Pages

Oct 7, 2012

သီတင်းကျွတ်ပွဲတော်နှင့် ကောင်းမြတ်တဲ့ အစဉ်အလာ

(ယခုနှစ် သီတင်းကျွတ် ပွဲတော်ရသီ အတွက်လည်း စာ အသစ် မရေးဖြစ်တော့လောက်လို့ ၂၀၁၀ခုနှစ်က ရေးပြီး တင်ခဲ့တဲ့ ပို့စ်ကိုပဲ ပြင်ဆင်ခြင်း မပြုပဲ ပြန်တင်လိုက်ပါသည်။)



ဆယ့်နှစ်လရာသီ တစ်ခုလုံးကို ပွဲတော် အသီးသီးနှင့် တန်းဆာ ဆင်ထားတဲ့ မြန်မာတို့ ရိုးရာလေးက ချစ်စရာ၊ မြတ်နိုး စရာလေးပါ။ သေချာ စဉ်းစားကြည့်ရင် အဲဒီထဲမှာ ချစ်မြတ်နိုးစရာ အကောင်းဆုံးက သီတင်းကျွတ်လ မီးထွန်းပွဲ လို့ ထင်မိတယ်။


“သီတင်းကျွတ်လ ဆီးမီးထွန်းပွဲ” ဆိုတာလေးကို ကလေးငယ် ဘဝကတည်းက သိကြ၊ နှုတ်ကျိုး နေကြပါတယ်။ “သီတင်းကျွတ်လ မီးထွန်းပွဲ” ဆိုတဲ့ အတိုင်းပဲ ဒီပွဲတော်မှာ မီးတွေ ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး သုံးရက်ကြာ ထွန်းကြပါတယ်။ လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက် ညတွေမှာပေါ့။ 



အိမ်တွေမှာဆို ဘုရာစင်ကို စိတ်ကြိုက် တန်းဆာဆင်ကာ ထွန်းညှိတတ်ကြတယ်။ အိမ် ဝရံတာ စတဲ့ နေရာမျိုးတွေမှာလဲ မီးဆိုင်း၊ မီးပုံး ရောင်စုံလေးတွေကို ချိတ်ဆွဲ ထွန်းကြတယ်။ ဒါတင် မကသေးဘူး။ စေတီ ပုထိုးတွေ၊ လမ်းတွေနှင့် ဘာသာရေး အဆောက်အဦတွေ၊ ရွေးချယ် သတ်မှတ်ထားတဲ့ နေရာတွေမှာလဲ အရောင် အသွေးစုံ မီးလုံးလှလှလေးတွေ ဝေနေအောင် တပ်ဆင် ချိတ်ဆွဲကြကာ ထွန်းညှိကြပြန်တယ်။ ဒါကြောင့်လဲ မီးထွန်းထားတာတွေကို မိသားစုလိုက် လိုက်ကြည့်ကြတယ်။ လှပတဲ့ မီးရောင် အောက်မှာ အလွန်တရာ သပ္ပါယ်လှတဲ့ ဘုရား စေတီတွေကိုလဲ မိသားစုလိုက် လိုက်လံ ဖူးကြတယ်။ အဲဒီလို ဘုရားဖူးရ၊ လှည့်ပတ် ကြည့်ရှုရတာတွေက စိတ်ကို ရွှင်လန်း အေးမြ အပျော်တွေ ရစေတာပါ။


တကယ်တော့ မီးထွန်းတာဟာ အလှအပ သက်သက်အတွက်သာ ထွန်းတာ မဟုတ်ပါဘူး။ မီးထွန်းပွဲမှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ပါဝင်ပါတယ်။

မယ်တော် ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သား အမှုးရှိတဲ့ နတ် ဗြဟ္မာ အပေါင်းကို ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားရာက ပြန်ကြွလာတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကို လူတွေက ဆီးမီးတွေ၊ အမွေးတိုင်တွေ ထွန်းညှိ ပူဇော်ပြီး ကြိုဆိုခဲ့ကြတယ်တဲ့။ အဲဒါကို အတုယူ အစဉ်လိုက်ပြီး အထိမ်းအမှတ် အနေနဲ့ မီးတွေကို လှလှ ပပ ပြင်ဆင်ကြပြီး ဘုရားရှင်ကို ရည်မှန်း ပူဇော်ကြရာက မီးထွန်းပွဲတော် ဆိုတာ ဖြစ်လာခဲ့ဟန် တူပါတယ်။

နောက်တစ်ခုကတော့ ဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရား ဟောကြားတော်မူပြီး ကျေးဇူးဆပ်တယ် ဆိုတဲ့ အစဉ်အလာပါ။ ပဋိသန္ဓေ တည်နေပြီလို့ သိသည့် အချိန်မှသည် လူတစ်လုံး သူတစ်လုံး ဖြစ်လာသည်အထိ စောက်ရှောက် ကျွေးမွေးလာတဲ့ မိဘတွေဟာ သားသမီးတွေ အတွက် တုနှိုင်းမမီတဲ့ အနန္တကျေးဇူးရှင်တွေပါ။ အဲဒီ ကျေးဇူးတွေကို သားသမီးတွေ အနေနှင့် မိဘတွေ လိုအပ်တဲ့ အချိန်မှာ ပြန်လည် ပေးဆပ်ဖို့ လိုတယ်လေ။ မဆပ်နိုင်သည့်တိုင်အောင် သိနေဖို့၊ အစဉ်သတိယနေဖို့တော့ လိုအပ်တယ် မဟုတ်ပါလား။ ဒါကြောင့် ဒီပွဲတော်ဟာ မိဘတွေရဲ့ ကျေးဇူးတရားတွေကို သိရှိ အောက်မေ့စေတဲ့ပွဲ၊ ကျေးဇူးဆပ်တဲ့ပွဲ ဆိုလည်း မမှားဘူးပေါ့။

Photo: Aye Lwin Oo, Shwe Pachi (Yamaethin)

