Pages

Apr 12, 2010

Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
ဆမ်ဘာဝမ်း ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်ကျင်းပတာကို ကြည့်ရှုခွင့် ရပါတယ်။ အဲ ကူညီခွင့်လဲ ရလိုက်သေးတယ် ဆိုရင်လဲ မမှားဘူးပေါ့။ ဒို့ဘဝက အပျော်အပါးတွေနှင့် မဆိုင်လှလို့ မြန်မာ့သင်္ကြန်မှာ ဘယ်လိုတွေ ပျော်ပါးကြ ဆင်နွဲကြတယ်ဆိုတာ အသေအချာတော့ မသိပါဘူး။ ကြော်ငြာတွေ၊ သတင်းတွေမှာ ရေးကြ ပြောကြတာတွေ ကနေ တဆင့် အတော်အတန်တော့ ရိပ်မိပါတယ်။ မန္တလေးမှာ စာသင်ခဲ့ရစဉ် ဦးပဉ္စင်းပေါက်စဘဝက နှစ်ခါလောက်တော့ မန္တလေးကျုံးဘေးက သင်္ကြန်ပွဲတော် ကျင်းပရာကို မော့တော့ မော့တော့နှင့် သွားကြည့်ခဲ့ဘူးတာပါ။ ကိုယ်မသွားရမဲ့ နေရာကို သွားတာမို့ အရှက်နှင့် လေ့လာ ကြည့်ရှုချင်စိတ်တို့ ရောထွေး အားပြိုင်နေတာကြောင့် ဘာရယ် ဘယ်လိုရယ်လို့ကို ခွဲခွဲခြားခြား မသိခဲ့ရသလောက်ပါပဲ။ ငယ်ငယ်က ရွာမှာ ကိုရင်ပေါက်စ ဘဝနှင့် နေရစဉ်က ဝမ်းကွဲညီ ကိုရင်တစ်ပါး လူတစ်ယောက်ကို ရေသွားပက်လိုက်တာ ဆရာတော် မြင်လို့ ခေါ်ပြီး ဘုရားရှေ့မှာ ထိုင်ခိုင်းပြီး ပုတီးကို နာရီပေါင်းများစွာ (တစ်နေကုန်လောက်) စိပ်ခိုင်းတာကို ပြန်ပြန်မြင်ယောင်နေမိတော့ ပိုဆိုးတာပေါ့။

ဒါပေမဲ့ နှစ်နေရာလောက်တော့ ကောင်းကောင်း ကြည့်ခဲ့ဖူးတယ်ဆိုတာ ရှက်ရှက်နှင့် တဲ့တဲ့ကြီး ဝန်ခံလိုက်ပါတယ်။ တစ်ခုကတော့ မြန်မာ့ရိုးရာ အဆိုအကတွေနှင့် ဧည့်ခံဖျော်ဖြေကြတဲ့ နေရာပါ။ ဒီနေရာမှာ ကြည့်ကြတဲ့ သူတွေကတော့ အတော်ဣနြေ္ဒရရ ရှိသေးတယ်လို့ ထင်မိပါရဲ့။ ဒုတိယ ကြည့်မိတာကတော့ ခေတ်ပေါ်တေးဂီတနှင့် သီဆို တီးမှုတ်ကြတဲ့ နေရာတွေပါ။ ရိုးရိုးပျော်တဲ့သူတွေရော၊ မူးယူးပျော်တဲ့သူတွေရော အို ... လိုက်ဆိုလိုက်ကြ၊ ကလိုက်ကြတာ ဆူလို့ ညံလို့ ကွေးလို့ ကောက်လို့ပါပဲလား။ ပိတ်ဆို့နေတဲ့ ဆိုင်ကယ် တွေ၊ ကားတွေ၊ လူတွေလဲ မပြောပါနှင့်တော့။ တစ်ချို့လဲ အတော်အောက်တန်းကျတဲ့ အပြုအမူတွေကိုပြုလုပ်ကြတာကိုလဲ တွေ့ခဲ့ရပေါ့။ တစ်ချို့လဲ သတိလစ်လောက်အောင် မမူး(သေး)တာရယ်၊ သင့်တင့်တဲ့ စာရိတ္တ၊ အသိလေးရှိသေး တာရယ် ကြောင့် သူတို့နား ဒို့ရောက်သွားတော့ အချင်းချင်း “ဟေး ဟေး” ဆိုလိုက်ကာ လက်တို့ပြီး လုပ်ကြတော့မယ်လို့ ထင်ရတဲ့ ရိုင်းစိုင်းမှုတွေကို ထိမ်းသွားကြတာလဲ တွေ့ခဲ့ရပေါ့။ တစ်သက်မှာ မြို့သင်္ကြန်ဆို ဒါလောက်ပဲ တွေ့ဖူး တာမို့ ခုနေခါ ဘယ်လိုလုပ်ကြ ဘာတွေလုပ်ကြတယ်ဆိုတာ မသိတော့ပါဘူး။ ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို ကြားသိနေရတာတွေကို အကဲခတ်ကြည့်ရတာဖြင့်တော့ ရိုးရာသင်္ကြန်ကနေ ရိုင်းရာသင်္ကြန်ဘက်ကို ဦးတည်လို့ အရှိန်အဟုန်နှင့် ပြောင်းနေတယ်လို့တော့ ထင်မိပါတယ်။

ဒါပေမဲ့ ဆမ်ဘာဝမ်းသင်္ကြန်ကတော့ ရိုးရာယဉ်ကျေးမှုကို အတော်ကို ကြိုးစားထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဒီသင်္ကြန်ကို ရည်ရွယ်ချက် နှစ်ခုနှင့် ကျင်းပတယ်လို့ သိရပါတယ်။ ပထမတစ်ခုက အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောက်ရန် ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်က ပြည်ပရောက် မျိုးဆက်သစ် လူငယ်များ မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို သိရှိ၊ မြတ်နိုး၊ တန်ဖိုးထားတတ်စေရန် ဖြစ်ပါတယ်။ ကဲ ပွဲတော်ကို စာရေးသူနှင့် အတူ လျှောက်လည် ကြည့်ကြရ အောင်လား။ ပထမဦးဆုံး အင်ကြင်းပင်ပျိုနှစ်ပင်ရဲ့ကြားမှာ စမ္ပါယ်ယ်တော်မူနေတဲ့ ဘုရားရှင်ရဲ့ ပုံတော်ကို ဂုဏ်တော်ကို အာရုံပြုကာ ဖူးလိုက်ကြရအောင်။

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
မြန်မာတို့ရဲ့ သင်္ကြန်ပွဲတော်ဟာ တကယ်တော့ ဗုဒ္ဓယဉ်ကျေးမှုကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် သင်္ကြန်ပွဲတော်မှာဆိုရင် ဘုရားဆင်းတုတော်ကို ရေသပ္ပါယ်တာ၊ ဆွမ်း၊ ပန်း၊ ဆီးမီး ကပ်လှူတာတွေပါဝင်ပါတယ်။ မဟာကရုဏာတော်ရှင် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်တွေကို သတိယ ပူဇော်တဲ့ အနေနဲ့ပေါ့။ ဒါကြောင့် ဆန္ဒရှိသူတွေ ကုသိုလ်တရား တိုးပွားနိုင်ကြအောင် မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်ပူဇော်ထားတာပါ။ တကယ်တော့ စင်္ကာပူ ဥပဒေက အများပြည်သူနှင့်ဆိုင်တဲ့ ပန်းခြံလိုမျိုးနေရာတွေမှာ ဘာသာရေးလုပ်ခွင့် မရှိပါဘူး။ ဒါပေမဲ့လဲ ဒါက ရိုးရာယဉ်ကျေးမှု နှစ်သက်ကူးပွဲတော်ရဲ့ အနှစ်သာရတစ်ခုအနေနှင့် ပါတာမို့ လက်ခံ ခွင့်ပြု ပေးတယ်လို့ သိရပါတယ်။

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang  မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
ဒိနောက်တော့ ပွဲတော်နှင့်ပတ်သက်လို့ ကိုယ်သိသလောက်ကို စပြောရရင် စတုဒိသာ ကျွေးမွေးတာက စပြောရမယ် ထင်ပါတယ်။ နံနက် (၈) နာရီမှ စတင်ကာ ကျွေးမွေး လှူဒါန်းနေတဲ့ စတုဒိသာတန်းကြီးကို တစ်ပတ်လောက် လှည့်ကြည့်ကြရအောင်နော်။ စုံလိုက်တဲ့ စားစရာ သောက်စရာတွေ။ တွေ့ပါပြီ ကြာဆန်ကြော်၊ ကြာဇံဟင်းခါး၊ မုံလုံးရေပေါ်၊ ရွှေရင်အေး၊ သာကူမွှေး၊ ကျောက်ကျောဖျော်ရည်၊ လ္ဘက်ရည်နှင့် ကောက်ညှင်းပေါင်း၊ မုံ့ဟင်းခါး၊ နန်းကြီးသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ ဖရဲသီးစသည့် သစ်သီးမျိုးစုံ၊ ကြက်သားပလာတာ၊ အအေးမျိုးစုံနှင့် သောက်ရေသန့်၊ ရခိုင်မုံ့တီ၊ ရခိုင်ကြာဇံသုပ်၊ တောင်ငူ တို့ဟူးသုပ်၊ မုံ့လက်ဆောင်း၊ လက်ဖက်သုပ်၊ မုံ့ဖက်ထုပ်၊ ပေါင်မုံ့ အုန်းနို့ဆမ်း၊ ဝက်သားဒုတ်ထိုး၊ ဝက်ခေါင်းသုပ်၊ ဖရဲသီး စတာတွေအပြင် မြန်မာ ထမင်း ဟင်းလဲ ပါသေးရဲ့။ မြန်မာ ထမင်းဟင်းက ကုလားပဲ နှင့် ကြက်သားချက်၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ ငါးပိရည်ရှယ်နှင့် တို့စရာစုံတို့နှင့် လာသမျှလူကို မစားရ မရှိရလေအောင် အဝကျွေးမယ်တဲ့လေ။ အမလေး အများကြီးပါလား။ ရှေ့တော့ ဆက်သွားကြည့်လို့ မရတော့ ဘူး။ လူတွေက များလွန်းလို့။ များလိုက်တဲ့ စားစရာ၊ စားလိုက်ကြတဲ့ လူတွေ လူတွေ။ ကြည့်ရ မြင်ရတာက ဝမ်းသာစရာကြီး။ အလှူရှင်တွေက လေးဆယ်ကျော်ဆိုပဲ။ ခုရေးပြလိုက်တာက စာရေးသူ မြင်ရတာတွေထဲက မှတ်မိသလောက်ကို ပြန်ပြောကြည့်တာ။ (ကိုယ်လှူတဲ့ စားစရာအမည် မပါလို့ ထည့်မရေးရကောင်းလားဆိုပြီး ကျုပ်ကို စလေ ဦးပုညနည်းနှင့် မေတ္တသုတ် တစ်စောင်လုံးကို ပုဒ်မပါကြုံးပြီး ပို့မနေနဲ့ဦး။ တောင်းပန်ပါတယ်။) စတုဒိသာဆိုတော့ အရပ်လေးမျက်နှာက လာကြသူတွေ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့၊ အားလုံး အားလုံးကို လှူဒါန်း ကျွေးမွေးတာပေါ့။ အောက်မှာ စတုဒိသာ စားစရာ အချို့နှင့် စားသောက်နေကြတဲ့ ဓာတ်ပုံအချို့ကို တင်ပေးလိုက်ပါတယ်။ ကျွေးသူ၊ စားသူ၊ မြင်သူတွေ မုဒိတာပွား၊ ကုသိုလ်များကြရအောင်လို့ပေါ့။ (စားစရာတွေကို သေချာမြင်နေရတဲ့ ဓာတ်ပုံ (၉) ပုံက သူငယ်ချင်းဆီက ယူတင်ပေးလိုက်တာနော်။ ပို့စ်တင်မယ်လို့ စိတ်ကူးမရှိခဲ့လို့ စားသောက်ဖွယ်ရာတွေကို တစ်ပုံမှ မရိုက်လိုက်ရဘူး။)

