Pages

Feb 28, 2011

ဗုဒ္ဓဂါယာ ဘုရားဖူးခရီး (၁)

မဟာဗောဓိ စေတီတော်
 ၂၀၁၀ ဒီဇင်ဘာလက ဗုဒ္ဓဂါယာကို ဘုရားဖူး ခရီးထွက်ဖြစ်တယ်။ အဲဒီခရီးက တစ်ချို့ အကြောင်းအရာတွေကို စာရေးမယ်လို့ ခရီးသွားစဉ်က စိတ်ကူးခဲ့ပေမယ့် အတွေးတစ်မျိုးကြောင့် မရေးဖြစ်ပြန်ဘူး။ နောက်တော့ ကိုယ်နှင့် သိတဲ့ ဒကာ ကိုစိုးထွန်းနှင့် ဒကာ ဝိမုတ္တိသုခတို့ကို အဲဒီအကြောင်း ရေးရလျှင် ကောင်းမလားလို့ မေးကြည့်မိတော့ ကောင်းပါတယ်လို့ သူတို့တွေက ဖြေကြတယ်။ ဒါနှင့် ကိုယ် ဘုရားဖူးသွားခဲ့တဲ့ နေရာအချို့ အကြောင်း (အပိုင်းလိုက်) ရေးတင်ဦးမည်လို့  ယခင် စိတ်ကူးကို ပြန်ကောက်မိပါတော့တယ်။

ဘုရားဖူးခရီးစဉ်
မြန်မာပြည်က အိန္ဒိယ ဘုရားဖူး ခရီးသည်တွေဟာ များသောအားဖြင့် ဂယာမြို့ကို တိုက်ရိုက်လာကြတယ်။ ဂယာမြို့က ဘုရားပွင့်တော်မူရာ အထိမ်းအမှတ် အသောကမင်းတရားကြီး တည်ထားတော်မူခဲ့တဲ့ မဟာဗောဓိ စေတီတော်ကြီးနှင့် သတ္တဋ္ဌာန၊ အဲဒီ အနီးတစ်ဝိုက်က ဒုက္ကရစရိယာ ကျင့်တော်မူခဲ့ရာ တောင်နှင့် လှိုင်ဂူ၊ သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူရာ နေရာ၊ နေရဉ္ဖရာမြစ်ထဲသို့ ရွှေခွက်မြှောရာ နေရာ၊ သုပ္ပိယငစင် မြက်ရှစ်ဆုပ် လှူရာ နေရာတို့ကို ရှေးဦးစွာ ဖူးမျှော် လည်ပတ်ကြပါတယ်။

ဂယာမှာ အေးအေးသက်သာ ဖူးမျှော်၊ နားနေပြီးမှ တစ်ခြားသော ဘုရားဖူးရာ နေရာတွေကို လိုက်လံ ဖူးမျှော်ကြပါတယ်။ ဗုဒ္ဓဂယာမှ ထွက်ပြီး အခြားမြို့ရွာတွေက ဘုရားဖူးရာ နေရာတွေကို သွားတဲ့အခါ မြန်မာဘုရားဖူးတွေ အခေါ် လက်ျာခရီးနှင့် လက်ဝဲခရီးလို့ နှစ်မျိုး ရှိပါတယ်။ ကားဖြင့် ဗုဒ္ဓဂယာမှသည် ဗာရာဏသီ၊ သာဝတ္ထိ စသည်အတိုင်း လှည့်လည်ပါက လက်ျာခရီးလှည့်လည်ခြင်းလို့ ဆိုကြပြီး၊ ဗုဒ္ဓဂယာမှသည် ရာဇဂြိုဟ်၊ ပါဋလိပုတ်၊ ဝေသာလီ၊ ကုသိနာရုံ၊ လုမ္ဗိနီ၊ သာဝတ္ထိ၊ ဗာရာဏသီ ခရီးစဉ်အတိုင်း လှည့်လည် ဖူးမြော်ကြတာကိုတော့ လက်ဝဲခရီးလို့ ဆိုကြပါတယ်။ အဲဒါကတော့ ဘုရားဖူးခရီးစဉ်အတွင်း ညအိပ် တည်းခိုကြမည့် နေရာ (ဘုန်းတော်ကြီးကျောင်း)ရဲ့ ခရီးသည် ရောက်ရှိ တည်းခိုနေတဲ့အပေါ် အခြေအနေကြည့်ပြီး လှည့်လည်ကြရတာလို့ ဆိုပါတယ်။ တည်းခိုတဲ့ ကျောင်းတွေမှာ ခရီးသည် ပြည့်ကြပ်နေတာမျိုး ဖြစ်မှာကို ရှောင်တဲ့ သဘောပါတဲ့။ စာရေးသူနှင့် ခရီးဖော်တွေ လှည့်လည်ခဲ့ကြတာကတော့ လက်ဝဲခရီးပါ။

