Pages

Apr 2, 2011

ဆူနာမီအပေါ် ဗုဒ္ဓဘာသာဝင် တစ်ဦး၏ အမြင် (အပိုင်း ၂)


၂၀၁၁ ခု မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ဂျပန် ဆူနာမီ
 စင်္ကာပူ နိုင်ငံသားတစ်ယောက်က ကပ်ဘေးကြီးအကြောင်း ကြားရတဲ့အခါ သူ့ ဗင်ကားပေါ်ကို (ပစ္စည်းတွေ) တင်ပြီး ဒုက္ခရောက်နေသူတွေကို အစားအသောက်နှင့် ရေတွေ ပေးဝေမယ်ဆိုတဲ့ စိတ်နှင့် ထိုင်းနိုင်ငံကို မောင်းထွက်သွားတယ်။ ဝမ်းနည်းစရာ ကောင်းတာက လမ်းမှာ ကားဘီးချော်ပြီး ကွယ်လွန်သွားပါတယ်။ “သူ့ လုပ်ရပ် (ကံ)တွေ ကောင်းပါလျှက်နှင့် သူ ဘာလို့ ဒုက္ခရောက်ရတာလဲ” လို့ လူတွေက မေးကြတယ်။ ဒါပေမဲ့ ဒီလို မေးခွန်းမျိုးက သဘာဝ ကြောင်းကျိုးတရားနှင့် ကမ္မကြောင်းကျိုးတရားကြားမှာ ဇဝေဇဝါ ဖြစ်နေတယ်ဆိုတာကို ပြတာပါပဲ။ 

တစ်ခြားလူတွေ ဒုက္ခရောက်နေတဲ့ အပေါ် ဒီလူရဲ့ လျှင်မြန်ပြီး လက်တွေ့ကျတဲ့ တုန့်ပြန်မှုဟာ ကရုဏာတရားကြီးမားတာကို ပြသပြီး နောက်ဘဝမှာတော့ အလွန်ကောင်းတဲ့ အကျိုးတရား ရပါလိမ့်မယ်။ သူ့ရဲ့ မတော်တဆမှုကတော့ သူ့ရဲ့ ကောင်းကံ ဆိုးကံတွေနှင့် ဘာမျှ မပတ်သက်ပါဘူး။ ဒီဖြစ်မှုဟာ သဘာဝ ကြောင်းကျိုးတရားရဲ့ ရလဒ် တစ်ခုပါ။ အခိုက်အတန့် အာရုံစူးစိုက်မှု လွတ်သွားတာ၊ ဘရိတ်မကောင်းတာ၊ မိုးကြောင့် လမ်းချောနေတာ စသည်ဖြင့်ပေါ့ဗျာ။ ကောင်းမြတ်မှုက သဘာဝ အကြောင်းတရားတွေကြောင့် ကျွန်ုပ်တို့တွေ ဒုက္ခမရောက်ရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ (ကောင်းမြတ်မှုက) သဘာဝ အကြောင်းတရားတွေကြောင့် ဒုက္ခ ရောက်ရတဲ့ အခါမှာ ဒုက္ခ ပိုဖြစ်စေမည့် အန္တရာယ်ရှိသည့် နည်းလမ်းတွေနှင့် တုန့်ပြန်မိနိုင်ခြေ နည်းပါးစေပါလိမ့်မယ်။

ခရီးသည် ရာပေါင်းများစွာ ပါသွားသည့် ကျည်ဆန် ရထားနှစ်စင်းကို လိုက်ရှာနေကြသည့် စေတနာ့ ဝန်ထမ်းများ
 တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေကတော့ ဆူနာမီကြောင့် ဖြစ်ရတဲ့ သေဆုံး ထိခိုက်ဒဏ်ရာ ရတာတွေဟာ ဒီလူတွေရဲ့ အတိတ်က မကောင်းတဲ့ ကံတွေကြောင့်လို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါဟာ ဗုဒ္ဓဟောကြားတော်မူချက်နှင့် ဆန့်ကျင်ပါတယ်လို့ ဒီနေရာမှာ ထုတ်ပြောဖို့ မလိုအပ်တော့သလောက်ပါပဲ။ ဒေဝဒဟ သုတ်တော် (မ၊ ၂၊ ၂၁၄ နှင့် အံ၊ ၁၊ ၁၇၃) မှာ ကျွန်ုပ်တို့ တွေ့ကြုံခံစားရသမျှ ကံကြောင့်လို့ ယုံကြည်မှု (သဗ္ဗံ တံ ပုဗ္ဗေကတဟေတု)သည် မှားယွင်းသည့် အမြင် (မိစ္ဆာဒိဋ္ဌိ) ဖြစ်တယ်လို့ ဗုဒ္ဓရှင်တော် ဟောတော်မူပါတယ်။ သီဝကသုတ်တော် (သံ၊ ၄၊ ၂၂၈) မှာတော့ တစ်ခါတစ်ရံ ခံစားကြရတဲ့ ဒုက္ခသည် ကံကြောင့် ဖြစ်နိုင်သလို ဖျားနာခြင်းကြောင့်သော်လည်းကောင်း၊ ရာသီဥတုကြောင့် သော်လည်းကောင်း၊ သတိမေ့လျှော့မှုကြောင့်သော်လည်းကောင်း၊ ပြင်ပအကြောင်းတရားကြောင့် သော်လည်းကောင်း (သြပက္ကမိကာနိ) ဖြစ်နိုင်တယ်လို့ ဟောတော်မူပါတယ်။ ဆူနာမီဟာ ဒီ အကြောင်းတရားတွေ အနက် တတိယနှင့် နောက်ဆုံး အကြောင်းတရားတွေရဲ့ အကောင်းဆုံး ဥပမာ ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ ကံဖြစ်ဖြစ်၊ မကောင်းတဲ့ ကံဖြစ်ဖြစ်၊ ကံတရား အားလုံးမှာ အကျိုးတရားတစ်ခုကတော့ တပ်အပ်သေချာ ရှိပါတယ်။ သို့သော် အကျိုးတရား မှန်သမျှကတော့ ကံကြောင့် မဟုတ်ပါဘူး။

