Pages

Jan 20, 2011

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၄)


ကောင်းမွန်တဲ့ ပတ်ဝန်းကျင်
သင့်ကို ရည်ရွယ်သည့် အခံရခက်သည့် ပြက်လုံးများနှင့် မှတ်ချက်များကို ဟာသကောင်းလေး များဖြင့် လမ်းကြောင်းလွှဲပေးသင့်သည်။ ဒီလို လမ်းလွှဲပေးတတ်ခြင်းက လူတိုင်း၏ မလိုမုန်းထားစိတ်ကို ရှောင်ရှားဖို့ရာ နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ ကစားနေစဉ် ခေါင်းအေးအေး မထားနိုင်တော့ဘူး ဆိုပါက သင့်ကိုပင် ထိတ်ထိတ်ပြာပြာ ဖြစ်စေပါလိမ့်မည်။ နိုင်ရမည့်ပွဲကို သင် လက်လွှတ်လိုက်ရပါလိမ့်မယ်။ ဒါက ပွဲကြည့်နေသူများကိုပင် ပွဲ၏ အရသာကို ဖျက်ဆီးပစ်လိုက်ပါလိမ့်မယ်။

ဤလောကရှိ လူတိုင်းကို သင်တွေးသလို တွေးအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုလုပ်ဖို့ ဆိုတာ တွေးတောင် မတွေးသင့်တဲ့ အရာပါ။ လူတိုင်းသာ သင်တွေးသလို တွေးကြမယ်ဆိုရင် ကမ္ဘာကြီးဟာ မကြာခင်ပဲ ကြံစည် တွေးခေါ်မှုတွေ ကုန်ဆုံးကုန်တော့မှာပေါ့။

လူတစ်ယောက် မှားယွင်းနေရင် ပြင်ပေးဖို့ရာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းနှင့် အများရှေ့မှာ ကြိမ်းမောင်းခြင်းအားဖြင့် သူ့ကို ပြုပြင်ပေးရာ မရောက်ပဲ အရှက်ခွဲနေရာ ရောက်ပါလိမ့်မယ်။ ပစ်တင် ဝေဖန်ခြင်းအားဖြင့် သေချာတာ တစ်ခုကတော့ ရန်သူများအောင် လုပ်ခြင်းပါပဲ။ တစ်ဦးတစ်ယောက် အတွက် စိုးရိမ်ပူပန်မှုကို ကြင်နာ နွေးထွေးတဲ့ စကားလုံးလေးတွေနှင့် သင်က ပြသနိုင်ရင် တစ်နေ့နေ့မှာ အဲဒီအတွက် သင့်ကို သူ ကျေးဇူးတင်ပါလိမ့်မယ်။

ဘယ်ကိစ္စရပ်ပေါ်မှာပဲ ဖြစ်ဖြစ် သင့်ရဲ့ အမြင်ကို ထုပ်ဖော် ပြောဆိုရတဲ့ အခါတိုင်း ကြမ်းတမ်းတဲ့ စကာားလုံတွေ ဒါမှမဟုတ် နှစ်လို သာယာဖွယ် မရှိတဲ့ စကားလုံးတွေကို ဘယ်သောအခါမှ မသုံးပါလေနှင့်။ လူမှုဆက်ဆံရေး ပရိယာယ်၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဟာ မည်သူ့ကိုမှ မနာကျင်စေ တဲ့အပြင် တကယ်တော့ အဲဒါတွေဟာ ထိထိရောက်ရောက် ဆက်သွယ်နိုင်ရေး တံခါးပေါက်များစွာကို ဖွင့်ပေးပါလိမ့်မယ်။

သင့်ရဲ့ အပြစ် အနာအဆာတွေကို ထောက်ပြလာတဲ့အခါ ခုခံကာကွယ်ချင်တဲ့ စိတ်တွေ မဖြစ်ပါစေနှင့်။ သင့်ရဲ့ အပြစ် အနာအဆာတွေဟာ ပြည့်ဝလာအောင် လေ့လာဖို့ လမ်းညွှန်ဆိုင်းပို့စ်တွေပါပဲ။ စိတ်ဆိုးတတ်တယ် ဆိုတာက ချို့ယွင်းအားနည်းချက်ကို ဖုံးကွယ်ထားတဲ့ ခပ်ညံ့ညံ့ အမူအကျင့် တစ်ခုပါ။ လူတစ်ယောက် စိတ်တိုတဲ့ အခါ မပြောပဲထားရင် ပိုကောင်းတဲ့ အရာတွေ တစ်သီကြီးကို မစဉ်းမစား ပြောချလိုက်မိပါတော့မယ်။ သူငယ်ချင်းဟောင်းကို ဘယ်လောက်ထိ စိတ်ဆိုးပါစေ၊ သူ့ရဲ့ ပုဂ္ဂလိက လျှို့ဝှက်ချက်ကို ဘယ်တော့မှ ဖွင့်မချလေနှင့်။ အဲဒီလို ဖွင့်ချလိုက်ခြင်းဖြင့် သင်ဟာ ကိုယ့်ကိုယ်ကိုသာ သိက္ခာကျစေပါလိမ့်မယ်။ အဲဒီလို ဖွင့်ချပြီးတဲ့ နောက်တော့ သူများတွေက သင့်ကို မိတ်တွေစစ်လို့ ဘယ်တော့မှ လက်ခံတော့မှာ မဟုတ်တော့ဘူး။ သင့် မိတ်ဆွေဟောင်း အပေါ်မှာ သင် ပြုမူသလို သူတို့အပေါ်လဲ အလားတူ ပြုမူမှာပဲလို့ တွေးကြပါလိမ့်မယ်။ သင့်ကို ဘယ်သူကမှ ယုံကြည်မှာ မဟုတ်တော့ဘူး။

