Pages

May 20, 2010

လွတ်လပ်စွာ ရွေးချယ်ခွင့်


မလေးရှား၌ ရှိနေစဉ် တနေ့မှာ ဒကာတစ်ဦးက မေးပါတယ်။ “အရှင်ဘုရား၊ တပတ်တခါ ဒါမမဟုတ် သတ်မှတ်ချိန်တိုင်း၌ ဝတ်ပြု ဝတ်တက် မလာပါက ငရဲကို မလွဲမသေ ရောက်စေ လို့ ဟောထား ပညတ် ထားတဲ့ သုတ်တော်များ ရှိပါသလား” တဲ့။ သူက ဆက်ပြောပါသေးတယ်။ အခြားဘာသာတွေမှာတော့ အဲဒီလို ရှိတယ်။ ဒါကြောင့် သူတို့ သတ်မှတ်တဲ့ နေ့တိုင်းမှာ မဖြစ်မနေ သွားပြီး ဝတ်တက်ကြတယ်တဲ့။ သူ့စေတနာ သူ့ဆန္ဒကတော့ ကျောင်းကို လူတွေ တစ်ပတ်တစ်ရက် သို့မဟုတ် နှစ်ရက် လာရောက် ဝတ်တက် ဝတ်ကပ် ပြုစေချင်တာပါပဲ။

ဒါပေမဲ့ ဗုဒ္ဓဘာသာမှာက အဲဒီလို ပညတ်ထားတာ မရှိပါဘူး။ သူ ပညတ်ထားတာကို ဖေါက်ဖျက်လို့ ဒဏ်ခတ်တယ် ဆိုရင် မဟာကရုဏာတော်ရှင် ဖြစ်ပါတယ်ဆိုတဲ့ သူ့ရဲ့ ဂုဏ်ပုဒ်ကို မေးခွန်းထုပ်စရာတွေ ဖြစ်လာတော့ မပေါ့။ ဗုဒ္ဓဘာသာမှာက သူ့အလိုလိုက် သူ့ အကြိုက် ဆောင်လို့ ဆုတော် လာဘ်တော် ပေးသနား ချီးမြှင့်တာမျိုးလဲ မရှိပါဘူး။ သူပြောတဲ့ အတိုင်း မလုပ်လို့  ဖြစ်စေ၊ သူ့ကို ပြန်ဝေဖန်လို့ ဖြစ်စေ မင်း ငရဲသွားပြီး ဆင်းရဲဒုက္ခ ခံစေဆိုတဲ့ ပြစ်ဒဏ်ခတ်ခြင်း မျိုးလဲ မရှိပါဘူး။ ကောင်းတာကိုပဲ ဖြစ်ဖြစ်၊ မကောင်းတာကိုပဲ ဖြစ်ဖြစ် သက်ဆိုင်သူဟာ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ပြုမူခွင့် ရှိပါတယ်။ ကိုယ်ရွေးချယ် ပြုလုပ်တဲ့ ကောင်းသော မကောင်းသော အလုပ်၊ အပြုမူ (ကံ)တွေကို ကိုယ်တာဝန်ယူရမှာပါ။ “ငါသည် ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသူဖြစ်၏။ ကံအမွေကို ခံရသူဖြစ်၏။ ကံဟူသောအကြောင်းရင်း ရှိသူဖြစ်၏။ ကံဟူသော ဆွေမျိုးရှိသူဖြစ်၏။  ကံသာလျှင် မှီခိုရာ ရှိသူဖြစ်၏။ ကောင်းသောကံကို ပြုသည် ဖြစ်စေ၊ မကောင်းသော ကံကို ပြုသည်ဖြစ်စေ ငါသည် ထိုကံ၏ အမွေကို ခံယူရပေလိမ့်မည်” လို့ အဘိဏှ ပစ္စဝေက္ခိတဗ္ဗဌာနသုတ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တရနိကာယ်မှာ ဟောထားတာက ဒီသဘောပါ။ 

ဒါကြောင့်မို့ ကောင်းတာကို လုပ်ချင်လဲ လုပ်လို့ရတယ်။ မကောင်းတာ လုပ်ချင်သပဆိုရင်လဲ ရပါတယ်။ ကိုယ့်မှာ စိတ်ကြိုက် ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုနှင့် တွဲပါလာတဲ့ တာဝန်ရှိမှုနှင့် ကိုယ်လုပ်ခဲ့တဲ့ အလုပ် (ကံတရား)ရဲ့ ကောင်ကျိုး ဆိုးပြစ်ကိုတော့ ကိုယ် လက်ခံရမှာပါ။ ထိုနည်းတူပါပဲ။ ဒုက္ခခပ်သိမ်း ကင်းလွတ်ငြိမ်းရာ နိဗ္ဗာန်ကို ရောက်ချင်တယ်ဆိုရင်လဲ ကိုယ့်အပေါ် မူတည်ပါတယ်။ ဒီလိုမဟုတ်လို့ “သံသရာဝဋ်ထဲ၊ မကျွတ်ဘဲ နေနေ၊ ဇွတ်ဆွဲလို့ တပေပေ” လုပ်ချင်သေးသပ ဆိုရင်လဲ ကိုယ့်အပေါ်မူတည်တာပါပဲ။ နိဗ္ဗာန်ကို အရောက်လှမ်းရာမှာပင် ပုံစံငါးမျိုးထဲက ကြိုက်တာကို ရွေးချယ်ပြီး သွားပိုင်ခွင့် ရှိပါတယ်။ (၁) ပကတိသာဝက အဖြစ်နှင့် သွားမလား၊ ဒါမမဟုတ် (၂) မဟာသာဝက၊ (၃) အဂ္ဂသာဝက၊ (၄) မဟာဗောဓိ (ဘုရားအဖြစ်)၊ (၅) ပစ္စေကဗောဓိ ဆိုတဲ့ ပုဂ္ဂိုလ်ငါးမျိုးမှာ ကြိုက်ရာ ပုဂ္ဂိုလ်ဖြစ်အောင် ရွေးချယ်ပြီး နိဗ္ဗာန်ကို သွားနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ရွှေးချယ်မှုနှင့် အတူပါလာတဲ့ ပါရမီဖြည့်မှုဆိုတဲ့ တာဝန်ကိုတော့ ကိုယ်ကိုယ်တိုင်ပဲ ယူရမှာပါ။ ဘယ်လူ ဘယ်နတ်ကမှ ရောက်စေ၊ ဖြစ်စေဆိုပြီး ဆုပေးလိုက်လို့ ရောက်သွားတာမျိုး ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ You should do your work, for the Tathagatas only teach the way လို့ (Dhp. XX 4 မှာ) ဗုဒ္ဓ ဟောတော်မူထားတာ ရှိတယ် မဟုတ်ပါလား။

အဲဒီလိုပါပဲ။ လူ့လောကမှာ အောင်မြင်တဲ့သူ ဖြစ်ချင်သလား။ ကျရှုံးသူ ဖြစ်ချင်သလား။ ကြီးမြတ်သူ ဖြစ်ချင်တာလား၊ ယုတ်ညံ့သူ၊ သေးသိမ်းသူဖြစ်ချင်တာလား။ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဘယ်လူ ဘယ်နတ်၊ ဘယ်အရာကမှ မင်း ဒီလူမျိုး ဖြစ်စေ၊ ဒီလောက်ဖြစ်စေလို့ ဖန်ဆင်းပေး၊ သတ်မှတ်ပေးထားတာ မဟုတ်ပါဘူး။ ဘယ်လိုလူမျိုးပဲ ဖြစ်ချင်သည် ဖြစ်စေ၊ ကိုယ်ရွေးချယ်ထားတဲ့ သူမျိုးဖြစ်အောင်တော့ ကိုယ့်တာဝန် ကိုယ်ထမ်း၊ ကိုယ့်လမ်း ကိုယ်ရောက်အောင် လျှောက်ရမှာပါ။ “မိမိသည်သာ မိမိ၏ အားကိုးရာ (One is one's own refuge.)” ဆိုတဲ့ ဟောကြားချက်နှင့် အညီ ကျင့်ကြံ လုပ်ဆောင်ကြရမှာပါ။ ဘယ်လောက်ထိ ဖြစ်သလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ဆန္ဒ၊ ကံ၊ ဥာဏ်၊ ဝီရိယ ဘယ်လောက် ရှိသလဲ ဆိုတဲ့ အချက်တွေ အပေါ်မှာသာ မူတည်ပါတယ်။ 

