလည်မှာ ထိုင်တော်မူပြီး ငါ့ကို လှည့်ကြည့်တော်မူတာ လာစေချင်လို့ပဲ”ဟု နားလည်သည်။ ထို့ကြောင့် ရက်ဖေါက်တောင်းလေး ချပြီး ပရိသတ် အလယ်သို့ ဝင်သွားသည်။ ရှိခိုးပြီး ထိုင်စမှာပင် ဘုရားရှင်က 

“ကလေးမလေး ဘယ်ကလာပါသလဲ”လို့ မေးတော်မူလိုက်သည်။
အကင်းပါးသူ ပီပီ ဘုရားရှင်၏ အာဘော်ကို သိသဖြင့် “မသိပါ အရှင်မြတ်ဘုရား” ဟု သူ ဖြေသည်။

“ဘယ်သွားမလို့လဲ ကွဲ့”
“မသိပါ အရှင်မြတ်ဘုရား” လို့ လျှောက်တင်လိုက်ပြန်သည်။

“မသိဘူးလားကွဲ့” လို့ ဆက်မိန့်တော့
“သိပါတယ် ဘုရား”

“သိရဲ့လားကွယ်”လို့ မေးလိုက်ပြန်တော့
“မသိပါ ဘုရား” လို့ လျှောက်ပြန်ပါသည်။

အကြောင်းမသိသည့် ပရိသတ်အတွက် ကြောင်တောင်တောင် နိုင်လှသည်။ “ပရိသတ်တို့ … ကြည့်ကြစမ်းပါဗျာ။ ရက်ကန်းသည်မလေးဟာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်နှင့် စကားပြောတာကို ပြောချင်ရာ လျှောက်ပြောနေတယ်။ တကယ်ဆို “ဘယ်ကလာပါသလဲ” လို့ မေးတော့ “ရက်ကန်းသည် အိမ်က လာပါတယ် ဘုရား” လို့ ဖြေလျှောက်ပြီး “ဘယ်သွားမလို့လဲကွဲ့”လို့ မေးတော်မူတာကို “ရက်ကန်းရက်တဲ့ အဆောင်ကို” လို့ ပြန်လျှောက်ထားသင့်ကြောင်း ကဲ့ရဲ့ ပြောဆိုကြသည်။

ဘုရားရှင်က ပရိသတ်ကို တိတ်တိတ်နေဖို့ မိန့်ကြားတော်မူလိုက်ပြီး ကလေးမလေးကို “ဘယ်က လာပါသလဲ” လို့ မေးတော့ ဘာကြောင့် “မသိပါဘုရား”လို့ ဖြေတာလဲဟု မေးတော်မူသည်။ “အရှင်မြတ်ဘုရား တပည့်တော်မ ရက်ကန်းသည် အိမ်က လာတယ်ဆိုတာ အရှင်မြတ် သိတော်မူပါတယ်။ ဒါကြောင့် အရှင်ဘုရားရဲ့ မေးခွန်းက ဘယ်ဘဝက လာပြီး ဒီလူ့ပြည်မှာ မွေးတာလဲ”လို့ မေးလိုရင်းပါ။ တပည့်တော်လဲ ဘယ်ဘဝက လာခဲ့တယ်ဆိုတာ မသိပါဘုရား။ ဒါကြောင့် “မသိပါ ဘုရား”လို့ လျှောက်ထားရခြင်း ဖြစ်ပါတယ်။

ဒီလိုပါပဲ။ ဒီဘဝက ဆုံးပါးသည့် အခါ ဘယ်ဘုံ ဘယ်ဘဝ ရောက်ရမည် ဆိုသည်လည်း သူ မသိ။ အပါယ် လေးဘုံ၊ လူဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံဟု လားရာ ဂတိများ ရှိရာ ပုထုဇဉ်၏ ဂတိကား မမြဲသဖြင့် ဘယ်ရောက်မည် ဆိုသည်ကို မသိနိုင်။ 

သေရမှာ မသိဘူးလား မေးလျှင် သိသည်။ ဘဝရလာလျှင် သေရမည် ဧကန်။ မွေးဖွားခြင်းဖြင့် စခဲ့သည့် ဘဝသည် သေဆုံးခြင်းဖြင့် နိဂုံးချုပ်ရမည်ဟု သိသဖြင့် ဆင်ခြင်ပွားများလာသည်မှာ သုံးနှစ်တောင် ကြာခဲ့ပါပြီ။

ဒီတော့ သိသလားဟု မေးပြန်တော့ မသိပါ။ မှန်ပါသည်။ တနေ့ သေရမည်ကို သိသော်လည်း ဘယ်နှစ်၊ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန် သေရမည် ဆိုသည်ကို မသိနိုင်။ ဒါကြောင့်လည်း “သိရဲ့လား”လို့ မေးတော်မူတော့ “မသိပါဘုရား” လို့ လျှောက်ထားခဲ့တာပါ ဘုရားဟု ပရိသတ်အလည်တွင် ရှင်းလင်း လျှောက်ထားလိုက်သည်။ အဖြေတစ်ခု လျှောက်ထားပြီးတိုင်း ဘုရားရှင်က သာဓု ခေါ်တော်မူသည်။ 

ဘုရားရှင် ကိုယ်တော်မြတ်က
“လူအပေါင်းသည် အကန်းအတိ သဖွယ် ဖြစ်ပါပေ၏။ အနည်းငယ်သော လူသည်သာလျှင် အနိစ္စစသည်ဖြင့် ရှုမှတ် ဆင်ခြင် ပွားများ၏။
ငှက် အနည်းငယ်သာလျှင် မုဆိုးလက်နက် ပိုက်ကွန်ချက်မှ လွတ်သကဲ့သို့ အနည်းငယ်သော သတ္တဝါသည်သာ သေမင်းလက်နက် ပိုက်ကွန်ချက်မှ လွတ်ကာ နတ်ရွာ သုဂတိ နိဗ္ဗာန်ထိအောင် ရောက်နိုင်ကြပေ၏”ဟု ဆက်ဟောတော်မူသည်။ 