စာရေးသူတို့ လှည့်လည်ခဲ့ကြတာကတော့ ရက် အလွန်နည်းလွန်းပါတယ်။ လေးညအိပ်၊ ငါးရက်ခရီးမို့ ခရီးပန်းသလို အေးအေး ဆေးဆေးကြည့်ရှု လေ့လာဖို့၊ စိတ်ကြိုက် ဘုရားအာရုံပြုဖို့ သိပ် အဆင်မပြေလှပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဖြစ်သွားခဲ့ရတာပါ။ ဓာတ်ပုံများများ ရိုက်ပြီး ပြီးမှ ပြန်အာရုံပြု ကြည်ညိုရပါတော့တယ်။ ကားသမားကတော့ လိုက်ပို့နေကြသူမို့ မိမိတို့အဖွဲ့က တစ်လုံးတစ်ပါဒမျှ ပြောစရာ၊ လမ်းညွှန်စရာမလိုပါဘူး။ ခရီးလမ်းစဉ်အပါအဝင်၊ ဘယ်မြို့ ဘယ်နေရာမှာ မြန်မာကျောင်း ရှိတယ်ကစလို့ အားလုံးကို နောကျေနေသူမို့ အဆင်ပြေပါတယ်။

မဟာဗောဓိ စေတီတော်အတွင်း ရုပ်ပွားတော်
ဘုရားဖူးသွားသင့်တဲ့ အဓိက နေရာများ
ဘုရားဖူးသွားသင့်တဲ့ နေရာတွေကတော့ သံဝေဂတရား ရစေတတ်တဲ့ အဓိကလေးနေရာပါ။ သံဝေဇနိယ လေးဌာနလို့ ခေါ်ကြပါတယ်။ အဲဒီ လေးနေရာကို အလွယ်တကူ မှတ်မိလွယ်အောင် “ဖွား ပွင့် ဟော စံ၊ ဤလေးတန်၊ မှတ်ရန် သံဝေဇနိယ” လို့ လင်္ကာလေး စပ်ပြီး ပြောကြပါတယ်။ အဲဒီမှာ

“ဖွား” ဆိုတာက ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်၊
“ပွင့်” မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြင့်ဆုံး အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူရာ မဟာဗောဓိ (ပုဒ္ဓဂယာ)၊
“ဟော” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြတ်ဆုံးသော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူရာ မိဂဒါဝန်၊ (ခုခေတ် ဆရဏာတ်၊ ဗာရာဏသီ)
“စံ” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ခန္ဓာအကြွင်းအကျန်မရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံ တို့ ဖြစ်ပါတယ်။ ဒီလေးဌာနကို သံဝေဂရစေတတ်တဲ့ နေရာမြတ်တွေအဖြစ် ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင် ပရိနိဗ္ဗာန် စံလွန်တော်မူခါနီးမှာ မိန့်ကြားတော်မူခဲ့တာပါ။ (မဟာပရိနိဗ္ဗာနသုတ်)။

ဘုရားဖူး ခရီးစဉ်အတွင်း ထားရမည့် စိတ်ထား
ဘုရားဖူး ခရီးစဉ်သွားတော့မည် ဆိုလျှင် ဘယ်လိုစိတ်ထားမည် ဆိုသည်ကို ကြိုတင် ပြင်ဆင်သင့်ပါတယ်။ ပြင်မလာရင်တော့ ငွေကုန် လူပန်းသလောက် အကျိုး မရနိုင်ပါဘူး။ ကိုယ့်မိသားစုချည်း လာကြတာ မဟုတ်ရင် မပြောပလောက်တဲ့ ကိစ္စလေးတွေနှင့် စိတ်ဆိုးကြ၊ စိတ်ကောက်ကြ၊ မနာလို ဝန်တိုမှုတွေဖြစ်ကြ၊ ပြိုင်ကြ ဆိုင်ကြနှင့် “ကုသိုလ် တစ်ပဲ ငရဲတစ်ပိဿာ” ဖြစ်ကြရတတ်ပါတယ်။ ဥပမာ အတ္တကြီးသူက ဘယ်ရောက်ရောက် အကောင်းဆုံး နေရာချည်း ပြေးပြေးယူတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တာတို့၊ ကားပေါ်မှာ နေရာကောင်း လုရင်း စကားများကြရတာ ဒါမှမဟုတ် စကားမပြော ဖြစ်ကြရတတ်တာ စသည်ဖြင့်ပါပဲ။ ဒါတွေက ဖြစ်နေကျ ပြဿနာတွေလို့ ဗာရာဏသီက ဆရာတော် တစ်ပါးက ဆိုပါတယ်။

