Pages

May 20, 2011

စိတ်တည်ငြိမ်အောင် လုပ်နည်းလေး ပြောပြပါလား

မွန်ဘိုင်း တက္ကသိုလ် (Fort Campus) က စာကြည့်တိုက်ကို စာဖတ်သွားတယ်။ တက္ကသိုလ်လမ်း (University Road), မွန်ဘိုင်း ၄၀၀ ၀၀၁ မှာ ရှိတဲ့ အိုးလ် ကမ်ပါ့တ် (စ်)က စာကြည့်တိုက်ကို သွားတာပါ။

စာဖတ်ဖို့ စသွားတဲ့ နေ့က ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို သက်ဆိုင်ရာ ဝန်ထမ်းတွေက သွားရှာနေတယ်။ တော်တော်နှင့် မရပါဘူး။ ဒါနှင့် ကမ်ဘောဒီယား ဘုန်းကြီးလေး ငှားထားတဲ့ သူ မဖတ်သေးတဲ့ စာအုပ်ကို ကောက်ယူကာ ဖတ်နေ လိုက်တယ်။ မကြာပါဘူး။ ကျောင်းသားတစ်ယောက်က မိမိထိုင်နေတဲ့ စားပွဲဆီကို လာပါတယ်။

သူက အရှင်ဘုရားရဲ့ အချိန် မိနစ်အနည်းငယ်ကို သုံးခွင့်ပြုပေးနိုင်ပါသလားလို့ ယဉ်ယဉ်ကျေးကျေး မေးပါတယ်။ ရပါတယ်။ ထိုင်ပါ။ ဘာပြောချင်လို့ပါလဲလို့ မေးတော့ သူက ထိုင်ခုံမှာ ဝင်ထိုင်ပါတယ်။ စာကြည့်တိုက်ထဲမှာ စကားပြောလို့ အဆင်မပြေဘူး ထင်တယ်ဆိုတော့ ရပါတယ်၊ ခဏပါလို့ သူကဆိုတယ်။  ဒါပေမဲ့ ကျောင်းသားတွေနှင့် ဝေးရာ ခုံကို ရှာပြီး ထိုင်လိုက်ကြပါတယ်။

သူက ကျွန်တော် ခု ကျောင်းတက်နေပါတယ်။ စာမေးပွဲလည်း မကြာမှီ ဖြေရတော့မယ်။ ဒါပေမဲ့ ဘာကိုမှ စိတ်စူးစိုက်လို့ မရပါဘူး။ အဲဒါ ဘယ်လို လုပ်ရတယ်ဆိုတာ အကြံဉာဏ်ပေးပါလားလို့ ဆိုလာပါတယ်။

စာရေးသူက သူ့ကို ပြုံးပြပြီး ကျွန်တော်သိတာကို ပြောပြစေချင်တာလားလို့ ထပ်မေးလိုက်တော့ ဟုတ်ပါတယ်။ ခင်ဗျားကြည့်ရတာ တည်တည်ငြိမ်ငြိမ် ရှိတယ်။ နောက် ဘုန်းကြီးဆိုတော့ တည်ငြိမ်အောင် နေတဲ့ နည်းတွေလည်း သိမှာပဲတဲ့။ သူက ပြောပြန်ပါတယ်။ 

ကိုယ့်နိုင်ငံထဲတုန်းကတော့ ကိုယ့်အဝတ်အစား (သင်္ကန်းတော်)နှင့် ပတ်သက်လို့ ဘာမှ မတွေးဘူးပေမယ့် နိုင်ငံခြား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်တဲ့ တိုင်းပြည်တွေမှာ သွားတိုင်း  လူတွေကြည့်ကြလွန်းလို့ ဒီလူတွေ ဒို့သင်္ကန်းကြီးကို မမြင်ဖူးပဲ မြင်ရတော့ ဘယ်လို တွေးမလဲလို့ တစ်ခါတရံတော့ စဉ်းစားမိပါတယ်။ ဒီလူတွေ ဘယ်လို လူတွေလည်း မသိဘူး။ အဝတ်ကို သူများလို မဝတ်ပဲ ကိုယ်ကို အဝတ်ကြီးကြီးနှင့် ပတ်ထားတယ်ဗျာလို့များ တွေးကြလေမလားလို့လဲ ခဏခဏ တွေးမိပြီး သူငယ်ချင်းများကို အရွှမ်းဖောက်ပြီး ပြောမိတတ်ပါတယ်။ 