ကလေးမလေးလည်း လေးလေးနက်နက် နာရင်း (နှလုံးသွင်း ရှုမှတ်ရင်း) တရားတော် အဆုံးမှာ သောတာပန် တည်သွားသည်။ 

တရားပွဲပြီးလျှင် ခြင်းတောင်းလေး ယူပြီး ရက်ကန်းခတ်ရာသို့ ဆက်သွားခဲ့သည်။ သူ့ဖေဖေက ရက်ကန်းစင်ပေါ်တွင် ထိုင်လျက် အိပ်ပျော်နေသည်။ အမှတ်တမဲ့ ခြင်းတောင်းကို ညွတ်လိုက်စဉ် ရက်ကန်းစင် အစွန်း ဝင်တိုက်မိပြီး လဲသွားသည်။ ဖခင်ဖြစ်သူ လန့်နိုးပြီး ကိုင်ထားသည့် ရက်ကန်းစင်အစွန်းကို ဆွဲမိသည်။ ကံဆိုးချင်တော့ ရက်ကန်းစင် အစွန်းက လာပြီး ကလေးမလေး၏ ရင်ကို ရိုက်မိသည်။ ကလေးမလေး ပွဲခြင်းပြီး ဆုံးသွားရရှာသည်။ သို့သော် သောတာပန် အရိယာမလေး ဖြစ်ထားသဖြင့် တုသိတာ နတ်ပြည်သို့ ရောက်သွားသည်။ 

ဖခင်ဖြစ်သူလည်း သောကမြား နက်နက်ရှိုင်းရှိုင်း အစူးခံရပြီး မေ့မေ့မူးမူးနှင့် ဘုရားရှင်ထံ ပြေးသည်။ သောကမြားကို နှုတ်ပယ်ပေးပြီးသည့် အချိန်တွင် သူက ရဟန်းဝတ်ခွင့်တောင်းပြီး ကျင့်ကြံပွားများ အားထုတ်ရာ မကြာမီ အရဟတ္တဖိုလ်ပေါက် ရောက်ရှိခဲ့လေသည်။ သမီး ရက်ကန်းသည်မလေးလည်း အကြွေမစောခဲ့သော် …

ရည်ညွှန်း။ ဓမ္မပဒ ဋ္ဌ၊ ၂။ ၁၁၁ - ၁၁၂

ပုံကို အောက်ပါ ဆိုက်မှ ယူပါသည်။

ဘုန်းဉာဏ်

Jul 25, 2011

လူ့ဘဝကို စောကြောကြည့်သည့် ဂန္ထဝင် မေးခွန်းများ

ဂရိဒဿန သမိုင်းတွင် ဆိုကရေးတီး (၄၆၉ - ၃၉၉ ဘီစီ)က “စီစစ်မှု မရှိသော ဘဝသည် အချည်းနှီးသော အသက်ရှင်ခြင်းပင်” (The unexamined life is not worth living) ဟု ဆိုကာ ဘဝကို စီစစ်သင့်ကြောင်း အကြံပြု ဟောပြောခဲ့သည်။ ထို့ပြင် သူက “မိမိကိုယ်ကို သိအောင် လုပ်ပါ” (Know thyself ) ဟုလည်း တိုက်တွန်းခဲ့ပြန်သည်။ 

သို့သော် အရစ္စတိုတယ်လ်မှ စကာ ၁၉ ရာစု ကုန်လွန်ခါနီး အချိန် အထိ ပေါ်ထွန်းခဲ့သော ဒဿနဆရာ အားလုံးလိုလိုသည် လူ့အကြောင်း တွေးတော စဉ်းစားခြင်းမှ သွေဖည်ကာ စကြာဝဠာ အကြောင်း၊ သဘာဝ နိယာမ အကြောင်းကိုသာ အဓိကထား လေ့လာခဲ့ကြသည်။ ဆင်ခြင်ခဲ့ကြသည်။ တွေးတောခဲ့ကြသည်။ ဆိုဖီများနှင့် ဆိုကရေးတီးစ်တို့ မတိုင်မီ ခေတ်က ဒဿန ဆရာကြီးတို့၏ လမ်းစဉ်သို့ ပြန်ရောက်သွားသည်ဟု ဆိုနိုင်သည်။ ဘဝကို တွေးခေါ်ရာတွင် ဆိုဖီ ဆရာကြီးများမှာ အတ္တကို ရှေ့တန်းတင် တွေးခေါ်ကြသဖြင့် ဆိုကရေးတီးနှင့် အတွေးအခေါ် မတူကြစေကာမူ ဘဝကို အဓိကထား တွေးကြသည့် အချက်တော့ဖြင့် တူပါသည်။

သို့သော် (၂၀) ရာစု အလယ်ပိုင်းလောက်တွင်တော့ လူ့ဘဝ အကြောင်း တွေးခေါ်သူတွေ များလာပြန်သည်။  သူတို့၏ လူ့ဘဝနှင့် ပတ်သက်သည့် ပြောဆိုသံတွေက ပိုလို့ ပိုလို့ ညံလာသည်။ ၄င်းတို့ကို “ဖြစ်တည်မှု ပဓာန ဝါဒီ တွေးခေါ်ရှင်” များဟု ခေါ်ဆိုကြသည်။ ထို ဘဝဖြစ်တည်မှု ပဓာန ဝါဒီများတွင်လည်း နှစ်အုပ်စု ဖြစ်နေပြန်သည်။ တအုပ်စုက ထာဝရဘုရား (ဂေါ့ဒ်) ရှိသည်ကို လက်ခံသည့် အုပ်စု ဖြစ်ပြီး နောက်တအုပ်စုကတော့ ထာဝရဘုရား (ဂေါ့ဒ်) ရှိသည်ကို လက်မခံသည့် အုပ်စု ဖြစ်သည်။ ဘုရားရှိ ဖြစ်တည်မှု ပဓာနဝါဒီ အုပ်စုနှင့် ဘုရားမဲ့ ဖြစ်တည်မှု ပဓာနဝါဒီ အုပ်စုဟု ဆိုရမည်။ မည်သည့် အုပ်စုဝင် ဖြစ်စေ၊ ဤ အတွေးအခေါ် ပညာရှင်များသည် လူ့ဘဝ ဖြစ်တည်မှုကို အဓိကအားဖြင့် တွေးခေါ်ကြသည်။ ဆွေးနွေးကြသည်။ တင်ပြကြသည်။