ဒါကြောင့်မို့ သီတင်းကျွတ် ကာလမှာ ဖေဖေ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦး ဒေါ်ဒေါ် စတဲ့ မိဘ ဆွေမျိုးတွေကို တင့်တယ် လှပတဲ့ လက်ဆောင် ပစ္စည်းတွေနဲ့ လှည့်လည် ကန်တော့ကြတဲ့ ဓလေ့လေး ရှိတာ ထင်ပါရဲ့။ အဝေးရောက်နေရင်လဲ လက်ဆောင် တစ်ခုခု ပေးပို့ပြီး ကန်တော့တတ်ကြတယ်။ ဒီအစဉ်အလာက ပွဲတော်မို့ လက်ဆောင်ပေးတာ သက်သက်ထက် အဓိပ္ပါယ် ပိုပါတယ်။ အတူ ယှဉ်တွဲ ဆက်ဆံ ပေါင်းသင်းနေကြတဲ့ လူတွေ ဆိုတော့ လောဘ၊ ဒေါသ၊ မောဟရဲ့ အထူ အပါး အလျှောက် ပြောမှားဆိုမှားတာတွေ၊ စိတ်နှင့် ပြစ်မှားမိတာတွေက အနည်းနှင့် အများတော့ ရှိတတ်ကြပါတယ်။ ဒါမှ မဟုတ်ရင်လဲ သံသယ ဖြစ်တတ်ကြပါတယ်။ အဲဒီလို နည်းနှင့် ကိုယ့်ထက် အသက် ဂုဏ်ဝါ ကြီးတဲ့ သူတွေကို ပြစ်မှားမိရင် ခွင့်လွှတ် ကျေအေးဖို့ တောင်းပန် ကန့်တော့ကြတာပါ။ 

လူငယ်ကသာ မဟုတ်ပါဘူး။ လူကြီးတွေဟာလဲ အလားတူ ပြစ်မှား မိတတ်ကြတာပါပဲ။ ဒါကြာင့်မို့ ကန်တော့ခံကြတဲ့  လူကြီးတွေ ကိုယ်တိုင်ကလဲ သူတို့တွေ အကယ်လို့ ပြောမှား ဆိုမှား ပြုမိမှား ရှိခဲ့ကြလျှင်လဲ ခွင့်လွှတ်ကြပါလို့ လူငယ်တွေကို  ပြန်ပြီး တောင်းပန်ကြလေ့ ရှိကြတာပါ။ 

စိတ်ထား နူးညံ့ သိမ်မွေ့တဲ့၊ ရိုးရာ အစဉ်အလာလည်း ကောင်းခဲ့၊ ထိမ်းလည်း ထိမ်းသိမ်းတဲ့ အိမ်တွေမှာဆို မိဘတွေကို မိသားစုဝင်တွေ အားလုံး စုံစုံ ညီညီ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုး ကန်တော့တဲ့ ဓလေ့ ရှိတတ်ကြတယ်။ တစ်ချို့ဆို အစ်ကိုကြီး အမကြီးတွေကိုတောင် အစဉ်လိုက် ကန့်တော့တတ်ကြသေးတယ်။ သြော် တကယ်ပဲ ကြည်နူးရတဲ့ ကာလနှင့် ဓလေ့လေးပါပဲနော်။ 

လူသားတွေသာ မကပါဘူး။ သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေလဲ “ပဝါရဏာ ကံ” ပြုကြပါတယ်။  

ပဝါရဏာ ဆိုတာက “ဖိတ်မံတက ပြုခြင်း (invitation) လို့ အဓိပ္ပါယ် ရပါတယ်။ ဝါကျွတ်တဲ့ အဆုံးမှာ လုပ်တဲ့ ပွဲတစ်ပွဲလို့ ဆိုလို့ ရကောင်းပါတယ်။ ပွဲဆိုလို့ တီးတာ၊ မှုတ်တာ၊ ကတာ၊ ခုန်တာမျိုးတွေ လုပ်တဲ့ ဒါမှမဟုတ် အဲဒါမျိုးတွေ ရောယှက်ထားတဲ့ ပွဲတော့ မဟုတ်ပါဘူး။ နယ်ပယ် အလိုက် ဆိုင်ရာ ဆိုင်ရာ သံဃာတော်များ အားလုံး စုစည်းပြီး ဖိတ်မံသမှု ပြုရတဲ့ ပွဲပါ။  

ရဟန်းဖြစ်စေဦးတော့၊ လူဆိုတာ တစ်ယောက်တည်း နေတဲ့အမျိုး မဟုတ်ပါဘူး။ အများနှင့် နေပြန်တော့လဲ ပြဿနာဆိုတာ အနည်းနှင့် အများတော့ ဖြစ်တတ်တယ်လေ။ သိတယ်မဟုတ်လား။ လူဆိုတဲ့ အမျိုးက တစ်ယောက်ထဲ နေတာတောင် သူ့စိတ်နှင့်သူ ရှေးစိတ်နှင့် နောက်စိတ် တည့်ချင်မှ တည့်တတ်တာမျိုးပါ။ အများနှင့် ဆိုလျှင်တော့ ပြောစရာတောင် မလိုတော့ဘူး။  

ဒီတော့ ညီညွတ်အောင် စကားမပြောပဲ နေမယ် ဆိုတော့လဲ မဖြစ်ပါဘူး။ လူ့သဘာဝနှင့်လဲ ဆန့်ကျင်ပါတယ်။ ဒါကြောင့်လဲ ညီညီ ညွတ်ညွတ် နေစေဦးတော့၊ စကားမပြောပဲ ညီညွတ်အောင် နေတာမျိုး၊ လိုအပ်တာလောက်ပဲ လက်ဟန် ခြေဟန်နှင့် စကားပြောတာမျိုးက အကောင်းဆုံး နေခြင်းမျိုး မဟုတ်ပါဘူး။ ဘုရားရှင်ကလဲ မကြိုက်ပါဘူး။ ကဲ့ရဲ့တော်မူပါတယ်။ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား နေတာတောင် စကား မပြောပဲ နေကြလို့ “နွား၊ ဆိတ်၊ ရန်သူတို့ရဲ့ နေခြင်းမျိုးနှင့် နေကြတယ်” လို့ ခိုင်းနှိုင်းပြီး ကဲ့ရဲ့တော်မူခဲ့တာပါ။   