မဟာဗောဓိစေတီတော်မှာ ပူဇော်ဖို့ ပြင်နေကြသူ တစ်စု
တစ်ချို့ကလည်း ဘုရားဖူးခရီးလား ဈေးဝယ်ထွက်တဲ့ ခရီးလား မကွဲကြဘူးလို့ ဒေသခံလို ဖြစ်နေတဲ့ ဆရာတော်တစ်ပါးထံကနေ သိခဲ့ရပါတယ်။ တစ်ချို့ကြတော့လည်း ဘုရားဖူးဖို့ စိတ်က နည်းနည်း၊ နိုင်ငံခြားဆိုပြီး ထွက်ချင်ဇောကများများနှင့် ထွက်လာလိုက်တာ အိန္ဒိယ လူနေမှုကြည့်ပြီး စိတ်တစ်ပျက်ထဲ ပျက်ကြသူတွေ အကြောင်းလည်း ကြားဖူးပါတယ်။ အိန္ဒိယမှာ အစိုးရက ချမ်းလည်း ချမ်းသာ၊ တော်တော်လည်း ကောင်းပေမည့် လူဦးရေ များလွန်းတာကို နိုင်နင်းအောင် ကိုင်တွယ်နိုင်ဖို့က နှစ်ပေါင်း အများကြီး လိုဦးမှာပါ။ ဘုရားဖူးသွားရာ နေရာတွေ (အထူးသဖြင့်  ဘီဟာပြည်နယ်)ဟာ ခုခေတ်မှာတော့ အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်ပါ။ ဒါကြောင့် ဘုရားဖူးစိတ်ကို သန်သန်ကြီး မွေးမထားလို့ကတော့ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်မှာပါ။ စင်္ကာပူစတဲ့ နိုင်ငံတွေကို ခရီးလည် ထွက်ရတာနှင့်တော့ လုံးဝ လုံးဝ မတူနိုင်ပါဘူး။ ဘုရားဖူး ခရီးကို အလည်အပတ်ခရီးနှင့် မရောထွေးမိဖို့ အရေးကြီးကြောင်း ပြောချင်ပါတယ်။

နောက်တစ်ခုကတော့ ဒီနေရာတွေဟာ ရှေးဟောင်းနေရာတွေချည်းပါပဲ။ ဒီတော့ ဗုဒ္ဓ သို့မဟုတ် ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ ရှေးဟောင်း အဆောက်အဦး အပြို အပျက်တွေချည်း မြင်ရမှာပါ။ ဒီတော့ ကိုယ်လာရင်း ခရီးမှာ ထားရမည့် စိတ်ထားကို မေ့နေလို့ကတော့ အုတ်ကျိုး အုတ်ပဲ့ အုတ်ပုံတွေကို လာကြည့်ရသလိုပါလို့လည်း တွေးမိတတ် မြင်မိတတ်ပါတယ်။

ဒါကြောင့် ဒီခရီးကို သွားတော့မယ်ဆိုရင် ဘုရားဂုဏ်တော် (ရတနာသုံးပါးဂုဏ်တော်) များများထုံဖို့ ပွားဖို့နှင့် မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခနှင့် အစိုးမရခြင်း အနတ္တသဘောကို များများကြီး နှလုံးသွင်းကာ သွားသင့်ကြောင်း သတိပြုပြီး စိတ်ကို ပြုပြင်ထားသင့်ပါသည်။ 

ဘုရားရှိခိုး ရွတ်ဆိုနေကြတဲ့ တိဗက်ရဟန်းတော်များနှင့် အနောက်တိုင်းမှ ဆည်းကပ်သူအချို့
တစ်ချို့ကတော့ ဘုရားဖူးခရီးသွားပြီးလျှင် သေလျှင် အပါယ်မကျကြောင်း၊ နတ်ပြည်ရောက်မည့်အကြောင်း ပြောသံကြားလို့ လာကြသူတွေလည်း နည်းလှမယ် မထင်ဘူး။ ဒါနှင့် ပတ်သက်တဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်ကြားချက်ကို မဟာပရိနိဗ္ဗာန သုတ်တော်မှ ကောက်နှုတ်တင်ပြရလျှင် -

