Pages

Jul 13, 2011

ဘဝဟူသည်

စာမရေးဖြစ်တာ ငါးပတ် တိတိတောင် ကြာသွားခဲ့ပါပြီ။ ခုတလော အလုပ်ကလည်း နည်းနည်း ရှုပ်နေပါသည်။ ရှုပ်နေသည့် အလုပ်ကြောင့် စာရေးချင်စိတ်လည်း မရှိလှပါ။ ထို့ကြောင့် ဘာမှ အသစ်မရေးဖြစ်ပါဘူး။ လာပြီး စာဖတ်ကြသူတွေကို အမှန်တကယ် အားနာနေမိပါသည်။ 

သို့ပေမဲ့ ဘဝအကြောင်း စာတွေတော့ ခုတလော ဖတ်ဖြစ်နေသည်။ ဒီတော့ ဘဝ အကြောင်းများ ရေးရမလားလို့ စဉ်းစားမိပါသည်။ ဘဝ အကြောင်း ဆိုလို့ ထူးထွေ ဆန်းပြားလှတဲ့ နေ့စဉ် ရုန်းကန်နေရတဲ့ ဘဝများ၊ ပျော်ရွှင် ကြည်နူးရတဲ့ ဘဝများ၊ အထီးကျန်းကာ ဆဲရဲမှု လှိုင်းလုံးကြီးတွေကြား မြုပ်လိုက် ပေါ်လိုက် ဖြစ်နေသည့် ဘဝမျိုးများနှင့်  ဘဝထိုထို အတွင်းမှ အတွေ့အကြုံများကို ရေးဖို့ ပြောတာတော့ မဟုတ်ပါ။ စာပေထဲက ဘဝကိုသာ ပြောတာပါ။  

ဘဝအကြောင်း နည်းနည်း ရေးမယ်ဆိုတော့ ၁၉၉၈ ခုနှစ်လောက်က တက်ခဲ့ရသည့် သင်တန်း တစ်ခုကို သတိယမိပါသေးသည်။ သင်တန်းက  ရဟန်းတော်များ အတွက် မြန်မာစာ၊ အခြေခံ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းပါ။ (စကားစပ်လို့ ပြောရလျှင် ကွန်ပြူတာ သင်တန်း ဆိုလို့ အထင်မကြီးလိုက်ပါနှင့်။ ဝါသနာ နည်းတော့ ယခုထိ ကွန်ပြူတာကို ပညာရပ် အနေနှင့် မတတ်ပါ။) သင်တန်းဖွင့်တာက ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ဗိုလ်ကုန်းရပ်က မဟာသွံသာရကျောင်းမှာ ဖြစ်ပါသည်။

သင်တန်း ဆရာတွေက နှစ်ဖက်လှ ဦးကျော်လွင်၊ မြန်မာစာ ဆရာကြီး ဦးစံတင် (ရန်ကုန်တက္ကသိုလ်) စတဲ့ နာမည်ကြီး ဆရာကြီးတွေပါ။ သင်တန်းမှူးလည်းဖြစ်၊ အဲဒီ သင်တန်းမှာ တစ်ပါးတည်းသော ဘုန်းကြီး ဆရာလည်း ဖြစ်သူကတော့  မဟာသွံဿာရ ဘုရားကျောင်း ဆရာတော် ဦးကုမာရ ဖြစ်ပါတယ်။  

ဆရာတော်က စာသင်သည့် အခါ တက္ကသိုလ် ဘုန်းနိုင်၏ စာတစ်ပိုဒ်ကို မကြာခဏ ရွတ်ဆိုပြပါတယ်။ သူသည် ရန်ကုန်တက္ကသိုလ်မှ BSC ဘွဲ့ယူခဲ့ရာ ပညာရေး စနစ်လည်း ပျက်သုဉ်း၊ တက္ကသိုလ်ကြီးလည်း ခြောက်ကပ်ကပ်ဖြစ်နေသည်ကို စိတ်မကောင်း ဖြစ်မိလေသလား မသိ။ ထိုစာကို ရွတ်ပြတော့မည့် အခါ တက္ကသိုလ် ကျောင်းတော်ကြီး၏ ဂုဏ်ရောင်နှင့် ခမ်းနားမှုတို့ကို ပြောပြတတ်ပါသေးသည်။ တက္ကသိုလ် ဝန်းကျင်ကို ဖွဲ့ဆိုထားသည့် စာတွေဖတ်၍ ငယ်စဉ်က တက္ကသိုလ်ကို တက်ရောက်လိုသည့် ဆန္ဒ ကြီးမားလှကြောင်းကိုလည်း ပြောပြခဲ့ပါသည်။ တက္ကသိုလ်နှင့် ဆိုင်သည့် စာရေးဆရာ အချို့၏ အရေးအဖွဲ့တို့ကိုလည်း ရွတ်ဆိုပြတတ်ပါသေးသည်။ 

ဆရာတော် ရွတ်ဆိုပြသည့် စာရေးဆရာ အသီးသီး၏ ထိုထိုသို့သော စာ အဖွဲ့အနွဲ့ကောင်းတို့ကို မမှတ်မိတော့သော်ငြားလည်း ဆရာ တက္ကသိုလ် ဘုန်းနိုင်၏ “ဘဝတစ်လွှာ”ကိုမူ မှတ်မိနေပါသေးသည်။ ဘဝတစ်လွှာ အဖွဲ့က - 
“ဘဝဟူသည်ကို သစ်ရွက်နှင့် ပမာပုံခိုင်း၍ နှိုင်းစတမ်း ဆိုပါလျှင် -
တစ်ရိုးတံ အလွှာငယ် တစ်ဆယ်မကနှင့် ကြွယ်လှသော စိမ်ပန်းရွက်နှယ် ဘဝမျိုးလည်း ရှိသည်။

တစ်ညှာတွင် တစ်လွှာရှိ၍ ဤတစ်လွှာပင် တစ်ရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘဝမျိုးလည်း ရှိပါ၏။

ခိုင်နှင့် ကျွန်တော့် ဘဝမှာမူ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရသည့် စွယ်တော်ရွက် ပမာသာ ဖြစ်ခဲ့ရသည်။ တစ်လွှာ ကြွေခဲ့လေပြီမင့်၊ တစ်ရွက် မမည်လေတော့သော အထီးကျန် ဤ ဘဝဝယ် …” ဟု ဘဝကို သရုပ်ခွဲပြထားသည့် စာဖြစ်ပါသည်။

ဆရာကြီး ဘုန်းနိုင်သည် နာမ်နှင့် ရုပ် ပေါင်းစည်းထားသည့် တနည်းဆိုရသော် ခန္ဓာ ငါးမျိုးဖြင့် ဖွဲ့စည်းအပ်သည့် လူ့ဘဝ၊ အမျိုးမျိုးသော အကြောင်းတရားတို့ စိုးမိုးခြယ်လှယ်အပ်သည့် ဘဝ၊ အညမည သဘောတရားတို့  ယှက်နွယ်လျှက် ထောက်ပံ့ထားအပ်သည့် လူ့ဘဝ အဖြစ်သနစ်ကို ဝတ္ထုဖြင့် ဖွဲ့နွဲ့ကာ ဖော်ကျူးလိုဟန် ရှိသည်။ ဘဝ၏ သဘောကို ဖွင့်ပြလိုဟန် ရှိသည်ဟု ထင်ပါသည်။ သို့ဖြင့် ကျယ်ပြောလှသည့် ဘဝပင်လယ်ကို ကြည့်ကာ သရုပ်ခွဲကြည့်သည်။ နာမည် မှည့်ကြည့်သည်။ သူ တွေ့ရသည့် ဘဝတွေက စိမ်ပန်းရွက်နှင့် တူသည့် ဘဝ၊ ညောင်ရွက်လို ဘဝနှင့် စွယ်တော်ရွက်ပမာ ဘဝတွေပါတဲ့။

ဆရာ ခွဲပြထားသည့် ဘဝသရုပ်နှင့် နာမည်တွေက အတော် စွဲမက်ဖွယ် ကောင်းသည်။ အဖွဲ့အနွဲ့ကလည်း ဆွဲဆောင်မှု အပြည့်။ ယင်းအဖွဲ့ကို ကြည့်ပြီး ဆရာ့ ဝတ္ထုကို ခံစားမှု အပိုင်းက မဟုတ်ပဲ ဒဿန ရှုဒေါင့်မှ ချဉ်းကပ်ခါ ဖတ်ကြည့်ရသော် ကောင်း၏ဟု တွေးမိပြီး စာအုပ် ရှာလိုစိတ်ပင် ပေါက်မိလိုက်ပါသေး၏။ သို့သော် မိမိက ဆရာကြီး၏ ထိုဝတ္ထုကို ဝေဖန်ဖို့လည်း မဟုတ်၊ ဖွင့်ဆို ရှင်းပြဖို့လည်း မရည်ရွယ်။ ထို့ပြင် မိမိ၏ လက်ရှိ အခြေအနေ၊ အချိန်အခါနှင့်လည်း မကိုက်ညီ။ ဝတ္ထုဖတ်ဖို့ အခွင့်ရသည့် အသိုင်းအဝိုင်းတွင် မနေခဲ့ရသဖြင့် ဖတ်လိုသည့် ဆန္ဒကလည်း နည်းပါးလှရာ ထိုအတွေးကို အဝေးမှာပဲ စွန့်ပစ်လိုက်ရပါသည်။ (ဖတ်ဖူးသူတွေ ဆွေးနွေးပြလျှင်တော့ ကောင်းမည်ဟု တွေးမိပါသေးသည်။)

