Pages

May 23, 2011

စိတ်တည်ငြိမ်အောင် လုပ်နည်းလေး ပြောပြပါလား (အဆက်)

နောက်တစ်နည်းကတော့ မေတ္တာဘာဝနာလို့ ခေါ်ပါတယ်။ မေတ္တာပို့တယ် လို့လည်း ပြောကြပါတယ်။ ကိုယ့် အထင်ကို ပြောရလျှင် ဒါက ပိုလွယ်ပါတယ်။ စူးစိုက်နိုင်မှုလည်း ပိုပြီး မြန်မြန် ဆန်ဆန် ရပါတယ်။ ကောင်းပါပြီ။ တစ်ချက်လောက် စဉ်စား ကြည့်လိုက်ကြရအောင် လား။ လူတိုင်း သို့မဟုတ် သတ္တဝါတိုင်းက ကျန်းမာချင်ကြတယ်။ ချမ်းသာချင်ကြတယ်။ ငြိမ်းချမ်းလိုကြတယ်။ ဒါဟာ အားလုံးရဲ့ သဘာဝပါ။ ကိုယ့်အကြောင်း ကိုယ် စဉ်းစားကြည့်လိုက်တော့လည်း ကျန်းမာ ချမ်းသာ ငြိမ်းချမ်းချင်တယ်ဆိုတာ ထင်ရှားတာပါပဲ။

ဒီတော့ ဆိတ်ငြိမ်ပြီး သက်တောင့် သက်သာ ရှိတဲ့ နေရာမှာ ထိုင်။ ခါးကို မတ်မတ် ထိုင်ပါ။ ရှေ့ကိုလည်း မကိုင်းညွတ်စေနှင့်။ နောက်ကိုလည်း မယိုင်ညွတ်စေနှင့်။ ဒါပေမဲ့ သက်တောင့် သက်သာ ရှိပါစေ။ ရပြီဆိုလျှင်တော့ စိတ်ကို ကိုယ့် တစ်ကိုယ်လုံးအပေါ်မှာပဲ ဖြန့်ကြက်ပြီးတော့ -
ငါသည် ကျန်းမာပါစေ။
ချမ်းသာပါစေ။
ငြိမ်းအေးပါစေလို့ သုံးခါကနေ ငါးခါလောက်အထိ ပွားပါ။ 

မိမိကိုယ်ကိုယ် စိတ်စိုက်ပြီး ပွားတာ၊ ပို့တာမို့ စိတ်ဟာ ဘယ်ကိုမှ ပျံ့လွင်မှု မရှိတာ သေချာပါတယ်။ ဆက်ပြီး စဉ်းစားကြည့်တော့ ကိုယ်တင် မဟုတ်ဘူးလေ။ အားလုံးသော သတ္တဝါတွေဟာ ကျန်းမာ၊ ချမ်းသာ၊ ငြိမ်းချမ်းချင်ကြတာချည်းပဲ။ ဒါကြောင့် ခင်ဗျားရဲ့ မေတ္တာစိတ်ကို တစ်ခြားသူတွေဆီ ပို့ဖို့ ဖြန့်ဖို့ လိုတယ်။ ဒီတော့ အမေကို အာရုံပြုပြီး

မေမေ ကျန်းမာပါစေ။
မေမေ ချမ်းသာပါစေ။
မေမေ ငြိမ်းအေးပါစေ လို့ သုံးခါကနေ ငါးခါလောက်အထိ ပွားပါ၊ ပို့ပါ။ 

ပြီးလျှင် ခင်ဗျားရဲ့ အဖေကို အာရုံပြုပြီး
ဖေဖေ ကျန်းမာပါစေ။
ဖေဖေ ချမ်းသာပါစေ။
ဖေဖေ ငြိမ်းအေးပါစေ လို့ မေတ္တာပို့ပါ။ ပွားပါ။

ပြီးတော့
မိသားစုဝင်များ အားလုံး ကျန်းမာကြပါစေ။ …. ငြိမ်းအေးကြပါစေ။
ဆရာသမားများ၊ အလုပ်ရှင်များ …
သူငယ်ချင်းများ အားလုံး …
ရုံးမှ သို့မဟုတ် အလုပ်မှ လုပ်ဖော် ကိုင်ဖက်များ အားလုံး …
မွန်ဘိုင်းမြို့ရှိ သတ္တဝါများ အားလုံး …
မဟာ ရဋ္ဌတိုင်းရှိ သတ္တဝါများ အားလုံး …
အိန္ဒိယနိုင်ငံရှိ သတ္တဝါများ အားလုံး …
ကမ္ဘာတစ်ဝှမ်းရှိ သတ္တဝါများ အားလုံး …
စကြာဝဠာ အနန္တရှိ သတ္တဝါများ အားလုံး
ကျန်းမာကြပါစေ။
ချမ်းသာကြပါစေ။
ငြိမ်းချမ်းကြပါစေ လို့ မေတ္တာကို ပွားများပါ။ ဒီလိုနည်းနှင့် သင့်ရဲ့ မေတ္တာစိတ်ကို အလျှဉ်းသင့်သလို လှည့်ပွားသွားလို့ ရပါတယ်။

စူးစိုက်ပြီး လုပ်လျှင် စိတ်တည်ငြိမ်ကြောင်း ကိုယ်တိုင် တွေ့ရ၊ သိရပါလိမ့်မယ်။ ဒါ့အပြင် စိတ် အလွန်ကြည်လင်လာတာကိုလည်း တွေ့ရပါလိမ့်မယ်။ အဲဒီအခါ စိတ်ပင်ပန်းမှုတွေ့ လျော့ကျသွားတာ၊ စိတ်တင်းကျပ်နေတာတွေ ပြေလျော့သွားတာကို ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်ရပါလိမ့်မယ်။ 

ဒီ မေတ္တာဘာဝနာကို ပွားများလျှင် သတိထားစရာ တစ်ခုက စစချင်း ကိုယ် ချစ်တဲ့လူနှင့် မုန်းတဲ့ လူကို စူးစိုက်ပြီး မေတ္တာမပို့ရ မပွားရပါဘူး။ ဥပမာ ချစ်သူ၊ ရည်စား သို့ မဟုတ် ကိုယ်မုန်းတဲ့ လူ သို့မဟုတ် ရန်သူကို အစမှာ ထားပြီး မေတ္တာ မပွားရဘူးပေါ့။ ဘာကြောင့်လည်း ဆိုတော့ ချစ်သူကို စပွားမိလျှင် သတိယမှု များပြီး စူးစိုက်မှု အားနည်းသွားနိုင်ပါတယ်။ ပိုဆိုးနိုင်တာက ကပ်ငြိမှု သို့မဟုတ် တဏှာဖြစ်လာတတ်လို့ပါ။ 

အလားတူပါပဲ၊ မုန်းတဲ့လူကို စပွားမိပြီဆိုလျှင် သူ့မျက်နှာ မြင်ပြီး ဒေါသ ဖြစ်လာတတ်ပါတယ်။ ဒီလို ဖြစ်လာလျှင် မေတ္တာဆက်ပွားလို့ မရတော့တာလဲ သဘာဝပါပဲ။ အကြောင်းကတော့ ဒေါသနှင့် မေတ္တာက သဘာဝအားဖြင့်ကိုက ဆန့်ကျင်ဖက်တွေလေ။ ဒီလို ကျင့်လာတာ အသားကျလာလျှင်တော့ တနည်းပြောရလျှင် သူ့အပေါ်မှာ ခွင့်လွှတ်လာနိုင်တယ်၊ သူ့ကိုသတိယလည်း ဘာမျှ မခံစားရတော့ဘူး ဆိုလျှင်တော့ သူ့ကို အာရုံပြုပြီး မေတ္တာပို့နိုင်ပါပြီ။ ရန်သူကိုတောင် ဒီလို ပွား ပို့လို့ ရလာပြီ ဆိုလျှင်တော့ ကိုယ့်ရဲ့ မေတ္တာဘာဝနာက အခြေခံ ကောင်းနေပြီလို့ မှတ်ယူနိုင်ပါတယ်။

ဒါဟာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိတဲ့အပြင် အများကို ချမ်းသာစေချင်တဲ့ မြင့်မြတ်တဲ့ စိတ်ကြောင့် အပြစ်ကင်းပါတယ်။ အထက်က ပြောခဲ့တဲ့ ကောင်းကျိုးတွေလည်း လက်တွေ့ရပါတယ်။ ခင်ဗျား လိုချင် မလိုချင် မသိပေမဲ့ နောက်ဘဝမှာလည်း နတ်ပြည် ဗြဟ္မာ့ပြည်ကိုလည်း ရောက်ရာ ရောက်ကြောင်း နည်းလမ်းကောင်း ဖြစ်ပါတယ်လို့ ဗုဒ္ဓက ဟောကြားခဲ့ပါတယ။ ဒါကို ကျင့်ဖို့ရာ ကိုးကွယ်ရာ ဘာသာတရား တံဆိပ် မလိုဘူး။ လူမျိုး မလိုဘူး။ နိုင်ငံသား မလိုဘူး။ အားလုံး ဘယ်သူမဆို လွတ်လွတ်လပ်လပ် ကျင့်နိုင်ပါတယ်။ အပြစ်ကင်းပြီး မြင့်မြတ်တဲ့ စိတ်ထားကို ပွားတာဖြစ်လို့ ဘယ်အကြောင့်ကြောင်မျှ၊ ဘာကိုမျှ စိုးရိမ်စရာ လိုမယ် မထင်ပါဘူး။

