Pages

Aug 16, 2016

ငြိမ်းချမ်းရေး အလှတရားဖြင့် လောကကို ပြုပြင်ဖန်တီးခြင်း

ငြိမ်းချမ်းရေး အလှတရားဖြင့် လောကကို ပြုပြင်ဖန်တီးခြင်း
***************************************************************
ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းဖို့ရော၊ လောကကြီး ငြိမ်းချမ်းဖို့ရာပါ ကရုဏာတရားလည်း လိုအပ်ပါ၏။ မေတ္တာတရားလည်း လိုအပ်ပါ၏။ ထို့ကြောင့် ကရုဏာတရားလည်း ထားရှိအပ်၊ ပွားများအပ်ပါ၏။ မေတ္တာတရားလည်း ထားရှိအပ်ပွားများအပ်ပါ၏။
လောကကြီး အစဉ်တိုးတက်ဖို့ရာ သူတပါး အောင်မြင်တာ၊ ကောင်းစားတာကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုလည်း လိုအပ်ပါ၏။ ဝမ်းမြောက်မှု၏ အခြားတစ်ဖက်တွင်မူ သူလို ဖြစ်အောင်၊ သို့မဟုတ် သူထက်ပင် သာအောင် မနာလိုမှုမဖက် ဉာဏ်၊ ဝီရိယသက်သက်ဖြင့် ကြိုးစားအပ်ပါ၏။
မေတ္တာ၊ ကရုဏာတို့သည် ဥပေက္ခာတရားတို့နှင့် မကင်းအပ်။ မှန်ပါ၏။ မေတ္တာ၊ ကရုဏာသာ ကြီးပြီး ဥပေက္ခာတရားကို လေ့ကျင့်ပွားများခြင်း မရှိသော် နှလုံးစိတ်ဝမ်းလည်း ညှိုးနွမ်းရတတ်ပါ၏။ ပန်းလည်း ပင်ပန်းရတတ်ပါ၏။ ဆင်းလည်း ဆင်းရဲရတတ်ပါ၏။ ကရုဏာဒေါသော ဟု အရပ်တွင် ပြောနေကြသော ဒေါသတရားတို့လည်း ရင်တွင် ပေါက်ဖွားရတတ်ပါ၏။ သို့ဖြစ်ရကား အကောင်း အဆိုးတို့ကြောင့် ခံစားတုန်လှုပ်ခြင်း မရှိသော၊ အလွန်တရာ တည်ကြည်ငြိမ်သက်လှသော ဥပေက္ခာတရားမျိုးသည်လည်း လိုအပ်လှပါ၏။ သနားခြင်း (ကရုဏာ)နှင့် ချစ်ခင်ခြင်း အကျိုးလိုလားခြင်း (မေတ္တာတရား)တို့၏ ဟိုမှာဘက်ခြမ်းတွင် ဥပေက္ခာတရားတို့ ရှိအပ်လှပါ၏။ ထို့ကြောင့် ဥပေက္ခာတရားကိုလည်း လေ့ကျင့်ပွားများထားရန် လိုအပ်လှပါသည်။
ဤစိတ်ဓာတ်မျိုး လေ့ကျင့်ပွားများထားသော် သင်သည် စိတ်၏ ငြိမ်းချမ်းခြင်း၊ ချမ်းသာခြင်း သုခကို ဧကန်မုချ ရရှိပေမည်။ သင့်ကြောင့်တော့ လောကကြီး အနှောင့်အယှက် ဖြစ်တော့မည် မဟုတ်ပါပေ။
သင့်လိုလူစား များပြားလာခဲ့သော် လောကကြီးသည် အစဉ် တိုးတက်၍ ငြိမ်းချမ်းလာပေမည်။ ထို့ကြောင့် ဤတရားလေးပါး အစဉ်ပွား၍ ကိုယ့်ကိုယ်ကိုရော လောကကိုပါ စောင့်ရှောက်ကြဖို့ မိမိတို့အားလုံး ကြိုးစားအပ်ပါ၏။

ဒေါက်တာ အရှင် ဉာဏုတ္တရ
(16/ 08/ 2016)

