Pages

Mar 26, 2011

သားသား မီးမီးတို့ အတွက် လက်ဆောင်

 ၀၈၊ ၀၃၊ ၂၀၁၀ နေ့က Tabata Prince က Bone Nyan ဖေ့စ်ဘွတ်ခ် အကောင့်မှာ တက်ဂ် လုပ်လာတာလေးကို ဘာသာပြန်ပေးလိုက် ပါတယ်။ သူက (၉)ရက်နေ့မှာ နောက် တစ်ပိုင်း ပို့သေးတယ်။ အဲဒီ အပိုင်း နှစ်တော့ ဖတ်မကြည့်ဖြစ်သေးဘူး။ အချိန်ရရင် ဖတ်ကြည့်ပြီး ဘာသာပြန်ပါ့မယ်။ တက်ဂ် လုပ်လာတဲ့ Tabata Prince ကို ကျေးဇူး တင်ပါတယ်။

ဘုန်းဉာဏ်

အဲဒီလိုလေး အမှာစာလိုလို ရေးပြီး သူ့ဆီပြန်ပို့ပေးလိုက်တယ်။ ဘုန်းဉာဏ်ရဲ့ ဘလော့ဂ်မှာတော့ မတင်ဖြစ်ခဲ့သေးပါဘူး။ ဓမ္မနှင့် မပတ်သက်လို့ပါ။ သူက Jim Rogers ရဲ့ A Gift To My Children (A Father's Lessons for Life and Investing) မှ အခန်း (၁) ကို တက်ဂ်လုပ်လာတာကိုး။ ခုတော့ စာလာဖတ်သူတွေ စာ အပြောင်းအလဲ ဖတ်စေချင်တာကြောင့် ဒီမှာ တင်ကြည့်လိုက်ပါတယ်။ ဓမ္မစာစု အတွက်သာ လာဖတ်တာ ဆိုရင်တော့ ဒီပို့စ်အတွက် ဒီမှာတင် ရပ်လို့ ရပါပြီ။ နောက်ပို့စ်တွေ ရောက်မှပဲ ဓမ္မစာတွေ ဆက်ဖတ်ကြတာပေါ့။

ကျေးဇူးတင်ပါတယ်။ 

ဘယ်သူ့ကိုမှ ကိုယ့်အပေါ် လွှမ်းမိုးခွင့် မပြုနဲ့
ချစ်သမီးရေ … ဒါကတော့ သမီးရဲ့ ဘဝနှင့် ရင်းနှီးမြှုပ်နှံမှုမှာ အောင်မြင်အောင် ကူညီဖို့ သမီးအတွက် ဖေဖေရဲ့ အမှာစကားပါ။ သမီးလေး ကြီးလာရင် ဒီစကားတွေကို သတိယနော်။ သမီးရဲ့ ဖေဖေဟာ ရင်းနှီးမြှုပ်နှံသူ တစ်ဦးပါ။ သူဟာ ငွေရအောင် လုပ်ရတာတွေ အကုန်လုံးကို အပြင်းအထန် လေ့လာ လုပ်ကိုင်ခဲ့ရတဲ့ လူ တစ်ယောက် ဖြစ်ပြီး အသက် ၃၇ နှစ်နှစ်မှာ အနားယူနိုင်ခဲ့တဲ့ လူလေ။ ဒါပေမဲ့ အတွေ့အကြုံတွေကနေ ဖေဖေ လေ့လာသင်ယူခဲ့တာတွေကို သမီးနှင့် မျှဝေချင်ပါတယ်။ 

ဖေဖေဟာ တောမြို့လေးတစ်မြို့က ဆင်းရဲသား ကလေး တစ်ယောက်ပါ။ ဖေဖေ လိုချင်တာ အားလုံးက စိတ်ကြိုက်လုပ်ပိုင်ခွင့် ရဖို့ လုံလောက်တဲ့ ငွေပဲကွဲ့။ ဖေဖေ အသက် ငါးနှစ်သားမှာ ဖေဖေရဲ့ ပထမဆုံး အလုပ်ကို စလုပ်ခဲ့တယ်။ နောက်ဆုံးတော့ ဖေဖေ ဝေါ စတရိကို သွားခဲ့တယ်လေ။ အကြောင်းကတော့ ငွေရှာဖို့ အကောင်းဆုံး အခွင့်အရေးက အဲဒီမှာပဲ ရှိတာလို့ ဖေဖေ သဘောပေါက်လို့မို့ပါ။ ဖေဖေဟာ အလုပ် လုပ်စရာ မလိုပဲ ကမ္ဘာ့ ဘယ်နေရာကို မဆို သွားနိုင်ဖို့ ဥစ္စာဓန အလုံအလောက် စုဆောင်းပြီးတော့တာမို့ အနားယူလို့ ရခဲ့ပါတယ်။

ကလေးကတည်းကိုက အောင်အောင်မြင်မြင် လုပ်ရတာကို ဖေဖေက ပျော်မွေ့တာ။ ဒါပေမဲ့ အခုတော့ ကမ္ဘာကြီးမှာ တစ်ခြားအရာထက် ပိုမို ပျော်ရွှင်စေတာက ဖေဖေရဲ့ ချစ်သမီးလေးပဲကွဲ့။ ပြီးတော့ သမီးရဲ့ ဘဝကို အောင်အောင် မြင်မြင် နေထိုင်နိုင်ဖို့ အရေးကြီးတာတွေကို သမီးကို ဖေဖေ ရှင်းပြချင်တယ်လေ။