“အာနန္ဒာ၊ သဒ္ဓါတရားရှိသော ရဟန်း၊ ရဟန်း မိန်းမ၊ ဥပသကာ၊ ဥပါသိကာမတို့သည် “ဤအရပ်၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏၊”  “ဤအရပ်၌ မြတ်စွာဘုရား အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် အမြတ်ဆုံးသော ဓမ္မစကြာ တရားကို ဟောတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် ခန္ဓာအကြွင်းအကျန် မရှိသော ငြိမ်းခြင်းသဘောရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏” ဟု အောက်မေ့ သတိယပြီး လာရောက်ကြကုန်လိမ့်မည်။ အာနန္ဒ၊ စေတီ ပုထိုးတို့ကို ဖူးမျှော်ရန် လှည့်လည် သွားလာသော သူတို့သည် ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ့။ ထိုသူအားလုံးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကြရကုန်လိမ့်မည်”။ 

အဲဒီ ဟောကြားချက်မှာ “ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ” ဆိုတဲ့ စကားရပ်ကို သတိပြုသင့်ပါတယ်။ ကြည်ညိုတဲ့ စိတ်နှင့် ကွယ်လွန်မှ နတ်ပြည်ရောက်မှာပါ။ သွားဖူးရုံ ရောက်ဖူးရုံနှင့်တော့ သို့မဟုတ် ကွယ်လွန်ခါနီး ဆဲဆဲမှာ မကောင်းတဲ့ အာရုံ၊ မကောင်းတဲ့ စိတ်တွေနှင့် ကွယ်လွန်သွားလို့ကတော့ နတ်ပြည် မရောက်နိုင်ပါဘူး။ ဒီလို အဓိပ္ပါယ်ကောက်မှလည်း အခြားသော ဗုဒ္ဓရဲ့ ဟောကြားချက်တွေနှင့် ကိုက်ညီမှာပါ။ ဒါကြောင့် ခရီးမသွားခင် ကတည်းက ခရီးစဉ်အတွင်း ထားရမည့် စိတ်ထားကို ကြိုးစားကာ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုလိုက်ချင်ပါတယ်။

ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။

ဘုန်းဉာဏ်

Feb 25, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၁၀)

သည်းခံခြင်း (ခန္တီ)
အရာရာကို စိတ်ရှည်သည်းခံပါ။ ဒေါသဆိုတာ မိမိကို အမှောင်လွှမ်းတဲ့လမ်းကို ခေါ်ဆောင်သွားတတ်တယ်။ ဒေါသဖြစ်ပြီး အခြားသူများကို အနှောင့်အယှက် ပေးပါက မိမိကိုလည်း နာကျင်စေတာပါပဲ။ ဒေါသဆိုတာ ကိုယ်ကာယကို ချိနဲ့စေပြီး စိတ်ကို ပူပန်စေပါတယ်။ ကြမ်းတမ်းတဲ့ စကားတစ်ခွန်းဟာ လေးကနေ ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းလိုပါပဲ။ အကြိမ်တစ်ထောင် တောင်းပန်သော်မှ ပြန်ရုတ်သိမ်းလို့ မရနိုင်တော့ပါဘူး။ 

အချို့သတ္တဝါတွေက ညမှာ မမြင်ကြသလို အချို့က နေ့မှာ မမြင်ကြပါဘူး။ ဒါပေမဲ့ ပြင်းထန်တဲ့ အမုန်းတရားရဲ့ မောင်းနှင်မှုကို ခံရတဲ့ လူကတော့ နေ့မှာပဲဖြစ်ဖြစ် ညမှာပဲဖြစ်ဖြစ် မမြင်တော့ပါဘူး။

သင် ဒေါသဖြစ်တဲ့အခါ သင် ဘယ်သူနှင့် တိုက်ခိုက်နေတာပါလဲ။ သင် ဘာကို တိုက်ခိုက်နေတာပါလဲ။ သင်ဟာ သင်ကိုယ်တိုင်ရဲ့ အဆိုးဆုံး ရန်သူဖြစ်တဲ့ အတွက်ကြောင့် သင့်ကိုသင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စိတ်ဆိုတာ သင့်ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်ပေမည့် အဲဒီစိတ်ကပဲ သင့်ရဲ့ အဆိုးဆုံး ရန်သူလည်း အလွယ်တကူ ဖြစ်လာနိုင်တာပါပဲ။ နှလုံးပြဿနာအချို့၊ အကြောအဆစ်ဆိုင်ရာ ရောဂါများနှင့် အရေပြားရောဂါများဟာ ကာလရှည်ကြာ မကျေမချမ်းဖြစ်မှု၊ မုန်းတီးစိတ်နှင့် မနာလိုဝန်တိုမှုကြောင့် ဖြစ်တာလို့ ခြေရာခံလို့ ရပါတယ်။ အပျက်သဘောဆောင်တဲ့ အဲဒီလို စိတ်ခံစားမှုတွေက နှလုံးကို အဆိပ်သင့်စေပါတယ်။ အဲဒီလိုမျိုး စိတ်ထားတွေဟာ ရောဂါပိုးကို ခန္ဓာကိုယ်ရဲ့ သဘာဝအလျှောက် ခုခံမှုများကို လျော့ကျစေခြင်းအားဖြင့် ငုတ်လျှိုးနေတဲ့ ရောဂါတွေ ကြီးထွားလာအောင် အားပေးပါတယ်။