ဒီလို မိမိစကားကို နိဂုံးအုပ် အပြီးမှာတော့ တစ်ချိန်လုံး ပြုံးပြီး နားထောင်နေတဲ့ သူက သူဟာ မှန်ကန်တာကို သိရဖို့ မှန်ကန်တဲ့ သူဆီကို တည့်တည့်မတ်မတ် လာမိတာ ကံကောင်းပါကြောင်း၊ ဗုဒ္ဓတပည့်ဖြစ်လို့ လေးစားထိုက်ပါကြောင်းကနေ မိမိကိုယ်ပါ ဆက်ပြီး ချီးမွမ်းခန်း ဖွင့်လာနေတာကြောင့် စကားကို ဖြတ်ကာ ဆွေးနွေးမှုကို အဆုံးသတ်လိုက်ပါတော့တယ်။

နောက် တစ်ရက်ခြားနေ့မှာလည်း အခြား ကျောင်းသားတစ်ယောက်က လာပြီး ဒီမေးခွန်းကိုပဲ မေးပြန်ပါတယ်။ အဲဒါကြောင့် ပထမနေ့က ပြောပြခဲ့ပြီး ဖြစ်တဲ့ အထက်ပါအတိုင်း နည်းနှစ်နည်းကိုပဲ ထပ်ပြီး ရှင်းပြလိုက်ရပါတော့တယ်။ ဒီလို စိတ်ဝင်စားသူတွေ တွေ့တော့ ဘန်ဂလောက ဆရာတော်ကြီး ဗုဒ္ဓရက္ခိတရဲ့ သက်တော် ကိုးဆယ်ပြည့် မွေးနေ့မှာ ဆရာတော်ကြီး မိန့်ကြားလိုက်တဲ့

“ခု လူတွေက ဒါ (မေတ္တာ ကမ္မဋ္ဌာန်းစသည်)ကို အရမ်းလိုအပ်နေတာကွဲ့။ အဲဒါကြောင့် ရောက်တဲ့ နေရာမှာ ဖြန့်ဖြူး လုပ်ဆောင်ပြီး ကူညီကြရမယ်” ဆိုတဲ့ သြဝါဒစကားကို သတိယမိပါတော့တယ်။

အားလုံး ကျန်းမာ၊ ချမ်းသာ၊ အေးချမ်းစွာ ရှိကြပါစေ။

ဘုန်းဉာဏ်

May 20, 2011

စိတ်တည်ငြိမ်အောင် လုပ်နည်းလေး ပြောပြပါလား

မွန်ဘိုင်း တက္ကသိုလ် (Fort Campus) က စာကြည့်တိုက်ကို စာဖတ်သွားတယ်။ တက္ကသိုလ်လမ်း (University Road), မွန်ဘိုင်း ၄၀၀ ၀၀၁ မှာ ရှိတဲ့ အိုးလ် ကမ်ပါ့တ် (စ်)က စာကြည့်တိုက်ကို သွားတာပါ။

စာဖတ်ဖို့ စသွားတဲ့ နေ့က ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို သက်ဆိုင်ရာ ဝန်ထမ်းတွေက သွားရှာနေတယ်။ တော်တော်နှင့် မရပါဘူး။ ဒါနှင့် ကမ်ဘောဒီယား ဘုန်းကြီးလေး ငှားထားတဲ့ သူ မဖတ်သေးတဲ့ စာအုပ်ကို ကောက်ယူကာ ဖတ်နေ လိုက်တယ်။ မကြာပါဘူး။ ကျောင်းသားတစ်ယောက်က မိမိထိုင်နေတဲ့ စားပွဲဆီကို လာပါတယ်။

သူက အရှင်ဘုရားရဲ့ အချိန် မိနစ်အနည်းငယ်ကို သုံးခွင့်ပြုပေးနိုင်ပါသလားလို့ ယဉ်ယဉ်ကျေးကျေး မေးပါတယ်။ ရပါတယ်။ ထိုင်ပါ။ ဘာပြောချင်လို့ပါလဲလို့ မေးတော့ သူက ထိုင်ခုံမှာ ဝင်ထိုင်ပါတယ်။ စာကြည့်တိုက်ထဲမှာ စကားပြောလို့ အဆင်မပြေဘူး ထင်တယ်ဆိုတော့ ရပါတယ်၊ ခဏပါလို့ သူကဆိုတယ်။  ဒါပေမဲ့ ကျောင်းသားတွေနှင့် ဝေးရာ ခုံကို ရှာပြီး ထိုင်လိုက်ကြပါတယ်။

သူက ကျွန်တော် ခု ကျောင်းတက်နေပါတယ်။ စာမေးပွဲလည်း မကြာမှီ ဖြေရတော့မယ်။ ဒါပေမဲ့ ဘာကိုမှ စိတ်စူးစိုက်လို့ မရပါဘူး။ အဲဒါ ဘယ်လို လုပ်ရတယ်ဆိုတာ အကြံဉာဏ်ပေးပါလားလို့ ဆိုလာပါတယ်။

စာရေးသူက သူ့ကို ပြုံးပြပြီး ကျွန်တော်သိတာကို ပြောပြစေချင်တာလားလို့ ထပ်မေးလိုက်တော့ ဟုတ်ပါတယ်။ ခင်ဗျားကြည့်ရတာ တည်တည်ငြိမ်ငြိမ် ရှိတယ်။ နောက် ဘုန်းကြီးဆိုတော့ တည်ငြိမ်အောင် နေတဲ့ နည်းတွေလည်း သိမှာပဲတဲ့။ သူက ပြောပြန်ပါတယ်။ 

ကိုယ့်နိုင်ငံထဲတုန်းကတော့ ကိုယ့်အဝတ်အစား (သင်္ကန်းတော်)နှင့် ပတ်သက်လို့ ဘာမှ မတွေးဘူးပေမယ့် နိုင်ငံခြား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်တဲ့ တိုင်းပြည်တွေမှာ သွားတိုင်း  လူတွေကြည့်ကြလွန်းလို့ ဒီလူတွေ ဒို့သင်္ကန်းကြီးကို မမြင်ဖူးပဲ မြင်ရတော့ ဘယ်လို တွေးမလဲလို့ တစ်ခါတရံတော့ စဉ်းစားမိပါတယ်။ ဒီလူတွေ ဘယ်လို လူတွေလည်း မသိဘူး။ အဝတ်ကို သူများလို မဝတ်ပဲ ကိုယ်ကို အဝတ်ကြီးကြီးနှင့် ပတ်ထားတယ်ဗျာလို့များ တွေးကြလေမလားလို့လဲ ခဏခဏ တွေးမိပြီး သူငယ်ချင်းများကို အရွှမ်းဖောက်ပြီး ပြောမိတတ်ပါတယ်။ 

ဒါပေမဲ့ သေချာတာကတော့ ဘယ်နားသွားသွား၊ ငွါးငွါးစွင့်စွင့်ကြီး ပေါ်လွင်နေတယ် ဆိုတာပါပဲ။ ခုလည်း ဒီကျောင်းသားက ဘယ်အချိန်ကစပြီး ကြည့်နေတယ် မသိပါဘူး။ စာရေးသူမှာ ပထမဆုံး အခေါက်မို့ ကဒ်ပြားလုပ်ရ၊ ကက်တလောက် ရှာရ၊ လာပြန်ပေးရ၊ စာအုပ်ရောက်လာအောင် စောင့်ရနှင့် အလုပ်တွေ ရှုပ်နေတာ။ သူက စာဖတ်ရာကနေ လှမ်းကြည့်နေတာ ဖြစ်နိုင်တယ်။

စာရေးသူက ကောင်းပါပြီ၊ ဒီလိုဆို စိတ်တည်ငြိမ်အောင် လုပ်နည်း နှစ်နည်း ပြောပြမယ်။ ခင်ဗျား စဉ်းစားပြီး ကြိုက်တာ တစ်ခု ရွေးလုပ်ပေါ့လို့ ပြောလိုက်ပါတယ်။ ပြောနေတဲ့ ခဏမှာတော့ “သြော် … ဗုဒ္ဓဆိုလျှင်တော့ ဒါမျိုးဆို ဝေနေယျ အလိုက် စရိုက်နှင့် ညီအောင် တရားပေးမှာပဲ” လို့လည်း ဘုရားကိုယ်တော်မြတ်ရဲ့ ဂုဏ်တော်ကို သတိယမိပြန်ပါတယ်။ ဒီကတော့ ဘာမှ မကြည့်နိုင်ပါဘူး။ ယေဘုယျ သဘောအရ သင့်မယ် ထင်တဲ့ နည်းနှစ်မျိုးကို အတိုချုံးပြီး ပြောရပြီပေါ့။

