Pages

Nov 15, 2010

မေတ္တာ ရောင်ပြန်

အမျိုးသား ခေါင်းဆောင်လို့ ပြည်သူတွေက ယုံကြည် သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ၁၃၊ ၁၁၊ ၂၀၁၀ နေ့ ညနေ ၅: ၁၅ မိနစ်ခန့်မှာ အစိုးရက နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပါတယ်။ စစ်အစိုးရ အနေနှင့် သူမကို ဖမ်းဆီးထားရာနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေကလဲ တစ်ကမ္ဘာလုံးမှာ ပွက်လောညံနေခဲ့ပါတယ်။

၁၂ ရက်နေ့ ကတည်းက သူမ လွတ်မယ်လို့ စောင့်မျှော်နေခဲ့ကြတဲ့ အတွက် ဒီနေ့မှာတော့ ပိုမိုများပြားလှတဲ့ လူတွေဟာ စိတ်ရှည်ရှည် စောင့်နေခဲ့ကြတယ်တဲ့။ လွတ်ပြီးပြီးချင်း အချိန်အနည်းငယ် အတွင်းမှာပဲ လူတွေ သောင်းနှင့် ချီတဲ့ အထိ ရောက်လာခဲ့ကြတယ်။ နောက် အိမ်နားအထိ မရောက် နိုင်တော့တဲ့ လူတွေကိုပါ ရေတွက်ရင် သောင်းဂဏန်း အကြီးစား အထိ ရှိမယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရသလို ဓာတ်ပုံတွေ၊ ဗွီဒီယိုသတင်းတွေကို ကြည့်ရင်လဲ သိသာပါတယ်။ 

ပြည်တွင်းက ပြည်သူတွေသာ မကပါဘူး။ ပြည်ပရောက် မြန်မာတွေဟာလဲ တစ်ချိန်လုံး လိုလို နားစွင့်နေကြ၊ စောင့်မျှော်နေကြဟန်တူပါတယ်။ တီဗွီ သို့မဟုတ် အင်တာနက် စာမျက်နှာတွေပေါ်က တစ်ဆင့်ပေါ့။ ပိုအဆင်ပြေသွားတာက လွှတ်တဲ့နေ့ဟာ စနေနေ့ (အားလပ်ရက်) ဖြစ်လို့ပါပဲ။

ဒါကို ကြည့်ရင် လူတွေဟာ သူမကို ဘယ်လောက် အထိ ချစ်သလဲ၊ မြတ်နိုးသလဲ၊ ယုံကြည် မျှော်လင့်သလဲ၊ ထောက်ခံသလဲ ဆိုတာ အလွန်တရမှာ သိသာ မြင်သာတဲ့ မြင်ကွင်းပါ။ ဒါ ဘာကြောင့်ပါလဲ

တကယ်တော့ ဒါတွေဟာ လူတွေ အပေါ်မှာ ထားတဲ့ သူမရဲ့ စေတနာ မေတ္တာတွေ ရောင်ပြန်ဟပ်တာလို့ ယုံကြည် ယူဆပါတယ်။ 

ပြည်သူ ပြည်သားတွေရဲ့ အပေါ်မှာ ထားတဲ့ သူမရဲ့ စေတနာက ဖြူစင်တယ်။ သူ့အကျိုး သူ့အတ္တ မပါဘူး။ တိုင်းပြည်ထဲ ပြန်အဝင်ခံမှာ မဟုတ်တဲ့ အတွက် ခင်ပွန်းသည် ဆုံးခါနီးမှာရော ဆုံးပြီးချိန်တွေမှာတောင် သွားမတွေ့ခဲ့ဘူး။ မိသားစု တစ်ခုလုံးကို တိုင်းပြည်အတွက် စွန့်ထားခဲ့တယ်။ တိုင်းပြည် ညီညွတ် တိုးတက် သာယာဝပြောရေး အတွက်  ဘာအခွင့် အရေးနှင့်မှ မလဲခဲ့ဘူး။ ဒါကြောင့် သူ့စေတနာက သန့ှ်ရှင်းတယ်။ အရောင်ရောမှု မရှိဘူး။ 


အဲဒီလို စွန့်လွှတ် အနစ်နာခံတယ် ဆိုတာ မေတ္တာတရား ကြီးမား နက်ရှိုင်းလို့သာ လုပ်နိုင်တာပါ။ ကိုယ့်ကိုယ်ကို ချစ်တာနှင့် တိုင်းပြည်ကို ချစ်တာ တစ်ထပ်တည်း ထားနိုင်လို့သာ ဒီလို လုပ်နိုင်တာပါ။ မိသားစုကို ချစ်တာထက် တိုင်းပြည်ကို ချစ်တာက ပိုနေတယ်။ ဘာသာရေး အရ ပြောရရင် ကာယကံမေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံ မေတ္တာလို့ မေတ္တာ သုံမျိုး ရှိတဲ့ထဲက ကာယကံ မေတ္တာကို နှစ်ပေါင်းများစွာ မပျောက် မပျက် လက်တွေ့ ပြသနိုင်တဲ့ အတွက်ကြောင့် ပြည်သူ့ မေတ္တာ ပြန်ပြီး ရောင်ပြန်ဟပ်တာပါ။ 

စေတနာ မေတ္တာ ဒီလောက်ကြီးတော့လဲ ပြည်သူတွေ အပေါ်မှာ ထားတဲ့ ကတိ၊ သစ္စာက ခိုင်ခံ့ တည်ကြည်ပြီပေါ့လေ။ ဒါတွေကြောင့်လဲ ပြည်သူတွေက ဒီလောက် အထိ ချစ်မြတ်နိုးကြဟန် တူပါတယ်။ 

တကယ်တော့ သူမဟာ နှစ်ပေါင်း နှစ်ဆယ့် တစ်နှစ်မှာ ဆယ့်ငါးနှစ်လောက် အကျယ်ချုပ် ကျခံနေခဲ့ရတာမို့ လူထုနှင့် ထိတွေ့ရချိန်က တကယ့် နည်းနည်းလေးရယ်ပါ။ ဒါပေမဲ့ မြန်မာပြည်သူတွေနှင့် ကမ္ဘြာ့ပည်သူတွေ၊ ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်တွေရဲ့ နှစ်လုံးသားတွေကိုတော့ သိမ်းကြုံး ယူငင် ထွေးပွေ့ထားနိုင်သူ ဖြစ်နေပါတယ်။ ဒါကို ဒီနေ့ သတင်းတွေ၊ တုန့်ပြန်သံတွေက သက်သေ ပြနေပါတယ်။ 

အကောင်းဆုံ ပြယုဂ်ကတော့ ကမ္ဘာ့ ထိပ်ဆုံး နိုင်ငံကြီးရဲ့ သမ္မတ အိုဘားမားက ဒေါ်စုဟာ သူ့ရဲ့ သူရဲကောင်းပါလို့ ပြောသွားချက်ပါပဲ။ သူလွတ်လာတာကို ဝမ်းသာကြ၊ ကြိုဆိုကြတဲ့ ကမ္ဘာ့ ခေါင်းဆေင်တွေရဲ့ အသံတွေကို ၁၅ ရက် (တနင်္လာ) နေ့ အထိကြားနေရဆဲ ဖြစ်ပါတယ်။ ဥပမာ “မတရားမှုတွေကို ရဲရဲ ရင့်ရင့် ရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဇွဲနှင့် သတ္တိဟာ အများအတွက် အားကျ အတုယူစရာ ဖြစ်တယ်” လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေဗစ် ကင်မရွန်းရဲ့ အောက်လွှတ်တော်မှာ ပြောသွားတဲ့ စကားမျိုးတွေပါ။

 ၁၄၊ ၁၁၊ ၂၀၁၀ နေ့မှာတော့  ဗဟန်းမြို့နယ်က ရွေဂုံတိုင် လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ လူထုကို တွေ့ဆုံပြီး မိန့်ခွန်းပြောပါတယ်။ သူကို တွေ့ချင် မြင်ချင်၊ သူ့အသံကို ကြားချင်လို့ လာကြတဲ့ လူအုပ်ကြီးကို ကြည့်ရတာ ကြက်သီးတောင် ထလောက်ပါတယ်။ ပြီးတော့ စကားပြောတာက နေ့ခင်း ၁၂ နာရီ၊ ဒီလို ပူအိုက်လှတဲ့ အချိန်မျိုးမှာ သိန်းချီ ရှိနိုင်တဲ့ လူအုပ်ကြီး လာရောက်ကြည့်ကြတာ၊ သူ့မိန့်ခွန်းကို လာနားထောင်ကြတာတွေဟာ အလွန်အံ့သြစရာ ဖြစ်ရပါတယ်။ လာရောက်ကြတဲ့ လူတွေရဲ့ မျက်နှာတွေပေါ်မှာလဲ အပြုံးပန်းတွေက ဝေလို့၊ ပီတိရေစင် ဖြန်းထားလို့ လန်းဆန်းနေတဲ့ ဒီမျက်နှာတွေကို အများသူငါ မြင်တွေ့နိုင်ပါတယ်။





မြန်မာပြည်မှာ ဖြစ်နေကြပုံစံလို တစ်အိမ်တစ်ယောက် ဆင့်ခေါ်တာမျိုးလဲ မဟုတ်၊ မလိုက်နိုင်ရင် ဒဏ်ငွေပေးရတာလဲ မရှိ၊ မလာနိုင်လို့ အာဏာပိုင် အဆင့်ဆင့်ကို ကြောက်စရာ စိုးရိမ်စရာလဲ မလိုပဲ ဒီလိုလာပြီး ကြိုဆိုကြ၊ နားထောင်ကြတာဟာ အထက်မှာ ပြောခဲ့တဲ့ ပြည်သူတွေ အပေါ်မှာ ထားတဲ့ သူမရဲ့ ကောင်းမြတ်တဲ့ စေတနာ၊ စစ်မှန်တဲ့ မေတ္တာတွေ ရောင်ပြန်ဟပ်တာပဲလို့ အခိုင် အမာ ယုံကြည်ကြောင်း ဆိုချင်ပါတယ်။

(ဓာတ်ပုံများ။ အထက်ဆုံး ဓာတ်ပုံ သုံးပုံမှာ AP က ဖြစ်ပြီး၊ အောက်ဆုံး သုံးပုံမှာ Eleven Media Group မှ ယူထားပါသည်။)