ကိုယ်ပိုင်ဉာဏ်ကို သုံးပါ
ဖေဖေ ပထမဆုံး ပြောပြချင်တဲ့ အချက်ကတော့ သမီးအတွက် သမီး စဉ်းစားပြီး သမီးကို လွှမ်းမိုးခွင့် ဘယ်သူ့ကိုမှ မပေးဖို့ပဲ။ ဘဝမှာ အလွန်အမင်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမဲ့ အချိန်တွေဆိုတာ ရှိလာမှာပဲ။ သမီးကသာ တောင်းခံခဲ့လျှင် သမီးကို အကြံဉာဏ်ပေးမဲ့ လူတွေ အများကြီး ရှိမှာပဲ။ သမီးအတွက် အကောင်းဆုံး အကျိုးရှိစေမဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ အရည်အသွေးကောင်းတွေနှင့် သမီး မွေးဖွားလာတယ်၊ နောက်ပြီးတော့ သမီး နေထိုင်နေတာဟာ သမီးရဲ့ ဘဝဖြစ်ပြီး တခြား ဘယ်သူ့ဘဝမှ မဟုတ်ဘူး ဆိုတာကို သတိရပါ။ တစ်စုံ တစ်ယောက်ရဲ့ အကြံဉာဏ်က လုံးလုံးကို သုံးမရဘူး ဆိုတာ တွေ့ရတဲ့ အချိန်တွေဆိုတာလည်း ရှိလာမှာပဲ။ အဲဒီအခါကျရင် လေးနက်သေချာစွာ လေ့လာမှု ပြုဖို့၊ ကိုယ်တစ်ယောက်တည်း တွေးတော စဉ်းစားဖို့နှင့် ကိုယ်တစ်ယောက်တည်း မှန်တာကို ဆုံဖြတ်ချက် ချမှတ်ဖို့ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကိစ္စ အများစုမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး မှန်ကန်တဲ့ အရေးယူ ဆောင်ရွက်မှုကို သမီး လုပ်ဆောင်ပါလိမ့်မယ်။ ဒါဟာ ကိုယ့်ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခြားတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နောက် လိုက်လုပ်တာထက် ပိုကောင်းတယ်ကွဲ့။

အရင်တုန်းက ဖေဖေဟာ ကိုယ်ပိုင်ထက် သူများရဲ့ ထင်မြင်ယူဆချက်တွေပေါ် အခြေခံပြီး အချို့ ရင်းနှီးမြှပ်နှံမှုတွေကို လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီ ရင်းနှီးမြှပ်နှံမှုတိုင်းဟာ အရှုံးနှင့်ချည်းပဲ ထူးထူးဆန်းဆန်း အဆုံးသတ်သွားခဲ့တယ်။ ပြီးတော့ ဖေဖေလည်း အချိန်တိုင်း အရှုံးတွေကို ခံစားခဲ့ရတယ်လေ။ ဒါကြောင့် ဖေဖေဟာ ကိုယ့်ကိုယ်ကို အခြားသူတွေရဲ့ လွှမ်းမိုး သြဇာပေးခံတာကို ရပ်ပစ်လိုက်ပြီး ကိုယ်ကိုယ်တိုင် ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လုပ်ဆောင်ခဲ့တယ်။ အဆုံးမှာတော့ ဒါဟာ ပိုကောင်းတဲ့ ချဉ်းကပ်နည်းပဲလို့ သဘောပေါက် နားလည်တဲ့ အချိန်မှာ ဖေဖေဟာ အသက် ၃၀ ကျော်ပါပြီ။ ဒါပေမဲ့လေ၊ အသိ နောက်ကျလွန်းလိုက်တာကွာလို့ တစ်ခါမှ မတွေးပဲ အဲဒီ စဉ်းမျဉ်းဥပဒေသပေါ်မှာပဲ အခြေပြု လုပ်ဆောင်ခဲ့တာကြောင့် ဖေဖေ အောင်မြင်မှု ဆုလာဘ်တွေ ရခဲ့တယ်ဆိုတာ ဖေဖေ သိပါတယ်။

(အကြောင်းသင့်လျှင် အခန်း (၂) ကို ဆက်ပါဦးမည်။) 

 ပုံကို http://en.wikipedia.org/wiki/Gift မှ ယူပါတယ်။
ဘုန်းဉာဏ်

Mar 25, 2011

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁၃)

မူးယစ်ဆေးသုံးစွဲခြင်းနှင့် အရက်သောက်ခြင်းရဲ့ အန္တရာယ်
အရက်ကို လူသားရဲ့ ကိုယ်ကာယရော စာရိတ္တပါ ပျက်စီး နိမ့်ကျခြင်းရဲ့ အဓိက အကြောင်းတွေ အနက် တစ်ခုဖြစ်တယ်လို့ ဖော်ပြပြီးကြပါပြီ။ ခုတစ်လော ပိုမို ကြောက်မက်ဖွယ်ရာကောင်းတဲ့ အလွဲသုံးစား ပြုမှုတစ်ခုကတော့ အန္တရာယ်ကြီးတဲ့ မူးယစ်ဆေး သုံးစွဲခြင်းပါပဲ။ အထူးသဖြင့် ဘိန်းဖြူဟာ ဆိုးရွားတဲ့ လူသားဆိုင်ရာနှင့် လူမှုရေး ပြဿနာကို အများကြီး ဖန်တီးခဲ့ပါပြီ။ ဒီပြဿနာက အခု ကမ္ဘာအနှံ့ ဖြစ်နေပါတယ်။ မူးယစ်ဆေး သုံးစွဲခြင်းရဲ့ ဆိုးကျိုးတွေက အရက်ရဲ့ ဆိုးကျိုးတွေထက် ပိုမိုဆိုးရွားလှပြီး အသက် ဆုံးရှုံးစေနိုင်ပါတယ်။ ခိုးမှု၊ လုယက်မှု၊ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများနှင့် ငွေအမြောက်အများ လိမ်လည်မှုတွေဟာ မူးယစ်ဆေး သုံခြင်းရဲ့ ဆိုးကျိုးတွေကြောင့် ဖြစ်နေရတာပါ။