တကယ်တော့ လူ့ဘဝနှင့် ပတ်သက်သည်တို့ကို သမိုင်း တလျှောက် (ကြိုကြား ကြိုကြား) တွေးခေါ်လာခဲ့ကြသည်ကတော့ အမှန်ပင်။ ထို့ကြောင့်လည်း လူ့ဘဝနှင့် ပတ်သက်သည့် ဂန္ထဝင် မေးခွန်းများ တင်ကျန်နေခဲ့ခြင်း ဖြစ်ပေမည်။ ယင်း ဂန္ထဝင်မြောက် မေးခွန်း အချို့မှာ အောက်ပါ အတိုင်း ဖြစ်သည်။

၁။ သတ္တဝါသည် သေဆုံးပြီးနောက် တည်ရှိပါသေးသလော။
၂။ သတ္တဝါသည် သေဆုံးပြီးနောက် မတည်ရှိတော့ပါသလော။
၃။ သတ္တဝါသည် သေဆုံးပြီးနောက် (တစ်ချိန်တည်းမှာပင်) တည်ရှိ၊ မတည်ရှိပါသလော။
၎။ သတ္တဝါသည် သေဆုံးပြီးနောက် (တစ်ချိန်တည်းမှာပင်) တည်ရှိသည်လည်း မဟုတ်၊ မတည်ရှိသည်လည်း မဟုတ်ပါသလော။ 

၎င်းအပြင် ဘဝနှင့် ပတ်သက်၍ အခြားသော မေးခွန်း နှစ်ခုကိုလည်း မေးတတ်ကြသေးသည်။ ယင်းတို့မှာ
၁။ ဘယ်က လာခဲ့ပါသနည်း။
၂။ ဘယ်ကို သွားနေပါသနည်း။

ဘဝ တည်ရှိမှုနှင့် ပတ်သက်သည့် ဤမေးခွန်းများကို ပိဋကတ်တော်တွင် တွေ့နိုင်သည်။ တကယ်တော့ အထက်ပါ မေးခွန်းများကို လူ့သမိုင်း တလျှောက်လုံး လိုလို စိတ်ဝင်စားစွာ မေးလာခဲ့ကြဟန်တူပါသည်။ ထို မေးခွန်းများနှင့် ပတ်သက်၍ စတီဗင် ဟော့ကင်းက သူ၏ “အချိန်၏ သမိုင်း အကျဉ်း” စာအုပ်တွင် “ကျွန်ုပ်တို့ အဘယ့်ကြောင့် ဤ ကမ္ဘာလောကတွင် ရောက်ရှိနေကြပါသနည်း” ဆိုသည့် အချက်နှင့် “ကျွန်န်ုပ်တို့ ဘယ်က လာကြပါသနည်း” ဆိုသော မေးခွန်းများကို ယနေ့ သိချင်နေကြဆဲ ဖြစ်ကြောင်း ရေးသားထားသည်။

ကမ္ဘာ့ဘာသာကြီး လေးခု အနက် အစောဆုံး ပေါက်ပေါက်သည့် ဘာသာ ဖြစ်သည့် ဟိန္ဒူဘာသာကတော့  “ဘဝ တစ်ခုမှသည် တစ်ခုသို့ ကူးပြောင်းနေသည့် အတ္တ သို့မဟုတ် ဝိဉာဉ်မှ စတင် ပေါ်ထွက်လာသည့် လျှို့ဝှက်ပြီး ထူးခြားဆန်းပြားသည့် ပရမာတမ (Paramatma)မှ စတင်သည်ဟု ဘဝကို ခြေရာခံလိုက်သည်။ ဘဝ၏ အစသည် ဗြဟ္မာ (Brahman) မှ လာသည်။ ၄င်း ဖန်ဆင်းသောကြောင့် ဖြစ်လာသည် ဟု ဆိုသည်။ ခရစ်ယန်ဘာသာကလည်း ဘဝ၏ မူလအစသည် အနန္တ တန်ခိုးတော်ရှင် ထာဝရဘုရား သခင် ဖြစ်သည်ဟု ဆိုသည်။ ထိုဘာသာ အလိုအရ လူအပါအဝင် အရာရာကို ထာဝရ ဘုရားက ဖန်ဆင်းထားခြင်း ဖြစ်၏။ အစ္စလမ် ဘာသာသည်လည်း အလ္လာအရှင်မြတ်ကပင် လူ အပါအဝင် အရာရာကို ဖန်ဆင်းသည်ဟု ဆိုသည်။ 

ထိုဘာသာကြီး သုံခု အလိုအရ လူသည် အနန္တ တန်းခိုးတော်ရှင်က ဖန်ဆင်းလိုက်သည့် အရာ တစ်မျိုး ဖြစ်ရကား လူ့ဘဝ၏ အစသည် ဖန်ဆင်းရှင် ဖြစ်သည်။ (ဤ ဖန်ဆင်းရှင် ဝါဒနှင့် ပတ်သက်၍ အနောက်တိုင်းတွင် အတော် ဝေဖန်လာကြသည့် အကြောင်းကို နောင် အလျှဉ်းသင့်လျှင် ရေးပါမည်။) လူသည် အပြဌာန်းခံ သတ္တဝါ တစ်မျိုး ဖြစ်သည်ဟု ဆိုရပါမည်။