တရားထိုင်နည်းတွေ ဗုဒ္ဓဘာသာမှာ အများကြီး ရှိတယ်။ အဲဒီထဲက နည်းနှစ်နည်းကို အကျဉ်း ပြောပြမယ်လေ။ ကိုယ်ကြိုက်တာ၊ ကိုယ်နှင့် သင့်တော်မယ် ထင်တာကို လုပ်ပေါ့လို့ စပြောမိတယ်။ သူက ပြုံးရွှင်စွာနှင့် ခေါင်းညိတ်ပြီး “ဟုတ်ကဲ့ပါ”လို့ ပြောပါတယ်။ ဒီတော့မှ စာသံ ပေသံတွေ မပါစေပဲ တရားထိုင်တာတွေနှင့် စိမ်းနေတဲ့ သာသာခြား ကျောင်းသား တစ်ယောက်နှင့်  သင့်တော်မယ် ထင်တာလောက်ကို ရိုးရိုးလေး ပြောပြလိုက်ပါတယ်။ (ဒါကြောင့် လေ့လာဖူး ရှုမှတ်ဖူးတဲ့ မဟာစည်နည်း၊ မိုးကုတ်နည်းတွေကိုလည်း ပြောမပြပါဘူး။ “သတိမြဲရာ၊ ပထမာ၊ ဒု မှာ ရှည်တိုသိ၊ လုံးစုံလင်းရာ တ-၌သာ၊ စ-မှာ ငြိမ်းလေဘိ”ဆိုတဲ့ လယ်တီဆရာတော်နည်းကိုလည်း မပြောပြလိုက်ပါဘူး။ ဝိပဿနာ ရှုမှတ်ဖူးသူများ ဖြစ်ခဲ့လျှင် ယောနိသောမနသိကာရဖြင့် ဖတ်ပါရန် ပန်ကြားပါသည်။)

ပထမ တစ်နည်းကတော့ ဝင်သက် ထွက်သက်ကို မှတ်တဲ့နည်းပါ။ ဒါကို စမလုပ်မီ တရားထိုင်ဖို့ ကောင်းမွန်တဲ့ နေရာတစ်ခု ရှိဖို့တော့ လိုအပ်ပါတယ်။ အတန်အသင့် ဆိတ်ငြိမ်ပြီး လေဝင်လေထွက်လေးလည်း ကောင်းတဲ့ နေရာမျိုးပေါ့။ 

လူတိုင်း အသက်ရှူနေ ကြတယ်။ သတိထားမိသည် ဖြစ်စေ၊ မထားမိသည် ဖြစ်စေ အသက်ကတော့ ရှူနေကြတာပါပဲ။ ဒါက သဘာဝပါ။ အဲဒါကို သတိထားကြည့်မယ် ဆိုလျှင်တော့ လိုချင်တဲ့ စိတ်တည်ငြိမ်မှု ရလာပါလိမ့်မယ်။ အသက်ရှူတာကို အသေအချာ သတိစိုက်ကြည့်လျှင် ဝင်သက် ထွက်သက်တိုင်းဟာ နှာသီးလေးကို ထိထိပြီး ဝင်နေ ထွက်နေတာကို တွေ့ရပါတယ်။ အဲဒီ ဝင်လေ ထွက်လေကို သိအောင် စောင့်ကြည့်ဖို့ပါပဲ။ ဂိတ်စောင့်သူဟာ ဝင်လာတိုင်း၊ ထွက်သွားတိုင်းသော လူတွေကို အမြဲ စောင့်ကြည့်နေသလို နှာသီးဖျား တစ်ဝိုက်မှာ တိုက်ပြီး ထိပြီး ဝင်လာတိုင်းသော ဝင်သက်လေ၊ ထွက်သက်လေကို သိနေအောင် စောင့်ကြည့်၊ စူးစိုက်ပြီး မှတ်နေဖို့ပါပဲ။ 

အဲဒါကြောင့် ထိုင်ဖို့ သင့်တော်တဲ့ နေရာကို ရွေးပြီး ထိုင်ပါ။ ထိုင်တဲ့ အခါ ခါးကို မတ်မတ် ထားထိုင်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို ရှေ့ကိုလည်း မကိုင်းညွတ်စေနှင့်။ နောက်ကိုလည်း မယိုင်ညွတ်စေနဲ့ပေါ့။ အဲဒီလို ဖြစ်နေလျှင် ထိုင်ရတာ၊ စူးစိုက်ရတာ အဆင်မပြေတတ်ပါဘူး။ ဒါပေမဲ့ သက်တောင့်သက်သာ ရှိဖို့တော့ လိုပါတယ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အနေအထား လေးမျိုးလုံးနှင့် တရားမှတ်လို့ ရပေမယ့် အစမှာတော့ ထိုင်ပြီး ရှုမှတ်တာက အကောင်းဆုံးနှင့် အသင့်တော်ဆုံးပါ။

သက်တောင့်သက်သာ ထိုင်ပြီးပြီ ဆိုလျှင်တော့ စိတ်ကို နှာသီးဝကို ပို့ပါ။ အာရုံစိုက်ကြည့်လိုက်ပါ။ ဝင်သက်လေ၊ ထွက်သက်လေတွေကို သိလာပါလိမ့်မယ်။ အသက်ရှူလိုက်လို့ ဝင်လာတဲ့ ဝင်သက်လေဟာ နှာသီးဖျားကို ထိပြီး ဝင်သွားတာကို သိရပါလိမ့်မယ်။ အသက်ကို ရှူထုတ်လိုက်တဲ့ အခါမှာလည်း ထွက်သက်လေဟာ နှာသီးဖျားကို ထိပြီး ထွက်သွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ ဝင်လေတိုင်း၊ ထွက်လေတိုင်းကို သိအောင် နှာသီးဖျားမှာ စိတ်ကို ပို့ထားပါ။ ဝင်သက် ထွက်သက်ကို စူးစိုက်ပါ။ ပြီးလျှင် နှာသီးဖျားကို ထိပြီး ဝင်လာတဲ့ လေကိုလည်း သိပါ။ နှာသီးဖျားကို ထိပြီး ထွက်သွားတဲ့ လေကိုလည်း သိပါ။ ဒါကို နေ့စဉ် (၅ - ၁၀)မိနစ်လောက် လုပ်ဖို့ လိုပါတယ်။

ဒီလို သိအောင် ထိုင်ပြီး လုပ်တာကို တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်နိုင်လျှင် ပိုကောင်းပါတယ်။ တစ်ကြိမ်ကို ငါးမိနစ် - ဆယ်မိနစ်လောက် လုပ်နိုင်လျှင် လိုချင်တဲ့ အာရုံစူးစိုက်နိုင်မှု အသေအချာ ရမှာပါ။ တစ်ကြိမ်ပဲ ထိုင်နိုင်တယ် ဆိုလျှင်ပဲ ထူးခြားမှု၊ အာရုံစိုက်နိုင်မှု တိုးတက်လာတာကို ကိုယ်တိုင် တွေ့မြင်ရမှာပါ။

ဒီလို ဝင်သက် ထွက်သက်ကို စောင့်ကြည့် သိရှိမှုက မျှော်လင့်ထားသလောက် ခက်ချင်မှ ခက်နိုင်သလို ထင်သလောက်လည်း လွယ်ချင်မှ လွယ်မှာပါ။ ဘာလို့လဲဆိုတော့ စိတ်ဟာ ပြေးသွားနေတတ်တဲ့ သဘာဝ ရှိလို့ပါ။ ခုပဲ ဝင်လေ ထွက်လေကို သတိနှင့် စောင့်ကြည့်နေတယ်၊ သိနေတယ် ဆိုပေမဲ့ ကြည့်နေတဲ့ တစ်ချိန်တည်းမှာပဲ သူက အလစ်သုတ် ထွက်ပြေးတော့ တာပါပဲ။ ဒီတော့ သတိပြုမိတဲ့ အချိန်မှာ လျှောက်သွားနေတာ၊ သို့မဟုတ် တစ်ယောက်ယောက်နှင့် စကားပြောနေတာ၊ သို့မဟုတ် တစ်ခုခုလုပ်ဖို့ စဉ်းစားနေတာ ဒါမှမဟုတ်လည်း တစ်ခုခု လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီအခါမှာ စိတ်ကို ဝင်လေ ထွက်လေဆီ ပြန်ခေါ်လာပါ။ ပြီးလျှင် အာရုံစိုက်ပြီး သိသိနေအောင် ပြန်မှတ်ပါ။