သေမင်းတမန် ကုန်သည်များ အဖြစ်နှင့်တင် မရောင့်ရဲနိုင်တဲ့ မူးယစ်ရာဇာတွေဟာ အားနည်းချိနဲ့တဲ့ အစိုးရတွေကို အကျင့်ပျက် ခြစားမှု၊ လာဘ်ပေး လာဘ်ယူမှု၊ အဖျက်အမှောင့် လုပ်ရပ်နှင့် ဗုံးနှင့် တိုက်ခိုက်ပြီး ထိန်ချုပ်းဖို့တောင် ကြိုးစားကြပါတယ်။ ပြည်သူ့ရေးရာ မူဝါဒဖြစ်ရကား အစိုးရတွေဟာ ၄င်းတို့ရဲ့ တိုင်းသူ ပြည်သားများကို မူးယစ်ဆေး သုံးစွဲခြင်းမှ ကာကွယ်ပေးရပေမည်။ သို့သော်လည်း မူးယစ်ရာဇာများကတော့ ၄င်းတို့ရဲ့ ရက်စက်ဆိုးယုတ်လှတဲ့ စီမံကိန်းများနှင့် အတူ လူ့ အဖွဲ့အစည်းရဲ့ တကယ့် အခြေခံဖြစ်တဲ့ လူ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်နေကြပါပြီ။ အမှားအမှန် ခွဲခြားသိတတ်တဲ့ စိတ်ရဲ့ ပြောခွင့်ရသူတွေနှင့် သူတို့တွေရဲ့ မိသားစုတွေဟာ မူးယစ်ရာဇာတွေရဲ့ ဥပဒေမဲ့ လမ်းကြောင်းကို ဖြတ်ကျော်ရဲတဲ့ အတွက်ကြောင့် အမြဲမပြတ် အသက်အန္တရာယ်နှင့် ကြုံနေရပါတယ်။ 

ဒီမကောင်းမှုကို လုံးဝချုပ်ငြိမ်းအောင် လုပ်ဖို့ အပြည်ပြည်ဆိုင်ရာရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိပဲ နိုင်ငံအများအပြားရဲ့ စွမ်းအားတွေနှင့် အနာဂတ်တွေကတော့ စင်စစ် အားရဖွယ်ရာ မရှိပါဘူး။ ပင်ပင်ပန်းပန်း လုပ်လို့ ရလာတဲ့ မရေမတွက်နိုင်တဲ့ ဒေါ်လာ သန်းပေါင်းများစွာကို မူးယစ်ဆေးစွဲသူတွေကို ၄င်းတို့ရဲ့ ဆိုးရွားတဲ့ အကျင့်ကို ကူညီ ဖယ်ရှားပစ်ဖို့ သုံးစွဲနေပေမယ့်လည်း ဒေါသဖြစ်စရာ ပေါ်ပင်ခေတ်စားနေတဲ့ အရာကတော့ မလျှော့တမ်း ပေကပ်နေလေရဲ့။ တတ်နိုင်တဲ့ နည်းလမ်းနှင့် ကူညီဖို့၊ အလွန်ဆိုးရွားလှတဲ့ ဒီအန္တရာယ်ကို အမြစ်ပြတ် ချေမှုန်းဖို့နှင့် ကျွန်ုပ်တို့ရဲ့ သားသမီးတွေကို မူးယစ်ဆေးဝါးနှင့် လက်တစ်ကမ်းကို မရောက်အောင် တားမြစ်ဖို့ဟာ ကျွန်ုပ်တို့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

မူယစ်ဆေးစွဲသူ သို့မဟုတ် သေသောက်ကြူး တစ်ယောက်အဖြစ် အသက်ရှင်ရတဲ့ ဘဝဟာ ဆင်းရဲဒုက္ခ ကြီးလှတဲ့ ဘဝဖြစ်ပြီး ကမ္ဘမြေပေါ်က ငရဲလည်း ဖြစ်ပါတယ်။ ထို့အပြင် ဘဝကြွေလွင့်မှုလည်း စောစေပါတယ်။

အရက်သောက်ခြင်း
အရက်သောက်ခြင်းသည်
ကျိုးကြောင်း ဆင်ခြင်ဉာဏ်ကို ထုပ်ပယ်ပစ်တတ်၏။
မှတ်ဉာဏ်ကို ဖုံးလွှမ်းနှစ်မြုပ်တတ်၏။
ဦးနှောက်ကို ဖျက်ဆီးတတ်၏။
စွမ်းအားကို ဆုတ်ယုတ်စေတတ်၏။
သွေး ဆူစေတတ်၏။
ကုစားမရနိုင်သည့် ကိုယ်တွင်း ကိုယ်ပ ဒဏ်ရာများကို ဖြစ်စေတတ်၏။

အရက်သောက်ခြင်းသည် -
ခန္ဓာကိုယ်အတွက် စုန်းမ တစ်ကောင်ဖြစ်ပြီး၊
စိတ်အတွက် နတ်ဆိုးတစ်ကောင် ဖြစ်ကာ
ပိုက်ဆံအိပ်အတွက် သူခိုးတစ်ယောက်ဖြစ်၏။
သူတောင်းစား၏ ကျိန်စာ၊
ဇနီးသည်၏ ရန်သူ
သားငယ် သမီးငယ်တို့၏ သောက၊
တိရစ္ဆာန်ကြီး၏ ပုံပန်းနှင့်
မိမိကိုယ်မိမိ အဆုံးစီရင်မှုဖြစ်၏။

သေသောက်ကြူးကား အခြားသူများ၏ ကျန်းမာရေးကို သောက်သုံးပစ်ပြီး
သူ့ကျန်းမာရေးကိုလည်း သူကိုယ်တိုင် လုယူပါသည်။

လူသားများ ဖြစ်ကြသည့်အားလျော်စွာ မကောင်းမှုနှင့် ကောင်းမှုကို ခွဲခြားတတ်ဖို့ မိမိကိုယ်ကိုယ် စောင့်စည်းမှု ရှိသင့်ပါသည်။ မူယစ်ဆေး သုံးစွဲခြင်းနှင့် သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ပြီး အခြားသူများကိုလည်း ထိုကဲ့သို ဖြစ်အောင် ကူညီပါ။ ထိုသို့ လုပ်ဆောင်ခြင်းကား လူ့လောကအတွက် အကြီးဆုံးသော အကူအညီ ဖြစ်ပါလိမ့်မည်။

Ven. K. Sri Dhammananda ၏ “How to Overcome Your Difficulties” စာအုပ်ငယ်မှ “The Menace of Drug Abuse & Alcoholism” ကို ဘာသာပြန်ပါသည်။ 

ဘုန်းဉာဏ်

Mar 24, 2011

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁၂)