Feb 23, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၉)

နိဝါတတရား
နိဝါတတရားဆိုတာ ဖြစ်နေတာနှင့် ဖြစ်ဦးမည့်အရာတွေ ကြားမှာရှိတဲ့ ခြားနားမှုကို သိဖို့ရန် ပညာရှိရဲ့ တိုင်းတာစရာ ကြိယာ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင် မိမိကိုယ်ကိုယ်မိမိ နှိမ်ချတဲ့ အနေနှင့် ကိုယ်တော်မြတ်၏ မင်းသွေးမင်းမာန်များကို စွန့်ပစ်ကာ သာသနာပြုအလုပ် တာဝန်များကို စတင်တော်မူခဲ့ပါတယ်။ ကိုယ်တော်မြတ်ဟာ အရဟန္တအဖြစ်သို့ ရောက်ရှိတော်မူခဲ့သော်ငြားလည်း ပင်ကိုသဘဝ ကင်းလွတ်တော်မူမသွားခဲ့သည့် အပြင် ထောင်လွှားသည့် လေသံမျိုးလည်း ရှိတော်မမူခဲ့ချေ။ ရှင်တော်မြတ်၏ ဒေသနာတော်များ၊ ပုံဆောင်တရားတော်များမှာ ကိန်းကြီးခမ်ကြီးနိုင်ခြင်းမျိုး အလျှဉ်းမရှိပါချေ။ အညတရအဖြစ်ဆုံး လူများအတွက်ပင်လျှင် ရှင်တော်ဗုဒ္ဓ အချိန်ပေးတော်မူခဲ့ပါသည်။ ဟာသဥာဏ်တော်လည်း ပျောက်ကွယ်သွားခြင်း အလျှင်း မရှိပေ။

အချိန်မဖြုန်းပါနဲ့
 လူတစ်ယောက်ရဲ့ ဘဝကို အနာဂတ်အကြောင်း တွေးပူပြီး အချိန်ဖြုန်းတာ၊ အတိတ်ကို တန်းတ ပူပန်ပြီး အချိန်ဖြုန်းတာ၊ ပျင်းပျင်းရိရိ မေ့မေ့လျော့လျော့ အချိန်ဖြုန်းတာတွေဟာ ကမ္ဘာမြေပေါ်က အကောင်းဆုံး သတ္တဝါအဖြစ် ရထားတဲ့ မြင့်မြတ်တဲ့ နေရာအတွက် သင့်တော်မှု မရှိဘူးဆိုတာကို ပြတာပါပဲ။ သူနှင့်ထိုက်တန်တဲ့ နေရာကို အဆင့်လျှော့ချပေးမည့် မကောင်းတဲ့ကံကို ဒီနည်းဖြင့် ဖန်တီးပါလိမ့်မည်။ ဒါကို စိတ်ထဲမှာ မှတ်ထားပြီး အသက်ရှင်စဉ် ကုသိုလ်ကောင်းမှု ပြုလုပ်ပါ။ အချိန်ဖြုန်းခြင်းဖြင့် သင့်ကိုယ်သင်သာ ဒုက္ခဖြစ်စေသည် မဟုတ်၊ သင့်အချိန်သည် သင်ပိုင်သလို အများအားဖြင့် သူတစ်ပါးအချိန်လည်း ဖြစ်နေရကား သူတစ်ပါးကိုလည်း ဒုက္ခပေးပါသည်။

Feb 21, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၈)