Nov 11, 2010

မွန်ဘိုင်း (ဘုံဘေ) မြို့မှ ဒေဝါလီ ပွဲတော်

ဒီနှစ်ကတော့ ကံကောင်းတယ် ဆိုရမလား။ နှစ်သစ်ကူးပွဲတွေ အတော် ဆင်နွဲခွင့် ရနေလို့လေ။ ၂၀၁၀ နှစ်စ ဖေဖော်ဝါရီလက မလေးရှား ဆစ်တီယာဝမ် မြို့လေးမှာ တရုပ် နှစ်သစ်ကူးပွဲတော်နှင့် ကြုံခဲ့တယ်။ အဲဒီပွဲမှာ ဘာသာရေး အပိုင်းကို ဦးဆောင် လုပ်ပေးခဲ့ရပါတယ်။ နောက် ဧပြီလ ရောက်တော့ စင်္ကာပူ ဆမ်ဘာဝမ်း မြန်မာ သင်္ကြန်နှင့် ကြုံဆုံပြန်ရော။ (ဒီဘလော့ဂ်မှာ တော်တော် စုံစုံလေး ရေးသားတင်ပြခဲ့ပါတယ်။) အခုတော့ မွန်ဘိုင်းမှာ ဒေဝါလီပွဲတော်နှင့် ပက်ပင်း တိုးပြန်ပြီ။ 

အော် နှစ်သစ်ကူးပွဲတော်တွေနှင့် ကြုံဆုံနေတယ် ဆိုတော့ ပျော်မြူးနေမယ်လို့လဲ ဖတ်ရင်း တွေးမနေနှင့်ဦး။ ဘုန်းကြီးဘဝ ဆိုတော့ ဘာမှ ထူးပြီး ပျော်ရတာမှ မဟုတ်တာ။ သိကြတဲ့အတိုင်းပေါ့။ ဒါပေမဲ့ ဒီပွဲတော် အကြောင်း နည်းနည်းတော့ ရေးပါဦးမယ်။

ဒေဝလီ သို့ မမဟုတ် ဒီပဝလီ (Diwali/ Deepavali) ပွဲတော်ဆိုတာ မီးထွန်းပွဲတော် တစ်ခုပါပဲ။ သက္ကဋ စကားလုံး “ဒီပါဝလီ” (row of lamps)က လာတဲ့စကားလုံး ဖြစ်ပါတယ်။ ဟိန္ဒူ၊ ဂျိန်းနှင့် ဆစ်(ခ်) ဘာသာတို့ ရဲ့ ငါးရက်ကြာ ကျင်းပတဲ့ အရေးအကြီးဆုံးပွဲတော် တစ်ခုပေါ့။ နှစ်တစ်နှစ်ရဲ့ အရေးအကြီးဆုံး ပွဲတော် တစ်ခုလဲ ဖြစ်ပါသတဲ့။ ဒါပြင် အိန္ဒိယရဲ့ ရိုးရာ ပြက္ခဒိန်အရ နှစ်သစ်ကူးပွဲတော်လို့လဲ ဆိုပါတယ်။ စီးပွားရေး အသိုက်အဝန်းဟာ ဘဏ္ဍာရေးနှစ်ကို ပွဲတော်ရဲ့ ပထမနေ့မှာ စတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေကို ဒေဝါလီပွဲတော် တစ်ခု တက်ဖို့ ဖိတ်ပါတယ်။ ဘုန်းကြီးဖြစ်နေ တာကြောင့် တက်ချင်စိတ် မရှိလှပါဘူး။ မလွတ်မလပ် ပုံစံမျိုးနှင့် သွားရတော့ ရှက်ရိပ် သန်းတဲ့ မျက်နှာထားက အလိုလို ပေါ်လာတတ်တယ်။ အဲဒါက ကိုယ့်အတွက် သိပ် မကောင်းလှဘူးလို့ ထင်ပါ တယ်။ 

ဒါပေမဲ့ ထည့်သွင်း စဉ်းစားစရာလေးတွေက ရှိနေခဲ့ပြန်ပါတယ်။ ပထမတစ်ချက်က အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေ အတွက် လုပ်ပေးတာဆိုတာကို စဉ်းစား မိတာပါ။ 

နောက်တစ်ခု ပိုအရေးကြီးတာက အခြားသူများရဲ့ လောကထဲမှာ နေတယ်ဆိုရင် ယဉ်ကျေးမှု  ပဋိပက္ခ (cultural clash) မဖြစ်ဖို့က အရေးကြီးပါတယ်။ အခြားယဉ်ကျေးမှုတစ်ခုနှင့် ကွက်တိဖြစ်သွားဖို့က မလွယ်လှဘူး။ ဘီဘီစီ အင်္ဂလိပ်စာ သင်ခန်းစာ တစ်ခုမှာ ဆိုရင် တိုင်းခြားမှာ သွားနေမဲ့သူတွေကို သက်ဆိုင်တဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကောင်းကောင်း လေ့လာပါ (Do lots of research) လို့ အကြံပေးတာကို ကြားဖူးပါတယ်။ စိတ်ဝင်စားမှုတူညီတဲ့ လူ၊ ရိုးရာယဉ်ကျေးမှု တူတဲ့လူ၊ တူညီတဲ့ နောက်ခံရှိသူတွေ (like-minded people) နှင့် တွေ့ရဖို့ကလဲ အခက်သား။ သွားလိုက်ရင်တော့ သူများ ယဉ်ကျေးမှုကို လေ့လာခွင့်ရတယ်။ တစ်ခါ တစ်ခါမှာ ဆိုရင် တမင်တောင် လေ့လာကြ၊ သုတေသန သဘောမျိုး လုပ်ယူကြရသေးတာ။ ဒီတော့ တက်သင့်တယ်လို့ အသိစိတ်က ပြောနေပြန်ပါတယ်။ အဲဒါနှင့် တက်ဖြစ်သွားပါရော။ 

သူငယ်ချင်း နိုင်ငံခြားကျောင်းသား အချို့

သိပ်စည်စည်ကားကားကြီး မဟုတ်ပါဘူး။ နိုင်ငံခြားကျောင်းသားရေးရာက ဒါရိုက်တာနှင့် အခြားလူ အချို့၊ နောက် ကျောင်းအုပ်တစ်ယောက်နှင့် သူ့ဇနီး၊ အခြား ဖိတ်ကြားခံရတဲ့ လူတွေလာကြပါတယ်။ မွန်ဘိုင်း တက္ကသိုလ်မှာ ကျောင်းသား ငါးသိန်းခွဲ ရှိတယ် ဆိုတာနှင့် ဘယ်နှစ်က ယဉ်ကျေးမှုရေးရာ စသည်မှာ ဆုရတယ် စတာတွေကို အဲဒီ principle က ပြောသွားတယ်။ နောက် ဟိုလူ နည်းနည်း ဒီလူ နည်းနည်း စကားပြောကြတယ်။

ပြီးတော့ ရိုးရာ တီးဝိုင်းနှင့် ဧည့်ခံပါတယ်။ အိန္ဒယကျောင်းသား ကျောင်းသူ အချို့၊ ပွဲလာ အချို့ကတော့ ကလိုက်ကြတာ။ ကင်ညာနှင့် ဆူဒန်ကျောင်းသားတွေလဲ ကကြပေမဲ့ ခဏခဏ ပြောင်းပြောင်းသွားတဲ့ က-ကွက်ကို မသိလို့နှင့် တူပါတယ်။ ကလိုက် ရပ်လိုက်ပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ပုံ မတွေ့ရတဲ့ အပြင် မဝန့်မရဲဟန်က ပိုပေါ်လွင်နေတယ်။ ကျောင်းသားသစ်တွေမို့ ထင်ပါရဲ့။ အိန္ဒယကျောင်းသားတွေက ခဏခဏ လာလာ ဆွဲခေါ်ကြပေမဲ့ ရဲရဲတင်းတင်း ကကြတာ မတွေ့ရပါဘူး။ 

နောက် ကျောင်းသူတစ်ချို့က ဗီယက်နမ်ဘုန်းကြီး တစ်ပါးကို ဘုန်းကြီးမှန်း မသိလို့ က-ဖို့ လာဆွဲခေါ်ကြလို့ အတော် ရီလိုက်ရသေးတယ်။ အဲဒီ ဘုန်းကြီးခမျာ Oh my God လို့ ငြီးငြူပြီး အတင်း ရုန်းကန် ငြင်းဆန်ရှာတယ်။ ဟုတ်တာပေါ့။ သူတို့ ဝတ်ရုံ (သင်္ကန်း)က လူဝတ်စုံ တစ်မျိုးအတိုင်းပဲပေကိုး။ သိမထားရင် တိုင်းရင်းသား တစ်မျိုး၊ ဒါမှ မဟုတ် နိုင်ငံခြားသား တိုင်းပြည်က ရိုးရာ အဝတ်လို့ပဲ ထင်မှာပေါ့။ 

ဒို့ကိုတော့ က-ဖို့ ဘယ်သူမှ လာဆွဲ မခေါ်ကြပါဘူး။ အန္ဒိယမှာ သာသနာ လုံးဝကွယ်မလောက် ဖြစ်သွားခဲ့ပေမဲ့ မဟာရဋ္ဌ ပြည်နယ်မှာတော့ ဒေါက်တာ အမ်ဘေဒကာရ် (Ambedkar) ရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တွေ ရှိနေသလို သိလဲ သိကြပါတယ်။ကြီးကျယ် ထင်ရှားခြင်း သိပ် မရှိလှပေမဲ့ ဘုံဘေမှာ ကျောင်းလေးတွေ တစ်သောင်းလောက် ရှိတယ်ဆိုပဲ။ (စာရင်း အတိအကျ မဟုတ်ပါ။)