ပြစ်တင်ဝေဖန်တာကို ခံနိုင်တဲ့ သတ္တိ ရှိစမ်းပါ
အချိုဆိုတာက နာမကျန်းမှုကို ဖြစ်စေတတ်ပြီး ခါးသက်မှုဆိုတာက (အနာရောဂါကို) ပျောက်ကင်းစေတတ်ပါတယ်။ ချီးမွမ်းမှု ဆိုတာက နာမကျန်းမှုကို ဖြစ်စေတတ်တဲ့ လွန်ကဲတဲ့ အချိုမျိုးပါ။ ဝေဖန်မှုဆိုတာကတော့ ရောဂါကို ပျောက်ကင်းစေတတ်တဲ့ ခါးတဲ့ ဆေးလုံးလေး တစ်လုံးလိုပါပဲ။ ပြစ်တင်ဝေဖန်မှုကို မကြောက်ရွံ့ပဲ ကြိုဆိုတတ်တဲ့ သတ္တိ ကျွန်တော်တို့မှာ ရှိကို ရှိရမယ်လေ။

သူများတွေမှာ တွေ့ရတဲ့ အကျည်းတန် အရုပ်ဆိုးမှုဆိုတာ ကျွန်ုပ်တို့ ကိုယ်တိုင်ရဲ့ သဘော သဘာဝရဲ့ ရောင်ပြန်ဟပ်မှု တစ်ခုပါပဲ။

လူတစ်ယောက်ရဲ့ ဘဝ၊ အခြေအနေများနှင့် သူရဲ့ ကမ္ဘာဆိုတာ သူကိုယ်တိုင်ရဲ့ အတွေးအခေါ်နှင့် ယုံကြည်ချက်ရဲ့ ရောင်ပြန်ဟပ်မှုတွေပါ။ လူတွေအားလုံးဟာ မှန်တွေချည်းပါပဲ။ အဲဒီမှန်တွေဟာ သူတို့တွေ ရဲ့ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုတွေ အပါအဝင် သူတို့ကိုယ်တိုင်ရဲ့ သဘောသဘာဝတွေကို ထင်ဟပ်ပြနေ ပါတယ်။

 (ဆက်ပါဦးမည်)

Jan 17, 2011

ဗုဒ္ဓဘာသာမှာ ထင်ဟပ် ဖော်ပြထားတဲ့ စကြာဝဠာ ကမ္ဘာလောက (၂)

ကပ် (ကမ္ဘာ)နှင့် ပတ်သက်လို့ သိချင်တာနှင့် သုတ္တန်တွေကို လိုက်ဖတ်ကြည့်တော့ အထိုက်အလျှောက်တော့ တွေ့ရပါတယ်။ အထိုက်အလျှောက်ပဲ တွေ့ရတယ် ဆိုတာကလည်း ရှေ့မှာ ရေးခဲ့သလို “ဗုဒ္ဓတရားတော်တွေဟာ စကြာဝဠာအကြောင်း အသေးစိတ် ထုတ်ဖော်ထားတဲ့ ဘာသာရပ် မဟုတ်” လို့ပါပဲ။ တွေ့ရသမျှ သုတ်တော်တွေထဲကမှ အချို့ကို ဖော်ပြပါ့မယ်။

ကပ် (ကမ္ဘာ)ကို အင်္ဂုတ္တရပါဠိတော်၊ဣန္ဒြိယဝဂ်မှာ ပါတဲ့ ကပ္ပသုတ္တန်မှာ လေးမျိုး ခွဲခြား ဖော်ပြပါတယ်။ အဲဒီ လေးမျိုးဆိုတာက -
(၁) ကမ္ဘာပျက်ဆဲ သံဝဋ္ဋကပ် (the enveloping epoch)
(၂) ပျက်ပြီးကမ္ဘာအတိုင်း တည်ရှိနေသော သံဝဋ္ဋဋ္ဌာယီကပ် (the enveloped epoch)
(၃) ကမ္ဘာတည်ထောင်ဆဲ ဖြစ်ပေါ်ဆဲ ဝိဝဋ္ဋကပ် (the developing epoch)
(၄) ဖြစ်ပေါ်ပြီး ကမ္ဘာ၏ (ဖြစ်ပေါ်ပြီအတိုင်း) တည်ဆဲ ဝိဝဋ္ဋဋ္ဌာယီကပ် (the developed epoch) တို့ဖြစ်ပါတယ်။ 

အဲဒီ ကပ်ကမ္ဘာ တစ်ခုစီ တစ်ခုစီကို နှစ်ဘယ်လောက်၊ နှစ်ပေါင်း ဘယ်နှစ်ရာ၊ ဘယ်နှစ်ထောင်၊ ဘယ်နှစ်သိန်း ကြာပြီလို့ ရေတွက်ဖို့ ခက်ပါတယ်။ ရေတွက်လို့ မရပါဘူး။ ကမ္ဘာကြီးရဲ့ အသင်္ချေဆိုတာ ဒီလေးမျိုးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို အသင်္ချေယျ ဖြစ်ပုံကို ပုံဆောင်ပြီး ဟောပြထာားတာ ရှိပါတယ်။ ဒါပေမဲ့ ရေတွက်လို့ မရလောက်အောင် ကြာတယ် (အသင်္ချေ သဘော)ဆိုရင် နားလည်ပြီမို့ ဒီမှာတော့ မရေးတော့ပါဘူး။

ဒီဃနိကာယ်လာ ဗြဟ္မဇာလသုတ်တော်မှာ အချိန် အလွန်ကြာမြင့်သောအခါ တစ်ခါတစ်ရံ ဒီလောကကြီးဟာ ပျက်တတ်ကြောင်းနှင့် တစ်ခါတစ်ရံ ဖြစ်တည်လာတတ်ကြောင်း ဟောကြားတော်မူချက် ပါရှိတာကို တွေ့ရပါတယ်။  အင်္ဂညသုတ်တော်မှာလည်း အလားတူ ဖော်ပြချက် ပါရှိလာပြန်တာပါပဲ။