ဗုဒ္ဓနှင့် ခေတ်ပြိုင် သို့မဟုတ် မရှေး မနှောင်း ပေါ်ပေါက်ခဲ့သည့် ဘာသာရေး ဆရာကြီးများကလည်း အမျိုးအမျိုး အဖုံဖုံ ဆိုကြပြန်သည်။ တစ်ချို့က “ဘဝ၏ မူလအစမှာ ကံကြမ္မာတရား ဖြစ်သည်။ ကံကြမ္မာတရားကြောင့် ဘဝဖြစ်လာသည်”ဟု ဆိုသည်။ တချို့သော ဘာသာရေး ဆရာကြီးများကတော့ အကြောင်းမရှိပဲ (သူ့အလိုလို) ဘဝ ဖြစ်ပေါ်လာသည်ဟု ဆိုပြန်သည်။ အချို့ဆရာကြီးများကမူ အနန္တ တန်ခိုးတော်ရှင် (မဟာ ဗြဟ္မာ)၏ ဖန်ဆင်းမှုကြောင့် လူဖြစ်လာရသည်ဟု မိန့်ကြပြန်သည်။ ဤ အယူအဆများကို ဒီကနိကာယ်၊ ဗြဟ္မဇာလသုတ်တော်တွင် တွေ့နိုင်သည်။

ကမ္ဘာ့ဘာသာကြီး လေးခုအနက် ဒုတိယမြောက် ပေါ်ပေါက်လာသည့် ဗုဒ္ဓဘာသာက ဘဝ၏ အစကို မည်သို့ ယူဆပါသနည်း၊ အထက်တွင် ဖော်ပြခဲ့သည့် မေးခွန်းများ၏ အဖြေကား မည်သို့ဖြစ်ပါသနည်း ဆိုသည့် မေးခွန်းများမှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းသည့် မေးခွန်းများ ဖြစ်ပါသည်။ 

ဆက်ပါဦးမည်။

ပုံကို http://www.daydaypaint.com/abstract-c-97.html မှ ယူပါသည်။

ဘုန်းဉာဏ်

Jul 19, 2011

အောင်ဆန်း သို့မဟုတ် အရိုင်း

ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ တိုင်းပြည်၏ ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့သည်မှာ ယနေ့ဆိုလျှင် (၆၄) နှစ်မြောက်သို့ တိုင်ခဲ့ပါပြီ။ ရိုလည်း ရိုးသား၊ ဖြောင့်မတ်မှုလည်း အပြည့်၊ သတ္တိရော ဗျတ္တိပါ ကြီးမားသည့် ပုဂ္ဂိုလ်မျိုးကို နှစ်ပေါင်းများစွာ ကြာမှ တစ်ခါတရံသာ ရတတ်ကြသည်။ ရခဲ့လှသည့် ထိုပုဂ္ဂိုလ်မျိုးကို မမေ့အပ် သည်သာမက တန်ဖိုးလည်း ထားအပ်ပါ၏။ မြတ်လည်း မြတ်နိုးအပ်ပါ၏။ တန်ဖိုးထား မြတ်နိုးအပ်သည့် အားလျှော်စွာ အတုလည်း ယူအပ်ပါ၏။ 
တန်ဖိုးထား မြတ်နိုးပါသော်လည်း မိမိအနေဖြင့် သူနှင့် ပတ်သက်သည့် စာ မရေးဖြစ်ခဲ့ပါ။ ထို့ကြောင့် Thursday, April 01, 2010  နေ့က ဤ ဘလောဂ်တွင် တင်ခဲ့သည့် ဆရာကြီး ဒဂုန် တာရာ၏ “ အောင်ဆန်း သို့မဟုတ် အရိုင်း” ကို ခဏ ပြန်ဆွဲတင်ထားပါသည်။ စပြီး ပို့စ် တင်စဉ်က ရေးခဲ့သည့် စာရေးသူ၏ အမှာစကားလေးကိုလည်း မပြုမပြင် တပါးတည်းပင် ဖော်ပြလိုက်ပါသည်။

ဘုန်းဉာဏ်
(၁၉၊ ဇူလိုင်၊ ၂၀၁၁)

ဒဂုန်တာရာ၏ "အောင်ဆန်း သို့မဟုတ် အရိုင်း" ဆောင်းပါးနှင့် ပတ်သက်လို့ ဗိုလ်ချုပ်က "တာရာက ငါ့ကို အရိုင်းတဲ့ကွာ" လို့ ငြီးငြူးရှာကြောင်း စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်။ ဖတ်ဖူးခဲ့တဲ့ စာအုပ်နှင့် စာရေးသူကို မှတ်မိနေသလို ရှိနေပေမဲ့ သေချာအောင် ပြန်ကြည့်ဖို့ စာအုပ်မရှိလို့ ဒီမှာတော့ မညွှန်းလိုက်တော့ပါဘူး။ ထားပါတော့။ လူလားမြောက် ကတည်းက မြန်မာပြည် လွတ်လပ်ရေးအတွက် အချိန်ပြည့် စဉ်းစားနေခဲ့ပြီး အလုပ်တွေလုပ်ခဲ့တဲ့ ဗိုလ်ချုပ်၊ မှုန်ပြပြ အတိတ် တစ်ချိန်ကသာဆို ဒဏ္ဍာရီလား တကယ်လားလို့ ဒုတ်ကိုင်ပြီး အငြင်းပွား ကြရအောင်ကို စိတ်ဓာတ်ရော လုပ်ရပ်ပါ တော်ခဲ့တဲ့ ဗိုလ်ချုပ်၊ အဲဒီဗိုလ်ချုပ်ရဲ့ အကြောင်းဆိုတော့ ဖတ်ချင် နေခဲ့တာပါ။ ဗိုလ်ချုပ်ရဲ့ ငြီးငြူသံလိုလို ဘာလိုလို စကားသံလေးကို အကဲခတ်ကြည့်ရင် ဆရာ တာရာရဲ့ ဆောင်းပါးဟာ မရှိတာတွေကို အရှိ၊ မကောင်းတာတွေကို အကောင်း ဖန်တီးထားတဲ့ ခေတ်သစ် ဘုန်းတော်ဘွဲ့မဟုတ်တာ သေချာတယ်လို့တော့ အကဲခတ်မိပါတယ်။ ဒါကြောင့်လဲ ဖတ်ချင်ခဲ့တဲ့ ဆန္ဒဟာ မပျောက် မပျက် တည်ရှိနေခဲ့တာပါ။ ဒါပေမဲ့ မကြုံတော့မဖတ်ခဲ့ရပါဘူး။ 

