Pages

Dec 23, 2010

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၂)

 မိမိစိတ်ကို ထိန်းချုပ်ပါ
လူသားရဲ့ စိတ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို အကြီးအကျယ်ကို လွှမ်းမိုးပါတယ်။ စိတ်ဟာ စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နုလို့ ဆိုရလောက်အောင် အလားအလာ စွမ်းပကားတွေ ရှိပါတယ်။ (စိတ်ဟာ ဆေးတစ်ပါး ဖြစ်နိုင်သလောက်ကို အဆိပ်ဖြစ်နိုင်လောက်တဲ့ စွမ်းအင်တွေကလဲ ရှိနေတာပါ။) စိတ်ဟာ ဆိုးဝါး ကြမ်းတမ်းရင် သတ္တဝါ တစ်ဦးတစ်ယောက်ကို သတ်ပစ်နိုင်သလို တည်ငြိမ် ဂရုတစိုက် ကြိုးစားအားထုပ်ရင် အခြားသူတွေကို အကျိုးပြုတာပါပဲ။ စိတ်ကို သမ္မာဆန္ဒအပေါ်မှာ အာရုံစိုက်ထားပြီး သမ္မာဝါယာမ(ကောင်းမြတ်တဲ့ အားထုပ်မှု)၊ သမ္မာဒိဋ္ဌိ (မှန်ကန်တဲ့ အမြင်) တို့နှင့် ထောက်ပံ့ပေးထားရင် စိတ်က ဖြစ်စေတဲ့ အကျိုးတရားဟာ ကြီးကျယ် များပြားတော့တာပါပဲ။ ဖြူစင်သန့်ရှင်းပြီး ကောင်းမြတ်တဲ့ အတွေးတွေနှင့် ယှဉ်တဲ့ စိတ်ဟာ ခန့်ကျန်းပြီး သက်တောင့်သက်သာ ရှိတဲ့ ဘဝနှင့် နေရတာပါပဲ။

မိမိရဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မနာလို ဣဿာ စတဲ့ စိတ်တွေလောက် ဘယ်ရန်သူကမျှ မိမိကို ဒုက္ခ မပေးနိုင်ဘူး” လို့ ဗုဒ္ဓက ဟောကြားတော်မူ ထားပါတယ်။ 

ဖြစ်ပေါ်လာတဲ့ အခြေအနေအရ စိတ်ကို ထိန်းညှိပေးရမယ်ဆိုတာကို မသိတဲ့သူဟာ သေပြီးသူ တစ်ဦးနှင့် မခြားတော့သည့်နှယ် ဖြစ်ပါတယ်။ စိတ်ကို အတွင်းဘက်ကို လှည့်ပြီး ပျော်ရွှင် ကြည်နူးမှုကို သင့် ကိုယ်တွင်းမှာပင် တွေ့အောင်ရှာပါ။

စိတ်ကို ထိန်းသိမ်း စောင့်စည်းပြီး သင့်လျှော်အောင် စေစားနိုင်တဲ့ အခါမှသာ စိတ်ပိုင်ရှင်အတွက်ရော လူမှု အသိုင်းအဝိုင်း အတွက်ပါ အသုံးဝင်လာမှာပါ။ ထကြွသောင်းကျန်းတဲ့ စိတ်ဟာ စိတ်ပိုင်ရှင်ကိုရော အခြားသူများကိုပါ ပြဿနာတွေ ဖြစ်စေတဲ့အရာ ဖြစ်ပါတယ်။ ဒီကမ္ဘာမှာ ဖြစ်ပျက်ခဲ့သမျှသော ကသောင်း ကနင်း ဖြစ်ရမှုတွေဟာ စိတ်ထိန်းချုပ်မှု၊ စိတ်တည်ငြိမ်မှုနှင့် ဣနြေ္ဒရှိမှု နည်းလမ်းတွေကို မလေ့လာ မသင်ယူတဲ့ လူတွေရဲ့ ဖန်တီးမှုပဲ ဖြစ်ပါတယ်။

တည်ငြိမ်မှုဟာ ပျော့ညံ့မှု မဟုတ်ပါဘူး။ အချိန်မရွေး တည်ငြိမ်တဲ့ စိတ်ထားရှိသူဟာ သူ့ကိုယ်သူ ယဉ်ကျေးသူ တစ်ယောက် အဖြစ် အထင်အရှား ပြသတာပါပဲ။ အဆင်ပြေနေတဲ့ အချိန်မှာ တည်ငြိမ်ဖို့က သိပ်ကြီး မခက်လှပါဘူး။ ဒါပေမဲ့ အဆင်မပြေတဲ့ အချိန်မှာ စိတ်ကို ထိန်းချုပ်ဖို့ကတော့ တကယ်ကိုပဲ ခက်ခဲပါတယ်။ အောင်မြင်သင့် အောင်မြင်ထိုက်တာက ဒီ ခက်ခဲတဲ့ အရည်အသွေးကိုပါ။ ဘာလို့လဲဆိုရင် ဒီလိုမျိုး တည်ငြိမ်မှု စိတ်ထိန်းချုပ်မှုကို လေ့ကျင့်ခြင်းအားဖြင့် လူတစ်ယောက်ဟာ သတ္တိစွမ်းပကားကို တည်ဆောက်နေလို့ပါ။

သဘာဝရဲ့ အသံ

ခေတ်သစ်လူသားဟာ သဘာဝရဲ့ အသံကို နားမထောင်ပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနှင့် ပျော်ရွှင်သာယာမှုကို တွေးနေရတဲ့ အတွက်ကြောင့်ပါ။ သူဟာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို လျစ်လျူရှုရလောက်အောင်ကို လောကီရေးရာ သာယာမှုကို တွေးတော ကြံစည်နေတာပါ။ မျက်မှောက် လူသားရဲ့ သဘာဝမကျလှတဲ့ အမူအရာက လူသားရဲ့ ဘဝနှင့် ဘဝရဲ့ အန္တိမပန်းတိုင်ကို ချက်ခြင်းကိုပဲ မှောက်မှောက် မှားမှား  ရှုမြင်စေပါတယ်။ ဒါက ကျွန်ုပ်တို့ ခေတ်မှာရှိတဲ့ စိတ်ပျက်စရာ၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် မလုံခြုံမှုတွေအားလုံးရဲ့ အကြောင်းတရားပါပဲ။

လူဟာ ကြမ်းကြုတ် ယုတ်မာပြီး သဘာဝတရားနှင့် စကြာဝဠာတို့ရဲ့ နိယာမတရားတွေကို ဆန့်ကျင်ရင် သူ့လုပ်ရပ်၊ အပြောအဆိုနှင့် အတွေးတွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ညစ်ညမ်းစေ ပါလိမ့်မယ်။ အလွဲသုံးစား ပြုခံရတဲ့ သဘာဝတရားဟာ လူသားရဲ့ ရှင်သန်မှုအတွက် လိုအပ်တာတွေကို ဖြည့်ဆည်း ထောက်ပံ့ ပေးတော့မှာ မဟုတ်ပါဘူး။ အဲဒီအစား ဆန့်ကျင်မှုများ၊ ပဋိပက္ခများ၊ ကပ်ရောဂါ များနှင့် ကပ်ဆိုက်မှု ဘေးအန္တရာယ်များကသာ လူသားအတွက် ဖြစ်ပေါ်လာဖို့ စောင့်ဆိုင်းနေပါလိမ့်မယ်။

လူသားဟာ ဒီ သဘာဝနိယာမနှင့် အညီ နေထိုင်မယ်၊ တရားနှင့် ညီတဲ့ဘဝနှင့် နေမယ်၊ သုစရိုက်တရား တည်းဟူသော ကောင်းမြတ်မှုဖြင့် လောကကြီးကို သန့်ရှင်း စင်ကြယ်စေမယ်၊ ပြီးတော့ အခြားသော သက်ရှိသတ္တဝါများ အားလုံးအပေါ် သနားကြင်နာခြင်းရှိတဲ့ မေတ္တာတရား ထားမယ် ဆိုရင် လူသားအတွက် သူဟာ ပျော်ရွှင်ချမ်သာမှုကို ဖြစ်စေနိုင်ပါတယ်။ ငြိမ်းချမ်းမှုကို အမှန်တကယ် နှစ်သက် သူဟာ အခြားသူရဲ့ လွတ်လပ်ခွင့်ကို မချိုးဖောက်သင့်ပါဘူး။ အခြားသူတွေကို နှောင့်ယှက်တယ်၊ လှည့်စားတယ် ဆိုတာ မှားယွင်းပါတယ်။