သဘာဝကပ်ဘေးကြီးကြောင့် အိမ်ပြန်မရသေးသူတွေ Haneda လေဆိပ်မှာ အိပ်စက်နေကြရစဉ်

ဒီ ကပ်ဘေးထဲ မပါဝင်ကြရလောက်အောင် ကံကောင်းကြတဲ့ ကျွန်တော်တို့ကကော ဘယ်လိုပါလဲ။ ဗုဒ္ဓရဲ့ ကမ္မဒေသနာတော်က ကျွန်ုပ်တို့နှင့် ဘယ်လို ဆက်စပ်နိုင်ပါသလဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ အမျိုးသားနှင့် အမျိုးသမီးလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဆူနာမီ အပေါ် တုန့်ပြန်မှုတွေက ကုသိုလ်လည်း ဖြစ်နိုင်သလို အကုသိုလ်လည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ ကြေကွဲဖွယ် အကြောင်းကို ဖတ်ကြည့်၊ ပခုံးလေးတွန့်ပြီး အားကစားအကြောင်းပါတဲ့ စာမျက်နှာကို လှန်လိုက်ကောင်း လှန်လိုက်နိုင်ပါတယ်။ ဒုက္ခသည်တွေ အတွက် အလှူခံတဲ့ အခါမှာတော့ ဒီအပတ် သူ ငွေပြတ်နေပါတယ်ဆိုပြီး တစ်ခုခု လှူဖို့ ငြင်းနိုင်ပါတယ်။ သို့မဟုတ် လှူတော့ လှူပြီး အချီးမွမ်းခံရဖို့ဖြစ်စေ၊ တော်တယ်လို့ အမြင်ခံရဖို့ဖြစ်စေ လူတကာကို လှည့်လည် ပြောနေနိုင်ပါတယ်။ သူ ပြုလုပ်နေကျ ပုံစံကနေ ခွဲထွက်ပြီး ပြုမူဆောင်ရွက်ဖို့ အခွင့်အရေးတစ်ရပ် ပေးအပ်တာ ခံရလျှက်သားနှင့် အဲဒီ အခွင့်အရေးကို ရယူဖို့ ပျက်ကွက်ခဲ့တယ်။ ရင့်ကျက်ဖို့အတွက်ဖြစ်စေ၊ ပြောင်းလဲဖို့ ဖြစ်စေ သူ ဆုံးရှုံခဲ့ပြီး သူ့ရဲ့ အကျင့်ဟောင်းတွေဖြစ်တဲ့ အတွေးအမြင် ခေါင်းပါးမှု၊ လောဘ၊  မာနကြီးမှုနှင့် အကြင်နာကင်းမှုတို့ရဲ့ ခေါ်ဆောင်မှုကို သူ့ကိုယ်သူ အသာတကြည်ပဲ ခွင့်ပြုခဲ့တယ်။ 

စာနာစိတ် အတော်လေးကင်းပြီး သူ့ကိုယ်သူပဲ စိတ်ဝင်စားတဲ့သူလို့ ဆိုကြပါစို့။ ဒါပေမဲ့ ရုပ်မြင်သံကြားမှာ ဆူနာမီ ဒုက္ခသည်တွေကို မြင်လိုက်ရတဲ့ အချိန်မှာ ရုတ်တရက် သူ ကရုဏာစိတ်ဖြစ်သွားတယ်။ အဲဒီနောက် အတိတ်မှာ အမြဲ လုပ်နေကျအတိုင်း ရိပ်ခနဲပေါ်လာတဲ့ ဒီ ကရုဏာစိတ်ကို ဥပေက္ခာပြုပစ်လိုက်မည့် အစား တစ်ခုခု လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြက်ခြေနီအဖွဲ့ထံ သွားပြီး တကယ် ရက်ရောတဲ့ အလှူတစ်ခုကို လုပ်ပါတယ်။ စေတနာရှင် လုပ်အားပေး ခေါ်နေတဲ့ သင်္ကေတကို မြင်လိုက်ရပြီး စိတ်ကူးရလျှင် ရခြင်း စာရင်းသွင်းတယ်။ ဒါ့အပြင် နောက် သတင်းပတ် အတော်ကြာအောင်ပဲ အလှူခံတာတို့၊ အခြားနည်းလမ်းတွေနှင့် လိုက်ကူညီတာတွေ လုပ်ရင်း ကိုင်ရင်းနှင့် သူ့ အားလပ်ချိန်တွေ အားလုံးကို အသုံးပြုပါတယ်။ 

အဲဒီလို လုပ်ခြင်းရဲ့ ရလဒ်ကတော့ အတ္တကြီးတဲ့ အလေ့အကျင့်တွေကို အားနည်း ချိနဲ့စေခဲ့ပြီး ကောင်းတဲ့ စိတ်ထားတွေကို သန်မာကြီးထွားစေခဲ့ပါတယ်။ သူဟာ အတိုင်းအတာ တစ်ခုအထိ ရင့်ကျက်ပြီး ပြောင်းလဲခဲ့ပါပြီ။ အနာဂတ်မှာ အခွင့်အရေး ရလေတိုင်း ခုလို အပြုသဘောဆောင်တဲ့ နည်းနှင့်ပဲ ဆက်ပြုလုပ်သွားလျှင် တစ်ဖြေးဖြေးနှင့် ပိုမို နှစ်သက်စရာကောင်းတဲ့သူ ဖြစ်လာလိမ့်မယ်။ ဒါ့အပြင် အများကြီး ပိုမို ပျော်ရွှင်ချမ်းမြေ့တဲ့သူလည်း ဖြစ်လာမှာပဲလေ။ ဒီလိုမျိုးနည်းနှင့် ဆူနာမီလို ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်မှာတောင် တကယ်တော့ ကောင်းတဲ့ဘက် တစ်ခုတော့ ရှိပါတယ်။ 