ဒီသုတ်တော်တွေကို ဖတ်ကြည့်လိုက်ရင် ကမ္ဘာကြီးဟာ အချိန်တန်ရင် သူ့သဘောနှင့်သူ ဖြစ်ပေါ်၊ ဖြစ်ပေါ်တဲ့အတိုင်း ဆက်တည်တံ့နေတယ်။ ဖြစ်ပေါ်ပြီးတဲ့ အတိုင်း ဆက်တည်နေပြီးနေတယ်ဆိုတာ တဖြေးဖြေး ဖြစ်ပေါ် ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ ထို့အတူပါပဲ။ ဖြစ်ပေါ်တာ၊ ဖြစ်ပေါ်ပြီးအတိုင်း တည်တာ ရှိလေတော့ ပျက်ရတတ်တဲ့ သဘောကလဲ ရှိပြန်တာပါပဲ။ ပျက်သွားပြီးတော့လဲ အသစ် အသစ် ပြန်မဖြစ်ခင် အပျက်အတိုင်း ရှိနေရတဲ့ အချိန်ဆိုတာ ရှိပြန်တာပါပဲ။

ဗုဒ္ဓဘာသာမှာတော့ မည်သည့် ဖန်ဆင်ရှင်ကိုမျှ လက်မခံတော့ ဒါတွေကို သဘာဝ ဓမ္မနိယာမလို့ ဆိုပါတယ်။ ဒီ ဖြစ်၊ တည်၊ ပျက်ဓာတ်သဘောဟာ a firm condition of existence (ဓမ္မဋ္ဌိတ)၊ a necessary condition of existence (ဓမ္မနိယာမ) ဖြစ်ပါတယ်။ မည်သည့် အချိန် အခါမျိုး၊ မည်သည့် အခြေအနေမျိုးမှာမဆို ဒီကပ်လေးမျိးထဲက တစ်ခုခုက ဖြစ်နေ (သို့မဟုတ်) ပျက်နေတတ်ပါတယ်။ 

ဒါကိုကြည့်ရင် ဗုဒ္ဓဝါဒရဲ့ အရေးအကြီးဆုံး အယူအဆဖြစ်တဲ့ “အရာအားလုံးဟာ မမြဲမှု (အနိစ္စ)၊ မမြဲတဲ့အတွက် ဆင်းရဲမှု (ဒုက္ခ)၊ အစိုးမရမှု (အနတ္တ) သဘောကို အထင်အရှား တွေ့ရသလို ဟောကြားချက်တွေဟာ တစ်ခုနှင့် တစ်ခု ကိုက်ညီမှု ရှိနေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ သဘာဝနိယာမတွေပဲ။ ဘယ်သူ့ကြောင့်မျှ မဟုတ်၊ ဘယ်သူ့ဖန်ဆင်းချက်မျှလဲ မဟုတ်ပါဘူး။ သူ့သဘောနှင့် သူ ဖြစ်နေ ပျက်နေတာတွေပါ။ ဗုဒ္ဓရှင်တော်မြတ်က - 

“ရဟန်းတို့ ဘုရားရှင်တို့ လောကမှာ ပွင့်သည်ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ၊ ထို (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ဓာတ်သည် သဘောအားဖြင့် တည်သည်၏ အဖြစ်၊ သဘောအားဖြင့် မြဲသည်၏ အဖြစ်သည် တည်ရှိနေမည်သာ။ အရာအားလုံးသည် မတည်မြဲ၊ ဆင်းရဲ၏၊ အလိုသို့ မလိုက်ကုန်” လို့ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ၊ ဥပ္ပါဒါသုတ်မှာ ဟောကြားတော်မူထားပါတယ်။

(ဆက်ပါဦးမည်)
ဘုန်ားဏ်

Jan 15, 2011

ဗုဒ္ဓဘာသာမှာ ထင်ဟပ် ဖော်ပြထားတဲ့ စကြာဝဠာ ကမ္ဘာလောက (၁)

ကမ္ဘာကြီးရဲ့ အခြေခံကို စရှာခဲ့ကြတဲ့ အတွေးအခေါ်သမားတွေ”ဆိုတဲ့ ဆောင်းပါးမှာတုန်းက ဂရိတွေးခေါ်ပညာရှင်တွေရဲ့ ကမ္ဘာကြီးရဲ့ အခြေခံကို ရှာခဲ့ တွေးခေါ်ခဲ့ကြပုံတွေကို အနည်းအကျဉ်း ရေးခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ရုပ်တရားဖြစ်တယ်၊ သူ့မှာ အခြေခံဓာတ်တစ်မျိးပဲ ရှိတယ်လို့ တွေးခဲ့ကြတဲ့ အကြောင်းပါ။

တွေးခေါ်ရှင်ကြီး သေလိ (ဇ်) (Thales 624 – 546 BC)ကတော့ ကမ္ဘာကြီးရဲ့ အဲဒီ တစ်ခုတည်းသော အခြေခံဓာတ်ဟာ ရေဓာတ် သို့မဟုတ် စိုစွတ်မှုဓာတ် ဖြစ်တယ်လို့ ဆိုတယ်။ သူ့တပည့် အနက်ဇီမန်ဒါး (Anaximander – 610 – 546 BC)ကတော့ အခြေခံဓာတ်ဟာ အနန္တဓမ္မ (ဆုံးစမရှိ) ဓာတ်ဖြစ်ပါတယ်လို့ ပြောတယ်။ တစ်ခါ သူ့တပည့် အနက်ဇီမိနိ (Anaximenes, 588 – 525 BC)ကမူ အခြေခံဓာတ်ဟာ လေဖြစ်တယ်လို့ ယူဆပြန်ပါတယ်။ 

