Pages

Dec 13, 2010

စိန်မြေ ဧကပေါင်းများစွာ

ဒီဇင်ဘာ (၄)ရက်နေ့ ညတစ်ညမှာ လမ်းလျှောက်ထွက်ဖြစ်တယ်။ ဝေးဝေး မဟုတ်ပါဘူး။ ကိုယ့်နေရာနှင့် ကပ်နေတဲ့ ချ(ခ်ျ)ဂိတ် ဝန်းကျင်လောက်ပါပဲ။ လူတွေက ဘုန်းကြီးကို မြင်ရင် ပြူးပြဲကြည့်တတ်လွန်းလို့  ကိစ္စ မရှိရင် အပြင် သိပ်မထွက်ဖြစ်ဘူး။ 

လမ်းလျှောက် ထွက်ဖြစ်ရင်တော့ လူတွေ အေးအေးလူလူ လမ်းလျှောက် အပန်းဖြေကြတဲ့ ပင်လယ်ကမ်းခြေတစ်လျှောက်ရယ်၊ ဒါမှ မဟုတ် သွားနေကျ အနီးပတ်ဝန်းကျင်ရယ်တင်ပါ။ အနီး ပတ်ဝန်းကျင် လျှောက်ဖြစ်ရင်တော့ လမ်းဘေးက စာအုပ် အဟောင်းဆိုင်တွေမှာ ကိုယ်လိုချင်တာ ရှိလိုရှိငြား ကြည့်မိတတ်ပါတယ်။ မန္တလေးမှာ နေလာခဲ့ကတည်းက ဈေးချို ညဈေးမှာ စာအုပ်အဟောင်းဆိုင်တွေမှာ မိုးတို မတ်တတ် ကြည့်တတ်၊ ရှာဖွေတတ်တဲ့ အကျင့်က ပါနေတယ်။ 

မွန်ဘိုင်းက လမ်းဘေး စာအုပ် အဟောင်းဆိုင်လေးတွေမှာ တစ်ခါတစ်ရံ ကောင်းတဲ့ စာအုပ်လေးတွေ သိပ်မဟောင်းပဲ ဈေးချိုချိုနဲ့ ရတတ်ပါတယ်။ ဒီနေ့ညလဲ Shiv Khera ရဲ့ You Can Win ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဈေးက ရူပီး ငါးဆယ်ဆိုတော့ သိပ်ချိုတာပေါ့။ (မြန်မာငွေ တစ်ထောင်ကျော်ကျော်လေးပဲ ရှိတာ။) ဒါနဲ့ ဝယ်လာခဲ့တယ်။ အဟောင်းဆိုင်ကလို့ ဆိုပေမဲ့ စာအုပ်က အသစ်အတိုင်းပဲ။

ဒီ စာအုပ်က အပြည်ပြည်ဆိုင်ရာမှာ အရောင်းရဆုံး စာအုပ်ဆိုပဲ။ ဒါ့အပြင် ဘာသာပေါင်း ရှစ်ဘာသာနှင့် အုပ်ရေ 1, 000, 000 ကျော် ရောင်းပြီးဆိုပါလား။ မျက်နှာဖုံးမှာ ရေးထားတယ်။ အဲဒီထဲကပဲ အစပိုင်း အမြင်သဘောထား ဆိုင်ရာလေး နည်းနည်းကို  ဘာသာပြန်ပြီး `အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်` ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တင်ခဲ့တယ်။ ခုလဲ Acres of Diamonds ကိုပဲ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ စာဖတ်သူ အကြိုက်တွေ့ မတွေ့ကတော့ မသိပါ။ သူကလဲ ရပ်ဆဲ ကွန်ဝဲ (Russell Cornwell)ရဲ့ Acres of Diamond ရဲ့ စာကို ပြင်ဆင်ထားတာပါတဲ့။ အောက်မှာ ဖတ်ကြည့်ပါလား။

ဟာဖစ်(ဇ်) အာဖရိကမှ လယ်သမားတစ်ယောက်ပါ။ သူဟာ စိတ်လည်း ချမ်းသာ၊ ရောင့်လဲ ရောင့်ရဲပါတယ်။ သူဟာ ရောင့်ရဲတင်းတိမ်တတ်လို့ စိတ်ချမ်းသာပြီး၊ စတ်ချမ်းသာလို့လဲ ရောင့်ရဲ တင်းတိမ်ပါတယ်။ တစ်နေ့မှာတော့ ပညာရှိတစ်ယောက် သူ့ဆီပေါက်ချလာပြီး စိန်တွေရဲ့ ဂုဏ်ကျက်သရေနှင့် တန်ခိုးပါဝါတွေကို ပြောပြပါတယ်။ ပညာရှိကြီးက  “မင်းရဲ့ လက်မလောက် အရွယ်ရှိတဲ့ စိန်ရှိရင်ပဲ မင့် ကိုယ်ပိုင်မြို့တော် ဝယ်နိုင်တာပေါ့။ လက်သီးဆုပ် အရွယ် စိန်ရှိရင်တော့ မင့်တိုင်းပြည်ကိုတောင် ပိုင်ကောင်းပိုင်နိုင်တယ်ကွ” လို့ ပြောပြတယ်။ ပြောပြီးတော့ ပညာရှိကြီးက ထွက်သွားတယ်။ ဟာဖစ်(ဇ်)ဟာ အဲဒီညတော့ အိပ်လို့ မရတော့ဘူးပေါ့။ သူဟာ ပျော်လဲ မပျော်ဘူး။ ရောင့်လဲ မရောင့်ရဲတော့ဘူး။ မရောင့်ရဲတတ်တော့လို့ မပျော်ရွှင်တော့သလို မပျော်ရွှင်တော့လို့ မရောင့်ရဲတတ်တော့ဘူးပေါ့။

နောက်နေ့ မနက်ရောက်တော့ ဟာဖစ်(ဇ်)ဟာ သူ့လယ်လေး ရောင်းဖို့ စီမံတော့တာပဲ။ မိသားစုကို စောင့်ရှောက်ခဲ့ပြီး စိန်တွေရှာဖို့ ထွက်သွားခဲ့တယ်။ သူဟာ အာဖရိက တစ်တိုက်လုံးကို ရှာကြည့်တယ်။ စိန်တစ်ပွင့်မှ မတွေ့ဘူး။ ဥရောပတစ်ခွင်လဲ နှံ့နေအောင် ရှာဖွေတယ်။ ဘာမှ မတွေ့ပါဘူး။ စပိန်ကို ရောက်သွားတဲ့ အချိန်မှာတော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာအပြင် ငွေရေးကြေးရေးဆိုင်ရာပါ လျော့နည်း ကုန်းခန်းခဲ့တယ်။ ဘာစီလိုနာဖြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေကြောင်း ကြံမိလောက်အောင်ကိုပဲ စိတ်ဓာတ်တွေ ကျလှပေါ့။