သင်ဟာ အလွန်တရာ အလုပ်များလှတဲ့သူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရားဘာဝနာ ပွားများမှုမှာပဲ ဖြစ်ဖြစ်၊ တန်ဖိုးရှိတဲ့ စာအုပ်စာပေများကို ဖတ်ရှုမှုမှာပဲ ဖြစ်ဖြစ် အနည်းဆုံး မိနစ် အနည်းငယ် လောက်တော့  နေ့စဉ် အသုံးပြုသင့်ပါတယ်။ ဒီအလေ့အကျင့်က သင့်ရဲ့ ပူပန်သောကများကို သက်သာ လျော့ပါးစေမှာ ဖြစ်ပြီး သင့်စိတ်ကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့် ဘာသာတရားကို တွေးတော စဉ်းစားဖို့က သင့် တာဝန်ဖြစ်ပါတယ်။ သာသာရေးဆိုင်ရာ ဝန်းကျင်မှာ ကျင်းပတဲ့ ပွဲတော်များ အတွက် အတော်အသင့် အချိန်ပေးပါ။ ဘာသာတရား ကိုင်းရှိုင်းတဲ့ လူတွေနှင့် အပေါင်းအဖော်အဖြစ် နေရ တဲ့ အချိန်တိုလေးကပင် ကောင်းမြတ်တဲ့ အကျိုးရလဒ်တွေကို ဖြစ်စေပါလိမ့်မည်။

စိတ်ကျန်းမာရေးနှင့် ရာဇဝတ်မှု ကြူးလွန်လိုစိတ်

စိတ်ရောဂါ နှင့် စိတ်ဖောက်ပြန်မှုမျိုးစုံ တိုးပွားလာမှုဟာ ခေတ်သစ် ရောဂါ အားလုံးရဲ့ စိုးရိမ် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အလားအလာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ အထူးသဖြင့် ချမ်းသာ ကြွယ်ဝသည့် နိုင်ငံတွေမှာ စိတ်ရောဂါ ဝေဒနာရှင်များ တိုးပွားနေပါတယ်။

ကိစ္စရပ် အများအပြားမှာ ကျွန်ုပ်တို့ လူမှု အဝန်းအဝိုင်းရှိ ရာဇဝတ်ကောင်များကို စိတ်ဝေဒနာနှင့် မခြား ဖော်ပြပါတယ်။ ဖရွိုက် (Freud) ရဲ့ သုတေသနလုပ်ငန်းမှ တိုက်ရိုက် အစပြုသည့် အပြုသဘော ဆောင်ပြီး အကျိုးသက်ရောက်မှု များလှတဲ့ ရလဒ်တစ်ခုကတော့ ရာဇဝတ်ကောင်များနှင့် ဆိုးသွမ်း လူငယ်များဟာ စိတ်ဝေဒနာသည်များ ဖြစ်ကြပြီး အပြစ်ပေးမှုထက် ကုသမှု ပိုမိုလိုအပ်သူများ ဖြစ်သည် ဆိုခြင်းကို အသိအမှတ် ပြုခြင်း ဖြစ်ပါတယ်။ အပြစ်ပေးခြင်းကို ပြန်လည် ထူထောင်မှုနှင့် အစားထိုးရန် တိုးတက် တီထွင်ထားသည့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများ အားလုံး၏ အခြေခံ ဖြစ်သည် ဆိုသည့် ပြဿနာနှင့် ပတ်သက်၍ သဘောထား ကြီးလှသည့် အမြင်မှာ ဤအမြင်ပင် ဖြစ်ပါတယ်။

သင့်၏ အိမ်နီးနားခြင်းများကို သိပါ

အခြားလူများ မည်သို့ မည်ပုံ နေထိုင်ကြသည်ကို ကျွန်ုပ်တို့ မတွေ့မြင်ကြသည့်အခါ မတူ ကွဲပြားသည့် ဘဝနေနည်းများကို မလေ့လာမိတတ်ပေ။ ခရီးသွားခြင်းဟာ အကောင်းဆုံးသော ပညာရေးပုံစံဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် မတူ ကွဲပြားသည့် လူများနှင့် ကိုယ်တိုင် တွေ့ကြုံရမှုများသည် ကျွန်ုပ်တို့အား ကြင်နာ ထောက်ထားမှုကို ဖြစ်စေပါတယ်။ သည်းမခံမှုဆိုတာ အခြားသူရဲ့ လိုအပ်ချက်များနှင့် တွေးပုံ တွေးနည်းကို မသိမှုကြောင့် ဖြစ်ရတာပါ။

(ဆက်ပါဦးမည်)

ဘုန်းဉာဏ်

Dec 20, 2010

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁)

(Ven. K. Sri. Dhammananda ၏ How To Overcome Your Difficulties စာအုပ်ငယ်ကို ဘာသာပြန် တင်ပြပါသည် 

စိတ်ပူနေပါလား။ စိတ်ပျက်လက်ပျက် ဖြစ်နေပါသလား။ ဒီလိုဆိုလျင်တော့ သင့်ရဲ့ပြဿနာတွေကို အသေအချာ နားလည်လာအောင် ဒီစာစောင်လေးကို ဖတ်ဖို့ ဖိတ်ကြားပါတယ်။ ဒီစာစောင်လေးကို သင်နှင့် ပူပန် သောကရောက်နေကြတဲ့ သူတွေကို ရည်ရွယ်တာပါ။

ကြောက်ရွံ့ခြင်းနှင့် ပူပန်သောက
ကြောက်ရွံ့ခြင်းနှင့် ပူပန်သောကဟာ လောကီရေးရာ အခြေအနေတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ဖြစ်ပေါ် လာတဲ့ အတွေးစိတ်တွေမှ မွေးဖွား ဖြစ်ပေါ်လာပါတယ်။ သူတို့တွေဟာ ကပ်ငြိမှုတဏှာနှင့် တွယ်တာမှုမှာ မြစ်ဖျားခံပါတယ်။  အမှန်စင်စစ်ကတော့ ဘဝဆိုတာ အရာရာ အမြဲမပြတ် ရွေ့လျား ပြောင်းလဲနေတဲ့ ရုပ်ရှင်ကားတစ်ခုလိုပါပဲ။ ဒီလောကမှာ ဘယ်အရာမှ ခိုင်မြဲ တည်ငြိမ်တာမဟုတ်ပါဘူး။ ငယ်ရွယ် နုပျို သန်မာကြသူတွေက ငယ်ငယ်ရွယ်ရွယ်နှင့် သေကြရမှာကို ကြောက်ရွံ့ကြတယ်။ အိုမင်းရင့်ရော်ပြီး ဆင်းရဲဒုက္ခ ရောက်နေကြသူတွေက အသက်အရှည်ကြီးနေကြရမည့်ရေး ပူပန်နေကြတယ်။ ဒီနှစ်ခုကြားက လူတွေက တစ်နှစ်ပတ်လုံး ပျော်ပျော်ရွှင်ရွှင် နေရဖို့ မက်မက်မောမောကြီး တောင့်တနေကြပြန်တယ်။

ကောင်းတာလေးတွေကို ပျော်ပျော်ရွှင်ရွှင် မျှော်လင့်စောင့်စားရတာတွေက မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားပါတယ်။ မသာယာ မမြတ်နိုးဖွယ်ကို ကြောက်ကြောက်ရွံ့ရွံ့ စောင့်စား မျှော်လင့်ရမှုတွေက ပျောက်ကွယ်သွားနိုင်ခဲဟန်တူတဲ့ ပူပန်သောကတွေကို ဖန်တီးပေးပါတယ်။ ဒီလိုစိတ်ခံစားရမှုတွေဟာ သဘာဝပါပဲ။ ကြိုးဆွဲခံရတဲ့ ရုပ်သေးရုပ်တစ်ရုပ်လိုပါပဲ။ ဘဝရဲ့ ဒီလိုမျိုး အတက် အကျတွေဟာ တကယ် မရှိတဲ့ အတ္တနှင့် ကစားနေကြရတာပါ။ ဒါပေမဲ့ စိတ်ကတော့ အဲဒီအတ္တရဲ့ အထွဋ်အထိပ်မှာ ရှိပါတယ်။