မေတ္တာဖြင့်
ဘုန်းဥာဏ်

May 5, 2010

ဗုဒ္ဓဒေသနာတော်များမှ ကောက်နှုတ်ချက်များ

ဒီတစ်ခါတော့ ကောက်နှုတ်ချက်တွေ တင်ပေးလိုက်ပါတယ်။ ဘုရားဟော ပါဠိတော်တွေထဲက စာဖတ်သူ များ အတွက် လိုအပ်မယ်ထင်တဲ့ ကောက်နှုတ်ချက်တွေပါ။ တစ်ခါ တစ်ခါတော့ ဘုရားဟော မူရင်းတရား တော်တွေကို ဖတ်ကြရတာ သိပ်ကို အရသာရှိပါတယ်။ တစ်ခါတစ်ရံတော့ တခြားအကြောင်းအရာတွေကို ဖတ် ချင်ပြန်တာပေါ့လေ။ 

အမေရိက ဟာဝိုင်ယီ တက္ကသိုလ်က ဗုဒ္ဓစာပေ ပညာရှင် အငြိမ်းစား ပါမောက္ခကြီး David J. Kalupahana ဟာ သီရိလင်္ကာနိုင်ငံ Kalaniya တက္ကသိုလ်ရဲ့ the Institute of Pali and Buddhist Studies ရဲ့ နှစ်ဆယ့်ငါးနှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို လာပါတယ်။ သူ စာတမ်းဖတ်အပြီးမှာ ကျောင်းသား တစ်ယောက်က ဆရာကြီး အခု (အငြိမ်းစာ ယူပြီးပြီဆိုတော့) ဘာတွေ လုပ်နေ ဖတ်နေပါသလဲ လို့ မေးပါ တယ်။ ဒီဆရာကြီးဟာ ထေရဝါဒ၊ မဟာယာန ဗုဒ္ဓဘာသာ ဒဿနိကတွေတင် မကဘူး။ အနောက်တိုင်း ဒဿနတွေကို ကျေနေအောင် ဖတ်ထားသူကြီး၊ ဗုဒ္ဓဒဿနကို ကျမ်းပေါင်းများစွာ ပြုစုထားသူကြီး ဆိုတော့ ကျောင်းသားက သိပ်သိချင်တာပေါ့လေ။ ဒီတော့ အငြိမ်းစား ပါမောက္ခကြီးက ဘာပြန်ဖြေတယ် ထင်ပါသလဲ။

ကျွန်တော် ရှိသမျှ ဒဿနိကစာအုပ် စာတမ်းတွေ အကုန်လုံး လှူလိုက်ပြီ။ အခုတော့ ဘုရားဟော နိကာယ် ငါးကျမ်းပါဠိတော်တွေကိုပဲ ထိုင်ဖတ်နေတာပါ” တဲ့။ 

အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကို တလည်လည် လို့ ပြောကြတယ် မဟုတ်ပါလား။ တစ်ခါတရံ ဖြစ်တတ်တာလေးက စဖတ်တော့တော့ စိတ်ပဲ မဝင်စား သလိုလို၊ နားပဲ မလည်သလိုလိုနဲ့။ ဒီတော့ ပစ်ချထားလိုက်တယ် ဆိုပါတော့။ နောက် အတော်လေးကြာလို့ ကောက်ကိုင် ဖတ်မိတဲ့အခါ နှစ်လုံးသားထဲ စီးဝင်သွား၊ နားလည်သွားလိုက်တာများ ပီတိတွေ ပွားရတဲ့ အထိပါ။ ဒီလို အချိန်မျိုး၊ သို့မဟုတ် ဒီလိုလူမျိုးတွေ အတွက်တော့ အထူးကောင်းမယ် ထင်ပါတယ်။ 

လိုအပ်လို့ အကျယ် ဖတ်ချင်ရင် ရှာရလွယ်အောင် ကျမ်းညွှန်းတွေလဲ ပေးလိုက်ပါသေးတယ်။ ဘာသာရေး ဆိုင်ရာ အင်္ဂလိပ် ဝေါဟာရတွေနှင့် ရင်းနှီးလိုသူတွေ အတွက် အချို့အပိုဒ်တွေကိုတော့ အမေရိကန် ပါဠိ စာပေ ပညာရှင် ဆရာတော် ဘိက္ခုဗောဓိနှင့် ဂျာမန်ဆရာတော် အရှင် ဥာဏပေါဏိက (ပျံလွန်) တို့ရဲ့ အင်္ဂုတ္ထုရ် ဘာသာပြန် ညွန့်ပေါင်းကျမ်းထဲက အနည်းငယ် ကောက်နှုတ် တင်ပြလိုက်ပါတယ်။ (အင်္ဂလိပ်လို ဖတ်လေ့ရှိသူများ အတွက် မရည်ရွယ်ပါ)။

ဖတ်မှတ် လေ့လာ၍ ဒေသနာသုတ သာမက အအေးဓာတ်ပါ ရရှိခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
 
ဒေသနာတော်များမှ မေတ္တာနှင့် ပတ်သက်သည့် ကောက်နှုတ်ချက်များ
"ငါ၏ စိတ်သည် ဖောက်ပြန်ပြောင်းလဲခြင်း မဖြစ်စေရ၊ ကြမ်းကြုတ် ယုတ်မာသော စကားကိုလည်း မထွက် ဆိုမိစေရ၊ ဒေါသမသမ်း မေတ္တာလွှမ်းကာ ချမ်းသာကြီးပွားလိုသောစိတ် ထား၍သာ ငါနေမည်။

ထိပါးပြောဆိုလာသူကိုလည်း မေတ္တာစိတ် ဖြန့်လွှမ်းပို့လွှတ်၍သာ နေမည်။ သတ္တလောက တစ်ခုလုံးကို လည်း ကျယ်ပြန့် မြင့်မြတ်၍ ကန့်သတ်ချက်မထင်၊ တွင်း ပြင်ဘေးရန်လည်း မစွက်၊ မေတ္တာစိတ် သက်သက် ဖြင့် ဖြန့်လွှမ်းပို့လွှတ်၍သာ ငါနေမည်" ဟု နှလုံးသွင်း လေ့ကျင့်ကြကုန်လော့။

(ကကစူပမသုတ်၊ မဇ္ဈိမနိကာယ်၊ သုတ်တော် အမှတ် ၂၁)။

 

အစ္ဆရာသင်္ဃာတသုတ်တော်များ (လက်ဖျစ်တစ်တွက်မျှ မေတ္တာ)
ရဟန်းတို့! ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့် ယှဉ်သောစိတ်ကို အကယ်၍ မှီဝဲအံ့ (ပွားများအံ့။ နှလုံးသွင်းအံ့။)။ ရဟန်းတို့! ဤရဟန်းသည် ဈာန်မှ ဆိတ်သုဉ်း ကင်းကွာမှု မရှိပဲ နေသူ၊ ဘုရားရှင် ၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ ဘုရားရှင်၏ အဆုံးအမတော်ကို လိုက်နာ၍ နေသူ၊ တိုင်းသူ ပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်နေသူဟု ဆိုထိုက်၏။ ထိုမေတ္တနှင့် ယှဉ်သောစိတ်ကို ကြိမ်ဖန်များစွာ လေ့လာ ပွားများကုန်သော ရဟန်းတို့ကို မူကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။
(အံ၊ ၁၊ အစ္ဆရာသင်္ဃာတဝဂ်၊ အမှတ် ၃၊ ၄၊ ၅ သုတ်တော်များ)

Loving-kindness
Monks, if for just the time of a ginger-snap a monk produces a thought of loving-kindness, develops it, gives attention to it, such a one is rightly called a monk. Not in vain does he meditate. He acts in accordance with the Master's teaching, he follows his advice, and eats deservingly the country's alms-food. How much more so if he cultivates it! (I, vi, 3 – 5)
(Nyanaponika Thera & Bhikkhu Bodhi, (Trans & ed.) 2005, Numerical Discoursed of the Buddha, (An Anthology), 4th printing, Vistaar Publication, New Delhi, p. 36.