မေတ္တာ
သင့်ရဲ့ ကရုဏာစကားလေးတွေနှင့် နှစ်သိမ့်ပေးလို့ ရတဲ့သူ တစ်စုံတစ်ယောက် ရှိသမျှ ကာလပတ်လုံး၊ သင့်ရဲ့ ကရုဏာစကားလေးတွေနှင့် သက်ဝင်လှုပ်ရှားစေလို့ ရတဲ့သူ တစ်စုံတစ်ယောက် ရှိသမျှ ကာလ ပတ်လုံး၊ သင့်ရဲ့ တည်ရှိနေမှုနှင့် ပျော်ရွှင်အောင် လုပ်ပေးလို့ ရတဲ့သူ တစ်စုံတစ်ယောက် ရှိသမျှ ကာလပတ်လုံး၊ သင့်ရဲ့ လောကီပိုင်ဆိုင်မှုတွေနှင့် ကူညီပေးလို့ ရတဲ့သူ တစ်စုံတစ်ယောက် ရှိသမျှ ကာလပတ်လုံး၊ အဲဒီပေးဆပ်မှုက ဘယ်လောက်ပဲ သေးငယ်သေးငယ်၊ သင်ဟာ လူ့အဖွဲ့အစည်းရဲ့ အဖိုးတန် လူတစ်ယောက်ပါ။ သင်ဟာ စိတ်ပျက်အားလျှော့ခြင်း ဒါမှမဟုတ်ရင် စိတ်ဓာတ်ကျခြင်း အလျှင်း မဖြစ်သင့်ပါဘူး။

သင် ချစ်မြတ်နိုးရသူတွေက သင့်ကို ဂရုမစိုက်တဲ့ အချိန်ဆိုတာ ရှိကောင်းရှိမှာပါ။ ပြီးတော့ စိတ်နှလုံး လေးလန်သင့်တဲ့ အခါလည်း ရှိကောင်း ရှိမှာပါပဲ။ ဒါပေမယ့် စိတ်မချမ်းမသာ စိတ်ဓာတ်ကျစရာဖြစ်လို့ ကျရတာပါလို့ ကျိုးကြောင်းပြစရာတော့ မရှိပါဘူး။ သင့်ရဲ့ ဘဝတူ လူတွေအပေါ် အကြင်နာ မေတ္တာ အပြည့်ရှိနေသမျှ ကာလပတ်လုံး ဘယ်အရာကများ အရေးပါနေသေးလို့လဲ။ မိမိရဲ့ ပျော်ရွှင်ကျေနပ်မှုအတွက် သူတစ်ပါးတွေ အပေါ်မှာ မှီခိုအားထားမှု မပြုသင့်ပါဘူး။  ဘဝမှာ ကျေနပ်မှု ရဖို့ အခြားသူများထံကနေ မျှော်လင့်သူဟာ ထမင်းစားရဖို့ သူများထံမှာ ဒူးထောက်ပြီး ငိုတတ်တဲ့ သူတောင်းစားထက်ပင် ပိုဆိုးပါတယ်။
 

Mar 16, 2011

ထာဝရဘုရား (ဂေါ့ဒ်)၊ ဗုဒ္ဓဘာသာနှင့် ဆူနာမီ


၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု
(တစ်နေ့က ဖေ့စ်ဘွတ်မှာ စာရေးသူကို  ဒကာတော် ဝိမုတ္တိသုခက  တက်ဂ် တစ်ခု လုပ်လာပါတယ်။ အဲဒါက Shravasti Dhammika ရဲ့ God, Buddhism and the Tsunami ဆိုတဲ့ ဆောင်းပါးပါ။ Shravasti Dhammika ရဲ့ 'Good Question and Good Answer'  စာအုပ်ကို ချမ်းမြေ့ဆရာတော်က ဘာသာပြန်ပြီး စာအုပ် ထုပ်ဝေဘူးပါတယ်။ (နာမည် အတိအကျ မမှတ်မိပါဘူး။) ဒါကြောင့် သူ့ကို မြန်မာ ဗုဒ္ဓဘာသာဝင်တွေ သိကြပါတယ်။ အခု အထက်ဖော်ပြ ခေါင်းစီးပါ စာကို ဘာသာပြန်ပြီး တင်လိုက်ပါတယ်။)

မှတ်မိနေသမျှထဲမှာ အကြီးဆုံး သဘာဝ ကပ်ဘေးဆိုးကြီး ဖြစ်တဲ့ လတ်တလော ဆူနာမီက အတ္တရှာပုံတော်ကြီး လုပ်ဆောင်စေခဲ့တယ်။ ထာဝရဘုရားသခင် (ဂေါ့ဒ်)နှင့် ဘာသာရေးယုံကြည်မှု ရှာဖွေမှုမျိုး လုပ်ဆောင်စေဖို့လို့ ပြောဖို့ မဟုတ်ပါဘူး။ လူတွေဟာ ကပ်ဆိုးကြီးကို သူတို့ ဘာသာရေး ယုံကြည်ချက်များနှင့် ဆက်စပ်ပတ်သက်ပြီး ကြိုးစားရှင်းပြကြတယ်။ စင်္ကာပူနိုင်ငံထုတ် အင်္ဂလိပ်သတင်းစာ အများအပြားက ဒီကိစ္စနှင့်ပတ်သက်ပြီး ဆောင်းပါးများနှင့် ပေးစာ အများအပြားကို ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါတယ်။ အခုအထိတော့ ခရစ်ယန် အမြင်တွေပဲ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကို ဗုဒ္ဓဘာသာ ရှုဒေါင့်ကနေ ကျွန်ုပ် ရေးသားလိုပါတယ်။ ဒီ ပြဿနာနှင့် ပတ်သက်လို့ အမြင် နှစ်ရပ် ရှိပါတယ်။ ပထမတစ်ခုက ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးတွေကို ဘာသာတရားတွေက ဘယ်လို တုန့်ပြန်ခဲ့ကြတယ် ဆိုတာကိုပါ။ ဒီသဘောနှင့် ဆိုရင်တော့ ကမ္ဘာ့ဘာသာတရားတွေဟာ အများကြီး တူနေတာကို တွေ့ရပါတယ်။ ဟိန္ဒူ၊ မူဆလင်၊ ခရစ်ယန်၊ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့ဟာ သူတို့တွေရဲ့ ဘာသာရေး ဆက်သွယ် ပေါင်းစည်းမှုကို ထည့်တွက်မနေပဲ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ သူတို့တွေရဲ့ နှစ်လုံးသားတွေကိုရော ပိုက်ဆံအိပ်တွေကိုပါ ဖွင့်ထားကြပါတယ်။ ဗုဒ္ဓဘာသာက မူဆလင်တွေကို ကူညီ၊ မူဆလင်က ခရစ်ယန်ကို ကူညီ၊ ခရစ်ယန်က ဟိန္ဒူကို ကူညီနှင့်ပေါ့။