ပြောစရာ ရှိတာ ပြော၊ လုပ်စရာ ရှိတာ၊ လုပ်သင့်တာ လုပ်ရမှာပါ။ ဒီလို ပြောဆို လုပ်ကိုင်ပြန်တော့ အမှားအယွင်းတွေက ကြုံကြရ၊ ကြားကြရ ပြန်ပါတယ်။ ဒါမှမဟုတ် သံသယ ဖြစ်လာကြရပါတယ်။ ရလဒ်ကတော့ အနည်းနှင့် အများ စိတ်ဝမ်းကွဲကြရတယ်။ မမေးနိုင် မခေါ်နိုင်တွေ ဖြစ်ကြရတယ်။ ရန်သူတွေ ဖြစ်ကုန်ကြတယ်။ ဒီတော့ အတူနေသူ အားလုံး အပြန်အလှန် နားလည်ဖို့၊ အပြစ်ရှိရင် တောင်းပန်ဖို့နှင့် ကျန်တဲ့သူတွေကလဲ ကျေအေး ခွင့်လွတ်ဖို့ လိုပါတယ်။ အဲဒီတော့ အချင်းချင်း ပွင့်ပွင့် လင်းလင်း ဖိတ်ကြားထားဖို့ လိုတာပေါ့။  

ရဟန်းတော်တို့ရဲ့ ဝိနည်းမှာတော့ ဖိတ်ကြားမှုကို (၁) အချင်းချင်း လိုက်လျောစေ (ညီညွတ်စေ)ရန်၊ (၂) အာပတ်မှ ထမြောက်စေရန်၊ (၃) ဝိနည်းကို ရှေးရှုစေရန်ဆိုတဲ့ ရည်ရွယ်ချက် သုံးမျိုးနှင့် လုပ်တာပါ။

ဖိတ်ကြားပုံကတော့ ပါဠိလို “သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ” လို့ သုံးကြိမ် လျှောက်ကြား ဖိတ်မံရတာ ဖြစ်ပါတယ်။ “အရှင်ဘုရား (တို့)၊ သံဃာတော်ကို တပည့်တော် ဖိတ်ကြားပါတယ်။ မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်းများ ရှိခဲ့ပါလျှင် တပည့်တော်ကို သနားသဖြင့် ပြောဆိုကြပါ။ အပြစ်ကို မြင်လျှင် ကုစားပါမယ်ဘုရား” လို့ အဓိပ္ပါယ် ရပါတယ်။

ဒါကို အတုယူပြီး မိဘ ဘိုးဘွား စတဲ့သူတွေကို ရှိခိုးပြီး တောင်းပန်ကြတဲ့ ဓလေ့ ဖြစ်လာလေသလားလို့ စဉ်းစားမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ဒီဓလေ့လေးက အရမ်းကို ကောင်းတယ် ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လဲ လူမှုအသိုင်းအဝန်းမှာ ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့စေချင်ပါတယ်။  

ဘယ်အသိုင်းအဝန်းမှာပဲ ဖြစ်ဖြစ်၊ ဘုံရည်မှန်းချက် ရှိမယ်။ အဲဒီ ရည်မှန်းချက် ပန်းတိုင်ကို တစ်စိတ်တည်း တစ်ဝမ်းတည်း အတူ လက်တွဲ လုပ်ဆောင်ကာ နေကြမယ်။ ချီတက်ကြမယ်။ ဘယ်သူမှ လောဘ၊ ဒေါသ၊ မောဟကို အခြေမခံကြစတမ်းပေါ့။ အရပ်ပြော ပြောတော့ အားလုံး မညစ်ပတ်ကြစတမ်း။ လုံးဝ ရိုးသား ဖြူစင်မှုကို အခြေခံရမယ်ပေါ့။  

ဒါထဲကမှ အမှား လုပ်မိတာကို မြင်လို့ပဲ ဖြစ်ဖြစ်၊ ကြားလို့ပဲ ဖြစ်ဖြစ်၊ သံသယရှိလျှင်ပဲ ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းပေါ့။ ပွင့်ပွင့်လင်းလင်း ပြော ဆိုပေမဲ့ အကျိုး လိုလားစိတ်နှင့် ပြောဆိုရမှာပါ။ အဲဒီလို ပြောလာလျှင်လည်း လက်ခံပြီး ပြုပြင်ပါ့မယ်လို့ ဖိတ်ကြားရမှာပါ။ အဖွဲ့ဝင် အားလုံး ဒီလို စိတ်နှင့်ချည်း နေကြလျှင် ညီညွတ်မယ်။ ညီညွတ်လျှင် ချမ်းသာမယ်။ ချမ်းသာလျှင် အလုပ်ကို အာရုံစိုက်ပြီး လုပ်နိုင်မယ်။ အဲဒီလို လုပ်နိုင်လျှင် ရည်မှန်းချက် ပန်းတိုင်ကို ချမ်းချမ်းသာသာ ချောချော မွေ့မွေ့နှင့် ရောက်မယ်ဆိုတာ မြေကြီး လက်ခတ် မလွဲပါ။

မိသားစု တစ်ခုထဲမှာတောင် တစ်ယောက်နှင့် တစ်ယောက် အထင် လွဲတတ်ကြတယ်။ မိဘတွေက အစိုးရိမ် လွန်ပြီး ဒေါသတွေ ပေါက်ကွဲ၊ လိုအပ်တာထက် ပိုပြီး ပြောဆိုမိ ဆုံးမမိတတ်တယ်။ သားသမီးတွေက မိဘ စကားကို နားမထောင်၊ မလိုက်နာတာမျိုး၊ မကြားချင် မမြင်ချင်ယောင်ဆောင်တာမျိုး စတဲ့ တစ်ခုခုနှင့် ပြစ်မှား မိတတ်တယ်။ အပြန်အလှန် အထင်လွဲတာ၊ စိတ်ကောက်တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြစ်မှား ပြောဆိုမိတာတွေ ရှိတတ်ကြပါတယ်။ ဒါကလဲ လူ့သဘာဝပါပဲ။ သို့ပေမဲ့ ဒါတွေကို ဖုံးကွယ် မထားပဲ ပြောဆိုဖို့ ဖိတ်တယ် ဆိုတာ အင်မတန်မှ လေးနက် သိမ့်မွေ့ပြီး ချစ် မြတ်နိုးဖွယ်ရာပါ။  