စိတ်ဟာ ဘယ်လောက် မြန်ပြီး ဘယ်လို ပြေးသွားနေတတ်တယ်၊ ဖမ်းပြီး တစ်နေရာထဲမှာ နေအောင်လုပ်ဖို့ ဘယ်လို ခက်တယ်ဆိုတာ တရားထိုင်ကြည့်တဲ့ အခါ သိပါလိမ့်မယ်။ ဒါပေမဲ့ ဒါက စိတ်ပျက်စရာ မဟုတ်သလို အားလျှော့ဖို့လည်း မလိုပါဘူး။ စိတ်ရဲ့ သဘာဝကို ကြိုသိထားတော့ ပိုကောင်းတာပေါ့။ ငါးမိနစ်မှတ်တဲ့ အခါ သုံးမိနစ်လောက် ကောင်းကောင်းမှတ်နိုင်တယ် ဆိုလျှင်ပဲ လိုချင်တဲ့ အာရုံးစူးစိုက်နိုင်မှုကို ရပါလိမ့်မယ်။

နောက်တစ်ချက် သတိထားရမှာက အခုမှ စလုပ်မှာဆိုတော့ အလုပ်သစ်ရဲ့ သဘာဝအတိုင်း အစမှာ နည်းနည်းတော့ ချက်ချင် ခက်ပါလိမ့်မည်။ ဒါပေမဲ့ အဲဒီသဘောကိုလည်း သိထားတယ်၊ လုပ်ချင်တဲ့ ဆန္ဒနှင့် ကိုယ့်ဆန္ဒ အတိုင်း လုပ်နိုင်တဲ့ ဇွဲရှိလျှင်တော့ အောင်မြင်တာချည်းပါပဲ။ ဒါကို သတိပြုမိလျှင် လုံလောက်ပါပြီ။

(ဆက်ရန်)

ဘုန်းဉာဏ်

May 17, 2011

မြတ်ဗုဒ္ဓ

မြတ်ဗုဒ္ဓ လောင်းလျာ မင်းသားကို ဘီစီ ခြောက်ရာစုတွင် လုမ္ဗိနီ ဥယျာဉ်တော်၌ ဖွားမြင်ခဲ့၏။ ဖွားမြင်သည့် နေ့ကား သကျတို့၏ ပြက္ခဒိန်အရ မဟာသက္ကရာဇ် (၆၈) ခု ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ ခမည်းတော်မှာ သကျနိုင်ငံတော်၏ အရှင် ဘုရင် သုဒ္ဓေါဓန ဖြစ်ပြီး မယ်တော်မှာ မိဘုရားခေါင်ကြီး မာယာဒေဝီ ဖြစ်ပါသည်။ အနွယ်တော် အမည်မှာ ဂေါတမဖြစ်ပြီး ကိုယ်ပိုင် အမည်မှာ သိဒ္ဓတ္တဖြစ်သည်။

သားတော်လေး ဖွားမြင်တော်မူသည့် အခါ အစဉ်အလာ ထုံးတမ်းဖြစ်သည့် ဘုရင့် ပုရောဟိတ်တို့က နိမိတ် ဖတ်ကြားကြသည်။ ဖတ်ကြားချက်မှာ နှစ်မျိုး နှစ်စား ဖြစ်ပါသည်။ တစ်မျိုးက မင်းသားလေးသည် အရွှယ်ရောက်သည့် အခါ တစ်လောကလုံးကို အစိုးရသည့် စကြာဝတေးမင်း ဖြစ်မည်ဟု ဆို၏။ နောက်တစ်မျိုးကား ဘုရားဖြစ်မည်ဟု ဆိုပါ၏။


ခမည်းတော် မင်းကြီးသည် သားတော်လေးကို တစ်လောကလုံးကို အစိုးရသည့် စကြာဝတေးမင်း ဖြစ်စေလိုပါ၏။ တိုင်းသူ ပြည်သားတို့သည်လည်း အနာဂတ် ဘုရင်မျိုးဆက် ဖွားမြင်လာလို့ ဝမ်းမြောက် ကြည်နူးရသည့်အပြင် ထိုမင်းသားမှာ စကြေးဝတေးမင်းပင် ဖြစ်လာမည်ဆိုသဖြင့် အတိုင်းထက် အလွန်ပင် ဝမ်းသာနေကြ၏။

ခမည်းတော် မင်းကြီးသည် သားတော်လေးအား မင်းသားတို့ တတ်အပ်သည့် အတတ်မျိုးစုံကို အကုန်ပင် သင်ကြားစေ၏။ မင်းသားလေးမှာလည်း ထက်မြက်လှသဖြင့် သင်ပေးအပ်သော ပညာရပ်တိုင်းကို လျှင်မြန်စွာ တတ်မြောက်၏။ တတ်သည့် အချင်းအရာမှာလည်း တစ်ဖက် ကမ်းခတ် တတ်မြောက်မှုချည်း ဖြစ်၏။ နန်းတွင်း ဗြဟ္မဏ ပညာရှိတို့ ဟောကြာချက်မှာ မင်းသားလေး အရွယ်ရောက်လေ၊ ဖြစ်နိုင်ချေ များလာလေဖြစ်၍ ဘုရင်ကြီးမှာ နှစ်လုံး ပျော်မွေ့ သဘောတော် တွေ့နေတော့၏။

သို့သော်လည်း တစ်ခါ တစ်ရံမှာတော့ စိုးရိမ်ရပါသေး၏။ “သားတော် မင်းသားလေး တောထွက်သွားသော်” ဟု တွေးမိချိန်တွင် ယင်းသို့ ခံစားရ၏။ တစ်ဖက်ကတော့လည်း အဲဒီလို တွေးမိသည်ကို ကျေးဇူးတင်ကောင်း တင်နိုင်ပါ၏။ အကြောင်းမှာ မလိုချင်သည့် ဖြစ်လာနိုင်ခြေကို သတိယ တွက်ဆမိသဖြင့် ကြိုတင် ပြင်ဆင်နိုင်သောကြောင့်ပင်။

အဓိက ကြိုတင်ပြင်ဆင်မှုကား သားတော်လေး မည်သည့် ဒုက္ခမျိုး၊ ဆင်းရဲမျိုးကိုမျှ မြင်ခွင့် သိခွင့်မရအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဒုက္ခ သုက္ခများကို မြင်တွေ့ရခြင်း မရှိလျှင် တောထွက်ဖို့ရန် အကြံတော် ဖြစ်လိမ့်မည် မဟုတ်။ ထို့ပြင် မင်းစည်းးစိမ်၌လည်း ပိုမို သာယာ နှစ်သက် ပျော်ရွှင်မှုဖြင့် ဖက်တွယ်ပေလိမ့်မည်။ ယင်းသို့ ဖြစ်လာလျှင် ဘုရားဖြစ်ရေးအတွက် တောထွက်ဖို့ ပို၍ပင် ဝေးသွားပေလိမ့်မည်။ တောထွက်ဖို့ ဝေးသွားခြင်းသည် စကြာဝတေးမင်း ဖြစ်ရေးအတွက် နီးလာခြင်းပင် ဖြစ်ပါ၏။ 

ထို့ကြောင့်လည်း နန်းတော်တွင်း နန်းတော်ပတွင် ပိုမို သာယာအေင် စီမံ၏။ စံနန်းဆောင်တို့ကလည်း ရမ္မ၊ သုဘ၊ သုရမ္မဟု သုံးဆောင်ပင် ရှိ၏။ ဥတုသုံးလီနှင့် အလိုက်သင့် အလှည့်သင့် ကိုက်ညီနေအောင် စီမံ ဆောက်လုပ်ထားသည်ဟု ဆို၏။ 

စံနန်းဆောင်တွင်လည်း ရံရွှေတော် မောင်းမ မိဿံတို့ကား အပြည့်။ အားလုံးပင် ချောမောကြ၏။ လှပကြ၏။ ပြေပြစ်ကြ၏။ ရှုမငြီးဖွယ်တွေချည်း ဖြစ်ကြ၏။ သူတို့ကား သွယ်လျှသော လက်ချောင်း ခြေချောင်းလေးများကိုလည်း ပိုင်ဆိုင်ကြ၏။ ကြည်လင် ဝင်းပသော အသားအအရေလည်း ရှိကြ၏။ သေးသင့်ရာ သေး၊ သွယ်သင့်ရာ သွယ်၊ ပြည့်သင့်ရာ ပြည့်၊ မောက်သင့်ရာ မောက်သည့် ခန္ဓာကိုယ် အချိုးအစားမျိုး ရှိကြသည်ချည်းသာ ဖြစ်၏။ 