ဒေဝါလီ အချိုပွဲ ပြင်ဆင်နေကြစဉ်

နောက်တော့ လက်ဖက်ရည်နှင့် ဒေဝါလီ အချိုပွဲ သွားရည်စာ ကျွေးမွေး ဧည့်ခံ၊ မီးရှူးမီးပန်းတွေ ထွန်းညှိ ပစ်ဖောက်ကြပြီး ပွဲတော်ကို အဆုံးသတ်လိုက်ကြပါတယ်။ ရိုးရိုးသားသား ဝန်ခံရရင် ပွဲစီစဉ်တာကတော့ ညံ့ပါတယ်။ ဒါပေမဲ့ မိဝေး ဖဝေးဖြစ်နေတဲ့ ကျောင်းသားတွေကို ထည့်သွင်း စဉ်းစားပြီး ဖိတ်ကြားတဲ့ စေတနာကတော့ မြင့်မြတ် ကောင်းမွန်ပါတယ်။
 

ဒေဝါလီပွဲတော်မှာ တစ်မြို့လုံး မီးတွေ ထိန်ထိန်လင်းနေတယ်။ အိမ်တိုင်း အဆောင်တိုင်းနှင့် တစ်ချို့ သစ်ပင် ပန်းပင်တွေမှာ ရောင်စုံမီးတွေ လှပ နုယဉ်နေအောင် ထွန်းထားတာ မြင်မိတော့ အမိ မြန်မာပြည်ကို သတိယမိတယ်။ ကောင်းတာလေးတွေ ခံစားရတဲ့ အခါမှာ ကိုယ် ချစ်မြတ်နိုးသူတွေကို အရင် သတိယတတ်ကြတာ ဓမ္မတာပါပဲလို့ (သီလက္ခန္ဓအဋ္ဌကထာမှာ) ဖတ်ရဖူးပါတယ်။ မြေကြီးက ရွှေသီးပြီး၊ စပါးတောင်လိုပုံ၊ ဆီကို ရေချိုးဖြစ်ခဲ့တဲ့ တိုင်းပြည်မှာ အစစ အရာရာ ဆင်းရဲမွဲတေသွားပြီး ရန်ကုန်၊ မန္တလေးလို မြို့တော်ကြီးတွေမှာတောင် လျက်စစ်မီး မရနိုင်ဖြစ်နေကြကို ယှဉ်ပြီး သတိယမိလို့ အတော်ဝမ်းနည်းမိပါတယ်။ မကြာသေးခင်က ပြီးသွားတဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်မှာ လှလှပပမှ ဖြစ်ခဲ့ပါလေစ။
 
နောက် ဒေဝါလီ ပွဲတော် တစ်ခု
၀၇၊ ၁၁၊ ၂၀၁၀ နေ့မှာလဲ ဒေဝါလီပွဲတော် တစ်ခု တက်ဖို့ ဖိတ်ကြားပြန်ပါတယ်။ ပွဲတော်က မွန်းဘိုင်း တက္ကသိုလ်ဝင်းထဲမှာပါ။ အမှန်ဝန်ခံရရင် အဲဒီနေ့က ကမ္ဘာကျော် မျက်လှည့်ပြပွဲ ရှိနေတာကြောင့် ဒီပွဲကို သိပ် မသွားချင်ပါဘူး။ မျက်လှည့်ပွဲကို ရုပ်သံ သို့မဟုတ် အင်တာနက်ကနေ တစ်နေကုန် အားရပါးရ ထိုင်စောင့်ကြည့်ချင်တယ်။ ဘာတွေ သိရ၊ မြင်ရ၊ ကြားရမလဲပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ ကျမ်းကြီးကြပ်ရေးမှူး ကိုယ်တိုင် နှစ်ခါတောင် ဖိတ်တာမို့ သွားတော့ သွားရပါတယ်။ ဒဿနိကဗေဒဌာနက ကျင်းပတာလို့ နာမည်ခံပေမဲ့ ဆရာမ မိသားစုကပဲ ဦးစီးကျင်းပပေးတာပါ။ သူရယ်၊ သူ့ခင်ပွန်းရယ်၊ သူ့သမီးရယ် အစ အဆုံး နောက်ကွယ်ကနေ ကြိုးစား ပမ်းစားလုပ်ကိုင် ဆောင်ရွက်နေတာကို တွေ့မိပါတယ်။ 


လူသားများရဲ့ ဖျက်ဆီးခြင်း ခံနေရတဲ့ မိခင် ကမ္ဘာမြေကြီုးရဲ့ အဖြစ်ကို ပုံဖော်နေစဉ်

Dhamma wisdom လို့ နာမည်ပေးထားမိတော့ (ခေါင်းစီးကို ငဲ့နေရလို့) ပွဲအကြောင်း၊ ကိုယ့်တွေ့ကြုံနှင့် ခံစားရတာလေးတွေကို သိပ်မရေးဖြစ်ဘူး။ ဒီတော့ မြန်မာပြည်က ဗီဒီယိုခွေတွေ ကြည့်ကြသူတွေလို အစကို ကျော်လိုက်ကြတာပေါ့။ အဲဒီတင်ဆက်မှုတွေထဲက တစ်ခုက လူသားတွေ ဖျက်ဆီခံရလို့ အတော်ကို ပုံပျက် ပန်းပျက် ဖြစ်နေတဲ့ မိခင် ကမ္ဘာမြေကြီးပုံကို သရုပ်ဖော် တင်ပြတာကိုတော့ အတော် သဘောကျမိပါတယ်။ 

လူသားတွေရဲ့ နည်းမျိုးစုံနှင့် ဖျက်ဆီးတာကို ခံနေရတာများတော့ ကမ္ဘာမြေကြီးက ဖြစ်ချင်ရာ ဖြစ်စေတော့ရယ်လို့ လျစ်လျှူရှုတော့မယ်တဲ့။ အဲဒါကို သိတော့မှ လူသားတွေ (လူမျိုးစုံ၊ အရွယ်စုံက လျစ်လျှူမရှုဖို့၊ ကမ္ဘာမြေကို ဂရုတစ်စိုက် ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ဝိုင်းပြီး ဂတိပြု တောင်းပန်ကြပါတယ်။ ကမ္ဘာကြီးက ပြောတိုင်း မယုံပါဘူး။ “ဘာ!!!။ ဂတိစကား၊ ဟုတ်လား။ မင်းတို့ ဂတိပေးခဲ့တဲ့ အကြိမ်တွေ သိပ်များနေပြီ။ တစ်ခါမှ ဂတိမတည်ဖူးဘူး” တဲ့။ ကမ္ဘာကြီးက ပြန်ပြောတာလေ။ ကလေးတွေ အများစုက တင်ဆက်တာ ဆိုပေမဲ့ အိုက်ဒီယာကိုတော့ အရမ်းကို ကြိုက်ပါတယ်။ အရမ်း အရေးကြီးပြီး လက်ရှိ ဖြစ်ပျက်နေတာကို မီးမောင်းထိုး တင်ပြထားတာလေးပါ။ လက်ရှိ အခြေအနေကို ကွက်တိ ထင်ဟပ်စေပါတယ်။

မျက်လှည့်ပြကွက်များဖြင့် ဧည့်ခံတင်ဆက်နေသည့် ဆယ်နှစ်အရွယ် သမီးလေး

မျက်လှည့်ပွဲ ကြည့်ချင်နေတဲ့ ဆန္ဒက သိပ်ကြီးမားနေလို့လားတော့ မသိပါဘူး။ ဒီပွဲမှာလဲ မျက်လှည့်ပွဲ ပါလာပါတယ်။ မျက်လှည့်ဆရာက ဆယ်နှစ်သမီးလေးပါ။ သူလေးရဲ့ ပြကွက်တွေကို အင်္ဂလိပ်လိုပဲ ရှင်းလင်း ပြောဆိုတင်ဆက်သွားတာ ပရိတ်သတ်က လက်ခုပ်သံ တဝေါဝေါနှင့် အားပေးပါတယ်။ 


ပြကွက်တွေက သိပ် အမြင့်ကြီး၊ အဆန်းကြီး မဟုတ်ပေမဲ့ အရွယ်နှင့် စာလိုက်ရင် အရမ်းကောင်းတာကြောင့် ပရိတ်သတ်ကြီးရဲ့ စိတ်ဝင်စားမှု၊ မေတ္တာနှင့် အားပေးမှုတွေကို အားလုံး သိမ်းကြုံး ထွေးပိုက်သွားနိုင်တာ တွေ့ရပါတယ်။ ပြကွက်တွေက များလဲများ၊ ကောင်းလဲကောင်းပေမဲ့ ခမောက်ကို ခြင်္သေ့ဖြစ်အောင် လုပ်တာတို့၊ ကျားဖြူကြီးကို ခြင်္သေ့ဖြစ်အောင် လုပ်တာမျိုးတို့တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ကလေးမို့ ထင်ပါတယ်။ အင်း ... မတတ်အပ် မတတ်သင့်တာတွေတော့ မတတ်တာပဲ ကောင်းပါတယ်လေ။ လူကြီးဖြစ်လာလဲ မလုပ်တတ်ပါစေနှင့်လို့ ဆုတောင်းပေးရမှာပါပဲ။

နောက်ဆုံး အစီအစဉ်ကတော့ လာရောက်ကြသူတွေကို ညစာနှင့် ရေခဲမုန့်တို့နှင့် ဧည့်ခံပါတယ်။ ချောင်ကျကျ နေရာလေးမှာ ထိုင်ပြီး ရေခဲမုန့်စားနေပါတယ်။ ကလေးမလေး တစ်သိုက် အနားလာထိုင်ပြီး စားကြတယ်။ 