မိဘနှင့် သားသမီးသာမက၊ ဆရာနှင့် တပည့်၊ ခင်ပွန်းနှင့် ဇနီးသည်၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းနှင့် အိမ်နီးနားချင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဆရာနှင့် ဒကာ၊ ပြည်သူနှင့် အစိုးရ စတဲ့စတဲ့ အချင်းချင်း ဆက်စပ် ပတ်သက်နေတဲ့ အသိုက်အဝန်း အားလုံးဟာလည်း အတူတူပါပဲ။ တကယ် မှားတာတွေ ရှိမယ်။ အမှားလုပ်တယ်လို့ မြင်တာ၊ ကြားတာ၊ သံသယဖြစ်တာတွေ ရှိမယ် ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ စေတနာဆိုးနှင့် မှားတာ မဟုတ်လျှင် အပြုပြင် ခံနိုင်၊ ဝေဖန် ထောက်ပြ အကြံဥာဏ် ပေးတာကို ခံနိုင်ရမှာပေါ့။ အပြန် အလှန် တောင်းပန်၊ ကျေနပ် ခွင့်လွှတ် လက်ခံနိုင်လျှင် အကောင်းဆုံးပါ။   

ဒီလိုသာဆိုလျှင် တကယ့် စိတ်ချမ်းမြေ့စရာ အကောင်းဆုံး၊ ပျော်စရာ အကောင်းဆုံး အသိုက်အဝန်း ဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် အချင်းချင်း အပြစ်ကို ဖိတ်မံ၊ လက်ခံ၊ ကျေအေးကြတဲ့ ဓလေ့လေး လူမှု အသိုင်းအဝန်းမှာ ဆထက်ကဲပို ထွန်းကားလာစေလိုပါတယ်။ ထွန်းကားလာပါစေလို့လည်း အလေးအနက် ဆန္ဒပြုလိုက်ရပါတယ်။ 

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ 

ဘုန်းဉာဏ် 
Mumbai, India 
19/10/2010

Sep 19, 2012

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်



ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ် နာမည် သုံးပြီး
လုပ်စားနေခဲ့သူ လူတစ်စု
စုကို နိုင်ငံရေး လုပ်မှာ ကြောက်လို့
နိုင်ငံခြားမှာ အခြေကျအောင်
ပရိယာယ် အထွေထွေ
အခြေအနေ အရပ်ရပ်
အထပ်ထပ် ဖန်တီးပြီး စီစဉ်ခဲ့ကြတယ် တဲ့။
ဒါပေမဲ့ …
ရှေ့ရေးကို မျှော်
ဗိုလ်ချုပ်သမီးနော် ပီသ
ဇာတိပြကာ နေလာခဲ့ပြီး
တိုင်းပြည်က အရေးကြီးတော့
ရှေ့က ခေါင်းဆောင်
ဂုဏ်ရောင်ပြောင်အောင်
သူ ဆောင်ရွက်နေတယ်။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးကို
ဗိုလ်ချုပ် တည်ထောင်
ဂုဏ်ရောင်တွေ ပြောင်ခဲ့တဲ့
မြန်မာ့ တပ်မတော်မှ
အချို့သော ခေါင်းဆောင်တွေ
မတတ်သော စိတ်ထား
ဦးတည်ချက် အမှားများနှင့်
ဝရုန်းသုန်းကား
ဖမ်းဆီး ထောင်ချ
ဘဝ အမှောင်တွေကျအောင်
ကြံလုံး ဖန်လုံး
နည်းမျိုးစုံ သုံးလို့
အမျိုး သုဉ်းအောင်
ကြံဆောင် နှိပ်စက်
အဘက်ဘက်က ဖျက်ခဲ့တယ်။
ဒါပေမဲ့
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
တိုင်းပြည် အတွက်
အငြိုးအတေး မစွက်ပဲ
မေတ္တာသက်ပြီး
အကြမ်း မဖက်တဲ့ နည်းနှင့်
ကြိုးစားကာ ကြံဆောင်
အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
သူ့ အပေါ် ဗိုလ်ကျ
အမျိုးမျိုး ပါဝါပြသူတွေ အပေါ်
မပျက်သော မေတ္တာ
ဗြဟ္မစိုရ်တရား ပါပါနှင့်
လက်တွဲ ဆောင်ရွက်နေတာဟာ
လူ သာဓုခေါ် နတ် သာဓုခေါ်
ဘုရားပါ သာဓုခေါ်မည့် အလုပ်
သူ မပြတ်တန်း လုပ်နေတယ်ဗျာ။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
မပြီးပြတ်ခဲ့တဲ့ ဖခင် အလုပ်
တကုတ်ကုတ် ဆက်လုပ်နေလိုက်တာ
ယားလျှင်တောင် မကုတ်အားလောက်ပါဘူး။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
အာဏာရှင်တွေ တလွဲသုံးလို့
တစ်ကမ္ဘာလုံးက မသိသလောက် ဖြစ်သွားခဲ့ရတဲ့ ဒီနိုင်ငံကို
ကမ္ဘာ့ နေရာမှန်မှာ  
အောင်လံ ပြန်စိုက်ထူဖို့
တာစူကာ သူ ပြန်တည်ဆောက်နေတယ်။
ကမ္ဘာကြီးက သူ့ အပါးမှာ
မားမားကြီး ရပ်လို့
အားပေး ကြိုဆိုနေတယ်။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
လွတ်လပ် တရားမျှတမှုရဲ့ ရှေ့ဆောင်
ဒီမိုကရေစီ ခေါင်းဆောင်တဲ့။
လူသားတို့ရဲ့ မီးရှူးတန်ဆောင်
သစ္စာ မေတ္တာ အရောင်လည်း ဖြစ်သတဲ့။
အကြမ်း မဖက်
မေတ္တာ လက်နက်ကိုသုံး
အပြုံးများနှင့် တိုက်ပွဲဝင်
လူသားတို့ရဲ့
သမိုင်းဝင် ငြိမ်းချမ်းရေး သင်္ကေတလည်း ဖြစ်သတဲ့။
စိတ်ရှည် သည်းခံ
ဇွဲသန်သန်နှင့်
အားမာန်ပါပါ
တိုက်ပွဲဝင်တာကြောင့်
ကမ္ဘာ့ သူရဲကောင်းလဲ ဖြစ်သတဲ့။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး 
ချစ်သမီးကို  
ကမ္ဘာကြီးက ဂုဏ်ပြုနေလိုက်တာ
သောသောကို ညံလို့
ဟန်ပန်တွေ အမျိုးမျိုးနှင့်ပေါ့။
သူတို့ ဆုတံဆိပ်တွေဟာ
ဗိုလ်ချုပ် သမီး ဂုဏ်နှင့် စာလျှင်
သေးငယ်များ နေမလားဆိုတဲ့ အတွေးနှင့်
ကမ္ဘာကျော်တွေ
အသံကုန် ဟစ်အော်ပြီး
ချီးမွမ်း ဂုဏ်ြပုနေကြတယ်လေ။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
ခန္တီ သစ္စာ
မေတ္တာပါ ပါတဲ့
တန်ခိုး ပါဝါစုံနှင့်
ကမ္ဘာတုန်အောင်
အမျိုးဂုဏ် တန်ခိုးဂုဏ် ပြနေတာ မြင်ရတော့
ဗိုလ်ချုပ်ကို တမ်းတ
သတိယလှတာကြောင့်
ခေါ်ပြော အော်ပြောလိုက်တယ်
“ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်”လို့