မိမိ ယခု ရေးလိုသည့် ဘဝ အကြောင်းကတော့ ဗုဒ္ဓဒဿန နယ်ပယ်မှ ရှုမြင်ထားသည့် ဘဝအကြောင်း တစေ့တစောင်းပင် ဖြစ်ပါသည်။ ယင်း ဘဝအကြောင်းကို မရေးမီ စပ်ဆိုင်လာသဖြင့် တက်ခဲ့ဖူးသည့် သင်တန်း အကြောင်းကို သတိယပြီး နိဒါန်းပျိုးသည့် သဖွယ် စ-ရေးလိုက်ခြင်းပါ။ 

လာမည့် ပို့စ်တွေမှာ ဗုဒ္ဓဒဿနမှာ လာတဲ့ ဘဝအကြာင်းကို အထိုက် အလျှောက်မျှ ဆွေးနွေးကြည့်နိုင်မည် ဟု မျှော်လင့်ပါသည်။ ထောက်ပြ ဝေဖန် အကြံပြုကြမည် ဆိုလျှင် ဝမ်းမြောက်စွာ ကြိုဆိုပါမည်။

ဖတ်တဲ့အတွက် ကျေးဇူးတင်ပါသည်။

ဘုန်းဉာဏ်

Jun 6, 2011

ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား (၃)


ယုံကြည်ရမှု အင်္ဂါရပ်
မြန်မြန်ဆန်ဆန် လုပ်ဆောင်မှုဟာ One Foundation အဖွဲ့ရဲ့ မှတ်တိုင်တစ်ခုလို့ ဆိုလျှင် အခြားမှတ်တိုင် တစ်ခုက ယုံကြည်စိတ်ချရမှု ဖြစ်ပါလိမ့်မည်။ “အဲဒီလို လုပ်ငန်းကြီး တစ်ခုအတွက် ဂျက် လီဆိုတဲ့ တံဆိပ် နာမည် တစ်ခုနှင့် လုံလောက်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူးဗျာ”လို့ လီက ဝန်ခံပြောဆိုပါတယ်။ “တစ်ခြားလူတွေ ယုံကြည်နိုင်ဖို့ဆိုလျှင် ဆန်းစစ်ဝေဖန် အကဲဖြတ်တဲ့ လူထုကြီး လိုပါတယ်။ မကြာမကြာပဲ ခင်ဗျားက ငွေတွေ လှူတယ်။ ဒါပေမဲ့ အဲဒီ ငွေတွေ လိုအပ်သူတွေထံ ရောက်လားလည်း ခင်ဗျား မသိဘူး။ အဲဒီငွေ ဘာဖြစ်သွားလဲလည်း မသိဘူး။”

အဲဒီ အစွန်းအတွက် One Foundation အဖွဲ့က လုံးဝ ဥဿုံ ပွင့်လင်း မြင်သာမှု ရှိခြင်းဆိုတဲ့ မူနှင့်ပဲ အလုပ်လုပ်ပါတယ်။ အဖွဲ့ဟာ သုံးလ တစ်ကြိမ် နောက်ဆုံးအခြေအနေကို ထုတ်ပြန်ပေးပြီး ငွေ ဘယ်လောက် လက်ခံရရှိပြီး ဘယ်လို အသုံးပြုခဲ့တယ်ဆိုတာ အသေးစိတ် ဖော်ပြထားတဲ့ နှစ်စဉ် အစီအရင်ခံစာတွေကိုလည်း ထုပ်ပြန်ပေးပါတယ်။ ဒီလွိုက် စာရင်းစစ်အဖွဲ့က ငွေရေးကြေးရေး ဆိုင်ရာ မှတ်တမ်းတွေကို အခမဲ့ စစ်ဆေးပေးပြီး အစီအရင်ခံစာ အားလုံးကို www.onefoundation.cn ဝက်ဘ်ဆိုက်မှာ ရယူနိုင်ပါတယ်။

ယုံကြည်ရမှု သို့မဟုတ် အယုံအကြည်ကင်းမဲ့မှုသည် တရုတ်ပြည်ရှိ ကုသိုလ်ဖြစ် အဖွဲ့အစည်းတွေကြားမှာ ကြီးမားတဲ့ ပြဿနာပါ။ ဘာကြောင့်လဲဆို တိုင်းပြည်တွင်းက NGO အဖွဲ့တွေက နှိုင်းယှဉ်ကြည့်လိုက်လျှင် အသစ်ပဲ ရှိသေးတာဆိုတော့ လူတွေက ဘယ်သူ့ကို ယုံကြည်အပ်နှံရမယ်ဆိုတာ မသိကြသေးပါဘူး။ 

One Foundation ဟာ အပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အဖွဲ့များက ရေးဆွဲထားတဲ့ ပြည့်စုံ ကောင်းမွန်တဲ့ စံတွေနှင့် ပြည့်မှီတဲ့ အခြားသော NGO အဖွဲ့အစည်းတွေကို အလှူငွေတွေ ပြန်လည် ဖြန့်ဝေလှူဒါန်းရင်း အဲဒီလို အဖွဲ့များအတွက် အထောက်အကူ ပေးတဲ့အဖွဲ့ အဖြစ် ဆောင်ရွက် လုပ်ကိုင်ဖို့ မျှော်လင့်နေပါတယ်။ ထို့အပြင် အဆိုပါ အဖွဲ့များရဲ့ လုပ်ငန်းများ တိုးတက်စေရန် အဖွဲ့အစည်းများကို အားပေးရင်းလည်း ထောက်ကူပေးနိုင်တဲ့ အဖွဲ့အဖြစ် လုပ်ကိုင်ဖို့လည်း မျှော်လင့်ပါတယ်။ “တရုတ်ပြည်ရဲ့ စီးပွားရေး တိုးတက်မှု အကျိုးကျေးဇူး ခံစားကြရပြီး လူမှုအသိုင်းအဝန်းကို ပြန်လည် ပေးဝေလိုတဲ့ တရုတ်မျိုးဆက်သစ် တစ်ဆက် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် မကြာခဏ အမေးခံရတဲ့ မေးခွန်းတစ်ခုက ဘယ်မှာ ဘယ်လို လှူရသလဲဆိုတာပါပဲ။ အခြားတစ်ဖက်မှာတော့ ပိုမိုကောင်းမွန်အောင် ဖွဲ့စည်းဖို့ လိုအပ်တဲ့ NGO အဖွဲ့အစည်းတွေ တရုတ်ပြည်မှာ အများအပြား ရှိပါတယ်” လို့ ဂျက် လီက ပြောပြပါတယ်။

“One Foundationကတော့ အလယ်မှာ ရောက်နေပါတယ်။ ကျွန်တော်တို့ဟာ ငွေကြေးပေးလှူလိုတဲ့ ပြည်သူတွေနှင့် NGO တွေအကြားမှာ စင်မြင့်တစ်ခု၊ တံတားတစ်စင်း တည်ဆောက်ချင်ပါတယ်။”


ဂျက် မ ကတော့ One Foundation အတွက် ဂျက် လီ ချဉ်းကပ်နည်းဖြစ်တဲ့ အချိန်ရဲ့ ပုံစံနှင့် စနစ်များ ပုံစံချရေးဆွဲ အသုံးပြုပုံနည်းလမ်းနှင့် ပွင့်လင်းမြင်သာမှု ရှိအောင် ကြိုးစားလုပ်ဆောင်နေတာတွေကို စီးပွားရေး တစ်ခုအဖြစ် သဘောကျနေပါတယ်။ “မကြာသေးမီကပဲ ကျွန်မတို့တွေ သုံးည ဆက်တိုက် ညဉ့်နက် သန်းခေါင် အထိ နေခဲ့ကြတယ်။ ဒီ အဖွဲ့အစည်းကို ကြီးကြီးကျယ်ကျယ် ဖြစ်အောင်လုပ်ဖို့နှင့် တရုတ်ပြည်မှာ ရှိတဲ့ NGO တွေရဲ့ စံပြ အဖွဲ့တစ်ဖွဲ့ ဖြစ်အောင်လုပ်ဖို့ အဖွဲ့အစည်းရဲ့ ပုံသဏ္ဌာန်နှင့် ရည်ရွယ်ချက်တွေကို ဆွေးနွေးတိုင်းပင်ရင်းနှင့် နေခဲ့ကြတာပါ” လို့ ဂျက် မက ပြောပါတယ်။


 အဖွဲ့ရဲ့ နေ့စဉ် အလုပ်တွေကို ဝန်ထမ်း ၁၇ ယောက်က လုပ်နေပြီး လီကတော့ သူ့အားထုတ်မှုတွေကို ရန်ပုံငွေ ရှာဖွေရေးနှင့် “တစ် ယွမ်” အယူအဆအကြောင်း ပျံ့နှံ့အောင် လုပ်ရာမှာပဲ အာရုံစိုက်ပါတယ်။ ဒါကို အပြီးသတ်ဖို့ သူ့ကိုယ်သူ အဖွဲ့အစည်းအပေါ်မှာ လုံးဝ ပုံအပ်လုပ်နိုင်အောင် ၂၀၀၈ ခုနှစ်အတွက် ရုပ်ရှင်လုပ်ငန်း အားလုံးကို ဆိုင်းငံ့ထားခဲ့တယ်။ 