ခဏနေတော့ လူသုံးယောက်က ဦးထုပ်ဖြူလေး လိုက်ဆောင်းပေးပြီး စာအုပ် တစ်အုပ် လက်ဆောင် ပေးနေတာကို လှမ်းမြင်ရတယ်။ နောက်ဆုံးတော့ သူတို့တွေ ကိုယ့်ဆီ ရောက်လာပါလေရော။ သင်္ကန်း သေချာရုံပြီး ထိုင်နေတဲ့ ဒို့ကိုလဲ အဲဒီ ဦးထုပ် ဆောင်းပေးမယ် လုပ်လို့ ဒို့က “တောင်းပန်ပါတယ်။ ဘုန်းကြီးမို့ မဆောင်းပါရစေနှင်”့လို့ ပြောလိုက်တယ်။ သူက “(မဟတ္တမ) ဂန္ဓီကြီး ဦးထုပ်မို့ပါ။ ဆောင်ပြီးပြီးချင် ချွတ်ပစ် လို့ ရပါတယ်။ ဆောင်းပေးပါရစေ” လို့ အတင်းပြောနေတာနဲ့ ကိုယ်လဲ ပြန်မပြောတော့ဘူး။ သူကလဲ ဆောင်းဖြစ်အောင်ကို ဆောင်းပေးသွားတာ။ လူဖြင့် ငိုရမလို ရယ်ရမလို ရှိလိုက်တာ။ ဒါနှင့် မထူးပါဘူး ဆိုပြီး အနားလာထိုင်စားနေတဲ့ ကလေးမ ပေါက်စိကွေးလေး တစ်သိုက်ကို ပြောလိုက်တယ်။ “အခု ငါက ဂန္ဓီကြီး ဖြစ်သွားပြီး။ မင်းတို့က သူ့ရဲ့ မြေး မြစ်တွေပေါ့။ ငါ မင်းတို့နှင့်အတူ ဓာတ်ပုံ ရိုက်လို့ ရမလား” ဆိုတော့ သူတို့က “ရပါတယ်”လို့ ပြုံးပြီး ပြောကြတယ်။ ဒါကြောင့်  သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး ဂန္ဓီကြီးဦးထုပ်နှင့် ဓာတ်ပုံ ရိုက်လိုက်သေးတယ်။ ပြီးတာနှင့် ဆွဲချွတ်ပစ်လိုက်ရတော့တယ်။

အခု ဒီနေရာမှာသာ အဲဒီပုံကို တင်လိုက်ရလို့ကတော့ စာဖတ်နေတဲ့ ဒကာ/ ဒကာမတွေ ဘုန်းဉာဏ်ကို စိတ်ပဲ အဆိုးကြီး ဆိုးကြမလား၊ အူတက်အောင်ပဲ ရယ်ကြမလား မသိတော့ပါဘူး။ ဒါပေမဲ့ လက်ဆောင်ပေးတဲ့ ဂန္ဓီကြီးရဲ့ An Autobiography or The Story of My Experiments with Truth စာအုပ်ကတော့ အသိ အလိမ္မာ ပွားမှာ သေချာပါတယ်။

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

Oct 19, 2010

သီတင်းကျွတ်ပွဲတော်နှင့် ကောင်းမြတ်တဲ့ အစဉ်အလာ

ဆယ့်နှစ်လရာသီ တစ်ခုလုံးကို ပွဲတော် အသီးသီးနှင့် တန်းဆာ ဆင်ထားတဲ့ မြန်မာတို့ ရိုးရာလေးက ချစ်စရာ၊ မြတ်နိုး စရာလေးပါ။ သေချာ စဉ်းစားကြည့်ရင် အဲဒီထဲမှာ ချစ်မြတ်နိုးစရာ အကောင်းဆုံးက သီတင်းကျွတ်လ မီးထွန်းပွဲ လို့ ထင်မိတယ်။

“သီတင်းကျွတ်လ ဆီးမီးထွန်းပွဲ” ဆိုတာလေးကို ကလေးငယ် ဘဝကတည်းက သိကြ၊ နှုတ်ကျိုး နေကြပါတယ်။ “သီတင်းကျွတ်လ မီးထွန်းပွဲ” ဆိုတဲ့ အတိုင်းပဲ ဒီပွဲတော်မှာ မီးတွေ ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး သုံးရက်ကြာ ထွန်းကြပါတယ်။ လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက် ညတွေမှာပေါ့။ 

အိမ်တွေမှာဆို ဘုရာစင်ကို စိတ်ကြိုက် တန်းဆာဆင်ကာ ထွန်းညှိတတ်ကြတယ်။ အိမ် ဝရံတာ စတဲ့ နေရာမျိုးတွေမှာလဲ မီးဆိုင်း၊ မီးပုံး ရောင်စုံလေးတွေကို ချိတ်ဆွဲ ထွန်းကြတယ်။ ဒါတင် မကသေးဘူး။ စေတီ ပုထိုးတွေ၊ လမ်းတွေနှင့် ဘာသာရေး အဆောက်အဦတွေ၊ ရွေးချယ် သတ်မှတ်ထားတဲ့ နေရာတွေမှာလဲ အရောင် အသွေးစုံ မီးလုံးလှလှလေးတွေ ဝေနေအောင် တပ်ဆင် ချိတ်ဆွဲကြကာ ထွန်းညှိကြပြန်တယ်။ ဒါကြောင့်လဲ မီးထွန်းထားတာတွေကို မိသားစုလိုက် လိုက်ကြည့်ကြတယ်။ လှပတဲ့ မီးရောင်းအောက်မှာ အလွန်တရာ သပ္ပါယ်လှတဲ့ ဘုရား စေတီတွေကိုလဲ မိသားစုလိုက် လိုက်လံ ဖူးကြတယ်။ အဲဒီလို ဘုရားဖူးရ၊ လှည့်ပတ် ကြည့်ရှုရတာတွေကိုက စိတ်ကို ရွှင်လန်း အေးမြ အပျော်တွေ ရစေတာပါ။

တကယ်တော့ မီးထွန်းတာဟာ အလှအပသက်သက်အတွက် ထွန်းတာ မဟုတ်ပါဘူး။ မီးထွန်းပွဲမှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ပါဝင်ပါတယ်။

မယ်တော် ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားအမှုးရှိတဲ့ နတ် ဗြဟ္မာ အပေါင်းကို ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားရာက ပြန်ကြွလာတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကို လူတွေက ဆီးမီးတွေ၊ အမွေးတိုင်တွေ ထွန်းညှိ ပူဇော်ပြီး ကြိုဆိုခဲ့ကြတယ်တဲ့။ အဲဒါကို အတုယူ အစဉ်လိုက်ပြီး အထိမ်းအမှတ် အနေနဲ့ မီးတွေကို လှလှ ပပ ပြင်ဆင်ကြပြီး ဘုရားရှင်ကို ရည်မှန်း ပူဇော်ကြရာက မီးထွန်းပွဲတော် ဆိုတာ ဖြစ်လာခဲ့ဟန် တူပါတယ်။

နောက်တစ်ခုကတော့ ဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရား ဟောကြားတော်မူပြီး ကျေးဇူးဆပ်တယ် ဆိုတဲ့ အစဉ်အလာပါ။ ပဋိသန္ဓေတည်နေပြီလို့ သိသည့် အချိန်မှသည် လူတစ်လုံး သူတစ်လုံး ဖြစ်လာသည်အထိ စောက်ရှောက် ကျွေးမွေးလာတဲ့ မိဘတွေဟာ သားသမီးတွေ အတွက် တုနှိုင်းမမီတဲ့ အနန္တကျေးဇူးရှင်တွေပါ။ အဲဒီ ကျေးဇူးတွေကို သားသမီးတွေ အနေနှင့် မိဘတွေ လိုအပ်တဲ့ အချိန်မှာ ပြန်လည် ပေးဆပ်ဖို့ လိုတယ်လေ။ မဆပ်နိုင်သည့်တိုင်အောင် သိနေဖို့၊ အစဉ်သတိယနေဖို့တော့ လိုအပ်တယ် မဟုတ်လား။ ဒါကြောင့် ဒီပွဲတော်ဟာ မိဘတွေရဲ့ ကျေးဇူးတရားတွေကို သိရှိ အောက်မေ့စေတဲ့ပွဲ၊ ကျေးဇူးဆပ်တဲ့ပွဲ ဆိုလည်း မမှားဘူးပေါ့။

ဒါကြောင့်မို့ သီတင်းကျွတ် ကာလမှာ ဖေဖေ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦး ဒေါ်ဒေါ် စတဲ့ မိဘ ဆွေမျိုးတွေကို တင့်တယ် လှပတဲ့ လက်ဆောင် ပစ္စည်းတွေနဲ့ လှည့်လည် ကန်တော့ကြတဲ့ ဓလေ့လေး ရှိတာ ထင်ပါရဲ့။ အဝေးရောက်နေရင်လဲ လက်ဆောင်တစ်ခုခု ပေးပို့ပြီး ကန်တော့တတ်ကြတယ်။ ဒီအစဉ်အလာက ပွဲတော်မို့ လက်ဆောင်ပေးတာ သက်သက်ထက် အဓိပ္ပါယ် ပိုပါတယ်။ အတူ ယှဉ်တွဲ ဆက်ဆံ ပေါင်းသင်းနေကြတဲ့ လူတွေဆိုတော့ လောဘ၊ ဒေါသ၊ မောဟရဲ့ အထူ အပါးအလျှောက် ပြောမှားဆိုမှားတာတွေ၊ စိတ်နှင့် ပြစ်မှားမိတာတွေက အနားနှင့် အများတော့ ရှိတတ်ကြပါတယ်။ ဒါမှ မဟုတ်ရင်လဲ သံသယဖြစ်တတ်ကြပါတယ်။ အဲဒီလို နည်းနှင့် ကိုယ့်ထက် အသက် ဂုဏ်ဝါ ကြီးတဲ့ သူတွေကို ပြစ်မှားမိရင် ခွင့်လွှတ် ကျေအေးဖို့ တောင်းပန် ကန့်တော့ကြတာပါ။ 

လူငယ်ကသာ မဟုတ်ပါဘူး။ လူကြီးတွေဟာလဲ အလားတူ ပြစ်မှား မိတတ်ကြတာပါပဲ။ ဒါကြာင့်မို့ ကန်တော့ခံကြတဲ့  လူကြီးတွေကိုယ်တိုင်ကလဲ သူတို့တွေ အကယ်လို့ ပြောမှား ဆိုမှား ပြုမိမှား ရှိခဲ့ကြရင်လဲ ခွင့်လွှတ်ကြပါလို့ လူငယ်တွေကို  ပြန်ပြီး တောင်းပန်ကြလေ့ ရှိကြတာပါ။ 

စိတ်ထား နူးညံ့ သိမ်မွေ့တဲ့၊ ရိုးရာ အစဉ်အလာလဲ ကောင်းခဲ့၊ ထိမ်းလဲ ထိမ်းသိမ်းတဲ့ အိမ်တွေမှာဆို မိဘတွေကို မိသားစုဝင်တွေအားလုံး စုံစုံ ညီညီ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုး ကန်တော့တဲ့ ဓလေ့ ရှိတတ်ကြတယ်။ တစ်ချို့ဆို အစ်ကိုကြီး အမကြီးတွေကိုတောင် အစဉ်လိုက် ကန့်တော့တတ်ကြသေးတယ်။ သြော် တကယ်လဲ ကြည်နူးရတဲ့ ကာလနှင့် ဓလေ့လေးပါပဲနော်။ 