ဒေါ်အောင်ဆန်း စုကြည်အား အမေရိကန် ကွန်ကရက်၏ အမြင့်ဆုံး ရွှေတံဆပ် ဆုချီးမြှင့်ပွဲ (လိုက်ဖ်ရှိုး တင်ဆက်မှု) အပြီးတွင် ခံစား ဂုဏ်ပြု စပ်ဆိုပါသည်။

ဘုန်းဉာဏ်
၂၀၊ ၀၉၊ ၂၀၁၂
(2: 20 Am)

( မေတ္တရပ်ခံခြင်း) ဤကဗျာကို နှစ်သက်သူ မည်သူမဆို ကူးယူခြင်း၊ တဆင့် ပြန်လည် မျှဝေခြင်းများကို ခွင့်မတောင်းပဲ ပြုလုပ်နိုင်ပါသည်။ သို့သော် ကဗျာ အဆုံးတွင် မိမိ နာမည် "ဘုန်းဉာဏ်"ကို ဖြစ်စေ၊ နာမည်နှင့် ဘလောဂ်လိပ်စာကို တွဲလျက်ဖြစ်စေ ထည့်သွင်းပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

Sep 18, 2012

နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု


Secretary of State Hillary Rodham Clinton (right) meets with Aung San Suu Kyi at the State Department.

ကဲ … ဒီ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဌာန (USIP) မှာ ပြန်ရောက်နေရတာ အလွနှ်ပဲ ကောင်းပါတယ်။ အထူးသဖြင့် ထူးခြားလှပြီး မင်္ဂလာရှိတဲ့ ဒီ အခါသမယမျိုးမှာပေါ့။ ကျမ အနေနှင့် USIP နှင့် ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဂျင် မာရှဲ (Jim Marshall) ကိုလဲ ကျေးဇူးတင် ဂုဏ်ပြုလိုပါတယ်။ ရှင်တို့နှင့် အလုပ် လုပ်ရဖို့ ကျွန်မတို့ တကယ်ပဲ မျှော်လင့်ပါတယ်။ ပြီးတော့ အာရှ လူ့အဖွဲ့အစည်း (Asia Society)၊ Henrietta Fore နှင့် ၁၉၅၀နှစ်များက စတင်ခဲ့တဲ့ ကတိကဝတ်ကို ကိုယ်စားပြုကြပြီး အချိန်ရဲ့ စမ်းသတမှုကို တကယ် တောင့်ခံရပ်တည်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များ အားလုံးကိုလဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ရှင်တို့နှင့် အလုပ်လုပ်ရတာ အလွန်တရာ ပျော်ရွှင်ရပါတယ်။

အခု စုရုံး ရောက်ရှိနေကြခြင်းရဲ့ အကြောင်းကတော့ အတော်လေးပဲ စိတ်လှုပ်ရှားဖွယ် ကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့ ဒီမှာ ပုဂ္ဂိုလ် တစ်ဦး အတွက် အခွင့်အရေး တစ်ရပ် ရရှိကြလို့ ဖြစ်ပါတယ်။ သူကတော့ သူနိုင်ငံ အတွင်းမှာသာ မက၊ မြင်ကြ သိကြတဲ့ အတိုင်း ကမ္ဘာ တစ်လွှားမှာပါ လွပ်လပ်မှုနှင့် ဒီမိုကရေစီရေး အတွက်၊ လူ့ အခွင့်အရေးများနှင့် အခွင့်အလမ်းများ အတွက် ကိုယ်စားပြုသူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ (ဒေါ် အောင်ဆန်း) စုကြည်ကို မကြာသေးမီကပင် တွေးတော စိတ်ကူးကြည့်ဖို့ ခက်ခဲလှတဲ့ နည်းလမ်းတွေနှင့် ကမ္ဘာကို ဖွင့်ကြည့်နေတဲ့ တိုင်းပြည်တစ်ခုရဲ့ လွတ်လပ်ပြီး အားမာန်ပါတဲ့ ခေါင်းဆောင် တစ်ယောက် အဖြစ် ဝါရှင်တန်မှာ ပြန် တွေ့ရတာဟာ အလွန်တရာ ကောင်းလှပါတယ်။ 