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
သင်္ကြန်ပွဲတော်ကို Sembawang Park ထဲမှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပဆင်နွဲခဲ့ကြတာပါ။ အစီအစဉ် တစ်ခုလုံးကို နှစ်ပိုင်းခွဲထားတာ (အစီအစဉ်စာရွက်မြင်လိုက်ရလို့) တွေ့ရပါတယ်။ ဖျော်ဖြေရေး အစီစအစဉ် (၁) ကို နံနက် (၉)နာရီ မှ (၁၂) နာရီထိ ပြုလုပ်ပြီး၊ အစီအစဉ် (၂) ကိုတော့ (၁၂)နာရီမှ ညနေ (၄)နာရီထိ ကျင်းပတာ တွေ့ရပါတယ်။ ဖျော်ဖြေရေးကတော့ ကိုယ်နှင့်ကလဲ မဆိုင်လှ၊ ဝါသနာကလဲ နဲ၊ မှတ်ဥာဏ်မှာလဲ မွဲလှတာမို့ ဒီမှာ မရေးပြတော့ပါဘူး။ အဲ ယေဘုယျပြောရရင်တော့ စွယ်စုံဘကျော် တို့ အနုပညာ ညီအစ်ကို မောင်နှမများက သင်္ကြန်သီချင်းများ၊ မြန်မာ့ရိုးရာ သီချင်းများဖြင့် သီဆို ဧည့်ခံ ဖျော်ဖြေပါတယ်(တဲ့)။ “မြမန်းဂီရိ” ဆိုလား သီချင်းကြီး သီချင်းခန့်တစ်ပုဒ်ကို ဆိုနေတာကိုတော့ မှတ်မိသား။ ဒါ့အပြင် အသံကောင်းကောင်း ဟန်ကောင်းကောင်းနှင့် အဆိုပါပိုင်နိုင်တဲ့ (ကို) အောင်ခိုင်ဆွေရဲ့ “မြူမှောင်ဝေကင်း” သင်္ကြန်တေးသီချင်းသံကိုလဲ ကြားမိပါသေးတယ်။ အဲ ကိုယ်မမြင် မသိလိုက်ပေမဲ့ ဘလော့ဂ် တစ်ခုမှာတော့ “ကမ္ဘာပြားတယ်လို့ ပြောရမလား၊ ဘဲဥလိုဖြစ်သွားတယ် ပြောရမလား၊ အီကြာကွေးလို ဖြစ်နေတာလား။ မသိဘူး။ အညာသားရုပ်နှင့် မြန်မာ အမျိုးသားများက တရုပ်သီချင်းနှင့် ဖြေဖျော်သွားပါတယ်” လို့ ရယ် “တရုပ်အမျိုးသမီးက အားကျမခံ တူးပို့တူပို့ လုပ်သွားပါတယ်” လို့ရယ် အရွှမ်းဖေါက်ထားတာလေး တွေ့ရ ပါသေးတယ်။ တော်တော်လဲ ဟာသဥာဏ်ပါတဲ့လူပါပဲ။ အဲဒီ အမျိုးသားတွေက ဓမ္မဥယျာဉ်ကျောင်း တရုပ်စာ သင်တန်းကပါတဲ့။ စာရေးသူတော့ မသိလိုက် မကြည့်လိုက်ရပါ။ 

စာရေးသူတကယ် ပီတိဖြစ်ရတာက သုံးခုရှိပါတယ်။ ပထမတစ်ခုက သက်ကြီးပူဇော်ပွဲအစီအစဉ်ပါ။ အသက် (၇၀)ကျော် အဘိုး အဘွားတွေကို ပင့်ဖိတ်ပြီး အစားအသောက်များနှင့် ကျွေးမွေးပြုစုတာကို မြင်ရတာရယ်၊ စင်မြင့်ပေါ်ကို တင်ပြီး ပူဇော် ကန်တော့တာရယ်မြင်ရတော့ တကယ်ကိုပဲ ဝမ်းသာ၊ ကြည်နူး၊ ပီတိဖူးတွေ ဝေရ ဖြာရ ပွင့်လန်းရပါ တယ်။ ဒို့မြန်မာ့ယဉ်ကျေးမှုက “အသက် ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ် ခစားရိုသေလေ” လို့ တစ်မျိုး၊ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” လို့ တစ်ဖုံ ရှိတယ် မဟုတ်ပါလား။ “သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး အသင်း” ကိုဖွဲ့စည်းထားတဲ့ လူငယ် လေးတွေကို တွေ့ရပြန်တော့ ဝမ်းလဲသာရ၊ လေးလဲလေးစားရပြန်ပါတယ်။ သူတို့အသင်းက မုံ့လုံးရေပေါ် စတုဒိသာ လှူဒါန်းပါတယ်။ ဒါ့အပြင် သက်ကြီး ပူဇော်ခံတွေကို လက်ဆောင်ပစ္စည်းများနှင့် ကန့်တော့်တာကိုလဲ မြင်ခဲ့ရပါတယ်။ ဝမ်းသာကြည်နူးရတဲ့ မြင်ကွင်းတစ်ခုပါပဲ။ (ဖိုးဖိုး ဖွားဖွားတွေကို ကျောင်းမှာပဲ ထမင်း ဟင်းနှင့် ဧည့်ခံ ကျွေးမွေးတာဆိုတော့ စတုဒိသာ အလှူရှင်တွေက သူတို့ကို လှူဒါန်း ကျွေးမွေးဖို့ မေ့နေကြဟန်တူပါတယ်။ သူတို့တွေနှင့် သင့်တော်မယ့် အစားအသောက်တွေ လာလှူကြ ကျွေးကြရင် သိပ်ကောင်းမှာပဲလို့လဲ အတွေးပေါ် မိပါတယ်။)

နောက်တစ်ခုကတော့ ကလေးများရဲ့ မင်္ဂလာကဗျာ ရွတ်ဆိုမှုပါပဲ။ ကလေးတွေက ငယ်ငယ်လေးတွေ။ ဟန်နီဆိုတဲ့ အသက် ငါးနှစ်ခွဲ သမီးလေးတောင် ပါသေးတယ်။ (အစောက ခုနှစ်နှစ်လို့ မှားရေးမိခဲ့တာ တောင်းပန်ပါတယ်။) ငယ်တယ်ဆိုပြီးများ ပွဲဖြစ်ရုံထည့်ထားတယ် မထင်လိုက်ပါနဲ့၊ ဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျာတွေကို အစအဆုံးတောင် ဆိုတတ် ဆိုနိုင်တာကို ပွဲမလုပ်ခင်က တွေ့ခဲ့ရဖူးပါတယ်။ ဆရာတော် သံဃာတော်တွေနား ဘယ်လို ချဉ်းကပ်ရ လှူရ ကပ်ရတယ်ဆိုတဲ့ ကဗျာတစ်ပုဒ်ကိုတောင် အဲဒီ ငါးနှစ်ခွဲ သမီးလေးက ဒီလောက်များတဲ့ ပရိသတ်ကြီးရဲ့ ရှေ့မှာ မကြောက်မရွံ့ တစ်ကိုယ်တော် အစွမ်းပြ သီဆိုပြလိုက်သေး။ နိုင်ငံခြားမှာ မွေး၊ နိုင်ငံခြားကျောင်းတက်၊ ကျောင်းစာ အိမ်စာတွေနှင့် အသဲအသန် နပန်းလုံးနေရတဲ့ ထဲကတောင် မြန်မာ့ယဉ်ကျေးမှု၊ အခြေခံ ဗုဒ္ဓအဆုံးအမတွေကို သင်ယူကြ လေ့လာ ထားလိုက်ကြတာ။ သင်ပေးသူ၊ သင်ယူသူနှင့် ပန့်ပိုးပေးတဲ့ မိဘတွေကို အများကြီး ကျေးဇူးတင်မိတာ အမှန် ပါပဲ။ ဒါကြောင့် သာဓု အကြိမ်ကြိမ် ခေါ်မိပါတယ်။ 