လူသားတွေသာ မကပါဘူး။ သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတော်ကြီးတွေလဲ “ပဝါရဏာ ကံ” ပြုကြပါတယ်။  

ပဝါရဏာ ဆိုတာက “ဖိတ်မံတက ပြုခြင်း (invitation) လို့ အဓိပ္ပါယ် ရပါတယ်။ ဝါကျွတ်တဲ့ အဆုံးမှာ လုပ်တဲ့ ပွဲတစ်ပွဲလို့ ဆိုလို့ ရကောင်းပါတယ်။ ပွဲဆိုလို့ တီးတာ၊ မှုတ်တာ၊ ကတာ၊ ခုန်တာမျိုးတွေ လုပ်တဲ့ ဒါမှမဟုတ် အဲဒါမျိုးတွေ ရောယှက်ထားတဲ့ ပွဲတော့ မဟုတ်ပါဘူး။ နယ်ပယ် အလိုက် ဆိုင်ရာ ဆိုင်ရာ သံဃာတော်များ အားလုံး စုစည်းပြီး ဖိတ်မံသမှု ပြုရတဲ့ ပွဲပါ။  

ရဟန်းဖြစ်စေဦးတော့၊ လူဆိုတာ တစ်ယောက်တည်း နေတဲ့အမျိုး မဟုတ်ပါဘူး။ အများနှင့် နေပြန်တော့လဲ ပြဿနာဆိုတာ အနည်းနှင့် အများတော့ ဖြစ်တတ်တယ်လေ။ သိတယ်မဟုတ်လား။ လူဆိုတဲ့ အမျိုးက တစ်ယောက်ထဲ နေတာတောင် သူ့စိတ်နှင့်သူ ရှေးစိတ်နှင့် နောက်စိတ် တည့်ချင်မှ တည့်တတ်တာမျိုးပါ။ အများနှင့် ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။  

ဒီတော့ ညီညွတ်အောင် စကားမပြောပဲ နေမယ်ဆိုတော့လဲ မဖြစ်ပါဘူး။ လူ့သဘာဝနှင့်လဲ ဆန့်ကျင်ပါတယ်။ ဒါကြောင့်လဲ ညီညီ ညွတ်ညွတ် နေစေဦးတော့၊ စကားမပြောပဲ ညီညွတ်အောင် နေတာမျိုး၊ လိုအပ်တာလောက်ပဲ လက်ဟန် ခြေဟန်နှင့် စကားပြောတာမျိးက အကောင်းဆုံး နေခြင်းမျိုး မဟုတ်ပါဘူး။ ဘုရားရှင်ကလဲ မကြိုက်ပါဘူး။ ကဲ့ရဲ့တော်မူပါတယ်။ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား နေတာတောင် စကား မပြောပဲ နေကြလို့ “နွား၊ ဆိတ်၊ ရန်သူတို့ရဲ့ နေခြင်းမျိုးနှင့် နေကြတယ်” လို့ ခိုင်းနှိုင်းပြီး ကဲ့ရဲ့တော်မူခဲ့တာပါ။   

ပြောစရာ ရှိတာ ပြော၊ လုပ်စရာ ရှိတာ၊ လုပ်သင့်တာ လုပ်ရမှာပါ။ ဒီလို ပြောဆို လုပ်ကိုင်ပြန်တော့ အမှားအယွင်းတွေက ကြုံကြရ၊ ကြားကြရ ပြန်ပါတယ်။ ဒါမှမဟုတ် သံသယ ဖြစ်လာကြရပါတယ်။ ရလာဒ်ကတော့ အနည်းနှင့် အများ စိတ်ဝမ်းကွဲကြရတယ်။ မမေးနိုင် မခေါ်နိုင်တွေ ဖြစ်ကြရတယ်။ ရန်သူတွေ ဖြစ်ကုန်ကြတယ်။ ဒီတော့ အတူနေသူ အားလုံး အပြန်အလှန် နားလည်ဖို့၊ အပြစ်ရှိရင် တောင်းပန်ဖို့နှင့် ကျန်တဲ့သူတွေကလဲ ကျေအေး ခွင့်လွတ်ဖို့ လိုပါတယ်။ အဲဒီတော့ အချင်းချင်း ပွင့်ပွင့် လင်းလင်း ဖိတ်ကြားထားဖို့ လိုတာပေါ့။  

ရဟန်းတော်တို့ရဲ့ ဝိနည်းမှာတော့ ဖိတ်ကြားမှုကို (၁) အချင်းချင်း လိုက်လျောစေ (ညီညွတ်စေ)ရန်၊ (၂) အာပတ်မှ ထမြောက်စေရန်၊ (၃) ဝိနည်းကို ရှေးရှုစေရန်ဆိုတဲ့ ရည်ရွယ်ချက် သုံးမျိုးနှင့် လုပ်တာပါ။

ဖိတ်ကြားပုံကတော့ ပါဠိလို “သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ” လို့ သုံးကြိမ် လျှောက်ကြား ဖိတ်မံရတာ ဖြစ်ပါတယ်။ “အရှင်ဘုရား (တို့)၊ သံဃာတော်ကို တပည့်တော် ဖိတ်ကြားပါတယ်။ မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်းများ ရှိခဲ့ပါလျှင် တပည့်တော်ကို သနားသဖြင့် ပြောဆိုကြပါ။ အပြစ်ကို မြင်လျှင် ကုစားပါမယ်ဘုရား” လို့ အဓိပ္ပါယ် ရပါတယ်။

ဒါကို အတုယူပြီး မိဘ ဘိုးဘွား စတဲ့သူတွေကို ရှိခိုးပြီး တောင်းပန်ကြတဲ့ ဓလေ့ ဖြစ်လာလေသလားလို့ စဉ်းစားမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ဒီဓလေ့လေးက အရမ်းကို ကောင်းတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လဲ လူမှုအသိုင်းအဝန်းမှာ ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့စေချင်ပါတယ်။  

ဘယ်အသိုင်းအဝန်းမှာပဲ ဖြစ်ဖြစ်၊ ဘုံရည်မှန်းချက် ရှိမယ်။ အဲဒီ ရည်မှန်းချက် ပန်းတိုင်ကို တစ်စိတ်တည်း တစ်ဝမ်းတည်း အတူ လက်တွဲ လုပ်ဆောင်ကာ နေကြမယ်။ ချီတက်ကြမယ်။ ဘယ်သူမှ လောဘ၊ ဒေါသ၊ မောဟကို အခြေမခံကြစတမ်းပေါ့။ အရပ်ပြောပြောတော့ အားလုံး မညစ်ပတ်ကြစတမ်း။ လုံးဝ ရိုးသား ဖြူစင်မှုကို အခြေခံရမယ်ပေါ့။  

ဒါထဲကမှ အမှားလုပ်မိတာကို မြင်လို့ပဲ ဖြစ်ဖြစ်၊ ကြားလို့ပဲ ဖြစ်ဖြစ်၊ သံသယရှိရင်ပဲ ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းပေါ့။ ပွင့်ပွင့်လင်းလင်း ပြော ဆိုပေမဲ့ အကျိုးလိုလားစိတ်နှင့် ပြောဆိုရမှာပါ။ အဲဒီလို ပြောလာရင် လက်ခံပြီး ပြင်ပါ့မယ်လို့ ဖိတ်ကြားရမှာပါ။ အဖွဲ့ဝင် အားလုံး ဒီလို စိတ်နှင့်ချည်း နေကြရင် ညီညွတ်မယ်။ ညီညွတ်ရင် ချမ်းသာမယ်။ ချမ်းသာရင် အလုပ်ကို အာရုံစိုက်ပြီး လုပ်နိုင်မယ်။ အဲဒီလို လုပ်နိုင်ရင် ရည်မှန်းချက် ပန်းတိုင်ကို ချမ်းချမ်းသာသာ ချောချော မွေ့မွေ့နှင့် ရောက်မယ်ဆိုတာကြီးက အသေအချာကြီးပါ။  

မိသားစု တစ်ခုထဲမှာတောင် တစ်ယောက်နှင့် တစ်ယောက် အထင် လွဲတတ်ကြတယ်။ မိဘတွေက အစိုးရိမ် လွန်ပြီး ဒေါသတွေ ပေါက်ကွဲ၊ လိုအပ်တာထက် ပိုပြီး ပြောဆိုမိ ဆုံးမမိတတ်တယ်။ သားသမီးတွေက မိဘ စကားကို နားမထောင်၊ မလိုက်နာတာမျိုး၊ မကြားချင် မမြင်ချင်ယောင်ဆောင်တာမျိုး စတဲ့ တစ်ခုခုနှင့် ပြစ်မှား မိတတ်တယ်။ အပြန်အလှန် အထင်လွဲတာ၊ စိတ်ကောက်တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြစ်မှား ပြောဆိုမိတာတွေ ရှိတတ်ကြပါတယ်။ ဒါကလဲ လူ့သဘာဝလိုပါပဲ။ ဒါတွေကို ဖုံးကွယ် မထားပဲ ပြောဆိုဖို့ ဖိတ်တယ် ဆိုတာ အင်မတန်မှ လေးနက် သိမ့်မွေ့ပြီး ချစ် မြတ်နိုးဖွယ်ရာပါ။  

မိဘနှင့် သားသမီးသာမက၊ ဆရာနှင့် တပည့်၊ ခင်ပွန်းနှင့် ဇနီးသည်၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းနှင့် အိမ်နီးနားခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဆရာနှင့် ဒကာ၊ ပြည်သူနှင့် အစိုးရ စတဲ့စတဲ့ အချင်းချင်း ဆက်စပ် ပတ်သက်နေတဲ့ အသိုက်အဝန်းအားလုံးဟာ အတူတူပါပဲ။ တကယ် မှားတာတွေ ရှိမယ်။ အမှားလုပ်တယ်လို့ မြင်တာ၊ ကြားတာ၊ သံသယဖြစ်တာတွေ ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ စေတနာဆိုးနှင့် မှားတာ မဟုတ်ရင် အပြုပြင် ခံနိုင်၊ ဝေဖန် ထောက်ပြ အကြံဥာဏ် ပေးတာကို ခံနိုင်ရမှာပေါ့။ အပြန် အလှန် တောင်းပန်၊ ကျေနပ် ခွင့်လွှတ် လက်ခံနိုင်ရင် အကောင်းဆုံးပါ။   