အိမ်ရောက်သွားတဲ့ အချိန်မှာတော့ သူ့လယ်ကို ဝယ်လိုက်တဲ့ သူက လယ်တောထဲ ဖြတ်စီဆင်းနေတဲ့ စမ်းချောင်းလေးထဲမှာ ကုလားအုပ်တွေကို ရေတိုက်နေတယ်။ စမ်းချောင်း တစ်လျောက်မှာတော့ နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ ကျောက်ခဲတစ်တုံးကို ထိုးမိနေပြီး သက်တန့်တစ်ခုလို ပြိုးပြိုးပျက်ပျက် အရောင်တွေ လင်းလက်စေတာပေါ့။ လယ်ပိုင်ရှင်သစ်က အဲဒီ အရောင်တွေလက်နေတဲ့ ကျောက်တုံးကို သူ့ဧည့်ခန်းမှာ ထားရရင်တော့ ကြည့်ကောင်းမှာပဲလို့ တွေးမိပါတယ်။ သူက ကျောက်တုံးကို ကောက်ပြီး သူ့ရဲ့ အပေါ်ရုံထဲ ထည့်ထားလိုက်တယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာတော့ ပညာရှိက ပေါက်ချလာပြီး ပြိုးပြိုးပျက်ပျက် အရောင်တွေ ထွက်နေတဲ့ အဲဒီ ကျောက်တုံးကို မြင်သွားတယ်။ သူက မေးတယ်။
“ဟာဖစ်(ဇ်) ပြန်ရောက်ပြီလား”။ 
လယ်ပိုင်ရှင် အသစ်က 
“ဟင့်အင်း၊ ဘာလို့ မေးတာလဲ” လို့ ပြန်မေးတယ်။ 
ဘာလို့ မေးတာလဲဆို အဲဒီကျောက်တုံးက စိန်ကွ၊ ငါက တစ်ခုကို မြင်ရင် တစ်ခုကို မှတ်မိတာပဲ” လို့ ပညာရှိက ပြောတယ်။ လယ်ပိုင်ရှင်သစ်က “မဟုတ်ဘူး။ အဲဒါက စမ်းချောင်းထဲက ကျွန်တော် ကောက်လာတဲ့ ကျောက်တုံးပါ။ လာ၊ ကျနော် လိုက်ပြမယ်။ အဲဒီမှာ အများကြီးပဲ” လို့ ပြန်ပြောတယ်။ သူတို့နှစ်ယောက် အဲဒီ စမ်းချောင်းလေး ဖြတ်စီးဆင်းနေတဲ့ လယ်ဆီကို သွားကြတယ်။ နမူနာအဖြစ် အချို့ကို ကောက်ယူပြီး စစ်ဆေးဖို့ ပို့လိုက်တယ်။ သေချာတာပေါ့။ အဲဒီကျောက်တုံးတွေက စိန်တွေပဲ။ အမှန်တော့ လယ်မြေတစ်ခုလုံးဟာ စိန်မြေဧကပေါင်းများစွာနှင့် ဖုံးအုပ်ထားတယ်ဆိုတာ သူတို့ တွေ့လိုက်ကြရတယ်။

ပုံပြင်လေးက ဒါလေးပါပဲ။ အဲဒီမှာ စာရေးဆရာက ဒီအဖြစ်အပျက်လေးနှင့် ပတ်သက်ပြီး ဘဝသင်္ခန်းစာတွေ ပြောပြပါလိမ့်မယ်။ သူပြောပြတာ ဖတ်မကြည့်ခင် ခဏလောက် ရပ်စဉ်းစားကြည့်ပါလား။ သြော် ... စာအုပ်ပြုစုသူရဲ့ အတွေးနှင့်တော့ တူချင်မှ တူမှာပေါ့။ မတူတိုင်း မှားတာ မဟုတ်တာလဲ စာဖတ်သူ သိတာပဲ။  ဒီတော့ အားလုံးဖတ်လို့ပြီးရင် စာဖတ်သူတွေးမိတာလေး ကွန့်မန့်ရေးပြီး မျှဝေပါလား။ အားလုံး ဖတ်ရတာပေါ့ဗျာ။ စာအုပ်ပြုစုသူရကတော့ ...

ဒီပုံပြင်ရဲ့ သင်္ခန်းစာက ဘာလဲ။ သင်္ခန်းစာ ခြောက်ခု ရှိပါတယ်တဲ့။
၁။ ကျွန်တော်တို့ရဲ့ အမြင်သဘောထား မှန်ကန်တဲ့ အခါ ကျွန်တော်တို့ဟာ စိန်မြေ ဧကပေါင်းများစွာ အပေါ်မှာ လျှောက်လှမ်းနေကြတယ်။ အခွင့်အလမ်းဆိုတာဟာ အမြဲတမ်း ကျွန်တော်တို့ ခြေထောက် အောက်မှာ ရှိတယ်။ ဘယ်မှ သွားနေစရာ မလိုဘူး။ ကျွန်တော်တို့ လုပ်ရမှာက အဲဒီ အခွင့်အလမ်းကို မှတ်မိ သိရှိဖို့ပါပဲ။

၂။ အဝေး (အခြားတစ်ဖက်)က မျက်က အမြဲပဲ ပိုစိမ်းတတ်ပါတယ်။

၃။ အဝေး (အခြားတစ်ဖက်)က မျက်ကို ကျွန်တော်တို့က ကြည့်နေစဉ် ကျွန်တော်တို့ဖက်က မျက်ကို လှမ်း ကြည့်နေတဲ့ အခြားသူတွေလဲ ရှိတတ်ပါတယ်။ သူတို့က ကျွန်တော်တို့နှင့် နေရာတွေ အရောင်းအဝယ်လုပ်ဖို့ ပျော်ရွှင်နေပါလိမ့်မယ်။

၎။ အခွင့်အလမ်းဆိုတာကို မမှတ်မိ မသိရှိတဲ့သူတွေဟာ အခွင့်အရေးက တံခါးလာခေါက်တဲ့ အခါ ဆူလိုက် တာကွာလို့ ငြီးငြူတတ်ကြပါတယ်။

၅။ အခွင့်အရေးဆိုတာကို ရောက်လာတဲ့ အခါ မှတ်မိသိရှိတာထက် ထွက်ခွါသွားခါမှ ပိုပြီး မှတ်မိ သိရှိလွယ် တတ်ကြတယ်။

၆။ အခွင့်အလမ်းက တစ်ကြိမ်ပဲ တံခါးခေါက်တတ်ပါတယ်။ နောက်လာတဲ့ အခွင့်အလမ်းက ပိုကောင်းချင် ကောင်းမယ်၊ ပို ဆိုးချင်ဆိုးမယ်။ ဒါပေမဲ့ အရင်အခွင့်အလမ်းတော့ လုံးဝ မဟုတ်ဘူး။ ဒါကြောင်မို့ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးတာပေါ့။ အချိန်မဟုတ်တဲ့ အခါမှာ ချမှတ်မိတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာလဲ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတော့တာပါပဲ

(ပို့စ် အသစ်တင်စရာကလဲ မရှိ၊ ဗုဒ္ဓဂါယာသို့ ခရီးစဉ်ကလဲ စထွက်ဖို့ နာရီပိုင်းပဲ လိုတော့တာမို့ ခပ်မြန်မြန်ဖတ်၊ ရေးပြီး တင်လိုက်တယ်။ ကောင်းတယ် မကောင်းဘူး မသိပါဘူး။  ဖတ်တဲ့အတွက် ကျေးဇူး တင်ပါတယ်)။