ဂျက် လီရဲ့ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝှမ်းက ညီလာခံ အမျိုးမျိုးမှာ လုပ်ဆောင်ချက်အကြောင်း အသွင်လက္ခဏာများကို ဟောပြောခြင်းအားဖြင့် လူပေါင်း ၅၀ ၀၀၀ ထံကို ရောက်ရှိခဲ့ပါပြီ။ “ကျွန်တော် တက္ကသိုလ်တွေမှာ တစ်နှစ်လုံး ဟောပြောခဲ့ပါတယ်။ ဆက်ဆံရေး တည်ဆောက်ဖို့ စီးပွားရေးသမားများနှင့် ကုမ္မဏီများကို စကားပြောဖို့ လိုအပ်နေပါသေးတယ်။” 

မနှစ် စက်တင်ဘာလက စင်္ကာပူမှာ ကျင်းပခဲ့တဲ့ Forbes Global CEO ညီလာခံမှာ သူ့ရဲ့ ဆူနာမီ အတွေ့အကြုံနှင့် တစ်ဦးနှင့် တစ်ဦး ကူညီပေးနေကြတဲ့ ကမ္ဘာလုံးဆိုင်ရာ မိသားစုအတွက် အမြင်တွေကို စံမမှီတဲ့ အင်္ဂလိပ်စကားနှင့် ပြောရင်း လုပ်ငန်းကြီးများရဲ့ ဦးဆောင်ဦးရွက်ပုဂ္ဂိုလ် ရာပေါင်းများစွာကို ဆွဲဆောင်စည်းရုံးခဲ့ပါတယ်။ 

ဂျက် လီဟာ ဟောလီးဝု(ဒ်) ရဲ့ က-အဆင့် စာရင်းဝင်တွေ ဖြစ်ကြတဲ့ အန်း လီ၊ ဂျက်ကီ ချန်း နှင့် ဂျွန် ဝူးတို့လို တရုတ်လူမျိုး နာမည်ကျော် ပုဂ္ဂိုလ် ၃၀၀ (သုံးရာ)ကိုလည်း အဖွဲ့အတွက် အချိန်ပေးဖို့၊ အဓိကအားဖြင့် ရန်ပုံငွေ ရှာဖွေရေး လုပ်ငန်းတွေမှာ လာရောက်ဖို့နှင့် အဖွဲ့ရဲ့ လုပ်ငန်းတွေမှာ ပြည်သူ့ ထောက်ပံ့မှု ပေးဖို့ရာ စည်းရုံးခဲ့ပါတယ်။

လီမှာ One Foundation အတွက် ဆန္ဒတွေ ကြီးကြီးမားမား ရှိပြီး တရုတ်ပြည်ကို ကျော်ပြီး ကြည့်ထားပြီးပါပြီ။ အဖွဲ့ကို လော့ စ် အိန်းဂ်ျလက်စ်၊ ဟောင် ကောင်းနှင့် စင်္ကာပူနိုင်ငံတွေမှာ မှတ်ပုံတင်ထားပါတယ်။ ထိုင်ဝမ်မှာ ရုံးဖွင့်ဖို့လည်း စီမံ ဆောင်ရွက်နေပါပြီ။ One Foundation ရဲ့ ရည်ရွယ်ချက်က အတူတူဖြစ်ပေမဲ့ နိုင်ငံအသီးသီးရဲ့ ချဉ်းကပ်မှုကတော့ မဆိုစလောက် ခြားနားပါလိမ့်မယ်။

ဥပမာ … စင်္ကာပူကို NGO အဖွဲ့များရဲ့ ခေါင်းဆောင်များကို သင်တန်းပေးရာ ဌာနချုပ်အဖြစ် စီမံထားပါတယ်။ “အခုလောလောဆယ် ကျွန်တော်တို့မှာ အနာဂတ် ခေါင်းဆောင် အများကြီး မရှိပါဘူး။ ငွေကြေးကို နည်းမှန် လမ်းမှန်နှင့် အသုံးပြုဖို့ မှန်ကန်တဲ့ လူတွေ NGO အဖွဲ့တိုင်းမှာ မရှိကြပါဘူး” လို့ လီက ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီအဖွဲ့အစည်းက ဘယ်လောက်ထိ အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ် ဆိုတာနှင့် ပတ်သက်လို့ ယထာဘူတ ကျကျပဲ ရပ်တည်ပါတယ်။ “ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ တုန်းကလည်း ကမ္ဘာကြီးမှာ ပြဿနာတွေ ရှိခဲ့ပါတယ်။ နောင် နှစ်ပေါင်း ၂၀၀၀ မှာလည်း ပြဿနာတွေက ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ပြဿနာ ဖြေရှင်းမှုရဲ့ အစိတ်အပိုင်းတော့ ဖြစ်နိုင်ပါတယ်။ အဲဒီ ပြဿနာတွေ လျှော့နည်းသွားအောင် ကျွန်တော်တို့ ဝိုင်းကူလုပ်ပေးလို့ ရပါတယ်။ လူတွေရဲ့ စိတ်တွေ ပြောင်းလဲဖို့၊ သူတို့တွေ ယုံကြည်ဖို့ အနည်းဆုံး မျိုးဆက် နှစ်ဆက် ကြာပါလိမ့်မယ်။ အနှစ် သုံးဆယ်လဲ ဖြစ်ချင်ဖြစ်နိုင်တာပေါ့လို့ ကျွန်တော် ထင်တယ်လေ။ ‘ မှန်ပါတယ်၊ ကျွန်တော့်မှာ တာဝန်ရှိပါတယ်’။”

ဒီအဖွဲ့အတွက် သူဟာ မှန်ကန်တဲ့ မျိုးစေ့များကို စိုက်ပျိုးခဲ့ပြီးပြီလို့ ရုပ်ရှင်မင်းသားက အခု ယုံကြည်နေပါတယ်။ အနာဂတ်မှာ အလုပ်တွေ ပိုများလှပေမဲ့ ဒီနှစ်တော့ သူ့ ရုပ်ရှင်လုပ်ငန်းကို ပြန်လုပ်ဖို့ အသင့်ဖြစ်နေပါတယ်။ “အဆုံးမတော့ဗျာ ဒီအဖွဲ့အစည်းကို အချိန်တိုင်း မြှင့်တင်ပေးဖို့ ရုပ်ရှင် မင်းသား တစ်ယောက် အဖြစ် ကျွန်တော့်ရဲ့ ကျော်ကြားမှုကို သုံးလို့ ရတယ်ဆိုလျှင် ကျွန်တော် ရုပ်ရှင်ရိုက်တယ်။ အဲဒီတော့ ဒီ ရုပ်ရှင်ကားက အဖွဲ့အစည်းကို ပိုအားကောင်းအောင် ကူညီ လုပ်ဆောင်ပေးမှာပေါ့။”

ဒါကြီးကို ဘာလို့ လုပ်နေတာလဲလို့ လူ အချို့က လီကို မေးနေကြပေမဲ့ သူကတော့ ဒါကို သံသယ အဖြစ် ဒါမှမဟုတ် နောင်တအဖြစ် အလျှော့ပေးမှာ မဟုတ်ပါဘူး။ “ကျွန်တော် အမြဲတမ်း ပြန်ပြောပြလေ့ရှိတာက ‘ကျွန်တော့ ဘဝရဲ့ ပထမဆုံး ဆယ်နှစ်ကို သိုင်းပညာ လေ့လာခဲ့တယ်။ အဲဒီနောက် နှစ်ပေါင်း ၂၅ နှစ်ကို ရုပ်ရှင်ရိုက်ခဲ့တယ်။ အခုတော့ ကျွန်တော့်ရဲ့ တတိယမြောက် အလုပ်အကိုင်ကို စလုပ်နေပါတယ်” ဆိုတာပါပဲ။

“တကယ်တော့ဗျာ … ကျွန်တော်ဟာ ရုပ်ရှင် တစ်ကားတော့ အမှန်တကယ် ရိုက်နေဆဲပါ။ လူတိုင်း လူတိုင်းဟာ အဲဒီ ဇာတ်ကားမှာ စာရေးဆရာ အဖြစ်၊ သရုပ်ဆောင်အဖြစ်၊ ဒါရိုက်တာအဖြစ်၊ မင်းသား မင်းသမီးအဖြစ် ပါဝင်နိုင်ပါတယ်ဗျ။ အဲဒါက ဘဝဇာတ်ကား တစ်ကားလေ။ ကျွန်တော် လူတွေရဲ့ အတွေးအမြင်ကို နည်းနည်းချင်းစီ ပြောင်းပစ်ချင်ပါတယ်ဗျာ။”

အမှာ။ 
မူရင်း ဆောင်းပါးပါ ဓာတ်ပုံများ အတိုင်း တင်ပေးချင်သော်လည်း ထိုပုံများ ရှာမတွေ့ပါ။ သို့သော်လည်း စိတ်ဝင်စားမှု မလျော့စေရန် ရနိုင်သည့် ပုံအချို့ကို ဖြည့်စွက်ကာ တင်ပြခဲ့ပါသည်။ ဘာသာပြန်ရာတွင်ကား ဘာသာပြန်စည်းကမ်းအတိုင်း ပြင်ဆင်၊ ဖြည့်စွက်၊ နှုတ်ပယ်ခြင်း လုံးဝ မပြုပဲ တိကျစွာ ဘာသာပြန်ပါသည်။ 

မိမိ၏ ကိုယ်တိုင်ရေး နိဒါန်းပို့စ် တစ်ပုဒ်၊ အခန်းဆက် ဘာသာပြန်ပို့စ် သုံးပုဒ်ကို တပေါင်းတည်း ကူးယူ၍ ဖြန့်ဝေနိုင်ပါကြောင်းနှင့် ဖြန့်ဝေရာတွင်မူ မိမိ၏ အမည် (ဘုန်းဉာဏ်)နှင့် ဆိုက်အမည် (www.dhammawisdom.blogspot.com) တို့ကို စာအဆုံးတွင် ထည့်ပေးစေလိုပါကြောင်း အသိပေး မေတ္တာရပ်ခံအပ်ပါသည်။