ဒီလိုသာဆိုရင် တကယ့် စိတ်ချမ်းမြေ့စရာ အကောင်းဆုံး၊ ပျော်စရာ အကောင်းဆုံး အသိုက်အဝန်း ဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် အချင်းချင်း အပြစ်ကို ဖိတ်မံ၊ လက်ခံ၊ ကျေအေးကြတဲ့ ဓလေ့လေး လူမှု အသိုင်းအဝန်းမှာ ဆထက်ကဲပို ထွန်းကားလာစေချင်တယ်။ ထွန်းကားလာပါစေလို့ အလေးအနက် ဆန္ဒပြုလိုက်ရပါတယ်။ 

အားလုံး ပျော်ရွင် ချမ်းမြေ့ကြပါစေ။ 

ဘုန်းဥာဏ် 
Mumbai, India 
19/10/2010

Oct 8, 2010

ဗုဒ္ဓဘာသာဝင် ဟောလိဝုဒ် မင်းသား နှစ်ယောက်

How to Develop Happiness in Daily Life, Features & Interviews with Buddhist Celebrities စာအုပ်ကို ဖတ်မိတော့ ရုပ်ရှင်မင်းသား ဂျက် လီ ရဲ့ “Our Actions Determine Our Destiny” ဆိုတဲ့ အင်တာဗျူးကို တွေ့ရတယ်။ ကြိုက်လဲ ကြိုက်ပါတယ်။ ဒါကြောင့် “ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ” ဆိုတဲ့ ခေါင်းစီးနှင့်  ဘာသာပြန်ပြီး ဘလော့ဂ်လေးပေါ် တင်ခဲ့တယ်။ နောက်တော့ ဂျနီဖာ လိုပက်ဇ် အကြောင်း သတင်းတိုလေးကို ဘာသာပြန် တင်ခဲ့ပြန်ပါတယ်။

အဲဒီစာအုပ်ထဲကပဲ အော်လန်ဒို နှင့် လီယိုနာဒို ဒီကာပရီယို တို့ သတင်းတိုလေးကို ဘာသာပြန်ခဲ့ပေမဲ့ ပို့စ် မတင်ဖြစ်ခဲ့ဘူး။ သတင်းဖြစ်ခဲ့တာလဲ ကြာခဲ့ပြီဆိုတော့ လူတိုင်းလောက် သိပြီးဖြစ်မှာကိုး။ ကိုယ်ကသာ ဘုန်းကြီးမို့ စာအုပ်ဖတ်မိမှ သိရတာ။ ကိုယ့်နယ်ပယ်လဲ မဟုတ်ဘူးလေ။ နောက်တစ်ချက်က ဂျက် လီရဲ့ အင်တာဗျူးလို မှတ်သားစရာလဲ မပါလှဘူး။ 

ဒါပေမဲ့ အခုတော့ အတွေးတစ်မျိုးကြောင့် နဲနဲ ဖြည့်စွက်ပြီး သူတို့ အကြောင်းကို တင်ပေးလိုက်ပါတယ်။

အော်လန်ဒို (Orlando Jonathan Blanchard Bloom) ကို ယူကေနိုင်ငံမှာ ၁၉၇၇ ခုမှာ မွေးပါတယ်။ သူဟာ နာမည်ကျော်ကြား ဗုဒ္ဓဘာသာဝင်များ စာရင်းမှာ ပါပါတယ်။ သူဟာ အသက် ၁၉ နှစ်ရွယ်မှာ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တယ်။ ဘယ်လို ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တယ် ဆိုတာတော့ စာရေးသူ မသိပါဘူး။ 

သူကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဟာ Nichiren Buddhim ပါ။ Nichiren Buddhism ဆိုတာ ဂျပန်ပြည်မှာ ၁၃ ရာစုက ပေါ်ပေါက်လာခဲ့တဲ့ မဟာယာန ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတစ်ခုပေါ့။ ဂျပန်ဘုန်းတော်ကြီး Nichiren ရဲ့ ဟောကြားချက်တွေပေါ်မှာ အခြေခံထားတဲ့ ဂိုဏ်းခွဲတစ်ခုလို့ ဆိုပါတယ်။ Nichire ဂိုဏ်းကပဲ ထပ်ဆင့်ဂိုဏ်းကွဲတွေလဲ ပေါ်ပေါက်ခဲ့ပါတယ်။ ဂျပန်မှာလဲ ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတွေက အများကြီးပါ။ အဲဒီဂိုဏ်းဟာ ပြည်တွင်းမှာလဲ ကိုးကွယ်သူတွေ ပေါသလို အမေရိကအပါအဝင် နိုင်ငံအတော်များများမှာလဲ ပြန့်နှံ့နေတယ်လို့ သိရပါတယ်။ 

 စာရေးသူ မာစတာတန်း တက်ခဲ့စဉ်က ယူခဲ့တဲ့ ဘာသာရပ်တွေထဲမှာ တစ်ခုက Comtemporary Schools of Buddhist Thought in Japan  ပါပဲ။ ဒါကြောင့် အဲဒီဂိုဏ်းအကြောင်း အတော်အတန် သိပါတယ်။ ဒါပေမဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အတွက် သိပ်အကျိုးရှိမယ်လို့ မထင်လို့ ဒီမှာ မရေးတော့ပါဘူး။

အခု ၂၀၀၄ ခု ဒီဇင်ဘာလထုပ် The Hindustan Times သတင်းစာထဲ ပါလာခဲ့တာလေးကို ဖတ်ကြည့် ကြရအောင်လား။ 

“ဟောလိဝုဒ် မင်းသား နောက်တစ်ဦးဖြစ်တဲ့ အော်လန်ဒို ဘလုမ်းဟာ ဗုဒ္ဓဘာသာ ဖြစ်လာပါပြီ။ အသက် ၂၇ နှစ်အရွယ်ရှိ The Lord of the Rings မင်းသားဟာ Maidehead, Berkshire မှာ ရှိတဲ့ ဗုဒ္ဓဘာသာ စင်တာမှာ ကျင်းပတဲ့ တစ်နာရီကြာ အခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။ 

“သူ့ကြည့်ရတာ တကယ်ကိုပဲ ပျော်ရွှင်နေပါတယ်။ သက်တောင့်သက်သာလဲ ရှိဟန်တူပြီး အတော်လဲ စိတ်လှုပ်ရှားပုံပါပဲ” လို့ သွားခဲ့သူ တစ်ယောက်ကို ကိုးကားရေးသာထားပါတယ်။

The Lord of the Rings သုံးတွဲဆက် ဇာတ်ကားမှာ နတ်သူငယ် legolas အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ အော်လန်ဒိုဟာ သူ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးအကြောင်းကို လူသိရှင်ကြား လုံးဝ မပြောကြားဖူးသေးပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာ စိတ်ပုတီး ကိုင်ထားတာတော့ မကြာခဏ တွေ့ရပါတယ်” တဲ့။ 

“သူ ယုံကြည် ကိုးကွယ်တဲ့ ဘာသာရေး အကြောင်းကို လူသိရှင်ကြား လုံးဝ မပြောကြားဖူးသေးပါဘူး” လို့ သတင်းက ဆိုခဲ့ပေမဲ့ သူဟာ တကယ့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်နေတာ အများသိကြတယ် ထင်ပါတယ်။ Wikipidia မှာတော့ သူဟာ ဗုဒ္ဓဘာသာကို ကျင့်သုံးနေသူ တစ်ယောက် (Bloom is a practicing Buddhist) လို့ ဖော်ပြထားတယ်

၂၀၀၄ ခုနှစ်မှာ သူဟာ Soka Gakkai International အဖွဲ့ရဲ့ တင်းပြည့် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတယ်တဲ့။ Soka Gakkai ဆိုတာ ဂျပန်မှာ အခြေစိုက်တဲ့ Nichiren ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ဥပသကာ  (လူပုဂ္ဂိုလ်) အဖွဲ့အစည်းတစ်ခုပါ။ Soka Gakkai International ဟာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှာ အဖွဲ့ဝင်ပေါင်း ၂၃ သန်းကျော် ရှိတယ်ဆိုပဲ။ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးကို မြှင့်တင်နေတဲ့ အကျိုး အမြတ်မယူတဲ့ အဖွဲ့အစည်း တစ်ခုလို့ Wekipidia က ဆိုပါတယ်။

အမေရိကန် မင်းသမီး Kate Bosworth က ၂၀၀၂ ခုနှစ်မှာ သူနှင့် စတွဲခဲ့တဲ့အခါ အော်လန်ဒိုက ကိတ်ကို နိချိရင် ဗုဒ္ဓဘာသာနှင့် မိတ်ဆက်ပေးခဲ့တယ် လို့  ဆိုပါတယ်။ မင်းသမီးကလဲ ဗုဒ္ဓဘာသကို အတော်ကြိုက်ပုံပါပဲ။ “တကယ့်ကို မယုံကြည်နိုင်စရာ စိတ်အခြေအနေပါ။ အခြေခံအားဖြင့်တော့ မိမိကိုယ် မိမိ အမြဲတမ်း ပိုတော် ပိုကောင်းတဲ့သူ ဖြစ်အောင် လုပ်ဖို့၊ မိမိနှင့် ကမ္ဘာလောကကြီး အတွက် ရလိုတာကို အာရုံစိုက်ဖို့၊ အဲဒီကို တကယ်ရောက်အောင် လုပ်ဖို့ ဖြစ်တယ်”လို့ မင်းသမီးက ဆိုတယ်တဲ့လေ။

နောက်မင်းသား တစ်ယောက်ရဲ့ အကြောင်းကို ဖတ်ကြည့်ရအောင်လား။ အစမှာ ညွှန်းခဲ့တဲ့ စာအုပ်ရဲ့ စာမျက်နှာ (၈၉) မှာ ဖော်ပြထားတာပါ။ 

