Pages

Oct 8, 2010

ဗုဒ္ဓဘာသာဝင် ဟောလိဝုဒ် မင်းသား နှစ်ယောက်

How to Develop Happiness in Daily Life, Features & Interviews with Buddhist Celebrities စာအုပ်ကို ဖတ်မိတော့ ရုပ်ရှင်မင်းသား ဂျက် လီ ရဲ့ “Our Actions Determine Our Destiny” ဆိုတဲ့ အင်တာဗျူးကို တွေ့ရတယ်။ ကြိုက်လဲ ကြိုက်ပါတယ်။ ဒါကြောင့် “ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ” ဆိုတဲ့ ခေါင်းစီးနှင့်  ဘာသာပြန်ပြီး ဘလော့ဂ်လေးပေါ် တင်ခဲ့တယ်။ နောက်တော့ ဂျနီဖာ လိုပက်ဇ် အကြောင်း သတင်းတိုလေးကို ဘာသာပြန် တင်ခဲ့ပြန်ပါတယ်။

အဲဒီစာအုပ်ထဲကပဲ အော်လန်ဒို နှင့် လီယိုနာဒို ဒီကာပရီယို တို့ သတင်းတိုလေးကို ဘာသာပြန်ခဲ့ပေမဲ့ ပို့စ် မတင်ဖြစ်ခဲ့ဘူး။ သတင်းဖြစ်ခဲ့တာလဲ ကြာခဲ့ပြီဆိုတော့ လူတိုင်းလောက် သိပြီးဖြစ်မှာကိုး။ ကိုယ်ကသာ ဘုန်းကြီးမို့ စာအုပ်ဖတ်မိမှ သိရတာ။ ကိုယ့်နယ်ပယ်လဲ မဟုတ်ဘူးလေ။ နောက်တစ်ချက်က ဂျက် လီရဲ့ အင်တာဗျူးလို မှတ်သားစရာလဲ မပါလှဘူး။ 

ဒါပေမဲ့ အခုတော့ အတွေးတစ်မျိုးကြောင့် နဲနဲ ဖြည့်စွက်ပြီး သူတို့ အကြောင်းကို တင်ပေးလိုက်ပါတယ်။

အော်လန်ဒို (Orlando Jonathan Blanchard Bloom) ကို ယူကေနိုင်ငံမှာ ၁၉၇၇ ခုမှာ မွေးပါတယ်။ သူဟာ နာမည်ကျော်ကြား ဗုဒ္ဓဘာသာဝင်များ စာရင်းမှာ ပါပါတယ်။ သူဟာ အသက် ၁၉ နှစ်ရွယ်မှာ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တယ်။ ဘယ်လို ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တယ် ဆိုတာတော့ စာရေးသူ မသိပါဘူး။ 

သူကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဟာ Nichiren Buddhim ပါ။ Nichiren Buddhism ဆိုတာ ဂျပန်ပြည်မှာ ၁၃ ရာစုက ပေါ်ပေါက်လာခဲ့တဲ့ မဟာယာန ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတစ်ခုပေါ့။ ဂျပန်ဘုန်းတော်ကြီး Nichiren ရဲ့ ဟောကြားချက်တွေပေါ်မှာ အခြေခံထားတဲ့ ဂိုဏ်းခွဲတစ်ခုလို့ ဆိုပါတယ်။ Nichire ဂိုဏ်းကပဲ ထပ်ဆင့်ဂိုဏ်းကွဲတွေလဲ ပေါ်ပေါက်ခဲ့ပါတယ်။ ဂျပန်မှာလဲ ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတွေက အများကြီးပါ။ အဲဒီဂိုဏ်းဟာ ပြည်တွင်းမှာလဲ ကိုးကွယ်သူတွေ ပေါသလို အမေရိကအပါအဝင် နိုင်ငံအတော်များများမှာလဲ ပြန့်နှံ့နေတယ်လို့ သိရပါတယ်။ 