လွန်ခဲ့တဲ့ တစ်နှစ် နွေရာသီမှာ သမ္မတ အိုဘားမား ပြောခဲ့တဲ့  တိုးတက်မှု တရိပ်ရိပ်ရှိနေတာတွေဟာ အဲဒီကတည်းက တိုးတက်ပြီး အားကောင်းလာနေပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံး အတွင်းမှာ ယုံကြည်ချက် အကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့တယ်။ ဒီ သတင်းပတ်လေးတင်ပဲ လွှတ်ပေးခဲ့တဲ့ ယုံကြည်ချက် အကျဉ်းသား အချို့ အပါအဝင်ပေါ့။ အတိုက်အခံ ပါတီတွေကို တရားဝင်အောင် လုပ်ပေးခဲ့တယ်။ သူတို့တွေရဲ့ အဖွဲ့ဝင်တွေဟာ ပါလီမန် ရွေးကောက်ပွဲမှာတောင် နိုင်ခဲ့ကြပြီးပါပြီ။ မီဒီယာ အပေါ် ကန့်သတ်ချက်များနှင့် လွတ်လပ်စွာ စုရုံးခွင့်ကို ဖြည်လျှော့ပေးလာခဲ့ပြီ။ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းဖို့ အလုပ်သမား အခွင့်အရေးများ ချဲ့ထွင်ရေး ဥပဒေပြုပေးတာ၊ အဓမ္မ လုပ်အားပေး ခိုင်းစေတာကို ဥပဒေနှင့် မညီကြောင်း ပြဌာန်းပေးထားတဲ့ ဥပဒေများကို ကျွန်မတို့ မြင်ခဲ့ကြရပါပြီ။

ဒေါ်အောင်ဆန်း စုကြည်ဟာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရတဲ့ နှစ်တွေနှင့် အဖိနှိပ်ခံခဲ့ရတဲ့ နှစ်တွေ တစ်လျှောက်လုံးမှာ ဘယ်သော အခါမှ ယိမ်းယိုင်မှု မရှိခဲ့တဲ့ သတ္တိပြောင်ပြီး စိတ်ဓာတ်ရေးရာ အရ ခေါင်းဆောင်မှုပေးခဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ သူမနှင့် အခြားသော အတိုက်အခံ ခေါင်းဆောင်များဟာ ဒီ အပြောင်းအလဲများကို တွန်းအားပေး မောင်းနှင်ဖို့ လိုအပ်တဲ့ သတ္တိရှိတဲ့ ခြေလှမ်းများ လှမ်းရေး အတွက် သမ္မတ သိန်းစိန်နှင့် အစိုးရသစ်ကို အခုအခါမှာ ပူးပေါင်းကြပါတယ်။

သမ္မတနှင့် နေပြည်တော်မှာ နှစ်ကြိမ်၊ အဲဒီနောက် ဒီ နွေရာသီမှာ ကမ္ဘောဒီးယားမှာ တစ်ကြိမ် တွေ့ဆုံးခဲ့ပြီးပါပြီ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့ နောက် သတင်းပတ်မှာ နယူးယော့ခ်ကို လာမည့် သမ္မတကို ကြိုဆိုဖို့ မျှော်လင့်နေပါတယ်။

ဒီနေ့ မနက်က နိုင်ငံခြားရေး ဌာနမှာ စုကြည်နှင့် ကျွန်မတို့ဟာ ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေ အကြောင်း ပြောဆိုဆွေးနွေးဖို့ အခွင့်အရေး ရခဲ့ပါတယ်။ အလုပ်တွေ အများကြီး ရှိနေပါတယ်။ ဒီ အချိန်မှာ ရောက်ရှိလာတဲ့ သူမရဲ့ အလည်အပတ် ခရီးရဲ့ အရေးအကြီးဆုံး အကြောင်း တစ်ရပ်ကတော့ ဒီမိုကရေးစီ ဓလေ့ထုံးတမ်းများမှာ ဥပဒေ စိုးမိုးရေးကို အားကောင်းအောင် လုပ်ခြင်းမှသည် များပြားလှတဲ့ လူမျိုးစု ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို စပြီး ကြိုးစား ဖြေရှင်းတဲ့ အထိ ရှေ့မှာ လုပ်ဆောင်စရာတွေ ဘယ်လောက် များများကြီး ကျန်နေသေးတယ် ဆိုတာကို သတိပေးဖို့ပဲလို့ ကျွန်မ ထင်ပါတယ်။ တိုင်းပြည် ညီညွတ်ရေး၊ အတိတ်က ဒဏ်ရာဒဏ်ချက်များကို ကုသရေးနှင့် ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ဖို့ အစိုးရရော အတိုက်အခံပါ အတူတကွ ဆက်လက် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါဟာ နောက်ပြန်လျှောကျ မသွားအောင် သတိတရားဖြင့် ကာကွယ်သွားကြရမဲ့ သော့ချက်လည်း ဖြစ်ပါတယ်။ အကြောင်းကတော့ အခွင့်အရေး ရတာနှင့် တိုင်းပြည်ကို လမ်းမှားဘက်ကို ဆွဲခေါ်သွားမဲ့ အင်အားစုတွေ ရှိနေလို့ပါပဲ။ 