သူတို့၏ တာဝန်သည် မင်းသားလေး အပျင်းတော် ပြေစေရန် တစ်နည်းဆိုရသော် ငြီးငွေ့မသွားစေရန် အက၊ အလှ တေးဂီတ ပဒေသာတို့ဖြင့် ဖျော်ဖြေပေးရန် ဖြစ်ပါ၏။ ယင်းသို့ ရံရွှေတော်များ ထားခြင်းသည် ထိုခေတ်က နန်းဓလေ့ ထုံးတမ်းဖြစ်သည်ဟု ဘီဘီစီက ထုပ်လွှင့်ခဲ့ဘူးသည့် ဗုဒ္ဓဝင်တွင် ဆို၏။ ခမည်းတော် ဘုရင်ကြီး စီမံထားသည်မှာ သားတော်၏ လောကတစ်ခုလုံးသည် ပျော်ရွှင် ကြည်နူးဖွယ် လောကဖြစ်နေစေရေး၊ ဆွဲဆောင်မှုအပြည့်ရှိသည့် လောကဖြစ်နေစေရေး  ဖြစ်ပါသည်။

ထိုခေတ်ထုံးစံ အရ သက်တော် ဆယ့်ခြောက်နှစ်တွင် ယသောဓရာ မင်းသမီးလေးနှင့် လက်ဆက်၏။ မင်းသမီးလေးသည် လှလည်း လှနိုင်လွန်း၏။ ချောလည်း ချောနိုင်လွန်း၏။ ယဉ်မှုတွင်လည်း မှီသူမရှိ။ သစ္စာတရား ထားရှိမှုတွင် ပြိုင်းဖက် အလျှင်းပင် ကင်း၏။ အထက်က ဆိုခဲ့သည့် ဗုဒ္ဓဝင်တွင် သိဒ္ဓတ္ထမင်းသားသည် ယသောဓရာ မင်းသမီးကို လက်ဆက်နိုင်ရေး ယှဉ်ပြိုင် အနိုင်ယူခဲ့ရပြီး ခမည်းတော်ကြီးမှာကား သားတော်၏ စွမ်းပကားကို ကြည့်ကာ ကြည်နူး ဝမ်းမြောက်လှသည်ဟု ပညာရှင်တို့ ဆိုကြ၏။


မင်းသားသည် သူ၏ နန်းတော်တွင် လို-တ-ရ ဘဝဖြင့် မင်းစည်းစိမ် အလယ်တွင် စံတော်မူနေခဲ့သည်။ ဘုရင် သုဒ္ဓေါဓန မင်းကြီး၏ အကြံအစီသည်လည်း ခုထိ ကောင်းနေဆဲ။ စီမံလုပ်ဆောင်ချက်သည်လည်း အစွမ်းပြ ထိရောက်နေဆဲပင်။ “ဤအတိုင်းသာ ဆိုလျှင်” ဟု တွေးကာ ခမည်းတော်ကြီးမှာ ကြိတ်၍ ဝမ်းသာနေ၏။

သို့သော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်း အပ်သော ပါရမီတော်တို့ကား သဗ္ဗညုတ ဉာဏ်တော်ကြီး အတွက် ဆိုသည်ကို မည်သူမျှ မသိကြ။ စိုက်ပျိုးထားအပ်သော ပန်းမာလ်တို့သည် အချိန်တန်လျှင် ပွင့်ကြရိုး၊ သီးပင်တို့သည် သီးကြရိုးပင်။ 

တစ်ခါသော် အပါးတော်မြဲ အမတ် ဆန္နကို ခေါ်တော်မူပြီး ဥယျာဉ်တော်သို့ ထွက်တော်မူ၏။ မထွက်ခင်ကပင် ခမည်းတော်ကြီးက သွားနိုင်ရာ လမ်းတစ်လျှောက် မြင်နိုင်ရာ အရပ်တိုင်းတွင် သန့်ရှင်း သပ်ရပ် လှပစေရန် လုပ်ဆောင်ခဲ့သည်သာ မက၊ သံဝေဂ ရစေနိုင်သည့် သူအို သူနာလို လူတွေကိုပင် ရှင်းလင်းထားခဲ့သည်။ အမြင်မတော်စေမည့် အရာမှန်သမျှကို ရှင်းလင်းစေခဲ့သည်။ သို့သော် မျှော်လင့်သလို ဖြစ်မလာခဲ့ပါချေ။

မင်းသားကား ခရီးစဉ်၏ တစ်ခုသော အရပ်တွင် “သူအို“ကို မြင်ခဲ့လေပြီ။ မမြင်စဖူး အမြင်တော်ထူးရကား ဆန္နအမတ်ကို မေးမြန်းရ၏။ အမတ်သည် အိုခြင်းသဘောကို ရှင်းလင်း လျှောက်ထားသည်။ အလောင်းတော် မင်းသားကား အိုခြင်း သဘောတရားကို လေးလေးနက်နက် စဉ်းစားမိကာ စိတ်နှလုံး တုန်လှုပ် ခြောက်ခြားသွားခဲ့ရလေပြီ။ ဘဝအဆက်ဆက်က ဖြည့်ဆည်း ထုံမွှမ်းအပ်သော ပါရမီတို့ဖြင့် ထောက်ကူထားသည့် သူ၏ သံဝေဂ ဉာဏ်တော်တွင် အိုခြင်းသဘောသည် ကွင်းကွင်း ကွက်ကွက်ကြီး ပေါ်လာတော့၏။ 

နောက်ခရီးစဉ် နှစ်ခုတွင် “သူနာ“နှင့် “သူသေ“တို့ကို မြင်ခဲ့ရပြန်လေရာ တုန်လှုပ် ချောက်ခြားသော စိတ်ထားတို့သည် ဖော်ပြ ပြောဆိုဖို့ ဝေါဟာရ အပိုင်းအခြား မဲ့သွားခဲ့လေပြီ။ ကြင်ယာတော်နှင့်လည်း မပျော်မွေ့၊ မောင်းမ မိဿံတို့၏ အက၊ အလှ၊ တေးဂီတတို့သည်လည်း နှစ်သက်စရာ မရှိ။ နန်းစည်းစိမ် တစ်ခုလုံးသည်ပင် သူအတွက် ဘာမျှ အဓိပ္ပါယ် မရှိတော့။ အရာရာသည် အနှစ် အသား မပါ၊ အကာ သက်သက်သာ ဖြစ်နေခဲ့တော့သည်။

နောက် တစ်ခေါက် ထွက်ကြွခဲ့သည့် ခရီးတွင်လည်း မမြင်စဖူး အမြင်ထူးကို ကြုံခဲ့ရပါသေး၏။ ဤ မမြင်စဖူး ထူးလှသည့် အာရုံသည် သူ၏ စိတ်တော်ကို ပြန်လည် လန်းဆန်းစေသည်။ တက်ကြွစေသည်။ ငြိမ်းချမ်းစေသည်။ ထို့အပြင် မျှော်လင့်ချက် ရောက်ခြည်လည်း တောက်ပစေပြန်ပါသည်။ ယင်းမြင်ကွင်းသည်ကား သစ်ပင်အောက်တွင် ငြိမ်သက် တည်ကြည်စွာ ထိုင်နေသည့် ရဟန်းတော် ဖြစ်၏။ 

ထိုမြင်ကွင်းက ပေးသည့် မျှော်လင့်ချက်အတိုင်းပင် သိဒ္ဓတ္ထမင်းသားသည် တစ်ခုသော ည၏ သန်းခေါင်ယာမ် လူခြေတိတ်ချိန်တွင် ဆန္နအမတ်ကို နောက်တော်ပါ အဖြစ် ခေါ်လျှက် ကဏ္ဍကမြင်းကို စီးကား တောထွက်တော်မူခဲ့သည်။ အချိန်ကောင်းကို ရွေးထွက်ခဲ့၍ နန်းတော်ရှိ လူအားလုံး တစ်ယောက်မျှ မသိကြ။ ဒုက္ခခပ်သိမ်း ကင်းပြတ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာ အတွက် နန်းစည်းးစိမ် တစ်ခုလုံးကို အလွယ်တကူပင် စွန့်ပစ်ခဲ့လေပြီ။ ချမ်းသာကြီးကြီး လိုချင်လျှင် ချမ်းသာသေးကို စွန့်ရမြဲ။ ထာဝရချမ်းသာကို လိုချင်လျှင် တဒင်္ဂချမ်းသာကို စွန့်ရမြဲ။ ယင်းအချိန်၌ နန်းစံသက် (၁၃)နှစ်၊ သက်တော် (၂၉) နှစ်သာ ရှိသေး၏။

အနောမာမြစ် တစ်ဖက်ကမ်းသို့ ရောက်သော် ကဏ္ဍကမြင်းနှင့် အမတ်တို့ကို ပြန်လွှတ်လိုက်သည်။ ရဟန်းအသွင်ယူကာ တရားစကျင့်၏။ ဂင်္ဂါမြစ်ဝှမ်း တစ်လျှောက် ကြွကာ ထိုခေတ်က နာမည်ကြီး ဆရာတို့ထံ နည်းခံကာ ကျင့်၏။ 