ပထမဦးဆုံးက ဒါနနှင့် မေတ္တာ စေတနာတွေကို ဖြစ်ထွန်းဖို့ အခွင့်အရေး တစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒုတိယ အနေနှင့်ကတော့ ကျွန်ုပ်တို့တွေ အားလုံး မြတ်ဗုဒ္ဓရဲ့ တရားတော်ဖြစ်တဲ့ သင်္ခါရလောကကြီးမှာ နေရတဲ့ ဘဝဟာ ကျေနပ်နှစ်သက်ဖွယ်ရာ မရှိပါတကား ဆိုတဲ့ ဒုက္ခသစ္စာတရားကို ဆင်ခြင် သုံးသပ်ဖို့ အခွင့်အရေး တစ်ရပ် ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆင်ခြင်သုံးသပ်မှုက ကျွန်ုပ်တို့ကို မိမိဘာသာ ကျေနပ် အားရနေမှုကနေ နိုးထစေနိုင်ပြီး ဘဝဟာ ဘယ်လောက်ပဲ သက်တောင့်သက်သာ ရှိနေပါစေ၊ အချိန်မရွေး ပြောင်းလဲနိုင်ပါလားလို့လည်း သတိတရား ရစေနိုင်ပါတယ်။ ဒါက ပေါ့ပျက်ပျက် လောကီအာရုံ လိုက်စားမှုတွေကနေ အဓိပ္ပါယ်ပြည့်ဝတဲ့ လောကုတ္တရာ ပန်းတိုင်တွေဆီ ခြေဦးလှည့်ဖို့ ကျွန်ုပ်တို့ကို ကူညီနိုင်ပါတယ်ဗျာ။

မှတ်ချက်။ အောက်ဆုံး ဓာတ်ပုံကို https://mail.google.com/mail/?shva=1#inbox/12f15bb14fa9ac5e မှ ယူထားပြီး ကျန်ပုံများကို http://www.mmdailynews.com/viewnews.php?id=455 မှ ယူပြီး (ဖြည့်စွက်) တင်ပြထား ပါသည်။

မူရင်း (အင်္ဂလိပ်လို) ဖတ်ရှုလိုသူများ http://sdhammika.blogspot.com/2011/03/tsunami-buddhist-view.html တွင် ဖတ်ရှုနိုင်ပါတယ်။

Mar 30, 2011

ဆူနာမီအပေါ် ဗုဒ္ဓဘာသာဝင် တစ်ဦး၏ အမြင် (အပိုင်း ၁)

 

ဒကာတော် ဝိမုတ္တိသုခက စာရေးသူကို ဆူနာမီနှင့် ပတ်သက်တဲ့ ဆောင်းပါးနှစ်ပုဒ် တက်ဂ်လုပ်လာ ပါတယ်။ သူက Shravasti Dhammika ရဲ့ဘလောဂ်ကနေ ယူပြီး တဂ်လုပ်တာပါ။ အဲဒီနှစ်ပုဒ် အနက် တစ်ပုဒ်ကို ဒီလ (၁၆) ရက်နေ့က ပို့စ် တင်ခဲ့ပြီးပါပြီ။ ဒီ ဆာင်းပါးကို ဘာသာဆက်ပြန်ပြီး တင်ပေးချင်ခဲ့ ပေမဲ့ ဘန်ဂလောကို တစ်ပတ်ကြာ (၁၇ - ၂၄ အထိ) ခရီးထွက်သွားခဲ့ရလို့ ဘာသာမပြန်နိုင်ခဲ့ဘူး။ ခုမှ ပြန်ဆိုကာ တင်လိုက်ရပါတယ်။ ဂျပန်ဆူနာမီ ဖြစ်သွားတာ ရက်အနည်းငယ် ကြာခဲ့ပေမဲ့ စာရေးသူတို့ နိုင်ငံတော် အပါအဝင် ကမ္ဘာမှာ မကြာခဏ သဘာဝကပ်ဘေး ခံနေကြရတာမို့ ဒီဆောင်းပါးပါ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းမြဲ ကောင်းနေပြီး ဖတ်သင့်တဲ့စာ ဖြစ်မြဲ ဖြစ်နေပါသေးတယ်။ ဒါကြောင့် နောက်ကျတယ်လို့ မဆိုနိုင်ပါဘူး။

ဆောင်းပါး တစ်ပုဒ်လုံး တင်ကြည့်ပြီးမှ ရှည်လွန်းနေလို့ အပိုင်းခွဲတင်ဖို့ ပြင်လိုက်ရပါတယ်။ အပိုင်း (၂) ကို နှစ်ရက် သုံးရက်အတွင်း တင်ပေးပါမယ်။ စောင့်မျှော် ဖတ်ရှု အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

နောက်ဆုံးအနေနှင့် ပြောချင်တာက တဂ်လုပ်လာတဲ့ ဒကာတော် ဝိမုတ္တိသုခကို အထူး ကျေးဇူးတင်ပါကြောင်း ဖော်ပြလိုပါတယ်။