ပုံများကို အောက်ပါ ဆိုက်များမှ ကူးယူ ဖော်ပြပါကြောင်း အသိပေးပါသည်။

http://www.onefoundation.cn/html/en/introduction.htm

 ဘုန်းဉာဏ်

Jun 3, 2011

ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား (၂)


တစ်ချိန်မှာ တစ်ယွမ်ပဲ
One Foundation ရဲ့ နောက်ကွယ်က အတွေးအခေါ်က ရိုးရှင်းပါတယ်။ သေးသေးလေးကနေ ကြီးကြီး ကျယ်ကျယ် တွေးပါတဲ့။ တရုတ်ပြည်မှာ စလုပ်နေတဲ့ လီက လူတိုင်းထံကနေ လစဉ် လတိုင်း တစ်လ တစ်ယွမ် (၁၅ ဆင့်) ကောက်ခံဖို့ စီစဉ်နေပါတယ်။ သူက အဖွဲ့အစည်းကို တစ်ဦးနှင့် တစ်ဦး ကူညီနေကြတဲ့ မိသားစုကြီး တစ်ခုအဖြစ် ခိုင်းနှိုင်းလေ့ ရှိပါတယ်။

“လူတွေဟာ သူတို့တွေရဲ့ အိပ်ကပ်ထဲကို နှိုက်ဖို့ မျှော်လင့်နေကြတာကို ခင်ဗျား မကြာခဏ မြင်တွေ့ရပါတယ်”လို့ သူက ဆိုပါတယ်။ သူတို့တွေက သူတို့ အစိုးရတွေကိုပဲ အပြစ်တင်တတ်ကြတယ်။ သူတို့ အကျိုးအမြတ် ကြီးကြီးမားမား ပါတဲ့ ကော်ပိုရေးရှင်းတွေက ပို ရက်ရောသင့်တယ်လို့လည်း ပြောကြတယ်။

“တစ်ဦးနှင့် တစ်ဦး ကူညီတယ်ဆိုတာ တသီးပုဂ္ဂလတွေနှင့် စတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပေးလှူဖို့ဆိုတာ လူတိုင်းရဲ့ တာဝန်ပဲလေ။ လူတိုင်း လူတိုင်းက လစဉ်လတိုင်း တစ်ယွမ်စီ ပေးလှူကြမယ်ဆိုလျှင် ဒေါ်လာ ဘီလျံပေါင်းများ ဖြစ်လာမှာပေါ့ဗျာ။”

အဲဒီအယူအဆကို လက်တွေ့ဖြစ်အောင် လုပ်ဖို့ One Foundation ပေါင်းစည်းမှုကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်နေပါပြီ။ ဥပမာ - ကမ္ဘာ့ ရှေ့ဆောင် B2B အွန်လိုင်း စီးပွားရေး ကုမ္မဏီ alibaba.com ကို ပူးတွဲတည်ထောင်သူ တရုတ် စီးပွားရေး လုပ်ငန်းရှင် ဂျက် မက သူမ ကုမ္မဏီရဲ့ အွန်လိုင်း ငွေပေးချေမှု စနစ် ဖြစ်တဲ့ AliPay ကို ကျွန်တော်တို့ အဖွဲ့အစည်းကို တစ်ပြား တစ်ချပ် မယူပဲ အသုံးပြုခွင့်ပေးဖို့ သဘောတူထားပြီးပါပြီ။ လက်တွေ့ကျကျ ပြောရလျှင်တော့ ဒီ သဘောတူညီမှုက အရမ်းနည်းပါးတဲ့ အလှူငွေလေးတွေဟာ ဝန်ဆောင်ခက ဝါးမျိုးတာ မခံရတော့ဘူးလို့ ဆိုလိုတာပါ။ 

ဂျက်လီနှင့် သူ့ အဖွဲ့ဟာ တရုတ်ပြည် ပြင်ပက အွန်လိုင်း ငွေပေးချေမှု လုပ်ငန်းတွေကိုလည်း အလားတူ လုပ်ဆောင်လာစေဖို့ ကြိုးစား စည်းရုံးနေကြပါတယ်။ ဒီတော့ တစ်ယွမ် အယူအဆက ကမ္ဘာတစ်လွှား ကြယ်ပြန့်သွားနိုင်တယ်လေ။ 

အဖွဲ့ဟာ ၁၈လ ကျော်ကျော် ကာလမှာပဲ အမေရိကန် ဒေါ်လာ ၁၆ သန်းလောက် ရရှိခဲ့ပါပြီ။ ဂျက်လီရဲ့ ရိုးစင်းတဲ့ အယူအဆကို မှန်ကြောင်း သက်သေပြနေတာပါ။ ယူနန် ငလျင်နှင့် ၂၀၀၈ ခုအစောပိုင်းမှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည် တောင်ပိုင်း နေရာအများစုကို တုန့်ဆိုင်း ရပ်တန့်သွားစေခဲ့တဲ့ နှင်းမုန်တိုင်း တိုက်ခတ်ခြင်းများ အပါအဝင် သဘာဝကပ်ဘေး ကူညီကယ်ဆယ်ရေး အလုပ် အများအပြားကို အဖွဲ့က ကူညီခဲ့ပြီးပါပြီ။

One Foundation ဟာ “သင့် နှလုံးသားထဲက နေမင်းရောင်” (Sunshine in Your Heart) တို့လို ရေရှည် စီမံကိန်းတွေမှာလည်း ပါဝင်လုပ်ဆောင်ပါတယ်။ အဲဒီ အစီအစဉ်က တရုတ်ပြည်က စာသင်ကျောင်းတွေမှာ စိတ်ကျန်းမာရေး ပညာပေးနှင့် အတိုင်ပင်ခံ ဌာနတွေကို မြှင့်တင်ပေးတယ်။ နောက်ပြီးတော့ တရုတ်ပြည် တဝှမ်းမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ နှီးနှောဖလယ်ပွဲများနှင့် သင်တန်းများကို စည်းရုံး စီစဉ်ပါတယ်။ 

မြန်ဆန်မှုက အရေးကြီး
ဒီ One Foundation ဟာ လေကြောင်းလိုင်းတွေလို လုပ်ဖော်ကိုင်ဖက်တွေနှင့်လည်း ခိုင်မာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ပြီးပါပြီ။ ဒါကြောင့် သဘာဝကပ်ဘေး ဖြစ်လာလျှင် အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်စွမ်း ရှိနေပါပြီ။ 

“ဖြစ်ပျက်တတ်တာ တစ်ခုကို ကျွန်တော် မကြာခဏ တွေးကြည့်မိတယ်။ လူတွေ သေကြတယ်ဗျာ။ ဓာတ်ပုံတွေကို ကြည့်ပြီးတော့ ခင်ဗျားက ငွေစလှူပါတယ်။ ဒါပေမဲ့ဗျာ အလှူငွေတွေ အဲဒီ လူတွေဆီ မရောက်မှီ ကပ်ဘေးသင့်ပြီးတာက ရက်အနည်းငယ်တောင် ရှိနေပြီဗျ။  အဲဒီငွေက သူတို့တွေဆီကော ရောက်ပါရဲ့လားဆိုတာတောင် မသေချာဘူးဗျာ” လို့ လီက ပြောပါတယ်။

“ကျွန်တော်ရဲ့ ဆန္ဒက ပြင်ဆင်ထားဖို့၊ ငွေ အနည်းအကျဉ်း ဘေးဖယ်ထားဖို့ပါ။ တစ်စုံတစ်ခု ဖြစ်လာလျှင် အလျှင်အမြန် လှုပ်ရှားဖို့ ကျွန်တော်တို့တွေ အသင့်ဖြစ်နေအောင်လို့လေ။”

လီရဲ့ လျှင်မြန်မှု လိုအပ်ချက်ကို စီချွမ် မြေငလျှင် အတွင်းမှာ အကောင်းဆုံး သက်သေပြ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မနှစ် မေလ ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကပ်ဘေးအကြောင်း သူကြားလိုက်ရတဲ့ အခါ သူတို့တွေ အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်ရမယ်ဆိုတာကို လီ သိပါတယ်။ ရန်ပုံငွေ ရှာဖွေကောက်ခံရေး တိုက်တွန်း နှိုးဆော်ချက်ကို သူတို့ ချက်ချင်း စလုပ်တယ်။ ယင်ဂျိုး (Yinghua) မှာလို ရေတို ကယ်ဆယ်ရေး အတွက်ရော၊ ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေအတွက်ပါ ခုနှစ်ရက် အတွင်းမှာ အမေရိကန် ဒေါ်လာ ခုနှစ် ဒဿမ သုံးဆယ့်ငါးသန်း ($ 7. 35) ကောက်ခံ ရရှိခဲ့ပါတယ်။ 