ဒါကြောင့်မို့ သမ္မတ အိုဘားမား အစိုးရ အဖွဲ့ရော နိုင်ငံခြားရေး ဝန်ကြီးဌာနက ကျွန်မတို့ပါ ပထမဦးဆုံး သေချာပေါက် ပြောရမှာက ပြောင်းလဲမှု ဖြစ်စဉ်ကို ဆက်လုပ်ရမယ် ဆိုတာပါပဲ။ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကျန်းရှိနေသေးတယ်။ အမျိုးသား ရင်ကြားစေ့ရေးဆီ ဦးတည်တဲ့ တိုးတက်မှု၊ တည်ငြိမ်မှုနှင့် ရေရှည်ခံ ငြိမ်းချမ်းရေးကို ဖျက်ဆီးပစ်မဲ့ မျိုးနွယ်စု အကြမ်းဖက်မှုနှင့် ဂိုဏ်ဂဏစွဲ အကြမ်းဖက်မှုများ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ မြောက်ကိုးရီးယားနှင့် စစ်ရေး ဆက်သွယ်မှု အချို့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေကတော့ ဥပဒေ စိုးမိုးရေး အားကောင်းဖို့၊ ပွင့်လင်းမြင်သာမှု ပိုရှိဖို့နှင့် ဖွဲ့စည်းပုံ ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကြဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနှင့် စတင်ခဲ့ပြီး ဆက်လက် လုပ်ဆောင်ရဆဲ အလုပ်တစ်ခု ဖြစ်တဲ့ ဒီ တိုးတ က်ဖြစ်ထွန်းမှုကို ထောက်ခံအားပေးဖို့ အစိုးရနှင့်ရော မြန် မာပြည်သူများနှင့်ပါ အတူ ရပ်တည်ဖို့ သန္နိဋ္ဌာန် ချထားပါတယ်။ သံအမတ်များ အပြန်အလှန် ခန့်အပ်တာ၊ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပေးတာနှင့် ပြုပြင် ပြောင်းလဲမှုများ ဆက်လက် ဖြစ်ပေါ်မှုကို လျှော့ပါး ထိခိုက်စေမှုများ အစား တိုးတက်စေတဲ့ နည်းလမ်းနှင့် အမေရိကန် ကုမ္ပဏီများ အတွက် လမ်းဖွင့်ပေးမှု ခြေလှမ်းတွေကို လှမ်းခဲ့ကြပြီးပါပြီ။ ကျွန်မတို့ဟာ အစိုးရနှင့်ရော အတိုက်အခံ ခေါင်းဆောင်များနှင့်ပါ နီးနီးကပ်ကပ် အဆက်အသွယ် ရှိပါတယ်။

မြန်မာပြည်သစ်ရဲ့ ကျွန်မတို့ရဲ့ ပထမဆုံး သံအမတ်ကြီး ဖြစ်တဲ့ ဒက်ရက် မဲချဲဟာ ဒီနေ့ ကျွန်မတို့နှင့် အတူ ဒီမှာ ရှိနေပါတယ်။ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့ဒ် ကမ်းဘဲလ်ရဲ့ ဦးဆောင်မှုကို အကူအညီပေးတဲ့ အဖွဲ့နှင့် အတူ သံအမတ်ကြီးဟာ အမြဲမပြတ် ဆံသွယ်နေရုံ မက၊ မြန်မာပြည်မှ မဲဆန္ဒရှင် ပြည်သူပေါင်းစုံရဲ့ များပြားလှတဲ့ ကိုယ်စားလှယ်တော်များနှင့်  ညှိနှိုင်းတိုင်ပင်မှုလဲ ဆက်ရှိနေပါတယ်။ လိုအပ်ပြီး သင့်တော်တဲ့ အကူအညီ အထောက်အပံ့များ ဖြည့်ဆည်းပေးနိုင်ဖို့ပါ။

မနှစ်က ဒီဇင်ဘာလမှာတော့ တစ်ချိန်က သူမရဲ့ အကျဉ်းထောင် ဖြစ်ခဲ့ဖူးတဲ့ သူမရဲ့ နေအိမ်မှာ စုကြည်ထံ လည်ပတ်ဖို့ အခွင့်ထူးတစ်ရပ် ရရှိခဲ့ပါတယ်။ ကန့်ကွက်ဆန္ဒပြခြင်းမှသည် နိုင်ငံရေးဆီသို့၊ အထိမ်းအမှတ် သင်္ကေတမှသည် တိုင်းပြုပြည်ပြု အမျိုးသမီး အဖြစ်ဆီသို့ သွားရာတွင် စိန်ခေါ်မှုများ အပါအဝင် အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ သူမနိုင်ငံက သူမဆီကနေ လိုအပ်နေတဲ့ အရာပါပဲ။ အဲဒီ အပြောင်းအလဲဟာ ဘယ်လောက် ခက်ခဲတယ် ဆိုတဲ့ အကြောင်း ကျွန်မ နဲနဲလေးတော့ သိပါတယ်။ အသစ် ဖြစ်ပေါ်လာမဲ့ ဝေဖန်မှုမျိုး၊ တိုက်ခိုက်မှုတောင် ဖြစ်လာနိုင်တဲ့ ဝေဖန်မှုမျိုး တစ်ခုလုံးက ရှင့်ကို ဖိတ်ခေါ်နေပါတယ်။ လက်တွေ့ကျကျ ညှိနှိုင်းမှုနှင့် မဟာမိတ် တည်ဆောက်မှု လိုအပ်ပါတယ်။ မဟာမိတ်ဖွဲ့တယ် ဆိုတာ နိုင်ငံရေးရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ ဒါပေမဲ့ ရှင်က အပြင်မှာလိုကြီး ဖြစ်နေတုန်းတော့ ရှင့်ကို ယုံကြည်ပြီး ထောက်ခံသူတွေကို စိတ်တောင် ပျက်ကောင်းပျက်စေနိုင်ပါတယ်။ 

ဒါပေမဲ့ စုကြည်ဟာ အကျယ်ချုပ်က လွတ်လာပြီး နိုင်ငံရေး နယ်ပယ်ထဲကို လျှောက်လှမ်း ကတည်းက လပေါင်းများစွာ အတွင်းမှာ ခက်ခဲစွာ တိုက်ပွဲဝင်မှု၊ ကောင်းမွန်စွာ ဥပဒေပြုမှုနှင့် သူမရဲ့ နိုင်ငံကို ရှေ့ဆက် ချီတက်ဖို့ အခုလောလောဆယ် လုပ်ရမည့် အရာများ၊ မနက်ဖြန် သဘက်ခါ လုပ်ဆောင်ရမည့် အရာများကို အာရုံစိုက်ပြီး သူမရဲ့ အရည်အချင်းကို သူမကိုယ်တိုင် သက်သေပြပြီးပါပြီ။ 