 စာရေးသူ မာစတာတန်း တက်ခဲ့စဉ်က ယူခဲ့တဲ့ ဘာသာရပ်တွေထဲမှာ တစ်ခုက Comtemporary Schools of Buddhist Thought in Japan  ပါပဲ။ ဒါကြောင့် အဲဒီဂိုဏ်းအကြောင်း အတော်အတန် သိပါတယ်။ ဒါပေမဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အတွက် သိပ်အကျိုးရှိမယ်လို့ မထင်လို့ ဒီမှာ မရေးတော့ပါဘူး။

အခု ၂၀၀၄ ခု ဒီဇင်ဘာလထုပ် The Hindustan Times သတင်းစာထဲ ပါလာခဲ့တာလေးကို ဖတ်ကြည့် ကြရအောင်လား။ 

“ဟောလိဝုဒ် မင်းသား နောက်တစ်ဦးဖြစ်တဲ့ အော်လန်ဒို ဘလုမ်းဟာ ဗုဒ္ဓဘာသာ ဖြစ်လာပါပြီ။ အသက် ၂၇ နှစ်အရွယ်ရှိ The Lord of the Rings မင်းသားဟာ Maidehead, Berkshire မှာ ရှိတဲ့ ဗုဒ္ဓဘာသာ စင်တာမှာ ကျင်းပတဲ့ တစ်နာရီကြာ အခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။ 

“သူ့ကြည့်ရတာ တကယ်ကိုပဲ ပျော်ရွှင်နေပါတယ်။ သက်တောင့်သက်သာလဲ ရှိဟန်တူပြီး အတော်လဲ စိတ်လှုပ်ရှားပုံပါပဲ” လို့ သွားခဲ့သူ တစ်ယောက်ကို ကိုးကားရေးသာထားပါတယ်။

The Lord of the Rings သုံးတွဲဆက် ဇာတ်ကားမှာ နတ်သူငယ် legolas အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ အော်လန်ဒိုဟာ သူ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးအကြောင်းကို လူသိရှင်ကြား လုံးဝ မပြောကြားဖူးသေးပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာ စိတ်ပုတီး ကိုင်ထားတာတော့ မကြာခဏ တွေ့ရပါတယ်” တဲ့။ 

“သူ ယုံကြည် ကိုးကွယ်တဲ့ ဘာသာရေး အကြောင်းကို လူသိရှင်ကြား လုံးဝ မပြောကြားဖူးသေးပါဘူး” လို့ သတင်းက ဆိုခဲ့ပေမဲ့ သူဟာ တကယ့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်နေတာ အများသိကြတယ် ထင်ပါတယ်။ Wikipidia မှာတော့ သူဟာ ဗုဒ္ဓဘာသာကို ကျင့်သုံးနေသူ တစ်ယောက် (Bloom is a practicing Buddhist) လို့ ဖော်ပြထားတယ်

၂၀၀၄ ခုနှစ်မှာ သူဟာ Soka Gakkai International အဖွဲ့ရဲ့ တင်းပြည့် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတယ်တဲ့။ Soka Gakkai ဆိုတာ ဂျပန်မှာ အခြေစိုက်တဲ့ Nichiren ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ဥပသကာ  (လူပုဂ္ဂိုလ်) အဖွဲ့အစည်းတစ်ခုပါ။ Soka Gakkai International ဟာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှာ အဖွဲ့ဝင်ပေါင်း ၂၃ သန်းကျော် ရှိတယ်ဆိုပဲ။ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးကို မြှင့်တင်နေတဲ့ အကျိုး အမြတ်မယူတဲ့ အဖွဲ့အစည်း တစ်ခုလို့ Wekipidia က ဆိုပါတယ်။