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်

ကလေးတွေရဲ့ မင်္ဂလာကဗျာ ရွတ်ဆိုမှုကို ပျော်တပြုံးပြုံး မော်မဆုံးအောင် အားပေးနေတဲ့ ပရိတ်သတ် ကြီးကို ကြည့်ရင်း ကဗျာတွေကို လိုက်ဆိုနေတဲ့ မိဘတွေ၊ ကြည်နူးတဲ့ မျက်နှာတွေနှင့် ကြည့်နေကြတဲ့ ကလေးမိဘအရွယ်တွေကို မြင်ရတော့ သားတော်ထံကို စိတ်ရောက်နေတဲ့ ဘုရား ရှေ့တော်မှောက်ရောက် အဇာတသတ်မင်း အကြောင်း သတိယမိပါတယ်။ အဲဒါကတော့ အဇာတသတ် မင်း ဘုရားထံမှောက် ချဉ်းကပ် ဖူးမြော်သွားတော့ သံဃာအပါး ငါးရာက ဘုရားရှင်ကို ဝိုင်းရံ ထိုင်နေကြတာကို တွေ့ပါသတဲ့။ သံဃာတော်တွေက ဒီလောက်များပေမဲ့ လက်ချိုးသံ၊ ချောင်းဟန့်သံတောင် မကြား မတွေ့ရအောင် ငြိမ်သက် တည်ကြည်ကြတာကို ဖူးတွေ့ရပါရော။ ဒီတော့ သူချစ်လှတဲ့ သူ့ရဲ့သားလေးကို သတိယပြီး “ငါ့သားတော်လေးလဲ ဒီလို ငြိမ်သက် တည်ကြည်တဲ့ ဣနြေ္ဒနှင့် ပြည့်စုံပါမူ သိပ်ကောင်းမှာပဲ” လို့ တွေးမိပါသတဲ့။ ခုလဲ ပရိသတ်ထဲက အချို့ကလေးမိဘတွေဟာ “ဒို့သားသား မီးမီးလေးတွေလဲ ဒီ ကလေး လေးတွေလို ဆိုတတ်ရင် သိပ်ကောင်းမှာပဲ” လို့ တွေးနေကြမှာပါပဲလို့ စာရေးသူက သူတို့အတွေးထဲ ဝင်ရောက် ခံစားကြည့်မိပါသေး တယ်။

ရိုးရာကနေ ရိုင်းရာသင်္ကြန်းဖက်ကို ကူးပြောင်းနေတယ်လို့ ကြားထားမိပြီး ကြားမိတိုင်း၊ တွေးမိတိုင်း ဝမ်းနည်းလိုက်ရတာ။ အခု ဒီလို စိတ်ဝင်တစား အားပေးကြတာကိုမြင်ရတော့မှ ဝမ်းသာလိုက်ရတာလေ။ မင်္ဂလာကဗျာတစ်ပိုဒ်စီကို ကျောင်းသား ကျောင်းသူ တစ်ယောက်စီက ရွတ်ဆိုကြပါတယ်။ တစ်ယောက် ရွတ်ပြီးလိုက်၊ ပရိသတ်ကြီးက လက်ခုပ်ဩဘာပေးလိုက်၊ တစ်ပုဒ်ရွတ်ပြီးလိုက်၊ လက်ခုပ်သံတွေနှင့် ချီးကြူး လိုက်နှင့် ဝမ်းသာဖွယ်ရာ မြင်ကွင်းကြီးပါ။ ပရိတ်သတ်ကြီးက လဲ တကယ်ကို ယဉ်ယဉ်ကျေးကျေး၊ ရွှင်ရွှင် ပြပြ၊ စိတ်ဝင်တစား အားပေးနေလိုက်ကြတာ အံ့မခန်းပါပဲ။ အားရ ဝမ်းသာ ပီတိတွေ ဖြာရပါတယ်။ မင်္ဂလာ ကဗျာတွေ ရွတ်ဆိုမယ်ဆိုတော့ ပရိတ်သတ်ကြီးက ဒီလောက်ကြီး အားပေးလိမ့်မယ်လို့ တကယ်ကို ထင် မထားမိလို့ပါ။ ကလေးတွေဆိုတာ ကြည့်လိုက်၊ ပရိသတ်ကြီးတစ်ခုလုံးကို တဖြေးဖြေး လည်ကြည့်လိုက်နှင့် စာရေးသူလဲ တကယ်ကိုပဲ ပြုံးပျော်နေရတာပါ။

နောက်ဆုံးတစ်ခုကတော့ ပြဇာတ်တိုလေးပါ။ ဇာတ်ညွှန်း နှင်းဟေမာက သေရည် သေရက်ဖြစ်ပေါ်လာပုံကို ကောက်ကြောင်း ကောက်ပြ သလို သေရည်သေရက်ကြောင့် တိုင်းပြည်ဆုတ်ယုတ် ပျက်ပြားတတ်ပုံကို မီးမောင်းထိုးပြထားပါတယ်။ တကယ်တော့ ဇာတ်တော်အမှတ် (၅၁၂) ကုမ္ဘဇာတ် (ဇာတကဋ္ဌကထာ၊ ၅၊ စာ ၁၂ - ၂၂) ကို ယူပြီး ဇာတ်ညွှန်း ရေးကာ အနုပညာရှင်တို့က တင်ဆက်ကြတာပါ။ အဓိကအသိပေးချင်တဲ့ အချက်ကို ထောက်ကူပေးဖို့ကတော့ ဟိုလူကြီးကို အဓိကထားပြီး မြန်မာပြည်သားတွေ ပြောချင် နေကြတဲ့ စကားတွေကို ဟာသနှောကာ တင်ဆက်ကပြကြတာပါ။ သရုပ်ဆောင်တွေကလဲကောင်း၊ ဟာသတွေကလဲ ထိမိတော့ ဇာတ်လမ်းတိုကို ကြည့်ပြီး ပရိသတ်ကြီးက တသောသော တဝေါဝေါ ပွဲကြနေကြလေရဲ့။


ဇာတ်ညွှန်းရေးသူကလဲ တော်၊ ဇာတ်ဆောင်တွေကလဲ ကောင်းလိုက်ပါဘိသနဲ့။ ဇာတ်တော်လာ အကြောင်း အရာ တစ်ခုကို တင်ဆက် ဖျော်ဖြေမယ်ဆိုရင် မြို့နေပရိတ်သတ်က ဒီလောက် အားပေးလိမ့်မယ်လို့ ထင် မထားမိရိုးပါ။ 

အခု ကပြမှုက မြန်မာတို့အတွက် ဇာတ်ဆောင်တွေရဲ့ ပြောစကားတွေ၊ ဟာသတွေကြောင့် စိတ်ထွက်ပေါက်ရော၊ သတိ ရော အသိဥာဏ်ပါ ရလောက်တဲ့ တင်ဆက်မှုတစ်ခုပါလို့ ထင်မြင်မိပါတယ်။ ဒီ ဇာတ်လမ်းမျိုးကို ခုလို တင်ပြ အသုံး တော်ခံကြတဲ့သူတွေကိုရော၊ စိတ်ဝင်တစား အားပေးကြတဲ့ ပရိတ်သတ်ကြီးကိုပါ သိပ်ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ “အရက်ဖိုးက လဖက်ရည် ဖိုးထက်တောင် ဈေးချိုနေတယ်၊ အရက်ဆိုင်တွေ လဲ ပေါလိုက်တာ လွန်ပါရော၊ ဒါကြောင့် အရက် သောက်ကြတဲ့ လူငယ်တွေလဲ အများကြီး တိုးပွားလာနေတယ်” လို့ မနှစ်လောက်က သတင်းတွေမှာ ဖတ်ရ ကြားရလို့ပါ။ “သေနှင့် အရက်၊ စီးပွားဖျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ” လို့ ဒို့ ယဉ်ကျေးမှု၊ ဒို့ဘာသာ၊ ဒို့သာသနာက ဆိုဆုံးမပါလျက် ဒင်းတို့ခေတ် (ဒို့ခေတ်) ရောက်မှ ဖြစ်ရလေခြင်းရယ်လို့ ရင်ထဲမယ်တော့ တမျိုးကြီးပေါ့။ ဒီလိုမျိုး ခံစားကြရတာကလဲ ဒို့နိုင်ငံ ဒို့လူမျိုး ဒို့ယဉ်ကျေးမှုကို ကမ္ဘာက အသိအမှတ်ပြု အထင်ကြီး လေးစားစေလိုစိတ်တို့ ပြည့်သိပ်နေလို့သာ ဖြစ်ပါတယ်။ အာဏာရှင်လိုမျိုး အုပ်ချုပ်တဲ့ အချိန်မှာတို့၊ အရည် အချင်းမရှိတဲ့သူတွေ ကြီးစိုးတဲ့ခေတ်မှာတို့ဆို ဒီလိုမျိုး သောက်စားကြ မူးယဇ်တတ်ကြ၊ လောင်းကစားမှုတွေ နှင့် တစ်ရုံးရုံး ဖြစ်တတ်ကြတယ်တဲ့။ နိုင်ငံရေးကို စိတ်မဝင်စားနိုင်စေဖို့ ဒီလိုဖြစ်အောင်လဲ အဲဒီလိုလူမျိုးတွေက ဖန်တီးတတ်ကြတယ်လို့ နိုင်ငံရေး သုခမိန်ဆန်ဆန် ဝေဖန်သုံးသပ်သံတွေကို ဘုန်းကြီးကျောင်း အုတ်တံတိုင်းတွေ ကြားကတောင် ကြားနေရပါတယ်။ စာရေးသူကတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာသင်ယူဖူးတာလဲ မဟုတ်၊ နိုင်ငံရေးသမိုင်းတွေကို ကျေနေအောင် လေ့လာထားဖူးတာလဲ မဟုတ်လို့ ဒီလိုတွေ တမင် ဖန်တီးတတ်တယ်ဆိုတာ ဟုတ် မဟုတ် အသေအချာတော့ မသိပါဘူး။ ဒီနှစ်တော့ ဒို့နိုင်ငံမှာလဲ အရက်ကြော်ငြာတာတွေ ပိတ်ပင်တယ်လို့ ကြားရပြန်တော့ စိတ်သက်သာခွင့် နဲနဲတော့ ရပါရဲ့။ 

ဘာပဲဖြစ်နေပါစေ။ ဗုဒ္ဓယဉ်ကျေးမှုကနေ ဆင်းသက်လာပြီး ဘာသာ ရေးနှင့်ပါတွဲပြီး ကျင်းပ ဆင်နွှဲလာခဲ့ကြတဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ရိုင်းရာယဉ်ကျေးမှုပွဲတော်လို့ ပြောပ လောက်အောင်ကို ဖြစ်ပျက်လာနေတာကတော့ မကောင်းတာ အသေအချာပါပဲ။ ဒါကြောင့်လဲ ရိုးရာ ယဉ် ကျေးမှုကို ထိန်းသိမ်း ဖော်ထုပ်တဲ့ ဒီပွဲမှာ လာရောက်ပါဝင် ဆင်နွဲသူများ အားလုံးကို အရက်သေစာ သောက်စားမူးယဇ်ခြင်း လုံးဝ မပြုလုပ်ရန် အထူးမေတ္တာရပ်ခံထားပြီး ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြရန် ဖိတ်ကြားထားတာ တွေ့ရပါတယ်။ မူးနေတာတွေ့ရင် ဘယ်ကပဲ သောက်လာသည်ဖြစ်စေ၊ သင်္ကြန်ကော်မတီက အနူးအညွတ်တောင်းပန် မေတ္တာရပ်ခံပြီး အငှါးကားနှင့် ပြန်ပို့ပေးဖို့ထိကို ကြိုကြိုတင်တင် စီစဉ်ထားကြောင်း သိရသလို စင်္ကာပူ ရောက် မြန်မာများကလဲ အလွန်ယဉ်ကျေးစွာ ပူးပေါင်းပါဝင်ဆင်နွှဲကြတာကို တွေ့မြင်ရပါတယ်။ ဒီလို ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိ လုပ်ဆောင်ကြမှလဲ အခြားသူများက မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုနှင့် လူမျိုးကို လေးစားကြမှာ မဟုတ်ပါလား။ ဩော် . . . ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို ကိုယ်မှ မြတ်နိုး တန်ဖိုး ထားမှု မရှိရင် ဘယ်သူကများ မြတ်နိုး လေးစား တန်ဖိုးထားပါလိမ့်။ ?????