ဘာဝနာလို့ တစ်နည်းတစ်ဖုံ သိကြတဲ့ စိတ်လေ့ကျင့်မှုဟာ စိတ်ပိုင်းဆိုင်ရာ ထကြွသောင်းကြမ်းမှုကို ယဉ်ကျေးအောင် လုပ်ခြင်းရဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်က
ချစ်ခင် တွယ်တာခြင်းကြောင့် သောကရောက်ရ၏၊
သောကကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏၊
ချစ်ခင် တွယ်တာမှု လုံးဝ  ကင်းသောသူအတွက် သောကကင်းကွာ၊
ကြောက်ရွံ့မှုလည်း အလွန်ပင် နည်းလာရပေတော့၏” လို့ ရှင်းလင်း ဟောကြားတော်မူထားပါတယ်။

 မည်သည့်ပုံစံနှင့်ပဲ ခင်မင် တွယ်တာ သံယောဇဉ်ဖြစ်ဖြစ် သောကနှင့် အဆုံးသတ်ရပါလိမ့်မယ်။ မျက်ရည်စတွေက ဘဝရဲ့ မတည်မြဲခြင်းသဘောကို အဆုံးသတ်မပေးနိုင်သလို အချိန်ဆွဲပြီး နှုတ်ဆက်နေ တာကလဲ အဆုံးသတ် မပေးနိုင်ပါဘူး။ အရာခပ်သိမ်းဟာ မမြဲပါဘူး။

အသက်ကြီးသူတွေပဲ ဖြစ်ဖြစ်၊ ငယ်ရွယ်ကြသူတွေပဲ ဖြစ်ဖြစ် ဒီဘဝမှာ ဒုက္ခခံစားကြရတာပါပဲ။ မည်သူမျှ ချွင်းချက် မရရှာကြပါဘူး။ ဆယ်ကျော်သက် အများစုဟာ ပိုမိုကြီးမားတဲ့ ဆင်းရဲဒုက္ခကို ခံစားကြရ ပါတယ်။ ဖားလဲ မဟုတ် ဖားလောင်းလဲ မဟုတ်တဲ့ အတွက်ကြောင့် ဆယ်ကျော်သက်တွေဟာ ဆန့်ကျင်ဘက် လိင်ရှိသူတွေနှင့် တည်ငြိမ်တဲ့ ဆက်ဆံရေး တည်ဆောက် ခံစားကြတာကတော့ ခံထိုက်ပါတယ်။ သူတို့ကိုယ်သူတို့ လိင်ပိုင်းဆိုင်ရာ အာရုံတွေအဖြစ် ရှုမြင်ခံရတာကို ဂုဏ်ယူနေကြတဲ့ ဆန့်ကျင်ဖက် လိင်ရှိသူတွေကို အထင်ကြီး စွဲမက်စေဖို့ ကြိုးစားကြရာမှာ သူတို့တွေရဲ့ ဆွဲဆောင်နိုင်မှုကို ကြိုးစားပမ်းစားကို ပြစားကြ ကြွားလုံးထုပ်ကြပါတယ်။ ယောက်ျားရော မိန်းမပါ တကယ်ကို သူတို့မဟုတ်တဲ့ အတိုင်း ပြုမူနေထိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ သူတို့ တွေးတာ ခေါ်တာကြတော့ အရွယ် ရောက်ပြီးသူတို့လိုမျိုး ကြိုးစားကြတယ်။ သဘာဝအတိုင်း ပြုမူ နေထိုင်မယ်ဆိုရင် သူတို့တွေကို ဟားကြမှာကို ကြောက်ရွံ့ကြတယ်။ ဒီ အပြုအမူမျိုးဟာ အမြတ်ထုပ်ခံရမဲ့ အလားအလာ ရှိပါတယ်။ အပယ်ချခံရမှာ ကြောက်ရွံ့ကြသလို အတ္တမာနတွေ သိမ်ငယ်မှာကိုလည်း ပူပန်ကြပြန်ပါတယ်။ တစ်ဖက်သတ်အချစ်ဟာ ဆယ်ကျော်သက် အများအပြားတို့ရဲ့ အသဲတွေကို မကြာခဏ ခွဲပစ်ပါလိမ့်မယ်။ အကြောင်းကတော့ သူတို့တွေဟာ သူတို့ကို သူတို့ အရူးလုပ်မိကြပြီလို့ ခံစားကြလို့ပါ။ အချို့ဆို ကိုယ့်ကိုယ်ကို သတ်သေမိသည် အထိကို ဖြစ်စေပါတယ်။ သို့ဖြစ်ရလင့်ကစား ဘဝကို ယထာဘူတကျကျ (အရှိ အရှိအတိုင်း၊ အမှန်အမှန်အတိုင်း) မြင်တတ်လျှင်ကား ဒီလိုမျိုး ဝမ်းနည်းဖွယ်ရာကြီးကို ရှေင်ရှားနိုင်ပါသတယ်။ မှန်မှန်ကန်ကန် ကြီးထွား ရင့်ကျက်ဖို့ ဗုဒ္ဓရဲ့ ဘဝကို ချဉ်းကပ်ပုံ ချဉ်းကပ်နည်းကို လူငယ်တို့ကို သင်ပေးရပါမယ်။ 

ဘယ်မှာပဲ ကြောက်ရွံ့မှု ဖြစ်ဖြစ်၊ ကြောက်ရွံ့မှု ဆိုတာ လူမိုက်မှာသာ ဖြစ်တာပါ၊ ပညာရှိမှာ မဖြစ်ပါဘူး” လို့ ဗုဒ္ဓက မိန့်ကြားတော်မူထားပါတယ်။

ကြောက်ရွံ့မှုဆိုတာ စိတ်အခြေအနေ တစ်ရပ်ထက် မပိုပါဘူး။ မိမိရဲ့ စိတ်ဟာ ထိန်းချုပ်လို့၊ ဦးတည်ရာ ပြောင်းပေးလို့ ရတဲ့ အရာမျိုးပါ။ အပြုသဘောမဆောင်တဲ့ အတွေးစိတ်ဟာ ကြောက်ရွံ့မှုကို ဖြစ်စေပါတယ်။ အပြုသဘောဆောင်တဲ့ အတွေးစိတ်ကတော့ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်တွေနှင့် စံနှုန်းတွေကို အကောင်ထည်ပေါ် ပြီးမြောက်စေပါတယ်။ ရွေးချယ်မှုကတော့ ကျွန်ုပ်တို့၏ တာဝန်သာ ဖြစ်ပါတယ်။ လူသားတိုင်းဟာ မိမိစိတ်ကို မိမိ ထိန်းသိမ်း စောင့်စည်းဖို့ စွမ်းရည်ရှိပါတယ်။ သဘာဝတရားက လူသားကို တစ်စုံတစ်ခုအပေါ်မှာ ပြီးပြည့်စုံတဲ့ အခွင့်အာဏာ အပ်နှင်းထားပါတယ်။ အဲဒါကတော့ အတွေး စိတ်ပဲ ဖြစ်ပါတယ်။ လူသားတစ်ဦး ဖန်တီးတဲ့ အရာတိုင်းဟာ အတွေးကပဲ စပါတယ်။ ကြောက်ရွံ့မှုကို အောင်နိုင်ဖို့ နည်းလမ်းကို ပိုမို နားလည်အောင် ကူညီမဲ့ သော့ချက်က ဒီမှာပါ။