 
မေတ္တာသုတ် (မေတ္တာအကျိုး (၁၁) မျိုး)
ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို ပွားများအပ် ပြုစုပျိုးထောင်အပ်၊ ကြိမ်ဖန်များစွာ ပြုအပ်၊ ယဉ်ကဲ့သို့ ပြုအပ်၊ တည်မှီရာကဲ့သို့ ပြုအပ်၊ ခိုင်မြဲစွာ တည်စေအပ်၊ အခိုင်အခံ့ပြုအပ်၊ ကောင်းစွာ အားထုပ်အပ်သည် ရှိသော် အကျိုးတရား ဆယ့်တစ်မျိုးတို့ကို မျှော်လင့်နိုင်ကုန်၏။ အဘယ် ဆယ့်တစ်မျိုးတို့နည်း ဟူမူ -

ချမ်းသာစွာ အိပ်ရ၏၊ အိမ်မက်ဆိုး မမက်၊ လူတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရ၏၊ လူမဟုတ်သူ (နတ်၊ သားရဲ၊ ဘီလူး) တို့၏ ချစ်ခင်ခြင်းကို ခံရ၏၊ နတ်တို့၏ စောက်ရှောက်ခြင်းကို ခံရ၏၊ (မေတ္တာပွားများသည့်) သူကို မီး အဆိပ် လက်နက်တို့သည် မစွဲကျ မထိခိုက်နိုင်၊ လျှင်မြန်စွာ စိတ်တည်ကြည်၏၊ မျက်နှာအဆင်း ကြည်လင်၏၊ မတွေဝေပဲ သေရ၏၊ အလွန်မြင့်မြတ်သော (အရဟတ္တဖိုလ်) တရားကို ထိုးထွင်းမသိသော် ဗြဟ္မာပြည်သို့ ရောက်ရ၏။ 

(ဆောင်ပုဒ်)။ ။အိပ် နိုးချမ်းသာ၊ ကောင်းစွာ အိပ်မက်၊ ချစ်လျက် လူ နတ်၊ စောင့်လတ် နတ်များ၊ မီး ဆိပ် ဓား တို့၊ ရှောင်ရှား ကိုယ်မှာ၊ လျင်စွာ စိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ်တစ်ဖြာ သည်၊ မေတ္တာ ပွားမှု အကျိုးတည်း။
(အင်္ဂုတ္ထိုရ်ပါဠိတော် ၁၁၊ ၂ အနုဿတိဝဂ်၊ မေတ္တာသုတ်)

 
The Blessings of Loving-kindness
If, O monks, the liberation of the mind by loving-kindness is developed and cultivated, frequently practised, made one's vehicle and foundation, firmly established, consolidated, and properly undertaken, eleven blessings may be expected. What eleven?

One sleeps peacefully; one sees no bad dreams; one is dear to human beings; one is dear to non-human beings; one will be protected by devas; fire, poison and weapons cannot injure one; one's mind becomes easily concentrated; one's facial complexion will be serene; one will die unconfused; and f one does not penetrate higher, one will be reborn in the Brahma-world. (XI, 16)
(Nyanaponika Thera & Bhikkhu Bodhi, (Trans & ed.) 2005, Numerical Discoursed of the Buddha, (An Anthology), 4th printing, Vistaar Publication, New Delhi, p.273.

 
Parents in the Buddhist Perspective
"Brahma (mighty God)", monks, is a term for father and mother. "The early teachers" is a term for father and mother. "The early deities" is a term for father and mother. "Those worthy of worship" is a term for father and mother. And why? Parents are of great help to their children, they bring them up, feed them and show them the world. 
(AN. IV, 63)

I declare O monks, that there are two persons one can never repay. What two? One's mother and father.

Even if one should carry about one's mother on one shoulder and one's father on the other and while doing so should live a hundred years, reach the age of a hundred years; and if one should attend to them by anointing them with salves, by massaging, bathing and rubing their limbs,  and they should even void their excrements there - even by that would one not do enough for one's parents as the supreme lords and rulers over this earth so rich in the seven treasures, one would not do enough for them, one would not repay them. What is the reason for this? Parents do much for their children: they bring them up, feed them and guide them through this world.

But O monks, one who encourages his unbeleaving parents, settles and establishes them in faith; who encourages his immoral parents, settles and establishes them in virtue; who encourages his stingy parents, settle and establishes them in generosity; who encourages his ignorant parents, settle and establishes them in wisdom - such a one, O monks, does enough for his parents: he repays them and more than repays them for what they have done. 
(AN. II, iv, 2)
(Nyanaponika Thera and Bhikkhu Bodhi, 2000, (tran. & ed.),  Numerical Discourses  of the Buddha, Vistaar Publication, New Delhi, p. 42 -43). 


ကိုယ်နာကျင်သော်လည်း စိတ်မနာကျင်ပါစေနဲ့
ကိုယ် ခန္ဓာ နာကျင်သော်လည်း စိတ် မနာကျင်စေရ” ဟု မိမိကိုယ်ကိုယ် မိမိ လေ့ကျင့်ရမည်။
(နကုလပိတသုတ်၊ ခန္ဓဝဂ္ဂသံယုတ်)။

You should train yourself thus: 'even though I am afflicted in body, my mind will be unafflicted.' (Nakulaputa sutta, Khandavagga Samyutta)

အသိပေးခြင်း။ အကြောင်းညီညွတ်ပါက ဆက်လက် ကောက်နှုတ် တင်ပြပေးပါဦးမည်။
မေတ္တာဖြင့်
ဘုန်းဥာဏ်
Sitiawan, Malaysia
05/05/2010

Apr 30, 2010

ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာ


ဗုဒ္ဓမြတ်စွာကို 563 BC ၌ အန္ဒိယမြောက်ပိုင်း သကျနိုင်ငံတော် (ခုခေတ် နီပေါနိုင်ငံ) တွင် ဖွားမြင်တော်မူ ခဲ့ပါသည်။ ခမည်းတော်မှာ သကျနိုင်ငံတော်၏ အရှင် ဘုရင် သုဒ္ဓေါဒနဖြစ်ပြီး မယ်တော်ကတော့ မဟာမာယာဒေဝီဖြစ်ပါတယ်။ သူ၏ ကိုယ်ပိုင် အမည်မှာ သိဒ္ဓတ္ထဖြစ်ပြီး မျိုးနွယ်အမည်ကတော့ ဂေါတမဖြစ်သည်။ ထိုခေတ်က ထုံးစံအတိုင်း သက်တော် တဆယ့်ခြောက်နှစ်အရွယ်တွင် အလွန် ချောမော လှပပြီး သစ္စာတရားကြီးမားလှသည့် ယသောဓရာဒေဝီနှင့် ရွှေလက်ဆက်တော်မူခဲ့သည်။ 

နန်းတော်၌ စည်းစိမ်ချမ်းသာ အပြည့်ဖြင့် ချမ်းချမ်းသာသာ စံမြန်းရသော်လည်း ဘဝ၏ တကယ့်အမှန်တရားနှင့် လူသားထု၏ ဒုက္ခကို ရုတ်တရက် ကြုံတွေ့တော်မူရသောအခါ ထိုဒုက္ခတို့မှ လုံးဝ လွတ်မြောက်ရာကို ရှာဖွေရန် သူ ဆုံးဖြတ်ချက် အခိုင်အမာ ချခဲ့သည်။ ထို့ကြောင့် သက်တော် နှစ်ဆယ့်ကိုးနှစ်တွင် ရွှေနန်းတော်က သူ့ဘဝကို စွန့်လွှတ်တော်မူကာ ရဟန်းအဖြစ်သို့ပြောင်း၍ ဒုက္ခခပ်သိမ်း ကင်းပြတ်ငြိမ်းရာ နိဗ္ဗာန်ကို ရှာဖွေတော်မူခဲ့သည်။ ထိုခေတ်က အကျော်ကြားဆုံး ဆရာများ ထံတွင် သူတို့သင်ပေးနိုင်တာ မှန်သမျှ သင်ယူ ကျင့်ကြံခဲ့သည်။ မကြာမီ ဆရာများကိုယ်တိုင်က သူတို့နှင့် တန်းတူ ရည်တူ အဆင့်တူ ဟု အသိအမှတ်ပြုကြသည်။ ရှာဖွေနေသည့် အလုံစုံ လွတ်မြောက်ရာ၊ ဒုက္ခ အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်ကို မရသဖြင့် ထိုဆရာများကို စွန့်ကာ ကိုယ်တော်တိုင် နည်းလမ်း ရှာဖွေ ကျင့်ကြံ အားထုတ်ခဲ့သည်။ သက်တော် ၃၅ ၌ သိစရာမှန်သမျှ မကျန်ရအောင် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