လုပ်ဖော်ကိုင်ဖက် အဖွဲ့စည်းကြီးတွေနှင့် အတူ အလုပ်လုပ်ရင်း One Foundation သည် ချန်ဒူး (Chengdu) မှာ မေလ ၁၅ ရက်နေ့က အဖွဲ့လေး တစ်ဖွဲ့ ထောင်လိုက်တယ်။ အဦးဆုံး လိုအပ်ချက်တွေကို ကူညီဆက်သွယ်နိုင်ဖို့ပါ။ နှစ်ရက်နေတော့ လီ ကိုယ်တိုင် ပထမဆုံး ဖြည့်ဆည်း ထောက်ပံ့ပစ္စည်းတွေ ပို့ဆောင်မှုကို လက်ပါစောင့်ရှောက်ပါတယ်။ လုပ်ငန်းစဉ် တစ်ခုလုံး ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာ သေချာဖို့ရာ အပြည်ပြည် ဆိုင်ရာ စာရင်းစစ် ကုမ္ပဏီဖြစ်သည့် ဒီလွိုက် (Deloitte) က စာရင်းစစ် ကြီးကြပ်ရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ကျေးရွာအကြီးအကဲတွေက ကူညီ ထောက်ပံ့ပစ္စည်းတွေ လက်ခံရရှိပါတယ်ဆိုတာ စာရွက်ပေါ်မှာ ဝန်ခံလက်မှတ်ရေးထိုးရပါတယ်။ 

“ပြည်သူတွေကို လှူဒါန်းကြဖို့နှင့် ကူညီထောက်ပံ့မှုတွေ ပေးကြဖို့ ပြောရာမှာ ကျွန်တော်တို့က အစိုးရထက် ပိုမြန်ဆန်ပါတယ်။ ဒါ့အပြင် ကြက်ခြေနီ အဖွဲ့အစည်းနှင့်လည်း လုပ်ဖော်ကိုင်ဖက် ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ တိကျတဲ့ သတင်းအချက်အက်တွေကိုလည်း မြန်မြန်ဆန်ဆန်ကြီး ရနိုင်စွမ်း ရှိပါတယ်”လို့ လီက ပြောပါတယ်။

တရုတ် ကြက်ခြေနီ အဖွဲ့က ဝမ် ရှုနောင်က မြေငလျှင် လှုပ်ပြီးနောက် One Foundation အဖွဲ့ရဲ့ မြန်ဆန်မှုနှင့် သက်သက်သာသာလေး လုပ်ဆောင်သွားမှုအပေါ် ချီးကြူးစကားတွေ အပြည့် ဆိုခဲ့ပါတယ်။ ဂျက် လီနှင့် စေတနာရှင် တစ်စုဟာ ပိုပြီးလိုအပ်မည့် ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးလှူဖို့ တရုပ်ပြည် ငလျှင်ဒဏ်သင့်တဲ့ နေရာတွေကို ချက်ချင်းပဲ အပြေးအလွှား လာကြတယ်။ One Foundation အဖွဲ့ဟာ ထိခိုက်ခံရတဲ့ ဒေသတွေမှာ စာသင်ကျောင်းတွေ ဆောက်လုပ်ဖို့နှင့် ကျန်းမာရေး ဆိုင်ရာ အဆောက်အဦတွေ ဆောက်လုပ်ဖို့ ယွမ် နှစ်သန်း ($ 292,000) ကို ခွဲဝေလှူဒါန်းပါတယ်လို့ သူမက ဆိုပါတယ်။


(ဆက်ပါဦးမည်။
ဂျက် လီ ပြောတဲ့ ပရဟိတလုပ်ငန်းအတွက် အများ ယုံကြည်နိုင်မည့် အင်္ဂါရပ်အကြောင်း ပါဝင်မည့် နိဂုံးပိုင်းကို မကြာမီ တင်ပေးပါမည်။)
မေတ္တာဖြင့်
ဘုန်းဉာဏ်

May 31, 2011

ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား (၁)



၂၀၀၄ ခု ဆူနာမီကား ဂျက် လီကို ထာဝရ ပြောင်းလဲစေခဲ့၏။

အခုတော့ ဂျက် လီက ကမ္ဘာကြီးကို ပြောင်းလဲစေချင်နေတော့သည်။

ဂျက်လီ တစ်ယောက် သူ့ရဲ့ လေးနှစ်အရွယ် သမီးလေး ဂျိန်းကို တရိပ်ရိပ် တက်လာနေတဲ့ ရေနှင့် လွတ်အောင် ရုန်းကန်နေရစဉ် တစ်နှစ်အရွယ် သမီးငယ်လေး ဂျေဒါကို ချီပိုးထားရတဲ့ ကလေးထိန်းကို ကူညီပေးဖို့ တစ်စုံတစ်ယောက်ကို လှမ်းအော်ပြောလိုက်ပါတယ်။ ဒါဟာ အက်ရှင်ကား ရုပ်ရှင် မဟုတ်ပါဘူး။ အာရှဒေသ တစ်ဝှမ်းက လူများစွာ နည်းတူ ဂျက် လီ တစ်ယောက်လည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ သဘာဝ ကပ်ဘေးကြီး ဆိုတဲ့ လက်တွေ့ဘဝရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်သနစ်ထဲမှာ ပိတ်မိနေခဲ့သည်။

တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသားဟာ အားလပ်ရက်ခရီး အဖြစ် ဇနီးသည်၊ သမီးနှစ်ယောက်၊ ကလေးထိန်းနှင့်အတူ မော်လဒိုက်နိုင်ငံကို ရောက်နေသည်။ တနင်္ဂနွေနေ့ နံနက် (၁၀) နာရီ ထိုးပြီးချိန်လေးမှာပဲ ဂျက် လီ တစ်ယောက် (The Four Seasons) ဟော်တယ်က ရေကူးကန် အနီးတွင် ရပ်နေခဲ့သည်။ စိတ်လှုပ်ရှားနေကြသည့် သူ့သမီးလေး နှစ်ယောက်ကို ပယ်လယ်ပြင်ကို ခေါ်သွားဖို့ အသင့်ဖြစ်နေပါပြီ။

အဲဒီနောက် ကြောက်မက်ဖွယ်ရာ အရှိန်နှင့် မြင့်တက်လာနေတဲ့ ရေတွေကို သူ သတိပြုမိသည်။ သူနှင့် သူ့ကလေးထိန်းတို့က ဂျိန်းနှင့် ဂျေဒါတို့ကို ကောက်ချီပြီး ဟော်တယ်ဘက်ကို ချေဦး ပြန်လှည့်မိချိန်မှာတော့ ရေတွေက ခြေမျက်စိလောက် အထိ ရောက်လာသည်။ စက္ကန့်အနည်းငယ် အတွင်းမှာပဲ ခါးအထိ ရောက်လာပြီး တစ်ဆက်တည်းပင် မေးစိ အထိ ရောက်လာတော့သည်။

လီက ဂျိန်းကို သူ့ပခုံးပေါ် တင်လိုက်သည်။ သို့သော် ဖရိုဖရဲ ဖြစ်နေစဉ် ဂျေဒါနှင့် ကလေးထိန်းကို ဆုပ်ကိုင်ထားတာက လွတ်ထွက်သွားသည်။ သူတို့တွေ ဟိုတယ်ဘက်စီ မျော်ပါသွားစဉ် သူ အော်ပြီး အကူအညီ တောင်းလိုက်သည်။ ရပ်ကြည့်နေသူ လေးဦးက ရေထဲ ခုန်ဆင်းလိုက်ပြီး ဂျေဒါနှင့် ကလေးထိန်းတို့ကို မနစ်မြုပ်ခင် ဆွဲဖမ်းထားလိုက်သည်။ လီကား ဟော်တယ်ပြန်ရောက်အောင် အနိုင်နိုင် ကြိုးစားခဲ့ရပြီး ဇိမ်ကျလှတဲ့ သူတို့ အခန်းထဲ နေနေခဲ့တဲ့ ဇနီးသည်နှင့် ပြန်လည် ဆုံဆည်းခဲ့ရသည်။

“လှိုင်းလုံးကြီးတွေ ကျသွားတော့လည်း ဘာမျှ မကျန်ခဲ့တော့ပါလား”လို့ လီက ဆိုသည်။ “လျှက်စစ်မီးလည်း ပျက်သွားသည်။ ဟော်တယ် ဂြိုဟ်တု ဖုန်းကလွဲလို့ ဆက်သွယ်ရေး မျိုးစုံလည်း ပျက်ကုန်တော့သည်။ အစားအစာ သုံးရက်စာနှင့် ရေ ငါးရက်စာ ကျန်သေးတယ်လို့တော့ ကျွန်တော်တို့ကို ပြောပါတယ်ဗျာ”လို့ လီက ပြောသည်။ လီတို့ မိသားစုရော တုန်လှုပ်နေကြတဲ့ တခြား ဧည့်သည် ဒါဇင်ပေါင်းများစွာတို့ ဟော်တယ်လ် ဧည့်ကြိုခန်းမှာပင် အိပ်ကြသည်။ သူ့မိသားစု အိပ်သွားတော့ သူက ထထိုင်ကာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစားနေမိသည်။ “ဆူနာမီ ဖြစ်ချိန်အထိ ကျွန်တော့်ဘဝရဲ့ ပထမ ၄၁ နှစ်လုံးလုံးကို ဂျက် လီဆိုတာ နံပါတ်တစ်ပဲလို့ ကျွန်တော့် အကြောင်းကိုပဲ တွေးပြီး နေလာခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဘယ်လောက်ပဲ သြဇာရှိရှိ၊ ဘယ်လောက်ပဲ ကျော်ကြားကျော်ကြား ကပ်ဘေးဖြစ်ချိန်မှာတော့ အဲဒီ သြဇာရှိမှု၊ ကျော်ကြားမှုက မင့်ကို မကူညီနိုင်ပါဘူးလေလို့ ကျွန်တော် အတွေးပေါက်လာခဲ့သည်။ ကျွန်တော့် ဘဝနှင့် လုပ်ချင်တာတွေကို စဉ်းစားမိသည်။”