ဘုန်းဉာဏ်
မွန်ဘိုင်း၊ အိန္ဒိယ
၁၃၊ ၁၂၊ ၂၀၁၀

Dec 8, 2010

အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်

ပွဲဈေးတန်းမှာ မိုးပျံပူဖောင်း ရောင်းပြီး အသက်မွေးရတဲ့ လူတစ်ယောက်ရှိတယ်။ သူ့မှာ အနီရောင်၊ အဝါရောင်၊ အပြာရောင်၊ အစိမ်းရောင်တွေအပါအဝင် ရောင်စုံ မိုးပျံပူဖောင်းတွေ ရှိတယ်လေ။ ဈေးရောင်းမကောင်းတဲ့ အခါတိုင်း သူက ဟယ်လီယံဓာတ် ထည့်ထားတဲ့ ပူဖောင်းတစ်လုံးကို ကောင်းကင်ကို လွှတ်ပါလိမ့်မယ်။ ပူဖောင်း ကောင်းကင်ပျံတက်သွားတာကို ကလေးတွေ မြင်တဲ့အခါ ကလေးအားလုံးက တစ်လုံးစီ ရချင်လာတယ်။ ကလေးတွေက သူဆီ လာပြီး တစ်လုံးစီ ဝယ်ကြတော့တာပဲ။ သူ့ရောင်းအားတွေ တက်သွားမှာပေါ့။ တစ်နေ့လုံး ဈေးရောင်းကျသွားတဲ့ အခါတိုင်း သူ ပူဖောင်းတစ်လုံးစီ ဆက်လွှတ်တင်နေခဲ့တယ်။ တစ်နေ့မှာ ပူစီဖောင်း ရောင်းသမားဟာ သူ့အပေါ်ဝတ် အင်္ကျီကို ဆွဲခံရသလိုလို ရှိတာနဲ့ လည်ကြည့်လိုက်တော့ ကလေးတစ်ယောက်က မေးတယ်။ "အမဲရောင် ပူဖောင်းကို လွှတ်လိုက်ရင်လဲ အဲဒါက ကောင်းကင်ပေါ် ပျံတက်သွားမှာလား ဟင်"တဲ့။ ကလေးရဲ့ သိချင်စိတ်ပူပန်မှုကြောင့် သနားစိတ်ဖြစ်သွားတဲ့ ပူဖောင်းရောင်းသူဟာ "သားလေးရေ ပူးဖောင်းကို ကောင်းကင်ပျံတက်စေတာက အရောင်မဟုတ်ဘူး၊ ပူဖောင်းထဲမှာ ထည့်ထားတဲ့အရာ (ဓာတ်)ပဲ ဖြစ်တယ်ကွဲ့" လို့ ချိုချိုသာသာလေး ပြန်ဖြေလိုက်ပါတယ်။

အဲဒီအခြေခံသဘောတရားဟာ ကျွန်တော်တို့ ဘဝတွေနှင့် သက်ဆိုင်ပါတယ်။ အရေးပါအရာရောက်တာက အတွင်းပိုင်းမှာပါ။ မြင့်တက်သွားစေတဲ့ အတွင်းပိုင်းက အရာဆိုတာ ကျွန်တော်တို့ရဲ့ အမြင်သဘောထားပါပဲ။ ဟားဗတ်တက္ကသိုလ်မှ ဝီလျံ ဂျိမ်(စ်)က "ကျွန်တော့ မျိုးဆက်ရဲ့ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုကတော့ လူတွေဟာ သူတို့ရဲ့ အမြင်သဘောထားတွေကို ပြောင်းပေးလိုက်ခြင်းအားဖြင့် သူတို့တွေရဲ့ ဘဝတွေကိုလဲ ပြောင်းလဲပစ်နိုင်တယ် ဆိုတာပါပဲ"လို့ ပြောခဲ့တယ်။

သင့်အောင်မြင်မှုကို ဖြည့်ဆည်းပေးတဲ့ အရာဟာ သင့်ရဲ့  အမြင်သဘောထားပဲ။

ဟာဗတ်တက္ကသိုလ်က လုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရတာက လူတစ်ယောက် အလုပ်ရတဲ့ အခါ ဒါမှမဟုတ် ရာထူးတက်တဲ့ အခါ (၈၅) ရာခိုင်နှုန်းက အဲဒီလူရဲ့ စိတ်နေသဘောထားကြောင့် ဖြစ်တယ်။ (၁၅) ရာခိုင်နှုန်းသာ သူ့ရဲ့ အသိဉာဏ်နှင့် အချက်အလက်၊ ကိန်းဂဏန်းတွေကို သိလို့ ဖြစ်တယ် ဆိုတာပါပဲ။ ပညာရေးရဲ့ (၁၀၀) ရာနှုန်းပြည့် နီးပါးသော ငွေတွေဟာ ဘဝ အောင်မြင်မှုရဲ့ (၁၅) ရာခိုင်နှုန်းပဲ အရေးပါတဲ့ အချက်အလက်၊ ကိန်းဂဏန်းတွေ အတွက် ရောက်သွားတာဟာ အံ့သြစရာ ကောင်းပါတယ်။

You Can Win (သင်နိုင်နိုင်တယ်)ဆိုတာ အဲဒီအောင်မြင်မှုရဲ့ (၈၅) ရာခိုင်နှုန်းအကြောင်းတွေပဲ။ Attitude (အမြင်သဘောထား) ဆိုတာ အင်္ဂလိပ်ဘာသာစကားမှာ အရေးအကြီးဆုံး စကားလုံးပဲ။ အဲဒီစကားလုံးဟာ မိမိရဲ့ ပုဂ္ဂလိက ဘဝ၊ ပရော်ဖက်ရှင်နယ်ဘဝတွေ အပါအဝင် ဘဝရဲ့ နယ်ပယ်စုံနှင့် သက်ဆိုင်တယ်။ အမှုဆောင် အရာရှိတစ်ဦးဟာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မရှိပဲ ကောင်းမွန်တဲ့ အမှုဆောင် အရာရှိတစ်ဦး ဖြစ်နိုင်ပါရဲ့လား။ ကျောင်းသားတစ်ယောက်ဟာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မရှိပဲ ကောင်းမွန်တဲ့ ကျောင်းသားတစ်ဦး ဖြစ်နိုင်ပါရဲ့လား။ မိဘတွေ၊ ဆရာ ဆရာမတွေ၊ အရောင်းသမားတွေ၊ အလုပ်သမားတွေ ဒါမှမဟုတ် အလုပ်ရှင်တွေဟာ ကောင်းမွန်တဲ့ စိတ်နေသဘောထား မရှိပဲ ကောင်းမွန်တဲ့ မိဘတွေ၊ ဆရာ ဆရာမတွေ၊ အရောင်းသမားတွေ၊ အလုပ်သမားတွေ ဒါမှမဟုတ် အလုပ်ရှင်တွေ ဖြစ်နိုင်ပါရဲ့လား။

သင်ရွေးချယ်တဲ့ နယ်ပယ်ကို ထည့်မတွက်ပဲ အောင်မြင်မှုရဲ့ အခြေခံ အုတ်မြစ်ဟာ အမြင်သဘောထားပဲ ဖြစ်ပါတယ်။