ဟောလိဝုဒ်မှာ အခုလောလောဆယ် အငြင်းပွားဖွယ်ရာ ရှိတဲ့ ပွဲအတောင်းခံရဆုံး မင်းသားဖြစ်ပေမဲ့ လီယိုနာဒို ဒီကာပရီယိုဟာ လော့စ်အိန်းဂျလက်စ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာ အုပ်စုတစ်ခုမှာ ဝင်လိုက်ပါတယ်။ စွမ်းအား ပြန်မပြည့်မချင်း ရုပ်ရှင်ရိုက်တာကို လျှော့ချပစ်ဖို့ရာ သန္နိဋ္ဌာန် ချထားပါတယ်လို့ လန်ဒန် ဒေလီမစ်ရာ သတင်းစာက ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ရေးသား အစီရင်ခံခဲ့ပါတယ်။ “ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ရှာဖွေနေပါတယ်။ ရုပ်ရှင် ရိုက်ရာဆီကို မပြန်ခင် ကာလကြာရှည် နားဖို့ စဉ်းစားနေတယ်။ လအတော်ကြာ၊ တစ်နှစ်လဲ ဖြစ်ချင် ဖြစ်မှာပေါ့ လို့ ဒီကာပရီယိုရဲ့ အပြောကို သတင်းစာကြီးက ကိုးကား ဖော်ပြထားပါတယ်။

ဒါကတော့ ၁၉၉၈၊ မေလ ၆ ရက်နေ့က ပါလာခဲ့တဲ့ သတင်းတိုလေးပါ။ ဒီမင်းသားရဲ့ ဘာသာရေးနှင့် သက်ဆိုင်တဲ့ နောက်ဆက်တွဲ သတင်းတွေကိုတော့ ကိုယ့်ရဲ့ နယ်ပယ်လဲ မဟုတ်လို့ စာရေးသူ မသိပါဘူး။ သိရင် ပြောကြပါလို့တော့ မေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဘုန်းဥာဏ်
၀၉၊ ၁၀၊ ၂၀၁၀။

ရည်ညွှန်း။ ။ 
1. How to Develop Happiness in Daily Life, Features & Interviews with Buddhist Celebrities, pp. 85, 89.  
2. http://en.wikipadia.org/wiki/Orlando_Bloom
3. http://en.wikipadia.rog/wiki/Soka Gakkai Internal
4. http://www.bellaonline.com/articles/art35933 

Sep 25, 2010

မုသာဝါဒနှင့် ပတ်သက်တဲ့ တွေးမိတာလေး အချို့

မတ်လ (၁၈) ရက် (၂၀၁၀) နေ့က လွှင့်တင်ခဲ့တဲ့ BBC Learning English သင်္ခန်းစာ၊ 6 Minute English အစီအစဉ်ထဲက lying ဆိုတဲ့ သင်္ခန်းစာလေး ဖတ်မိတော့ မုသာဝါဒ (လိမ်ပြောမှု)နှင့် ပတ်သက်ပြီး တွေးမိတာလေးတွေ ရှိပါတယ်။ အဲဒီထဲက အချို့ကို “မုသာဝါဒနှင် ပတ်သက်တဲ့ တွေးမိတာလေး အချို့” လို့ ခေါင်းစီးတပ်ပြီး ဒီပို့စ်မှာ ပြောကြည့်ချင်ပါတယ်။ 

လိမ်လည်ပြောဆိုခြင်း (မုသာဝါဒ) မှ ရှောင်ကြဉ်ခြင်းဆိုတာ ဗုဒ္ဓဘာသာမှာတော့ အခြေခံ ကျင့်ဝတ် ငါးခုထဲက တစ်ခုပေါ့။ ဒီငါးခုကို ပုဆိုးကို မြဲအောင် ဝတ်ထားသလို အမြဲပဲ လိုက်နာ ကျင့်သုံးရမယ်လို့ ဆိုကြပါတယ်။ ရှေးသုံးနှင့်တော့ “ခါးဝတ် ပုဆိုး” ကဲ့သို့ မြဲရမယ်တဲ့။ ခုတော့ ဘောင်းဘီ၊ ဂါဝန်ကို မြဲအောင် ဝတ်ထားသလို မြဲမြဲ ကျင့်သုံးရမယ် လို့ ပြောရမလားပါပဲ။

ဆိုလိုချင်တာက ဒီလိုပါ။ ပုဆိုး၊ ဘောင်ဘီ၊ ဂါဝန်စတဲ့ ဝတ်ရမည့် အဝတ်ကို လုံခြုံအောင် မဝတ်ရင်  ဒါမှ မဟုတ် မြဲမြဲဝတ်မထားလို့ ကျွတ်သွား ကျသွားရင် မမြင်သင့် မမြင်ထိုက်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပေါ်နေပါလိမ့်မယ်။ ပေါ်နေရင် ကြည့်လို့ မြင်လို့ မကောင်းသလို ကာယကံရှင်မှာလဲ အတော်ပဲ ရှက်ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ငါးပါးသီလ မလုံရင် မမြဲရင် ကိုယ်ကျင့်အဝတ် ကျွတ်ကျလို့ အင်္ဂါကြီးငယ် ပေါ်သလို ရှက်ဖွယ်ရာပါ။

အဲဒီမုသားစကားဆိုတာ ပြောလိုက်တဲ့ မုသားရဲ့ အတိမ် အနက်၊ ပြောသူရဲ့ ရည်ရွယ်ချက်၊ အပြောခံရသူရဲ့ အကျိုး ဘယ်လောက်ထိ ပျက်ပြား ဆုတ်ယုတ်သွားသလဲ စတဲ့ အချက်အပေါ်မှာ မူတည်ပြီး ကံမြောက် မမြောက်၊ ကံ ကြီး မကြီး ဆိုတာ ဖြစ်ပါတယ်။

လိမ်လည်တာတို့၊ လှည့်ဖျားတာတို့ ဆိုတဲ့ စကားလုံးတွေရဲ့ အတိမ် အနက်၊ အသုံး အနှုန်းတွေကို လေ့လာ ကြည့်ရရင် စိတ်ဝင်စားစရာ ကောင်းမှာပဲလို့ တွေးမိပါတယ်။ လှည့်ဖြားတာ ကိုတော့ 'deception' လို့ ခေါ်တယ်ထင်တယ်။ အဲဒါကို misleading, dishonest, untruthful လို့ ရှင်းပြထားတာကို BBC အင်္ဂလိပ်စာ သင်ခန်းစာမှာ တွေ့ရဖူးပါတယ်။ 

အခုတော့ လှည့်ဖြားတယ် ဆိုတာ တကယ့် တွေ့နေ မြင်နေကြ လူသားရဲ့ အပြုအမူ တစ်ရပ် (a very common human activity) ဖြစ်နေပါတယ်။ အချို့ကတော့ ရှောင်လို့မရတဲ့ လူသားရဲ့ သဘောသဘာဝ အစိတ်အပိုင်း တစ်ခုလို့တောင် ဆိုကြပြန်ပါတယ်။ မြန်မာမှာတော့ “မုသားမပါ လင်္ကာ မချော” လို့ ဆိုတာ ဒါကိုများ ဆိုလိုလေသလားပါပဲ။

နောက်မုသား တစ်မျိုးကတော့ အဖြူရောင်မုသား (a white lie) တဲ့။ အဲဒါက လူတစ်ယောက် ခံစားမှု ကောင်းအောင်၊ သက်သာအောင် ပြောတဲ့ မုသားပါ။ ဝိတ်ကျချင်နေတဲ့သူကို တကယ် မကျပဲနဲ့ ဝိတ်နည်း နည်း ကျသွားပြီ၊ အသားဖြူချင်လို့ ခရင်မ်မျိုးစုံ ဝယ်လိမ်းနေသူကို မဖြူပဲ အသားဖြူလာတယ် ဆိုတာမျိုးတွေပေါ့။ ဒီတော့ 'အဖြူရောင် မုသား' ဆိုတာ မြှောက်ပင့်ခြင်း တစ်မျိုး (a form of flattery) လို့ အဓိပ္ပါယ် ရသွားပြန်ရော့လေ။

ဆိုးတာကတော့ တမင်လိမ်တာ၊ အကြံအစည် ရှိရှိ လိမ်တာ (a motivated lie)၊ ကလိမ်စေ့ ငြမ်းဆင်တဲ့ လိမ်လည်မှုမျိုးပါ။ လောကကြီးက အတော်တော့ ထူးဆန်းပါဘိ။ လူတစ်ယောက် လိမ်၊ မလိမ်ဆိုတာ a lie detector သို့မဟုတ် Polygraph machine လို့ ခေါ်တဲ့ မုသားဖော်စက်နှင့် ဖော်ထုပ်ကြည့်လို့ ရတယ်ဆိုပဲ။ 

ဖော်ထုပ်ပုံက မေးခွန်းအချို့ကို သင်က ဖြေဆိုနေစဉ် သင့်ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုကို တိုင်းတာတာ၊ သင့်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲသလဲ ဆိုတာကို ကြည့်တာတဲ့လေ။ ဒီအပြောင်းအလဲထဲမှာ အသက်ရှူပုံ တွေ (breathing patterns)၊ နှလုံးခုန်တာ၊ ချွေးတွေပိုထွက်လာတာစတဲ့ ပြောင်းလဲမှုတွေပါတာပေါ့တဲ့။  ဘုန်းကြီးကျောင်းထဲမှာပဲ ကြီးခဲ့ရ နေခဲ့ရတဲ့ ဘုန်းဥာဏ်တော့ အသိ လိုက်မမှီတော့ပါဘူး။ ရွာက ဟို လူကြီးတို့အုပ်စုကို အဲဒီစက်နှင့် စစ်ကြည့်ရရင်တော့ “အင်း ... စက် ဘယ်လိုနေပါ့၊ တုန်ခါလွန်းပြီး ပြုတ် ပြတ်ထွက်ကုန်မလား စသည်ဖြင့် တွေးမိပါရဲ့။ 