၂၀၀၈ ခု မေလ ၁၉ ရက်
တရုတ်ပြည် အလယ်ပိုင်းက မြို့ ရွာပေါင်း မြောက်များစွာမှာလိုပါပဲ။ ယင်ဂျိုး (Yinghua) ဟာလည်း ဂ. ၀ လှုတ်ခတ်အားရှိတဲ့ စီချွမ် (Sichuan) မြေငလျင်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒေသ တစ်ဝှမ်း လူဦးရေ ၇၀,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး Yinghua မှာဆိုလျှင် အဆောက်အဦး အနည်းငယ်မျှသာ မပြိုမပျက် ကျန်ခဲ့တော့တယ်။ ငလျင်လှုပ်ပြီး ခြောက်ရက်မြောက် ဒီနေ့မှာတော့ လမ်းတွေပေါ်မှာ စစ်သားတွေ၊ လူမှုကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေ၊ မင်တက်မိနေကြတဲ့ အသက်ရှင်ကျန်ရစ်ခဲ့သူတွေနှင့် ပြည့်လို့ပါပဲ။ 


တရုတ်ပြည် တောင်ပိုင်း Liukuei မြို့မှာ  Aug. 15, 2009 က ကူညီ ကယ်ဆယ်ရေး ပစ္စည်းများ ဝိုင်းသယ်နေသည့် ဂျက် လီ
မျက်နှာကို မဆိုသလောက် ဖုံးကွယ်ထားတဲ့ အပြာရင့်ရင့် ဦးထုပ်ကို ဆောင်းထားတဲ့ လီဟာ နို့မှုန့်ထုပ်များ၊ ဆေးဗူးများ၊ ရွက်ဖျင်တဲများနှင့် အခြားသော အရေးပေါ် ထောက်ပံ့ပစ္စည်းများကို ထရပ်ကားနောက်မှာ ဝိုင်းပြီး သယ်ချပေးနေပါတယ်။ သူနားက လူများစွာလိုပါပဲ၊ နှာခေါင်းပုံစံ နံပါတ် ၁ လို့ ရေးထားပြီး ထူးခြားတဲ့ အပြုံးမျက်နှာ တံဆိပ်ပါတဲ့ အဖြူရောင် One Foundation တီရှပ်ကို ဝတ်ဆင်ထားပါတယ်။ သူဟာ ရုပ်ရှင်မင်းသား တစ်ယောက်အပေါ် ဆက်ဆံမှုမျိုးကို မမျှော်လင့်ပဲ စီချွမ်က လူတွေကို ကူညီပေးနေကြတဲ့ သူလိုငါလို လူများစွာထဲက တစ်ယောက်မျှသာ ဖြစ်ပါတယ်။

ပြောင်းလဲသွားသော လူတစ်ယောက်
ဆူနာမီနှင့် စီချွမ် မြေငလျင်လှုပ်ခတ်ခဲ့တဲ့ အချိန်ကြားမှာပဲ ဂျက် လီဟာ သူ့ဘဝကို ပြောင်းလဲခဲ့တယ်။ သူရဲ့ အချိန် များစွာကို ဒီ သဘာဝကပ်ဘေးကြီးရဲ့ သားကောင်ဖြစ်ကြရရှာပြီး ကံအကြောင်းမလှရှာတဲ့သူတွေကို ကူညီရေးအတွက် ရည်စူးမြှပ်နှံထားပါတယ်။ ငွေချည်းပဲ လှူမည့်အစား စစ်မှန်တဲ့ ထူးခြားမှုနှင့် ကမ္ဘာတစ်လွှားက တစ်ဦးချင်းစီရဲ့ စွမ်းအားကို ရနိုင်သမျှ ဖြည့်ဆည်း အသုံးချမှု ပြုနိုင်တဲ့ အဖွဲ့အစည်း တစ်ခုကို သူ စပြီး ဖန်တီးပါတော့တယ်။ 

မော်လဒိုက်က သူ့ရဲ့ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို သတိပြုမိပြီး လီဟာ ဟောင်ကောင်က အိမ်ကို ပြန်လာကာ စွမ်းအားတွေ စိုက်ထုတ်လို့ အလျှင်အမြန် လုပ်ဆောင်ပါတော့တယ်။ ဆူနာမီ ဖြစ်ပြီးတော့ လီက သူ့ဇနီးကို “ကိုယ်တော့ တစ်ခုခုကို ချက်ချင်း လုပ်ရတော့မယ်”လို့ ပြောလိုက်ပါတယ်။ ဒါဟာ One Foundation မွေးဖွားလာပုံပါပဲလို့ သူက ဆိုပါတယ်။

၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ သူဟာ ယွမ်ငွေ 500,000 ($ 73,000) ကို ဆူနာမီဒဏ် ခံရသူတွေကို ပေးလှူမည့်အကြောင်းနှင့် နောက်ထပ် ယွမ်ငွေ 500,000 ကို ဖောင်ဒေးရှင်း စတင်ဖို့ သုံးမည့် အကြောင်း ကြေငြာခဲ့ပါတယ်။ အဆုံးမှာတော့ One Foundation ကို ဖန်တီးဖို့ရာ အချိန် နှစ်နှစ်ကျော် ယူခဲ့ရပါတယ်။ တစ်ပိုင်းက လီဟာ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးဖို့ ကတိပေးထားပြီးသား ဖြစ်နေတာရယ်၊ နောက် အကြောင်းတစ်ခုက သူ့ ဝန်ခံချက် အတိုင်း ဘယ်က စလုပ်ရမယ်ဆိုတာ အစရှာမရခဲ့လို့ ဖြစ်ပါတယ်။ သူ့ရဲ့ အားလပ်ချိန်မှာ ကမ္ဘာတစ်လွှားက ပညာရှင်တွေနှင့် စကားပြောတယ်။ ရော့ခ်ဖဲလား အသင်းအဖွဲ့လိုမျိုး ပရဟိတ အဖွဲ့အစည်းတွေမှာ သူ့အချိန်ကို အသုံးချတယ်။ အောင်မြင်တဲ့ NGO (အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း) ဖြစ်အောင် ဘာတွေလုပ်ရတယ် ဆိုတာကို လေ့လာဖို့ပါ။ “ကျွန်တော်က ရုပ်ရှင်လောကကို ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး NGO တွေရဲ့ ကမ္ဘာကို ရှာဖွေခဲ့ရတယ်လေ။ လေ့လာသင်ယူဖို့ အချိန် လိုအပ်တာပေါ့ဗျာ။ ကျွန်တော် လေ့လာခဲ့တဲ့ အချက်ကတော့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်ဆိုတာပါပဲ။ တနည်းပြောရမယ်ဆိုလျှင်ဗျာ လူတွေက အလှူအဖွဲ့အစည်းတွေကို ထောက်ပံ့တော့မယ်ဆိုလျှင် သူတို့ ပေးလှူလိုက်တဲ့ ငွေတွေဟာ  လိုအပ်တဲ့လူတွေဆီကို တကယ် ရောက်မှာပါဆိုတာ ယုံကြည်ဖို့ လိုအပ်တာပေါ့။ 

နောက်ဆုံးမှာတော့ ကြက်ခြေနီ ဂျက် လီ One Foundation အဖွဲ့ကို တရုတ်ပြည်မှာ ၂၀၀၇ ခု ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကြက်ခြေနီ အဖွဲ့အစည်းနှင့် လွတ်လွတ်ကင်းကင်း အလုပ်လုပ်ပေမဲ့ အဲဒီ ဆက်စပ် အဖွဲ့အစည်းက သူတို့ အဖွဲ့ကို တရုတ်ပြည်မှာ ပြည်သူ့ ရန်ပုံငွေရှာပွဲတွေ လုပ်ခွင့်ပေးခဲ့ပါတယ်။ ကြက်ခြေနီအဖွဲ့နှင့် ဆက်ထားခြင်းက ပြန့်နှံ့ရောက်ရှိနိုင်တဲ့ သဘာဝကပ်ဘေးများရဲ့ အတိုင်းအတာ အခြေအနေကို မြန်မြန်ဆန်ဆန် တိတိကျကျ ရရှိဖို့ ကူညီပေးပါတယ်။

အပြန်အလှန်အားဖြင့် ကြက်ခြေနီ အဖွဲ့ဟာလည်း ဝမ်း ဖောင်ဒေးရှင်း ရနေတဲ့ ပြည်သူ့ အမြင်ဆိုင်ရာ အကျိုးအမြတ် ရခဲ့ပါတယ်။ “သူတို့တွေက ပြည်သူတွေ ပိုမို သတိထားမိစေပြီး လူသားချင်း စာနာတဲ့ အားထုတ် လုပ်ကိုင်မှုတွေကို ထောက်ပံ့ကူညီကြဖို့ လူပေါင်းများစွာကို တွန်းအားပေးပါတယ်”လို့ တရုတ် ကြက်ခြေနီအဖွဲ့ရဲ့ ဖွံ့ဖြိုးရေးနှင့် ထောက်ပံ့ရေး အစီအစဉ်ရဲ့ လက်ထောက်ညွန်ကြားရေးမှူး ဖြစ်သူ ဝမ် ရှုနွန်က ပြောပါတယ်။ 