ဒါပေမဲ့ သေချာတာကတော့ ဘယ်နားသွားသွား၊ ငွါးငွါးစွင့်စွင့်ကြီး ပေါ်လွင်နေတယ် ဆိုတာပါပဲ။ ခုလည်း ဒီကျောင်းသားက ဘယ်အချိန်ကစပြီး ကြည့်နေတယ် မသိပါဘူး။ စာရေးသူမှာ ပထမဆုံး အခေါက်မို့ ကဒ်ပြားလုပ်ရ၊ ကက်တလောက် ရှာရ၊ လာပြန်ပေးရ၊ စာအုပ်ရောက်လာအောင် စောင့်ရနှင့် အလုပ်တွေ ရှုပ်နေတာ။ သူက စာဖတ်ရာကနေ လှမ်းကြည့်နေတာ ဖြစ်နိုင်တယ်။

စာရေးသူက ကောင်းပါပြီ၊ ဒီလိုဆို စိတ်တည်ငြိမ်အောင် လုပ်နည်း နှစ်နည်း ပြောပြမယ်။ ခင်ဗျား စဉ်းစားပြီး ကြိုက်တာ တစ်ခု ရွေးလုပ်ပေါ့လို့ ပြောလိုက်ပါတယ်။ ပြောနေတဲ့ ခဏမှာတော့ “သြော် … ဗုဒ္ဓဆိုလျှင်တော့ ဒါမျိုးဆို ဝေနေယျ အလိုက် စရိုက်နှင့် ညီအောင် တရားပေးမှာပဲ” လို့လည်း ဘုရားကိုယ်တော်မြတ်ရဲ့ ဂုဏ်တော်ကို သတိယမိပြန်ပါတယ်။ ဒီကတော့ ဘာမှ မကြည့်နိုင်ပါဘူး။ ယေဘုယျ သဘောအရ သင့်မယ် ထင်တဲ့ နည်းနှစ်မျိုးကို အတိုချုံးပြီး ပြောရပြီပေါ့။

တရားထိုင်နည်းတွေ ဗုဒ္ဓဘာသာမှာ အများကြီး ရှိတယ်။ အဲဒီထဲက နည်းနှစ်နည်းကို အကျဉ်း ပြောပြမယ်လေ။ ကိုယ်ကြိုက်တာ၊ ကိုယ်နှင့် သင့်တော်မယ် ထင်တာကို လုပ်ပေါ့လို့ စပြောမိတယ်။ သူက ပြုံးရွှင်စွာနှင့် ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ပါ”လို့ ပြောပါတယ်။ ဒီတော့မှ စာသံ ပေသံတွေ မပါစေပဲ တရားထိုင်တာတွေနှင့် စိမ်းနေတဲ့ သာသာခြား ကျောင်းသား တစ်ယောက်နှင့်  သင့်တော်မယ် ထင်တာလောက်ကို ရိုးရိုးလေး ပြောပြလိုက်ပါတယ်။ (ဒါကြောင့် လေ့လာဖူး ရှုမှတ်ဖူးတဲ့ မဟာစည်နည်း၊ မိုးကုတ်နည်းတွေကိုလည်း ပြောမပြပါဘူး။ “သတိမြဲရာ၊ ပထမာ၊ ဒု မှာ ရှည်တိုသိ၊ လုံးစုံလင်းရာ တ-၌သာ၊ စ-မှာ ငြိမ်းလေဘိ”ဆိုတဲ့ လယ်တီဆရာတော်နည်းကိုလည်း မပြောပြလိုက်ပါဘူး။ ဝိပဿနာ ရှုမှတ်ဖူးသူများ ဖြစ်ခဲ့လျှင် ယောနိသောမနသိကာရဖြင့် ဖတ်ပါရန် ပန်ကြားပါသည်။)

ပထမ တစ်နည်းကတော့ ဝင်သက် ထွက်သက်ကို မှတ်တဲ့နည်းပါ။ ဒါကို စမလုပ်မီ တရားထိုင်ဖို့ ကောင်းမွန်တဲ့ နေရာတစ်ခု ရှိဖို့တော့ လိုအပ်ပါတယ်။ အတန်အသင့် ဆိတ်ငြိမ်ပြီး လေဝင်လေထွက်လေးလည်း ကောင်းတဲ့ နေရာမျိုးပေါ့။ 

လူတိုင်း အသက်ရှူနေ ကြတယ်။ သတိထားမိသည် ဖြစ်စေ၊ မထားမိသည် ဖြစ်စေ အသက်ကတော့ ရှူနေကြတာပါပဲ။ ဒါက သဘာဝပါ။ အဲဒါကို သတိထားကြည့်မယ် ဆိုလျှင်တော့ လိုချင်တဲ့ စိတ်တည်ငြိမ်မှု ရလာပါလိမ့်မယ်။ အသက်ရှူတာကို အသေအချာ သတိစိုက်ကြည့်လျှင် ဝင်သက် ထွက်သက်တိုင်းဟာ နှာသီးလေးကို ထိထိပြီး ဝင်နေ ထွက်နေတာကို တွေ့ရပါတယ်။ အဲဒီ ဝင်လေ ထွက်လေကို သိအောင် စောင့်ကြည့်ဖို့ပါပဲ။ ဂိတ်စောင့်သူဟာ ဝင်လာတိုင်း၊ ထွက်သွားတိုင်းသော လူတွေကို အမြဲ စောင့်ကြည့်နေသလို နှာသီးဖျား တစ်ဝိုက်မှာ တိုက်ပြီး ထိပြီး ဝင်လာတိုင်းသော ဝင်သက်လေ၊ ထွက်သက်လေကို သိနေအောင် စောင့်ကြည့်၊ စူးစိုက်ပြီး မှတ်နေဖို့ပါပဲ။ 

