Pages

Showing posts with label Poems. Show all posts

Sep 19, 2012

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ် နာမည် သုံးပြီး
လုပ်စားနေခဲ့သူ လူတစ်စု
စုကို နိုင်ငံရေး လုပ်မှာ ကြောက်လို့
နိုင်ငံခြားမှာ အခြေကျအောင်
ပရိယာယ် အထွေထွေ
အခြေအနေ အရပ်ရပ်
အထပ်ထပ် ဖန်တီးပြီး စီစဉ်ခဲ့ကြတယ် တဲ့။
ဒါပေမဲ့ …
ရှေ့ရေးကို မျှော်
ဗိုလ်ချုပ်သမီးနော် ပီသ
ဇာတိပြကာ နေလာခဲ့ပြီး
တိုင်းပြည်က အရေးကြီးတော့
ရှေ့က ခေါင်းဆောင်
ဂုဏ်ရောင်ပြောင်အောင်
သူ ဆောင်ရွက်နေတယ်။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးကို
ဗိုလ်ချုပ် တည်ထောင်
ဂုဏ်ရောင်တွေ ပြောင်ခဲ့တဲ့
မြန်မာ့ တပ်မတော်မှ
အချို့သော ခေါင်းဆောင်တွေ
မတတ်သော စိတ်ထား
ဦးတည်ချက် အမှားများနှင့်
ဝရုန်းသုန်းကား
ဖမ်းဆီး ထောင်ချ
ဘဝ အမှောင်တွေကျအောင်
ကြံလုံး ဖန်လုံး
နည်းမျိုးစုံ သုံးလို့
အမျိုး သုဉ်းအောင်
ကြံဆောင် နှိပ်စက်
အဘက်ဘက်က ဖျက်ခဲ့တယ်။
ဒါပေမဲ့
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
တိုင်းပြည် အတွက်
အငြိုးအတေး မစွက်ပဲ
မေတ္တာသက်ပြီး
အကြမ်း မဖက်တဲ့ နည်းနှင့်
ကြိုးစားကာ ကြံဆောင်
အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
သူ့ အပေါ် ဗိုလ်ကျ
အမျိုးမျိုး ပါဝါပြသူတွေ အပေါ်
မပျက်သော မေတ္တာ
ဗြဟ္မစိုရ်တရား ပါပါနှင့်
လက်တွဲ ဆောင်ရွက်နေတာဟာ
လူ သာဓုခေါ် နတ် သာဓုခေါ်
ဘုရားပါ သာဓုခေါ်မည့် အလုပ်
သူ မပြတ်တန်း လုပ်နေတယ်ဗျာ။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
မပြီးပြတ်ခဲ့တဲ့ ဖခင် အလုပ်
တကုတ်ကုတ် ဆက်လုပ်နေလိုက်တာ
ယားလျှင်တောင် မကုတ်အားလောက်ပါဘူး။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
အာဏာရှင်တွေ တလွဲသုံးလို့
တစ်ကမ္ဘာလုံးက မသိသလောက် ဖြစ်သွားခဲ့ရတဲ့ ဒီနိုင်ငံကို
ကမ္ဘာ့ နေရာမှန်မှာ  
အောင်လံ ပြန်စိုက်ထူဖို့
တာစူကာ သူ ပြန်တည်ဆောက်နေတယ်။
ကမ္ဘာကြီးက သူ့ အပါးမှာ
မားမားကြီး ရပ်လို့
အားပေး ကြိုဆိုနေတယ်။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
လွတ်လပ် တရားမျှတမှုရဲ့ ရှေ့ဆောင်
ဒီမိုကရေစီ ခေါင်းဆောင်တဲ့။
လူသားတို့ရဲ့ မီးရှူးတန်ဆောင်
သစ္စာ မေတ္တာ အရောင်လည်း ဖြစ်သတဲ့။
အကြမ်း မဖက်
မေတ္တာ လက်နက်ကိုသုံး
အပြုံးများနှင့် တိုက်ပွဲဝင်
လူသားတို့ရဲ့
သမိုင်းဝင် ငြိမ်းချမ်းရေး သင်္ကေတလည်း ဖြစ်သတဲ့။
စိတ်ရှည် သည်းခံ
ဇွဲသန်သန်နှင့်
အားမာန်ပါပါ
တိုက်ပွဲဝင်တာကြောင့်
ကမ္ဘာ့ သူရဲကောင်းလဲ ဖြစ်သတဲ့။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး 
ချစ်သမီးကို  
ကမ္ဘာကြီးက ဂုဏ်ပြုနေလိုက်တာ
သောသောကို ညံလို့
ဟန်ပန်တွေ အမျိုးမျိုးနှင့်ပေါ့။
သူတို့ ဆုတံဆိပ်တွေဟာ
ဗိုလ်ချုပ် သမီး ဂုဏ်နှင့် စာလျှင်
သေးငယ်များ နေမလားဆိုတဲ့ အတွေးနှင့်
ကမ္ဘာကျော်တွေ
အသံကုန် ဟစ်အော်ပြီး
ချီးမွမ်း ဂုဏ်ြပုနေကြတယ်လေ။