ပထမ ဆရာကြီးကား ကာလာမ အနွယ် အာဠာရ ရသေ့ကြီး ဖြစ်၏။ သူကား အာကိဉ္စညာယတနဈာန်ကို ရရှိထားသူပါတည်း။ တရားဓမ္မ သင်ကြားပေးရာတွင် ပါးစပ်လှုပ်ရုံမျှဖြင့် သိဒ္ဓတ္ထမင်းသားသည် ဆရာ သိထားသော တရားအားလုံးကို သိသွား၏။ သိရာတွင်လည်း ခိုင်ခိုင်မြဲမြဲ စွဲစွဲကြီးပင် သိ၏။ ခဏကျင့်ရုံမျှဖြင့် ဆရာ ရထားသည့် ဈာန်ကို ရရှိသွား၏။ ဆရာကို ပွင့်ပွင့်လင်းလင်း မေး၏။ ဆရာကလည်း ဤတရားသည် သူသိမြင်သည့် တရားဖြစ်ကြောင်း ရိုးသားစွာ ဖြေ၏။ နောက် သူနှင့် အဆင့်တူ ရာထူးပေးကာ တပည့်များကို အတူ အုပ်ချုပ်ရန် ကမ်းလှမ်းသည်။ အလောင်းတော်ကား လက်မခံ။ လိုချင်သည်မှာ ဤအရာ မဟုတ်ပါလေ။


ဤဆရာထံမှ ထွက်ပြီး ရာမ၏ သား ဥဒကထံ သွား၍ နည်းခံပြန်၏။ ရှေးနည်းအတိုင်းပင် သင်ပေးအပ်သည့် တရားကို လျှင်မြန် ထက်မြက် စူးရှလှသော ဉာဏ်တော်ဖြင့် တစ်ခဏချင်း သိရှိတတ်မြောက်၍ ဆရာ ရရှိထားသည့် နေဝသညာ နာသညာယတနဈာန်ကို ရရှိလေတော့၏။ ပွင့်ပွင့်လင်းလင်း မေးကြည့်လိုက်ပြန်တော့ ဤတရားသည် ဤ ဆရာကြီး သိထားသည့် အမြင့်ဆုံးသော တရားပင် ဖြစ်နေပြန်၏။

ဆရာကလည်း “သူသိတာကို အရှင် ဂေါတမ သိပြီး အရှင် ဂေါတမ သိတာကို သူသိပါကြောင်း” ဝန်ခံ ရှင်းပြသည်။ “ဤလို သီတင်းသုံးဖော်ကို ရခြင်းကား အရတော်လေစွ”ဟု ဝမ်းမြောက်လှသည်။ ဆရာ့အရာ၌ ထားပေးသည်။ သူ့ဂိုဏ်ကို ရှေ့ဆောင် ရှေ့ရွက်ပြုရန် ကမ်းလှမ်းသည်။ သို့သော် အလောင်းတော်ကား ကမ်းလှမ်းမှုကို ငြင်းပယ်ကာ သစ္စာရှာပုံတော် ခရီး ဆက်ထွက်ခဲ့သည်။ သစ္စာကို ထိုးထွင်း သိမှသာလျှင် ဒုက္ခအပေါင်းမှ ကင်းလွတ်ပြီး သန္တိသုခကို ရပေမည်။ 

ဥရုဝေလတောအုပ်သို့ ဝင်ရောက်ကာ ဒုက္ကရစရိယာ အကျင့်ကို ပြင်းပြင်း ထန်ထန် ကျင့်၏။ မည်သူမျှ တုနှိုင်းမမှီအောင် ကျင့်၏။ တောအုပ်ကား ကြီးလည်း ကြီးမားလှ၏။ နက်လည်း နက်လှ၏။ ခေါင်လည်း ခေါင်လှ၏။ အစပထမတွင် ဤလိုနေရာ၌ နေ၍ တရားကျင့်ရန်သော်လည်းကောင်း၊ ပျော်မွေ့နိုင်ရန်သော်လည်းကောင်း၊ တစ်ပါးတည်း သီတင်းသုံးရန်သော်လည်းကောင်း ခက်ခဲကြောင်းနှင့် လုံလောက်သည့် သမာဓိ မရှိက စိတ်ချောက်ခြားနိုင်ကြောင်း သတိယမိသေးသည်။ သို့သော် စင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့ ရှိသည့် အတွက် ထိုကဲ့သို့သော တော၌နေပြီး တရားကျင့်ရသည်ကို ချမ်းသာကြီးလှသည်ဟု မှတ်ယူတော်မူခဲ့သည်။ 

သို့သော် ခြောက်နှစ်ပတ်လုံး ကျင့်ပါလျှက်နှင့်ပင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို မရခဲ့။ မရခြင်းမှာ ကျင့်နည်းမှားနေသောကြောင့် ဖြစ်၏။ နောက်ဆုံးတွင် အစွန်းတစ်ဖက်သို့ ရောက်နေသော အတ္တကိလမထာနုယောဂ အကျင့်ကို ပယ်စွန့်တော်မူကာ မဇ္ဈိမပဋိပဒါအကျင့်ဖြင့် ကျင့်တော်မူလေရာ တစ်ခုသောနေ့၏ -


ညည့်ဦးယာမ်တွင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
သန်းခေါင်ယာမ်တွင် ဒိဗ္ဗစက္ခဉာဏ်
မိုးသောက်ယာမ်တွင် အာသဝက္ခယဉာဏ်တို့ကို ရတော်မူကာ လောကသုံးပါး အလယ်တွင် ဘုရားစင်စစ် ထင်ရှားစွာ ဖြစ်ထွန်း ပွင့်ပေါ်လာပါတော့သည်။
ယင်းနေ့ကား မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါသတည်း။

ဤဆောင်းပါးဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ (Vesak Day)ကို ရိုသေ လေးမြတ် ကြည်ညိုစွာ ပူဇော်ပါသည်။

May 8, 2011

သားသား မီးမီးတို့ အတွက် လက်ဆောင် (၂)

၀၉၊ ၀၃၊ ၂၀၁၁ နေ့က Tabata Prince က Bone Nyan ဖေ့စ်ဘွတ်ခ် အကောင့်မှာ တက်ဂ် လုပ်လာတာလေးကို ဘာသာပြန်ပေးလိုက် ပါတယ်။ သူက Jim Rogers ရဲ့ A Gift To My Children (A Father's Lessons for Life and Investing) မှ အခန်း (၂) ကို ဆက်ပြီး တက်ဂ်လုပ်လာပါတယ်။ (အခန်း ၁ ကို မတ်လ ၂၆ ရက်နေ့က ဘာသာပြန် ဖော်ပြပြီးခဲ့ပါပြီ)။

စာလာဖတ်သူတွေ စာ အပြောင်းအလဲ ဖတ်စေချင်တာရယ်၊ အလုပ် နည်းနည်း ရှုပ်နေလို့ အသစ် မရေးအားတာရယ်ကြောင့် ဒီမှာ ဆက်တင်လိုက်ပါတယ်။ ဓမ္မစာစု အတွက်သာ လာဖတ်တာ ဆိုလျှင်တော့ ဒီပို့စ်အတွက် ဒီမှာတင် ရပ်လို့ ရပါပြီလို့ အားနားစွာ ပြောပါရစေ။ နောက်ပို့စ်တွေ ရောက်မှပဲ ဓမ္မစာတွေ ဆက်ဖတ်ကြတာပေါ့။

ကျေးဇူးတင်ပါတယ်။ 

သမီးရဲ့ အယူအဆတွေကို တစ်စုံတစ်ယောက်က ရယ်သွမ်းသွေးတယ် ဆိုရင် အဲဒါကို အောင်မြင်နိုင်ခြေရှိတဲ့ သင်္ကေတအဖြစ် မှတ်ယူလိုက်ပါ။
သမီးရဲ့ အနီးအနားက လူတွေက အရေးယူ ဆောင်ရွက်မှု နည်းလမ်းတစ်ခုကို အားမပေးဘူး ဆိုရင် ဒါမှမဟုတ် သမီး လုပ်ကိုင်မည့် အရာကို ရယ်သွမ်းသွေးကြတယ်ဆိုလျှင် အဲဒါကို အောင်မြင်နိုင်ခြေရှိတဲ့ သင်္ကေတအဖြစ် မှတ်ယူလိုက်ပါ။ ဒါကို သမီး နားလည်ဖို့ အရေးကြီးတယ်။ အမှန်ကတော့ အများလုပ်တာကို လိုက်လုပ်ရုံလေးနှင့် ကိုယ်ပိုင် အောင်မြင်မှုရခဲ့တဲ့ လူဆိုတာ တစ်ယောက်မှ မရှိသေးဘူးကွဲ့။ ဥပမာအဖြစ် တရုတ်ပြည်ကိုပဲ ကြည့်ကြပါစို့ကွယ်။ တရုပ်ပြည်ဟာ ရင်းနှီးမြှုပ်နှံသင့်တဲ့ တိုင်းပြည် မဟုတ်ဘူးလို့ လူတွေက ပြောလေ့ရှိပြီး  တကယ်လည်း ဘယ်သူကမှ အဲဒီမှာ ရင်းနှီးမြှုပ်နှံဖို့ အားမထုတ်ကြဘူး။ ဒါပေမယ်လို့ အဲဒီတုန်းကသာ တစ်ယောက်ယောက်က ငွေ စိုက်ထည့်ခဲ့မယ်ဆိုရင် ခုလောက်ဆို သူတို့တွေဟာ ငွေတွေ အများကြီး ရပြီးကြရောပေါ့။   