အသိတရား၊ သတိတရားတို့ဖြင့် ရိုးရာ၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းနိုင်ကြပါစေ။ လူသစ် စိတ်သစ် စွမ်းအားသစ်တို့ဖြင့် ကြံစည် ပြောဆို လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး အစစ အရာရာ တိုးတက် အောင်မြင်ခြင်း မင်္ဂလာအပေါင်း ခညောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆန္ဒပြု နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ဘုန်းဥာဏ်
(ခေတ္တ) ဆမ်ဘာဝမ်၊ စင်္ကာပူ။

၁၃၊ ၀၄ ၊ ၂၀၁၀။

ဘလော့ဂါတစ်ဦးပြောတဲ့ မေတ္တာ

တနေ့မှာ မေတ္တသုတ် အင်္ဂလိပ် ဘာသာပြန်တွေကို ရှာရင်း ဖတ်ရင်းနှင့် Carla kay white ရဲ့ http://carlakaywhite.com ကို အမှတ်မထင် ရောက်သွားမိပါတယ်။ (အင်္ဂလိပ်စာ တော်တော် တတ်လိမ့်မယ်လို့ မထင်လိုက်နှင့်ဦး။ မတတ်တာမှ အခု ဒီစာကို ဖတ်နေသူသာ သိရင် အချိန်မရတဲ့ကြားက သင်ပေးချင်လောက်အောင်ကို မတတ်တာနော်။) သူမက The Loving Kindness Meditation ဆိုတဲ့ နာမည်နှင့် ပို့စ်တိုတိုလေး တင်ထားပါတယ်။ ဘလော့ဂ်ဂါက သူမမှာ task နှစ်ခု ရှိပါသတဲ့။ ပထမတာဝန်က သူ ဘာကို တကယ်လုပ်ချင်ပါလိမ့်လို့ သူ့ ကိုယ်သူ ပြန်မေးတဲ့တာဝန်ပါတဲ့။ အဲဒီမှာ အဖြေပေါင်းစုံက ပြန် ပေါ်လာတယ်ဆိုပဲ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဝင်အလာဆုံး ရိုးစင်းတဲ့ စကားလေးကတော့ မေတ္တာတရားပါတဲ့။ ဒီအခိုက်အတန့်လေးမှာ သူလုပ်ရတဲ့ အရာနှင့် သူနှင့် အတူ ရှိနေသူတွေကို ချစ်ခင်ချင်ပါသတဲ့။

အင်း … နောက် task တစ်ခုကတော့ နဲနဲ ပိုရှပ်ထွေးတယ်ဆိုပါလား။ ဘာများပါလိမ့်မလဲလို့ ဆက်ဖတ်မိ တော့ သူမက "နေ့စဉ်နေ့တိုင်း မေတ္တာဘာဝနာ (မေတ္တာပွားများမှု)ကို ဆယ့်ငါးမိနစ်လောက်လုပ်ပါတယ်" တဲ့။ "ဒီမေတ္တာဘာဝနာ (သူ့အဆို ကဗျာ) ပွားပုံလေးက အတော်ကို လှပရုံတင်မက သူ့အတွက်ရော လူတိုင်းအတွက်ပါ သူလိုချင်တဲ့ မင်္ဂလာအပေါင်းကို စုရုံး သိမ်းကြုံးပေးတယ်" တဲ့လေ။ သူကတော့ ဒါကို ရက် အနည်းငယ်ကြာ ပွားများနေပြီး ထူးခြားမှုကို သူတွေ့နေရပြီ လို့ ဆိုထားရုံမျှမက သင်လည်း တစ်ပတ် နောက်ပိုင်းမှာ ထူးခြားမှုတွေ့ရပါလိမ့်မယ်လို့ခန့်မှန်းနေပါတယ်တဲ့။ သူပြောတဲ့ ကဗျာဆိုတဲ့ မေတ္တာပွားပုံ လေးကတော့ အောက် ပါအတိုင်းပါပဲ။

May I be filled with loving kindness.

May I be safe from inner and outer danger.

May I be healthy in body and mind.

May I be happy and free.

ဒါကို ဖတ်ကြည့်မိတော့ မေတ္တာပွားပုံအကြောင်းတိုတိုလေး စာသံ ပေသံတွေမပါပဲ ရေးဦးမှပဲဆိုတဲ့ အတွေးလေးက ပြန်ပေါ်လာပါတယ်။ (Dhamma Wisdom လို့ နာမည်ကြီး အခန့်သားယူထားပြီး ဘာမှ တူတန်အောင် မရေးတတ်တာ မရေးသေးတာကိုတော့ တောင်းပန်ပါတယ်)။ ဒီဘလော့ဂါဟာ ဗုဒ္ဓဘာသာဟုတ်ဟန်မတူပါဘူး။ သူမက (သူ့စကားအရ) ယောဂကျင့်စဉ်တစ်ခုအနေနဲ့ လုပ်တာပါ။ ဘာပဲဖြစ်ဖြစ်လေ။ ဗုဒ္ဓက သူ့တရား တွေဟာ သူဖန်ဆင်းထားတဲ့ တရား၊ ဒါကြောင့်သူ့ကို ယုံကြည်သူများသာ ကောင်းကျိုးတရား ရမယ်၊ သူ့ကို မယုံကြည်ရင် ငရဲရောက်မယ် လို့ ဘယ်သောအခါကမှ ဟောခဲ့တာ မဟုတ်ပါဘူး။ သဘာဝအမှန်တရားကို သဗ္ဗညုတဉာဏ် တော်နှင့် ရှာဖွေထိုးထွင်းသိမြင်ပြီး ပုဂ္ဂိုလ် အလိုက် စရိုက်နှင့် လျော်စွာ ဟောခဲ့တဲ့ တရားပါ။ သဘာဝ အမှန်တရားဖြစ်တာကြောင့် သူ့ကို ယုံကြည်တယ်လို့ ပြောတဲ့သူပဲ ဖြစ်ဖြစ်၊ သူ ဟောမှန်းတောင် မသိသူပဲ ဖြစ်ဖြစ်၊ လက်တွေ့လိုက်နာ ကျင့်ကြံသူဟာ ကောင်းကျိုးတရားရမှာပါပဲ။ ဒါကြောင့်မို့ စာရေးသူ ဖတ်မိတဲ့ ဒီ ဘလော့ဂါတော့ ထူးခြားမှုကို တွေ့နေရပြီဆိုတာ ဟုတ်ပါလိမ့်မယ်။ မေတ္တာပွားမှုက ဘာသာမရွေး လူမျိုးမရွေး လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲဆိုတာကလဲ ရှင်းပါတယ်။

လောကလူသားတွေမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ မနာလိုမှု၊ ဝန်တိုမှု စတာတွေနှင့် ပြည့်နှက် ပြွတ်သိပ်လို့ နေပါတယ်။ တစ်ခါတစ်ခါ သူများက ဒုက္ခပေးတာထက် ကိုယ်စိတ်က (ကိုယ့်မှာ ဖြစ်နေတဲ့ ကိလေသာက) အများကြီး ပိုဒုက္ခပေးပါတယ်။ ဥပမာ သူများက ကိုယ့်ကို မခံချင်အောင် ပြောလိုက်တာက တစ်ကြိမ် တစ်ခါရယ်ပါ။ အဲဒါကို ကိုယ်က ခဏခဏ စဉ်းစားလို့ ဒါမှမဟုတ် သတိ ယလို့ ဒေါသမီးတွေ ကိုယ့်ကို လောင်တာက များပါတယ်။ အဲဒီအခါမှာ ဒီဒေါသမီးလောင်ခံနေရလို့ တယ်လဲ ဆင်းရဲလှပါလားလို့ မသိ ရှာတော့ သို့မဟုတ် သတိလွတ်နေတော့ မိမိမှာသာ ဆင်းရဲမှုက မဆုံးနိုင်အောင် ဖြစ်နေပါတော့တယ်။ စိတ်တွေ အလွန်တရာမှကို ပင်ပန်း ရပါတယ်။ စိတ်ပင်ပန်းတော့ ကိုယ်လဲ ပင်ပန်း မောဟိုက်ရပြီပေါ့။ "စိတ်ထောင်းတော့ ကိုယ်ကျေ" လို့ ဆိုကြတယ်မဟုတ်လား။

ကိစ္စများမြောင် လူတို့ဘောင်မှာ စိတ်ညစ်စရာတွေ၊ စိတ်ပင်ပန်းစရာတွေ တစ်ခုမဟုတ် တစ်ခုတော့ ရှိနေမှာပါ။ နိုင်ငံခြားမှာ နေရသူတွေ ဆို အလုပ်နှင့် လက် မပြတ်ဖြစ်နေရလို့ စက်ရုပ်အဖြစ်တောင် ရောက်လုမတတ်ပါပဲ။ ဒီတော့ အလုပ်ကြောင့် ဖြစ်တဲ့စိတ်ဖိစီးမှု၊ လူမှုရေး မပြေလည်မှု စတဲ့ စိတ်ကြောင့် ဖြစ်တဲ့ ဆင်းရဲမှုတွေ တစ်ခုမဟုတ် တစ်ခုတော့ ရှိနိုင်ပါတယ်။ ဒါကို ဖြေဖျောက်ဖို့ လိုပါတယ်။ စိတ် ကြောင့် ဖြစ်တဲ့ အညစ်အကြေး (စိတ်မချမ်းသာမှု) ကို စိတ်နှင့်ဖြေတာက အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓ အလိုတော်လဲ ကျပါတယ်။