တစ်ဘက်စောင်းနင်း ကင်းပါစေ
သင်စိတ်ဆိုးနေတဲ့အခါ သို့မဟုတ် ရန်စခံနေရတဲ့အခါ ဘယ်ကိစ္စမှာမဆို အလျှင်စလို ဆုံးဖြတ်ချက် ချတာမျိုး မလုပ်ပါနှင့်။ အဲဒီလိုအခါမျိုးမှာ ချမိတဲ့ မည်သည့် ကောက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်မဆို တစ်နေ့မှာ သင် ဝမ်းနည်းစရာကိစ္စမျိုး ဖြစ်လာတတ်တယ်။ ပထမဆုံး သင့်စိတ်ကို တည်ငြိမ်ခွင့်လေး ပေးပါ။ အဲဒီလိုဆိုရင် သင့်ဆုံးဖြတ်ချက်က ဘက်မလိုက်တဲ့ (တစ်ဘက်စောင်းနင်း ကင်းတဲ့) ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မည်။ 

သည်းခံခြင်းကို ပြုစုပြိုးထောင်ပါ။ အကြောင်းကတော့ တစ်ခြားလူတွေရဲ့ ဒုက္ခသုက္ခတွေကို ကိုယ်ချင်းစာဖို့ ကူညီတတ်လို့ပါ။ မလိုအပ်ပဲ ဝေဖန်တာမျိုးကို ရှောင်ကြဉ်ပါ။ အတော်ဆုံးလူသည်ပင် အမှားမကင်းနိုင်ဘူးဆိုတာကို နားလည်သဘောပေါက်အောင် ကြိုးစားပါ။ တစ်ပါးသူမှာ တွေ့ရတဲ့ အားနည်းချက်မျိုးကို သင့်မှာလဲ တွေ့ရနိုင်တာပါပဲ။ အဲဒါကိုပဲ ဖန်အိမ်ထဲမှာ နေနေစဉ် သူများကို ခဲနှင့် မပစ်ပေါက်ပါနဲ့လို့ ပြောကြတာပဲလေ။

(Ven. K. Sri Dhammananda ၏ How to Overcome Your Difficulties ကို ဘာသာပြန်ခြင်းမှ အဆက် ဖြစ်ပါတယ်)။

ဘုန်းဥာဏ်

Feb 16, 2011

ဗုဒ္ဓဘာသာမှာ ထင်ဟပ် ဖော်ပြထားတဲ့ စကြာဝဠာ ကမ္ဘာလောက (၃)



လောကဓာတ်သုံးမျိုးနှင့် အနန္တစကြာဝဠာ
အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ၊ စူဠနိကာသုတ်တော်မှာ လောကဓာတ် သုံမျိုး အကြောင်းကို ဟောထားတာ တွေ့ရပါ တယ်။ အဲဒီ ဟောကြားချက်ကတော့ - 

“အာနန္ဒာ၊ လ နေတို့ လှည့်လည်လျက် အရပ်မျက်နှာတို့ ထွန်းလင်းတောက်ပရာ (စကြာဝဠာ) တစ်ခု အပိုင်းအခြားကို တစ်ထောင်ဖြင့် မြှောက်ယူရသော လောကသည် ရှိ၏” လို့ ဆိုထားတာကြောင့် ကမ္ဘာ၊ လနှင့် နေတို့ကို စကြာဝဠာတစ်ခုလို့ ယူရတဲ့ အယူအဆ ပါပါတယ်။ အဲဒီမှာ လတစ်ထောင်၊ နေတစ်ထောင် စတာတွေနှင့် နတ်ဘုံ တစ်ထောင်၊ ဗြဟ္မာဘုံ တစ်ထောင် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ စူဠနိကာလောကဓာတ် တစ်ထောင်ကို တစ်ထောင်ဖြင့် ထပ်မြှောက်လို့ ရတဲ့ လောက (1,000,000)ကိုတော့ မဇ္ဈိမိကာ လောကဓာတ်လို့ ခေါ်ပါတယ်တဲ့။ အဲဒီ မဇ္ဈိမိကာ လောကဓာတ်ကို တစ်ထောင်ဖြင့် ထပ်မြောက်လို့ရတဲ့ လောက (1,000,000,000,000)ကိုတော့ မဟာလောကဓာတ်လို့ ခေါ်ပါတယ်။ 