အခုတော့ ကြုံလာပါပြီ။ စင်္ကာပူကို အလည်လာတုန်း သူငယ်ချင်းရဲ့ နေရာလေးမှာ ဂျာနယ်လေး တစ်စောင် ကို တွေ့လို့ လှန်လှောကြည့်မိတော့ အမှတ်မထင် ဒီဆောင်းပါးကို တွေ့လိုက်ရတာပါ။ ချက်ချင်းပဲ ကောက် ဖတ် လိုက်မိတော့ အရမ်းကို သဘောကျသွားပါတယ်။ သဘောကျရခြင်းရဲ့ အကြောင်းကတော့ အရှိကို အရှိအတိုင်း ရေးထားလို့ပါလို့ပဲ တိုတိုပြောပါရစေ။ ကိုယ်ဖတ်ရရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်လိုပဲ ဖတ်ချင်ပေမဲ့ မတွေ့လို့ မဖတ်ရသေးသူတွေကို ဖတ်နိုင်ကြစေချင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘလော့ဂ်လေးပေါ် တင်ဦးမှပဲလို့ အတွေးပေါက်တာနှင့် ချက်ချင်းပဲ ကောက်ကာငင်ကာ ကူးထားလိုက်ပါတယ်။  


ဒီဆောင်းပါးဟာ ဘယ်မဂ္ဂဇင်းမှာ ဘယ်လ ဘယ်နှစ်က ပါတယ် စတဲ့ မူလ ပုံနှိပ်မှတ်တမ်း အပြည့်အစုံ ဖော်ပြပေးချင်ပေမဲ့ အခုတော့ မပေးနိုင်သေးပါဘူး။ ဒါကိုတော့ နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေ။ နောင်မှာ အကြောင်းသင့်ရင်တော့ ထပ်ဖြည့်ပေးပါ့မယ်။ အခု ဒီမှာတင်ထားဖို့ ကူးယူခဲ့တဲ့ စာစောင်ကိုတော့ ဆောင်းပါးအဆုံးမှာ ရည်ညွှန်းအဖြစ် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာ အောင်သင်း စကားငှါးပြောရရင် မစားပဲနဲ့ စွန့်သွားတဲ့ ခေါင်းဆောင်ကြီးပါ။ တိုင်းပြည်အတွက် နောက်ဆုံးမိနစ်အထိ အလုပ်လုပ်သွားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဒါကြောင့်မို့ တစ်ပြည်လုံးနီးပါးက ကြည်ညို လေးစားကြပါတယ်။ ဒါပေမဲ့ သူ့မှာလဲ လူမှုရေး ချို့ယွင်းချက် လေးတွေရှိပါတယ်။ သူ့ရဲ့ အဲဒီချို့ယွင်းချက်များကိုလည်း ဆောင်းပါးရှင်က ဖော်ပြထားပါတယ်။ ဖော်ပြထား လိုက်တာမှ ဖတ်ရင်းတောင် ဆရားကြီး တာရာ ပြောရက်လိုက်တာကွာ လို့ပင် ပြောမိသေးပါတယ်။ သူငယ်ချင်းကို ဖတ်ပြမိတော့ "ဟာ သူရေးတာကလဲ တယ်ကြမ်းပါလား" ဟု ဆိုပြန်ပါတယ်။ အမျိုးသမီး တစ်ဦးကတော့ ဒီလောက် အချိုးအစားကျတဲ့ ဗိုလ်ချုပ် မျက်နှာကိုများ စာရေးဆရာက ရုပ်ဆိုးတယ်လို့ ပြောသလားလို့ မေးခွန်းထုပ်ပြန်ပါတယ်။ တကယ်တော့ စာမူရှင် ဆရာကြီး တာရာ ရေးထားသလို " . . . စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့် စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်" ဆိုသကဲ့သို့ပင် ကိုယ်တန်ဖိုးထား လေးစားသည့် အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်ရကား အရာရာ ကောင်းမွန် ပြည့်ဝစေလိုသည့် ဆန္ဒများမှ ပေါက်ဖွားလာတဲ့ စကားများ ဖြစ်တာကတော့ သေချာပါတယ်။ ဒီလို ဖြစ်နေကြတာကိုက လူပင်သေသော်လည်း သူ့ဂုဏ်သိက္ခာများကား မသေသည့် သက်သေတစ်ခု ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းကလဲ လူထုနှင့် တစ်သားတည်း နေခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ 'တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှသူတစ်ဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည်။ ဖြစ်လိမ့်မည်' ဆိုတဲ့ ဆရာတာရာရဲ့ဆောင်းပါးပါ ကောက်ချက်အတိုင်းပါပဲ။ လူထုရဲ့ ဘဝ၊ လူထုရဲ့ လိုအပ်ချက်ကို ကြည့်ရှု ဖြည့်ဆည်းပေးတဲ့ သူကို လူအများ လေးစား ချစ်ခင်ကြသလို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တစ်စုအတွက်သာ လုပ်ဆောင်သူများဟာလဲ အများရဲ့ ချစ်မြတ်နိုးခြင်း ခံရမည် မဟုတ်သည်မှာ တကယ့် အမှန်တရားပင် ဖြစ်ပါတယ်။ အဲဒီလိုလူအတွက်တော့ ကမ္ဘာကျော် ဟောပြောသမားကောင်းတွေနှင့် အာပေါက်အောင် သူကောင်းကြောင်း ပြောခိုင်းပေမဲ့ လူထုရဲ့ လက်တွေ့ဘဝနှင့် တစ်ထပ်တည်း မကျတာကြောင့် "အပြောက ဝတိန်ဘုံ၊ မနောက ကလိန်ခြုံ" လို့ သတ်မှတ်ခံရမှာပါ။ ညံ့ဖျင်းလှတဲ့ သူ့စိတ်ဓာတ်ကို သိနေကြလို့ ဘယ်သူကမှ ယုံကြည်လာ၊ မေတ္တာ သက်ဝင်လာမှာ မဟုတ်တာတော့ အသေအချာပါပဲ။ ဒါကြောင့်မို့ ဆရာ တာရာရဲ့ ဒီကောက်ချက်ဟာ ဒီမှာ ပို့စ် တင်ထား ခြင်းခြင်းရဲ့ အကြောင်းတစ်ရပ်ပါပဲလို့ ဆိုပါရစေ။

