Pages

Apr 18, 2014

ချစ်ခြင်း မုန်းခြင်း ကင်းရာဆီသို့


ချစ်ခြင်း မုန်းခြင်း ကင်းရာဆီသို့
***********************
တုန်လှုပ်ခြင်း ကင်းစွာ လောကကို ရင်ဆိုင်ချင်၊ အကျိုးပြုချင်ပါတယ်။ တုန်လှုပ်တာကို မကြိုက်ပါဘူး။ တုန်လှုပ်မှတော့ ဘယ်မှာ တည်ငြိမ်ပါတော့မလဲ။ မတည်ငြိမ်တဲ့ ဘဝဟာ ပန်ပန်းရပါတယ်။ ပင်ပန်းရတဲ့ ဘဝဟာ စိတ်ပျက် ငြီးငွေ့ဖွယ်ရာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ချစ်ခြင်း မုန်းခြင်း မကင်းသေးသရွေ့ တုန်းလှုပ်ခြင်း ဆိုတာ ရှိနေမှာပါ။ ချစ်လျှင် ချစ်သလောက် တုန်လှုပ်ရပါတယ်။ မုန်းလျှင်လည်း မုန်းသလောက် တုန်လှုပ်ရပါတယ်။ တုန်လှုပ်ရတဲ့ ပမာဏနှင့် အညီအမျှပဲ စိုးရိမ်ခြင်း၊ ပူပန်ခြင်းဆိုတဲ့ ဆင်းရဲကလည်း ဖြစ်တာပါ။ ချစ်ခြင်းကြောင့် တုန်လှုပ်ရတာက တမြေ့မြေ့ ဆင်းရဲပါတယ်။ မုန်းခြင်းကြောင့် တုန်လှုပ်ရတာက ဝုန်းဒိုင်းကြဲပြီး ဆင်းရဲပါတယ်။ ဆင်းရဲပုံ ကွာပေမဲ့ ဆင်းရဲတာကတော့ ဆင်းရဲတာချည်းပါပဲ။ ဒါပေမဲ့ ချစ်ခြင်းကြောင့် တုန်လှုပ်ပြီး ဆင်းရဲတာက တမြေ့မြေ့ လောင်ကျွမ်းပြီး ကြာရှည် ခံစားရတာမို့ သူက ပိုတောင် ကြောက်စရာ ကောင်းသလိုပါပဲ။

ချစ်ခြင်း မုန်းခြင်း ကင်းရာလမ်းကို အတုမရှိ ဆရာမြတ်က ညွှန်ပြပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က အဲဒီ လမ်းကို မှန်မှန် မလျှောက်လှမ်းနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ လမ်းမဟာကြီးဟာ ချစ်ခြင်း မုန်းခြင်းတို့ အကြားမှာ ဝေဝါးသွားတတ်တာပါပဲ။ လမ်းလျှောက်ရင်း လမ်းပျောက်တတ်တာလည်း သဘာဝလိုတောင် ဖြစ်နေတယ် မဟုတ်လား။ ပုထုဇဉ်တို့ သဘာဝ အရလည်း အဲဒီလို လမ်းပျောက်နေတာကိုပင် သာယာနှစ်ခြိုက် အကြိုက်လည်း တွေ့နေတတ်ပါသေးတယ်။

ချစ်ခြင်း မုန်းခြင်း ကင်းဖို့ဆိုလျှင် ကိလေသာမြူတို့ ကင်းစင်ရပါမယ်။ ကိလေသာ ကင်းစင်လျှင်ကား ချစ်ခြင်း မုန်းခြင်းများ မရှိတော့။ ချစ်ခြင်း မုန်းခြင်း မရှိတော့လျှင် စိုးရိမ်းဖွယ်လည်း မရှိ။ စိုးရိမ်ဖွယ် မရှိခြင်းသည် ဘေးရန်ကင်းသောကြောင့် ဖြစ်ပါတယ်။

ချစ်ခြင်း မုန်းခြင်းတို့ အလျှဉ်းမကင်းသေးသော်မှ နည်းပါးလျှင် နည်းပါးသလောက် တုန်လှုပ်မှု နည်းမှာ ဖြစ်ပါတယ်။ တုန်လှုပ်မှု နည်းလျှင် စိုးရမ်မှု၊ ပင်ပန်းမှုတို့လည်း နည်းပါးပါလိမ့်မည်။

သို့ဖြစ်ရကား ချစ်ခြင်း မုန်းခြင်းကို တစ်စတစ်စ လျှော့ချနိုင်ပြီး အဆုံးတစ်နေ့တွင် ချစ်ခြင်း မုန်းခြင်း လုံးဝ ကင်းရာ လမ်းကို လျှောက်လှမ်းနိုင်ပါစေသောရယ်လို့။

ဘုန်းဉာဏ်
(၂၁၊ ၁၁၊ ၂၀၁၂)

Jan 27, 2014

စာပြန်ရေးဖြစ်တော့မည်


ကိုယ့် ဘလောဂ်သို့ပင် ကိုယ်ပြန်မရောက်ဖြစ်၊ မကြည့်ဖြစ်သည်မှာ တစ်နှစ်ခန့် ကြာခဲ့ပါပြီ။ စာမရေးဖြစ်သည်မှာလည်း တစ်နှစ်ခန့် ရှိပါပြီ။

စာမရေးဖြစ်ခဲ့ခြင်း၏ အကြောင်းတစ်ရပ်မှာ ကျမ်း အပြီးသတ်ရန် ကြိုးစားနေခဲ့ရသောကြောင့် ဖြစ်ပြီး၊ နောက် အဓိက အကြောင်းတစ်ရပ်က မျှော်လင့်မထားသော အဖြစ်အပျက် တစ်ခုကြောင့် ဖြစ်သည်။ ယင်းအဖြစ်အပျက် တစ်ခုမှာ တကယ်ကို mysterious ဖြစ်ပြီး တစ်သက်တွင် တစ်ခါဟု ပြောရတော့မည့် ဒုက္ခဟုပင် ဆိုနိုင်ကောင်းတော့မည် ထင်သည်။ မျှော်လင့်မထားခဲ့သော ယင်းအဖြစ်တစ်ခုကြောင့် ကျမ်းတင်ပြီးသည်မှ ယနေ့တိုင် စာမရေးဖြစ်ခဲ့။ ဤအကြောင်းကို အကျယ် အကျယ် မပြောလိုသည့်အတွက် ရှိပါစေတော့။

အခုတော့ ယင်းဒုက္ခမှ သက်သာပြီး စာရေးချင်စိတ် ပြန်ပေါက်လာပါပြီ။ ရေးချင်စိတ် ပြန်ရှိလာသဖြင့် ဘလောဂ်သို့ ပြန်လာကြည့်ရာ စာလာဖတ်သူများ (နဲသော်လည်း) ရှိနေဆဲ ဖြစ်သည်ကို တွေ့ရပါသည်။ သို့အတွက် ကျေးဇူးတင် ဝမ်းသာရသလို မကြာမီ စာပြန်ရေးဖြစ်တော့မည် ထင်ပါသည်။

လာရောက် စာဖတ်သူများကို ကျေးဇူးတင်ပါသည်။

ဘုန်းဉာဏ်
(၂၇၊ ၀၁၊ ၂၀၁၄)