ဒါပေမဲ့လဲ ဒီစက်က အကုန်တော့ ဖော်ထုပ်နိုင်မယ် မထင်ပါဘူး။ သူက စက်လေ။ လူမှ မဟုတ်တာ။ လူပြုရင် သူ နုရတော့မှာပေါ့ လို့ တွေးမိပြန်တယ်။ George W. Maschke ဆိုတဲ့သူက လိမ်ညာမှုကို ဒီစက်နှင့် ဖော်ထုပ်တာဟာ သိပ္ပံနည်းကျ အခြေအမြစ် မရှိဘူး။ ဒါဟာ သိပ္ပံနည်းကျ စမ်းသပ်ပြီး အကြောင်းပြလို့ ရတဲ့ အယူအဆ မဟုတ်ပါဘူး (It's a complete junk science) ဆိုပြီး ပယ်တာကို ဖတ်ရပါတယ်။

အဲဒါတွေ တွေးမိတော့ မုသားနှင့် ပတ်သက်တဲ့ ဘုရား တရားတော်ကို သတိရမိပြန်ပါတယ်။ ပထမတစ်ခုက ရဟန်းဖြစ်တာ မကြာသေးတဲ့ သားတော် ရာဟုလာကို ဆုံးမတော်မူတဲ့သုတ်တော်မှာ ပါတာပါ။  တစ်ညနေခင်းမှာ ဘုရားရှင်ဟာ ရှင်ရာဟုလာထံ ကြွလာတော်မူပါတယ်။

ကြွလာပြီး ခပ်ထားတဲ့ ရေအိုးမှာ ရေနဲနဲပဲ ချန်ပြီး ခြေတော်တို့ကို ဆေးတော်မူပါတယ်။ ရှင်လာဟုလာကို ခြေဆေးရေအိုးမှာ ချန်ထားတဲ့ ရေနဲနဲကို မြင်သလားလို့ မေးတော်မူပါတယ်။ “မြင်ပါတယ်ဘုရား” လို့ လျှောက်တော့ “ရာဟုလာ၊ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ (ရဟန်း)မှာ ရဟန်း တရား (spiritual achievement, lit. recluseship) နည်းနည်းလေးပဲ ရှိတော့တယ်” လို့ မိန့်တော်မူ ပါတယ်။ 

နောက်တော့ ဘုရှားရှင်က အဲဒီ ရေနည်းနည်းလေးကို သွန်ပစ်လိုက်ပြီး “ရာဟုလာ၊ ရေနည်းနည်းကို သွန်ပစ်လိုက်တာ မြင်ပါသလား” လို့ မေးတော်မူပါတယ်။ “မြင်ပါတယ် ဘုရား” လို့ လျှောက်တော့ ”(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူဟာ ရဟန်းတရားကို စွန့်ပစ်လိုက်တော့တာပဲ” လို့ မိန့်တော်မူပါတယ်။

အဲဒီနောက် ဘုရားရှင်ဟာ ခြေဆေးရေအိုးကို မှောက်ပြီး “ရာဟုလာ၊ ရေအိုး မှောက်ထားတာကို မြင်ပါသလား” လို့ မေးတော်မူကာ၊ ရှင်ရာဟုလာကလဲ “မြင်ပါတယ် ဘုရား” လို့ လျှေက်ထားပြန်တော့ ဘုရားရှင်က “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူဟာ ရဟန်းတရားကို မှောက်ပစ်ထားလိုက်တော့တာပဲ” လို့ မိန့်ပြန်ပါတယ်။ 

နောက်တစ်ခါ မြတ်စွာဘုရားရှင်ဟာ ခြေဆေးရေအိုးကို လှန်တော်မူပြီး “ရာဟုလာ၊ ဒီရေအိုးမှာ ဘာမှ မရှိတော့တာကို မြင်ရဲ့လား” လို့ မေးတော်မူပြန်ပါတယ်။ ရှင်ရာဟုလာလေးက “မြင်ပါတယ် ဘုရား”လို့ လျှေက်လိုက်ပါတယ်။ ဒီတော့ “ဒီလိုပဲ ရဟုလာ။ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူမှာ ရဟန်းတရား ဘာမျှ မကျန်တော့ဘူး” လို့ မိန့်တော်မူပါတယ်။ 

အဲဒီနောက်တော့ တိုက်ပွဲဝင် မင်းစီးဆင် ဥပမာ (ဒီမှာတော့ မရေးတော့ဘူး) နှင့် ရှင်းပြကာ “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ မလုပ်ဝံ့တာ ဘာမျှ မရှိတော့ဘူး။ ဒါကြောင့်မို့ ရည်ရွင်လို လို့တောင် မုသားစကားကို မပြောဘူး” လို့ ကျင့်ရမယ်လို့ ဗုဒ္ဓက ဟောကြားဆုံးမတော် မူပါတယ်။

နောက်တစ်ခုက ဣတိဝုတ္တက ပါဠိတော်မှာ ဟောထားတဲ့ “ရဟန်းတို့၊ တမင်တကာ (ရည်ရွယ်ချက်ရှိရှိ) လိမ်ပြောတဲ့သူဟာ ဘာကြီးပဲ ဖြစ်နေနေ၊ သူမလုပ်ရဲတဲ့ မကောင်းမှုဆိုတာ မရှိတော့ဘူး လို့ ငါဘုရား ဟောကြားတော်မူတယ်” ဆိုတာကို သတိယမိပါတယ်။

စာဖတ်သူကတော့ ဘယ်လို တွေးမယ်မသိ။ စာရေးသူကတော့ “သြော် တရားတော်ကတော့ မှန်လိုက်တာပါလား” လို့ ကိုယ့်ကိုယ်ကို ပြောမိပါရဲ့။ လူလိမ်လေးဆိုရင်တော့ မသိ၊ မပြောလို။ ရာဇဝင်တွင်တဲ့ လူလိမ်ကြီးတွေ ဆိုရင် သိပ်မှန်တယ်။ သူတို့က သူတို့လိမ်တာ ပြောမိလို့ပဲ ဖြစ်ဖြစ်၊  ဒီလောက်ကြီး ဖြစ်နေတာ မကောင်းပါ ဘူးလို့ ပြောရင်ပဲ ဖြစ်ဖြစ်၊ သူတို့မှာ ဓားရှိရင် ဓားနှင့် ခုတ်လိမ့်မယ်။  ဒုတ်ရှိရင် ဒုတ်နှင့် ရိုက်လိမ့်မယ်။ သေနတ်ရှိရင် သေနတ်နှင့် ပစ်လိမ့်မယ်။ သူတို့မှာ မကောင်းမှုလုပ်ရမှာ ရှက်တတ် တဲ့ ဟိရီ၊ ကြောက်တတ်တဲ့ သြတ္တပ္ပတရားဆိုတာ နတ္တိ။ တရားတာ၊ မတရားတာမရှိ၊ ကောင်းတာ မကောင်းတာ မသိ။ သူတို့ မလုပ်ရဲတာ ဘာမျှမရှိတော့တာ ယနေ့ မြင်ခဲ့ကြရ၊ မြင်ကြရဆဲ မဟုတ်လား။

ရာဇဝင်တွင်အောင် လိမ်တတ်တဲ့သူတွေ အတွက်တော့ နေစရာမရှိ၊ စားစရာမရှိအောင် ဒုက္ခရောက်နေတဲ့ သူတွေ သန်းနှင့်ချီ တွေ့ရလဲ အေးရာအေးကြောင်းဆိုပြီး ပစ်ထားရဲတယ်။ သူများကူညီထောက်ပံ့တာကိုလဲ ခေါင်းပုံဖြတ် စားရဲတယ်။ ကိုယ်ကျိုး ကိုယ့်အတ္တ အတွက် အများသူငါကို ဘဝပျက်သည်ထိ မတရား နှောင့်ယှက်တတ်တယ်။ ပြီးရင် သူတို့ဟာ မေတ္တာ၊ ကရုဏာကြီးကြောင်း ပြချင် ပြောချင်လိုက်တာလဲ လွန်ပါရော စသည်ဖြင့် တွေးနေမိပါတယ်။ တကယ့် မေတ္တာ၊ ကရုဏာတရားကို နည်းနည်းလေးပဲ ဖြစ်ပါစေ၊ ဒီလိုလူတွေရင်မှာ ပေါက်ဖွားလာုကရင်တော့ လောကကြီး အတော်ပဲ ငြိမ်းချမ်းလာမှာပါ။

တစ်ချို့ အဖြူရောင် မုသားစစ်စစ်ဆိုရင်တော့ ရည်ရွယ်ချက် (စေတနာ) ကိုက သူ့အကျိုး ပျက်စီးစေလိုတာ မဟုတ်တဲ့ အတွက် မုသာဝါဒ ကံမြောက်ကောင်းမှ မြောက်ပါမယ်။ 

ဆင်ခြေပေးတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို လိမ်တာ (ယန်း ပေါလ် ဆားတ် ပြောတဲ့ Bad faith) ပဲ ဖြစ်ဖြစ်၊ ရှောင်လို့ မရလို့ အဖြူရောင် မုသားကိုပဲသုံးသုံး၊ အနီရောင် အပြာရောင် အဝါရောင် မုသားကိုပဲသုံးသုံး၊ ဘာပဲသုံးသုံးပါ။ လိမ်တာကတော့ လိမ်တာပါပဲ။ လုပ်သင့်တာ တစ်ခုက ကိုယ်ချင်းစာကြည့်ဖို့ပါပဲ။ ကိုယ့်ကို သူ ဒီလို ပြောဆို၊ ပြုမူရင် ကိုယ် ကြိုက်မလားလို့ ကိုယ်ချင်းစာကြည့်ပါ။ ကိုယ်မကြိုက်ဘူး ဆိုရင်တော့ သူလဲ မကြိုက်လောက်ပေဘူးပေါ့။ ဒါဆို ရှောင်သင့်တယ်လို့ ဆိုချင်ပါတယ်။
 
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

ဘုန်းဥာဏ်
Mumbai, India
25/ 09/ 2010

ရည်ညွှန်း။ ။ 
1. Horner I. B (tr.) "Middle Length Sayings" vol. II, Motilal Banarsidass Publishers, pp. 87-8. 
2. Ireland, John D (tr.), Itivuttaka, BPS, Kandy, pp. 167 -8.
3. http://www.bbc.co.uk/worldservice/learningenglish/general/sixminute/2010/03/100318_6min_lying_page.shtml