တစ်ခါက ထင်ရှား ကျော်ကြားတဲ့ ဗြိတိသျှ ခန္ဓာဗေဒပညာရှင် တစ်ဦးကို ကျောင်သား တစ်ယောက်က ကြောက်ရွံ့မှုကို ကုသဖို့ အကောင်းဆုံး ကုထုံးက ဘာပါလဲ လို့ မေးပါတယ်။ ပညာရှင်ကြီး ပြန်ဖြေတာက “တစ်ဦး တစ်ယောက် အတွက် တစ်စုံတစ်ခုကို ကြိုးစားပြီး လုပ်ပေးပါ” တဲ့။

အဖြေကြောင့် ကျောင်းသားဟာ အတော်လေးကို အံအားသင့်သွားပြီး ထပ်ရှင်းပါဦးဗျာ လို့ တောင်ပန် ပါတယ်။ အဲဒီအခါမှာ သူ့ဆရာက “တစ်ချိန်တည်းမှာ မင်းဟာ ဆန့်ကျင်ဖက် (အတွေး)စိတ် နှစ်ခုကို မင်းစိတ်ထဲမှာ ထားလို့ မရပါဘူး” လို့ ပြောလိုပါတယ်။ အတွေးတစ်ခုက အခြားအတွေးတစ်ခု အမြဲပဲ မောင်းထုတ်ပါလိမ့်မယ်။ ဥပမာ -  သင့်ရဲ့ စိတ်ကို အခြားတစ်ယောက်ကို ကူညီဖို့ တစ်ကိုယ်ကောင်းဆန်မှု ကင်းတဲ့ ဆန္ဒနှင့် လုံးဝ ဖြည့်ဆည်းထား သိမ်းပိုက်ထားတယ် ဆိုရင် မင်းဟာ တစ်ချိန်တည်းမှာပဲ ကြောက်ရွံ့မှုကို လက်ခံထားလို့ မရပါဘူး။

စိုးရိမ်ပူပန်မှုက သွေးသားတွေကို အရွယ်မတိုင်မီ ခန်းခြောက်စေပါတယ်။” ကြောက်ရွံ့မှုနှင့် သောက အသင့်အတင့်ကတော့ ကိုယ့်ကိုယ်ကို ထိမ်းသိမ်းထားခြင်းဆိုတဲ့ သဘာဝ ဗီဇပါ။ ဒါပေမဲ့ အမြဲမပြတ် ကြောင်းကျိုး မဆီလျှော်တဲ့ ကြောက်ရွံ့မှုနှင့် ကာလတာရှည် ပူပန်မှုကတော့ လူသားရဲ့ ခန္ဓာကိုယ်အတွက် အကြင်နာ ကင်းတဲ့ ရန်သူတွေဖြစ်ပါတယ်။ အဲဒါတွေက ခန္ဓာကိုယ်ဆိုင်ရာ ပုံမှန် လည်ပတ်မှုကို ဖောက်ဖောက် ပြန်ပြန် ဖြစ်စေပါတယ်။

(ဆက်ပါဦးမည်)
ဘုန်ဉာဏ်

Dec 13, 2010

စိန်မြေ ဧကပေါင်းများစွာ

ဒီဇင်ဘာ (၄)ရက်နေ့ ညတစ်ညမှာ လမ်းလျှောက်ထွက်ဖြစ်တယ်။ ဝေးဝေး မဟုတ်ပါဘူး။ ကိုယ့်နေရာနှင့် ကပ်နေတဲ့ ချ(ခ်ျ)ဂိတ် ဝန်းကျင်လောက်ပါပဲ။ လူတွေက ဘုန်းကြီးကို မြင်ရင် ပြူးပြဲကြည့်တတ်လွန်းလို့  ကိစ္စ မရှိရင် အပြင် သိပ်မထွက်ဖြစ်ဘူး။ 

လမ်းလျှောက် ထွက်ဖြစ်ရင်တော့ လူတွေ အေးအေးလူလူ လမ်းလျှောက် အပန်းဖြေကြတဲ့ ပင်လယ်ကမ်းခြေတစ်လျှောက်ရယ်၊ ဒါမှ မဟုတ် သွားနေကျ အနီးပတ်ဝန်းကျင်ရယ်တင်ပါ။ အနီး ပတ်ဝန်းကျင် လျှောက်ဖြစ်ရင်တော့ လမ်းဘေးက စာအုပ် အဟောင်းဆိုင်တွေမှာ ကိုယ်လိုချင်တာ ရှိလိုရှိငြား ကြည့်မိတတ်ပါတယ်။ မန္တလေးမှာ နေလာခဲ့ကတည်းက ဈေးချို ညဈေးမှာ စာအုပ်အဟောင်းဆိုင်တွေမှာ မိုးတို မတ်တတ် ကြည့်တတ်၊ ရှာဖွေတတ်တဲ့ အကျင့်က ပါနေတယ်။ 

မွန်ဘိုင်းက လမ်းဘေး စာအုပ် အဟောင်းဆိုင်လေးတွေမှာ တစ်ခါတစ်ရံ ကောင်းတဲ့ စာအုပ်လေးတွေ သိပ်မဟောင်းပဲ ဈေးချိုချိုနဲ့ ရတတ်ပါတယ်။ ဒီနေ့ညလဲ Shiv Khera ရဲ့ You Can Win ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဈေးက ရူပီး ငါးဆယ်ဆိုတော့ သိပ်ချိုတာပေါ့။ (မြန်မာငွေ တစ်ထောင်ကျော်ကျော်လေးပဲ ရှိတာ။) ဒါနဲ့ ဝယ်လာခဲ့တယ်။ အဟောင်းဆိုင်ကလို့ ဆိုပေမဲ့ စာအုပ်က အသစ်အတိုင်းပဲ။

ဒီ စာအုပ်က အပြည်ပြည်ဆိုင်ရာမှာ အရောင်းရဆုံး စာအုပ်ဆိုပဲ။ ဒါ့အပြင် ဘာသာပေါင်း ရှစ်ဘာသာနှင့် အုပ်ရေ 1, 000, 000 ကျော် ရောင်းပြီးဆိုပါလား။ မျက်နှာဖုံးမှာ ရေးထားတယ်။ အဲဒီထဲကပဲ အစပိုင်း အမြင်သဘောထား ဆိုင်ရာလေး နည်းနည်းကို  ဘာသာပြန်ပြီး `အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်` ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တင်ခဲ့တယ်။ ခုလဲ Acres of Diamonds ကိုပဲ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ စာဖတ်သူ အကြိုက်တွေ့ မတွေ့ကတော့ မသိပါ။ သူကလဲ ရပ်ဆဲ ကွန်ဝဲ (Russell Cornwell)ရဲ့ Acres of Diamond ရဲ့ စာကို ပြင်ဆင်ထားတာပါတဲ့။ အောက်မှာ ဖတ်ကြည့်ပါလား။

ဟာဖစ်(ဇ်) အာဖရိကမှ လယ်သမားတစ်ယောက်ပါ။ သူဟာ စိတ်လည်း ချမ်းသာ၊ ရောင့်လဲ ရောင့်ရဲပါတယ်။ သူဟာ ရောင့်ရဲတင်းတိမ်တတ်လို့ စိတ်ချမ်းသာပြီး၊ စတ်ချမ်းသာလို့လဲ ရောင့်ရဲ တင်းတိမ်ပါတယ်။ တစ်နေ့မှာတော့ ပညာရှိတစ်ယောက် သူ့ဆီပေါက်ချလာပြီး စိန်တွေရဲ့ ဂုဏ်ကျက်သရေနှင့် တန်ခိုးပါဝါတွေကို ပြောပြပါတယ်။ ပညာရှိကြီးက  “မင်းရဲ့ လက်မလောက် အရွယ်ရှိတဲ့ စိန်ရှိရင်ပဲ မင့် ကိုယ်ပိုင်မြို့တော် ဝယ်နိုင်တာပေါ့။ လက်သီးဆုပ် အရွယ် စိန်ရှိရင်တော့ မင့်တိုင်းပြည်ကိုတောင် ပိုင်ကောင်းပိုင်နိုင်တယ်ကွ” လို့ ပြောပြတယ်။ ပြောပြီးတော့ ပညာရှိကြီးက ထွက်သွားတယ်။ ဟာဖစ်(ဇ်)ဟာ အဲဒီညတော့ အိပ်လို့ မရတော့ဘူးပေါ့။ သူဟာ ပျော်လဲ မပျော်ဘူး။ ရောင့်လဲ မရောင့်ရဲတော့ဘူး။ မရောင့်ရဲတတ်တော့လို့ မပျော်ရွှင်တော့သလို မပျော်ရွှင်တော့လို့ မရောင့်ရဲတတ်တော့ဘူးပေါ့။