အဲဒါကြောင့် ထိုင်ဖို့ သင့်တော်တဲ့ နေရာကို ရွေးပြီး ထိုင်ပါ။ ထိုင်တဲ့ အခါ ခါးကို မတ်မတ် ထားထိုင်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို ရှေ့ကိုလည်း မကိုင်းညွတ်စေနှင့်။ နောက်ကိုလည်း မယိုင်ညွတ်စေနဲ့ပေါ့။ အဲဒီလို ဖြစ်နေလျှင် ထိုင်ရတာ၊ စူးစိုက်ရတာ အဆင်မပြေတတ်ပါဘူး။ ဒါပေမဲ့ သက်တောင့်သက်သာ ရှိဖို့တော့ လိုပါတယ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အနေအထား လေးမျိုးလုံးနှင့် တရားမှတ်လို့ ရပေမယ့် အစမှာတော့ ထိုင်ပြီး ရှုမှတ်တာက အကောင်းဆုံးနှင့် အသင့်တော်ဆုံးပါ။

သက်တောင့်သက်သာ ထိုင်ပြီးပြီ ဆိုလျှင်တော့ စိတ်ကို နှာသီးဝကို ပို့ပါ။ အာရုံစိုက်ကြည့်လိုက်ပါ။ ဝင်သက်လေ၊ ထွက်သက်လေတွေကို သိလာပါလိမ့်မယ်။ အသက်ရှူလိုက်လို့ ဝင်လာတဲ့ ဝင်သက်လေဟာ နှာသီးဖျားကို ထိပြီး ဝင်သွားတာကို သိရပါလိမ့်မယ်။ အသက်ကို ရှူထုတ်လိုက်တဲ့ အခါမှာလည်း ထွက်သက်လေဟာ နှာသီးဖျားကို ထိပြီး ထွက်သွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ ဝင်လေတိုင်း၊ ထွက်လေတိုင်းကို သိအောင် နှာသီးဖျားမှာ စိတ်ကို ပို့ထားပါ။ ဝင်သက် ထွက်သက်ကို စူးစိုက်ပါ။ ပြီးလျှင် နှာသီးဖျားကို ထိပြီး ဝင်လာတဲ့ လေကိုလည်း သိပါ။ နှာသီးဖျားကို ထိပြီး ထွက်သွားတဲ့ လေကိုလည်း သိပါ။ ဒါကို နေ့စဉ် (၅ - ၁၀)မိနစ်လောက် လုပ်ဖို့ လိုပါတယ်။

ဒီလို သိအောင် ထိုင်ပြီး လုပ်တာကို တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်နိုင်လျှင် ပိုကောင်းပါတယ်။ တစ်ကြိမ်ကို ငါးမိနစ် - ဆယ်မိနစ်လောက် လုပ်နိုင်လျှင် လိုချင်တဲ့ အာရုံစူးစိုက်နိုင်မှု အသေအချာ ရမှာပါ။ တစ်ကြိမ်ပဲ ထိုင်နိုင်တယ် ဆိုလျှင်ပဲ ထူးခြားမှု၊ အာရုံစိုက်နိုင်မှု တိုးတက်လာတာကို ကိုယ်တိုင် တွေ့မြင်ရမှာပါ။

ဒီလို ဝင်သက် ထွက်သက်ကို စောင့်ကြည့် သိရှိမှုက မျှော်လင့်ထားသလောက် ခက်ချင်မှ ခက်နိုင်သလို ထင်သလောက်လည်း လွယ်ချင်မှ လွယ်မှာပါ။ ဘာလို့လဲဆိုတော့ စိတ်ဟာ ပြေးသွားနေတတ်တဲ့ သဘာဝ ရှိလို့ပါ။ ခုပဲ ဝင်လေ ထွက်လေကို သတိနှင့် စောင့်ကြည့်နေတယ်၊ သိနေတယ် ဆိုပေမဲ့ ကြည့်နေတဲ့ တစ်ချိန်တည်းမှာပဲ သူက အလစ်သုတ် ထွက်ပြေးတော့ တာပါပဲ။ ဒီတော့ သတိပြုမိတဲ့ အချိန်မှာ လျှောက်သွားနေတာ၊ သို့မဟုတ် တစ်ယောက်ယောက်နှင့် စကားပြောနေတာ၊ သို့မဟုတ် တစ်ခုခုလုပ်ဖို့ စဉ်းစားနေတာ ဒါမှမဟုတ်လည်း တစ်ခုခု လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီအခါမှာ စိတ်ကို ဝင်လေ ထွက်လေဆီ ပြန်ခေါ်လာပါ။ ပြီးလျှင် အာရုံစိုက်ပြီး သိသိနေအောင် ပြန်မှတ်ပါ။