ဆက်ပါဦးမည်။
ဘုန်းဉာဏ်

May 28, 2011

ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့ စွမ်းအား

မနှစ် (၂၀၁၀ ခု)က စင်္ကာပူက ရင်းနှီးတဲ့ အိမ်တစ်အိမ်ရောက်စဉ် စားပွဲပေါ်မှာ တင်ထားတဲ့ ရီးဒါးစ် ဒိုင်ဂျက် မဂ္ဂဇင်းဟောင်း တစ်စောင်ကို တွေ့ပါတယ်။ ၂၀၀၉ ခု ဇန်နဝါရီလက ထုတ်ဝေထားတာပါ။ တစ်ခုခုကို ပြန်ဖတ်ပြီး စားပွဲပေါ် တင်ထားဟန် တူပါတယ်။

လှန်လှောကြည့်တော့ ဂျက် လီရဲ့ ဝမ်း ဖောင်ဒေးရှင်း အကြောင်း ရေးထားတဲ့ The Power of One ဆောင်းပါးရှည် တစ်ပုဒ်ကို တွေ့ရပါတယ်။ ဆောင်းပါးရှင်က Sonia Kolesnikov-Jessop ပါ။ ခပ်မြန်မြန်လေး ဖတ်ကြည့်တော့ သဘောကျတာရယ်၊ အိမ်မှာလဲ မိတ္တူကူးစက် ရှိနေတာရယ်ကြောင့် အဲဒီ ဆောင်းပါးကို မိတ္တူကူးပေးဖို့ ပြောပါတယ်။ အိမ်က စာအုပ်ပိုင်ရှင် အငယ်မလေးက “ကူးမနေပါနဲ့ ဘုရား။ တပည့်တော် စာအုပ်ပါ။ အရှင်ဘုရား ယူသွားပါ။ လိုချင်လျှင် မဂ္ဂဇင်းဟောင်းတွေ အများကြီး ရှိပါသေးတယ်”လို့ လျှောက်ပါတယ်။

အဲဒီစာအုပ်တွေကို မယူခဲ့ပေမဲ့ ဒီတစ်အုပ်တော့ ယူလာခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခေါက်ထက်လည်း ပို မဖတ်ဖြစ်ခဲ့ပါဘူးလေ။ ယူစဉ်က ကိုယ်တိုင်ဖတ်ဖို့နှင့် အလျှင်းသင့်လျှင် ဘာသာပြန်ပြီး ဘလော့ဂ်မှာ အများနှင့် မျှဝေဖို့ပါ။ ဘာသာပြန်ချင်တာကတော့ အကြောင်းအရာ ကောင်းတာကြောင့် တစ်ကြောင်း၊ မဖတ်ရသေးလျှင် အသစ်ပင် ဖြစ်သည်ဟု ယူဆတာက တစ်ကြောင်းကြောင့်ပါ။ သို့သော် တစ်နှစ်ကျော်သွားပေမဲ့ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။ ခုတော့ ဘာသာပြန်ပြီးဖြစ်လို့ မျှဝေနိုင်ပါပြီ။ 

ဂျက်လီဟာ ၂၀၀၄ ခု ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီဖြစ်စဉ်မှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ သူရော သူ့သမီးငယ်လေး နှစ်ဦးပါ အဲဒီ ကပ်ဘေးမှာ သေကံမရောက် သက်မပျောက်ခဲ့ရပေမဲ့ အများကြီး သံဝေဂရပြီး သူ့ဘဝ ပြောင်းလဲခဲ့ပါတယ်။ သူ့စကားအတိုင်း ပြောရလျှင် အတ္တဆန်တဲ့ ဂျက် လီ ဘဝ ပြီးဆုံးသွားပြီး ဘဝသစ်မှာ နေနေပါပြီ။ ကပ်ဘေးဒဏ်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင် မင်းသားဟာ သဘာဝ ကပ်ဘေးဒဏ် ခံစားရတဲ့သူတွေကို ကူညီ ကယ်ဆယ်ဖို့ One Foundation အဖွဲ့ကို တရုတ်ပြည်မှာ ၂၀၀၇ ခု ဧပြီလမှာ စတင်ဖွဲခဲ့ပါတယ်။ 

ဒီအကြောင်း ရေးထားတဲ့ ဆောင်းပါးရဲ့ နာမည်က The Power of One တဲ့။ “ငွေတစ်ကျပ်ရဲ့ စွမ်းအား” လို့ ဘာသာပြန်လျှင် သင့်မယ်လို့ ထင်မိပါတယ်။ သူ့ရဲ့ အယူအဆက လူတိုင်း လူတိုင်း တစ်လကို ငွေတစ်ယွမ် (၁၅ ဆင့်) ပေးလှူကြမယ်ဆိုလျှင် ဒေါ်လာ ဘီလျှံပေါင်းများစွာ ရရှိမှာ ဖြစ်ပြီး ယင်းငွေများဖြင့် သဘာဝဘေးဒဏ် ခံရသူများကို လျှင်မြန် ထိရောက်စွာ ကူညီ ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ 

ဂျက်လီရဲ့ အယူအဆဟာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်း ဆရာတော်ဘုရားကြီးရဲ့ အယူအဆ တစ်ခုနှင့်လည်း တူတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာက မိမိ မန္တလေး သာသနာ့တက္ကသိုလ် တက်နေစဉ်က တစ်ဆင့်စကား ကြားခဲ့ဖူးတာပါ။ မန္တလေးနှင့် ရန်ကုန်မြို့တွေမှာ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးတွေ တစ်ခုစီ တည်ဆောက်တော့မယ် ဆိုတော့ ဆရာတော်ကြီးက အခုလို စိတ်ကူးတော်မူပါသတဲ့။ 

ဗုဒ္ဓဘာသာ ဒကာ ဒကာမတွေ အားလုံး အခုလို သာသနာ့တက္ကသိုလ်ကြီးတွေ တည်ဆောက်တဲ့ အခါ ထာဝရ ကုသိုလ်အဖြစ် ပါဝင်သင့်တယ်။ ပါလည်း ပါဝင်စေချင်တယ်။ ဒါပေမဲ့ သူတို့တွေ အားလုံးကို အလှူငွေကြောင့် တာဝန်လည်း မတက်စေချင်ဘူး။ နောက်ပြီး ကုသိုလ်ပြုတာမို့ အောင်မြင်ပြီး သန့်ရှင်းစင်ကြယ်တဲ့ ကုသိုလ်ဖြစ်အောင် စိတ်လည်း နည်းနည်းလေးမှ မကွက်စေချင်ပါဘူးတဲ့။ ဒီတော့ ဆရာတော်ဘုရားကြီးက ကုသိုလ်လည်းရ၊ ရတဲ့ ကုသိုလ်ကလည်း တာဝန်လည်းကင်း စိတ်လည်း ရှင်းတဲ့ ကုသိုလ်ဖြစ်အောင် တစ်အိမ်ထောင်လျှင် သုံကျပ်နှုန်း အလှူငွေ ပါဝင်လှူဒါန်းဖို့ နိုးဆော်ပါသတဲ့။ (၁၉၈၁ - ၂ ခုလောက်က မြန်မာငွေ သုံးကျပ်ပါ။ တစ်ဒေါ်လာအောက် အများကြီး လျှော့နေဦးမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီ ခုနှစ်လောက်က လူလားမြောက်နေသူများသာ အတိအကျ သိပါလိမ့်မယ်။)  

ဂျက် လီရဲ့ ဝမ်း ဖောင်ဒေးရှင်း အကြောင်း ဖော်ပြတဲ့  ဒီ ဆောင်းပါးထဲမှာ အကြိုက်ဆုံးကတော့ ဖောင်ဒေးရှင်းရဲ့ မူဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ရှိခြင်း ဆိုတဲ့ အချက်ပါပဲ။ အောင်မြင်တဲ့ NGO အဖွဲ့ တစ်ခု ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အချိန်ယူ လေ့လာပြီး သိလာခဲ့တဲ့ အချက်ကတော့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်ဆိုတာပါပဲတဲ့။ ဒီအချက်ပါရှိဖို့က လက်ရှိ မြန်မာပြည် အခြေအနေနှင့်လည်း အများကြီး ကိုက်ညီပါတယ်။ အထူးအဖြင့် အလှူခံပြီး လုပ်တဲ့ လုပ်ငန်းဟာ ပွင့်လင်းမြင်သာမှုမူ မရှိလျှင် အမှန်တကယ် ရည်စူးထားတဲ့သူတွေဆီ အပြည့်အဝ မရောက်နိုင်ပါဘူး။ ရည်စူး ပေးလှူထားသလောက်လဲ မရောက်နိုင်ပါဘူး။ တာဝန်ရှိသူ အဆင့်အဆင့်အနေနှင့်လည်း နှစ်ပေါင်း ငါးဆယ်နီးပါး ရင်းနှီးကြွမ်းဝင်နေတဲ့ ဖြတ်စား လာဘ်စားလုပ်ဖို့ အခြေအနေ ပိုများပါတယ်။ ရလဒ်အနေနှင့် လူထု ယုံကြည်မှု ကင်းမဲ့သွားပြီး မအောင်မြင်နိုင်တော့ပါဘူး။ ဒီတော့ လိုအပ်သူတွေထံ လိုအပ်သလောက် မရောက်နိုင်တော့ပါဘူး။