မေတ္တာပွားရင် ... ချမ်းချမ်းသာသာ အိပ်ရခြင်၊ ချမ်းချမ်းသာသာ အိပ်ရာမှ နိုးထရခြင်း၊ အိပ်မက်ဆိုးများ မမြင်မက်ရခြင်း စတဲ့ ကောင်းကျိုး (၁၁) မျိုး ရတယ်လို့ ကျန်းဂန်တွေက ဖော်ပြ ပါတယ်။

"တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊
ချက်ခါထမင်း၊ ကျွေးမွေးခြင်းထက်၊
မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊
ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊
ကျိုးကြီးမားသည်" လို့ ဗုဒ္ဓဟောကြားတော်မူကြောင်းလဲ လေ့လာရဖူးပါတယ်။ ဒီအကျိုးတွေကို မရချင်ပါဘူး ဆိုရင်တောင် ရင်ထဲမှာ မလိုအပ်ပဲ သိမ်းဆည်းထားမိတဲ့ စိတ်မျိုးတွေကို ဖယ်ထုတ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။


ဒါကြောင့်မို့ နံနက် အိပ်ရာထ၊ မျက်နှာသစ်ပြီးသည့် အခါမှာ ဖြစ်စေ၊ သို့မဟုတ် ညအိပ်ရာဝင်ခါနီးမှာ ဖြစ်စေ (ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ ဘုရားရှေ့မှာ) ထိုင်ပြီး မျက်လုံးကို အသာအယာ မှိတ်ပါ။ သတ္တဝါ အားလုံးရဲ့အပေါ်မှာ မေတ္တာထားပြီး . . .

သတ္တဝါများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။

စိုးရိမ်ခြင်း ကင်းကြပါစေ။ ဆင်းရဲခြင်း ကင်းကြပါစေ။

မိမိကိုယ်ကိုယ် ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ လို့ တိုတို ကျဉ်းကျဉ်း လဲ မေတ္တာပွားနိုင်ပါ တယ်။


မေတ္တာပွားနည်းကတော့ အမျိုးမျိုး ရှိပါတယ်။ စာဖတ်သူ သိပြီးသား ဖြစ်မှာပါ။ ဓမ္မာစရိယ ဦးဌေးလှိုင် ရေးတဲ့ "မေတ္တာဝါဒ" မှာကို အတော်စုံလင်လှတဲ့ မေတ္တာပို့နည်းတွေ ပါပါတယ်)။ စလုပ်လုပ်ခြင်းတော့ ပါးစပ်က လိုက်ဆိုနေမိတတ် ပါတယ်။ တကယ်တော့ စိတ်နှင့် ပွားရ ပို့ရမှာပါ။ ဒါပေမဲ့ စိတ်ပျက်စရာ မလိုပါ။ နည်းနည်းလေး အကျင့်ရသွားရင် စိတ်နှင့်ပို့လို့ ပွားလို့ရတဲ့ အဆင့်ရောက်သွားမှာပါ။ မေတ္တာပွားနေရင် အားလုံးကို အမြဲမေတ္တာ မထားနိုင်တောင် (ပွားများနေတဲ့ အခိုက်အတန့်လေးမှာ) မေတ္တာမှလွဲပြီး အခြား စိတ်တွေ မရှိလို့ ပွားများနေသူ ရဲ့ မျက်နှာဟာ ကြည်လင်နေလိမ့်မယ်လို့ ထင်ပါတယ်။ သေချာတာကတော့ အဲဒီ အခိုက်အတန့်လေးမှာ လောဘ စိတ်၊ ဒေါသ၊ မောဟ၊ မာန၊ မနာလိုမှု၊ ဝန်တိုမှုစတာတွေ မရှိလို့ ကာယကံရှင် စိတ်ချမ်းသာမှာတော့ အမှန်ပါပဲ။


နောက်အကျင့်ရသွားရင် ကားစီးရင်း ရထားစီးရင်းလဲ ပို့နိုင် ပွားနိုင်သွားမှာပါ။ အကျင့်ရလာလေ လွယ်လေဖြစ်မှာပါ။ မေတ္တာပွားများတာ အပါအဝင် တရားအလုပ်လုပ်ရတာ လွယ်ကူကြောင်းကို "ရှေ့မှာရောက်နေတဲ့ ထမင်းပွဲ ထိုင်စားရတာ၊ တည်ထားတဲ့ ရေအိုးမှာ ခပ်ပြီး သောက်ရတာကမှ ခက်ပါသေးတယ်။ ကြာပါသေးတယ်။ ရုပ်ပေါ် နာမ်ပေါ်မှာ ထားရတာ (ရှုမှတ်ရတာ) အလုပ်လဲ မပျက်၊ ငွေလဲ မကုန်၊ လူလဲ မပင်ပန်း၊ နေရာလဲ မရွေးရ၊ လွယ်လိုက်တာဗျာ။ လွယ်လိုက်တာမှ အင်မတန် လွယ်တယ်ဗျာ" လို့ ရဟန္တာလို့ ကျော်ကြားလှတဲ့ ဝေဘူဆရာတော်ဘုရားကြီးက တဖွဖွ ထောက်ခံ ဟောကြား တော်မူကြောင်း ဓမ္မာစရိယ ဦးဌေးလှိုင် ရဲ့ "ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ"၊ စာမျက်နှာ ၂၄ တွင် မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။


မိမိက ယောဂီတစ်ယောက်လို အမြဲအားထုတ်တာ မဟုတ်လို့ ဆရာတော် မိန့်ကြားသလောက် မလွယ်ကူနိုင်ပေမဲ့ ရထားစီးရင်း ကားစီး ရင်း ပွားများလို့ရတဲ့ အဆင့်အထိတော့ အနည်းဆုံး ရောက်မယ်ဆိုတာ စာရေးသူ ယုံကြည်ပါတယ်။ ခရီးသွားရင်း ဘာအကြောင်း၊ ဘယ် သူ့အကြောင်းမှ မစဉ်းစားပဲ အသက်ကို သုံးခါလောက် ဝဝရှူ၊ မျက်လုံးလေး အသာအယာမှိတ်ကာ ရထားပေါ်၊ ကားပေါ်က ခရီးသွား ဖော်တွေကို ရည်မှန်းပြီး ခရီးသွားများအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ စသည့်ဖြင့် ပွားများနေရင် စိတ်ချမ်းသာ တည်ငြိမ်မှု တို့ကို ခံစားရပါလိမ့်မယ်။ အချိန်လဲ သီးသန့် မပေးရတော့ဘူးပေါ့။ ဗုဒ္ဓဘာသာဝင်တွေဆိုရင် ပွားများအပြီးမှာ ဒီအကျင့်မြတ်ဖြင့် ဗုဒ္ဓ မြတ်စွာအား ပူဇော်ပါ၏ လို့ ဘုရားတောင် ပူဇော်လို့ ရပါသေးတယ်။ ဒါဆိုရင် စိတ်လဲ ကြည်လင် အေးမြ၊ ကုသိုလ်တွေလဲ ရပြီပေါ့။ ရတဲ့ကုသိုလ်ကလဲ ရှင်တော်ဗုဒ္ဓ ချီးမွမ်းရတဲ့ ကုသိုလ်မျိုးမို့ လုပ်သင့်တယ် လုပ်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။


အားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ!

ဘုန်းဥာဏ်
(ခေတ္တ) Sembawang
၁၂၊ ၀၄၊ ၂၀၁၀

Apr 9, 2010

လယ်တီဆရာတော်ဘုရားကြီး၏ “ဂမ္ဘီရကဗျာကျမ်း” မှ ကောက်နှုတ်ချက်များ (၄)

 တစ်ပိုင်းကြောင် ကျက်စာရရုံနှင့်၊ ခက်ပါလှ သဘောဉာဏ်၊
ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွား၊
စောဒက တုဖက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား။

 ဘုရားဟော မြတ်ဓမ္မခန်ကို၊ တတ်လေဟန်ယောင်ဝါး၊
ပရတ်မတ်ပြန် အကြောင်သမားတွေတို့၊ ထောင်လွှားကြ သူ့ထက်ငါ၊
အသိဉာဏ် တစ်ထွာလောက်ကယ်နှင့်၊ ညှာမထောက် ဟောတတ်လှပါ။

 ပရိတ်သတ် ထောမနာအောင်၊ စောဒနာ ဉာဏ်အကောက်တွေနှင့်၊
ကန်အကြောက် အတင်းမရှောင်၊ ငြင်းကြလူ့ဘောင်၊
ပိဋကတ် အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။
(ဂမ္ဘီရကဗျာကျမ်း၊ စာ၊ ၇၂ -၃ ။)


ဆိုပိမ့်ပညှာ ဆုံးမစာ
 ဆိုပိမ့်ပညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာ နတ်နှိုက်၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချည်းနှီးလျှင်၊ ယီးတီး ယောင်တောင်၊ ခုတိုင်အောင်တည့်။

 သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ် ပတ်ကုံး၊ အပြည့်ဖုံးသည်၊ မိုးလုံးတိမ်တိုက်၊ လျှပ် မကြိုက်သား၊ အမိုက်အပြား၊ အင်လေးပါးထက်၊ နင်ကားရာထောင်၊မကမှောင်၏။ ။ ။

 လူ့ဘောင်လူ့ရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခုတွေ့လည်း၊ အလေ့မလွဲ၊ အများနည်းလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏၊ မျက်မြင်လောက၊ ဤဘဝကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။ ။


 သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ အရူးပြင်ပြင်၊နင့်ကိုယ်ထင်၏။ ။

 နင်နှင့်မဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့်သန္တာန်ကို၊ နင့်ဉာဏ်မစူး၊ ပေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ၊ အာရုံဝတ္ထု၊ မီးစာစုကို၊ မှုမှုရရ၊ နင်အားကျလည်း၊ ဓားပြ သေမင်း၊ သူ့တပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ။ ။

 ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌။ တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘဝ၊ အနန္တ လျှင်၊ အစမဆုံး၊ အများထုံတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်၊ နင်လိုလူမိုက် သွားလမ်းတည်း။ ။
(စာ၊ ၇၄)