နောက်နေ့ မနက်ရောက်တော့ ဟာဖစ်(ဇ်)ဟာ သူ့လယ်လေး ရောင်းဖို့ စီမံတော့တာပဲ။ မိသားစုကို စောင့်ရှောက်ခဲ့ပြီး စိန်တွေရှာဖို့ ထွက်သွားခဲ့တယ်။ သူဟာ အာဖရိက တစ်တိုက်လုံးကို ရှာကြည့်တယ်။ စိန်တစ်ပွင့်မှ မတွေ့ဘူး။ ဥရောပတစ်ခွင်လဲ နှံ့နေအောင် ရှာဖွေတယ်။ ဘာမှ မတွေ့ပါဘူး။ စပိန်ကို ရောက်သွားတဲ့ အချိန်မှာတော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာအပြင် ငွေရေးကြေးရေးဆိုင်ရာပါ လျော့နည်း ကုန်းခန်းခဲ့တယ်။ ဘာစီလိုနာဖြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေကြောင်း ကြံမိလောက်အောင်ကိုပဲ စိတ်ဓာတ်တွေ ကျလှပေါ့။

အိမ်ရောက်သွားတဲ့ အချိန်မှာတော့ သူ့လယ်ကို ဝယ်လိုက်တဲ့ သူက လယ်တောထဲ ဖြတ်စီဆင်းနေတဲ့ စမ်းချောင်းလေးထဲမှာ ကုလားအုပ်တွေကို ရေတိုက်နေတယ်။ စမ်းချောင်း တစ်လျောက်မှာတော့ နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ ကျောက်ခဲတစ်တုံးကို ထိုးမိနေပြီး သက်တန့်တစ်ခုလို ပြိုးပြိုးပျက်ပျက် အရောင်တွေ လင်းလက်စေတာပေါ့။ လယ်ပိုင်ရှင်သစ်က အဲဒီ အရောင်တွေလက်နေတဲ့ ကျောက်တုံးကို သူ့ဧည့်ခန်းမှာ ထားရရင်တော့ ကြည့်ကောင်းမှာပဲလို့ တွေးမိပါတယ်။ သူက ကျောက်တုံးကို ကောက်ပြီး သူ့ရဲ့ အပေါ်ရုံထဲ ထည့်ထားလိုက်တယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာတော့ ပညာရှိက ပေါက်ချလာပြီး ပြိုးပြိုးပျက်ပျက် အရောင်တွေ ထွက်နေတဲ့ အဲဒီ ကျောက်တုံးကို မြင်သွားတယ်။ သူက မေးတယ်။
“ဟာဖစ်(ဇ်) ပြန်ရောက်ပြီလား”။ 
လယ်ပိုင်ရှင် အသစ်က 
“ဟင့်အင်း၊ ဘာလို့ မေးတာလဲ” လို့ ပြန်မေးတယ်။ 
ဘာလို့ မေးတာလဲဆို အဲဒီကျောက်တုံးက စိန်ကွ၊ ငါက တစ်ခုကို မြင်ရင် တစ်ခုကို မှတ်မိတာပဲ” လို့ ပညာရှိက ပြောတယ်။ လယ်ပိုင်ရှင်သစ်က “မဟုတ်ဘူး။ အဲဒါက စမ်းချောင်းထဲက ကျွန်တော် ကောက်လာတဲ့ ကျောက်တုံးပါ။ လာ၊ ကျနော် လိုက်ပြမယ်။ အဲဒီမှာ အများကြီးပဲ” လို့ ပြန်ပြောတယ်။ သူတို့နှစ်ယောက် အဲဒီ စမ်းချောင်းလေး ဖြတ်စီးဆင်းနေတဲ့ လယ်ဆီကို သွားကြတယ်။ နမူနာအဖြစ် အချို့ကို ကောက်ယူပြီး စစ်ဆေးဖို့ ပို့လိုက်တယ်။ သေချာတာပေါ့။ အဲဒီကျောက်တုံးတွေက စိန်တွေပဲ။ အမှန်တော့ လယ်မြေတစ်ခုလုံးဟာ စိန်မြေဧကပေါင်းများစွာနှင့် ဖုံးအုပ်ထားတယ်ဆိုတာ သူတို့ တွေ့လိုက်ကြရတယ်။

ပုံပြင်လေးက ဒါလေးပါပဲ။ အဲဒီမှာ စာရေးဆရာက ဒီအဖြစ်အပျက်လေးနှင့် ပတ်သက်ပြီး ဘဝသင်္ခန်းစာတွေ ပြောပြပါလိမ့်မယ်။ သူပြောပြတာ ဖတ်မကြည့်ခင် ခဏလောက် ရပ်စဉ်းစားကြည့်ပါလား။ သြော် ... စာအုပ်ပြုစုသူရဲ့ အတွေးနှင့်တော့ တူချင်မှ တူမှာပေါ့။ မတူတိုင်း မှားတာ မဟုတ်တာလဲ စာဖတ်သူ သိတာပဲ။  ဒီတော့ အားလုံးဖတ်လို့ပြီးရင် စာဖတ်သူတွေးမိတာလေး ကွန့်မန့်ရေးပြီး မျှဝေပါလား။ အားလုံး ဖတ်ရတာပေါ့ဗျာ။ စာအုပ်ပြုစုသူရကတော့ ...

ဒီပုံပြင်ရဲ့ သင်္ခန်းစာက ဘာလဲ။ သင်္ခန်းစာ ခြောက်ခု ရှိပါတယ်တဲ့။
၁။ ကျွန်တော်တို့ရဲ့ အမြင်သဘောထား မှန်ကန်တဲ့ အခါ ကျွန်တော်တို့ဟာ စိန်မြေ ဧကပေါင်းများစွာ အပေါ်မှာ လျှောက်လှမ်းနေကြတယ်။ အခွင့်အလမ်းဆိုတာဟာ အမြဲတမ်း ကျွန်တော်တို့ ခြေထောက် အောက်မှာ ရှိတယ်။ ဘယ်မှ သွားနေစရာ မလိုဘူး။ ကျွန်တော်တို့ လုပ်ရမှာက အဲဒီ အခွင့်အလမ်းကို မှတ်မိ သိရှိဖို့ပါပဲ။

၂။ အဝေး (အခြားတစ်ဖက်)က မျက်က အမြဲပဲ ပိုစိမ်းတတ်ပါတယ်။

၃။ အဝေး (အခြားတစ်ဖက်)က မျက်ကို ကျွန်တော်တို့က ကြည့်နေစဉ် ကျွန်တော်တို့ဖက်က မျက်ကို လှမ်း ကြည့်နေတဲ့ အခြားသူတွေလဲ ရှိတတ်ပါတယ်။ သူတို့က ကျွန်တော်တို့နှင့် နေရာတွေ အရောင်းအဝယ်လုပ်ဖို့ ပျော်ရွှင်နေပါလိမ့်မယ်။

၎။ အခွင့်အလမ်းဆိုတာကို မမှတ်မိ မသိရှိတဲ့သူတွေဟာ အခွင့်အရေးက တံခါးလာခေါက်တဲ့ အခါ ဆူလိုက် တာကွာလို့ ငြီးငြူတတ်ကြပါတယ်။

၅။ အခွင့်အရေးဆိုတာကို ရောက်လာတဲ့ အခါ မှတ်မိသိရှိတာထက် ထွက်ခွါသွားခါမှ ပိုပြီး မှတ်မိ သိရှိလွယ် တတ်ကြတယ်။