စိတ်နေသဘောထားက အောင်မြင်မှုရဲ့ အရေးပါတဲ့ အချက်ဖြစ်တယ်ဆိုရင် ဘဝအပေါ်မှာ ထားတဲ့ သင့်ရဲ့ စိတ်နေစိတ်ထားကို စစ်ဆေးမကြည့်သင့်ပေဘူးလား။ သင့်ရဲ့ စိတ်နေစိတ်ထားက သင့်ရဲ့ အောင်မြင်မှု ပန်းတိုင်ကို ဘယ်နည်းဘယ်ပုံ အကျိုးသက်ရောက်စေတယ်ဆိုတာကိုရော မမေးသင့်ပေဘူးလား။

ရည်ညွှန်း။ Macmillan India Ltd က ပြန်လည်ရိုက်နှိပ် ထုပ်ဝေတဲ့ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ စာမျက်နှာ ၂၊ ၃ မှ စာပိုဒ်နှစ်ပိုဒ်ကို ဘာသာပြန်ပြီး ပို့စ် တင်လိုက်တာပါ။

Bone Nyan
Mumbai, India
08/12/2010

Dec 1, 2010

ကမ္ဘာကြီးရဲ့ အခြေခံကို စရှာခဲ့ကြတဲ့ အတွေးအခေါ်သမားတွေ

မနေ့ တစ်နေ့က ဒီဃနိကာယ်လာ ဗြဟ္မဇာလ သုတ်တော်ကို ပြန်ဖတ်ဖြစ်တယ်။ အယူဝါဒ အကြောင်းတွေ ဖတ်နေရင်း ကမ္ဘာလောကကြီး အကြောင်းကို သက်ဆိုင်ရာ ဝါဒရှင်တွေ အသီးအသီက ဉာဏ်မှီသလောက် ယူဆကြ တာတွေကို သတိထားမိတယ်။ ဖတ်ရင်းနဲ့ ကမ္ဘာလောကကြီးကို လူတွေ စိတ်ဝင်စား ကြတဲ့ အကြောင်း အနောက်တိုင်း ဒဿနမှာရော အရှေ့တိုင်း (အိန္ဒိယ) ဒဿနမှာပါ တွေ့ရတယ် ဆိုတာကို သတိယမိတယ်။ ဒါနဲ့ အနီးအနားက ရတတ်သမျှ စာအုပ်လေးတွေ လှန်လှော ဖတ်မိပြန် ရော။ 

တကယ်ဆိုတော့ “လူ”အကြောင်းကို စိတ်ဝင်စားနေမိတာပါ။ နယ်ပယ်ကို ချုံ့ပြီး ပြောရရင် အထူးသဖြင့်တော့ ဗုဒ္ဓစာပေမှာ လာတဲ့ လူနှင့်ဆိုင်တဲ့ အယူအဆကို စိတ်ဝင်စားနေမိတာပါ။ ဒါပေမဲ့ အဲဒါတွေက ဖတ်ဖြစ် လေ့လာဖြစ်ခဲ့ရင်တောင် စာဖြစ်လာပါ့မလားဆိုတာတော့ မသေချာသေးဘူး။ (စာရေးပျင်းတာလဲ ပါတာပေါ့လေ။) ရေးဖြစ်ခဲ့ရင် နိဒါန်းလေးဖြစ်သွားအောင် ခုတော့ လူတွေမှီရာ ဒီကမ္ဘာအကြောင်းကို အတွေးအခေါ် ဂိုဏ်းတွေ ပေါ်စက တွေးခဲ့ကြတာကို ပြန်ချုံ့ရေးပြီး ပို့စ်အဖြစ် တင်လိုက်ပါတယ်။

အနောက်တိုင်း ဒဿနပညာရပ်ကို စတင်တည်ဆောက်ခဲ့ကြသူများလို့ သမိုင်း တင်ခံထားကြရသူများ သည်ပင် စကြာဝဠာကြီးရဲ့ သဘောသဘာဝနှင့် မည်သည့်အရာတွင် အခြေခံကြောင်းများကို စူးစမ်း လေ့လာခဲ့ကြတာကို တွေ့ရပါတယ်။ 

အနောက်တိုင်း ဒဿနရဲ့ ဖခင်ကြီးလို့ အသိအမှတ်ပြုခံရတဲ့ သေးလိ (ဇ်) (Thales 624 – 546 BC) က စကြာဝဠာကြီးကို ရုပ်သဘောတရားအဖြစ် ရှုမြင်ခဲ့ပြီး ရေ သို့မဟုတ် စွတ်စိုမှုဓာတ် (water or moisture) ကို အရာရာကို ဖြစ်စေသော အခြေခံဓာတ် (fundamental principle) အဖြစ် စဉ်းစား တင်ပြခဲ့တယ်။ သတ္တဝါတိုင်းဟာ ရေကို အမှီပြုပြီး အသက်ရှင်သန်ကြရတယ်။ ရေခိုးရေငွေ့ဟာ မီးဓာတ်အဖြစ် ပြောင်းလဲနိုင်သလို မိုးရေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ မိုးရွာသွန်းလိုက်ရင် မီးဓာတ်၊ လေဓာတ်များဟာလဲ ရေဓာတ်အဖြစ် ပြန်ပြောင်းလာတယ်။ ဒီမိုးရေတွေ ခန်းချောက်သွားပြန်တော့ မြေဓာတ် (ပထဝီဓာတ်) အဖြစ် ပြောင်းလဲ သွားပြန်ရောတဲ့။ အဲဒီ ပထဝီ (မြေ)ဓာတ်ကနေ စိမ့်စမ်းရေ၊ မြစ်ရေတွေ ဖြစ်ပေါ်လာပြန်တယ်။ ဒါကြောင့် အရာအားလုံးဟာ ရေကပဲ ဖြစ်လာပြီး ရေဓာတ်အဖြစ်ပဲ ပြန်ရောက်ရတာပဲ။ ဒီတော့ ရေဟာ အခြေခံဓာတ် ဖြစ်ရပါတယ်လို့ သူက တွေးခေါ်ပါတယ်။