ဘာပဲဆိုစေ၊ "စာပေသည် ခေတ်၏ ကြေးမုံပြင်" ဆိုတဲ့ အတိုင်းပါပဲ၊ အဲဒီခေတ်က အကြောင်းအရာ၊ လွတ်လပ်စွာ ရေးသားကြပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထား တစ်စိတ် တစ်ဒေသ၊ အထူးသဖြင့် အမှားကို ဝန်ခံရဲ ပြင်ရဲသည့် စိတ္တသတ္တိ စသည် စသည်တို့ကို ဒီဆောင်းပါးမှာ တွေ့ရလို့ မိမိတို့ ခေတ်လူငယ်တွေ အတွက် ဖတ်ရကျိုး နပ်တဲ့ စာတစ်ပုဒ်ပါပဲ။ 

"ငါတို့ မြန်မာပြည်ဝယ် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်" ဆိုတဲ့ သီချင်းကို ကျောင်းသား ပေါက်စ ဘဝက မကြာခဏ (မိမိတို့ကျောင်းလေးမှာ) ဆိုခဲ့ကြရသလို ကြီးလာတော့လဲ မကြာခဏ ကြားနေခဲ့ရတာပါ။ အဲဒီ သီချင်းထဲမှာ ပါတဲ့ မြန်မာပြည်သားတွေရဲ့ ဆန္ဒဟာ ခုထိတော့ ဘဝနှင့်  တစ်ထပ်တည်း မဖြစ်သေးပါဘူး။ သူများတိုင်းပြည်ကို အမှီလိုက်နိုင်ဖို့ လူတော် လူမြတ်တွေ၊ ခေါင်းဆောင်ကောင်းတွေ အများကြီး လိုအပ်လှတဲ့ အမိ မြန်မာပြည် အတွက် မိဘတိုင်းက မမွေးပေးနိုင်ပေမဲ့ မွေးပေးနိုင်တဲ့ မိဘများ ပေါ်ပေါက်လာပါစေလို့ ရင်မှပေါက်ဖွား ဆန္ဒစကားကို လေးလေးနက်နက် ဆိုလိုက်ရပါတယ်။
အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ !!!
ဘုန်းဉာဏ်
 Sembawang, Singapore
 ၂၆၊ ၀၃၊ ၂၀၁၀

အောင်ဆန်း သို့မဟုတ် အရိုင်း
ဒဂုန်တာရာ
(၁)
သူ၏ အောက်မှ လူထုကြီးသည် စည်းကမ်းသေဝတ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျှက် ရှိသည်။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ။ တချို့က ပြုံးရယ်၍ နေ၏။ အနောက်နားရှိ လူထု အစိတ်အပိုင်း တခုကားအချင်းချင်း ခေါင်းခြင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။ 

 အစိမ်းရောင် ကတ္တိပါကားကြီးသည် သူ့ကို နောက်က ခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တော တောင်မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တိပါကားသည် အခြား ဘာ အဓိပ္ပါယ်ကိုမှ ထူးထူး ထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာ ဆောင်၍နေ၏။  

သူသည် စိမ်းညို့သော ကားကြီးရှေ့ စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထဝီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ယက်လုပ်သည့် ပင်နီ ဖျဉ်ကျမ်းကြီးကို ဝတ်ထား၏။ လုံခြည်မှာ နီရဲသော ပိုးလုံခြည် ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံ အနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတစ်ယောက် မျက်နှာနှင့်လည်း တူ၏။  

တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေး သိမ်မွေ့ ခြင်းတို့သည် သူ့တွင် လုံးဝ မခိုအောင်း၊ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တဦးနှင့်သာ တူ၏။ လူထုထဲမှ လူတဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။ 

သူသည် လက်နှစ်ဘက်ကို ဘေးသို့ကား၍ လှုပ်ကာ လှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများ ကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။  

သင် ပထမဦးဆုံး တွေ့မြင်သော အောင်ဆန်း၏ ပုံကို ရေးပြပါ ဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်ပေသည်။ 

ထိုအခါကား ၁၉၃၆ ခုနှစ်၊ ပထမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟော ခန်းမတွင် ဆင်ယင်သော အခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသား ကိုယ်စားလှယ် အဖြစ် ကျောင်းသား ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။

၁၉၃၆ ခု၊ သပိတ်မှောက် ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့် အခိုက် 'အောင်ဆန်း' အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံ ဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သည်။ ကျွန်တော်မှာ စာပေဝါသနာပါသူ ဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင် စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။