ဗုဒ္ဓဖြစ်တော်မူသည်မှစ၍ (၄၅) နှစ်ကြာ လူအများ အကျိုးစည်းပွား တိုးပွားစေရန်နှင့် ချမ်းသာသုခ ရကြစေရန် တရားဒေသနာများ မနေမနား ဟောကြားဆုံးမတော်မူခဲ့ပါသည်။ အမျိုးသားနှင့် အမျိုးသမီး၊ ဘုရင်နှင့် ကျေးတော် ကျွန်တော်၊ ဇာတ်မြင့်နှင့် ဇာတ်နိမ့်၊ ပညာရှိနှင့် ပညာမဲ့၊ သူဌေးနှင့် ဆင်းရဲသား၊ ကြည်ညိုသူနှင့် မကြည်ညိုသူ၊ ရုပ်ချောနှင့် ရုပ်ဆိုး အမျိုးမျိုးသော လူတို့ကို အတန်းအစား လုံးဝ မခွဲခြားပဲ ဟောကြားဆုံးမတော်မူခဲ့ပါသည်။ 

ဟောကြားတော်မူရာတွင် ပြဿနာတစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာ စိစစ်ပြသည်။ ပြီးမှ စည်းစနစ်ကျကျ ပေါင်းစပ်ပြကာ ရှင်းလင်းလွယ်ကူစွာ အဓိပ္ပါယ်ဖေါ်ပေးသည်။ ဗုဒ္ဓသည် Socrati မမွေးမီကပင် Socratic Method ဟု ယခု လူသိများသည့်နည်း (Dialogue ပုံစံ) ဖြင့် သင်ကြား ဟောပြခဲ့ပါသည်။ အပြန်အလှန် ဟောပြော ဆွေးနွေးမှုတွင် ဗုဒ္ဓကို မည်သူမျှ မတုမီနိုင်ပါပေ။ ထို့ပြင် ပုဂ္ဂိုလ်အလိုက် စရိုက်နှင့် လျော်ညီအောင်၊ ဥာဏ်အနု အရင့်၊ ခံယူနိုင်စွမ်းတို့ကိုကြည့်၍ ဟောပြသည်။ တရားရမည့်သူရှိပါက အလွန်ဝေးကွာသော အရပ်သို့တိုင် ကြွရောက်ဟောပြသည်။ ပရိနိဗ္ဗာန် စံတော့မည့်ဆဲဆဲ (ကွယ်လွန်ရန် မိနစ်ပိုင်းအလို) အထိ သူ့တရားတော်နှင့် ပတ်သက်၍ သံသယရှိပါက မေးကြရန်၊ နောင်မှ မမေး လိုက်ရလေခြင်းလို့ စိတ်မကောင်း မဖြစ်ကြရန် မိန့်ကြားတော်မူခြင်းကား ကြားနာရသူတို့၏ စိတ်နှလုံးကို ထိရှစေပါသည်။ သူ၏ ဥာဏ်ပညာ၊ မေတ္တာနှင့် မဟာကရုဏာတို့ မည်မျှကြီးမားတော်မူကြောင်း သတိမထားမိ မရှိရအောင်ပင် ဖြစ်သည်။ သို့ကြောင့်ပင် ဗုဒ္ဓကို စံတုမမီသည့် ဆရာ ဟု ချီးမွမ်း ထောမနာ ကြပါတယ်။

ဗုဒ္ဓသည် လူ့ဘဝဆိုတာ ရခဲလှတဲ့အရာပါလို့ ဘဝတန်ဖိုးကို ဖော်ထုပ်ပြခဲ့သည်။ ဒါ့အပြင် ဆန္ဒ၊ ဝီရိယနှင့် တကယ်လုပ်က ဘုရားပင် အဟုတ်ဖြစ်နိုင်ကြောင်း ပြကာ လူသား၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု မြှင့်တင်ပေးခဲ့သည်။ လူ့ကိုယ်ကျင့်သိက္ခာ ပြည့်ဝပါက နတ်တို့အရှင် သိကြားမင်းသည်ပင် ရိုသေ လေးမြတ် ရကြောင်း ထုပ်ဖော်ပြခဲ့သည်။ သူကိုယ်တိုင်က ဘုရားမဖြစ်မီ မင်းသားဖြစ်ခဲ့သော်လည်း ကျွန်စံနစ်ကို တော်လှန်ခဲ့သည်။ ဇာတ်ခွဲခြားသည့် စနစ်ကို စိန်ခေါ်ခဲ့သည်။ သမိုင်းတွင် အမျိုးသမီးတို့၏ အခွင့်အရေးကို ပထမဆုံး မြှင့်တင်ပေးခဲ့သည်။ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ကောင်း မကောင်း၊ မှန် မမှန်၊ တရားနည်းလမ်းကျ မကျ စီစစ် ဝေဖန်ခွင့်ကို ပေးခဲ့သည်။ ဥပမာ - ကျန်းဂန်ထဲမှာ ပါလို့ ဒါသာလျှင်မှန်တယ်၊ ဒါကတော့ ဒို့ဆရာကြီး ပြောတာမို့ ဒါသာလျှင်မှန်တယ်လို့ မယူဆရ၊ မမှတ်ရဘူး ဆိုတာမျိုးတွေပါ (ကာလာမသုတ်၊ အင်္ဂုတ္ထုရ်ပါဠိ)။ တထာဂတ (ဘုရား) ကိုပင် ဘုရားဟုတ် မဟုတ် စီစစ်ပြီးမှ ယုံပါ (ဝီမံသကသုတ်၊ မဇ္ဈိမနိကာယ်၊ သုတ်အမှတ် ၄၈) ဆိုတာမျိုးကတော့ လွတ်လပ်ခွင့် ပေးတဲ့နေရာမှာ စံတုမမှီပါပဲ။ ဒါကြောင့် သူ၏ တပည့်သာဝကများသာမက တပည့်မဟုတ်သူများပါ (ဗုဒ္ဓလက်ထက်ကရော ခုခေတ်ပါ) လေးစား အသိအမှတ်ပြုကြရပါတယ်။ 

သက်တော်ရှစ်ဆယ်အရွယ် 483 BC ၌ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သူ၏ တရားဒေသနာတော်များကို တပည့်သာဝကကြီး ငါးရာက စုပေါင်းတည်းဖြတ် ရွတ်ဆို အတည်ပြုခြင်း သံဂါယနာ တင်တော်မူခဲ့ကြသည်။ ထိုဒေသနာတော်များကို ဓမ္မ ဝိနယ (နည်းလမ်းနှင့် စည်းကမ်း) ဟု တစ်မျိုး၊ နိကာယ်ငါးရပ် (Five Collections) ဟု တသွယ်၊ ပိဋကတ်သုံပုံဟု တစ်ဖုန် မျိုးစုံသော နာမည်တို့ဖြင့် ခေါ်ဝေါ်ခဲ့ကြပါတယ်။ ခေတ်ပညာရှင်အချို့က ဗုဒ္ဓ၏ တရားတော်များကို Religion (ဘာသာတရား) လို့ ယူဆပြီး အချို့ကတော့ Philosophy လို့ ယူဆကြပြန်ပါသည်။ ဗုဒ္ဓဘာသာဟာ ဖန်ဆင်းရှင်ကို လုံးဝကို လက်မခံတာကြောင့် religion ဆိုတဲ့ ဘာသာမျိုး မဟုတ်ကြောင်း ခပ်စောစောကပင် ဗုဒ္ဓစာပေ ပညာရှင်တွေက ပြောထားခဲ့ ကြပါတယ်။ သို့သော်လည်း မည်သို့ပင် ခေါ်ခေါ် ဘယ်လိုပင် ပြောပြောပါ၊ မြတ်ဗုဒ္ဓ၏ တရားတော်တို့ကား လောဘဖြစ်ကြောင်း၊ ဒေါသဖြစ်ကြောင်း၊ မောဟဖြစ်ကြောင်းများ၊ မကောင်းသော စိတ်အညစ်အကြေးတို့ အနည်းငယ်မျှပင် မပါဝင်လို့ ကြားရ နာရ လေ့လာဖတ်ရှုရသူတို့၏ စိတ်နှစ်လုံးကို အေးငြိမ်းစေခြင်းရသကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဒုက္ခခပ်သိမ်းမှ လွတ်မြောက်မှုဆိုတဲ့ ဝိမုတ္တိသုခ ကိုလည်း ရစေနိုင်ပါတယ်။ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ထဲမှာ ရှိတ်စပီယားပေးခဲ့တဲ့ နှင်းဆီပန်း ဥပမာလေး လိုပေါ့။

"ရွှေနှင့်ဆီ ဒို့ခေါ်ကြ၊ သူ့ အမည်က ဘာလဲဗျာ၊

သူ့အမည် ကြိုက်ရာပေး၊ မွှေးမြဲ မွှေးမည်သာ"  

What's in a name? That we call a rose.