သေးလိ(ဇ်)ရဲ့ တပည့်ဖြစ်သူ အနက်ဇီမန်ဒါး (Anaximander – 610 – 546 BC)ကတော့ သူ့ဆရာရဲ့ အယူအဆဖြစ်တဲ့ စကြာဝဠာကြီးဟာ  ရုပ်သဘောတရားဖြစ်တယ် ဆိုတာကို ဆက်ခံပါတယ်။ ဒါပေမဲ့ စကြာဝဠာကြီးရဲ့ အခြေခံဓာတ်က ရေဓာတ်ပဲ ဖြစ်တယ်ဆိုတဲ့ အယူအဆကိုမူ ငြင်းပယ်ခဲ့ပြန်ပါတယ်။ ရေဓာတ်ဟာ အခြေခံအကျဆုံးသော ဓာတ်ဖြစ်မယ်ဆိုရင် ကမ္ဘာလောကကြီးဟာ စိုစွတ်မှု လွန်းကဲ နေရမယ်။ စိုစွတ်မှု လွန်ကဲနေရင် မီးဓာတ်ဆိုတာ မရှိနိုင်တော့ဘူး။ ဒါပေမဲ့ လက်တွေ့မှာ မီးဓာတ်ဆိုတာာက ရှိနေတယ်။ ဒါကြောင့် အခြေခံဓာတ်ဟာ ရေဓာတ် မဖြစ်နိုင်ဘူး။ ဒီတော့ ကမ္ဘာကြီးသည် ဆန့်ကျင်ဖက်အရာများ စုပေါင်းတည်ဆောက်ထားခြင်း ဖြစ်တယ်။ ဒါကြောင့် စကြာဝဠာကြီးဆိုတာ ရေ၊ မြေ၊ လေ၊ မီးဓာတ်တို့ ပေါင်းစုထားတဲ့ အနန္တဓမ္မ (ဆုံးစမရှိ) ဓာတ်ဖြစ်ပါတယ်။ အနန္တဓမ္မ (apeiron or the infinite) သည်ပင် ၄င်းကိုယ်တိုင်ရဲ့ ထာဝရဖြစ်တည်မှု စွမ်းအားဖြစ်တယ်။ အရာအားလုံးကို ဖြစ်ပေါ်စေတယ်။ ပြီးတော့ အားလုံးကို သူကပဲ စိုးမိုး အုပ်ချုပ်တယ်လို့ သူ့ဒဿနက ဆိုပါတယ်။ 

တစ်ဖန် အနက်ဇီမန်းဒါးရဲ့ တပည့် အနက်ဇီမိနိ (Anaximenes, 588 – 525 BC)ကမူ စကြာဝဠာကြီးကို ရုပ်ဖြစ်တယ်၊ အခြေခံသဘောတရား တစ်ခုတည်းပဲ ရှိတယ်လို့ ဆက်ခံ ယူဆပေမဲ့ ယင်း၏ အခြေခံတရားမှာ ဓာတ်လေးမျိုးလုံး ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ လက်မခံပြန်ပါဘူး။ သူက စကြာဝဠာကြီးရဲ့ အခြေခံဓာတ်မှာ လေလို့ ဆိုပြန်ပါတယ်။ လေဆိုတာ ပူတဲ့သဘောကို ဖြစ်စေနိုင်သလို အေးတဲ့ သဘောကိုလဲ ဖြစ်စေနိုင်တယ်။ နောက် အစိုင်အခဲ အဖြစ်သို့လဲ ပြောင်းလဲနိုင်တယ်။ လေမရှိရင် သတ္တဝါတွေ အသက် မရှင်နိုင်ဘူး။ ဒါကြောင့် စကြာဝဠာကြီးရဲ့ အခြေခံဓာတ်ဟာ လေဖြစ်တယ်။ လေဟာ ကမ္ဘာလောကကြီးကို လွှမ်းခြုံထားတယ်။ (Air encompass the world တဲ့။) စကြာဝဠာကြီးဟာ လေပေါ်မှာ တည်ပြီး ပြားတဲ့ ပုံစံရှိတယ်ဆိုပဲ။

နောက်ပိုင်း ဒဿနပညာ တိုးတက် ပြန့်ပွားလာပြီး ဂိုဏ်းဖွဲ့ ပြောကြတော့ ဒီဒဿနပညာရှင် သုံးယောက်လုံးကို သူတို့ မွေးဖွား နေထိုင်တဲ့ မိုင်လိတပ်စ်မြို့ကို အခြေခံပြီး မိုင်လိတပ်စ်ဂိုဏ်း(သား)လို့ ရည်ညွန်းသုံးနှုန်းကြပါတယ်။ ဒီဂိုဏ်းသားတွေရဲ့ အတွေးအခေါ်ကို ခြုံငုံ သုံသပ်ကြည့်ရင် စကြာဝဠာကြီးကို ရုပ်အဖြစ်သာ ရှုမြင်ကြတယ်။ သဘာဝကို ဖြေရှင်းရာမှာ အစဉ်အလာ ယုံကြည်မှုဖြစ်တဲ့ အနန္တ တန်ခိုးတော်ရှင်ဘုရား၊ တန်ခိုးတော်ရှင် နတ်တွေ၊ စုန်းတွေရဲ့ အကူအညီနှင့် မဖြေရှင်းပြခဲ့ကြဘူး။ သဘာဝကို သဘာဝတရားနှင့်သာ လက်တွေ့ကျကျ ဖြေရှင်းကြတာကို တွေ့ရတယ်။ အဲဒီလို ဖြေရှင်းချက် ထုပ်ရာမှာ မြင်တွေ့ရတဲ့ အဖြစ်အပျက် အကြောင်းအရာပေါ်မူတည်တဲ့ အတွေ့အကြုံ အာရုံနည်းနှင့် ဖြေရှင်းတာကို တွေ့ရတယ်။ သူတို့တွေရဲ့ တွေးခေါ်မှုဟာ သိပ္ပံနည်းကျ တွေးခေါ်မှုဆီ စတင် ရှေးရှုစေ ခဲ့ပါတယ်။

ဒီတွေးခေါ်ရှင်တွေ တင်ပြခဲ့တဲ့ စကြာဝဠာဆိုင်ရာ ဖြေရှင်းချက်တွေဟာ မှန်တယ်လို့ မဆိုနိုင်ဘူး။ လေးနက်မှု လဲ မရှိလှသလို အတွေးအခေါ်စနစ်ကျနမှုလဲ မရှိပါဘူးတဲ့။ ဒီတော့ သူတို့တွေရဲ့ အတွေးအခေါ်တွေဟာ ဒီခေတ်ကနေ ပြန်လှမ်းကြည့်လိုက်တော့ အရေးပါ အရာရောက်မှုလဲ မရှိတော့ဘူးပေါ့။ ဆရာတွေက ဒီလို သုံးသပ်ပြကြပါတယ်။ 

ဒါပေမဲ့ စာရေးသူ အခြား ရှုဒေါင့်တစ်မျိုးကနေ ခြုံငုံပြောလိုတာကတော့ သူတို့တွေဟာ အများလက်ခံထားတဲ့ အစဉ်အလာ ယုံကြည်မှုတွေကနေ ခွဲထွက်နိုင်တဲ့ အသိဥာဏ်၊ ခွဲထွက်ရဲတဲ့ သတ္တိ ကြီးမားတာက အလွန်လေးစားစရာ ကောင်းပါတယ်။ အမှန်တရားကို မြတ်နိုးမှုနှင့် ရှာဖွေလိုမှုကလဲ ချီးကြူးစရာပါ။ တစ်ပြိုင်နက်တည်းမှာပဲ တစ်ယောက်ရဲ့ အတွေးအခေါ်ကို နောက်တစ်ယောက်က အခြေခံပေမဲ့ ငါ့ဆရာကြီးပြောတာသာ အမှန်လို့ တစ်ယူသန် တစ်စောက်ကန်း စိတ်ထားမျိုး၊ စွဲကိုင်မှုမျိုး မရှိပဲ ဆင့်ကဲ တွေးခေါ်ကြတာကလဲ ကောင်းပါတယ်။ “ဆရာထက် တပည့် လက်စောင်းထက်” ပုံစံမျိုး ဖြစ်လာတာကိုက အလွန်အားရ ကျေနပ်စရာ ကောင်းပါတယ်။ “အစဉ်အလာက ဒီလိုဆိုတာဆိုပြီး ဟုတ်ပြီမှန်ပြီလို့ မယူဆနှင့်။ ငါ့ဆရာကြီး ပြောတာမို့၊ ငါတို့ အကြီးအကဲ ပြောတာမို့ သူပြောတာသာမှန်တယ်လို့ မယူစွဲလေနှင့်” စတဲ့ မြတ်ဗုဒ္ဓရဲ့ ကာဠာမသုတ်တော်လာ ဟောကြားချက်များကို သတိယမိပါတယ်။ တွေးခေါ် မျှော်မြင်မှုဟာ လူတွေ အတွက် မရှိမဖြစ် လိုအပ်ပြီး လွတ်လပ်မှု ရှိဖို့လဲ လိုအပ်လှပါတယ်။ ဒါမှလဲ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ပါလား။