၁၂၅၆-ခုနှစ်တွင် ကင်းဝန်မင်းကြီးထံ ပေးပို့သော သံဝေဂလေးချိုးကြီး

၁။ ။မိုက်မလင်းနှိုင်လို့၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မှီ သီမဝေ့နိုင်ဘု၊ ဒီကွေ့တွင် နေ့ကုန်မျောပြန်ရ၊ အတော ဘယ်မသတ်နိုင်တဲ့၊ ရဟတ်ဗွေ။ ။


၂။ ။ ငါးရပ်ကယ်စုံညီ၊ ဒုလ္လဘီငယ်၊ ကြုံမှီခုခေတ်၊ မြန်ခင်းဇမ္ဗူ၊ မှန်ကင်းငယ်ထူ၊ လူ့ထက်လူ ဖြစ်ပါလျက်၊ အနှစ်ကယ်မနွယ်၊ အကာတောမှာ၊ ဗျာမောကျယ်လို့၊ အကယ်ယောင်ယောင်၊ အမြင်မဖြောင့်၊ အဉာဉ်ထောင့်၊ မှောင့်ထက်မှောင်၊ သန်းကောင်လမိုက်၊ မိုးတိမ်မြှေးတဲ့၊ မီးသွေးတိုက်မှာ၊ အလိုက်ကယ်ဘာသာ၊ အမြင်မငွေ့၊ အထင်ရွေ့နှင့်သာ၊ အလေ့ရှာလျက်၊ အခါနာရီ၊ ရွေ့ရွေ့ငယ်ချီ၊ တိထီ ဆန်းဆုတ်၊ ရတုအစဉ်၊ လုလုငယ်နှင်၊ အတွင်ချုပ်လို့၊ သုတ်သုတ်ကယ် ရက်ရေ၊ ဇရာလက်မှာ၊ အသက်သာကြွေတော့တယ်၊ အသေသတ်လက်မရွံ့ကို၊ အသက်ခွန်ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာ စောင့်ရှာကြ၊ စိုးနှောင့်သင်္ချေ။ ။


၃။ ။ သို့ပါမူလည်း၊ ပူနွယ် ဆေးနွယ၊် အရေးကျယ်တွေကို၊ အေးဖွယ်ထင်မှတ်၊ အစမမြင် ဘဝလျဉ်၊ အစဉ်ငတ်ဟာမို့၊ မသတ်ကယ်အာသာ၊ အာရုံဓမ္မ ပျာပုံမွမှာ၊ ရသရှာလျှက်၊ ငါတစ်လူလူ ပမာမူ၊ ရွာသူတို့ဝက်၊ အစာများထူ၊ အသားလူ၊ ဆူလေလေခက်ပါလျှက်၊ ရမ္မက်ကယ် မာန်ဝင်၊ သူ့ အသင်းမှာ၊ သူမင်းပဲ ထင်လိုက်လို့၊ ရွှင်နိုင်မျှ ဝက်သဏ္ဌာန်လို၊ အချက်မှန်ပေါ် မလင်းစေဘို့၊ ဖော်သင်းရွှေ၊ မိတ်သင်ယှက်သည့်ပြင်၊ ခင်မင်ဘွယ် အရံစုံပ၊ မာန်တဂုဏ်၊ ဟန်ပုံနှင့် ဖုံးရှာကျ၊ ရှုံးပလေ၊ ထုံးမြေပြာစု မိတ်တွေမို့။


၎။ ငါတစ်လုံးနယ် အနှုံးငယ်ကျယ်၊ သုံးသွယ်မြုံသိုက်၊ ဘုံတစ်လှိုက်မှာ၊ တုန်ရိုက်ကယ်ဆူညံ၊ မြူမချန် ပူလျှံတောက်ညီး၊ အမြဲစတေ စမဲချွေ၊ အသေမီးတဲ့၊ အပြီးငယ်ကုန်စင်၊ ဘုံတစ်ခွင်ကို၊ အတွင်လောင်မြိုက် အပြောင်တိုက်လို့၊ အမိုက်ကယ်ဝဋ်နွယ်၊ အဖြစ်မစဲ၊ သစ်သစ်လဲ၊ သဲသဲကြွယ်လည်း၊ အကယ်မလောက်၊ သူကသာ မောက်တော၊့ နောက်နောက်ကမ္ဘာ၊ ဖန်ဖန်လာလဲ၊ အစာသူ့တွင်၊ တစ်ခုသာ ဝင်ကြရ၊ သင်္ခတရုပ် နာမ်ငယ်၊ အဟုတ်ဉာဏ် မတင်စီးနိုင်ရ၊ သည်မီးတာ ဘယ်တစ်ကိန်းမှာမှ၊ ငြိမ်ပါ့မယ်လို့။ ။
(စာ၊ ၈၀-၈၁)

Apr 1, 2010

အောင်ဆန်း သို့မဟုတ် အရိုင်း


ဒဂုန်တာရာ၏ "အောင်ဆန်း သို့မဟုတ် အရိုင်း" ဆောင်းပါးနှင့် ပတ်သက်လို့ ဗိုလ်ချုပ်က "တာရာက ငါ့ကို အရိုင်းတဲ့ကွာ" လို့ ငြီးငြူးရှာကြောင်း စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်။ ဖတ်ဖူးခဲ့တဲ့ စာအုပ်နှင့် စာရေးသူကို မှတ်မိနေသလို ရှိနေပေမဲ့ သေချာအောင် ပြန်ကြည့်ဖို့ စာအုပ်မရှိလို့ ဒီမှာတော့ မညွှန်းလိုက်တော့ပါဘူး။ ထားပါတော့။ လူလားမြောက် ကတည်းက မြန်မာပြည် လွတ်လပ်ရေးအတွက် အချိန်ပြည့် စဉ်းစားနေခဲ့ပြီး အလုပ်တွေလုပ်ခဲ့တဲ့ ဗိုလ်ချုပ်၊ မှုန်ပြပြ အတိတ်တစ်ချိန်ကသာဆို ဒဏ္ဍာရီလား တကယ်လားလို့ ဒုတ်ကိုင်ပြီး အငြင်းပွား ကြရအောင်ကို စိတ်ဓာတ်ရော လုပ်ရပ်ပါ တော်ခဲ့တဲ့ ဗိုလ်ချုပ်၊ အဲဒီဗိုလ်ချုပ်ရဲ့ အကြောင်းဆိုတော့ ဖတ်ချင် နေခဲ့တာပါ။ ဗိုလ်ချုပ်ရဲ့ ငြီးငြူသံလိုလို ဘာလိုလို စကားသံလေးကို အကဲခတ်ကြည့်ရင် ဆရာ တာရာရဲ့ ဆောင်းပါးဟာ မရှိတာတွေကို အရှိ၊ မကောင်းတာတွေကို အကောင်းဖန်တီးထားတဲ့ ခေတ်သစ် ဘုန်းတော်ဘွဲ့မဟုတ်တာ သေချာတယ်လို့တော့ အကဲခတ်မိပါတယ်။ ဒါကြောင့်လဲ ဖတ်ချင်ခဲ့တဲ့ ဆန္ဒဟာ မပျောက် မပျက်တည်ရှိနေခဲ့တာပါ။ ဒါပေမဲ့ မကြုံတော့မဖတ်ခဲ့ရပါဘူး။ 

အခုတော့ ကြုံလာပါပြီ။ စင်္ကာပူကို အလည်လာတုန်း သူငယ်ချင်းရဲ့ နေရာလေးမှာ ဂျာနယ်လေး တစ်စောင် ကို တွေ့လို့ လှန်လှောကြည့်မိတော့ အမှတ်မထင် ဒီဆောင်းပါးကို တွေ့လိုက်ရတာပါ။ ချက်ချင်းပဲ ကောက် ဖတ် လိုက်မိတော့ အရမ်းကို သဘောကျသွားပါတယ်။ သဘောကျရခြင်းရဲ့ အကြောင်းကတော့ အရှိကို အရှိအတိုင်း ရေးထားလို့ပါလို့ပဲ တိုတိုပြောပါရစေ။ ကိုယ်ဖတ်ရရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်လိုပဲ ဖတ်ချင်ပေမဲ့ မတွေ့လို့ မဖတ်ရသေးသူတွေကို ဖတ်နိုင်ကြစေချင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘလော့ဂ်လေးပေါ် တင်ဦးမှပဲလို့ အတွေးပေါက်တာနှင့် ချက်ချင်းပဲ ကောက်ကာငင်ကာ ကူးထားလိုက်ပါတယ်။  