သို့သော် ဂျူဗလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူ စကားပြောသည်ကို တွေ့မြင် ကြားနာရသော အခါ အထင်နှင့် အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ် ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်း ဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်၊ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။
ထိုအခါ ကျွန်တော့မှာ အရွယ် နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့် စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂)
နောက်တစ်နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍ နေသည်။ ကျွန်တော် တက္ကသိုလ် ရောက်သည့် ၁၉၃၇ - ၃၈ ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ် သမဂ္ဂတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်။ မရင်းနှီးခဲ့ ပေ။

သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီ၍ရသော လူစားမျိုး မဟုတ်၊ နိုင်ငံရေး အတူတူ တွဲဖက်လုပ်လျှင်သာ သူနှင့် ရင်းနှီးမည် ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဖက်သတ် မလိုက်။ စာပေ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့ကို သခင် ဗဟိန်းက အသိဖွဲ့ပေး၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေး သမား သက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ ရောက် မသွားခဲ့ပေ။
သခင် ဘဟိန်းနှင့်က သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်၏။ စာပေ၊ ကဗျာ၊ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ် ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ သို့သော် ချစ်ခင် ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့ မဟုတ်။ 

ကျွန်တော် စာရေး ဝါသနာပါသည်ကို ကိုအောင်ဆန်း သိ၏။ သို့ရာတွင် ကျွန်တော် ရေးခဲ့သော ဒဂုန် မဂ္ဂဇင်းမှ ရတု၊ ပိုက်စုံစသော ကဗျာများ၊ ဝတ္ထုတို ဆောင်းပါး စသည့် စာပေများကို သူ အကုန် ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်း မဟုတ်။ 

သို့သော် တစ်ခါက သခင် ဘဟိန်းနှင့် အတူ သမဂ္ဂ အမှုဆောင် ကော်မတီခန်းတွင် ပင်းယ မဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး တခုကိုကား ကျွန်တော်ရှေ့ ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက် ပေး၏။ ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ် - ဗမာ ဆောင်းပါးရှင် တစ်ဦး ဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသားသော သူ၏ ဆောင်းပါးကို ဂန္ထလောက မဂ္ဂဇင်းတွင် ဖတ်ရဖူးသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အသင်း၏ ကြွေးကြော်သံ 'မျိုးညွန့်' မဂ္ဂဇင်းတွင်ပါသော သူ၏ လောက ဝိဟာရ အမည်ရှိ ဆောင်းပါးတိုကလေးကိုသာ သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ဗဟုသုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာအရေး ညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။ ဟာသဉာဏ် ပါ၏။

ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ၌ သူ၏ ဥက္ကဋ္ဌ မိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို 'ပညာရေး ပူရာဏ်ကျမ်း' ကြီး ပေတကား… ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက် ပါပေသေည်။

ကျောင်းမှ ထွက်ပြီး ဒို့ဗမာ အစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ်လာ၍လား မပြောတတ်၊ ဒဂုန် မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကို ပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား နိုင်ငံရေး အမျိုးမျိုး ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိနိုင်ငံရေးက အစချီ၍ မျက်မှောက် ကမ္ဘာ့နိုင်ငံရေး အခြေအနေထိရေး၏။ စာပြောင်၍ ဖတ်၍ ကောင်း၏။ 

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ငြိထား၍လား မပြောတတ်။ ဒဂုန် မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရ ရှာလေသည်။

သမဂ္ဂ ဥက္ကဋ္ဌဖြစ်သော ၁၉၃၈ - ၃၉ - ခုနှစ်က သူသည် ဘီအယ်တန်းတွင်ရှိ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ သူ၏ အခန်းသည် သပ်ရပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့ ဘီဒိုပေါ် တချို့ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကျဲကာ ရုန်းရင်း ဆန်ခတ်ဖြစ်၍ှနေကြသည်။ သူသည် အင်မတန် စာဖတ်သူတစ်ယောက် ဖြစ်၏။ 

သူသည် ဒေါသကြီးသူ တစ်ယောက် ဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့ အဖို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ။ သူ့တွင် စိတ်လိုက် မာန်ပါ စိတ်တွေ ရှိသည်ဟု ကျွန်တော် ထင်၏။ 

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည် အထိမ်းအမှတ် ပွဲတစ်ခု တက္ကသိုလ် သမဂ္ဂတွင် ကျင်းပ၏။ ပရိတ်သတ်ထဲက ထ၍ ဝေဖန်စကား ပြော၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်း ကျောင်းဆောင်မှ ကုလား ကျောင်းသား တစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာ ရာရှစ်ကို ဝေဖန်ရာ အတော် ထိခိုက်သော အပြစ်တွေကို ထုပ်ဖော် ပြောလေသည်။ အခြေခိုင်သည်၊မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင် ထွက်သော စကားမျိုးု သုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရလေ၏။

ကုလား - ဗမာ အဓိကရုဏ်း အပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ် ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ညိုမြ အမှူးရှိသော ကျောင်းသား တစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆို တင်သွင်း၏။ ထို အစည်းအဝေး၌ ကို အောင်ဆန်းသည် ညိုမြကို ဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှ နေ၍ ညိုမြ အတင်းကို ပြောလိုက်လေသည်။ 

သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တစ်ပတ်လောက် ကြာသောအခါ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ် ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာလေသည်။ 

တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။ 

သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ဘူးသော သူ့ကို နောက်တစ်ခါ တွေ့လျှင် နှုတ်ဆက် ချင်မှ ဆက်၏။ သူ့ကို သိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဋ္ဌ ဖြစ်သဖြင့် သူ့ကို ကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလိုသာ နိုင်ငံရေးကို တွေးနေဟန် တူ၏။ ဗမာ ပြည်၏ လွတ်လပ်ရေး အတွက် စိတ်ပူပုံ ရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက် ရှိနေသည်။