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်
ဗိုလ်ချုပ်ရဲ့ ရှုမငြီး
ချစ်သမီးက
ခန္တီ သစ္စာ
မေတ္တာပါ ပါတဲ့
တန်ခိုး ပါဝါစုံနှင့်
ကမ္ဘာတုန်အောင်
အမျိုးဂုဏ် တန်ခိုးဂုဏ် ပြနေတာ မြင်ရတော့
ဗိုလ်ချုပ်ကို တမ်းတ
သတိယလှတာကြောင့်
ခေါ်ပြော အော်ပြောလိုက်တယ်
“ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်”လို့

ဒေါ်အောင်ဆန်း စုကြည်အား အမေရိကန် ကွန်ကရက်၏ အမြင့်ဆုံး ရွှေတံဆပ် ဆုချီးမြှင့်ပွဲ (လိုက်ဖ်ရှိုး တင်ဆက်မှု) အပြီးတွင် ခံစား ဂုဏ်ပြု စပ်ဆိုပါသည်။

ဘုန်းဉာဏ်
၂၀၊ ၀၉၊ ၂၀၁၂
(2: 20 Am)

( မေတ္တရပ်ခံခြင်း) ဤကဗျာကို နှစ်သက်သူ မည်သူမဆို ကူးယူခြင်း၊ တဆင့် ပြန်လည် မျှဝေခြင်းများကို ခွင့်မတောင်းပဲ ပြုလုပ်နိုင်ပါသည်။ သို့သော် ကဗျာ အဆုံးတွင် မိမိ နာမည် "ဘုန်းဉာဏ်"ကို ဖြစ်စေ၊ နာမည်နှင့် ဘလောဂ်လိပ်စာကို တွဲလျက်ဖြစ်စေ ထည့်သွင်းပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

Sep 12, 2012

လူအစစ်

စာရေးသူက ကဗျာဖတ်ရ ရေးရတာ ဝါသနာ မပါလှတာကြောင့် လုံးဝ မရေးတတ်ပါဘူး။ (ရေးတတ်သူတွေကိုတော့ လေးစားတတ်ပါတယ်။) ဒါပေမဲ့ Dr. K. Sri  Dhammananda ရဲ့ "The Purpose of Life " ထဲက လေးကြောင်းပဲ ပါတဲ့ 

“It is easy enough to be pleasant
When life flows along like a song
Bu the man worthwhile is the man who can smile
When life goes dead wrong.”

ဆိုတဲ့ ကဗျာလေးကို ဖတ်မိတဲ့ အခါ ဒီ ကဗျာလေး ရေးမိသွားတယ်။ 

ရေးတယ်ဆိုပေမဲ့  ဘာသာပြန်ပါပဲ။ ဒါပေမဲ့ တိတိ ကျကျကြီး ဘာသာပြန်ထားတာလဲ မဟုတ်ပါဘူး။ "မာန်ဝင်ကာ ဆင်နွှဲနိုင်မှ" ဆိုတဲ့ စာကြောင်း အတွက်တော့ မူရင်း ကဗျာမှာ တွေ့ရမှာ မဟုတ်ပါဘူး။ မူရင်း ကဗျာလေးက ရိုးစင်းပြီး ဖတ်လို့ ကောင်းပါတယ်။ ကဗျာက ဖြစ်တည်မှု ဒဿန (Existentialism) ဆန်တယ်လို့ ထင်ပါတယ်။