စိတ်ဟာ ဘယ်လောက် မြန်ပြီး ဘယ်လို ပြေးသွားနေတတ်တယ်၊ ဖမ်းပြီး တစ်နေရာထဲမှာ နေအောင်လုပ်ဖို့ ဘယ်လို ခက်တယ်ဆိုတာ တရားထိုင်ကြည့်တဲ့ အခါ သိပါလိမ့်မယ်။ ဒါပေမဲ့ ဒါက စိတ်ပျက်စရာ မဟုတ်သလို အားလျှော့ဖို့လည်း မလိုပါဘူး။ စိတ်ရဲ့ သဘာဝကို ကြိုသိထားတော့ ပိုကောင်းတာပေါ့။ ငါးမိနစ်မှတ်တဲ့ အခါ သုံးမိနစ်လောက် ကောင်းကောင်းမှတ်နိုင်တယ် ဆိုလျှင်ပဲ လိုချင်တဲ့ အာရုံးစူးစိုက်နိုင်မှုကို ရပါလိမ့်မယ်။

နောက်တစ်ချက် သတိထားရမှာက အခုမှ စလုပ်မှာဆိုတော့ အလုပ်သစ်ရဲ့ သဘာဝအတိုင်း အစမှာ နည်းနည်းတော့ ချက်ချင် ခက်ပါလိမ့်မည်။ ဒါပေမဲ့ အဲဒီသဘောကိုလည်း သိထားတယ်၊ လုပ်ချင်တဲ့ ဆန္ဒနှင့် ကိုယ့်ဆန္ဒ အတိုင်း လုပ်နိုင်တဲ့ ဇွဲရှိလျှင်တော့ အောင်မြင်တာချည်းပါပဲ။ ဒါကို သတိပြုမိလျှင် လုံလောက်ပါပြီ။

(ဆက်ရန်)

ဘုန်းဉာဏ်

May 17, 2011

မြတ်ဗုဒ္ဓ

မြတ်ဗုဒ္ဓ လောင်းလျာ မင်းသားကို ဘီစီ ခြောက်ရာစုတွင် လုမ္ဗိနီ ဥယျာဉ်တော်၌ ဖွားမြင်ခဲ့၏။ ဖွားမြင်သည့် နေ့ကား သကျတို့၏ ပြက္ခဒိန်အရ မဟာသက္ကရာဇ် (၆၈) ခု ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ ခမည်းတော်မှာ သကျနိုင်ငံတော်၏ အရှင် ဘုရင် သုဒ္ဓေါဓန ဖြစ်ပြီး မယ်တော်မှာ မိဘုရားခေါင်ကြီး မာယာဒေဝီ ဖြစ်ပါသည်။ အနွယ်တော် အမည်မှာ ဂေါတမဖြစ်ပြီး ကိုယ်ပိုင် အမည်မှာ သိဒ္ဓတ္တဖြစ်သည်။

သားတော်လေး ဖွားမြင်တော်မူသည့် အခါ အစဉ်အလာ ထုံးတမ်းဖြစ်သည့် ဘုရင့် ပုရောဟိတ်တို့က နိမိတ် ဖတ်ကြားကြသည်။ ဖတ်ကြားချက်မှာ နှစ်မျိုး နှစ်စား ဖြစ်ပါသည်။ တစ်မျိုးက မင်းသားလေးသည် အရွှယ်ရောက်သည့် အခါ တစ်လောကလုံးကို အစိုးရသည့် စကြာဝတေးမင်း ဖြစ်မည်ဟု ဆို၏။ နောက်တစ်မျိုးကား ဘုရားဖြစ်မည်ဟု ဆိုပါ၏။


ခမည်းတော် မင်းကြီးသည် သားတော်လေးကို တစ်လောကလုံးကို အစိုးရသည့် စကြာဝတေးမင်း ဖြစ်စေလိုပါ၏။ တိုင်းသူ ပြည်သားတို့သည်လည်း အနာဂတ် ဘုရင်မျိုးဆက် ဖွားမြင်လာလို့ ဝမ်းမြောက် ကြည်နူးရသည့်အပြင် ထိုမင်းသားမှာ စကြေးဝတေးမင်းပင် ဖြစ်လာမည်ဆိုသဖြင့် အတိုင်းထက် အလွန်ပင် ဝမ်းသာနေကြ၏။