ဒုတိယအမြင်ကတော့ ဘာသာတရားတွေက ဆူနာမီကို ဘယ်လို ရှင်းလင်းပြကြသလဲ ဆိုတာပါ။ ဒီသဘောနှင့်ဆိုရင်တော့ ဘာသာတရား အသီးသီးကြားမှာ သဘောတူညီတာက အနည်းငယ်ပဲ ရှိပါတယ်။ ဇန်နဝါရီ (၁)ရက်နေ့ထုတ် စထရိတ် တိုင်းမ် သတင်းစာမှာ အင်ဒီ ဟို (Andy Ho)က “ဆူနာမီဖြစ်တဲ့ အချိန်မှာ ဂေါ့ဒ် ဘယ်ရောက်နေခဲ့သလဲ” ဆိုတဲ့ ဆောင်းပါးတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဇန်နဝါရီ (၉)ရက်နေ့မှာတော့ အဲဒီသတင်းစာမှာ တန် တားန် (Tan Tarn) ရေးတဲ့ ‘Evil? No Way, Come Hell and High Water’ ဆိုတဲ့ ဆောင်းပါးတစ်စောင် ပါလာခဲ့ပါတယ်။ စာရေးသူ နှစ်ယောက်လုံးက ဆူနာမီလို သဘာဝဘေးဆိုးကြီးတွေက ကရုဏာရှင် ထာဝရဘုရားသခင် ရှိတယ်ဆိုတဲ့ အယူအပေါ်မှာ သံသယပွားစေကြောင်း ပြောကြပါတယ်။ ဒီနည်းနှင့် သူတို့တွေဟာ လူတွေ ဂေါ့ဒ်ကို စတင် ယုံကြည်ကြကတည်းကိုက တည်ရှိလာခဲ့တဲ့ သဘာဝကျတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သံသယတွေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ သံသယတွေကို တင်ပြကြပါတယ်။ အက်ဒ်မွန် ချူးက ဇန်နဝါရီ (၂၉) ရက်နေ့ထုတ် စထရိ တိုင်းမှာ ဟိုနှင့် တာန်တို့ မေးထားတဲ့ မေးခွန်းတွေကို ကြိုးစားဖြေထားပြီး ဂေါ့ဒ်က ဘာကြောင့် ဆူနာမီ ဖြစ်ခွင့်ပြုရသလဲ ဆိုတာနှင့် ပတ်သက်တဲ့ ရှင်းလင်းချက် ပေးပါတယ်။

ချူးရဲ့ ရှင်းလင်းချက်က ရိုးရိုးလေးပါပဲ။ ဂေါ့ဒ်က မကောင်းမှုကို ဘာကြောင့် ခွင့်ပြုတာလဲ ဆိုတာရဲ့ ရိုးစင်းတဲ့ အကြောင်းပြချက်က မကောင်းမှုကို ခွင့်မပြုခဲ့ရင် ကောင်းမှုအများအပြား ပျောက်ကွယ်သွားမှာပေါ့ ဆိုတာပဲ ဖြစ်ပါတယ်။ သူ့အမြင်ကို ထောက်ကူပေးဖို့ သောမတ်စ် အကွိုင့်နတ်စ်ရဲ့ “မကောင်းမှု မရှိလျှင် ဘုရားသခင်လည်း မရှိ၊ အကြောင်းကတော့ ကောင်းမှု အစုစုကို ယူဆောင်သွားခဲ့မယ်ဆိုလျှင် မကောင်းမှုလည်း ရှိမှာ မဟုတ်တော့လို့ပါ။ …” နောက်ထပ် တစ်ဖန် “ဂေါ့ဒ်က မကောင်းမှု တည်ရှိခွင့် မပေးလျှင် ကောင်းမှုတွေလည်း ယူဆောင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ၊ လေဓာတ် မဖောက်ပြန်ခဲ့လျှင် မီးဓာတ် ဖြစ်ပေါ်မည် မဟုတ်၊ မြည်းသတ္တဝါကို မသတ်လျှင် ခြင်္သေ့၏ အသက်လည်း ရှိတော့လိမ့်မည် မဟုတ်”ဆိုတာကို သူက  ကိုးကားထားပါတယ်။

ကျွန်ုပ်ကတော့ ချူးရဲ့ ဆွေးနွေးမှုကို ဗုဒ္ဓဘာသာ ရှုဒေါင့်ကနေ ဆန်းစစ်ကြည့်လိုပါတယ်။ ချူးရဲ့ ရှင်းလင်းချက်ကို ဖတ်ပြီးနောက် စိတ်ထဲ အရင်ဆုံး ဝင်လာတာကတော့ သူ့ရှင်းချက်က ဂေါ့ဒ်ဟာ ဉာဏ်ပညာရှိတယ်၊ မေတ္တာတရား ရှိပြီး တကယ့် နတ်ဘုရားဖြစ်တယ်ဆိုတဲ့ အယူအဆနှင့် အကြီးအကျယ် ဆန့်ကျင်နေပုံ ပေါ်တယ်။ မကောင်းမှု (ဥပမာ သေဆုံးမှု ၊ ဆူနာမီနှင့် ပတ်သက်တဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှု)က ကျွန်ုပ်တို့ကို ကရုဏာတရား၊ စိုးရိမ်ပူပန်မှုနှင့် စေတနာကောင်းတွေကို ထုတ်ဖော်ပြသခွင့် ပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လဲ ဒါကို လုပ်ဖို့အတွက် ဂေါ့ဒ်ဟာ ရက်စက်မှုနည်းတဲ့ နည်းလမ်းကို မစဉ်းစားနိုင်ဘူးလား။ အခြားတစ်ယောက် ကောင်းမှု လုပ်ခွင့် ရဖို့အတွက် တစ်ယောက်သောသူမှာ ထိခိုက် ခံစားရတယ် ဆိုတာ တရားမျှတပါရဲ့လား။ ချူးရဲ့ ဆွေးနွေးမှုကို ယုတ္တိရှိတဲ့ ကောက်ချက်အဖြစ် ယူဆမယ်ဆိုရင် အဲဒါက ဘယ်လို ပြဿနာရှိတယ်ဆိုတာကို စတင်ကြည့်ရပါလိမ့်မယ်။ အဲဒီယုတ္တိကိုပဲ သုံးပြီးတော့ ကင်ဆာရောဂါဟာ ဆရာဝန်တွေကို ဆေးကုသဖို့ အခွင့်အရေးပေးတဲ့အတွက် ကောင်းတယ်လို့ ပြောရမလိုပါပဲ။ ဥပဒေနှင့်အညီ နေထိုင်တဲ့ ပြည်သူတွေပါလို့ အဓိပ္ပါယ် ဖွင့်ဆိုလို့ ရအောင် ရာဇဝတ်ကောင်တွေကို ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အားပေးသင့်တယ်လို့ ပြောရမလိုပါပဲ။ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းနိုင်စေဖို့ ကျွန်ုပ်တို့တွေက မကြာခဏ စစ်ပွဲ ဆင်နွှဲသင့်ပါတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။