မှတ်ချက်။ John Edward Bentley ရဲ့ Philosophy: An Outline - History မှာတော့ သေးလိ (ဇ်)ကို ၆၄၀ ဘီစီမှာ မွေးပြီး ၅၅၀ မှာ ကွယ်လွန်ကြောင်း ပြထားပါတယ်။

ကမ္ဘာဂြိုဟ်ပုံကို http://science.nationalgeographic.com/science/photos/earth-moon-gallery.html မှ ယူထားပါတယ်။

ဘုန်းဉာဏ်
၀၁၊ ၁၂၊ ၂၀၁၀

ရည်ညွှန်း။
၁။ ခင်အေးသီ၊ ဒေါ်၊ အနောက်တိုင်း ဒဿနပညာ၊ ပထမတွဲ၊ အပိုင်း (၁)၊ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်၊ ၁၉၇၈။
၂။ Bentley John Edward, Philosophy: An Outline - History, (reprint), Littlefield, Adams & Co.,  USA, 1958. 
၃။ Diane Collinson and Kathryn Plant, Fifty Major Philosophers, 2nd edition, Routlege, 2006.

Nov 20, 2010

အကယ်၍


 VOA မြန်မာပိုင်း အစီအစဉ်က (၂၀၁၀) နိုဝင်ဘာလ (၁၆)ရက် အင်္ဂါနေ့ညမှာ ဒေါ်အောင်ဆန်း စုကြည် ဘာသာပြန်ခဲ့တဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို ထုပ်လွင့်တာကို ကြားလိုက်ရပါတယ်။  ကိုကျော်အောင် လွင် စီစဉ်တင်ဆက် တဲ့ “အနုပညာ မိုးကောင်းကင် ကဏ္ဍ” မှာ ဝိုင်းတော်သူတွေက ရွတ်ဖတ် ပြထားကြတာပါ။ နားထောင်လို့ အလွန် ကောင်းပါတယ်။

ဘာအကြောင်းကြောင့်ပဲ စိတ်အား ငယ်ငယ်၊ ဘယ်လို ရည်မှန်းချက် ပန်းတိုင်ကိုပဲ ချီတက်တက်၊ ကိုယ့် အနီးအပါးက လိုက်ပါအားပေးနေတဲ့ အနီးဆုံးနှင့် အရေးအကြီးဆုံးလူလို စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေပါတယ်။ ဘာသာပြန်လက်ရာကလဲ တကယ့် မြတ်နိုးစရာ၊ စွဲလမ်းနှစ်သက်စရာ နူးညံ့ သိမ်မွေ့လှတယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က Rudyard Kipling ရဲ့ If လို့ အမည်ပေးထားတဲ့ ဒီကဗျာကို  ဘာသာပြန်ခဲ့တာလို့ ဆိုပါတယ်။ “စိတ်ဓာတ်ခွန်အားကို ဖြစ်စေတဲ့ ကမ္ဘာကျော် ကဗျာတွေထဲက ထိပ်တန်းကဗျာတစ်ပုဒ် ဖြစ်ကြောင်းနှင့် ဒီကဗျာကို အခြေခံပြီးတော့ အနုပညာ တင်ဆက်မှုတွေလဲ ပုံစံမျိုးစုံ ရှိကြောင်း ” ကိုကျော်အောင်လွင်က ရှင်းပြတာကို ကြားရပါတယ်။

ကဗျာဆရာ Rudyard Kipling ကို ဗြိတိသျှ ကိုလိုနီ အိန္ဒိယနိုင်ငံ ဘုံဘေ (မွန်ဘိုင်း) မြို့မှာ ဒီဇင်ဘာ (၃၀)ရက် (၁၈၆၅) ခုမှာ မွေးဖွားပါတယ်။ Kipling ဟာ အင်္ဂလိပ်လူမျိုး တစ်ဦး ဖြစ်ပြီး ကဗျာနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို ရေးသားခဲ့တဲ့ နာမည်ကြီး စာရေးဆရာ၊ ကဗျာဆရာတစ်ယောက်ပါ။ သူဟာ စာပေဆိုင်ရာ နိုဘယ်ဆုကို (၁၉၀၇) ခုနှစ်မှာ လက်ခံ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနှင့် ရေးတဲ့ နိုဘယ်လ်ဆုရ စာရေးဆရာတွေထဲမှာ သူဟာ ပထမဆုံးဖြစ်ပြီး ဒီနေ့အထိ အသက် အငယ်ဆုံး စာပေနိုဘယ်လ်ဆုရှင်လဲ ဖြစ်ပါသတဲ့။

သူရေးခဲ့တဲ့ နာမည်ကြီး စာပေလက်ရာတွေကတော့ The Jungle Book (1894)၊ Kim (1901) The Man Who Would Be King (1888) အပါအဝင် ဝတ္ထုတိုများစွာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နန်းမြို့တော် ဖြစ်ခဲ့တဲ့ မန္တလေးမြို့တော် အကြောင်း ရေးဖွဲ့ထားတဲ့ Mandalay ဆိုတဲ့ ကဗျာ (1890)ကလဲ သူရဲ့ နာမည်ကြီး ကဗျာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

 ဗွီအိုအေ သတင်းတင်ဆက်သူတွေ ရွတ်ဖတ်ပြတဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို စာလုံးများအဖြစ် ပြောင်းလဲပြီး ဘလော့ဂ် စာဖတ်ပရိတ်သတ်ကို မျှဝေလိုက်ပါ။တယ် အမှန်ကို ပြောရရင် ဒီကဗျာ မြန်မာပြန်ကို စာရေးသူ မတွေ့ဖူး မဖတ်ဖူးပါဘူး။ ဒါကြောင့် စာပိုဒ်တွေကို အင်တာနက်ပေါ်မှာ တွေ့ရတဲ့ အင်္ဂလိပ်လိဘာသာ ကဗျာကို ကြည့်ပြီး   ခွဲထားပါတယ်။ အင်္ဂလိပ်လို ကဗျာကိုလဲ  မျှဝေပေးလိုက်ပါတယ်။

ဘလောဂ်ပုံစံကြောင့် တစ်ကြောင်းထဲပြီးရမဲ့ စာတွေက နှစ်ကြောင်းဖြစ်၊ နှစ်ကြောင်းပိုဒ်တွေက သုံးကြောင်းဖြစ်နေတာတွေကိုလဲ နားလည်ခွင့်လွှတ်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ်။ သတ်ပုံ၊ အဖြတ်အတောက်စတဲ့ မှားယွင်းမှု တစ်စုံတစ်ရာ ရှိခဲ့ရင် သို့မဟုတ် ဘာသာပြန်သူရဲ့ မူလစာအထားအသိုနှင့် ကွဲလွဲနေခဲ့ရင် တင်ပြသူ ဘုန်းဉာဏ်ရဲ့ တာဝန်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။ 