အဲဒီထဲမှာ အနက်ဇီမန်ဒါးရဲ့ အယူအဆကတော့ ဗုဒ္ဓဘာသာ အယူအဆနှင့် နီးစပ်တယ်လို့ ဆိုနိုင်တန်ကောင်းပါရဲ့။ အကြောင်းကတော့ ဗုဒ္ဓဘာသာအရ စကြာဝဠာထဲမှာက မြေ (ပထဝီ)၊ ရေ (အာပေါ)၊ လေ (ဝါယော)၊ မီး (ပူမှု အေးမှု ဆိုတဲ့ တေဇော) ဓာတ်တွေ ရှိနေတယ်။ ဒီဓာတ်ကြီးလေးပါးဟာ အခြေခံဓာတ်ကြီးတွေ ဖြစ်တယ်လို့ ဆိုလို့ပါ။ 

အခြေခံဓာတ်တွေဟာ ဓာတ်တစ်ခုထဲမှာလဲ အခြားဓာတ်တစ်ခုက ပါဝင်နိုင်တာပါပဲ။ ဥပမာ ရေဓာတ် ဆိုပါစို့။ ရေဓာတ်ဟာ စိုစွတ်မှု များလွန်းလို့ သူ့ကို ရေဓာတ် (အာပေါ)ဓာတ်လို့ များရာကို ကြည့်ပြီး ခေါ်လိုက် ပြောလိုက်ပေမဲ့ သူ့ထဲမှာ တစ်ခြားသော ဓာတ်တွေကလဲ ပါဝင်တာပါပဲ။ သူ့တို့ အသီးသီးရဲ့ နာမည်ကိုယ်စီတပ်ပြီး ပြောဆိုလောက်အေင်သာ မများတာကိုး။ ဒါကြောင့် ရေဟာ အထိုက်အလျှောက် လေးတာကို ကြည့်ရင် မြေ (ပထဝီ)ဓာတ်လဲ ရေထဲမှာ ပါဝင်တယ်။ ရေဟာ ကျယ်ပြန့်မှု ရှိတာကို ထောက်ကြည့်ရင် သူ့ထဲမှာ လေ (အာပေါ)ဓာတ်လဲ ပါဝင်တယ်။ လေဓာတ်ရဲ့ သဘောက ကျယ်ပြန့်မှုလဲ ဖြစ်စေနိုင်သလို ကျဉ်းကျုံ့ခြင်းသဘောလဲ ဖြစ်စေနိုင်တယ် မဟုတ်လား။ ရေရဲ့ ပူခြင်း အေးခြင်းဆိုတာ ကတော့ အဲဒီထဲမှာ မီး (တေဇော)ဓာတ် ပါဝင်မှုရဲ့ သဘောတရားပါပဲ။

ဒါကြောင့် ဒီဓာတ်ကြီးတွေဟာ အခြေခံဓာတ်ကြီးတွေ ဖြစ်တယ်။ သူတို့ဟာ တစ်ခုနှင့် တစ်ခု အပြန်အလှန် အမှီသဟဲပြုနေကြတယ်။ ဒါ့အပြင် (၂၄)ပါးသော အကြောင်းတရားတွေဟာ တစ်ခုနှင့် တစ်ခု အပြန်အလှန် တည်ကြ မှီကြပြီး ဖြစ်ပျက်နေကြတယ်။ သူ့ချည်းသီးသန့် မနေနိုင်ကြပါဘူး။

မိမိတို့ဟာ ဒီကမ္ဘာလောကကြီးမှာ နေတယ်ဆိုတော့ ဒါနှင့် ပတ်သက်ပြီး နည်းနည်းလောက်တော့ စိတ်ဝင်စားပါသေးတယ်။ စာရေးသူကတော့ ကိုယ် ရင်နှီးမှုရှိတဲ့ ဗုဒ္ဓဘာသာမှာ ထင်ဟပ် ဖော်ပြထားတဲ့ စကြာဝဠာ ကမ္ဘာလောက အကြောင်းကို လေ့လာကြည့်ပြီး မျှဝေကြည့်ချင်တာပါ။

ဒီနေရာမှာ အမြဲသတိရနေသင့်တာ တစ်ခုက ဗုဒ္ဓတရားတော်တွေဟာ စကြာဝဠာအကြောင်း အသေးစိတ် ထုပ်ဖော်ထားချက် မဟုတ်ဘူးဆိုတာကိုပါပဲ။ ဗုဒ္ဓရဲ့ ရည်ရွယ်ချက်နှင့် အလုပ်ကလဲ အဲဒါကို ဖော်ထုပ်ပေးဖို့ မဟုတ်ပါဘူး။ ဗုဒ္ဓက သတ္တဝါတွေကို ဒုက္ခဇာတ်သိမ်းရာ နိဗ္ဗာန်ကိုသာ မျက်မှောက်ပြုစေချင်တာပါ။ သူ့မှာက တိုတောင်လှတဲ့ သူပွင့်တဲ့ အချိန်လေးမှာ သတ္တဝါတွေ ဒုက္ခဇာတ်သိမ်းစေဖို့ ဟောကြားစရာ တရားတွေ၊ ဟောကြား ချွေချွတ်ရမည့် သူတွေက တစ်ပုံတစ်ပင်ကြီး ရှိနေခဲ့ပါတယ်။ ပရိနိဗ္ဗာန် စံလွန်တော်မူခါနီးဆဲဆဲ အချိန်မှာတောင်မှ အေးအေး မနေရပဲ “ယနေ့ညရဲ့ နောက်ဆုံးပိုင်း (ပစ္ဆိမယာမ်)မှာ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုတော့မယ်”တဲ့လို့ သတင်းကြားကာမှ ကမန်းကတမ်း ပြေးလာတဲ့ သုဘဒ္ဒ ပရိဗိုဇ်ကြီးကို သစ္စာအလင်းပေါက်စေဖို့ တရားဟောခဲ့ရသေးတယ် မဟုတ်ပါလား။ 