တတိယ ပြဿနာအဖြစ်နှင့်ရော၊ ချူးရဲ့ ရှင်းလင်းချက်မှာ အကြီးဆုံး ပြဿနာပါ ဖြစ်ကောင်း ဖြစ်နိုင်တာက ကောင်းမှုကို မကောင်းမှုကို တုန့်ပြန်ဖို့ ဒါမှမဟုတ် မကောင်းမှုနှင့် နှိုင်းယှဉ်ဖို့မျှလောက်အထိ နိမ့်တဲ့ အနေအထား ရောက်အောင် လျှော့ချလိုက်တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ဦးအတွက်တော့ ကောင်းဖို့အတွက်ဖြစ်စေ၊ ကောင်းမြတ်ခြင်းကို နားလည်ဖို့ အတွက်ဖြစ်စေ သို့မဟုတ် ကောင်းအောင်ကြိုးစားဖို့ အတွက်ဖြစ်စေ မကောင်းမှု မလိုအပ်ပါဘူး။ တစ်ခါတစ်ရံတော့ မကောင်းတာက ကောင်းတာကို လုပ်ဖို့ တိုက်တွန်း နှိုးဆွပေးနိုင်ပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ကျွန်ုပ်ကို ပိုကောင်းစေတာက ကောင်မြတ်မှုရဲ့ အလှအပတရားနှင့် ပျော်ရွှင်ဝမ်းမြောက်ရမှုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်ကို ပိုကောင်းမြတ်အောင် ကြိုးစားစေတာက ဟစ်တလာ သို့မဟုတ် ပိုလ် ပေါ့အကြောင်း ဖတ်ခြင်း မဟုတ်ပါဘူး။ သူတို့အကြောင်း ဖတ်တာထက် ပိုမိုမြင့်မြတ်တဲ့ ကောင်းမြတ်မှုကို ကျင့်သုံးဖို့ ကျွန်ုပ်ကို နှိုးဆွပေးတာက ဗုဒ္ဓ၊ ဂန္ဓီ သို့မဟုတ် မာသာ ထရီဆာတို့ပါ။ အချုပ်ပြောရရင်တော့ ကောင်းမြတ်မှုကို သိဖို့အတွက်ဖြစ်စေ၊ ကောင်းတာလုပ်ဖို့အတွက်ဖြစ်စေ မကောင်းမှု မလိုအပ်ပါဘူး။ ဒါ့ကြောင့် ဘာကြောင့် ထာဝရဘုရားက မကောင်းဆိုးဝါးမှုကို ဖြင့်ခွင့်ပြုတာလဲဆိုတာနှင့် ပတ်သက်တဲ့ ချူးရဲ့ ရှင်းလင်းချက်က ယုံကြည်လက်ခံနိုင်စရာ မရှိပါဘူး။

ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် စထရိတ် တိုင်းမ် သတင်းစာပါ အခြား ပေးစာတစ်စောင်မှာတော့ အန်သနီ ယို (Anthony Yeo) က ဆူနာမီဟာ “လူသားတွေအတွက် ဂေါ့ဒ်ရဲ့ အော်လန်” ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီစကားရပ်ဖြင့် “ကျွန်ုပ်တို့တွေ ကမ္ဘာကြီးကို ဂရုစိုက်ကြဖို့နှင့် ညီညီညွတ်ညွတ် နေထိုင်ဖို့ လိုတယ်လို့ ကျွန်ုပ်တို့တွေကို ပြောဖို့ ဂေါ့ဒ်က ကြိုးစားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ယိုက ဆိုလိုတာပါ။ သူဟာ မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ အလားတူ ကန့်ကွက်မှုမျိုး ရှိတုန်းပါပဲ။ မေတ္တာတရား ထားပါတယ်ဆိုတဲ့ နတ်ဘုရားက သူ့ရဲ့ သတင်းစကား ဖြန့်ဖို့ ထိတ်လန့် တုန်လှုပ် ချောက်ချားမှုနည်းပြီး ပျက်စီးမှုလည်း လျှော့နည်းတဲ့ နည်းလမ်းတစ်ခု တစ်လေကိုများ မစဉ်းစားတတ်ခဲ့လေသလား။ အာရှတိုက် ကမ်းခြေအစိတ်အပိုင်းကြီးကို ပျက်စီးစေတာဟာ ကမ္ဘာကြီးကို ဂရုစိုက်သင့်တယ်လို့ လူသားတွေကို ပြောဖို့ရာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါရဲ့လားလို့လည်း တစ်စုံတစ်ယောက်က မေးနိုင်ပါတယ်။