ဒီဆောင်းပါးဟာ ဘယ်မဂ္ဂဇင်းမှာ ဘယ်လ ဘယ်နှစ်က ပါတယ် စတဲ့ မူလ ပုံနှိပ်မှတ်တမ်း အပြည့်အစုံ ဖော်ပြပေးချင်ပေမဲ့ အခုတော့ မပေးနိုင်သေးပါဘူး။ ဒါကိုတော့ နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေ။ နောင်မှာ အကြောင်းသင့်ရင်တော့ ထပ်ဖြည့်ပေးပါ့မယ်။ အခု ဒီမှာတင်ထားဖို့ ကူးယူခဲ့တဲ့ စာစောင်ကိုတော့ ဆောင်းပါးအဆုံးမှာ ရည်ညွှန်းအဖြစ် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာ အောင်သင်းစာကား ငှါးပြောရရင် မစားပဲနဲ့ စွန့်သွားတဲ့ ခေါင်းဆောင်ကြီးပါ။ တိုင်းပြည်အတွက် နောက်ဆုံး မိနစ် အထိ အလုပ်လုပ်သွားခဲ့သူ ပုဂ္ဂိုလ်ကြီးပါ။ ဒါကြောင့်မို့ တစ်ပြည်လုံးနီးပါးက ကြည်ညိုလေးစားကြပါတယ်။ ဒါပေမဲ့ သူ့မှာလဲ လူမှုရေး ချို့ယွင်းချက် လေးတွေရှိပါတယ်။ သူ့ရဲ့ အဲဒီ ချို့ယွင်းချက်များကိုလည်း ဆောင်းပါးရှင်က ဖော်ပြထားပါတယ်။ ဖော်ပြထား လိုက်တာမှ ဖတ်ရင်းတောင် ဆရားကြီး တာရာ ပြောရက်လိုက်တာကွာ လို့ပင် ပြောမိသေးပါတယ်။ သူငယ်ချင်းကို ဖတ်ပြမိတော့ "ဟာ သူရေးတာကလဲ တယ်ကြမ်းပါလား" ဟု ဆိုပြန်ပါတယ်။ အမျိုးသမီး တစ်ဦးကတော့ ဒီလောက် အချိုးအစားကျတဲ့ ဗိုလ်ချုပ် မျက်နှာကိုများ စာရေးဆရာက ရုပ်ဆိုးတယ်လို့ ပြောသလားလို့ မေးခွန်းထုတ်ပြန်ပါတယ်။ တကယ်တော့ စာမူရှင် ဆရာကြီး တာရာ ရေးထားသလို " . . . စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့် စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်" ဆိုသကဲ့သို့ပင် ကိုယ်တန်ဖိုးထား လေးစားသည့် အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်ရကား အရာရာ ကောင်းမွန်ပြည့်ဝစေလိုသည့် ဆန္ဒများမှ ပေါက်ဖွားလာတဲ့ စကားများဖြစ်တာကတော့ သေချာပါတယ်။ ဒီလိုဖြစ်နေကြတာကိုက လူပင်သေသော်လည်း သူ့ဂုဏ်သိက္ခာများကား မသေသည့် သက်သေတစ်ခု ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းကလဲ လူထုနှင့် တစ်သားတည်း နေခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ 'တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှသူတစ်ဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည်။ ဖြစ်လိမ့်မည်' ဆိုတဲ့ ဆရာ တာရာရဲ့ ဆောင်းပါးပါ ကောက်ချက်အတိုင်းပါပဲ။ လူထုရဲ့ ဘဝ လူထုရဲ့ လိုအပ်ချက်ကို ကြည့်ရှု ဖြည့်ဆည်းပေးတဲ့ သူကို လူအများ လေးစား ချစ်ခင်ကြသလို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်စု အတွက်သာ လုပ်ဆောင်သူများဟာလဲ အများရဲ့ ချစ်မြတ်နိုးခြင်း ခံရမည် မဟုတ်သည်မှာ တကယ့် အမှန်တရားပင် ဖြစ်ပါတယ်။ အဲဒီလို လူအတွက်တော့ ကမ္ဘာကျော် ဟောပြောသမားကောင်းတွေနှင့် အာပေါက်အောင် သူကောင်းကြောင်း ပြောခိုင်းပေမဲ့ လူထုရဲ့ လက်တွေ့ဘဝနှင့် တစ်ထပ်တည်း မကျတာကြောင့် "အပြောက ဝတိန်ဘုံ၊ မနောက ကလိန်ခြုံ" လို့ သတ်မှတ်ခံရမှာပါ။ ညံ့ဖျင်းလှတဲ့ သူ့စိတ်ဓာတ်ကို သိနေကြလို့ ဘယ်သူကမှ မေတ္တာသက်ဝင်လာမှာ မဟုတ်တာတော့ အသေအချာပါပဲ။ ဒါကြောင့်မို့ ဆရာ တာရာရဲ့ ဒီကောက်ချက်ဟာ ဒီမှာ ပို့စ် တင်ထား ခြင်းခြင်းရဲ့ အကြောင်း တစ်ရပ်ပါပဲလို့ ဆိုပါရစေ။

ဘာပဲဆိုစေ၊ "စာပေသည် ခေတ်၏ ကြေးမုံပြင်" ဆိုတဲ့ အတိုင်းပါပဲ၊ အဲဒီခေတ်က အကြောင်းအရာ၊ လွတ်လပ်စွာ ရေးသားကြပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထား တစ်စိတ် တစ်ဒေသ၊ အထူးသဖြင့် အမှားကို ဝန်ခံရဲ ပြင်ရဲသည့် စိတ္တသတ္တိ စသည် စသည်တို့ကို ဒီဆောင်းပါးမှာ တွေ့ရလို့ မိမိတို့ ခေတ်လူငယ်တွေ အတွက် ဖတ်ရကျိုး နပ်တဲ့ စာတစ်ပုဒ်ပါပဲ။ 

"ငါတို့ မြန်မာပြည်ဝယ် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်" ဆိုတဲ့ သူချင်းကို ကျောင်းသားပေါက်စ ဘဝက မကြာခဏ (မိမိတို့ကျောင်းလေးမှာ) ဆိုခဲ့ကြရသလို ကြီးလာတော့လဲ မကြာခဏ ကြားနေခဲ့ရတာပါ။ အဲဒီသီချင်းထဲမှာ ပါတဲ့ မြန်မာပြည်သားတွေရဲ့ ဆန္ဒဟာ ခုထိတော့ ဘဝနှင့်  တစ်ထပ်တည်း မဖြစ်သေးပါဘူး။ သူများတိုင်းပြည်ကို အမှီလိုက်နိုင်ဖို့ လူတော် လူမြတ်တွေ၊ ခေါင်းဆောင်ကောင်းတွေ အများကြီးလိုအပ်လှတဲ့ အမိမြန်မာပြည်အတွက် မိဘတိုင်းက မမွေးပေးနိုင်ပေမဲ့ မွေးပေးနိုင်တဲ့ မိဘများ ပေါ်ပေါက်လာပါစေလို့ ရင်မှပေါက်ဖွား ဆန္ဒစကားကို လေးလေးနက်နက် ဆိုလိုက်ရပါတယ်။
အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ !!!
ဘုန်းဉာဏ်
 Sembawang, Singapore
 ၂၆၊ ၀၃၊ ၂၀၁၀
အောင်ဆန်း သို့မဟုတ် အရိုင်း
ဒဂုန်တာရာ
(၁)
သူ၏ အောက်မှ လူထုကြီးသည် စည်းကမ်းသေဝတ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျှက် ရှိသည်။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ။ တချို့က ပြုံးရယ်၍ နေ၏။ အနောက်နားရှိ လူထု အစိတ်အပိုင်း တခုကားအချင်းချင်း ခေါင်းခြင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။ 
 အစိမ်းရောင် ကတ္တိပါကားကြီးသည် သူ့ကို နောက်က ခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တော တောင်မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တိပါကားသည် အခြား ဘာ အဓိပ္ပါယ်ကိုမှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာ ဆောင်၍နေ၏။  
သူသည် စိမ်းညို့သော ကားကြီးရှေ့ စင်မြင့်ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာပထဝီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ယက်လုပ်သည့် ပင်နီဖျဉ်ကျမ်းကြီးကို ဝတ်ထား၏။ လုံခြည်မှာ နီရဲသော ပိုးလုံခြည် ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတစ်ယောက် မျက်နှာနှင့်လည်း တူ၏။ 
တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေး သိမ်မွေ့ ခြင်းတို့သည် သူ့တွင် လုံးဝ မခိုအောင်း၊ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တဦးနှင့်သာ တူ၏။ လူထုထဲမှ လူတဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။ 
သူသည် လက်နှစ်ဘက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများ ကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။  
သင် ပထမဦးဆုံး တွေ့မြင်သော အောင်ဆန်း၏ ပုံကိုရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်ပေသည်။ 
ထိုအခါကား ၁၉၃၆ ခုနှစ်၊ ပထမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟော ခန်းမတွင် ဆင်ယင်သော အခါဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလှယ် အဖြစ် ကျောင်းသားညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်းစကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။
၁၉၃၆ ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက် 'အောင်ဆန်း' အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သည်။ ကျွန်တော်မှာ စာပေဝါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင် စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။
သို့သော် ဂျူဗလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာရသော အခါ အထင်နှင့် အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်း ဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီးထားလေ၏။
တွေ့ရသောအခါ ရုပ်ကလည်းမဖြောင့်၊ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။
ထိုအခါ ကျွန်တော့မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့် စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂)
နောက်တစ်နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍ နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇ - ၃၈ ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်။ မရင်းနှီးခဲ့ ပေ။
သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီ၍ရသော လူစားမျိုး မဟုတ်၊ နိုင်ငံရေး အတူတူ တွဲဖက်လုပ်လျှင်သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဖက်သတ် မလိုက်။ စာပေ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင် သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။
ကိုအောင်ဆန်းနှင့် ကျွန်တော့ကို သခင်ဗဟိန်းက အသိဖွဲ့ပေး၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေး သမား သက်သက် မဟုတ်သဖြင့် သူ၏အသိထက်လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ ရောက် မသွားခဲ့ပေ။
သခင်ဘဟိန်းနှင့်က သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်၏။ စာပေ၊ ကဗျာ၊ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ် ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ သို့သော် ချစ်ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့ မဟုတ်။
ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်းသိ၏။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန် မဂ္ဂဇင်းမှ ရတု၊ ပိုက်စုံစသော ကဗျာများ၊ ဝတ္ထုတို ဆောင်းပါးစသည့် စာပေများကို သူအကုန် ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်း မဟုတ်။
သို့သော် တစ်ခါက သခင်ဘဟိန်းနှင့် အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါးတခုကိုကား ကျွန်တော်ရှေ့ ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက် ပေး၏။ ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ် - ဗမာ ဆောင်းပါးရှင် တစ်ဦးဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသားသော သူ၏ဆောင်းပါးကို ဂန္ထလောက မဂ္ဂဇင်းတွင် ဖတ်ရဖူးသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေးပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်း၏ ကြွေးကြော်သံ 'မျိုးညွန့်' မဂ္ဂဇင်းတွင်ပါသော သူ၏ လောက ဝိဟာရ အမည်ရှိ ဆောင်းပါးတိုကလေးကိုသာ သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ဗဟုသုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာအရေး ညံ့သူမဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။ ဟာသဉာဏ် ပါ၏။
ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ၌ သူ၏ ဥက္ကဋ္ဌ မိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို 'ပညာရေး ပူရာဏ်ကျမ်း' ကြီး ပေတကား… ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက် ပါပေသေည်။
ကျောင်းမှ ထွက်ပြီး ဒို့ဗမာ အစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ်လာ၍လား မပြောတတ် ဒဂုန် မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကို ပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။
ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား နိုင်ငံရေး အမျိုးမျိုး ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိနိုင်ငံရေးက အစချီ၍ မျက်မှောက် ကမ္ဘာ့နိုင်ငံရေး အခြေအနေထိရေး၏။ စာပြောင်၍ ဖတ်၍ ကောင်း၏။
သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ငြိထား၍လား မပြောတတ်။ ဒဂုန် မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရ ရှာလေသည်။
သမဂ္ဂ ဥက္ကဋ္ဌဖြစ်သော ၁၉၃၈ - ၃၉ - ခုနှစ်က သူသည် ဘီအယ်တန်းတွင်ရှိ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ သူ၏ အခန်းသည် သပ်ရပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့ ဘီဒိုပေါ် တချို့ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကျဲကာ ရုန်းရင်း ဆန်ခတ်ဖြစ်၍ှနေကြသည်။ သူသည် အင်မတန် စာဖတ်သူတစ်ယောက် ဖြစ်၏။
သူသည် ဒေါသကြီးသူ တစ်ယောက် ဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့ အဖို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ။ သူ့တွင် စိတ်လိုက် မာန်ပါ စိတ်တွေ ရှိသည်ဟု ကျွန်တော် ထင်၏။
နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည် အထိမ်းအမှတ် ပွဲတစ်ခု တက္ကသိုလ် သမဂ္ဂတွင် ကျင်းပ၏။ ပရိတ်သတ်ထဲက ထ၍ ဝေဖန်စကား ပြော၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်း ကျောင်းဆောင်မှ ကုလား ကျောင်းသား တစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာ ရာရှစ်ကို ဝေဖန်ရာ အတော် ထိခိုက်သော အပြစ်တွေကို ထုပ်ဖော် ပြောလေသည်။ အခြေခိုင်သည်၊မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင် ထွက်သော စကားမျိုးု သုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရလေ၏။
ကုလား - ဗမာ အဓိကရုဏ်း အပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ် ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ညိုမြအမှူးရှိသော ကျောင်းသား တစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆို တင်သွင်း၏။ ထို အစည်းအဝေး၌ ကို အောင်ဆန်းသည် ညိုမြကို ဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှ နေ၍ ညိုမြ အတင်းကို ပြောလိုက်လေသည်။
သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တစ်ပတ်လောက် ကြာသောအခါ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ် ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာလေသည်။
တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။
သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ဘူးသော သူ့ကို နောက်တစ်ခါ တွေ့လျှင် နှုတ်ဆက် ချင်မှ ဆက်၏။ သူ့ကို သိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဋ္ဌ ဖြစ်သဖြင့် သူ့ကို ကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလိုသာ နိုင်ငံရေးကို တွေးနေဟန် တူ၏။ ဗမာ ပြည်၏ လွတ်လပ်ရေး အတွက် စိတ်ပူပုံ ရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက် ရှိနေသည်။
သူစကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးက လူများ၏ စကားကို သူမကြား။ သူပြောချင်တာကိုသာ စွတ်၍ ပြောနေတတ်သည်။
တစ်ခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စအချိန်၊ ဝိတိုရိယ ရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိကြသည်။ ကျွန်တော်မှာလည်း တောက ရောက်ခါစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော် ထိုင်ကာ တီးနေ၏။ ဘေးမှ သခင် စံဝေ နှင့် တက္ကသိုလ်ကျောင်းသား အချို့က ဝိုင်း၍ သီချင်းဆိုလျက် ရှိသည်။ ဘီအိုင်အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။