(ဆက်ပါဦးမည်)
ဘုန်ားဏ်

Dec 30, 2010

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၃)

လူသား၏ စိတ်ဆင်းရဲမှု

လူသား၏ ဒုက္ခမှာ ငွေကြေးဖြင့် ဝယ်လို့ရသည့် ကာမချမ်းသာ အတွက် တစ်ကိုယ်ကောင်း ဆန်သည့် ဆန္ဒ၊ အခြားသူများကို လွှမ်းမိုးလိုသည့် တန်ခိုးအာဏာနှင့် အရေးအကြီးဆုံးက သေပြီးသည့် နောက်မှာပင် ထာဝရ အသက်ရှင်လိုသည့် ဆန္ဒတို့ကြောင့် ဖြစ်ရသည် ဟု ဗုဒ္ဓက မိန့်တော်မူပါတယ်။ ဤအရာများကို လိုချင် တပ်မက်မှုက လူများကို အတ္တကြီးစေတယ်။ သူတို့ဟာ သူတို့ရဲ့ အကြောင်းကိုသာ စဉ်းစားတယ်။ အရာခပ်သိမ်းကို သူတို့အတွက်သာလျှင် လိုချင်ကြတယ်။ အခြားသူများ ဘာဖြစ်နေသည်ကို ဂရုမစိုက်။ သူတို့ရဲ့ ဆန္ဒတွေ မပြည့်လေသော အခါ ဂနာမငြိမ် ဖြစ်လာကြတယ်။ မရောင့်ရဲနိုင် ဖြစ်လာတယ်။ ဒီဂနာမငြိမ်ဖြစ်မှုကို ရှောင်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ ထို ဂနာမငြိမ်မှုကို ဖြစ်စေသည့် တပ်မက်မှုကို ဖယ်ရှားပစ်ရန် ဖြစ်တယ်။ ဒီလို ဖယ်ရှားပစ်ဖို့က အလွန်ပဲ ခက်ပါတယ်။ သို့ပါငြားလည်း အောင်မြင် ပြီးမြောက်သည့် အချိန်တွင်ကား သူသည် ဖယ်ရှားပစ်လိုက်နိုင်ခြင်းရဲ့ တန်ဖိုးကို သိလာပါတော့တယ်။ 

ကျွန်ုပ်တို့၏ ဒဏ်ရာများကို အချိန်က ကုသပေးပါလိမ့်မည်

ဒုက္ခတွေက ဖြတ်ကျော်သွားသည်။ သင့်ကို မျက်ရည် ပေါက်ပေါက်ကျစေသည့် အရာကို မကြာမီ မေ့ပျောက်ပေတော့မည်။ သင် ငိုကြွေးခဲ့သည်ကို သင်ကား သတိရကောင်း ရနိုင်ပါသည်။ သို့သော် ဘာကြောင့် ငိုကြွေးခဲ့ရသည် ဆိုသည်ကိုမူ သတိမရနိုင်တော့ပါ။ 

ကျွန်တော်တို့ ကြီးပြင်းလာပြီး ဘဝကို ကျော်ဖြတ်စဉ်ကာလမှာ ညအချိန် အိပ်မပျော်ပဲ လဲလျောင်းခဲ့ရပုံ၊ တနေ့တာအတွင်းမှာ ကျွန်ုပ်တို့ကို စိတ်ပျက်စေသည့်အရာကို တွေးပူခဲ့ရပုံ သို့မဟုတ် တစ်ဦးတစ်ယောက်ကို ဘယ်လို ပြန်လည် လက်စားချေရမည်ဆိုတာနှင့် ပတ်သက်တဲ့ အတွေးစိတ်များ စိမ့်ဝင် ပျံ့နှံ့ခွင့် ပေးထားခြင်းဖြင့် ဒေါသကို မည်သို့မည်ပုံ မွေးမြူမိပုံများသည် ကျွန်ုပ်တို့အား မကြာခဏ အံအား သင့်စေပါသည်။  

 တစ်စုံတစ်ခုနှင့် ပတ်သက်ပြီး အခိုက်အတန့်အားဖြင့်တော့ ဒေါသအမျက် ချောင်းချောင်းထွက်ကောင်း ထွက်မိနိုင်ပါသည်။ နောက်တော့ ကျွန်ုပ်တို့ အကြီးအကျယ် ဒေါသဖြစ်ခဲ့တဲ့အရာကို စဉ်းစားကြည့်မိရင် အံ့အားသင့်စရာကောင်းတာက ဖြစ်ပျက်ခဲ့သမျှတွေ အားလုံးဟာ အချိန်နှင့် စွမ်းအားကို ဖြုန်းတီးတာပဲလို့ သဘောပေါက် နားလည်လာခြင်းပါပဲ။ မပျော်မရွှင် ဖြစ်နေတာကြီးကို ရပ်ပစ်ထားလိုက်နိုင်တဲ့ အချိန်၊ ပိုကောင်းမွန်တဲ့ အခြားတစ်ခုခုကို စတွေးသင့်တဲ့ အချိန်တွေမှာ တမင်သက်သက်ကြီး မပျော်မရွှင် ဆက်ဖြစ်နေစေခဲ့မိတယ်။