၆။ အခွင့်အလမ်းက တစ်ကြိမ်ပဲ တံခါးခေါက်တတ်ပါတယ်။ နောက်လာတဲ့ အခွင့်အလမ်းက ပိုကောင်းချင် ကောင်းမယ်၊ ပို ဆိုးချင်ဆိုးမယ်။ ဒါပေမဲ့ အရင်အခွင့်အလမ်းတော့ လုံးဝ မဟုတ်ဘူး။ ဒါကြောင်မို့ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးတာပေါ့။ အချိန်မဟုတ်တဲ့ အခါမှာ ချမှတ်မိတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာလဲ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတော့တာပါပဲ

(ပို့စ် အသစ်တင်စရာကလဲ မရှိ၊ ဗုဒ္ဓဂါယာသို့ ခရီးစဉ်ကလဲ စထွက်ဖို့ နာရီပိုင်းပဲ လိုတော့တာမို့ ခပ်မြန်မြန်ဖတ်၊ ရေးပြီး တင်လိုက်တယ်။ ကောင်းတယ် မကောင်းဘူး မသိပါဘူး။  ဖတ်တဲ့အတွက် ကျေးဇူး တင်ပါတယ်)။

ဘုန်းဉာဏ်
မွန်ဘိုင်း၊ အိန္ဒိယ
၁၃၊ ၁၂၊ ၂၀၁၀

Dec 8, 2010

အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်

ပွဲဈေးတန်းမှာ မိုးပျံပူဖောင်း ရောင်းပြီး အသက်မွေးရတဲ့ လူတစ်ယောက်ရှိတယ်။ သူ့မှာ အနီရောင်၊ အဝါရောင်၊ အပြာရောင်၊ အစိမ်းရောင်တွေအပါအဝင် ရောင်စုံ မိုးပျံပူဖောင်းတွေ ရှိတယ်လေ။ ဈေးရောင်းမကောင်းတဲ့ အခါတိုင်း သူက ဟယ်လီယံဓာတ် ထည့်ထားတဲ့ ပူဖောင်းတစ်လုံးကို ကောင်းကင်ကို လွှတ်ပါလိမ့်မယ်။ ပူဖောင်း ကောင်းကင်ပျံတက်သွားတာကို ကလေးတွေ မြင်တဲ့အခါ ကလေးအားလုံးက တစ်လုံးစီ ရချင်လာတယ်။ ကလေးတွေက သူဆီ လာပြီး တစ်လုံးစီ ဝယ်ကြတော့တာပဲ။ သူ့ရောင်းအားတွေ တက်သွားမှာပေါ့။ တစ်နေ့လုံး ဈေးရောင်းကျသွားတဲ့ အခါတိုင်း သူ ပူဖောင်းတစ်လုံးစီ ဆက်လွှတ်တင်နေခဲ့တယ်။ တစ်နေ့မှာ ပူစီဖောင်း ရောင်းသမားဟာ သူ့အပေါ်ဝတ် အင်္ကျီကို ဆွဲခံရသလိုလို ရှိတာနဲ့ လည်ကြည့်လိုက်တော့ ကလေးတစ်ယောက်က မေးတယ်။ "အမဲရောင် ပူဖောင်းကို လွှတ်လိုက်ရင်လဲ အဲဒါက ကောင်းကင်ပေါ် ပျံတက်သွားမှာလား ဟင်"တဲ့။ ကလေးရဲ့ သိချင်စိတ်ပူပန်မှုကြောင့် သနားစိတ်ဖြစ်သွားတဲ့ ပူဖောင်းရောင်းသူဟာ "သားလေးရေ ပူးဖောင်းကို ကောင်းကင်ပျံတက်စေတာက အရောင်မဟုတ်ဘူး၊ ပူဖောင်းထဲမှာ ထည့်ထားတဲ့အရာ (ဓာတ်)ပဲ ဖြစ်တယ်ကွဲ့" လို့ ချိုချိုသာသာလေး ပြန်ဖြေလိုက်ပါတယ်။

အဲဒီအခြေခံသဘောတရားဟာ ကျွန်တော်တို့ ဘဝတွေနှင့် သက်ဆိုင်ပါတယ်။ အရေးပါအရာရောက်တာက အတွင်းပိုင်းမှာပါ။ မြင့်တက်သွားစေတဲ့ အတွင်းပိုင်းက အရာဆိုတာ ကျွန်တော်တို့ရဲ့ အမြင်သဘောထားပါပဲ။ ဟားဗတ်တက္ကသိုလ်မှ ဝီလျံ ဂျိမ်(စ်)က "ကျွန်တော့ မျိုးဆက်ရဲ့ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုကတော့ လူတွေဟာ သူတို့ရဲ့ အမြင်သဘောထားတွေကို ပြောင်းပေးလိုက်ခြင်းအားဖြင့် သူတို့တွေရဲ့ ဘဝတွေကိုလဲ ပြောင်းလဲပစ်နိုင်တယ် ဆိုတာပါပဲ"လို့ ပြောခဲ့တယ်။

သင့်အောင်မြင်မှုကို ဖြည့်ဆည်းပေးတဲ့ အရာဟာ သင့်ရဲ့  အမြင်သဘောထားပဲ။

ဟာဗတ်တက္ကသိုလ်က လုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရတာက လူတစ်ယောက် အလုပ်ရတဲ့ အခါ ဒါမှမဟုတ် ရာထူးတက်တဲ့ အခါ (၈၅) ရာခိုင်နှုန်းက အဲဒီလူရဲ့ စိတ်နေသဘောထားကြောင့် ဖြစ်တယ်။ (၁၅) ရာခိုင်နှုန်းသာ သူ့ရဲ့ အသိဉာဏ်နှင့် အချက်အလက်၊ ကိန်းဂဏန်းတွေကို သိလို့ ဖြစ်တယ် ဆိုတာပါပဲ။ ပညာရေးရဲ့ (၁၀၀) ရာနှုန်းပြည့် နီးပါးသော ငွေတွေဟာ ဘဝ အောင်မြင်မှုရဲ့ (၁၅) ရာခိုင်နှုန်းပဲ အရေးပါတဲ့ အချက်အလက်၊ ကိန်းဂဏန်းတွေ အတွက် ရောက်သွားတာဟာ အံ့သြစရာ ကောင်းပါတယ်။

You Can Win (သင်နိုင်နိုင်တယ်)ဆိုတာ အဲဒီအောင်မြင်မှုရဲ့ (၈၅) ရာခိုင်နှုန်းအကြောင်းတွေပဲ။ Attitude (အမြင်သဘောထား) ဆိုတာ အင်္ဂလိပ်ဘာသာစကားမှာ အရေးအကြီးဆုံး စကားလုံးပဲ။ အဲဒီစကားလုံးဟာ မိမိရဲ့ ပုဂ္ဂလိက ဘဝ၊ ပရော်ဖက်ရှင်နယ်ဘဝတွေ အပါအဝင် ဘဝရဲ့ နယ်ပယ်စုံနှင့် သက်ဆိုင်တယ်။ အမှုဆောင် အရာရှိတစ်ဦးဟာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မရှိပဲ ကောင်းမွန်တဲ့ အမှုဆောင် အရာရှိတစ်ဦး ဖြစ်နိုင်ပါရဲ့လား။ ကျောင်းသားတစ်ယောက်ဟာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မရှိပဲ ကောင်းမွန်တဲ့ ကျောင်းသားတစ်ဦး ဖြစ်နိုင်ပါရဲ့လား။ မိဘတွေ၊ ဆရာ ဆရာမတွေ၊ အရောင်းသမားတွေ၊ အလုပ်သမားတွေ ဒါမှမဟုတ် အလုပ်ရှင်တွေဟာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မရှိပဲ ကောင်းမွန်တဲ့ မိဘတွေ၊ ဆရာ ဆရာမတွေ၊ အရောင်းသမားတွေ၊ အလုပ်သမားတွေ ဒါမှမဟုတ် အလုပ်ရှင်တွေ ဖြစ်နိုင်ပါရဲ့လား။

သင်ရွေးချယ်တဲ့ နယ်ပယ်ကို ထည့်မတွက်ပဲ အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်ဟာ အမြင်သဘောထားပဲ ဖြစ်ပါတယ်။