 x x x ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ရယ် x x x
ချစ်သဲနွယ် x x x
အဟုတ်ကို ချစ်တော့မယ် x x x
ခင်ရယ် ကြင်မယ် x x x
ဝိုင်း၍ ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက်၊ ဂေါက်၊ ဂေါက် နှင့် တစ်ဖက်မှ လျှောက်လာကာ စန္ဒယား အပါးတွင် လက်ထောက်ကာ ရပ်လျက် "ဟေ့ ရပ်ကြ၊ အခုလို အခါမျိုးမှာ ရဲစိတ်၊ ရဲမာန်တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျာ့။ ဒီချစ်မယ်၊ ကြင်မယ် သီချင်းမျိုးက  မဟန်ဘူး။ ရုပ်တရက် ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။
သူသည် သူပြောချင်တာ ပြောပြီး ထွက်သွားလေ၏။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူက ဒီလိုလူစားမျိုး။ သမဂ္ဂ ဥက္ကဋ္ဌ ကိုလှမောင်၏ လက်ထပ်ပွဲသည် ဘီအိုင်အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများတွင် ပထမဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲ ပြီးသော အခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာ နေကြ၏။ စန္ဒယားဆရာ တစ်ဦးက တီးကာ ဖျော်ဖြေလျက် ရှိသည်။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကိုရပ်စေကာ ကျွန်တော့်ကိုလူကြားထဲမှာ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက်ကာ မရ တရဖြင့် လိုက်ဆို၏။ တီးသော သီချင်းမှာ "ကဉ္စန" သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်းပြန်၏။
တစ်ခါက ဂျပန်ခေတ် ဝန်ကြီးတစ်ဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့အရင် ဝင်စေ၏။ ဧည့်သည်များက အဝတွင် ရပ်၍ သူ့ အဝင်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကျော် တစ်လုံးကို ယူစားလိုက်သည်။ သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံ အရ "ထမင်း စားပါအုံးလား" ဟု ခေါ်ချင်မှ ခေါ်သည်။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ကြောင်သည်ဟု အမှတ်ထားကြလေ၏။
သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူ မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ပဲ နေ၏။
သူ့တွင် နိုင်ငံရေး ဝိဥာဉ်က ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာလုပ်သော လူတစ်ဦး ဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မလုပ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ ပြုလုပ်သော နိုင်ငံရေး သတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။
၁၉၄၂ - ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြော၏။ အနုပညာဆိုတာရှိတာပဲ။ လင်မယား ဘဝမှာလည်း အနုပညာ မဲ့လျှင် လင်မယား ကွဲမှာပေါ့။ ဒီလိုပဲ တော်လန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လန်ရေး အစစ် ဖြစ်မယ်။
ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃ - ၄ ရက် အလိုက ကိုဗဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။ သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ "ဒီမယ် အိမ်ထောင်ပြုတယ် ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့ မရဘူး။ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတာ" ဟု မမေးပဲ သူ့ဘာသာသူ ပြောနေ၏။ လက်ထပ်ပြီးစက ကျွန်တော်ရေးလျက် ရှိသော လွတ်လပ်ရေး ကြိုးပမ်းမှု စာအုပ်နှင့် ပတ်သက်၍ အင်လျားကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။ ဧည့်ခန်းတွင် ခေတ္တ စောင့်နေရ၏။ ထွက်လာသော အခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကို တွေ့၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။ သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့်လည်း အကြောင်း မရှိ။ အကြောင်း မရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖော်ဖော်ရွှေရွှေ လောကွတ်ပျူငှါ ခေါ်မည့် လူစားမျိုးလည်း မဟုတ်။
တစ်ခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တပြုံကြီးကို မြင်လိုက် ၏။ အော် သားနှင့် မယားနှင့်မို့ လူစိတ် တော်တော် ပေါက်လာပြီး အရင်ကလို ကြောင်တော့မည် မဟုတ်။ အကြမ်း၊ အရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန်၊ မမှန်ကတော့ မပြောတတ်။
ဖဆပလ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်း မဟုတ်။ သူ၏ အဖြစ်သာ ကျွန်တော် သိသည့်အထိ ပြောပြခြင်း ဖြစ်ပေသည်။ တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှသူတစ်ဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည်။ ဖြစ်လိမ့်မည်။
ရည်ညွှန်း။ ။ Australian Burmese Community Journal, No. 1, Vol (4), October, 2009, pp. 18 - 19/ 27/ 29 တွင် ပြန်လည် ဖော်ပြထားသည့် ဒဂုန်တာရာ၏ "အောင်ဆန်း သို့မဟုတ် အရိုင်း" ကို ကူးယူ၍ ပြန်လည်တင်ပြလိုက်ပါသည်။

Mar 31, 2010

လယ်တီဆရာတော်ဘုရားကြီး၏ “ဂမ္ဘီရကဗျာကျမ်း” မှ ကောက်နှုတ်ချက်များ (၃)


တပည့် မောင်ဩဇာကို ဆိုဆုံးမသော သံဝေဂတေးထပ်


ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊

နင်ယခု မေ့ပုံလို၊ တွေ့မကြုံစခန်း၊

ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ ခမန်း။

အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတန်း၊

နှစ်အရည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊

ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊

နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်၊

ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင်၊ ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမှ၊ မရုံးချင်လျှင်၊ အရှုံးနင့်ပြင်၊ ရှိသေးလေလိမ့်လား။

(ဂမ္ဘီရကဗျာကျမ်း၊ စာ ၆၇)။


နိဗ္ဗိန္ဒတေးထပ်များ
အဝိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊
အရွတ်စု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဘို့ဖန်နဲ။
အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရေ စိုတရွှဲဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေး သည်းခြေ ပြည် သလိပ်တွေက၊ တည်မဆိပ် လျှမ်းပြည့်သည်သာ။
သို့ကလောက် ရွံစရာပါကို၊ လွန်တဏှာ မက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြပလေ၊
တဏှာဖမ်းတဲ့၊ အကန်းတွေမှာ၊ အပန်းမပြေ၊ ဟိုက်မောရှာကြလေး။
တဏှာပူတ၊ဲ့ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့ အမိုက်တွေမှာ၊ အဟိုက်မပြေ၊ ပင်ပန်းရှာကြလေး။


ကိုယ်ခန္ဓာ ကောင်ရုပ်က၊ ဟောင်ပုပ်ပုပ် နံညှီ၊
ကိုးဒွါရ ပြွန်နဒီမှာ၊ ရွံစလီပါပဲ၊
ဤကာယ ရုပ်အရှင်ကို၊ အဟုတ်ပင် မှတ်ကြမစဲ။
သုသာန်နှင့် တစပြင်မှာ၊ သူသေသွင် မလွဲ၊
ချွေး မျက်ရေ နှပ် ချွဲက၊ ပြတ်မစဲ စီးယို၊
အိုင်းအနာ နူ အရွှဲငယ်နှင့်၊ တူတူပဲ မှတ်ကြ ကိုယ့်ကိုယ်။
များတစု လူဗိုလ်မှာ၊ အဟုတ်လို ထင်စွဲလို့၊
စက်ဝဲ သံသရာ၊ မွန်းနစ်ကြရှာ၊
ကမ်းတစ်ဖက် ခေမာကို၊ ရောက်နိုင်ပါပြီ ဘူးကွဲ့လေး။
(ဂမ္ဘီရကဗျာကျမ်း၊ စာ၊ ၇၁။)