အဲဒီသုတ်တော်မှာပဲ ဘုရားရှင်ရဲ့ အသံတော်ကို (ဘုရားရှင် အလိုတော်ရှိလျှင်) ကြားနိုင်ရာ အရပ်ကို အရှင်အာနန္ဒက သုံးကြိမ်တိုင်တိုင် မေးလျှောက်လို့ ဖြေကြားထားရာမှာ စကြာဝဠာ ကုဋေတစ်သိန်းရှိ မဟာလောကဓာတ် တစ်ခုလုံးကိုလည်း ကြားသိစေနိုင်ကြောင်းနှင့် ထို့ထက်အလွန်လည်း အလိုရှိရာ အရပ်အပိုင်းအခြား တိုင်အောင် ကြားသိစေနိုင်ကြောင်း မိန့်ကြားတော်မူပါတယ်။ ဒါကိုကြည့်ရင် စကြာဝဠာ ကုဋေတစ်သိန်းကို မဟာလောကဓာတ်လို့ ခေါ်ကြောင်း သိနိုင်တဲ့ အပြင် စကြာဝဠာတွေဟာ ဒီထက်လဲ ပိုများကြောင်း သိနိုင်ပါတယ်။ ဒီတော့ အားလုံးသိပြီးသား စကားရပ်ဖြစ်တဲ့ “အနန္တ စကြာဝဠာ“ ဆိုတာ ဖြစ်လာတာပါပဲ။ စကြာဝဠာတွေဟာ ရေတွက်လို့ မရနိုင်လောက်အောင်ပါပဲ။

တစ်လောကပဲ ကမ္ဘာရဲ့ အနီးလေးမှာတင် ရှိနေပေမဲ့ အရင်က မမြင်မိတဲ့ ကြယ်တစ်လုံးကို တွေ့ရှိတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။ နောက် ဒီ ဖေဖော်ဝါရီလ (၂) ရက်လောက်ကပဲ စကြာဝဠာထဲမှာ သက်ရှိတွေ နေထိုင်နိုင်တဲ့ ကမ္ဘာအရွယ်အစား ဂြိုဟ် (၅)ခုကို နာဆာက တွေ့ရှိကြောင်း သတင်းတွေ ထွက်လာပြန်ပါတယ်။ 

နက္ခတ္တဗေဒ ပညာရှင်တွေက “စကြာဝဠာကြီးဟာ ခုလောလောဆယ် သူတို့ တွေးထင်ထားတဲ့ ကြယ်အရေအတွက်ထက် သုံဆခန့် ပိုမိုများနိုင်ကြောင်း” ပြောကြပါတယ်။ ကျွန်ုပ်တို့ နဂါးငွေ့တန်းနှင့် မတူတဲ့ အခြားသော နဂါးငွေ့တန်းတွေမှာ တွေ့မြင်ရတာတွေကို စောင့်ကြည့် လေ့လာပြီးတော့ သူတို့က ဒီလို အကဲဖြတ်ချက် လုပ်ကြတာပါ။ သုတေသနပညာရှင်တွေက The Journal Nature ကို ပြောတာက “ကြယ်တာရာတွေ ပိုများတာက မြေကမ္ဘာလိုမျိုး ဂြိုလ်တွေဟာ ကုဋေပေါင်းများစွာ ("trillions" of Earth-like worlds ) ကောင်းကောင်းကြီး ရှိနေနိုင်တယ်လို့ ဆိုလိုနိုင်ကောင်း ဆိုလိုနိုင်ပါတယ်” တဲ့။ 

ဒါကြောင့်ထင်ပါတယ်။ C. P. Ranasinghe က သူ့ရဲ့ The Buddha’s Explanation of the Universe စာအုပ်မှာ “စကြာဝဠာအကြောင်းကို ဆင်ခြင်ရာတွင် ဗုဒ္ဓသည် အပိုင်အခြားရှိသော သင်္ချာနည်းနှင့် အပိုင်အခြား မရှိသော သင်္ချာနည်း နှစ်နည်းလုံးကို အသုံပြုကြောင်းနှင့် အပိုင်းအခြားရှိတဲ့ သင်္ချာပညာ သဘောတရားများကို အပိုင်းအခြား မရှိသော သင်္ချာပညာတွင် အသုံးမပြုနိုင်ကြောင်း၊ အပိုင်းအခြား မရှိသော ပုစ္ဆာမှန်သမျှရဲ့ အဖြေဟာ တစ်ခုတည်းပဲ ရှိပြီး ထိုတစ်ခုတည်းသော အဖြေမှာလည်း အပိုင်းအခြား မရှိသော ကိန်းပင် ဖြစ်လိမ့်မည် ဖြစ်ကြောင်း” သုံးသပ်ပြပါတယ်။

စကြာဝဠာရဲ့ ဗဟိုချက်မ
အဲဒီလို စကြာဝဠာ ကမ္ဘာလောကတွေဟာ မရေမတွက်နိုင် (အနန္တ)ဖြစ်တဲ့ အတွက်ကြောင့် စကြာဝဠာရဲ့ ဗဟိုကို မတွက်ချက်နိုင်ဘူးလို့ သူက ဆိုပါတယ်။ စကြာဝဠာရဲ့ ဗဟိုနှင့် ပတ်သက်လို့ Ranasinghe ရဲ့ အဆိုက -