ဘုန်းဉာဏ်

ဆူနာမီအပေါ် ဗုဒ္ဓဘာသာဝင် တစ်ဦး၏ အမြင်
ကျွန်ုပ် ဒီဆောင်းပါးကို ၂၀၀၄ ခုနှစ် ဆူနာမီ ဖြစ်ပွားပြီးနောက် ရေးခဲ့တာပါ။ လွန်ခဲ့တဲ့ ရက် အနည်းငယ်က ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ်ရာ ဆူနာမီကို စဉ်းစားပြီး ပြန်ထုပ်ပြဖို့ ကောင်းတဲ့ပုံ ပေါ်ပါတယ်။

စကြာဝဠာကြီး တစ်ခုလုံးဟာ အပြန်အလှန် ဆက်နွယ်နေတဲ့ အကြောင်း အကျိုးတရားတွေရဲ့ ကွန်ရက်ကြီးဖြစ်တယ်ဆိုတဲ့ ကြောင်းကျိုးတရားကို ဗုဒ္ဓဘာသာက သင်ပြပါတယ်။ သဘာဝ ကြောင်းကျိုးတရားနှင့် ကမ္မ ကြောင်းကျိုးတရားဆိုပြီး ကြောင်းကျိုးတရား နှစ်မျိုး ရှိပါတယ်။ 

သဘာဝ ကြောင်းကျိုးတရားကတော့ လူတွေ ကောင်းခြင်း ဆိုးခြင်းနှင့် ဘာမျှ မဆိုင်ပါဘူး။ တစ်ခုအပေါ်မှာ တစ်ခု သက်ရောက်နေကြတဲ့ စကြာဝဠာတွင်းက စွမ်းအင်ပေါင်းစုံရဲ့ ကိစ္စမျှသာ ဖြစ်ပါတယ်။ မိုးသက်မုန်တိုင်း သို့မဟုတ် ရင့်မှည့်နေတဲ့ ကောက်ပဲသီးနှံတွေဟာ သဘာဝ ကြောင်းကျိုးတရားရဲ့ ဥပမာတွေပဲပေါ့။ သဘာဝ အကြောင်းတရားတွေဟာ တကယ်ပဲ ကျွန်ုပ်တို့တွေ အပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ မိုးသက်မုန်တိုင်းမိခြင်းက ဆိုးဆိုးဝါးဝါး အအေးမိတာကို ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ အအေးမိ ဖျားနာတာဟာ ကျွန်ုပ်တို့တွေရဲ့ အတိတ်က ကောင်းကံ မကောင်းကံတွေနှင့်တော့ ဘာမျှ မဆိုင်ပါဘူး။ အဲဒါဟာ သဘာဝ အကြောင်းတရားရဲ့ သဘာဝ အကျိုးတရားပဲ ဖြစ်ပါတယ်။ 

ကမ္မ ကြောင်းကျိုးတရား ဆိုတာကတော့ လူတွေ ဘယ်လို တွေးကြတောကြ၊ ဘယ်လိုတွေ ပြောကြဆိုကြ၊ ဘယ်နည်းဘယ်ပုံ ပြုမူကြပြီး အကျိုးတရားအနေနှင့် ဘယ်လို ခံစားကြသလဲဆိုတာတွေနှင့် ဆက်စပ် ပတ်သက်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မ ဒေသနာတော်က ကမ္မကြောင်းကျိုးတရားနှင့်ပဲ သက်ဆိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို ကူညီခြင်း၊ သင့်ကို ကျေးဇူးတင်စေခြင်း၊ ကျေးဇူးတင်တာကြောင့် ပျော်ရွှင်ခြင်း၊ ခိုးဝှက်ခြင်း၊ အဖမ်းခံရခြင်း၊ အဲဒီလို အဖမ်းခံရတာကြောင့် စိတ်မလုံမလဲဖြစ်ခြင်း သို့မဟုတ် ရှက်ကိုးရှက်ကန်းဖြစ်ခြင်းတို့ဟာ ကမ္မကြောင်းကျိုးတရားရဲ့ ဥပမာတွေပါ။ တစ်ဦးတစ်ယောက်ရဲ့ ပျော်ရွှင်မှု သို့မဟုတ် မပျော်ရွင်မှုဟာ သူတို့ ဘယ်လို ပြုမူ လုပ်ကိုင်ခဲ့သလဲ ဆိုတာရဲ့ တိုက်ရိုက် အကျိုးတရား ဖြစ်ပါတယ်။ သူ့ရဲ့ အပြုအမူ (ကံ)တွေကြောင့် တစ်ဦးတစ်ယောက်ကို ဆုတော်လာဘ်တော် ပေးသနားတာ သို့မဟုတ် အပြစ်ပေးနေတာ မရှိပါဘူး။ သူတို့တွေရဲ့ သုခ ဒုက္ခဟာ သူတို့တွေရဲ့ ပြုမူ လုပ်ကိုင်မှု (ကံ)တွေရဲ့ အကျိုးရလာဒ်မျှသာ ဖြစ်ပါတယ်။ အခု ကမ္မဒေသနာတော်ကို ဆင်ခြင် စဉ်းစားပြီး မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဆူနာမီကို ရှုမြင်ကြည့်ကြပါစို့။