အမေရိကန် မင်းသမီး Kate Bosworth က ၂၀၀၂ ခုနှစ်မှာ သူနှင့် စတွဲခဲ့တဲ့အခါ အော်လန်ဒိုက ကိတ်ကို နိချိရင် ဗုဒ္ဓဘာသာနှင့် မိတ်ဆက်ပေးခဲ့တယ် လို့  ဆိုပါတယ်။ မင်းသမီးကလဲ ဗုဒ္ဓဘာသကို အတော်ကြိုက်ပုံပါပဲ။ “တကယ့်ကို မယုံကြည်နိုင်စရာ စိတ်အခြေအနေပါ။ အခြေခံအားဖြင့်တော့ မိမိကိုယ် မိမိ အမြဲတမ်း ပိုတော် ပိုကောင်းတဲ့သူ ဖြစ်အောင် လုပ်ဖို့၊ မိမိနှင့် ကမ္ဘာလောကကြီး အတွက် ရလိုတာကို အာရုံစိုက်ဖို့၊ အဲဒီကို တကယ်ရောက်အောင် လုပ်ဖို့ ဖြစ်တယ်”လို့ မင်းသမီးက ဆိုတယ်တဲ့လေ။

နောက်မင်းသား တစ်ယောက်ရဲ့ အကြောင်းကို ဖတ်ကြည့်ရအောင်လား။ အစမှာ ညွှန်းခဲ့တဲ့ စာအုပ်ရဲ့ စာမျက်နှာ (၈၉) မှာ ဖော်ပြထားတာပါ။ 

ဟောလိဝုဒ်မှာ အခုလောလောဆယ် အငြင်းပွားဖွယ်ရာ ရှိတဲ့ ပွဲအတောင်းခံရဆုံး မင်းသားဖြစ်ပေမဲ့ လီယိုနာဒို ဒီကာပရီယိုဟာ လော့စ်အိန်းဂျလက်စ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာ အုပ်စုတစ်ခုမှာ ဝင်လိုက်ပါတယ်။ စွမ်းအား ပြန်မပြည့်မချင်း ရုပ်ရှင်ရိုက်တာကို လျှော့ချပစ်ဖို့ရာ သန္နိဋ္ဌာန် ချထားပါတယ်လို့ လန်ဒန် ဒေလီမစ်ရာ သတင်းစာက ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ရေးသား အစီရင်ခံခဲ့ပါတယ်။ “ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ရှာဖွေနေပါတယ်။ ရုပ်ရှင် ရိုက်ရာဆီကို မပြန်ခင် ကာလကြာရှည် နားဖို့ စဉ်းစားနေတယ်။ လအတော်ကြာ၊ တစ်နှစ်လဲ ဖြစ်ချင် ဖြစ်မှာပေါ့ လို့ ဒီကာပရီယိုရဲ့ အပြောကို သတင်းစာကြီးက ကိုးကား ဖော်ပြထားပါတယ်။

ဒါကတော့ ၁၉၉၈၊ မေလ ၆ ရက်နေ့က ပါလာခဲ့တဲ့ သတင်းတိုလေးပါ။ ဒီမင်းသားရဲ့ ဘာသာရေးနှင့် သက်ဆိုင်တဲ့ နောက်ဆက်တွဲ သတင်းတွေကိုတော့ ကိုယ့်ရဲ့ နယ်ပယ်လဲ မဟုတ်လို့ စာရေးသူ မသိပါဘူး။ သိရင် ပြောကြပါလို့တော့ မေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဘုန်းဥာဏ်
၀၉၊ ၁၀၊ ၂၀၁၀။

ရည်ညွှန်း။ ။ 
1. How to Develop Happiness in Daily Life, Features & Interviews with Buddhist Celebrities, pp. 85, 89.  
2. http://en.wikipadia.org/wiki/Orlando_Bloom
3. http://en.wikipadia.rog/wiki/Soka Gakkai Internal
4. http://www.bellaonline.com/articles/art35933 

1 comment:

မိုးယံ (လူသားအားလုံးအတွက်) said...

ဗုဒ္ဓဘာသာဝင် အရေအတွက်များတာထက် စာရင်... ဗုဒ္ဓပြောတဲ့ အတိုင်းကျင့်သုံးနေထိုင်တဲ့ သူတွေများလာတာကို ပိုပြီးဖြစ်စေချင်တယ်ဗျာ..

ပုတီး ကလည်း အာရပ်တွေ က နေ ဆင်းသက်တယ်ဆိုလားပဲဗျ။

ငြိမ်းချမ်းပါစေ။