By any other word would smell as sweet.


ဒါကြောင့်လဲ ရှည်လျှားလှတဲ့ သမိုင်းကြောင်းတခုလုံးမှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ရတဲ့ စစ်ပွဲဆိုတာ မရှိဘူးလို့ သမိုင်းသုတေသီတွေက ဆိုကြပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို လေ့လာကြည့်တဲ့ အခါ ဘယ်တုန်းကမှ အကြောက်တရားနှင့် သူ့နောက်ဆွဲခေါ်တာ မတွေ့ရပါဘူး။ ဘယ်တော့မှ လာပြီး ငါ့ကိုယုံကြည်စမ်းပါ (come and believe) လို့ မခေါ်ဘူး။ လာပြီး ကြည့်ပါ (come and see) လို့သာ ဖိတ်ခေါ်ပါတယ်။ လာ၊ စစ်ဆေး၊ အားထုပ်ကြည့်၊ ကြိုက်မှ ယုံပါတဲ့။ သူ့ရဲ့ ဓမ္မဟာ အဲဒီလို ဖိတ်ခေါ်ရဲတဲ့ ဂုဏ် အရည်အချင်းနှင့် ပြည့်စုံပါတယ်။ 

ဗုဒ္ဓဟောကြား ဆုံးမ သင်ပြတော်မူခဲ့သော တရားတော်များကို ခုခေတ် လူသုံးများသည့် ဝေါဟာရဖြင့် "ဗုဒ္ဓဘာသာ" လို့ ခေါ်ကြပြီး ဗုဒ္ဓ၊ ဓမ္မ၊ သံဃာကို သက်ဝင်ယုံကြည်ကြကာ သူ၏ ဓမ္မအတိုင်း လိုက်နာကျင့်ကြံ နေထိုင်ကြသူတို့ကို "ဗုဒ္ဓဘာသာဝင်" လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကျ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ကတော့ တကယ်ကိုပဲ ခက်မယ်လို့ ထင်မိပါတယ်။ နောင် အဆင်သင့်တဲ့ အချိန်မှာ ဒီအကြောင်း ဆွေးနွေးတင်ပြဖို့ ရည်ရွယ်ထားပါတယ်။

ဘုန်းဉာဏ်
Sitiawan, Malaysia
29/ 04/ 2010

ရည်ညွှန်း။
  1. Rahula, W., 1978, What the Buddhat Taught, The Gordon Fraser Gallery Ltd., London.
  2. Shakespeare, W., Blackemore Evans, G (ed.), Romeo and Juliet, Cambridge University Press, p. 93.
  3. Sri Dhammananda, K. 1993, What Buddhist Believe, Expanded & revised edition, 5th Edition, YMBA, Singapore, p. 4-6.

Apr 26, 2010

မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ (၂)


(ပိုဒ် ၂၀၀)။ ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီး ငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်း ကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏။

(ပိုဒ် ၂၀၂)။ မစွေ မစောင်း၊ မှန်လမ်းကြောင်းဖြင့်၊ ထိန်းကျောင်းသတိ၊ စောင်းကြိုးညှိသို့၊ စောင့်ဘိပညာ၊ မလစ်ရာဘူး၊ မင်းမှာ ကပ်နေ၊ လူမွှေယောက်ျား၊ မင်းစေများတို့၊ လျှပ်ဝါးသမှု၊ ပေါက်လွတ်ပြုက၊ ပြည်သူ့မီးဖွား၊ ဟူတုံငြား၏၊ ပြည်သားပြည်သူ၊ ကျွတ်ကျွတ်ဆူအောင်၊ လောင်ပူ မချမ်း၊ စိတ်ဝမ်းမသာ၊ ဖြစ်တတ်စွာ၏။

(ပိုဒ် ၂၀၄)။ မာန်ပြင်း ဝေကာ၊ လွန်တင်းမာ၍၊ ပညာမရှု၊ ကဲမပြုနှင့်၊ ရာဟုစက်အိမ်၊ နဝင်းကြိမ်လျက်၊ မိုးတိမ်ဆီးနှင်း၊ အုပ်မိလျှင်းကား၊ နေမင်း လမင်း၊ လေးကျွန်းဝင်းလည်း၊ မလင်းနိုင်ရာ၊ ညှိုးကြစွာ၏။

(ပိုဒ် ၂၁၂)။ လူတို့ကိစ္စ၊ လူ့လောကနှိုက်၊ ပြုသမျှမျိုး၊ ပြစ် အကျိုးတို့၊ ကောင်းဆိုး အတိ၊ မြဲမယှိဘူး၊ လောကီ့ထုံးစံ၊ လောကဓံကား၊ မကြံလည်းဖြစ်၊ ကြံလည်းနစ်၏၊ စင်စစ်မှတ်သား၊ မယုံမှားနှင့်၊ ယောက်ျားတကာ၊ အားထုပ်ရာသည့်၊ ကြီးစွာလုံ့လ၊ ဝါယာမမူ၊ မချကောင်းချေ၊ မလွတ်စေနှင့်၊ မသေမချင်း၊ ပြုအပ်နှင်း၏၊ မယွင်းမှန်လှ၊ ဤလောကနှိုက်၊ လုံ့လမမူ၊ နတ်မကူဘူး၊ လူလည်းလုံ့လ၊ နတ်လည်းမ၏။

(ပိုဒ် ၂၂၁)။ မိမိကိုယ်ကို၊ ကြီးပွားလိုက၊ အတိုမပြု၊ အရှည်ရှုလော့။

(ပိုဒ် ၂၃၆)။ ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့။

(ပိုဒ် ၂၄၅)။ ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်နှိုက်၊ ဥာဏ် ဝီရိယ၊ ပယောဂတည့်၊ ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်ဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏။ လုံ့လမထူ၊ ဥာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလဲကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဥာဏ်ဖြင့်၊ သင့် မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ယှိအပ်စွတည်း၊ တံငါ့လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင် ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော့။

(ပိုဒ် ၂၄၆)။ ယွင်းဘောက်သမ္မာ၊ ယူမိစ္ဆာနှင့်၊ ပညာမဲ့သူ၊ လူဟူသမျှ၊ လူ့ဗာလတို့၊ မိဘ ဆရာ၊ ဆုံးမပါလည်း၊ တမာသို့ ခါး၊ နားနှိုက်မသာ၊ မလိုက်နာဘဲ၊ လိုရာမြှောက်ငြား၊ သူ့စကားသာ၊ ပျားသို့ချိုပြီး၊ နားမငြီးဘူး၊ ဘေးကြီးရောက်မှ၊ မိမယ်တ၍၊ ထိုဗာလဆိုး၊ လူမိုက်မျိုးတို့၊ ကိုးရာမထင်၊ မိုးမမြင်ခဲ့။

(ပိုဒ် ၂၄၉)။ ပယောဂစက်၊ ပျက်သည်သူအား၊ လူကိုထား၍၊ ဘုရားသော်မှ၊ ကယ်မရဘူး။

(ပိုဒ် ၂၅၀)။ ပညာယှိမြတ်၊ ဗောဓိသတ်တို့၊ နက္ခတ်ယှဉ်ရာ၊ အခါဖင့်နှေး၊ နေ့မရွေးဘူး၊ အရေးလက်ရောက်၊ မျက်မှောက်ကျိုးထင်၊ ရခြင်းပင်သာ၊ ဤလျှင်သင့်မြတ်၊ ကောင်းနက္ခတ်တည့်၊ အမှတ်မသွေ၊ မလွန်စေနှင့်။