 ရိုးစင်းပြီး နားလည်လွယ်တဲ့ မေးခွန်းနှစ်ခုကို မေးပြီးတော့ ဒီ ရှုပ်ထွေးလှတဲ့ ငြင်းခုံ ဆွေးနွေးချက်များနှင့် ရှင်းလင်းချက်တွေကို ဖြတ်ထုတ်ပစ်လို့ ရတယ်လို့ ကျွန်တော် အမှန်တကယ် တွေးမိပါတယ်။ “ဆူနာမီ ဖြစ်တော့မယ်လို့ သိပြီး သင့်မှာလည်း အဲဒါကို ရပ်ပစ်ဖို့ တန်ခိုးစွမ်းအား ရှိမယ်ဆိုရင် သင် ရပ်ပစ်လိုက်မှာလား။” စာနာမှု တစ်စိုးတစ်စိရှိတဲ့ လူတိုင်းတောင်မှ “ရပ်ပစ်မယ်ဗျာ“လို့ ပြောလိမ့်မယ်ဆိုတာ ကျွန်တော် သံသယ မရှိပါဘူး။ ဒီကနေ ဆက်လိုက်လာတဲ့ သိသာထင်ရှားတဲ့ မေးခွန်းက “ဒီလိုဆိုရင် ဂေါ့ဒ်ဟာ ဘာကြောင့် ရပ်မပစ်ရတာပါလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို တစ်ဦးတစ်ယောက်က ဘယ်လို ဖြေသလဲဆိုတာကတော့ သူ့ဘာသာတရားက ဘာလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ ဒါမှမဟုတ်လဲ သူ့မှာ ကိုးကွယ်ရာ ဘာသာတရား ရှိ မရှိအပေါ် မူတည်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာကတော့ ဒီမေးခွန်းအတွက် ရိုးရှင်းပြီး နားလည်ရ လွယ်တဲ့ အဖြေ၊ ရှုပ်ထွေး ခက်ခဲတဲ့ ဘာသာရေး ယုံကြည်မှုဆိုင်ရာ ငြင်းခုံမှုတွေလည်း မလိုအပ်တဲ့ အဖြေရှိတယ်လို့ လူအများအပြားက ပြောကြပါလိမ့်မယ်။ အဲဒီအဖြေကတော့ “ဂေါ့ဒ်ဆိုတာ မရှိတဲ့အတွက်ကြောင့်”ပါ။


၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု

ဒီလိုဆိုရင် ဆူနာမီလို သဘာဝကပ်ဘေးတွေကို ဗုဒ္ဓဘာသာက ဘယ်လို ရှင်းပြပါသလဲ။ အဲဒီ အဓိပ္ပါယ်မျိုးနှင့်ဆို ရှင်းပြစရာ မရှိပါဘူး။ ကျွန်ုပ်တို့ကို ကြိုးစား ရှင်းပြစေတာက အားလုံးကို သိမြင်တော်မူတဲ့၊ အားလုံးကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့၊ တန်ခိုးတော် အနန္တရှိတဲ့ ဂေါ့ဒ်ကို ယုံကြည်မှုနှင့် ဒီ ယုံကြည်မှုနှင့် ဆန့်ကျင်ဟန်တူတဲ့ သက်သေအထောက်အထားတွေကို အရေးမပါလေဟန်၊ မလေးနက်လေဟန် လုပ်တဲ့ ဂေါ့ဒ်ကို ယုံကြည်သက်ဝင်မှုပါပဲ။ ဂေါ့ဒ်ကိုသာ စိတ်ကူးပုံထဲက ထုတ်ပစ်ကြည့်လိုက်မယ်ဆိုရင် အဖြေက သိပ်ကို ရှင်းပါတယ်။ စကြာဝဠာကြီးက ပြင်ပ အလို ဆန္ဒတွေကို မလိုက်နာပါဘူး။ စကြာဝဠာကြီးက ကျွန်ုပ်တို့တွေနှင့် ကျွန်ုပ်တို့ရဲ့ ဆုတောင်းတွေကို ဂရုမပြုပါဘူး။ ကမ္ဘာမြေကြီးရဲ့ တင်းမာတဲ့ မျက်နှာပြင်လွှာပြားကြီးတွေဟာ ရွေ့လျှားနေတတ်ပြီး တစ်ခါတစ်ရံမှာတော့ ပျက်စီးမှုတွေကို ဖြစ်စေတဲ့ နည်းမျိုးနှင့် ရွေ့လျှားတတ်ပါတယ်။ မိုးတွေ ရွာတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မိုးတွေ အရမ်းကာရော ရွာလွန်းတတ်သလို တစ်ခါတစ်ရံမှာတော့ ရေ မလုံမလောက် ရွာတတ်ပြီး လူသားတွေကို ဆင်းရဲဒုက္ခ ဖြစ်စေတတ်ပါတယ်။ ဗက်တီးရီးယားပိုးလိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အဲဒါတွေက ကျွန်ုပ်တို့တွေရဲ့ ခန္ဓာကိုယ်ထဲမှာ အခြေတည်လာပြီး ရောဂါ ရစေတတ်ပါတယ်။ 

ကျွန်ုပ်တို့ဟာ စွမ်းအားကြီးမားလှတဲ့ စကြာဝဠာကြီးထဲမှာ နေထိုင်ကြပြီး တစ်ခါတစ်ရံ ဖြစ်ပျက်တာတွေက ကျွန်ုပ်တို့ အကျိုးစီးပွားအတွက် ဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ ထိခိုက်နစ်နာမှု ဖြစ်တတ်ပါတယ်။ ဒါဟာ ကမ္ဘာကြီး ဖြစ်တည်ပုံ ဖြစ်တည်နည်းပါပဲ။ ဗုဒ္ဓဘာသာကတော့ ဒါဟာ ဘာကြောင့် အဲဒီလို ဖြစ်တာလဲဆိုတာကို ရှင်းပြမှုနှင့် မပတ်သက်ပါဘူး။ ဗုဒ္ဓဘာသာကတော့ စကြာဝဠာဟာ ဒုက္ခတရား (the universe is dukkha) ဖြစ်တယ်လို့ ရိုးရိုး အဓိပ္ပါယ်ရှိတဲ့ အဆိုကိုပဲ ပေးပါတယ်။ တစ်ခါတစ်ရံတော့ ကျွန်ုပ်တို့ရဲ့ အိပ်မက်တွေ၊ အလို ဆန္ဒတွေနှင့် အကွဲကွဲ အလွဲလွဲပေါ့။ ဗုဒ္ဓဘာသာ အလေးထားတာက ကျွန်ုပ်တို့ရဲ့ လိုအင်ဆန္ဒတွေကို ပြုပြင် မွမ်းမံပြောင်းလဲဖို့ သင်ကြားပေးရေးပါပဲ။ ဒါမှလဲ ဖြစ်ပျက်နေတာတွေနှင့် ပဋိပက္ခဖြစ်ရမှု နည်းပါးစေနိုင်မယ်လေ။ ဖြစ်ပျက်နေတာတွေနှင့် ပဋိပက္ခဖြစ်ရတဲ့အခါမှာလည်း ဘယ်လို တည်တည်ငြိမ်ငြိမ် ရှိရမယ်၊ ဘယ်လို ရောင့်ရဲရမယ်ဆိုတာ သင်ပြဖို့ပဲ ဖြစ်ပါတယ်။