ဘယ်လို ဒုက္ခတွေပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ စိတ်ထိခိုက် ထိခိုက်၊ ကျွန်ုပ်တို့၏ ဒဏ်ရာများကို အချိန်က ကုစားပေးပါလိမ့်မည်။ သို့သော် ဒုက္ခဖြစ်လျှင် ဖြစ်ချင်း ထိခိုက် နာကျင်မှု မဖြစ်ရလေအောင် ကာကွယ်တားဆီးနိုင်ဖို့ ကျွန်ုပ်တို့ လုပ်နိုင်သည့်အရာတစ်ခု တကယ်ပင် ရှိပါသည်။ သူများတွေကို ကျွန်ုပ်တို့ စွမ်းရည်ကို ဖောက်ထုပ် စီးဆင်းခွင့်၊ ကျွန်ုပ်တို့အား မပျော်မရွှင် ဖြစ်အောင် လုပ်ခွင့် ဘာကြောင့် ပေးလိုက်ရတာလဲ။ ကျွန်ုပ်တို့ရဲ့ ဒုက္ခတွေကို မိမိတို့ရဲ့ စွမ်းရည်ကို ဖောက်ထုပ် စီးဆင်းခွင့်၊ ကျွန်ုပ်တို့အား မပျော်မရွှင် ဖြစ်အောင် လုပ်ခွင့် ဘာကြောင့် ပေးလိုက်ရတာလဲ။ အဖြေက သူများတွေက အဲဒီလို လုပ်သွားတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို မပျော်မရွှင် ဖြစ်စေတဲ့သူတွေဟာ ကျွန်ုပ်တို့ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

အလုပ်ခွင်မှာ ပြဿနာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ အိမ်ကိုတော့ မကောင်းတဲ့ စိတ်ထား (ပြဿနာတက်နေတဲ့ စိတ်ထားမျိုး) မကူးစက်စေသင့်ဘူး။ ပြဿနာတွေရဲ့ နိဂုံးဆိုတာ ရှိတယ်လို့ သင် သဘောပေါက်ထားသင့်ပါတယ်။ ဖြေရှင်းနည်းတွေကိုတော့ ကျွန်ုပ်တို့ရဲ့ အတ္တ ဆန္ဒများမှ လွတ်မြောက်အောင် လုပ်ရာမှာ တွေ့နိုင်သလို ဇဝေဇဝါဖြစ်မှုနှင့် မသိ မိုက်မဲမှုဆိုတဲ့ ပုံစံမျိုးစုံကို အမြစ်ပြတ် ရှင်းလိုက်ခြင်းအားဖြင့်လဲ တွေ့နိုင်ပါတယ်။

ပြဿနာရဲ့ အဖြေကို ရှာမရတဲ့ အခါတိုင်း ကျွန်တော်တို့ဟာ ဓားစားခံ ရှာချင်ကြတယ်။ ကျွန်တော်တို့ရဲ့ မကျေနပ်ချက်ကို (ကုလားမနိုင် ရခိုင်မဲတဲ့ အနေနဲ့) ပုံချလို့ရမဲ့ သူကိုပေါ့။ သူတစ်ပါးအပေါ် အပြစ်တင်ဖို့က သိပ်လွယ်ပါတယ်။ တကယ်တော့ တစ်ချို့ဆိုရင် အဲဒီလို သူများကို အပြစ်တင်ပြီး ကျေနပ်မှု ရှာကြတယ်။ ဒါမျိုးက လုံးဝ မခံယူသင့်တဲ့ စိတ်ထားမျိုးပါ။ ကျွန်တော်တို့ဟာ သူတစ်ပါးအပေါ် ဒေါသထွက်တာမျိုး မပြသင့်ပါဘူး။ ကိုယ့်ပြဿနာကို အပင်ပန်းခံပြီး အစွမ်းကုန်ုကိုးစားပြီး ဖြေရှင်းသင့်တယ်။ ကျွန်တော်တို့ တွေ့ကြုံရမည့် မည့်သည့် ပြဿနာကို မဆို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်။

(အလျဉ်းသင့်သည့် အခါ ဆက်လက် ဘာသာပြန် တင်ပြပါဦးမည်)

ဘုန်းဉာဏ်

Dec 23, 2010

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၂)

 မိမိစိတ်ကို ထိန်းချုပ်ပါ
လူသားရဲ့ စိတ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို အကြီးအကျယ်ကို လွှမ်းမိုးပါတယ်။ စိတ်ဟာ စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နုလို့ ဆိုရလောက်အောင် အလားအလာ စွမ်းပကားတွေ ရှိပါတယ်။ (စိတ်ဟာ ဆေးတစ်ပါး ဖြစ်နိုင်သလောက်ကို အဆိပ်ဖြစ်နိုင်လောက်တဲ့ စွမ်းအင်တွေကလဲ ရှိနေတာပါ။) စိတ်ဟာ ဆိုးဝါး ကြမ်းတမ်းရင် သတ္တဝါ တစ်ဦးတစ်ယောက်ကို သတ်ပစ်နိုင်သလို တည်ငြိမ် ဂရုတစိုက် ကြိုးစားအားထုပ်ရင် အခြားသူတွေကို အကျိုးပြုတာပါပဲ။ စိတ်ကို သမ္မာဆန္ဒအပေါ်မှာ အာရုံစိုက်ထားပြီး သမ္မာဝါယာမ(ကောင်းမြတ်တဲ့ အားထုပ်မှု)၊ သမ္မာဒိဋ္ဌိ (မှန်ကန်တဲ့ အမြင်) တို့နှင့် ထောက်ပံ့ပေးထားရင် စိတ်က ဖြစ်စေတဲ့ အကျိုးတရားဟာ ကြီးကျယ် များပြားတော့တာပါပဲ။ ဖြူစင်သန့်ရှင်းပြီး ကောင်းမြတ်တဲ့ အတွေးတွေနှင့် ယှဉ်တဲ့ စိတ်ဟာ ခန့်ကျန်းပြီး သက်တောင့်သက်သာ ရှိတဲ့ ဘဝနှင့် နေရတာပါပဲ။

မိမိရဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မနာလို ဣဿာ စတဲ့ စိတ်တွေလောက် ဘယ်ရန်သူကမျှ မိမိကို ဒုက္ခ မပေးနိုင်ဘူး” လို့ ဗုဒ္ဓက ဟောကြားတော်မူ ထားပါတယ်။ 

ဖြစ်ပေါ်လာတဲ့ အခြေအနေအရ စိတ်ကို ထိန်းညှိပေးရမယ်ဆိုတာကို မသိတဲ့သူဟာ သေပြီးသူ တစ်ဦးနှင့် မခြားတော့သည့်နှယ် ဖြစ်ပါတယ်။ စိတ်ကို အတွင်းဘက်ကို လှည့်ပြီး ပျော်ရွှင် ကြည်နူးမှုကို သင့် ကိုယ်တွင်းမှာပင် တွေ့အောင်ရှာပါ။

စိတ်ကို ထိန်းသိမ်း စောင့်စည်းပြီး သင့်လျှော်အောင် စေစားနိုင်တဲ့ အခါမှသာ စိတ်ပိုင်ရှင်အတွက်ရော လူမှု အသိုင်းအဝိုင်း အတွက်ပါ အသုံးဝင်လာမှာပါ။ ထကြွသောင်းကျန်းတဲ့ စိတ်ဟာ စိတ်ပိုင်ရှင်ကိုရော အခြားသူများကိုပါ ပြဿနာတွေ ဖြစ်စေတဲ့အရာ ဖြစ်ပါတယ်။ ဒီကမ္ဘာမှာ ဖြစ်ပျက်ခဲ့သမျှသော ကသောင်း ကနင်း ဖြစ်ရမှုတွေဟာ စိတ်ထိန်းချုပ်မှု၊ စိတ်တည်ငြိမ်မှုနှင့် ဣနြေ္ဒရှိမှု နည်းလမ်းတွေကို မလေ့လာ မသင်ယူတဲ့ လူတွေရဲ့ ဖန်တီးမှုပဲ ဖြစ်ပါတယ်။

တည်ငြိမ်မှုဟာ ပျော့ညံ့မှု မဟုတ်ပါဘူး။ အချိန်မရွေး တည်ငြိမ်တဲ့ စိတ်ထားရှိသူဟာ သူ့ကိုယ်သူ ယဉ်ကျေးသူ တစ်ယောက် အဖြစ် အထင်အရှား ပြသတာပါပဲ။ အဆင်ပြေနေတဲ့ အချိန်မှာ တည်ငြိမ်ဖို့က သိပ်ကြီး မခက်လှပါဘူး။ ဒါပေမဲ့ အဆင်မပြေတဲ့ အချိန်မှာ စိတ်ကို ထိန်းချုပ်ဖို့ကတော့ တကယ်ကိုပဲ ခက်ခဲပါတယ်။ အောင်မြင်သင့် အောင်မြင်ထိုက်တာက ဒီ ခက်ခဲတဲ့ အရည်အသွေးကိုပါ။ ဘာလို့လဲဆိုရင် ဒီလိုမျိုး တည်ငြိမ်မှု စိတ်ထိန်းချုပ်မှုကို လေ့ကျင့်ခြင်းအားဖြင့် လူတစ်ယောက်ဟာ သတ္တိစွမ်းပကားကို တည်ဆောက်နေလို့ပါ။

သဘာဝရဲ့ အသံ

ခေတ်သစ်လူသားဟာ သဘာဝရဲ့ အသံကို နားမထောင်ပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနှင့် ပျော်ရွှင်သာယာမှုကို တွေးနေရတဲ့ အတွက်ကြောင့်ပါ။ သူဟာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို လျစ်လျူရှုရလောက်အောင်ကို လောကီရေးရာ သာယာမှုကို တွေးတော ကြံစည်နေတာပါ။ မျက်မှောက် လူသားရဲ့ သဘာဝမကျလှတဲ့ အမူအရာက လူသားရဲ့ ဘဝနှင့် ဘဝရဲ့ အန္တိမပန်းတိုင်ကို ချက်ခြင်းကိုပဲ မှောက်မှောက် မှားမှား  ရှုမြင်စေပါတယ်။ ဒါက ကျွန်ုပ်တို့ ခေတ်မှာရှိတဲ့ စိတ်ပျက်စရာ၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် မလုံခြုံမှုတွေအားလုံးရဲ့ အကြောင်းတရားပါပဲ။

လူဟာ ကြမ်းကြုတ် ယုတ်မာပြီး သဘာဝတရားနှင့် စကြာဝဠာတို့ရဲ့ နိယာမတရားတွေကို ဆန့်ကျင်ရင် သူ့လုပ်ရပ်၊ အပြောအဆိုနှင့် အတွေးတွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ညစ်ညမ်းစေ ပါလိမ့်မယ်။ အလွဲသုံးစား ပြုခံရတဲ့ သဘာဝတရားဟာ လူသားရဲ့ ရှင်သန်မှုအတွက် လိုအပ်တာတွေကို ဖြည့်ဆည်း ထောက်ပံ့ ပေးတော့မှာ မဟုတ်ပါဘူး။ အဲဒီအစား ဆန့်ကျင်မှုများ၊ ပဋိပက္ခများ၊ ကပ်ရောဂါ များနှင့် ကပ်ဆိုက်မှု ဘေးအန္တရာယ်များကသာ လူသားအတွက် ဖြစ်ပေါ်လာဖို့ စောင့်ဆိုင်းနေပါလိမ့်မယ်။