၁၉၈၀ ပြည့်နှစ်တွေမှာ တရုတ်ပြည်ဟာ တကယ် အလားအလာ ရှိတယ်လို့ ဖေဖေ သဘောပေါက် နားလည်ခဲ့ပြီး ပါဝင်ခဲ့တယ်။ အဒီတုန်းက ဖေဖေ့နားက လူတွေက “ဟေး ဂျင်၊ တရုပ်ပြည်က ပြဿနာ များလွန်းပါတယ်။ ဘာလို့ ပါရတာလဲ” လို့ ပြောကြတယ်။ ဖေဖေ လုပ်နေခဲ့တာတွေက စိတ်မမှန်လို့ လုပ်တာလို့ လူအများစုက ပြောကြတယ်။ ဒါပေမဲ့ သူတို့ပြောတာကို ဖေဖေ နားမထောင်ခဲ့ပါဘူး။ အဲဒီအစား ဖေဖေ့ ဘဝပေးအသိနောက်ကိုပဲ လိုက်လုပ်ခဲ့တယ်။ ကုမ္မဏီအမျိုးမျိုးနှင့် ပတ်သက်တဲ့ ရနိုင်သမျှသော အထောက်အထားတွေကို လေ့လာခဲ့တယ်။ တကယ်တော့ ကိုယ်တိုင် သုတေသနလုပ်ဖို့ နေရာမျိုးစုံကို သွားကြည့်ခဲ့တယ်။ ဖြစ်ချင်တော့ တရုတ်ပြည်တွင်းမှာ လူပေါင်း ၁. ၃ သန်း အလုပ်လုပ်နေကြပြီး သူတို့ ရင်းနှီးမြှုပ်နှံလေ့ ရှိတဲ့ စုဆောင်းနှုန်းက သူတို့ ဝင်ငွေရဲ့ ၃၅ % လောက် ရှိတယ်လေ။ ဒီလို နိုင်ငံမျိုးက ဘာလို့ မတိုးတက်ရမှာလဲ။ အထင်ကြီးလောက်တဲ့ ဂျပန်က ၂၀% ဆိုတဲ့ စုဆောင်းငွေနှုန်းထက်တောင် ပိုများလိုက်သေး။

 မတူတာကတာ့ အမေရိကန်ပြည်ထောင်စုကို ကြည့်ပါ။ ဒီတိုင်းပြည်မှာ ငွေစုဆောင်းနှုန်းက ဖေဖေ ပထမဆုံး ကမ္ဘာလှည့်ခရီး သွားခဲ့စဉ် ၁၉၉၀ ခုနှစ် တစ်ဝိုက်က ၄% လေးပဲ ရှိခဲ့တာ။ ပြီးတော့ ၂% အထိကို ကျဆင်းသွားခဲ့တယ်။ ပြီးတော့ အမေရိကန် ပြည်ထောင်စုဟာ အကြီးအကျယ် ဘဏ္ဍာရေး လိုငွေပြမှု ရှိပါတယ်။ လူတွေက တရုတ်ပြည်က စွန့်စားလွန်းရာ ကျပါတယ်လို့ တစ်လွဲ စိတ်ကူးပေါက်တဲ့ သာမန် အသိနောက် လိုက်နေကြစဉ် ဖေဖေကတော့ ကိုယ်ပိုင် ဘဝပေးအသိနောက် လိုက်ပြီး တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တယ်။ တရုတ်ရဲ့ တိုးတက်ကြီးထွားမှုက အမေရိကထက် အများကြီး သာလွန်သွားပါပြီ။

သမီးဟာ သမီးပဲဖြစ်ပါစေ။
နယ်ပယ်စုံမှာ အောင်မြင်ပြီး ဖြစ်တဲ့ လူတိုင်းကို ကြည့်ကြည့်လိုက်စမ်းပါ။ သူတို့တွေဟာ အနုပညာရှင်တွေပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂီတသမားတွေပဲဖြစ်ဖြစ် ဒါမှမဟုတ်လဲ သူတို့ အသက်မွေး ဝမ်းကျောင်း အလုပ်က ဘာပဲ ဖြစ်ပါစေ၊ သူများတွေကို ပုံတူကူးချပြီး အောင်မြင်မှု ရတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူများ လုပ်တာကို ပုံတူကူးချလို့ အောင်မြင်တဲ့သူ တစ်ယောက်တစ်လေများ ရှိလို့လား။

ဆိုနီကိုပဲ စဉ်းစားကြည့်လိုက်စမ်း။ သူတို့ဟာ မတူတာကို အမြဲလုပ်ပြီးတော့ တစ်ခြား ကုမ္ပဏီတွေထက် ထူးခြားပေါ်လွင်နေတယ်။ သမီး သိပါတယ်ကွာ၊ သူများတွေ လက်ရှောင်တဲ့ ဆုံးဖြတ်ချက်ကို ချဖို့ ဒါမှမဟုတ် တာဝန်ယူဖို့ဆိုတာ သတ္တိရော စိတ်အားထက်သန်မှုပါ လိုတယ်ဆိုတာကိုလေ။ ရဲရင့်ပြီး အခြား ဘယ်သူမှ လိုက်မလာမည့် လမ်းကို လျှောက်ရဲသူများဆီကိုသာ အောင်မြင်မှုက လာတတ်တယ် ဆိုတာကို သတိယနော်။ ဒါကြောင့် ဆိုနီဟာ အဓိက စီးပွားရေး လုပ်ငန်းကြီး ဖြစ်နေတာပေါ့။

 ဖေဖေကတော့လေ သမီးကို အဲဒီလိုမျိုး သတ္တိနှင့် ကိုယ့် ဆန္ဒတွေ၊ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကြိုးစားစေချင်တာပဲ။ သမီးရဲ့ ဖေဖေဟာ ရင်းနှီးမြှုပ်နှံသူ တစ်ဦးအဖြစ် အောင်မြင်တာ သက်သက်ကြောင့် သမီးဟာလဲ ရင်းနှီးမြှုပ်နှံသူ တစ်ဦးပဲ ဖြစ်ရမယ်လို့ မဆိုလိုဘူးကွဲ့။ သမီးဟာ ဖေဖေ မဟုတ်လို့ ဖေဖေ့ ပုံတူကိုယ်ပွား ဖြစ်ဖို့ မလိုပါဘူးကွာ။ ဒါပေမဲ့ သမီးကို ဖေဖေ လုပ်စေချင်တာက စစ်မှန်တဲ့ ကိုယ်ပိုင်ဖြစ်ပြီး တစ်မူထူးခြားတဲ့ သမီးကိုယ်တိုင်ပဲ ဖြစ်ဖို့ပဲကွဲ့။

ချစ်သမီးလေးရေ … သမီး တစ်နေ့ထက် တစ်နေ့ အရွယ်ရောက်ရောက်လာလို့ အကြံပေးစကားကတော့ ဖေဖေ ဆက်ဆိုနေဦးမယ်။ သမီးရဲ့ ထင်မြင်ယူဆချက်ကို ဆန့်ကျင်ဟန်တူမယ့် အချိန်တွေ ဆိုတာလဲ ရှိနိုင်တာပဲ။ ဒါပေမဲ့ ဖေဖေဟာ သမီးရဲ့ ဖေဖေ ဖြစ်တာကြောင့်နှင့်တော့ ဖေဖေ ပြောတာ အားလုံးကို လက်ခံဖို့ မလိုပါဘူး။ ဖေဖေက သမီးကို အများနှင့်မတူ တစ်မူထူးခြားပြီး အမှီအခိုကင်းတဲ့ သမီးအဖြစ် ရှုမြင်ထားတာလေ။ အခြား လူတွေက သမီးဟာ ဆုံးဖြတ်လုပ်ကိုင်ဖို့ ငယ်လွန်းတယ်လို့ ထင်လျှင်တောင်မှ မှန်တာကို ဆုံးဖြတ်ဖို့ သမီးရဲ့ ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အသုံးပြုသမျှ ကာလပတ်လုံး သမီးလုပ်ချင်တာကို လုပ်ပါ။