ဆူနာမီဟာ သဘာဝ ကြောင်းကျိုးတရားကြောင့် ဖြစ်တဲ့ ဥပမာ အဖြစ်အပျက်တစ်ခုပါ။ ကမ္ဘမြေကြီးပေါ်က မြေမျက်နှာပြင်လွှာပြားတွေဟာ မြေငလျင်လှုပ်မှုကို ဖြစ်ပေါ်စေပြီး ရွေ့လျှားနေပါတယ်။ ထုပ်လွှတ်လိုက်တဲ့ စွမ်းအင်က ကြီးမားလှတဲ့ လှိုင်းလုံးကြီးတွေကို ဖြစ်စေပါတယ်။ အဲဒီ လှိုင်းလုံးကြီးတွေဟာ ကမ်းခြေကို ရိုက်ခတ်ခဲ့မယ်ဆိုရင် ကပ်ဘေးဆိုးကြီးကို ဖြစ်ပေါ်စေပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဆူနာမီ ရိုက်ခတ်ခံခဲ့ရတဲ့ ဧရိယာမှာ ရှိနေကြတဲ့ လူတွေဟာ ဒုက္ခနှစ်မျိုးကို ခံစားနေကြရပါတယ်။ အဲဒါတွေကတော့ သဘာဝ ကြောင်းကျိုးတရားကြောင့် ဖြစ်ရတဲ့ ဒုက္ခနှင့် ကမ္မကြောင်းကျိုးတရားကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေပါပဲ။ ရေအကြီးအကျယ် လွှမ်းနေချိန်မှာ တစ်ယောက်ယောက်ဟာ လဲသွားတဲ့ သစ်ပင်ရဲ့ ရိုက်ခတ်မှုကို ခံရနိုင်တယ်။ သို့မဟုတ် သံစသံန တစ်ခုခုကြောင့် ထိမိ ရှမိနိုင်တယ်။ နံရံတစ်ခုနှင့် တိုက်မိပြီး ကျေမွသွားနိုင်တယ်။ ဒါတွေက သဘာဝ အကြောင်းတရားများရဲ့ ရင်နင့်ဖွယ် အကျိုးတရား ဥပမာတွေဖြစ်ပြီး အတိတ်က ကောင်းကံ မကောင်းကံတွေနှင့် ဘာမျှ မသက်ဆိုင်ပါဘူး။

ကံဆိုတာက လူတွေရဲ့ စေတနာပါတဲ့ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတွေ (ကမ္မ)နှင့် အဲဒီ ကံတွေရဲ့ အကျိုး တရားများ (ဝိပါက)နှင့် သက်ဆိုင်ပါတယ်။ လူတွေ ဆူနာမီကို တုန့်ပြန်နိုင်တဲ့ နည်းလမ်းစုံနှင့် သူတို့ ရနိုင်တဲ့ အကျိုးတရားတွေကို ဥပမာအဖြစ် တင်ပြပါ့မယ်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိတယ်လို့ ဆိုကြပါစို့။ နှစ်ဦးလုံးဟာ ဆူနာမီအတွင်းမှာ ထိခိုက်ဒဏ်ရာတွေ ရကြတယ်။ သူတို့တွေရဲ့ အိမ်နှင့် အသက်မွေးဝမ်းကြောင်း အလုပ်တွေ ဆုံးရှုံးကြတယ်လို့ ဆိုကြပါစို့။ အမျိုးသားက စိတ်ပျက် လက်ပျက်ဖြစ်ပြီး ဘာလို့ ငါ့ကျမှ ဖြစ်ရတာလဲကွာလို့ ငိုယိုပါတယ်။ ဒီနေ့ ငါ မြို့ပြင်မှာသာ ရောက်နေခဲ့ရင်လို့ ဒေါသနှင့် ပြောပြီး ဝမ်းနည်းနေပါတယ်။ ဒီလိုမျိုး တွေးပြီးတော့ သူဟာ ဒုက္ခကို ပိုလို့ ဆိုးစေပါတယ်။ ဒါပေမဲ့ မကြာခင်ပဲ သူ့အတွေးတွေ ပြောင်းသွားတယ်။ သူ့အိမ်နီးချင်းရဲ့ အိမ်က နည်းနည်းလေးပဲ ထိခိုက်ပျက်စီးတာကို သတိပြုမိပြီး “ငါ လုံးလုံး ကြည့်မရတဲ့ အဲဒီ ခွေးကောင်၊ သူ့အိမ်က မပျက်ပဲကိုး၊ သနားစရာပဲ”လို့ သူ တွေးပါတယ်။ သူက သူ့ ဒုက္ခကို ထပ်ဆိုးစေပြီး အကျည်းတန် အရုပ်ဆိုးတဲ့ အကုသိုလ် စိတ်တွေကိုလည်း အားဖြည့်ပေးနေပါတယ်။ နောက်တော့ “အင်း … လူတိုင်းဟာ သူကိုယ်တိုင် အတွက်ပါပဲလား” လို့ တွေးပြီး စွန့်ပစ်ထားတဲ့ အိမ်တွေက တစ်ခုခုများ ခိုးလို့ ရလေမလားလို့ ကြည့်ရင်း လျှောက်လည်ပါတယ်။ အခုဆို အဲဒီလူရဲ့ မကောင်းတဲ့စိတ်တွေနှင့် ခံစားမှုတွေက အကုသိုလ်အမှုတွေဆီ ခေါ်ဆောင်နေပါတယ်။