ခမည်းတော် မင်းကြီးသည် သားတော်လေးအား မင်းသားတို့ တတ်အပ်သည့် အတတ်မျိုးစုံကို အကုန်ပင် သင်ကြားစေ၏။ မင်းသားလေးမှာလည်း ထက်မြက်လှသဖြင့် သင်ပေးအပ်သော ပညာရပ်တိုင်းကို လျှင်မြန်စွာ တတ်မြောက်၏။ တတ်သည့် အချင်းအရာမှာလည်း တစ်ဖက် ကမ်းခတ် တတ်မြောက်မှုချည်း ဖြစ်၏။ နန်းတွင်း ဗြဟ္မဏ ပညာရှိတို့ ဟောကြာချက်မှာ မင်းသားလေး အရွယ်ရောက်လေ၊ ဖြစ်နိုင်ချေ များလာလေဖြစ်၍ ဘုရင်ကြီးမှာ နှစ်လုံး ပျော်မွေ့ သဘောတော် တွေ့နေတော့၏။

သို့သော်လည်း တစ်ခါ တစ်ရံမှာတော့ စိုးရိမ်ရပါသေး၏။ “သားတော် မင်းသားလေး တောထွက်သွားသော်” ဟု တွေးမိချိန်တွင် ယင်းသို့ ခံစားရ၏။ တစ်ဖက်ကတော့လည်း အဲဒီလို တွေးမိသည်ကို ကျေးဇူးတင်ကောင်း တင်နိုင်ပါ၏။ အကြောင်းမှာ မလိုချင်သည့် ဖြစ်လာနိုင်ခြေကို သတိယ တွက်ဆမိသဖြင့် ကြိုတင် ပြင်ဆင်နိုင်သောကြောင့်ပင်။

အဓိက ကြိုတင်ပြင်ဆင်မှုကား သားတော်လေး မည်သည့် ဒုက္ခမျိုး၊ ဆင်းရဲမျိုးကိုမျှ မြင်ခွင့် သိခွင့်မရအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဒုက္ခ သုက္ခများကို မြင်တွေ့ရခြင်း မရှိလျှင် တောထွက်ဖို့ရန် အကြံတော် ဖြစ်လိမ့်မည် မဟုတ်။ ထို့ပြင် မင်းစည်းးစိမ်၌လည်း ပိုမို သာယာ နှစ်သက် ပျော်ရွှင်မှုဖြင့် ဖက်တွယ်ပေလိမ့်မည်။ ယင်းသို့ ဖြစ်လာလျှင် ဘုရားဖြစ်ရေးအတွက် တောထွက်ဖို့ ပို၍ပင် ဝေးသွားပေလိမ့်မည်။ တောထွက်ဖို့ ဝေးသွားခြင်းသည် စကြာဝတေးမင်း ဖြစ်ရေးအတွက် နီးလာခြင်းပင် ဖြစ်ပါ၏။ 

ထို့ကြောင့်လည်း နန်းတော်တွင်း နန်းတော်ပတွင် ပိုမို သာယာအေင် စီမံ၏။ စံနန်းဆောင်တို့ကလည်း ရမ္မ၊ သုဘ၊ သုရမ္မဟု သုံးဆောင်ပင် ရှိ၏။ ဥတုသုံးလီနှင့် အလိုက်သင့် အလှည့်သင့် ကိုက်ညီနေအောင် စီမံ ဆောက်လုပ်ထားသည်ဟု ဆို၏။ 

စံနန်းဆောင်တွင်လည်း ရံရွှေတော် မောင်းမ မိဿံတို့ကား အပြည့်။ အားလုံးပင် ချောမောကြ၏။ လှပကြ၏။ ပြေပြစ်ကြ၏။ ရှုမငြီးဖွယ်တွေချည်း ဖြစ်ကြ၏။ သူတို့ကား သွယ်လျှသော လက်ချောင်း ခြေချောင်းလေးများကိုလည်း ပိုင်ဆိုင်ကြ၏။ ကြည်လင် ဝင်းပသော အသားအအရေလည်း ရှိကြ၏။ သေးသင့်ရာ သေး၊ သွယ်သင့်ရာ သွယ်၊ ပြည့်သင့်ရာ ပြည့်၊ မောက်သင့်ရာ မောက်သည့် ခန္ဓာကိုယ် အချိုးအစားမျိုး ရှိကြသည်ချည်းသာ ဖြစ်၏။ 

သူတို့၏ တာဝန်သည် မင်းသားလေး အပျင်းတော် ပြေစေရန် တစ်နည်းဆိုရသော် ငြီးငွေ့မသွားစေရန် အက၊ အလှ တေးဂီတ ပဒေသာတို့ဖြင့် ဖျော်ဖြေပေးရန် ဖြစ်ပါ၏။ ယင်းသို့ ရံရွှေတော်များ ထားခြင်းသည် ထိုခေတ်က နန်းဓလေ့ ထုံးတမ်းဖြစ်သည်ဟု ဘီဘီစီက ထုပ်လွှင့်ခဲ့ဘူးသည့် ဗုဒ္ဓဝင်တွင် ဆို၏။ ခမည်းတော် ဘုရင်ကြီး စီမံထားသည်မှာ သားတော်၏ လောကတစ်ခုလုံးသည် ပျော်ရွှင် ကြည်နူးဖွယ် လောကဖြစ်နေစေရေး၊ ဆွဲဆောင်မှုအပြည့်ရှိသည့် လောကဖြစ်နေစေရေး  ဖြစ်ပါသည်။