ဒါပေမဲ့ သမီး မှန်တယ် ထင်တာကို လိုက်မလုပ်ခင် အရင်ဆုံး သမီးရဲ့ အိမ်စာ လုပ်ဖို့ ဝီရိယ စိုက်စေချင် တယ်။ ရနိုင်သမျှသော ရင်းမြစ်တွေ အားလုံးကို လေ့လာပြီး သမီးကိုယ် သမီး ပညာတတ်အောင် လုပ်ပါ။ ရလာတဲ့ အရင်းအမြစ်တွေကို သတိကြီးကြီး ထားပြီး ခွဲခြမ်း စိတ်ဖြာပါ။ ပြီးတော့ သမီးမှန်တယ် ထင်တာဟာ အမှန်တကယ်လည်း မှန်တာပဲဆိုတာ သေချာအောင် ကျကျနန လုပ်ဆောင်ပါ။ ဒါကို အရင်ဆုံး မလုပ်ပဲ အရေးယူ လုပ်ဆောင်တာမျိုး မလုပ်ပါနဲ့။ မအောင်မြင်တဲ့ လူတွေဟာ သူတို့ နားတောင် မလည်တဲ့အရာ၊ သူတို့ လေ့လာမှု မပြုမည့် အရာတွေကို ဝင်လုပ်နေကြတယ်လေ။ ဒါဟာ တန်ဖိုးရှိလှတဲ့ အချိန်နှင့် ငွေတွေကို သူတို့တွေ ဆုံးရှုံးနေပုံပဲကွဲ့။

 နောက်ဆုံးအနေနှင့် သမီးလိုက်လုပ်ဖို့ မျှော်လင့်တာ တစ်ခုတော့ ရှိပါတယ်။ သမားရိုးကျ အသိမျိုး၊ အစဉ်အလာ ဉာဏ်ပညာမျိုးနှင့် အခြေခိုင်နေတယ်ဆိုတဲ့ အယူအဆမျိုးတွေကို သမီးလေး စိတ်မဝင်စားနှင့် နော်။ ဒါပေမဲ့ မရှိလျှင် လူ့ အဖွဲ့အစည်း ရပ်တည်လို့ မရနိုင်တဲ့ စည်းကမ်းတွေ၊ ကျင့်ဝတ်တွေကိုတော့ မျှော်လင့်လည်း မျှော်လင့်ပါ။ လိုက်လည်း လိုက်နာပါ။ ဒါက လေးစားထိုက်သူတိုင်းကို ယုံကြည်မျှော်လင့်ထားတဲ့ အရာကွဲ့။ ဒါက နေနည်း ထိုင်နည်း အမှန်ဖြစ်ရုံမျှ မက။ ဂုဏ်သရေရှိ လူတွေဟာ ဥပဒေဆိုင်ရာ ပြဿနာတွေကို ဘယ်သောအခါမှ ပူပန်စရာ မလိုတော့တဲ့ အပြင်  ရေရှည်မှာ သူတို့တွေက အမြဲပဲ ထိပ်တန်းကို ရောက်လာတော့တာပဲကွဲ့။

ပုံကို http://en.wikipedia.org/wiki/Gift မှ ယူပါတယ်။
ဘုန်းဉာဏ်

May 2, 2011

ဒီကမ္ဘာကြီးထဲက ထွက်ခွါသွားဖို့ ဘာကြောင့် ခက်ခဲရပါသလဲ

သေခြင်းတရားဆိုတာ လူအများစုအတွက် မလိုလားအပ်တဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒုက္ခတွေ တစ်လှေကြီး ဖြစ်ပင်ဖြစ်လင့်ကစား ကျေနပ်နှစ်သက်ဖွယ်ရာ တဏှာတွေ ဗလပွနှင့်အတူ အသက်ရှင် ရပ်တည်ရတဲ့ အလုပ်ကတော့ ဘယ်သောအခါမှ ပြီးဆုံးသွားတယ် ဆိုတာ မရှိပါဘူး။ သေခြင်းတရား တည်းဟူသော အစစ်အမှန်တရားနှင့် နေရတာထက် ပျော်ရွှင်မှုသုခ တည်းဟူသော လှည့်စားမှုတွင်သာ သက်တောင့်သက်သာရှိသည်ဟု ထင်နေကြတယ်။ သူတို့တွေ သေခြင်းတရားအကြောင်းသာ လုံးဝ စဉ်းစားကြရမည် ဆိုလျှင်တော့ မိုးကုန်ခါနီးမှ ထွန်ရေးချရသလို ဖြစ်ပါလိမ့်မည်။ 

လောကီဘဝကို တပ်မက်ငြိတွယ်မှုက သေခြင်းတရားကို ကြောက်ရွံ့စိုးရိမ်မှုကို ဖန်တီးပါတယ်။ သို့သော်လည်း သစ္စာတရားကတော့ ဘဝမှန်သမျှ ဒုက္ခမျှသာ ဖြစ်ပါတယ်။ သေခြင်းတရား ဆိုတာ သဘာဝတရားဖြစ်သည့် အပြင် ရှောင်လွှဲလို့လည်း မရပါဘူး။ သေခြင်းတရားဟာ တွေးကြည့်တာရဲ့ တဝက်တောင်မှ ကြောက်လန့်စရာ မကောင်းပါဘူး။ သေခြင်းတရားရဲ့ အာရုံပုံရိပ်တွေကို ဖန်တီးပြီး ဖုံးအုပ်ထားဖို့ စိတ်မှာ စွမ်းရည်ရှိပါတယ်။ အကြောင်းကတော့ ရေနစ်တော့မည့် လူဟာ ကောက်ရိုးလေး တစ်မျှင်ကိုတောင် ဆွဲကိုင် ဖက်တွယ်ထားမှာ ဖြစ်သလို ဘဝကို မမြဲခြင်း၊ ကျေနပ်နှစ်သက်ဖွယ်ရာ မရှိခြင်း တရားတွေနှင့် လေ့ကျင့်ပေးမထားတဲ့ စိတ်ဟာ စိတ်လှည့်စားမှု အာရုံတွေကို ကပ်ငြိ စွဲကိုင်ထားတော့တာ ပါပဲ။ 

ဒီလို ကပ်ငြိမှုဟာ ဘဝကို မျှော်လင့်ချက် မရှိတော့ပြီလို့ ထင်ရတဲ့ အခါမှာတော့ ခွင့်လွှတ်တော်မူပါကြောင်းနှင့် ကောင်းကင်ဘုံမှာ နေရာလေး ပေးသနားတော် မူပါမည့်အကြောင်း စိတ်ကူးထဲက အနန္တတန်ခိုးတော်ရှင်ကို ထက်ထက်သန်သန်ကြီး ဆုတောင်းနေသူတွေ အတွက်ပင် စိုးရိမ်ပူပန်မှုကို ဖြစ်စေပါတယ်။ သေခြင်းတရားကို ကြောက်ရွံ့မှုဟာ အတ္တကို အလိုလို ထိန်းသိမ်းထားမှုရဲ့ သရုပ်သကန်ဆိုတာ အမှန်ပါပဲ။ သို့သော်လည်း အဲဒီ ကြောက်ရွံ့မှုကို အောင်နိုင်ရေး နည်းလမ်းရှိပါတယ်။ နောက်ဘဝမှာ မျှော်လင့်ချက်နှင့် ယုံကြည်ချက် ရရှိဖို့ ကိုယ်ကျိုးမဖက် အများကျိုးအတွက် ဆောင်ရွက်ပါ။ ပရဟိတအလုပ်က အတ္တနှင့် ပတ်သက်တဲ့ တွယ်တာမှု မှန်သမျှကို နှုတ်ပယ်ပစ်တတ်ပါတယ်။

စိတ်ဖြူစင်သန့်ရှင်းမှုနှင့် လောကီဥစ္စာတွေကို တွယ်တာမှုကင်းခြင်းက ဒီလောကမှ ပျော်ပျော်ကြီး ထွက်ခွါသွားဖို့ သေချာစေပါလိမ့်မည်။ အဲဒါကတော့ ဘဝရဲ့ မမြဲခြင်းသဘောကို နားလည် သဘောပေါက်ဖို့ သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပွားများမှုနှင့် သေခြင်းတရားကို ကြောက်ရွံ့စေတတ်သော မှားယွင်းသည့် ဘဝနေနည်းကို အမှန်ပြုပြင်ပေးတတ်သည့် ဉာဏ်ပညာ ဖြစ်ပါတယ်။ ဘဝရဲ့ ရှောင်လွှဲမရသည့် မကောင်းသည့်အချက်များနှင့် အမှန်တရားများကို ရင်ဆိုင်ဖို့ စိတ်အားသတ္တိမြှင့်ပါ။ လက်တွေ့မကျသည့် ရည်မှန်းချက်များကို ရှောင်ပါ။ မိမိကိုယ်ကိုယ် ယုံကြည်ကိုးစားမှုကို ကြီးထွားအောင်လုပ်ပါ။ အဲဒီလို လုပ်လျှင် ဘဝ၏ အခက်အခဲများကို ပိုမို လွယ်ကူ သက်သာစွာ အောင်မြင် ကျော်လွှားနိုင်ပါလိမ့်မည်။

(ဤတွင် ဆရာတော် Ven. K. Sri Dhammananda ၏  How to Overcome Your Difficulties စာအုပ်ငယ်ကို ဘာသာပြန် တင်ပြသော “အခက်အခဲများ အောင်မြင် ကျော်လွှားနည်း” ပို့စ်များ ပြီးဆုံးပါပြီ။)

နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ။
ဘုန်းဉာဏ်