အခု အမျိုးသမီးရဲ့ တုန့်ပြန်ပုံတွေကို ကြည့်ကြရအောင်ဗျာ။ အစပိုင်းဖြစ်တဲ့ စိတ်သောကတွေကနေ ပြန်လည်နာလန်ထူပြီးနောက် သူမရဲ့ ပထမဆုံး အတွေးကတော့ “ငါ အသက်မသေပဲ ရှင်ကျန်ရစ်ခဲ့တာ ဘယ်လောက် ကံကောင်းလိုက်လဲ” ဆိုတာပါပဲ။ သူမ တကယ်ပဲ ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါပေမဲ့ ဝမ်းနည်းပက်လက် ဖြစ်ပြီးဖြစ်စေ၊ စိတ်ပျက်လက်ပျက် ဖြစ်ပြီးတော့ ဖြစ်စေ၊ ဒေါသဖြစ်ပြီးတော့ဖြစ်စေ၊ သူမဟာ ဆင်းရဲဒုက္ခတွေကို ထပ်ပေါင်း မထည့်ပါဘူး။ အဲဒီနောက် သူမက “ငါထက် အများကြီး ပိုဆိုးတဲ့ အခြားသူတွေ ရှိကို ရှိမှာပဲ။ ဘာများ ကူညီ လုပ်ပေးနိုင်မလဲ ဆိုတာကို ငါ ကြည့်ရမယ်”လို့ တွေးပြီး ဒဏ်ရာရသူတွေကို စတင် လှည့်ပတ်ကြည့်ပါတယ်။ သူများတွေအကြောင်း တွေးနေမိတာက သူမကိုယ်တိုင်ရဲ့ အခြေအနေတွေကို တစ်စုံတစ်ခုသော အတိုင်းအတာထိ လျစ်လျူရှုနိုင်မှုကို ပေးပါတယ်။ ဒီနည်းဖြင့်လည်း သူမရဲ့ ဒုက္ခတွေကို ပိုမဆိုးဝါးစေပြန်ပါဘူး။ 


နောက်နေ့မှာတော့ အစိုးရက ဖြန့်ဖြူးပေးတဲ့ စားစရာအချို့ကို ယူနိုင်ခဲ့တယ်။ သူမ လျှောက်ထွက်လာစဉ် ဘာမျှ မရရှာတဲ့ ကလေးတစ်ယောက်ကို သတိပြုမိတယ်။ ကလေးကို နှစ်သိမ့်ပေးပြီး အစားအသောက်တွေကိုလည်း မျှဝေပေးလိုက်တယ်။ ကလေးလေးက တစ်ယောက်တည်း ဖြစ်နေတာကို မြင်လိုက်ရတော့ သူလေးကို စောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရက်အနည်းငယ် အကြာမှာတော့ ကလေးရဲ့ ဖခင်က ကလေးကို တွေ့သွားပြီး သူမကိုလည်း ကလေးကို စောင့်ရှောက်ထားတဲ့ အတွက် အလွန်အမင်း ကျေးဇူးတင်မိတယ်။ ကလေးရဲ့ ဖခင်ဟာ ဆူနာမီဒဏ် မခံရတဲ့ အနီးက မြို့တစ်မြို့မှာ သူ့ညီမနှင့် အတူ နေနေပါတယ်။ ကလေးရဲ့ ဖခင်က အစားအသောက်နှင့် လုံခြုံမှုရှိတဲ့ နေရာမှာ သူနှင့်အတူ လာနေဖို့ အမျိုးသမီးကို ဖိတ်ခေါ်ပါတယ်။ အမျိုးသမီးရဲ့ အပြုသဘောဆောင်တဲ့ စိတ်ထား (ကုသိုလ်စိတ်)တွေနှင့် အပြုအမူတွေဟာ ခုတော့ သူမဘဝအပေါ်မှာ လက်တွေ့ကျပြီး ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပါပြီ။


ကဲ ဘာကြောင့် အမျိုးသားက တစ်မျိုးတုန့်ပြန်ပြီး အမျိုးသမီးက အခြားနည်းတစ်မျိုးနှင့် တုန့်ပြန်ရတာပါလဲ။ အတိတ်မှာ သူတို့ရဲ့ အတွေ့အကြုံ အမျိုးမျိုးကို တုန့်ပြန်ပုံတွေ မတူတဲ့ အတွက်ကြောင့်ပဲပေါ့။ ဆိုလိုတာကတော့ ၄င်းတို့ရဲ့ အတိတ်ကံကြောင့်ပါ။ လူတစ်ဦးရဲ့ အတိတ်က မကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့်တွေဟာ လက်ရှိမှာ မကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့်တွေပဲလို့ ဆိုလိုပြီး အပြန်အားဖြင့် အနာဂတ်မှာ မကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့်တွေ ရှိအောင်  ပိုမို ဖြစ်စေနိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ အကျင့်တွေဟာ အကျိုးပေးတာထက် သူ့ကို ပိုပြီး ခံစားရစေပါတယ်။ အမျိုးသမီး (မူဆလင်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ဖြစ်၊ ခရစ်ယန်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘာသာမဲ့ပဲဖြစ်ဖြစ်)ကို သင်ပေးပြီး သူမက ကောင်းမြတ်တဲ့ မနောကံနှင့် ကာယကံတို့ ရှိဖို့နှင့် ၄င်းတို့ကို အမြဲပဲ ကြိုးစား ပြုစုပျိုးထောင်ဖို့က အရေးကြီးတယ်လို့ အမြဲတမ်း ယုံကြည်ပါတယ်။ သူမရဲ့ အတိတ်က ကောင်းတဲ့ စိတ်အလေ့အကျင့် (ကံ)တွေက ပစ္စုပ္ပန်မှာလည်း သူမမှာ ကောင်းတဲ့ စိတ်အလေ့အကျင့်တွေ ရှိတယ်လို့ အဓိပ္ပါယ်ရပြီး အပြန်အားဖြင့် ဒီအကျင့်တွေက အနာဂတ်မှာလည်းပဲ ကောင်းတဲ့ စိတ်အလေ့အကျင့်တွေ ရှိလိမ့်မယ်ဆိုတာ ဖြစ်နိုင်ခြေ အများကြီးရှိအောင် လုပ်နိုင်ပါတယ်။ ဒီစိတ်အကျင့်တွေကပဲ ဒုက္ခကို သေးနိုင်သမျှ သေးငယ်စေတဲ့ အပြင် ကလေးဖခင်ရဲ့ စောင့်ရှောက် ခံရမှုကိုလည်း ဖြစ်စေခဲ့တာပါ။ တစ်နည်း ပြောရမယ် ဆိုလျှင်တော့ သူမရဲ့ အတိတ်ကံတွေက ခုပစ္စုပ္ပန်မှာ ကောင်းကျိုး ပေးတာပါပဲ။