ထိုခေတ်ထုံးစံ အရ သက်တော် ဆယ့်ခြောက်နှစ်တွင် ယသောဓရာ မင်းသမီးလေးနှင့် လက်ဆက်၏။ မင်းသမီးလေးသည် လှလည်း လှနိုင်လွန်း၏။ ချောလည်း ချောနိုင်လွန်း၏။ ယဉ်မှုတွင်လည်း မှီသူမရှိ။ သစ္စာတရား ထားရှိမှုတွင် ပြိုင်းဖက် အလျှင်းပင် ကင်း၏။ အထက်က ဆိုခဲ့သည့် ဗုဒ္ဓဝင်တွင် သိဒ္ဓတ္ထမင်းသားသည် ယသောဓရာ မင်းသမီးကို လက်ဆက်နိုင်ရေး ယှဉ်ပြိုင် အနိုင်ယူခဲ့ရပြီး ခမည်းတော်ကြီးမှာကား သားတော်၏ စွမ်းပကားကို ကြည့်ကာ ကြည်နူး ဝမ်းမြောက်လှသည်ဟု ပညာရှင်တို့ ဆိုကြ၏။


မင်းသားသည် သူ၏ နန်းတော်တွင် လို-တ-ရ ဘဝဖြင့် မင်းစည်းစိမ် အလယ်တွင် စံတော်မူနေခဲ့သည်။ ဘုရင် သုဒ္ဓေါဓန မင်းကြီး၏ အကြံအစီသည်လည်း ခုထိ ကောင်းနေဆဲ။ စီမံလုပ်ဆောင်ချက်သည်လည်း အစွမ်းပြ ထိရောက်နေဆဲပင်။ “ဤအတိုင်းသာ ဆိုလျှင်” ဟု တွေးကာ ခမည်းတော်ကြီးမှာ ကြိတ်၍ ဝမ်းသာနေ၏။

သို့သော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်း အပ်သော ပါရမီတော်တို့ကား သဗ္ဗညုတ ဉာဏ်တော်ကြီး အတွက် ဆိုသည်ကို မည်သူမျှ မသိကြ။ စိုက်ပျိုးထားအပ်သော ပန်းမာလ်တို့သည် အချိန်တန်လျှင် ပွင့်ကြရိုး၊ သီးပင်တို့သည် သီးကြရိုးပင်။ 

တစ်ခါသော် အပါးတော်မြဲ အမတ် ဆန္နကို ခေါ်တော်မူပြီး ဥယျာဉ်တော်သို့ ထွက်တော်မူ၏။ မထွက်ခင်ကပင် ခမည်းတော်ကြီးက သွားနိုင်ရာ လမ်းတစ်လျှောက် မြင်နိုင်ရာ အရပ်တိုင်းတွင် သန့်ရှင်း သပ်ရပ် လှပစေရန် လုပ်ဆောင်ခဲ့သည်သာ မက၊ သံဝေဂ ရစေနိုင်သည့် သူအို သူနာလို လူတွေကိုပင် ရှင်းလင်းထားခဲ့သည်။ အမြင်မတော်စေမည့် အရာမှန်သမျှကို ရှင်းလင်းစေခဲ့သည်။ သို့သော် မျှော်လင့်သလို ဖြစ်မလာခဲ့ပါချေ။

မင်းသားကား ခရီးစဉ်၏ တစ်ခုသော အရပ်တွင် “သူအို“ကို မြင်ခဲ့လေပြီ။ မမြင်စဖူး အမြင်တော်ထူးရကား ဆန္နအမတ်ကို မေးမြန်းရ၏။ အမတ်သည် အိုခြင်းသဘောကို ရှင်းလင်း လျှောက်ထားသည်။ အလောင်းတော် မင်းသားကား အိုခြင်း သဘောတရားကို လေးလေးနက်နက် စဉ်းစားမိကာ စိတ်နှလုံး တုန်လှုပ် ခြောက်ခြားသွားခဲ့ရလေပြီ။ ဘဝအဆက်ဆက်က ဖြည့်ဆည်း ထုံမွှမ်းအပ်သော ပါရမီတို့ဖြင့် ထောက်ကူထားသည့် သူ၏ သံဝေဂ ဉာဏ်တော်တွင် အိုခြင်းသဘောသည် ကွင်းကွင်း ကွက်ကွက်ကြီး ပေါ်လာတော့၏။ 