(မူရင်းကြည့်လိုပါက http://sdhammika.blogspot.com/2008/06/recent-tsunami-greatest-natural.html)

ပုံများကို http://www.bbc.co.uk/news/world-asia-pacific-12763625 မှ ကူးယူပြီး ဖြည့်စွက် တင်ပြထားပါသည်။

ဘုန်းဉာဏ်

Mar 13, 2011

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁၁)

မကောင်းမှုကို ကောင်းမှုနှင့် အစားထိုးခြင်း
သင့်ရဲ့ ရန်သူတွေကို ဖယ်ရှား ရှင်းပစ်ချင်တယ်ဆိုလျှင် သင့်ထဲမှာရှိတဲ့ အကြီးဆုံး ရန်သူဖြစ်တဲ့ ဒေါသကို ပထမဆုံး သတ်ပစ်ရမည်။ သင်၏ ရန်သူများက အာရုံနှောက်တာကို သင် တုန်လှုပ်ချောက်ချားနေလျှင် သင်သည် ရန်သူ့ထောင်ချောက်ထဲကို အမှတ်တမဲ့ ဝင်ရောက်သွားခြင်းအားဖြင့် ရန်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးနေရာ ရောက်ပါတယ်။

သင့်ကို ချီးမွမ်းထောမနာပြုတဲ့လူ၊ ကူညီတဲ့လူ၊ ပြီးတော့ သင်နှင့် နီးနီးကပ်ကပ် ပေါင်းသင်းဆက်ဆံတဲ့လူတွေဆီမှသာ လေ့လာသင်ယူနိုင်တယ်လို့ မထင်ပါနဲ့။ သင့်ရန်သူများထံမှလည်း အရာများစွာကို လေ့လာသင်ယူလို့ ရပါတယ်။ သင့် ရန်သူတွေ ဖြစ်တာကြောင့်မျှတော့ သူတို့တွေဟာ လုံးဝဥဿုံ မှားတယ်လို့ မတွေးလိုက်ပါနဲ့။ သူတို့မှာလည်း ကောင်းတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်နေနိုင်တာပါပဲ။

မကောင်းမှုကို မကောင်းမှုနှင့် တုန့်ပြန်ခြင်းအားဖြင့် သင့် ရန်သူတွေကို သင် ဖယ်ရှားမပစ်နိုင်ပါဘူး။ ဒီနည်းနှင့်တော့ ရန်သူပွားအောင် လုပ်ရာသာ ရောက်ပါလိမ့်မယ်။ သင့် ရန်သူများကို အောင်နိုင်ဖို့ အကောင်းဆုံးနည်းကတော့ ကရုဏာနှင့်ယှဉ်တဲ့ မေတ္တာတရားကို သူတို့အပေါ်မှာ ပွားများပေးဖို့ပါပဲ။ ဒီလိုလုပ်တာဟာ မဖြစ်နိုင်ပါဘူး ဒါမှမဟုတ် အဓိပ္ပါယ် တစ်စုံတရာ မရှိဘူးလို့ သင် ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းဟာ ယဉ်ကျေးတဲ့ လူတိုင်းရဲ့ ပွဲတွေ့နည်းပဲ ဖြစ်ပါတယ်။ သင့်ကို အလွန် ဒေါသထွက်နေတဲ့ လူ တစ်စုံတစ်ယောက် ရှိတယ်လို့ သိရတဲ့အခါ အရင်ဆုံး အဓိက အကြောင်းကို ကြိုးစား ရှာဖွေသင့်တယ်။ သင့်အမှားကြောင့် ဖြစ်ရတယ်ဆိုလျှင် အဲဒါကို ဝန်ခံသင့်ပြီး သူ့ကို တောင်းပန်ဖို့ရာ တွန့်ဆုတ်မနေပါနဲ့။ အဲဒီလို စိတ်ဆိုးတာဟာ သင်တို့နှစ်ယောက်ကြားမှာ တစ်စုံတစ်ရာသော နားလည်းမှုလွဲမှားခြင်းကြောင့် ဖြစ်တယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး သူ့ကို အမြင်ရှင်းစေရပါမယ်။

မနာလိုမှုကြောင့် ဖြစ်တယ်ဆိုလျှင်တော့ ကရုဏာနှင့်ယှဉ်တဲ့ မေတ္တာကိုသာ ကြိုးစား ပွားများပါလေ။ မေတ္တာဓာတ်များဖြင့် အောင်မြင်နိုင်ပါသည်။ အဲဒီမေတ္တာဓာတ်က ဘယ်လို အလုပ်လုပ်တာပါလိမ့်လို့ သင် နားလည်နိုင်စွမ်း ရှိချင်မှ ရှိမှာပါ။ ဒါပေမဲ့ လူပေါင်းများစွာရဲ့ အတွေ့အကြုံတွေက ဒီနည်းဟာ စွမ်းအား အကြီးမားဆုံး၊ ပညာသား အပါဆုံးနှင့် အလွယ်ကူဆုံးနည်းဖြစ်ကြောင်း ပြသပြီး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကလည်း ဒါကို ကောင်းကောင်းကြီး ထောက်ခံထားပါတယ်။ ဒါကို လုပ်ဖို့ကတော့ ယုံကြည်မှုနှင့် သင့်ကိုသင် စိတ်ရှည်မှုကတော့ ရှိကို ရှိရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကို လုပ်ခြင်းအားဖြင့် သင်ဟာ သင့် ရန်သူကို သူမှားကြောင်း နားလည်အောင် စွမ်းဆောင်နိုင်ပါလိမ့်မည်။ ထို့အပြင် ရန်လိုမှုကို သင့်နှလုံးသားမှာ ဝင်ခွင့်မပေးတဲ့အတွက် သင်လည်း နည်းပေါင်းများစွာဖြင့် အကျိုးခံစားရမှာ ဖြစ်ပါတယ်။