သူ စကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းကိုသာ ပြောသည်။ သူ ပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးက လူများ၏ စကားကို သူမကြား။ သူ ပြောချင်တာကိုသာ စွတ်၍ ပြောနေတတ်သည်။

တစ်ခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန်၊ ဝိတိုရိယ ရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိကြသည်။ ကျွန်တော်မှာလည်း တောက ရောက်ခါစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော် ထိုင်ကာ တီးနေ၏။ ဘေးမှ သခင် စံဝေ နှင့် တက္ကသိုလ်ကျောင်းသား အချို့က ဝိုင်း၍ သီချင်းဆိုလျက် ရှိသည်။ ဘီအိုင်အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။ 


 x x x ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ရယ် x x x
ချစ်သဲနွယ် x x x
အဟုတ်ကို ချစ်တော့မယ် x x x
ခင်ရယ် ကြင်မယ် x x x
ဝိုင်း၍ ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက်၊ ဂေါက်၊ ဂေါက် နှင့် တစ်ဖက်မှ လျှောက်လာကာ စန္ဒယား အပါးတွင် လက်ထောက်ကာ ရပ်လျက် "ဟေ့ ရပ်ကြ၊ အခုလို အခါမျိုးမှာ ရဲစိတ်၊ ရဲမာန်တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျာ့။ ဒီချစ်မယ်၊ ကြင်မယ် သီချင်းမျိုးက  မဟန်ဘူး။ ရုပ်တရက် ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။
 

သူသည် သူပြောချင်တာ ပြောပြီး ထွက်သွားလေ၏။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူက ဒီလိုလူစားမျိုး။ သမဂ္ဂ ဥက္ကဋ္ဌ ကိုလှမောင်၏ လက်ထပ်ပွဲသည် ဘီအိုင်အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများတွင် ပထမဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲ ပြီးသော အခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာ နေကြ၏။ စန္ဒယားဆရာ တစ်ဦးက တီးကာ ဖျော်ဖြေလျက် ရှိသည်။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယား ဆရာကိုရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှာ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက်ကာ မရ တရဖြင့် လိုက်ဆို၏။ တီးသော သီချင်းမှာ "ကဉ္စန" သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်းပြန်၏။ 

တစ်ခါက ဂျပန်ခေတ် ဝန်ကြီးတစ်ဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ အရင် ဝင်စေ၏။ ဧည့်သည်များက အဝတွင် ရပ်၍ သူ့ အဝင်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကျော် တစ်လုံးကို ယူစားလိုက်သည်။ သူ ထမင်းစားနေစဉ် ဧည့်သည် ဝင်လာလို့လည်း ဗမာ ဧည့်ဝတ်ထုံးစံ အရ "ထမင်း စားပါအုံးလား" ဟု ခေါ်ချင်မှ ခေါ်သည်။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ကြောင်သည်ဟု အမှတ်ထားကြလေ၏။

သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူ မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ် ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ပဲ နေ၏။ 

သူ့တွင် နိုင်ငံရေး ဝိဥာဉ်က ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာ လုပ်သော လူတစ်ဦး ဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မလုပ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ ပြုလုပ်သော နိုင်ငံရေး သတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။

၁၉၄၂ - ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာ အကြောင်းကို ပြော၏။ အနုပညာဆိုတာ ရှိတာပဲ။ လင်မယား ဘဝမှာလည်း အနုပညာ မဲ့လျှင် လင်မယား ကွဲမှာပေါ့။ ဒီလိုပဲ တော်လန်ရေးမှာလည်း အနုပညာ ရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လန်ရေး အစစ် ဖြစ်မယ်။
 
ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃ - ၄ ရက် အလိုက ကိုဗဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။ သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ "ဒီမယ် အိမ်ထောင်ပြုတယ် ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့ မရဘူး။ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတာ" ဟု မမေးပဲ သူ့ဘာသာသူ ပြောနေ၏။ လက်ထပ်ပြီးစက ကျွန်တော်ရေးလျက် ရှိသော လွတ်လပ်ရေး ကြိုးပမ်းမှု စာအုပ်နှင့် ပတ်သက်၍ အင်လျားကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။ ဧည့်ခန်းတွင် ခေတ္တ စောင့်နေရ၏။ ထွက်လာသော အခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကို တွေ့၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။ သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့်လည်း အကြောင်း မရှိ။ အကြောင်း မရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖော်ဖော်ရွှေရွှေ လောကွတ်ပျူငှါ ခေါ်မည့် လူစားမျိုးလည်း မဟုတ်။ 

တစ်ခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တပြုံကြီးကို မြင်လိုက် ၏။ အော် သားနှင့် မယားနှင့်မို့ လူစိတ် တော်တော် ပေါက်လာပြီး အရင်ကလို ကြောင်တော့မည် မဟုတ်။ အကြမ်း၊ အရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန်၊ မမှန်ကတော့ မပြောတတ်။

ဖဆပလ ဥက္ကဋ္ဌ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်း မဟုတ်။ သူ၏ အဖြစ်သာ ကျွန်တော် သိသည့်အထိ ပြောပြခြင်း ဖြစ်ပေသည်။ တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှသူတစ်ဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည်။ ဖြစ်လိမ့်မည်။

ရည်ညွှန်း။ ။ Australian Burmese Community Journal, No. 1, Vol (4), October, 2009, pp. 18 - 19/ 27/ 29 တွင် ပြန်လည် ဖော်ပြထားသည့် ဒဂုန်တာရာ၏ "အောင်ဆန်း သို့မဟုတ် အရိုင်း" ကို ကူးယူ၍ ပြန်လည်တင်ပြလိုက်ပါသည်။