နောက်ခရီးစဉ် နှစ်ခုတွင် “သူနာ“နှင့် “သူသေ“တို့ကို မြင်ခဲ့ရပြန်လေရာ တုန်လှုပ် ချောက်ခြားသော စိတ်ထားတို့သည် ဖော်ပြ ပြောဆိုဖို့ ဝေါဟာရ အပိုင်းအခြား မဲ့သွားခဲ့လေပြီ။ ကြင်ယာတော်နှင့်လည်း မပျော်မွေ့၊ မောင်းမ မိဿံတို့၏ အက၊ အလှ၊ တေးဂီတတို့သည်လည်း နှစ်သက်စရာ မရှိ။ နန်းစည်းစိမ် တစ်ခုလုံးသည်ပင် သူအတွက် ဘာမျှ အဓိပ္ပါယ် မရှိတော့။ အရာရာသည် အနှစ် အသား မပါ၊ အကာ သက်သက်သာ ဖြစ်နေခဲ့တော့သည်။

နောက် တစ်ခေါက် ထွက်ကြွခဲ့သည့် ခရီးတွင်လည်း မမြင်စဖူး အမြင်ထူးကို ကြုံခဲ့ရပါသေး၏။ ဤ မမြင်စဖူး ထူးလှသည့် အာရုံသည် သူ၏ စိတ်တော်ကို ပြန်လည် လန်းဆန်းစေသည်။ တက်ကြွစေသည်။ ငြိမ်းချမ်းစေသည်။ ထို့အပြင် မျှော်လင့်ချက် ရောက်ခြည်လည်း တောက်ပစေပြန်ပါသည်။ ယင်းမြင်ကွင်းသည်ကား သစ်ပင်အောက်တွင် ငြိမ်သက် တည်ကြည်စွာ ထိုင်နေသည့် ရဟန်းတော် ဖြစ်၏။ 

ထိုမြင်ကွင်းက ပေးသည့် မျှော်လင့်ချက်အတိုင်းပင် သိဒ္ဓတ္ထမင်းသားသည် တစ်ခုသော ည၏ သန်းခေါင်ယာမ် လူခြေတိတ်ချိန်တွင် ဆန္နအမတ်ကို နောက်တော်ပါ အဖြစ် ခေါ်လျှက် ကဏ္ဍကမြင်းကို စီးကား တောထွက်တော်မူခဲ့သည်။ အချိန်ကောင်းကို ရွေးထွက်ခဲ့၍ နန်းတော်ရှိ လူအားလုံး တစ်ယောက်မျှ မသိကြ။ ဒုက္ခခပ်သိမ်း ကင်းပြတ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာ အတွက် နန်းစည်းးစိမ် တစ်ခုလုံးကို အလွယ်တကူပင် စွန့်ပစ်ခဲ့လေပြီ။ ချမ်းသာကြီးကြီး လိုချင်လျှင် ချမ်းသာသေးကို စွန့်ရမြဲ။ ထာဝရချမ်းသာကို လိုချင်လျှင် တဒင်္ဂချမ်းသာကို စွန့်ရမြဲ။ ယင်းအချိန်၌ နန်းစံသက် (၁၃)နှစ်၊ သက်တော် (၂၉) နှစ်သာ ရှိသေး၏။

အနောမာမြစ် တစ်ဖက်ကမ်းသို့ ရောက်သော် ကဏ္ဍကမြင်းနှင့် အမတ်တို့ကို ပြန်လွှတ်လိုက်သည်။ ရဟန်းအသွင်ယူကာ တရားစကျင့်၏။ ဂင်္ဂါမြစ်ဝှမ်း တစ်လျှောက် ကြွကာ ထိုခေတ်က နာမည်ကြီး ဆရာတို့ထံ နည်းခံကာ ကျင့်၏။ 

ပထမ ဆရာကြီးကား ကာလာမ အနွယ် အာဠာရ ရသေ့ကြီး ဖြစ်၏။ သူကား အာကိဉ္စညာယတနဈာန်ကို ရရှိထားသူပါတည်း။ တရားဓမ္မ သင်ကြားပေးရာတွင် ပါးစပ်လှုပ်ရုံမျှဖြင့် သိဒ္ဓတ္ထမင်းသားသည် ဆရာ သိထားသော တရားအားလုံးကို သိသွား၏။ သိရာတွင်လည်း ခိုင်ခိုင်မြဲမြဲ စွဲစွဲကြီးပင် သိ၏။ ခဏကျင့်ရုံမျှဖြင့် ဆရာ ရထားသည့် ဈာန်ကို ရရှိသွား၏။ ဆရာကို ပွင့်ပွင့်လင်းလင်း မေး၏။ ဆရာကလည်း ဤတရားသည် သူသိမြင်သည့် တရားဖြစ်ကြောင်း ရိုးသားစွာ ဖြေ၏။ နောက် သူနှင့် အဆင့်တူ ရာထူးပေးကာ တပည့်များကို အတူ အုပ်ချုပ်ရန် ကမ်းလှမ်းသည်။ အလောင်းတော်ကား လက်မခံ။ လိုချင်သည်မှာ ဤအရာ မဟုတ်ပါလေ။