ဒီလို ပြောလို့ ကိုယ့်လူမျိုးကိုယ် နှိမ်လေခြင်း ဆိုပြီး စိတ်မဆိုးပါနှင့်။ အကျင့်ပျက်မှုက နယ်ပယ်ပေါင်းစုံမှာ ဖြစ်နေတာ လူတိုင်းအသိပါ။ ဥပမာအဖြစ် စာရေးသူတို့ မန္တလေး သာသနာ့တက္ကသိုလ် တက်နေစဉ်က အဖြစ်အပျက်လေး တစ်ခုကို ပြောပါရစေ။ ပြည်နယ် တစ်ခုမှာ ထင်ရှားကျော်ကြားနေတဲ့ ဆရာတော်ကြီး တစ်ပါးက မန္တလေးနှင့် ရန်ကုန်ရှိ သာသနာ့တက္ကသိုလ် တစ်ခုစီနှင့် မင်းကွန်း မိုးမိတ်ကုန်းမြေက တိပိဋကကျောင်းမှာ သီတင်းသုံးနေကြတဲ့ သံဃာတော်တွေကို သင်္ကန်း တစ်စုံစီ လှူတော်မူချင်ပါသတဲ့။ ဒီတော့ တာဝန်ယူကြတဲ့ အနီးနေ သူ့တပည့် ဒါယကာတွေကို မိန့်ကြားတော်မူမှာပေါ့။ စီစဉ်သူတွေက စီစဉ်ပြီး လှူပြီးပါကြောင်း လျှောက်ထားကြမှာပေါ့။ တကယ်လည်း လှူပါတယ်။ ဒါပေမဲ့ သံဃာတော် သုံးရာငါးဆယ် လေးရာနီးပါးရှိ မန္တလေး သာသနာ့တက္ကသိုလ်ကို ရောက်လာလို့ ခွဲဝေ လှူဒါန်းတဲ့ သင်္ကန်းများဟာ တစ်စုံမှ အသစ် သို့မဟုတ် အကောင်းပါမလာပါဘူး။ ဆေးလိပ် မီးပေါက် သင်္ကန်းတွေ၊ တစ်ထွာ တစ်မိုက် အကွက်လိုက် ပြဲနေတဲ့ သင်္ကန်းတွေ၊ သင်းပိုင်က တစ်ရောင်၊ ဧကသီက တစ်ရောင် (အပေါ်ဝတ်၊ အောက်ဝတ်) အရောင်မညီတဲ့ သင်္ကန်းဟောင်းတွေချည်းပါပဲ။ သင်္ကန်းသစ်တွေဟာ စီစဉ်သူ လူတစ်စု လက်ချက်ကြောင့် ကျောင်းပတ်ဝန်းကျင်က ဆိုင်းတွေမှာပဲ တစ်ခါတည်း အိုဟောင်း သွားကြရရှာဟန်တူပါတယ်။ (ကျော်ကြားလှတဲ့ ထို ဆရာတော်ကြီးထံမှာ လစဉ် ဒုလ္လဘရဟန်း ရာထောင်ချီ ရှိခဲ့တယ်လို့ ပြောကြပါတယ်။)

ဒီအလှူက နာမည်ကျော် ဆရာတော်ကြီး တစ်ပါးရဲ့ တက္ကသိုလ် တက်နေတဲ့ သံဃာတော်တွေကို မွန်မွန်မြတ်မြတ် လှူတဲ့ အလှူပါ။ လူလူချင်း မရှိဆင်းရဲသူ သို့မဟုတ် ကပ်ဘေးကပ်ဒဏ် ခံရသူတွေကို လှူတာ မဟုတ်သေးဘူး။ အချို့သော ကြားလူတွေ ဘယ်လောက် ကိုယ်ကျင့်တရားမဲ့လဲ ဆိုတာ သာဓကတစ်ခု အဖြစ် ပြောတာပါ။ ဒါတောင် အဲဒီ အဖြစ်အပျက်က (၁၉၉ ၃ - ၉၄ ခု ပညာသင်နှစ်) လောက်ကပါ။ နောက်ပိုင်းတွေမှာတော့ တစ်တိုင်းပြည်လုံး နေရာစုံမှာ ဆိုးမှ ဆိုးပါပဲ။ မြန်မာပြည်ရဲ့ အကျင့်ပျက်စီးသွားပုံနှင့် ပတ်သက်လို့ သူငယ်ချင်း တစ်ပါးရဲ့ “ခုခေတ် မြန်မာလူမျိုးက အမြှီးကျက် အမြှီးစား ခေါင်ကျက် ခေါင်းစား မဟုတ်တော့ဘူး။ မကျက်ခင်ကိုက အမြှီးရော ခေါင်းပါ စားပစ်နေကြပြီ” လို့ ပြောဆိုသံကို သတိယမိပါတယ်။ ဒါကြောင့် ပရဟိတ အလုပ်ကို မှန်မှန်ကန်ကန် ရိုးရိုးသားသား လုပ်တာပါဆိုတာ အများယုံကြည်ဖို့ ပွင့်လင်း မြင်သာမှုက မရှိမဖြစ် အရေးကြီးပါတယ်။

သို့သော် လူတိုင်း အဖွဲ့အစည်းတိုင်းတော့ ထိုကဲ့သို့ချည်း မဟုတ်ပါ။ အလွန် မွန်မြတ် သန့်စင်သည့် စိတ်ထား နှစ်လုံးသားနှင့် ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ဆောင်ရွက် လုပ်ကိုင်နေကြသူများ များစွာ ရှိပါသည်။ ဥပမာ မင်းသား ဦးကျော်သူနှင့် အဖွဲ့၊ ဦးဇာဂနာ စသည့် ထင်ရှားသူများရော မထင်ရှားသူများပါ လူအများ ကောင်းစားရေး တစ်နည်းဆိုသော် လောက ကောင်းကျိုးအတွက် မိမိအကျိုးကိုပင် အပျက်ခံကာ ထမ်းရွက်နေကြသူများလည်း ရှိပါသည်။ လူမှု ကူညီထောက်ပံ့ရေး အဖွဲ့အသီးသီး တည်ထောင်ကာ ကူညီထောက်ပံ့သူတွေလည်း များလာရာ ဝမ်းမြောက်ကြည်နူး အထူးပင် သာဓုခေါ်မိပါသည်။

နောက်အရေးကြီးတာ တစ်ခုက လူတစ်ယောက်ရဲ့ တန်ဖိုးပါ။ လူ့တစ်ယောက်ရဲ့ တန်ဖိုးကို သူ ဘယ်လောက် အောင်မြင်သလဲ၊ ဘယ်လောက် နာမည်ကြီးသလဲ၊ ဘယ်လောက် ပညာတတ်သလဲ၊ ဘယ်လောက် ချမ်းသာသလဲ၊ ဘယ်လောက် အာဏာ ပါဝါ ရှိသလဲ ဆိုတာတွေနှင့်ချည်း တိုင်းပြီး  ပိုင်းဖြတ်လို့ မရပါဘူး။ သူ့ရဲ့ အဲဒီလို အရည်အသွေးတွေ၊ အရှိန်အဝါတွေ၊ ရာထူး ဌာနန္တရတွေ၊ လုပ်ပိုင်ခွင့်တွေကို လူသား ကောင်းကျိုးအတွက်၊ သို့မဟုတ် လောက ကောင်းကျိုးအတွက် ဘယ်လောက်လုပ်သွားသလဲ၊ ဘယ်လိုလုပ်သွားသလဲဆိုတာနှင့် တိုင်းတာ ဆုံးဖြတ်ပါမှ သူ့တန်ဖိုး အစစ်ကို မှန်မှန်ကန်ကန် ပိုင်းဖြတ်ရာ ရောက်ပါလိမ့်မည်။ 

သို့သော် ယင်းကဲ့သို့သော အချက်များက လောကအကျိုးကို ကြီးကြီးမားမား ကျယ်ကျယ် ပြန့်ပြန့် သယ်ပိုး ဆောင်ရွက်နိုင်ရန် များစွာ အထောက်အကူ ပြုပါသည်။ သို့ဖြစ်ခြင်းကြောင့် မိမိ၏ ကျော်ကြားမှု၊ အောင်မြင်မှု၊ ရာထူးကြီးမှုများကို အသုံချပြီး မှန်ကန်သည့် ခေါင်းဆောင်မှုမျိုး ပေးနိုင်ကြလျှင်ကား လောကသည် ပို၍ ပို၍ သာယာ လှပလာပေမည်။ လူအပေါင်းသည် ပို၍ ပို၍ ပျော်ရွှင် ချမ်းမြေ့ကြပေမည်။

ဂျက် လီ၏ လောကကို ပို၍ အလှဆင်နိုင်သော သဘောထားများ၊ ဖွဲ့စည်း လုပ်ကိုင်ပုံ၊ ကျယ်ပြန့်အောင် လုပ်ဆောင်ပုံ စသည့် အချက်များ ပါဝင်သည့် ဤဆောင်းပါးကို ဘာသာပြန်၍ တင်ဆက်လိုက်ပါသည်။ ဤ ဆောင်းပါးကို ဖတ်စဉ်နှင့် ဘာသာပြန်စဉ် မင်းသား ဦးကျော်သူနှင့် ပရဟိတ လုပ်ဆောင်သူများကို အကြိမ်ကြိမ် သတိယမိရာ ဤဘာသာပြန် ဆောင်းပါးလေးဖြင့် ထိုကဲ့သို့သော သူများကို ရည်ရွယ် ဂုဏ်ပြုသည်ဟုပင် ဆိုချင်ပါတော့သည်။

ဘုန်းဉာဏ်
(ဘာသာပြန် ဆောင်းပါးကို ဇွန်လ တစ်ရက်နေ့တွင် တင်ပေးပါမည်။ 
ပုံကို http://img.aktualne.centrum.cz/350/77/3507798-jet-li.jpg မှ ယူပါသည်။)