(ပိုဒ်၂၅၄)။ မောဟပိတ်ဆို့၊ ပညာချို့သည့်၊ လူတို့ ဥစ္စာ၊ များတုံပါလည်း၊ မဟာသမုဒ်၊ ရေအစုတ်သို့၊ သောက်ထုတ် သုံး ချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုးမရ၊ ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ ဗိုလ်ခြေအားလုံး၊ သောက်သုံးချမ်းသာ၊ ပြီးတတ်စွာရှင့်၊ သဒ္ဓါမရှေး၊ မပေးမလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော်ဌာန၊ဤလောကနှိုက်၊ စိတ်ကကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊ မင်္ဂလာလွန်မြတ်၊ ဖြစ်သတတ်ရှင့်။

(ပိုဒ် ၂၅၅)။ အလောင်းတို့နှယ်၊ မေတ္တာကြွယ်၍၊ ကယ်ဆယ်တတ်ငြား၊ သူတို့အားလည်း၊ ပြစ်မှာ ဘယ်ခါ၊ မပြုရာဘူး၊ ပြုပါတတ်သူ၊ လူ မဟူဘူး၊ လူတွင်ယုတ်မာ၊ မိုက်ဆုံးစွာတည့်၊ ပညာ မယှဉ်၊ အကတညု၊ လူ့ပါပိယ၊ ဟူသမျှကား၊ မိဘကိုလျက်၊ ကျေးဇူးဖျက်၍၊ အပျက်ကိုသာ၊ ပြုတတ်စွာခဲ့၊ မိစ္ဆာယွင်းခွ၊ ထိုဗာလကို၊ သားလှ လိမ္မာ၊ ကွင်းသွေခွါလော့၊ ဒုရာဇီဝ၊ ဒုစာရနှင့်၊ သီလငါးပါး၊ လူ့တရားကို၊ ပယ်ယှား မကြိုက်၊ ထိုသူမိုက်လည်း၊ လူနှိုက် လူရာ၊ မဝင်စွာတည့်။

(ပိုဒ် ၂၅၆)။ လူ့ပြည်ဘဝ၊ လူ့လောကနှိုက်၊ ထကြွရေးရာ၊ လိမ္မာစွာနှင့်၊ ဘွေရှာရငြား၊ ဥစ္စာများကို၊ ပျက်ပြားမပျောက်၊ ယွင်းမထောက်အောင်၊ စောက်ရှောက်နိုင်ထ၊ သီလ သဒ္ဓါ၊ ပညာယှိပေါင်း၊ မိတ်ကောင်းအမြဲ၊ မှီဝဲပေါင်းဖော်၊ မမော် မကြွား၊ ပလွှား မဝါ၊ မျှကာသက်မွေး၊ ကျင့်ရေး စတု၊ ဤလေးခုတို့၊ ယခု ဒိဋ္ဌ၊ ပစ္စက္ခနှိုက်၊ ဟိတချမ်းသာ၊ ပွားကြောင်းလာ၏၊ သဒ္ဓါ သီလ၊ စာဂ ပညာ၊ ဤလေးဖြာမူ၊ နောင်လာ သုခ၊ ရအံ့ အကြောင်း၊ မှန်တုံရှောင်းဟု၊ ဂုဏ်ပေါင်းထွတ်တင်၊ သုံးလူ့ရှင်တို့၊ မိန့်ကျင်မုချ၊ ဟောကုန်ကြ၏။ ဒိဋ္ဌ တမလွန်၊ ကျိုးနှစ်တန်ကို၊ အမှန်မုချ၊ မမြင်ကလျှင်၊ အန္ဓစက္ခု၊ လူဟုမည်ကာ၊ ပညာမျက်စိ၊ မယှိဖြစ်ဆန်း၊ နှစ်ဘက်ကန်းတည့်၊ လူမှန်းသိရုံ၊ ကံမယုံပဲ၊ မစုံမလင်၊ မျက်မှောက်တွင်သာ၊ အမြင်ဒိဋ္ဌ၊ တဘက်လှကား၊ ဧက စက္ခု၊ နှစ်စုအကျိုး၊ စုံပြည့်ဖြိုးအောင်၊ ထိုးထိုးထွင်းထွင်း၊ မြင်တတ်လျှင်းမူ၊ ထိုသသူကို၊ လူတွင် ပဏ္ဍိ၊ မည်ယှိခေါ်ပြု၊ ဒွိ စက္ခုတည့်၊ မောင်ပုရွှေစင်၊ ဘသက်တင်လည်း၊ အမြင်မျက်စိ၊ နှစ်ဘက်ရှိအောင်၊ သတိသမ္မာ၊ မကင်းကွာဘဲ၊ ပညာဝမ်းတွင်၊ အမြဲထင်၍။ ။ ဆင်ခြင် တိတ်တွေး စာနာတည်း။

(ပိုဒ် ၂၆၀)။ မိစ္ဆာ မောဟ၊ မှောင့်နယ်ကျလျက်၊ ချို့ကတထူး၊ ကံစုန်းပြူးနှင့်၊ ဉာဏ်ရူးမွဲတေ၊ လူရှုပ်တွေလည်း၊ ကဝေနတ်မော်၊ ရူးဆေးဘော်၍၊ အကြော်တငြာ၊ ငါဆရာဟု၊ ပညာယောင်ဝါး၊ မြင်းမိုရ်ဖျားက၊ သိကြားကိုမျှ၊ အနေရအောင်၊ ခေါ်ချနိုင်ကြောင်း၊ ဟူတုံရှောင်း၏၊ ဆေးကောင်းစွမ်းအန်၊ မန္တာန်သတ္တိ၊ သိဒ္ဓိပြီးယောင်၊ ဟန်ဆောင်ဝါကြွား၊ ထောင်ပလွှားလျက်၊ စိတ်ကား ဣန္ဒာ၊ နှုတ် ဝိဇ္ဇာတည့်၊ ကိုယ်မှာ ဖွတ်လား၊ ခေါင်းစုတ်ဘွားနှင့်၊ ခေါင်းပါး မွဲပြာ၊ ဆင်းရဲစွာ၏၊ သမ္မာဝါယာ၊ သမ္မာသင်္ကပ်၊ မစပ်တရား၊ ကောင်းကြံယှားတိုင်း၊ ကြိုးစား ပမ်းစား၊ လူဝိုးဝါးတို့၊ မပွားပညာ၊ ချည်းနှီးသာတည့်၊ ထင်ရာမှန်းလျက်၊ မျက်ကန်း လမ်းသွား၊ ပြုတုံငြားလည်း၊ မှန် မှား မသိ၊ ကျိုးမယှိရှင့်၊ ဝိစိကိစ္ဆာ၊ များရုံသာဖြင့်၊ အဝိဇ္ဇာတုံး၊ မြင်းမိုရ်ဖုံးသို့၊ လုံးလုံး မသိ၊ မောဟဘိ၏။ 

(ပိုဒ် ၂၆၁)။ လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင် ကြောက်လော့၊ ရှေ့ နောက် မဆ၊ လူ့ဗာလတို့၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး ပြစ်၊ စိစစ် မြှော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက် ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။

အမှာစကား။ အလျဉ်းသင့်သည့် အခါ ဆက်လက် ကောက်နှုတ် တင်ပြပါဦးမည်။


ဘုန်းဥာဏ်
Sembawang, Singapore
28/04/2010

မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ (၁)


မဃဒေဝမလင်္ကာကျမ်းသည် မန်လည်ဆရာတော်ကြီး၏ စာပေလက်ရာများအနက် အကျော်ကြားဆုံး ကျမ်းဖြစ်သည်။ ကျမ်းနာမည် အပြည့်အစုံမှာ "မဟာသုတကာရီ မဃဒေဝလင်္ကာသစ်" ဖြစ်သည်။ ဤလင်္ကာသစ်ကို ငယ်ရွယ်စဉ် ပညာသင်ကြားစဉ် အချိန်ကပင် အထူး ကြည်ညိုခဲ့ရသည့် နေမိဇာတ်တော်လာ မဃဒေဝမင်း၏ အဋ္ဌုပ္ပတ္တိကို အကျယ်ချဲ့၍ လင်္ကာဖြင့် ဝေဝေဆာဆာ ရေးသားခဲ့ခြင်းဖြစ်သည်။