ဒါကြောင့်မို့ ရှင်ဟာ ဒီ မွန်လွဲပိုင်းမှာတော့ ကြီးမားတဲ့ အခွင့်အရေး တစ်ရပ် အတွက် ရောက်ရှိနေတာလို့ ကျွန်မ ထင်ပါတယ်။ သူမမှာ အလွန်တရာ များပြားလှတဲ့ လုပ်ဆောင်ဖွယ်ရာ အစီအစဉ် တစ်ခု ရှိတာကြောင့် ရှေ့လာမည့် ရက်တွေမှာလည်း များပြားလှတဲ့ အမေရိကန် ပရိသတ်တွေ ရှိနေပါလိမ့်မယ်။ ကျွန်မကတော့ ကံမကောင်း အကြောင်းမလှစွာပဲ နိုင်ငံခြားရေး ဌာနကို ပြန်လည် ထွက်ခွါရပါမယ်။ ဒါပေမဲ့ ကျွန်မ အတွက်ကတော့ အခုလိုမျိုး နိုဘယ်ဆုရှင် တစ်ဦး၊  သန်းပေါင်းများစွာသော လူများ အတွက် သူရဲကောင်း တစ်ဦး ဖြစ်ရုံမျှ မက အလုပ်များလှတဲ့ ပါလီမန် အမတ်တစ်ဦးလဲ ဖြစ်၊ နိုင်ငံရေး ပါတီ တစ်ခုရဲ့ ခေါင်းဆောင်လဲ ဖြစ်သူကို မိတ်ဆက်ပေးရတာ တကယ်ကိုပဲ အလွန်တရာ ဝမ်းမြောက် ကြည်နူး ဂုဏ်ယူရပါတယ်။ ကျေးဇူးပြုပြီး အောင်ဆန်းစုကြည်ကို ကြိုဆိုကြပါလို့။ 

(လက်ခုပ်သံများ)

အမှာ။ ပြင်ပ ကမ္ဘာက မသိသလောက် ဖြစ်သွားခဲ့ရတဲ့ မြန်မာပြည်ကို ကမ္ဘာ့ အသိုင်း အဝန်းထဲ ပြန်ရောက်အောင် ဒေါ်စု တွန်းတင်ပေးနေတာကို မြင်ရတော့ မြန်မာ နိုင်ငံသား တစ်ဦး အနေနှင့် ဝမ်းသာလို့ ဘာသာပြန် တင်လိုက်တာပါ။ 
 


ဘုန်းဉာဏ်

Sep 12, 2012

လူအစစ်




စာရေးသူက ကဗျာဖတ်ရ ရေးရတာ ဝါသနာ မပါလှတာကြောင့် လုံးဝ မရေးတတ်ပါဘူး။ (ရေးတတ်သူတွေကိုတော့ လေးစားတတ်ပါတယ်။) ဒါပေမဲ့ Dr. K. Sri  Dhammananda ရဲ့ "The Purpose of Life " ထဲက လေးကြောင်းပဲ ပါတဲ့ 

“It is easy enough to be pleasant
When life flows along like a song
Bu the man worthwhile is the man who can smile
When life goes dead wrong.”

ဆိုတဲ့ ကဗျာလေးကို ဖတ်မိတဲ့ အခါ ဒီ ကဗျာလေး ရေးမိသွားတယ်။ 

ရေးတယ်ဆိုပေမဲ့  ဘာသာပြန်ပါပဲ။ ဒါပေမဲ့ တိတိ ကျကျကြီး ဘာသာပြန်ထားတာလဲ မဟုတ်ပါဘူး။ "မာန်ဝင်ကာ ဆင်နွှဲနိုင်မှ" ဆိုတဲ့ စာကြောင်း အတွက်တော့ မူရင်း ကဗျာမှာ တွေ့ရမှာ မဟုတ်ပါဘူး။ မူရင်း ကဗျာလေးက ရိုးစင်းပြီး ဖတ်လို့ ကောင်းပါတယ်။ ကဗျာက ဖြစ်တည်မှု ဒဿန (Existentialism) ဆန်တယ်လို့ ထင်ပါတယ်။

ခုတော့ ဘာရယ် မဟုတ်ပါဘူး။ စိတ်ကူးပေါက်လို့ ရေးထားတာလေး ပြန်ရှာပြီး ပို့စ် တင်လိုက်ယ်။ ဖတ်လို့ အဆင်ပြေတယ် ဆိုလျှင် မူရင်း ကဗျာက ကောင်းလို့ပါ။ ဖတ်လို့မရ ဟာသ သဖွယ် ဖြစ်နေလျှင်တော့ သိတဲ့ အတိုင်းပါပဲ၊ စာရေးသူ ဘုန်းဉာဏ်ရဲ့ "ညံ့ချက်ကတော့ကွာ" လို့ အမှန်ပင် ဆိုရမှာ ဖြစ်ကြောင်းပါ။

ကျေးဇူးတင်ပါတယ်။

ဘုန်းဥာဏ် 



"လူ အစစ်"
.............

ဘဝဟာ
ငြိမ့်ညောင်းသာယာ
သီချင်းသံ သာသာလေးလို
ဖြတ်သန်းစီးဆင်းသွားတဲ့အခါ
ကျေနပ်နှစ်သက်
သာယာမှုတွေ ပွေ့ဖက်နေဖို့ဆိုတာ
လွယ်လွယ်လေးပါ။

ထိတ်လန့်ကြောက်ရွံ့လောက်အောင်
ဘဝ အမှောင်တွေကျ
အမှားတွေ ဗလပွနှင့်
ကြုံကြိုက် ဆုံခိုက်မှာ
အပြုံးပန်း ပန်ဆင်
မာန်ဝင်ကာ ဆင်နွှဲနိုင်မှ
ထိုက်တန်သူ လူအစစ်
မင်း ဖြစ်မှာပေါ့။

(၁၃၊၀၅၊၂၀၁၂)