အကယ်၍
အကယ်၍ မင်းအသိုင်းအဝိုင်း တုန်လှုပ်ချေက်ချားပြီး ဒါတွေဟာ မင့်ကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် ရင်ဆိုင်နိုင်မယ်ဆိုရင်၊
အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနှင့် မင်းကိုမင်း ယုံကြည်မှု အပြည့် ရှိမယ်ဆိုရင်၊
အကယ်၍ စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လဲ မမောမပန်း နေနိုင်မယ် ဆိုရင်
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ
မင်းကလဲ အလိမ်အညာတွေနှင့် မတုန့်ပြန်ဘူး ဆိုရင်၊
ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့ အခါ
မင်းကလဲ အမုန်းတွေ ပြန်မပွားဘူး ဆိုရင်၊

အကယ်၍ စိတ်ကူးယဉ် အိက်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ် ဆိုရင်၊
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ
တွေးခေါ်နိုင်မယ် ဆိုရင်၊
အကယ်၍ အောင်မြင်မှု သုခနှင့် ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့ ခံယူနိုင်မယ်ဆိုရင်၊
အကယ်၍ မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ပစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် နာကြားနိုင်မယ် ဆိုရင်
အကယ်၍ မင်းဘဝ တစ်ခုလုံး ပေးပြီး အရိပ်တကြည့်ကြည့်နှင့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံ လိုက်ရပြီးတဲ့နောက် အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနှင့် ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်၊

အကယ်၍ မင်းနိုင်ခဲ့သမျှတွေ အားလုံး
ကြွေတစ်လှည့် ကြက်တစ်ခုန် ပမာ တစ်လှည့်တစ်ခါတည်းနှင့် ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ငြီးငြူမနေဘူး ဆိုရင်၊
အကယ်၍ သူများတကာတွေ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်း အလှည့် ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်း နှင့်ပဲ အားနှင့် မန်နှင့် ဇွဲသတ္တိရှိရှိ ဆက် ကြိုးစားနိုင်မယ် ဆိုရင်
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားက လွဲလို့ ဘာဆို ဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကို ခိုင်မာစွာနှင့်ပဲ လက်ဆုပ်လက်ကိုင် ထားနိုင်မယ် ဆိုရင်၊

အကယ်၍ လူတွေနှင့် ထိတွေ့ဆက်ဆံ ပြောဆိုတဲ့ အခါ
ကိုယ်ကျင့် သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်၊
ဒါမှမဟုတ် မင်းဧကရာဇ်တွေနှင့် အတူ လမ်းလျောက်နေရပေမဲ့ မာန် မာန သွေး မကြွဘူး ဆိုရင်၊
အကယ်၍ ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို နာကြည်းအောင် မလုပ်နိုင်စေရင်၊
အကယ်၍ လူတိုင်းကို တန်းဘိုးထား လေးစားပေမဲ့ စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်
အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ် အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်
ငါ့သားရေ ... မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်း စွမ်းနိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလဲ ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။


If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";

If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!

  
ရည်ညွှန်း။
၁။ ဗွီအိုအေ မြန်မာပိုင်း၊ အနုပညာ မိုးကောင်းကင် အစီအစဉ် (၁၆၊ ၁၁၊ ၂၀၁၀) ညပိုင်း အစီအစဉ်။
၂။ http://en.wikipedia.org/wiki/Rudyard_Kipling
၃။ http://www.everypoet.com/archive/poetry/Rudyard_Kipling/kipling_if.htm
၎။ http://www.kipling.org.uk/poems_if.htm

ဘုန်းဉာဏ်

၂၁၊ ၁၁၊ ၂၀၁၀

Nov 15, 2010

မေတ္တာ ရောင်ပြန်

အမျိုးသား ခေါင်းဆောင်လို့ ပြည်သူတွေက ယုံကြည် သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ၁၃၊ ၁၁၊ ၂၀၁၀ နေ့ ညနေ ၅: ၁၅ မိနစ်ခန့်မှာ အစိုးရက နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပါတယ်။ စစ်အစိုးရ အနေနှင့် သူမကို ဖမ်းဆီးထားရာနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုသံတွေကလဲ တစ်ကမ္ဘာလုံးမှာ ပွက်လောညံနေခဲ့ပါတယ်။

၁၂ ရက်နေ့ ကတည်းက သူမ လွတ်မယ်လို့ စောင့်မျှော်နေခဲ့ကြတဲ့ အတွက် ဒီနေ့မှာတော့ ပိုမိုများပြားလှတဲ့ လူတွေဟာ စိတ်ရှည်ရှည် စောင့်နေခဲ့ကြတယ်တဲ့။ လွတ်ပြီးပြီးချင်း အချိန်အနည်းငယ် အတွင်းမှာပဲ လူတွေ သောင်းနှင့် ချီတဲ့ အထိ ရောက်လာခဲ့ကြတယ်။ နောက် အိမ်နားအထိ မရောက် နိုင်တော့တဲ့ လူတွေကိုပါ ရေတွက်ရင် သောင်းဂဏန်း အကြီးစား အထိ ရှိမယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရသလို ဓာတ်ပုံတွေ၊ ဗွီဒီယိုသတင်းတွေကို ကြည့်ရင်လဲ သိသာပါတယ်။ 

ပြည်တွင်းက ပြည်သူတွေသာ မကပါဘူး။ ပြည်ပရောက် မြန်မာတွေဟာလဲ တစ်ချိန်လုံး လိုလို နားစွင့်နေကြ၊ စောင့်မျှော်နေကြဟန်တူပါတယ်။ တီဗွီ သို့မဟုတ် အင်တာနက် စာမျက်နှာတွေပေါ်က တစ်ဆင့်ပေါ့။ ပိုအဆင်ပြေသွားတာက လွှတ်တဲ့နေ့ဟာ စနေနေ့ (အားလပ်ရက်) ဖြစ်လို့ပါပဲ။

ဒါကို ကြည့်ရင် လူတွေဟာ သူမကို ဘယ်လောက် အထိ ချစ်သလဲ၊ မြတ်နိုးသလဲ၊ ယုံကြည် မျှော်လင့်သလဲ၊ ထောက်ခံသလဲ ဆိုတာ အလွန်တရမှာ သိသာ မြင်သာတဲ့ မြင်ကွင်းပါ။ ဒါ ဘာကြောင့်ပါလဲ

တကယ်တော့ ဒါတွေဟာ လူတွေ အပေါ်မှာ ထားတဲ့ သူမရဲ့ စေတနာ မေတ္တာတွေ ရောင်ပြန်ဟပ်တာလို့ ယုံကြည် ယူဆပါတယ်။ 