စိတ်နေသဘောထားက အောင်မြင်မှုရဲ့ အရေးပါတဲ့ အချက်ဖြစ်တယ်ဆိုရင် ဘဝအပေါ်မှာ ထားတဲ့ သင့်ရဲ့ စိတ်နေစိတ်ထားကို စစ်ဆေးမကြည့်သင့်ပေဘူးလား။ သင့်ရဲ့ စိတ်နေစိတ်ထားက သင့်ရဲ့ အောင်မြင်မှု ပန်းတိုင်ကို ဘယ်နည်းဘယ်ပုံ အကျိုးသက်ရောက်စေတယ်ဆိုတာကိုရော မမေးသင့်ပေဘူးလား။

ရည်ညွှန်း။ Macmillan India Ltd က ပြန်လည်ရိုက်နှိပ် ထုပ်ဝေတဲ့ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ စာမျက်နှာ ၂၊ ၃ မှ စာပိုဒ်နှစ်ပိုဒ်ကို ဘာသာပြန်ပြီး ပို့စ် တင်လိုက်တာပါ။

Bone Nyan
Mumbai, India
08/12/2010

Dec 1, 2010

ကမ္ဘာကြီးရဲ့ အခြေခံကို စရှာခဲ့ကြတဲ့ အတွေးအခေါ်သမားတွေ

မနေ့ တစ်နေ့က ဒီဃနိကာယ်လာ ဗြဟ္မဇာလ သုတ်တော်ကို ပြန်ဖတ်ဖြစ်တယ်။ အယူဝါဒ အကြောင်းတွေ ဖတ်နေရင်း ကမ္ဘာလောကကြီး အကြောင်းကို သက်ဆိုင်ရာ ဝါဒရှင်တွေ အသီးအသီက ဉာဏ်မှီသလောက် ယူဆကြ တာတွေကို သတိထားမိတယ်။ ဖတ်ရင်းနဲ့ ကမ္ဘာလောကကြီးကို လူတွေ စိတ်ဝင်စား ကြတဲ့ အကြောင်း အနောက်တိုင်း ဒဿနမှာရော အရှေ့တိုင်း (အိန္ဒိယ) ဒဿနမှာပါ တွေ့ရတယ် ဆိုတာကို သတိယမိတယ်။ ဒါနဲ့ အနီးအနားက ရတတ်သမျှ စာအုပ်လေးတွေ လှန်လှော ဖတ်မိပြန် ရော။ 

တကယ်ဆိုတော့ “လူ”အကြောင်းကို စိတ်ဝင်စားနေမိတာပါ။ နယ်ပယ်ကို ချုံ့ပြီး ပြောရရင် အထူးသဖြင့်တော့ ဗုဒ္ဓစာပေမှာ လာတဲ့ လူနှင့်ဆိုင်တဲ့ အယူအဆကို စိတ်ဝင်စားနေမိတာပါ။ ဒါပေမဲ့ အဲဒါတွေက ဖတ်ဖြစ် လေ့လာဖြစ်ခဲ့ရင်တောင် စာဖြစ်လာပါ့မလားဆိုတာတော့ မသေချာသေးဘူး။ (စာရေးပျင်းတာလဲ ပါတာပေါ့လေ။) ရေးဖြစ်ခဲ့ရင် နိဒါန်းလေးဖြစ်သွားအောင် ခုတော့ လူတွေမှီရာ ဒီကမ္ဘာအကြောင်းကို အတွေးအခေါ် ဂိုဏ်းတွေ ပေါ်စက တွေးခဲ့ကြတာကို ပြန်ချုံ့ရေးပြီး ပို့စ်အဖြစ် တင်လိုက်ပါတယ်။

အနောက်တိုင်း ဒဿနပညာရပ်ကို စတင်တည်ဆောက်ခဲ့ကြသူများလို့ သမိုင်း တင်ခံထားကြရသူများ သည်ပင် စကြာဝဠာကြီးရဲ့ သဘောသဘာဝနှင့် မည်သည့်အရာတွင် အခြေခံကြောင်းများကို စူးစမ်း လေ့လာခဲ့ကြတာကို တွေ့ရပါတယ်။ 

အနောက်တိုင်း ဒဿနရဲ့ ဖခင်ကြီးလို့ အသိအမှတ်ပြုခံရတဲ့ သေးလိ (ဇ်) (Thales 624 – 546 BC) က စကြာဝဠာကြီးကို ရုပ်သဘောတရားအဖြစ် ရှုမြင်ခဲ့ပြီး ရေ သို့မဟုတ် စွတ်စိုမှုဓာတ် (water or moisture) ကို အရာရာကို ဖြစ်စေသော အခြေခံဓာတ် (fundamental principle) အဖြစ် စဉ်းစား တင်ပြခဲ့တယ်။ သတ္တဝါတိုင်းဟာ ရေကို အမှီပြုပြီး အသက်ရှင်သန်ကြရတယ်။ ရေခိုးရေငွေ့ဟာ မီးဓာတ်အဖြစ် ပြောင်းလဲနိုင်သလို မိုးရေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ မိုးရွာသွန်းလိုက်ရင် မီးဓာတ်၊ လေဓာတ်များဟာလဲ ရေဓာတ်အဖြစ် ပြန်ပြောင်းလာတယ်။ ဒီမိုးရေတွေ ခန်းချောက်သွားပြန်တော့ မြေဓာတ် (ပထဝီဓာတ်) အဖြစ် ပြောင်းလဲ သွားပြန်ရောတဲ့။ အဲဒီ ပထဝီ (မြေ)ဓာတ်ကနေ စိမ့်စမ်းရေ၊ မြစ်ရေတွေ ဖြစ်ပေါ်လာပြန်တယ်။ ဒါကြောင့် အရာအားလုံးဟာ ရေကပဲ ဖြစ်လာပြီး ရေဓာတ်အဖြစ်ပဲ ပြန်ရောက်ရတာပဲ။ ဒီတော့ ရေဟာ အခြေခံဓာတ် ဖြစ်ရပါတယ်လို့ သူက တွေးခေါ်ပါတယ်။

သေးလိ(ဇ်)ရဲ့ တပည့်ဖြစ်သူ အနက်ဇီမန်ဒါး (Anaximander – 610 – 546 BC)ကတော့ သူ့ဆရာရဲ့ အယူအဆဖြစ်တဲ့ စကြာဝဠာကြီးဟာ  ရုပ်သဘောတရားဖြစ်တယ် ဆိုတာကို ဆက်ခံပါတယ်။ ဒါပေမဲ့ စကြာဝဠာကြီးရဲ့ အခြေခံဓာတ်က ရေဓာတ်ပဲ ဖြစ်တယ်ဆိုတဲ့ အယူအဆကိုမူ ငြင်းပယ်ခဲ့ပြန်ပါတယ်။ ရေဓာတ်ဟာ အခြေခံအကျဆုံးသော ဓာတ်ဖြစ်မယ်ဆိုရင် ကမ္ဘာလောကကြီးဟာ စိုစွတ်မှု လွန်းကဲ နေရမယ်။ စိုစွတ်မှု လွန်ကဲနေရင် မီးဓာတ်ဆိုတာ မရှိနိုင်တော့ဘူး။ ဒါပေမဲ့ လက်တွေ့မှာ မီးဓာတ်ဆိုတာာက ရှိနေတယ်။ ဒါကြောင့် အခြေခံဓာတ်ဟာ ရေဓာတ် မဖြစ်နိုင်ဘူး။ ဒီတော့ ကမ္ဘာကြီးသည် ဆန့်ကျင်ဖက်အရာများ စုပေါင်းတည်ဆောက်ထားခြင်း ဖြစ်တယ်။ ဒါကြောင့် စကြာဝဠာကြီးဆိုတာ ရေ၊ မြေ၊ လေ၊ မီးဓာတ်တို့ ပေါင်းစုထားတဲ့ အနန္တဓမ္မ (ဆုံးစမရှိ) ဓာတ်ဖြစ်ပါတယ်။ အနန္တဓမ္မ (apeiron or the infinite) သည်ပင် ၄င်းကိုယ်တိုင်ရဲ့ ထာဝရဖြစ်တည်မှု စွမ်းအားဖြစ်တယ်။ အရာအားလုံးကို ဖြစ်ပေါ်စေတယ်။ ပြီးတော့ အားလုံးကို သူကပဲ စိုးမိုး အုပ်ချုပ်တယ်လို့ သူ့ဒဿနက ဆိုပါတယ်။ 