ဤလင်္ကာသစ် ပထမစာမူကို ၁၂၆၉ ခုနှစ်တွင် မန္တလေးမြို့ ရတနာဒီပံ စာပုံနှိပ်တိုက်က ပထမဆုံး ပုံနှိပ်သည်။ ဒုတိယစာမူကိုမူ ၁၂၇၆ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်က ပုံနှိပ်ဖြန့်ချီခဲ့သည်။ ဆရာတော်သည် စာမူကို ၁၂၈၁ ခုနှစ်တွင် ထပ်မံ ပြင်ဆင် ဖြည့်စွက်ခဲ့သည်။ ယင်းမူသည် တတိယမူဖြစ်လာသည်။ မန္တလေးမြို့ ရွှေရေးဆောင်တိုက် တိုက်အုပ်ဆရာတော် ဦးစန္ဒိမာ ကြီးကြပ်၍ ပေထက်အက္ခရာတင်ခဲ့သည်။ ၁၂၈၁ ခု နတ်တော်လဆန်း (၁၃) ရက်နေ့ (၃) နာရီ အချိန်တွင် ပြီးဆုံကြောင်း ယင်း တတိယစာမူကိုပင် ပုံနှိပ်ထားကြောင်း စာအုပ်၏ နိဒါန်းတွင် မာန်လည်စာပေ စောက်ရှောက်ရေး အဖွဲ့က ပုံနှိပ်မှတ်တမ်းအဖြစ် တင်ပြထားသည်။ ယခု စာရေးသူ ကောက်နှုတ်ရာတွင် သုံးသည့် စာအုပ်သည်လည်း မာန်လည်စာပေ စောက်ရှောက်ရေး အဖွဲ့က ၂၀၀၈ ခုနှစ်တွင် အဋ္ဌမအကြိမ်မြောက် ရိုက်နှိပ်ထုပ်ဝေခဲ့သည့် စာအုပ်ဖြစ်ပါသည်။

ကျမ်းပြုဆရာတော်ကို မြန်မာသက္ကရာဇ် ၁၂၀၃ (ခရစ် ၁၈၄၂) တွင် မန်လည်မြို့၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ မြို့စာရေးကြီး ဦးတင်နှင့် ဇနီး ဒေါ်ဖြေတို့ ဖြစ်သည်။ ၁၂၈၂ ခု (ခရစ်နှစ် ၁၉၂၀)၊ သက်တော် (၇၉)၊ ဝါတော် (၅၉) တွင် ပျံလွန်တော်မူသည်။ ဆရာတော်သည် ပိဋကတ်ကို နိုင်နင်းတတ်ကျွမ်းရုံမျှ မက ဘင်္ဂလီ၊ နာဂရီ၊ ဆင်ဟလ (သီရိလင်္ကာ ဘာသာစကား) စသည့် ဘာသန္တရတို့ကို တတ်ကျွမ်းတော်မူသည်။ ထို့ပြင် ဇာတ် နိပါတ၊ ရာဇဝင်၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ကျမ်းများကို တဖက်ကမ်းခတ် တတ်မြောက်တော်မူကြောင်း "မဃဒေဝလင်္ကာကျမ်း" ကို သေသေချာချာ ဖတ်ကြည့်ပါက သိနိုင်သည်။ (ယခု ကောက်နှုတ်ချက်များတွင်ကား ထိုဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ကျမ်းဆိုင်ရာများ ပါဝင်ကောင်းမှ ပါဝင်ပါမည်)။

ဆရာတော်သည် "အထက် မန်လည်၊ အောက် လယ်တီ" ဟု မော်ကွန်းထိုးရလောက်အောင်ပင် ကျော်ကြားတော်မူပါသည်။ ပတ္တမြားရွှေဂူကို ဝက်များက ညွန်လူး ပွတ်တိုက်သော်လည်း မညစ်သည့်အပြင် ပိုမို၍ အရောင်ထွက်ကြောင်း ငါးရာငါးဆယ် ဇာတ်တော်လာ (၂၈၅) ဇာတ်မြောက် "မဏိသူကရ" ဇာတ်ကိုယူ၍ ရေးဖွဲ့ခဲ့သော "ပတ္တမြား ရွှေဂူ" လေးဆစ်ကဗျာကို လက်ရှိ နဝမတန်း မြန်မာကဗျာ လက်ရွေးစင်တွင် ထည့်သွင်းထားရာ ဆရာတော်ကို ခုခေတ်လူငယ်များလည်း သိကြပါသည်။ 

မဃဒေဝလင်္ကာသစ်ကျမ်းနှင့် ပတ်သက်၍ နှစ်ဖက်လှ ဆရာ ဦးကျော်လွင် (သ၊ စ၊ အ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ) က "ဆရာတော်ခေါ်ခံရတိုင်း ဆရာတော်ဖြစ်တာ မဟုတ်ဘူး။ တကယ် ဆရာတော်ဖြစ်ချင်ရင် မဃဒေဝကျမ်းကို ကျေနေအောင် လေ့လာထားပါ" လို့ မြန်မာစာပို့ချရင်း ပြောခဲ့သည်ကို (ကိုယ်မလေ့လာမိသော်လည်း) သတိရမိသည်။ နိကာယ်ငါးရပ် ပိဋကတသုံးပုံအပြင် ဂန္ထန္တရ ကျမ်းများစွာတို့မှ အဆီအနှစ်တို့ကို ထုပ်ပြီး သိပ်သည်း ကျစ်လစ်စွာ ထည့်သွင်းထားသောကြောင့်  ဆရာ ထိုသို့ ပြောခြင်းဖြစ်မည်ဟု ထင်ပါသည်။

ဤစာအုပ်ကို အပိုင်း (၆) ပိုင်းဖြင့် ဖွဲ့စည်းထားသည်။ ထိုအပိုင်းများမှ ဒုတိယပိုင်း (၅) သံဝေဂါကာရအခမ်းနှင့် တတိယပိုင်း (၃) ပုတ္တောဝါဒခမ်းမှ ကောက်နှုတ်ထားပါသည်။ ယင်းတို့မှ တဖန် သံဝေဂါကာရအခန်းမှ ကောက်နှုတ်ချက်များကို အမှတ် (၁) ပို့စ်အဖြစ် တင်လိုက်ပါသည်။ 

ရှင်းလင်းမြင်သာသည့် ဥပမာ၊ တောက်ပြောင်သည့် စကားလုံး၊ ချောမောသည့် အထုံးအဖွဲ့၊ လေးနက်သည့် အဓိပ္ပါယ် စသည်တို့ဖြင့် ပြည့်လျမ်းနေသည့် ဆရာတော်ကြီး၏ လင်္ကာများကို နှစ်သက် သဘောကျမည်ဟု မျှော်လင့်ပါသည်။

ဖတ်ရှု ဆင်ခြင် အသိဉာဏ် ဝင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်
ဘုန်းဉာဏ်
ခေတ္တ စင်္ကာပူ
၂၇၊ ၀၄၊ ၂၀၁၀

 
မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ
(ပိုဒ် ၁၃၁)။ လိပ်ခဲမည်စွာ၊ ဤခန္ဓာ၌၊ သာယာယိမ်းယိုင်၊ မတိမ်းနိုင်ဘဲ၊ စွဲကိုင်အတ္တ၊ သက္ကာယဖြင့်၊ ဝါဒပြင်းစွာ၊ တငါငါနှင့်၊ တဏှာယောက်ျား၊ လက်သမားလျှင်၊ ဆောက်ငြားကြိမ်ကြိမ်၊ ခန္ဓာအိမ်ကို၊ စည်းစိမ်မှတ်ပြု၊ ကိုယ်ဟုမှတ်ထင်၊ တခင်ခင်တည့်။