ခုတော့ ဘာရယ် မဟုတ်ပါဘူး။ စိတ်ကူးပေါက်လို့ ရေးထားတာလေး ပြန်ရှာပြီး ပို့စ် တင်လိုက်ယ်။ ဖတ်လို့ အဆင်ပြေတယ် ဆိုလျှင် မူရင်း ကဗျာက ကောင်းလို့ပါ။ ဖတ်လို့မရ ဟာသ သဖွယ် ဖြစ်နေလျှင်တော့ သိတဲ့ အတိုင်းပါပဲ၊ စာရေးသူ ဘုန်းဉာဏ်ရဲ့ "ညံ့ချက်ကတော့ကွာ" လို့ အမှန်ပင် ဆိုရမှာ ဖြစ်ကြောင်းပါ။

ကျေးဇူးတင်ပါတယ်။

ဘုန်းဥာဏ် 

"လူ အစစ်"
.............

ဘဝဟာ
ငြိမ့်ညောင်းသာယာ
သီချင်းသံ သာသာလေးလို
ဖြတ်သန်းစီးဆင်းသွားတဲ့အခါ
ကျေနပ်နှစ်သက်
သာယာမှုတွေ ပွေ့ဖက်နေဖို့ဆိုတာ
လွယ်လွယ်လေးပါ။

ထိတ်လန့်ကြောက်ရွံ့လောက်အောင်
ဘဝ အမှောင်တွေကျ
အမှားတွေ ဗလပွနှင့်
ကြုံကြိုက် ဆုံခိုက်မှာ
အပြုံးပန်း ပန်ဆင်
မာန်ဝင်ကာ ဆင်နွှဲနိုင်မှ
ထိုက်တန်သူ လူအစစ်
မင်း ဖြစ်မှာပေါ့။

(၁၃၊၀၅၊၂၀၁၂)

Nov 19, 2011

အကယ်၍

VOA မြန်မာပိုင်း အစီအစဉ်က (၂၀၁၀) နိုဝင်ဘာလ (၁၆)ရက် အင်္ဂါနေ့ညမှာ ဒေါ်အောင်ဆန်း စုကြည် ဘာသာပြန်ခဲ့တဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို ထုတ်လွှင့်တာကို ကြားလိုက်ရပါတယ်။  ကိုကျော်အောင်လွင် စီစဉ်တင်ဆက်တဲ့ “အနုပညာ မိုးကောင်းကင် ကဏ္ဍ” မှာ ဝိုင်းတော်သူတွေက ရွတ်ဖတ် ပြထားကြတာပါ။ နားထောင်လို့ အလွန် ကောင်းပါတယ်။

ဘာအကြောင်းကြောင့်ပဲ စိတ်အား ငယ်ငယ်၊ ဘယ်လို ရည်မှန်းချက် ပန်းတိုင်ကိုပဲ ချီတက်တက်၊ ကိုယ့် အနီးအပါးက လိုက်ပါအားပေးနေတဲ့ အနီးဆုံးနှင့် အရေးအကြီးဆုံးလူလို စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေပါတယ်။ ဘာသာပြန်လက်ရာကလဲ တကယ့် မြတ်နိုးစရာ၊ စွဲလမ်းနှစ်သက်စရာ နူးညံ့ သိမ်မွေ့လှတယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က Rudyard Kipling ရဲ့ If လို့ အမည်ပေးထားတဲ့ ဒီကဗျာကို  ဘာသာပြန်ခဲ့တာလို့ ဆိုပါတယ်။ “စိတ်ဓာတ်ခွန်အားကို ဖြစ်စေတဲ့ ကမ္ဘာကျော် ကဗျာတွေထဲက ထိပ်တန်းကဗျာတစ်ပုဒ် ဖြစ်ကြောင်းနှင့် ဒီကဗျာကို အခြေခံပြီးတော့ အနုပညာ တင်ဆက်မှုတွေလဲ ပုံစံမျိုးစုံ ရှိကြောင်း ” ကိုကျော်အောင်လွင်က ရှင်းပြတာကို ကြားရပါတယ်။