ဒါကြောင့် ဗုဒ္ဓဘာသာ အလိုအရတော့ ဆူနာမီရဲ့ သားကောင်တွေ ခံစားခဲ့ရတဲ့ ကာယိက ဒုက္ခဟာ သဘာဝ အကြောင်းတရား အမျိုးမျိုးရဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။ ဒီ သဘာဝ အကြောင်းတရားတွေကို သူတို့တွေ ဘယ်နည်းဘယ်ပုံ တုန့်ပြန်နေကြတယ် ဆိုတာကတော့ သူတို့တွေရဲ့ ကံပဲဖြစ်ပါတယ်။ ၄င်းတို့ရဲ့ ကောင်းကံ မကောင်းကံတွေရဲ့ အကျိုးတရားတွေကတော့ အနာဂတ် (နောက်ရက်၊ နောက်လ၊ နောက်နှစ် ဒါမှမဟုတ် နောင်ဘဝလည်း ဖြစ်ချင်ဖြစ်မယ်) မှာ ၄င်းတို့ရဲ့ အကျိုးပေး (ဝိပါက်)တွေ ဖြစ်ပါလိမ့်မည်။ အကန့်အသတ်ရှိတဲ့ ဉာဏ်ပညာနှင့် စွမ်းရည်ရှိတဲ့ လူသားများ ဖြစ်လို့ သဘာဝ အကြောင်းတရားများ အပေါ်မှာ အကန့်အသတ်နှင့်ပဲ လွှမ်းမိုးနိုင်ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့မှာ အခြေအနေအလိုက် တုန့်ပြန်မှုကို ပုံဖော် လွှမ်းမိုးနိုင်တဲ့ စွမ်းရည် တကယ် ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်တွေကို ကောင်းမြတ်တဲ့ နည်းတွေနှင့် ဖွံ့ဖြိုး တိုးပွားလာအောင် အားမထုတ်ကြဘူးဆိုလျှင် မျှော်လင့်လည်း မထား၊ ကြိုလည်း မကြိုဆိုအပ်တဲ့ အခြေအနေတွေရဲ့ လွှမ်းမိုးမှုကို အနာဂတ်မှာ ကျွန်ုပ်တို့ကိုယ်တိုင် တွေ့မြင်ရနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်တွေကို တိုးတက် ကောင်းမွန်အောင် အထူးသဖြင့် တရားဘာဝနာ အားထုတ်ခြင်းဖြင့် အားထုတ်ကြလျှင်ကား ခံနိုင်ရည်ရှိဖို့ ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရာ ရောက်ပြီး အနာဂတ်ဘေးဆိုး အပေါ်မှာလည်း အောင်ပွဲတောင် ဆင်နိုင်ပါတယ်။


(ဆူနာမီ)သတင်းကတော့ ယင်းနှစ်ခုလုံးရဲ့ ဥပမာတွေနှင့် ပြည့်လို့ပါပဲ။ “ကြောက်လန့်ဖွယ်ကောင်းလှတဲ့ ဒီလိုအခြေအနေမှာ ပူဆွေးသောက၊ ကြောင့်ကြ ဗျာပါရနှင့် ကြောက်ရွံ့မှု ကင်းကင်း ဆက်နေဖို့ ဘယ်လို ဖြစ်နိုင်ပါသလဲ”လို့ လူတွေက မေးကြပါတယ်။ ဒါပေမဲ့ အချို့လူတွေက နေနိုင်ကြတယ်ဗျ။ သီရိလင်္ကာက လူတစ်ယောက်ဆိုရင် ဇနီးသည်ရော ကလေးနှစ်ယောက်ပါ ဆုံးရှုံးခဲ့ရပြီး ယူကျုံးမရ ဖြစ်ခဲ့ရတာ အမှန်ပါ။ သို့သော်လည်း လက်တွေ့ကျင့်ကြံနေတဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်နေလို့ နှစ်ရက်အကြာမှာ သူဟာ ပူဆွေးသောကမှ ပြန်ထမြောက်ခဲ့ပါတယ်။ ဆုံးပါးသွားကြရရှာတဲ့ မိဘနှစ်ပါးရဲ့ အနီးမှာ ငတ်ပြတ် ငိုယိုနေကြရှာတဲ့ ကလေးနှစ်ယောက်ကို တွေ့တဲ့ အချိန်မှာပေါ့။ သူက ကလေးတွေကို မွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ ကြည့်ရတာကတော့ တစ်ခြားလူတွေလည်း ဒီ ကလေး နှစ်ယောက်ကို မြင်ကြပြီးဖြစ်မှာပါပဲ။ ဒါပေမဲ့ ဘာမျှ မကူညီခဲ့ကြပါဘူး။ အဲဒီလူကို တွေ့ဆုံမေးမြန်းခန်းလုပ်တော့ သူ့ရဲ့ မွေးစား ကလေးနှစ်ယောက်က သူ့ဘဝကို အဓိပ္ပါယ်သစ် ပေးပြီး အခက်အခဲတွေ ရှိပေမဲ့လည်း ဆက်လျှောက်ဖို့ စွမ်းအားတွေ ပေးတယ်လို့ သူက ဆိုပါတယ်။ ခိုးဆိုး လုယက် တိုက်ခိုက်ဖို့ရာ ပွဲလန့်ဖျာခင်းကြတဲ့ လူတွေရဲ့ အခြား ဖြစ်ရပ်တွေကိုလည်း ဖတ်ကြရပါတယ်။ ကျွန်ုပ်တို့ အသီးသီးဟာ လုပ်နေကျ လုပ်နည်းလုပ်ဟန်အတိုင်း လုပ်ဖို့ ရွေးချယ်ကြတယ်။ အဲဒီ လုပ်ရပ်နှင့် လျှော်ညီတဲ့ အကျိုးတရားတွေကိုပဲ ခံစားကြရပါလိမ့်မယ်။ 