တစ်ဖန် အနက်ဇီမန်းဒါးရဲ့ တပည့် အနက်ဇီမိနိ (Anaximenes, 588 – 525 BC)ကမူ စကြာဝဠာကြီးကို ရုပ်ဖြစ်တယ်၊ အခြေခံသဘောတရား တစ်ခုတည်းပဲ ရှိတယ်လို့ ဆက်ခံ ယူဆပေမဲ့ ယင်း၏ အခြေခံတရားမှာ ဓာတ်လေးမျိုးလုံး ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ လက်မခံပြန်ပါဘူး။ သူက စကြာဝဠာကြီးရဲ့ အခြေခံဓာတ်မှာ လေလို့ ဆိုပြန်ပါတယ်။ လေဆိုတာ ပူတဲ့သဘောကို ဖြစ်စေနိုင်သလို အေးတဲ့ သဘောကိုလဲ ဖြစ်စေနိုင်တယ်။ နောက် အစိုင်အခဲ အဖြစ်သို့လဲ ပြောင်းလဲနိုင်တယ်။ လေမရှိရင် သတ္တဝါတွေ အသက် မရှင်နိုင်ဘူး။ ဒါကြောင့် စကြာဝဠာကြီးရဲ့ အခြေခံဓာတ်ဟာ လေဖြစ်တယ်။ လေဟာ ကမ္ဘာလောကကြီးကို လွှမ်းခြုံထားတယ်။ (Air encompass the world တဲ့။) စကြာဝဠာကြီးဟာ လေပေါ်မှာ တည်ပြီး ပြားတဲ့ ပုံစံရှိတယ်ဆိုပဲ။

နောက်ပိုင်း ဒဿနပညာ တိုးတက် ပြန့်ပွားလာပြီး ဂိုဏ်းဖွဲ့ ပြောကြတော့ ဒီဒဿနပညာရှင် သုံးယောက်လုံးကို သူတို့ မွေးဖွား နေထိုင်တဲ့ မိုင်လိတပ်စ်မြို့ကို အခြေခံပြီး မိုင်လိတပ်စ်ဂိုဏ်း(သား)လို့ ရည်ညွန်းသုံးနှုန်းကြပါတယ်။ ဒီဂိုဏ်းသားတွေရဲ့ အတွေးအခေါ်ကို ခြုံငုံ သုံသပ်ကြည့်ရင် စကြာဝဠာကြီးကို ရုပ်အဖြစ်သာ ရှုမြင်ကြတယ်။ သဘာဝကို ဖြေရှင်းရာမှာ အစဉ်အလာ ယုံကြည်မှုဖြစ်တဲ့ အနန္တ တန်ခိုးတော်ရှင်ဘုရား၊ တန်ခိုးတော်ရှင် နတ်တွေ၊ စုန်းတွေရဲ့ အကူအညီနှင့် မဖြေရှင်းပြခဲ့ကြဘူး။ သဘာဝကို သဘာဝတရားနှင့်သာ လက်တွေ့ကျကျ ဖြေရှင်းကြတာကို တွေ့ရတယ်။ အဲဒီလို ဖြေရှင်းချက် ထုပ်ရာမှာ မြင်တွေ့ရတဲ့ အဖြစ်အပျက် အကြောင်းအရာပေါ်မူတည်တဲ့ အတွေ့အကြုံ အာရုံနည်းနှင့် ဖြေရှင်းတာကို တွေ့ရတယ်။ သူတို့တွေရဲ့ တွေးခေါ်မှုဟာ သိပ္ပံနည်းကျ တွေးခေါ်မှုဆီ စတင် ရှေးရှုစေ ခဲ့ပါတယ်။

ဒီတွေးခေါ်ရှင်တွေ တင်ပြခဲ့တဲ့ စကြာဝဠာဆိုင်ရာ ဖြေရှင်းချက်တွေဟာ မှန်တယ်လို့ မဆိုနိုင်ဘူး။ လေးနက်မှု လဲ မရှိလှသလို အတွေးအခေါ်စနစ်ကျနမှုလဲ မရှိပါဘူးတဲ့။ ဒီတော့ သူတို့တွေရဲ့ အတွေးအခေါ်တွေဟာ ဒီခေတ်ကနေ ပြန်လှမ်းကြည့်လိုက်တော့ အရေးပါ အရာရောက်မှုလဲ မရှိတော့ဘူးပေါ့။ ဆရာတွေက ဒီလို သုံးသပ်ပြကြပါတယ်။ 

ဒါပေမဲ့ စာရေးသူ အခြား ရှုဒေါင့်တစ်မျိုးကနေ ခြုံငုံပြောလိုတာကတော့ သူတို့တွေဟာ အများလက်ခံထားတဲ့ အစဉ်အလာ ယုံကြည်မှုတွေကနေ ခွဲထွက်နိုင်တဲ့ အသိဥာဏ်၊ ခွဲထွက်ရဲတဲ့ သတ္တိ ကြီးမားတာက အလွန်လေးစားစရာ ကောင်းပါတယ်။ အမှန်တရားကို မြတ်နိုးမှုနှင့် ရှာဖွေလိုမှုကလဲ ချီးကြူးစရာပါ။ တစ်ပြိုင်နက်တည်းမှာပဲ တစ်ယောက်ရဲ့ အတွေးအခေါ်ကို နောက်တစ်ယောက်က အခြေခံပေမဲ့ ငါ့ဆရာကြီးပြောတာသာ အမှန်လို့ တစ်ယူသန် တစ်စောက်ကန်း စိတ်ထားမျိုး၊ စွဲကိုင်မှုမျိုး မရှိပဲ ဆင့်ကဲ တွေးခေါ်ကြတာကလဲ ကောင်းပါတယ်။ “ဆရာထက် တပည့် လက်စောင်းထက်” ပုံစံမျိုး ဖြစ်လာတာကိုက အလွန်အားရ ကျေနပ်စရာ ကောင်းပါတယ်။ “အစဉ်အလာက ဒီလိုဆိုတာဆိုပြီး ဟုတ်ပြီမှန်ပြီလို့ မယူဆနှင့်။ ငါ့ဆရာကြီး ပြောတာမို့၊ ငါတို့ အကြီးအကဲ ပြောတာမို့ သူပြောတာသာမှန်တယ်လို့ မယူစွဲလေနှင့်” စတဲ့ မြတ်ဗုဒ္ဓရဲ့ ကာဠာမသုတ်တော်လာ ဟောကြားချက်များကို သတိယမိပါတယ်။ တွေးခေါ် မျှော်မြင်မှုဟာ လူတွေ အတွက် မရှိမဖြစ် လိုအပ်ပြီး လွတ်လပ်မှု ရှိဖို့လဲ လိုအပ်လှပါတယ်။ ဒါမှလဲ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ပါလား။

မှတ်ချက်။ John Edward Bentley ရဲ့ Philosophy: An Outline - History မှာတော့ သေးလိ (ဇ်)ကို ၆၄၀ ဘီစီမှာ မွေးပြီး ၅၅၀ မှာ ကွယ်လွန်ကြောင်း ပြထားပါတယ်။

ကမ္ဘာဂြိုဟ်ပုံကို http://science.nationalgeographic.com/science/photos/earth-moon-gallery.html မှ ယူထားပါတယ်။

ဘုန်းဉာဏ်
၀၁၊ ၁၂၊ ၂၀၁၀

ရည်ညွှန်း။
၁။ ခင်အေးသီ၊ ဒေါ်၊ အနောက်တိုင်း ဒဿနပညာ၊ ပထမတွဲ၊ အပိုင်း (၁)၊ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်၊ ၁၉၇၈။
၂။ Bentley John Edward, Philosophy: An Outline - History, (reprint), Littlefield, Adams & Co.,  USA, 1958. 
၃။ Diane Collinson and Kathryn Plant, Fifty Major Philosophers, 2nd edition, Routlege, 2006.