လူသားဟာ ဒီ သဘာဝနိယာမနှင့် အညီ နေထိုင်မယ်၊ တရားနှင့် ညီတဲ့ဘဝနှင့် နေမယ်၊ သုစရိုက်တရား တည်းဟူသော ကောင်းမြတ်မှုဖြင့် လောကကြီးကို သန့်ရှင်း စင်ကြယ်စေမယ်၊ ပြီးတော့ အခြားသော သက်ရှိသတ္တဝါများ အားလုံးအပေါ် သနားကြင်နာခြင်းရှိတဲ့ မေတ္တာတရား ထားမယ် ဆိုရင် လူသားအတွက် သူဟာ ပျော်ရွှင်ချမ်သာမှုကို ဖြစ်စေနိုင်ပါတယ်။ ငြိမ်းချမ်းမှုကို အမှန်တကယ် နှစ်သက် သူဟာ အခြားသူရဲ့ လွတ်လပ်ခွင့်ကို မချိုးဖောက်သင့်ပါဘူး။ အခြားသူတွေကို နှောင့်ယှက်တယ်၊ လှည့်စားတယ် ဆိုတာ မှားယွင်းပါတယ်။

သင်ဟာ အလွန်တရာ အလုပ်များလှတဲ့သူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရားဘာဝနာ ပွားများမှုမှာပဲ ဖြစ်ဖြစ်၊ တန်ဖိုးရှိတဲ့ စာအုပ်စာပေများကို ဖတ်ရှုမှုမှာပဲ ဖြစ်ဖြစ် အနည်းဆုံး မိနစ် အနည်းငယ် လောက်တော့  နေ့စဉ် အသုံးပြုသင့်ပါတယ်။ ဒီအလေ့အကျင့်က သင့်ရဲ့ ပူပန်သောကများကို သက်သာ လျော့ပါးစေမှာ ဖြစ်ပြီး သင့်စိတ်ကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့် ဘာသာတရားကို တွေးတော စဉ်းစားဖို့က သင့် တာဝန်ဖြစ်ပါတယ်။ သာသာရေးဆိုင်ရာ ဝန်းကျင်မှာ ကျင်းပတဲ့ ပွဲတော်များ အတွက် အတော်အသင့် အချိန်ပေးပါ။ ဘာသာတရား ကိုင်းရှိုင်းတဲ့ လူတွေနှင့် အပေါင်းအဖော်အဖြစ် နေရ တဲ့ အချိန်တိုလေးကပင် ကောင်းမြတ်တဲ့ အကျိုးရလဒ်တွေကို ဖြစ်စေပါလိမ့်မည်။

စိတ်ကျန်းမာရေးနှင့် ရာဇဝတ်မှု ကြူးလွန်လိုစိတ်

စိတ်ရောဂါ နှင့် စိတ်ဖောက်ပြန်မှုမျိုးစုံ တိုးပွားလာမှုဟာ ခေတ်သစ် ရောဂါ အားလုံးရဲ့ စိုးရိမ် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အလားအလာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ အထူးသဖြင့် ချမ်းသာ ကြွယ်ဝသည့် နိုင်ငံတွေမှာ စိတ်ရောဂါ ဝေဒနာရှင်များ တိုးပွားနေပါတယ်။

ကိစ္စရပ် အများအပြားမှာ ကျွန်ုပ်တို့ လူမှု အဝန်းအဝိုင်းရှိ ရာဇဝတ်ကောင်များကို စိတ်ဝေဒနာနှင့် မခြား ဖော်ပြပါတယ်။ ဖရွိုက် (Freud) ရဲ့ သုတေသနလုပ်ငန်းမှ တိုက်ရိုက် အစပြုသည့် အပြုသဘော ဆောင်ပြီး အကျိုးသက်ရောက်မှု များလှတဲ့ ရလဒ်တစ်ခုကတော့ ရာဇဝတ်ကောင်များနှင့် ဆိုးသွမ်း လူငယ်များဟာ စိတ်ဝေဒနာသည်များ ဖြစ်ကြပြီး အပြစ်ပေးမှုထက် ကုသမှု ပိုမိုလိုအပ်သူများ ဖြစ်သည် ဆိုခြင်းကို အသိအမှတ် ပြုခြင်း ဖြစ်ပါတယ်။ အပြစ်ပေးခြင်းကို ပြန်လည် ထူထောင်မှုနှင့် အစားထိုးရန် တိုးတက် တီထွင်ထားသည့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများ အားလုံး၏ အခြေခံ ဖြစ်သည် ဆိုသည့် ပြဿနာနှင့် ပတ်သက်၍ သဘောထား ကြီးလှသည့် အမြင်မှာ ဤအမြင်ပင် ဖြစ်ပါတယ်။

သင့်၏ အိမ်နီးနားခြင်းများကို သိပါ

အခြားလူများ မည်သို့ မည်ပုံ နေထိုင်ကြသည်ကို ကျွန်ုပ်တို့ မတွေ့မြင်ကြသည့်အခါ မတူ ကွဲပြားသည့် ဘဝနေနည်းများကို မလေ့လာမိတတ်ပေ။ ခရီးသွားခြင်းဟာ အကောင်းဆုံးသော ပညာရေးပုံစံဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် မတူ ကွဲပြားသည့် လူများနှင့် ကိုယ်တိုင် တွေ့ကြုံရမှုများသည် ကျွန်ုပ်တို့အား ကြင်နာ ထောက်ထားမှုကို ဖြစ်စေပါတယ်။ သည်းမခံမှုဆိုတာ အခြားသူရဲ့ လိုအပ်ချက်များနှင့် တွေးပုံ တွေးနည်းကို မသိမှုကြောင့် ဖြစ်ရတာပါ။

(ဆက်ပါဦးမည်)

ဘုန်းဉာဏ်