ပြည်သူ ပြည်သားတွေရဲ့ အပေါ်မှာ ထားတဲ့ သူမရဲ့ စေတနာက ဖြူစင်တယ်။ သူ့အကျိုး သူ့အတ္တ မပါဘူး။ တိုင်းပြည်ထဲ ပြန်အဝင်ခံမှာ မဟုတ်တဲ့ အတွက် ခင်ပွန်းသည် ဆုံးခါနီးမှာရော ဆုံးပြီးချိန်တွေမှာတောင် သွားမတွေ့ခဲ့ဘူး။ မိသားစု တစ်ခုလုံးကို တိုင်းပြည်အတွက် စွန့်ထားခဲ့တယ်။ တိုင်းပြည် ညီညွတ် တိုးတက် သာယာဝပြောရေး အတွက်  ဘာအခွင့် အရေးနှင့်မှ မလဲခဲ့ဘူး။ ဒါကြောင့် သူ့စေတနာက သန့ှ်ရှင်းတယ်။ အရောင်ရောမှု မရှိဘူး။ 


အဲဒီလို စွန့်လွှတ် အနစ်နာခံတယ် ဆိုတာ မေတ္တာတရား ကြီးမား နက်ရှိုင်းလို့သာ လုပ်နိုင်တာပါ။ ကိုယ့်ကိုယ်ကို ချစ်တာနှင့် တိုင်းပြည်ကို ချစ်တာ တစ်ထပ်တည်း ထားနိုင်လို့သာ ဒီလို လုပ်နိုင်တာပါ။ မိသားစုကို ချစ်တာထက် တိုင်းပြည်ကို ချစ်တာက ပိုနေတယ်။ ဘာသာရေး အရ ပြောရရင် ကာယကံမေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံ မေတ္တာလို့ မေတ္တာ သုံမျိုး ရှိတဲ့ထဲက ကာယကံ မေတ္တာကို နှစ်ပေါင်းများစွာ မပျောက် မပျက် လက်တွေ့ ပြသနိုင်တဲ့ အတွက်ကြောင့် ပြည်သူ့ မေတ္တာ ပြန်ပြီး ရောင်ပြန်ဟပ်တာပါ။ 

စေတနာ မေတ္တာ ဒီလောက်ကြီးတော့လဲ ပြည်သူတွေ အပေါ်မှာ ထားတဲ့ ကတိ၊ သစ္စာက ခိုင်ခံ့ တည်ကြည်ပြီပေါ့လေ။ ဒါတွေကြောင့်လဲ ပြည်သူတွေက ဒီလောက် အထိ ချစ်မြတ်နိုးကြဟန် တူပါတယ်။ 

တကယ်တော့ သူမဟာ နှစ်ပေါင်း နှစ်ဆယ့် တစ်နှစ်မှာ ဆယ့်ငါးနှစ်လောက် အကျယ်ချုပ် ကျခံနေခဲ့ရတာမို့ လူထုနှင့် ထိတွေ့ရချိန်က တကယ့် နည်းနည်းလေးရယ်ပါ။ ဒါပေမဲ့ မြန်မာပြည်သူတွေနှင့် ကမ္ဘြာ့ပည်သူတွေ၊ ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်တွေရဲ့ နှစ်လုံးသားတွေကိုတော့ သိမ်းကြုံး ယူငင် ထွေးပွေ့ထားနိုင်သူ ဖြစ်နေပါတယ်။ ဒါကို ဒီနေ့ သတင်းတွေ၊ တုန့်ပြန်သံတွေက သက်သေ ပြနေပါတယ်။ 

အကောင်းဆုံ ပြယုဂ်ကတော့ ကမ္ဘာ့ ထိပ်ဆုံး နိုင်ငံကြီးရဲ့ သမ္မတ အိုဘားမားက ဒေါ်စုဟာ သူ့ရဲ့ သူရဲကောင်းပါလို့ ပြောသွားချက်ပါပဲ။ သူလွတ်လာတာကို ဝမ်းသာကြ၊ ကြိုဆိုကြတဲ့ ကမ္ဘာ့ ခေါင်းဆေင်တွေရဲ့ အသံတွေကို ၁၅ ရက် (တနင်္လာ) နေ့ အထိကြားနေရဆဲ ဖြစ်ပါတယ်။ ဥပမာ “မတရားမှုတွေကို ရဲရဲ ရင့်ရင့် ရင်ဆိုင်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဇွဲနှင့် သတ္တိဟာ အများအတွက် အားကျ အတုယူစရာ ဖြစ်တယ်” လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေဗစ် ကင်မရွန်းရဲ့ အောက်လွှတ်တော်မှာ ပြောသွားတဲ့ စကားမျိုးတွေပါ။

 ၁၄၊ ၁၁၊ ၂၀၁၀ နေ့မှာတော့  ဗဟန်းမြို့နယ်က ရွေဂုံတိုင် လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ လူထုကို တွေ့ဆုံပြီး မိန့်ခွန်းပြောပါတယ်။ သူကို တွေ့ချင် မြင်ချင်၊ သူ့အသံကို ကြားချင်လို့ လာကြတဲ့ လူအုပ်ကြီးကို ကြည့်ရတာ ကြက်သီးတောင် ထလောက်ပါတယ်။ ပြီးတော့ စကားပြောတာက နေ့ခင်း ၁၂ နာရီ၊ ဒီလို ပူအိုက်လှတဲ့ အချိန်မျိုးမှာ သိန်းချီ ရှိနိုင်တဲ့ လူအုပ်ကြီး လာရောက်ကြည့်ကြတာ၊ သူ့မိန့်ခွန်းကို လာနားထောင်ကြတာတွေဟာ အလွန်အံ့သြစရာ ဖြစ်ရပါတယ်။ လာရောက်ကြတဲ့ လူတွေရဲ့ မျက်နှာတွေပေါ်မှာလဲ အပြုံးပန်းတွေက ဝေလို့၊ ပီတိရေစင် ဖြန်းထားလို့ လန်းဆန်းနေတဲ့ ဒီမျက်နှာတွေကို အများသူငါ မြင်တွေ့နိုင်ပါတယ်။





မြန်မာပြည်မှာ ဖြစ်နေကြပုံစံလို တစ်အိမ်တစ်ယောက် ဆင့်ခေါ်တာမျိုးလဲ မဟုတ်၊ မလိုက်နိုင်ရင် ဒဏ်ငွေပေးရတာလဲ မရှိ၊ မလာနိုင်လို့ အာဏာပိုင် အဆင့်ဆင့်ကို ကြောက်စရာ စိုးရိမ်စရာလဲ မလိုပဲ ဒီလိုလာပြီး ကြိုဆိုကြ၊ နားထောင်ကြတာဟာ အထက်မှာ ပြောခဲ့တဲ့ ပြည်သူတွေ အပေါ်မှာ ထားတဲ့ သူမရဲ့ ကောင်းမြတ်တဲ့ စေတနာ၊ စစ်မှန်တဲ့ မေတ္တာတွေ ရောင်ပြန်ဟပ်တာပဲလို့ အခိုင် အမာ ယုံကြည်ကြောင်း ဆိုချင်ပါတယ်။

(ဓာတ်ပုံများ။ အထက်ဆုံး ဓာတ်ပုံ သုံးပုံမှာ AP က ဖြစ်ပြီး၊ အောက်ဆုံး သုံးပုံမှာ Eleven Media Group မှ ယူထားပါသည်။)