ကဗျာဆရာ Rudyard Kipling ကို ဗြိတိသျှ ကိုလိုနီ အိန္ဒိယနိုင်ငံ ဘုံဘေ (မွန်ဘိုင်း) မြို့မှာ ဒီဇင်ဘာ (၃၀)ရက် (၁၈၆၅) ခုမှာ မွေးဖွားပါတယ်။ Kipling ဟာ အင်္ဂလိပ်လူမျိုး တစ်ဦး ဖြစ်ပြီး ကဗျာနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို ရေးသားခဲ့တဲ့ နာမည်ကြီး စာရေးဆရာ၊ ကဗျာဆရာတစ်ယောက်ပါ။ သူဟာ စာပေဆိုင်ရာ နိုဘယ်ဆုကို (၁၉၀၇) ခုနှစ်မှာ လက်ခံ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနှင့် ရေးတဲ့ နိုဘယ်လ်ဆုရ စာရေးဆရာတွေထဲမှာ သူဟာ ပထမဆုံးဖြစ်ပြီး ဒီနေ့အထိ အသက် အငယ်ဆုံး စာပေနိုဘယ်လ်ဆုရှင်လဲ ဖြစ်ပါသတဲ့။

သူရေးခဲ့တဲ့ နာမည်ကြီး စာပေလက်ရာတွေကတော့ The Jungle Book (1894)၊ Kim (1901) The Man Who Would Be King (1888) အပါအဝင် ဝတ္ထုတိုများစွာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နန်းမြို့တော် ဖြစ်ခဲ့တဲ့ မန္တလေးမြို့တော် အကြောင်း ရေးဖွဲ့ထားတဲ့ Mandalay ဆိုတဲ့ ကဗျာ (1890)ကလဲ သူရဲ့ နာမည်ကြီး ကဗျာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

 ဗွီအိုအေ သတင်းတင်ဆက်သူတွေ ရွတ်ဖတ်ပြတဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို စာလုံးများအဖြစ် ပြောင်းလဲပြီး ဘလော့ဂ် စာဖတ်ပရိတ်သတ်ကို မျှဝေလိုက်ပါ။တယ် အမှန်ကို ပြောရရင် ဒီကဗျာ မြန်မာပြန်ကို စာရေးသူ မတွေ့ဖူး မဖတ်ဖူးပါဘူး။ ဒါကြောင့် စာပိုဒ်တွေကို အင်တာနက်ပေါ်မှာ တွေ့ရတဲ့ အင်္ဂလိပ်လိဘာသာ ကဗျာကို ကြည့်ပြီး   ခွဲထားပါတယ်။ အင်္ဂလိပ်လို ကဗျာကိုလဲ  မျှဝေပေးလိုက်ပါတယ်။

ဘလောဂ်ပုံစံကြောင့် တစ်ကြောင်းထဲပြီးရမဲ့ စာတွေက နှစ်ကြောင်းဖြစ်၊ နှစ်ကြောင်းပိုဒ်တွေက သုံးကြောင်းဖြစ်နေတာတွေကိုလဲ နားလည်ခွင့်လွှတ်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ်။ သတ်ပုံ၊ အဖြတ်အတောက်စတဲ့ မှားယွင်းမှု တစ်စုံတစ်ရာ ရှိခဲ့ရင် သို့မဟုတ် ဘာသာပြန်သူရဲ့ မူလစာအထားအသိုနှင့် ကွဲလွဲနေခဲ့ရင် တင်ပြသူ ဘုန်းဉာဏ်ရဲ့ တာဝန်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။ 

အကယ်၍
အကယ်၍ မင်းအသိုင်းအဝိုင်း တုန်လှုပ်ချေက်ချားပြီး ဒါတွေဟာ မင့်ကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် ရင်ဆိုင်နိုင်မယ်ဆိုရင်၊
အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနှင့် မင်းကိုမင်း ယုံကြည်မှု အပြည့် ရှိမယ်ဆိုရင်၊
အကယ်၍ စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လဲ မမောမပန်း နေနိုင်မယ် ဆိုရင်
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ
မင်းကလဲ အလိမ်အညာတွေနှင့် မတုန့်ပြန်ဘူး ဆိုရင်၊
ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့ အခါ
မင်းကလဲ အမုန်းတွေ ပြန်မပွားဘူး ဆိုရင်၊