 
(ပိုဒ် ၁၃၉)။ ဇရာညီးပြောင်၊ မီးကြီးလောင်လျက်၊ အကောင်ပမာ၊ ဆောင်ရုပ်ဝါနှင့်၊ ငါးဖြာပဉ္စက်၊ ခန္ဓာပျက်ကို၊ သန်လျှက်မိုးချီ၊ မမီမချင်း၊ ငြိုးထားခြင်းဖြင့်၊ အတင်းမကွာ၊ နောက်ထပ်ပါ၍၊ တွေ့ရာသင်းချိုင်း၊ ရပ်မဆိုင်းဘဲ၊ ပိုင်းအံ့ဆတ်ဆတ်၊ လိုက်နေတတ်သည့်၊ သူသတ်ယောက်ျား၊ ရန်သူလားသို့၊ တရားချက်ကျ၊ ပစ္စက္ခဖြင့်၊ လက်ရကိုင်မိ၊ ဒိဋ္ဌသိ၍၊ မချိမဆန့်၊ ပျော်မဝံ့အောင်၊ လတ္တံ့တျားတျား၊ သေမင်းအားကို၊ သောက်စားငံ့ရည်း၊ နေရချည်းဟု၊ ခိုက်ခြည်းစိုက်ခြည်း၊ အမြင်သည်းလျက်၊ လက်တည်းမကွာ၊ အမြဲသာလျှင်၊ မရဏာသတိ၊ ထင်ဘိရကား။

 
(ပိုဒ် ၁၄၁)။ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ အပါယနှင့်၊ ဒုက္ခမဆိတ်၊ အတိတ် နာဂတ်၊ ခုဝတ္တမာန်၊ ပစ္စုပ္ပန်ဟု၊ ရှစ်တန်ဝတ္ထု၊ သံဝေစုတွင်၊ အိုမှု ဇရာ၊ ရောက်ခြင်းရာ၌၊ မဟာသံဝေဂ၊ မိုးကြိုးကျသို့၊ ကြီးလှရှိန်စော်၊ ရွှေဥာဏ်တော်ဝယ်၊ ရှုမျှော်မယုတ်၊ ယထာဘုတ်ဖြင့်၊ သမုဒ်ရေလှိုင်း၊ စံတုနှိုင်းအောင်၊ ဟုတ်တိုင်းမှန်စွာ၊ ထင်တော်စွာ၏။ အာကာကောင်းကင်၊ စမထင်သို့၊ ဤသင်္ခါရ၊ ဟူသမျှလည်း၊ နစ္စ ဓူဝ၊ သဿတဖြင့်၊ ထာဝရမြဲရာ၊ မယှိစွာဘူး၊ ပေမှာတသီး၊ တသက်ပြီးလျက်၊ ကျီးတသားပေါက်၊ နောက်၌မလာ၊ တကြိမ်သာသို့၊ ဇရာ မရဏ၊ ဤဓမ္မလည်း၊ တဘဝမှာ၊ ဓမ္မတာလှိုင်း၊ သတ္တဝါ ထိုထို၊ တကြိမ်အိုက၊ နောက်ကိုတလည်၊ ပျိုသည်မယှိ၊ သေသည်ထိတည့်၊ သေပြီးနောက်မှာ၊ ဘန်တခါမျှ၊ ပြန်လာ ရှင်လာ၊ မယှိစွာဘူး။ . . . ဝိဇ္ဇာဇော်ဂျီ၊ တပသီနှင့်၊ လောကီဣဒ္ဓိပါဒ်၊ လွန်ကြီးမြတ်သည့်၊ မိုးနတ်ဗြဟ္မာ၊ ဖြစ်စေကာလည်း၊ ပညာဆေးဝါး၊ မန္တြရားဖြင့်၊ ကုစားအရိုး၊ တန်ခိုးဘန်ဆင်း၊ အို သေခြင်းမှ၊ ရှောင်ကွင်းဘယ်မှာ၊ လွတ်နိုင်ရာလိမ့်။

 
(ပိုဒ် ၁၄၂)။ ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍ မပျို၊ အိုသာအိုခဲ့၊ ပျက် ပြိုမဆိတ်၊ တညိတ်ညိတ်ဖြင့်၊ တမှိတ်မစဲ၊ တည် မမြဲရှင့်၊ ဘောက်လဲ ဖြစ်ချုပ်၊ မီးဟုပ်ဟုပ်သို့၊ နာမ် ရုပ် နှစ်ခု၊ ပစ္စည်းပြု၍၊ ပေါင်းစု ဖြစ်ကြ၊ သင်္ခတဟု၊ သဘာဝမျိုး၊ ကောင်း အဆိုးဖြင့်၊ ကြောင်း ကျိုးမျှသာ၊ ထင်စပါ၏၊ အကာအတိ၊ နှစ်မရှိကြောင့်၊ ပကတိကိုယ်၊ မတည်လိုဘူး။ ပုဂ္ဂိုလ် အထု၊ ထိုအစုတွင်၊ အာယု ပုည၊ ခယနှစ်မှာ၊ တဖြာဖြာကြောင့်၊ ဗြဟ္မာတို့အား၊ စုတိငြား၏၊ နှစ်ပါးမည်ထ၊ ထိုခယ၌၊ ဟာရ ကောပါ၊ ထည့်၍သာလျှင်၊ လေးဖြာအပေါင်း၊ နတ်သေကြောင်းတည်း၊ ၎င်းထိုမှ၊ မနုဿကား၊ ခယနှစ်ချက်၊ ဥဘယက်နှင့်၊ လက်နက်ဟူပေ၊ ဥပစ္ဆေဖြင့်၊ လေးထွေအလို၊ လေကြောင်းဆို၏၊ ထိုထိုသေခြင်း၊ မကင်းသတ္တ၀ါ၊ သေကြရာနှိုက်၊ ဝိဇ္ဇာ သိပ္ပ၊ ဣဒ္ဓိစသား၊ ထိုမျှအားလုံး၊ လက်ချဆုံး၏၊ သုံးဆယ့်တစ်ထပ် ဘုံအရပ်ဝယ်၊ မလပ်များစွာ၊ ကျင်လည်ပါသည့်၊ သတ္တဝါ မြတ် ယုတ်၊ ထိုအစုတ်ကား၊ သမုဒြာ၊ စက္ကဝါနှင့်၊ မဟာပထဝီ၊ မေဒနီ မြင်းမိုရ်၊ ယုဂန္ဓိုရ်တို့၊ ပျက်ပြို ဘန်ဘန်၊ ကြိမ်ကြိမ်ပြန်လဲ၊ အလွန်မြဲလှ၊ ခိုင်ခံ့စွသား၊ မူလ နှစ်မြွှာ၊ အဝိဇ္ဇာနှင့်၊ တဏှာမြစ်ငုတ်၊ ရင်းမပြုတ်၍၊ မြတ် ယုတ် ဘဝ၊ ဇာတိရက၊ အိုကြသေကြ၊ မနေရဘူး၊ လူက နတ်က၊ ဖြစ်သမျှပင်၊ မြင်သမျှမျိုး ၊ ဒုက္ခအိုးတည့်၊ လိုစိုးပိုင်ပိုင်၊ တည်မခိုင်ခဲ့၊ မခံနိုင်ပျက်၊ မပျက်နိုင်ခံ၊ ဝဋ်ထုံးစံရှင့်၊ တရံကိစ္စ၊ မသွေရဘူး၊ ဒုက္ခမြဲစွာ၊ ဓမ္မတာဖြင့်၊ ဇရာ မရဏ၊ ဆုံးဌာနဟု၊ဘဝစက်ဝိုင်း၊ ဤဆစ်ပိုင်းကား။        ။ဖြစ်တိုင်းရောက်နေ ခရီးတည်း။

 
(ပိုဒ် ၁၄၃)။ ကာယဟူဘိ၊ နားမျက်စိနှင့်၊ ဣတ္ထိ ပုရိသ၊ ဖြစ်လာကြတိုင်း၊ ရုက္ခသီးပွင့်၊ ခါမလင့်ဘဲ၊ ရင့် တဖုတ်ဖုတ်၊ ကင်း ဖြုတ်ဖြုတ်ဖြင့်၊ ညှာပြုတ်ကြွေကျ၊ မမြဲကြသို့၊ ဘဝပျက်ပြို၊ လူထိုထိုကား၊ ရွယ်ပျို ရွယ်လတ်၊ ကျန် မလွတ်သည်။    ။မချွတ်သေအံ့ အပြီးတည်း။