မှတ်ချက်။ ပထမဆုံး ဓာတ်ပုံကို http://pictures.smashits.com/tsunami-pictures-in-japan.html မှ ယူပြီး ကျန်ပုံများကို http://www.demowaiyan.co.cc/ မှ ယူထားပါကြောင်း။ 

Mar 29, 2011

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁၄)

နတ်ပြည်ကိုရော ငရဲကိုပါ ဒီလောကမှာပဲ သင် ဖန်တီးတာပါ
ဒီကမ္ဘာလောကကြီးမှာ သင် ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေချင်တယ်ဆိုလျှင် တစ်ခြား လူတွေကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေခွင့်ပေးပါ။ ဒီကမ္ဘာကြီးဟာ အသက်ရှင် နေထိုင်ဖို့ ထိုက်တန်တဲ့ နေရာအဖြစ် သင် လုပ်နိုင်စေဖို့ပါ။ ဒီ ကောင်မြတ်တဲ့ စည်းကမ်း ဥပဒေတွေနှင့် အညီ နေထိုင်ဖို့ သင် မညှိမချင်း ဒီကမ္ဘာမှာ ပျော်ရွှင် ငြိမ်းချမ်းမှုကို သင် မမျှော်လင့်နိုင်ပါဘူး။ ဆုတောင်းနေရုံနှင့်တော့ ဘုရားသခင်ထံတော်ကနေ ပျော်ရွှင် ငြိမ်းချမ်းမှုကို ရဖို့ မမျှော်လင့်နိုင်ပါဘူး။ 

လူသားဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်းအားဖြင့် ကျင့်ဝတ် စည်းမျဉ်း စည်းကမ်းတွေနှင့် အညီ ပြုမူလျှင် ဤ မျက်မှောက် ဘဝမှာတင် သင့်ရဲ့ ကိုယ်ပိုင် ကောင်းကင်ဘုံကို ဖန်တီးနိုင်ပါတယ်။ တန်ဖိုးရှိတဲ့ လူ့ဘဝကို အလွဲသုံးစား လုပ်မယ် ဆိုလျှင်တော့ ဤ ကမ္ဘာမြေပေါ်မှာတင် ငရဲမီးကိုလည်း သင် ဖန်တီးနိုင်ပါတယ်။ အန္တာရာယ်ကင်းပြီး လေးစားဖွယ်ရာ လူ့ဘဝကို နေထိုင်ဖို့ လူတိုင်း ကြိုးစားကြမည် ဆိုလျှင် လူအချို့ သေပြီးသည့်နောက်မှ ရရှိဖို့ မျှော်လင့်ထားကြတဲ့ နတ်ချမ်းသာထက် ပိုကောင်းတဲ့ တကယ့် နတ်ချမ်းသာကို လူသားတွေ သုံးဆောင် ခံစားနိုင်ကြမှာပါ။ 

သုစရိုက်တရားအတွက် ဆုချဖို့ သို့မဟုတ် ဒုစရိုက်တရားအတွက် အပြစ်ပေးဖို့ရာ အခြား တစ်နေရာမှာ ကောင်းကင်ဘုံ (နတ်ပြည်) ဖန်ဆင်းဖို့ မလိုအပ်ပါဘူး။ ကိုးကွယ်တဲ့ ဘာသာတရားကို ထည့်သွင်းစဉ်းစားစရာ မလိုပဲ ကောင်းမှု မကောင်းမှုတွေဟာ ဒီဘဝမှာတင် ရှောင်လွှဲလို့ မရတဲ့ အကျိုးတရားတွေ ရှိပါတယ်။ သတ္တဝါအားလုံး အပေါ်မှာ သနားကြင်နာခြင်းသည်သာ ကောင်းကင်ဘုံ (နတ်ပြည်)ကို ဖန်တီးဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ သည်းခံမှု၊ ကရုဏာတရားနှင့် အခြားသူများရဲ့ တိုးတက် ပျော်ရွှင်မှုကို အလေးထားမှုတို့ကို ပြုစုပျိုးထောင်ခြင်းဖြင့် လူ့အဖွဲ့အစည်းနှင့် လူသားရဲ့ ကောင်းကျိုးအတွက် စွဲမက်စရာ ကောင်းလှပြီး တောက်ပတဲ့ စံနှုန်း ရှိအောင်လုပ်လို့ ရပါတယ်။ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေက ကျွန်ုပ်တို့ကို လမ်းပြပြီး ဖြစ်တဲ့အတွက် လူသားမျိုးနွယ် တစ်ရပ်အဖြစ် ဒီအဆင့်ကို ကျွန်ုပ်တို့ တက်လှမ်းခဲ့ကြတာပါ။ ကျင့်ဝတ်အရ အခြားသူများကို ကူညီခြင်းဖြင့် သင့်ကိုယ်သင် ကူညီရာ ရောက်သလို ကျင့်ဝတ်အရ သင့်ကိုယ်သင် ကူညီခြင်းဖြင့်လည်း အခြားသူများကို ကူညီရာ ရောက်ပါတယ်။

ဘုန်းဉာဏ်