“စကြာဝဠာသည် အကျယ် ပမာဏ၌လည်းကောင်း၊ အချိန်ကာလ ရှည်ကြာမှု အစရှိသည်တို့၌လည်းကောင်း မည်သည့်ဘက်တွင်မျှ အပိုင်းအခြားမရှိဟု ဗုဒ္ဓက ဆို၏။ အဆိုပါ အပိုင်းအခြား မရှိမှုကို မည်ကဲ့သို့မျှ သင်္ချာနှင့်တွက်၍ မရနိုင်။ ထို့ကြောင့် အဆိုပါ အပိုင်းအခြား မရှိမှုကို သမုဒ္ဒရာကြီး အတွင်း၌လည်းကောင်း၊ ဟင်းလင်းပြင် အတွင်း၌လည်းကောင်း ရှိသမျှသော အစက်အပြောက်များသည် စကြာဝဠာ၏ ဗဟိုချည်းသာ ဖြစ်ကြကုန်၏။ နက္ခတ္တဗေဒပညာရှင်များ တွေ့ရှိရသည့် ကြယ်များအနက်မှ အဝေးလံဆုံးဖြစ်သော ကြယ်ကို စကြာဝဠာ၏ ဗဟိုဟု ဆိုနိုင်သကဲ့သို့ ဤစကြာဝဠာမြေကြီးကိုလည်း စကြာဝဠာ၏ ဗဟိုဟု ဆိုနိုင်သည်သာ ဖြစ်၏။ အချိန်သည်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။ အချိန်၌လည်း အစလည်းမရှိ၊ အဆုံးလည်း မရှိ။ အချိန်သည် အတိတ်ဘက်တွင်လည်း အပိုင်းအခြားမရှိ။ အနာဂတ်ဘက်တွင်လည်း အပိုင်းအခြားမရှိအောင် ရှည်လျှား၏။ ထို့ကြောင့် အချိန်အစက်အပြောက်အားလုံးသည် အချိန်၏ ဗဟိုချည်း ဖြစ်ကြကုန်၏။ ပစ္စုပ္ပန်အချိန်သည် နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် ကြာသောအခါကျမှ ဖြစ်ပေါ်မည့် အနာဂတ် အချိန်တို့ကဲ့သို့ပင် အချိန်၏ ဗဟိုပင် ဖြစ်၏။” တဲ့။
 
သိပ္ပံပညာ အဆမတန် တိုးတက်ထွန်းကားလာလို့ ရှာဖွေတွေ့ရှိမှုတွေ၊ အဖက်ဖက်မှာ တိုးတက်မှုတွေက အံ့မခန်းပါပဲ။ ဒါပေမဲ့ အဲဒီ ရှာဖွေတွေ့ရှိမှု ဆိုတာကလဲ အချိန်နှင့် အမျှ ပြောင်းလဲနေပါတယ်။ ဒီနေ့ ဒီလိုတွေ့လို့ ဒီလိုပြောဆို တင်ပြနိုင်၊ အမှန်လို့ယူဆနိုင်တာတွေက ဒီနေ့အတွက်မျှပဲ ဖြစ်ပါတယ်။ မနက်ဖြန် အထောက်အထား တစ်မျိုးတွေ့ရင် ဒီနေ့ လက်ခံခဲ့တဲ့ အမှန်တရားဟာ မမှန်တော့ပြန်ပါဘူး။ 

ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်လို့ကလည်း တွေ့ရှိထားချက်တွေဟာ အများအပြားပဲဆိုတာ မှန်ပေမဲ့ တကယ်တော့ ကမ္ဘာဂြိုဟ်နှင့် စကြာဝဠာတွေရဲ့ လျှို့ဝှက်ချက်တွေကို ခုထိ နားမလည်နိုင်သေးတာတွေက သိပြီး နားလည်ပြီးတာတွေထက် အလွန်တရာမှ ပိုများနေသေးတယ်လို့ ပြောဆိုထားကြတယ် မဟုတ်ပါလား။

ရည်ညွှန်း။
  1. စူဠနိကာသုတ္တံ၊ (အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ အာနန္ဒဝဂ္ဂ)၊ အံ ၁၊ ၂၂၇။
  2. Ranasinghe C. P., The Buddha’s Explanation of the Universe, p. 40.
  3. http://www.bbc.co.uk/news/science-environment-11888362