အကယ်၍ စိတ်ကူးယဉ် အိက်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ် ဆိုရင်၊
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ
တွေးခေါ်နိုင်မယ် ဆိုရင်၊
အကယ်၍ အောင်မြင်မှု သုခနှင့် ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့ ခံယူနိုင်မယ်ဆိုရင်၊
အကယ်၍ မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ပစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် နာကြားနိုင်မယ် ဆိုရင်
အကယ်၍ မင်းဘဝ တစ်ခုလုံး ပေးပြီး အရိပ်တကြည့်ကြည့်နှင့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံ လိုက်ရပြီးတဲ့နောက် အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနှင့် ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်၊

အကယ်၍ မင်းနိုင်ခဲ့သမျှတွေ အားလုံး
ကြွေတစ်လှည့် ကြက်တစ်ခုန် ပမာ တစ်လှည့်တစ်ခါတည်းနှင့် ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ငြီးငြူမနေဘူး ဆိုရင်၊
အကယ်၍ သူများတကာတွေ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်း အလှည့် ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်း နှင့်ပဲ အားနှင့် မန်နှင့် ဇွဲသတ္တိရှိရှိ ဆက် ကြိုးစားနိုင်မယ် ဆိုရင်
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားက လွဲလို့ ဘာဆို ဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကို ခိုင်မာစွာနှင့်ပဲ လက်ဆုပ်လက်ကိုင် ထားနိုင်မယ် ဆိုရင်၊

အကယ်၍ လူတွေနှင့် ထိတွေ့ဆက်ဆံ ပြောဆိုတဲ့ အခါ
ကိုယ်ကျင့် သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်၊
ဒါမှမဟုတ် မင်းဧကရာဇ်တွေနှင့် အတူ လမ်းလျောက်နေရပေမဲ့ မာန် မာန သွေး မကြွဘူး ဆိုရင်၊
အကယ်၍ ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို နာကြည်းအောင် မလုပ်နိုင်စေရင်၊
အကယ်၍ လူတိုင်းကို တန်းဘိုးထား လေးစားပေမဲ့ စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်
အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ် အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်
ငါ့သားရေ ... မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်း စွမ်းနိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလဲ ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။

အင်္ဂလိပ်လို ဖတ်လူသူတွေ သို့မဟုတ် ယှဉ်တွဲဖတ်လိုသူများ အတွက်လည်း မူရင်း အင်္ဂလိပ် ကဗျာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";

If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!

ရည်ညွှန်း။
၁။ ဗွီအိုအေ မြန်မာပိုင်း၊ အနုပညာ မိုးကောင်းကင် အစီအစဉ် (၁၆၊ ၁၁၊ ၂၀၁၀) ညပိုင်း အစီအစဉ်။

၂။ http://en.wikipedia.org/wiki/Rudyard_Kipling
၃။ http://www.everypoet.com/archive/poetry/Rudyard_Kipling/kipling_if.htm
၎။ http://www.kipling.org.uk/poems_if.htm

မှတ်ချက်
၂၀၊ ၁၁၊ ၂၀၁၀ နေ့က ရေးတင်ခဲ့တဲ့ ပို့စ် အဟောင်းကို ပြန်တင်လိုက်ပါ။ ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ဘုန်းဉာဏ်

Nov 20, 2010

အကယ်၍

 VOA မြန်မာပိုင်း အစီအစဉ်က (၂၀၁၀) နိုဝင်ဘာလ (၁၆)ရက် အင်္ဂါနေ့ညမှာ ဒေါ်အောင်ဆန်း စုကြည် ဘာသာပြန်ခဲ့တဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို ထုပ်လွင့်တာကို ကြားလိုက်ရပါတယ်။  ကိုကျော်အောင် လွင် စီစဉ်တင်ဆက် တဲ့ “အနုပညာ မိုးကောင်းကင် ကဏ္ဍ” မှာ ဝိုင်းတော်သူတွေက ရွတ်ဖတ် ပြထားကြတာပါ။ နားထောင်လို့ အလွန် ကောင်းပါတယ်။

၂၁၊ ၁၁၊ ၂၀၁၀