ဤဆရာထံမှ ထွက်ပြီး ရာမ၏ သား ဥဒကထံ သွား၍ နည်းခံပြန်၏။ ရှေးနည်းအတိုင်းပင် သင်ပေးအပ်သည့် တရားကို လျှင်မြန် ထက်မြက် စူးရှလှသော ဉာဏ်တော်ဖြင့် တစ်ခဏချင်း သိရှိတတ်မြောက်၍ ဆရာ ရရှိထားသည့် နေဝသညာ နာသညာယတနဈာန်ကို ရရှိလေတော့၏။ ပွင့်ပွင့်လင်းလင်း မေးကြည့်လိုက်ပြန်တော့ ဤတရားသည် ဤ ဆရာကြီး သိထားသည့် အမြင့်ဆုံးသော တရားပင် ဖြစ်နေပြန်၏။

ဆရာကလည်း “သူသိတာကို အရှင် ဂေါတမ သိပြီး အရှင် ဂေါတမ သိတာကို သူသိပါကြောင်း” ဝန်ခံ ရှင်းပြသည်။ “ဤလို သီတင်းသုံးဖော်ကို ရခြင်းကား အရတော်လေစွ”ဟု ဝမ်းမြောက်လှသည်။ ဆရာ့အရာ၌ ထားပေးသည်။ သူ့ဂိုဏ်ကို ရှေ့ဆောင် ရှေ့ရွက်ပြုရန် ကမ်းလှမ်းသည်။ သို့သော် အလောင်းတော်ကား ကမ်းလှမ်းမှုကို ငြင်းပယ်ကာ သစ္စာရှာပုံတော် ခရီး ဆက်ထွက်ခဲ့သည်။ သစ္စာကို ထိုးထွင်း သိမှသာလျှင် ဒုက္ခအပေါင်းမှ ကင်းလွတ်ပြီး သန္တိသုခကို ရပေမည်။ 

ဥရုဝေလတောအုပ်သို့ ဝင်ရောက်ကာ ဒုက္ကရစရိယာ အကျင့်ကို ပြင်းပြင်း ထန်ထန် ကျင့်၏။ မည်သူမျှ တုနှိုင်းမမှီအောင် ကျင့်၏။ တောအုပ်ကား ကြီးလည်း ကြီးမားလှ၏။ နက်လည်း နက်လှ၏။ ခေါင်လည်း ခေါင်လှ၏။ အစပထမတွင် ဤလိုနေရာ၌ နေ၍ တရားကျင့်ရန်သော်လည်းကောင်း၊ ပျော်မွေ့နိုင်ရန်သော်လည်းကောင်း၊ တစ်ပါးတည်း သီတင်းသုံးရန်သော်လည်းကောင်း ခက်ခဲကြောင်းနှင့် လုံလောက်သည့် သမာဓိ မရှိက စိတ်ချောက်ခြားနိုင်ကြောင်း သတိယမိသေးသည်။ သို့သော် စင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့ ရှိသည့် အတွက် ထိုကဲ့သို့သော တော၌နေပြီး တရားကျင့်ရသည်ကို ချမ်းသာကြီးလှသည်ဟု မှတ်ယူတော်မူခဲ့သည်။ 

သို့သော် ခြောက်နှစ်ပတ်လုံး ကျင့်ပါလျှက်နှင့်ပင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို မရခဲ့။ မရခြင်းမှာ ကျင့်နည်းမှားနေသောကြောင့် ဖြစ်၏။ နောက်ဆုံးတွင် အစွန်းတစ်ဖက်သို့ ရောက်နေသော အတ္တကိလမထာနုယောဂ အကျင့်ကို ပယ်စွန့်တော်မူကာ မဇ္ဈိမပဋိပဒါအကျင့်ဖြင့် ကျင့်တော်မူလေရာ တစ်ခုသောနေ့၏ -


ညည့်ဦးယာမ်တွင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
သန်းခေါင်ယာမ်တွင် ဒိဗ္ဗစက္ခဉာဏ်
မိုးသောက်ယာမ်တွင် အာသဝက္ခယဉာဏ်တို့ကို ရတော်မူကာ လောကသုံးပါး အလယ်တွင် ဘုရားစင်စစ် ထင်ရှားစွာ ဖြစ်ထွန်း ပွင့်ပေါ်လာပါတော့သည်။
ယင်းနေ့ကား မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါသတည်း။

ဤဆောင်းပါးဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ (Vesak Day)ကို ရိုသေ လေးမြတ် ကြည်ညိုစွာ ပူဇော်ပါသည်။