Apr 18, 2014

ချစ်ခြင်း မုန်းခြင်း ကင်းရာဆီသို့


ချစ်ခြင်း မုန်းခြင်း ကင်းရာဆီသို့
***********************
တုန်လှုပ်ခြင်း ကင်းစွာ လောကကို ရင်ဆိုင်ချင်၊ အကျိုးပြုချင်ပါတယ်။ တုန်လှုပ်တာကို မကြိုက်ပါဘူး။ တုန်လှုပ်မှတော့ ဘယ်မှာ တည်ငြိမ်ပါတော့မလဲ။ မတည်ငြိမ်တဲ့ ဘဝဟာ ပန်ပန်းရပါတယ်။ ပင်ပန်းရတဲ့ ဘဝဟာ စိတ်ပျက် ငြီးငွေ့ဖွယ်ရာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ချစ်ခြင်း မုန်းခြင်း မကင်းသေးသရွေ့ တုန်းလှုပ်ခြင်း ဆိုတာ ရှိနေမှာပါ။ ချစ်လျှင် ချစ်သလောက် တုန်လှုပ်ရပါတယ်။ မုန်းလျှင်လည်း မုန်းသလောက် တုန်လှုပ်ရပါတယ်။ တုန်လှုပ်ရတဲ့ ပမာဏနှင့် အညီအမျှပဲ စိုးရိမ်ခြင်း၊ ပူပန်ခြင်းဆိုတဲ့ ဆင်းရဲကလည်း ဖြစ်တာပါ။ ချစ်ခြင်းကြောင့် တုန်လှုပ်ရတာက တမြေ့မြေ့ ဆင်းရဲပါတယ်။ မုန်းခြင်းကြောင့် တုန်လှုပ်ရတာက ဝုန်းဒိုင်းကြဲပြီး ဆင်းရဲပါတယ်။ ဆင်းရဲပုံ ကွာပေမဲ့ ဆင်းရဲတာကတော့ ဆင်းရဲတာချည်းပါပဲ။ ဒါပေမဲ့ ချစ်ခြင်းကြောင့် တုန်လှုပ်ပြီး ဆင်းရဲတာက တမြေ့မြေ့ လောင်ကျွမ်းပြီး ကြာရှည် ခံစားရတာမို့ သူက ပိုတောင် ကြောက်စရာ ကောင်းသလိုပါပဲ။

ချစ်ခြင်း မုန်းခြင်း ကင်းရာလမ်းကို အတုမရှိ ဆရာမြတ်က ညွှန်ပြပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က အဲဒီ လမ်းကို မှန်မှန် မလျှောက်လှမ်းနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ လမ်းမဟာကြီးဟာ ချစ်ခြင်း မုန်းခြင်းတို့ အကြားမှာ ဝေဝါးသွားတတ်တာပါပဲ။ လမ်းလျှောက်ရင်း လမ်းပျောက်တတ်တာလည်း သဘာဝလိုတောင် ဖြစ်နေတယ် မဟုတ်လား။ ပုထုဇဉ်တို့ သဘာဝ အရလည်း အဲဒီလို လမ်းပျောက်နေတာကိုပင် သာယာနှစ်ခြိုက် အကြိုက်လည်း တွေ့နေတတ်ပါသေးတယ်။

ချစ်ခြင်း မုန်းခြင်း ကင်းဖို့ဆိုလျှင် ကိလေသာမြူတို့ ကင်းစင်ရပါမယ်။ ကိလေသာ ကင်းစင်လျှင်ကား ချစ်ခြင်း မုန်းခြင်းများ မရှိတော့။ ချစ်ခြင်း မုန်းခြင်း မရှိတော့လျှင် စိုးရိမ်းဖွယ်လည်း မရှိ။ စိုးရိမ်ဖွယ် မရှိခြင်းသည် ဘေးရန်ကင်းသောကြောင့် ဖြစ်ပါတယ်။

ချစ်ခြင်း မုန်းခြင်းတို့ အလျှဉ်းမကင်းသေးသော်မှ နည်းပါးလျှင် နည်းပါးသလောက် တုန်လှုပ်မှု နည်းမှာ ဖြစ်ပါတယ်။ တုန်လှုပ်မှု နည်းလျှင် စိုးရမ်မှု၊ ပင်ပန်းမှုတို့လည်း နည်းပါးပါလိမ့်မည်။

သို့ဖြစ်ရကား ချစ်ခြင်း မုန်းခြင်းကို တစ်စတစ်စ လျှော့ချနိုင်ပြီး အဆုံးတစ်နေ့တွင် ချစ်ခြင်း မုန်းခြင်း လုံးဝ ကင်းရာ လမ်းကို လျှောက်လှမ်းနိုင်ပါစေသောရယ်လို့။

ဘုန်းဉာဏ်
(၂၁၊ ၁၁၊ ၂၀၁၂)

Jan 27, 2014

စာပြန်ရေးဖြစ်တော့မည်


ကိုယ့် ဘလောဂ်သို့ပင် ကိုယ်ပြန်မရောက်ဖြစ်၊ မကြည့်ဖြစ်သည်မှာ တစ်နှစ်ခန့် ကြာခဲ့ပါပြီ။ စာမရေးဖြစ်သည်မှာလည်း တစ်နှစ်ခန့် ရှိပါပြီ။

စာမရေးဖြစ်ခဲ့ခြင်း၏ အကြောင်းတစ်ရပ်မှာ ကျမ်း အပြီးသတ်ရန် ကြိုးစားနေခဲ့ရသောကြောင့် ဖြစ်ပြီး၊ နောက် အဓိက အကြောင်းတစ်ရပ်က မျှော်လင့်မထားသော အဖြစ်အပျက် တစ်ခုကြောင့် ဖြစ်သည်။ ယင်းအဖြစ်အပျက် တစ်ခုမှာ တကယ်ကို mysterious ဖြစ်ပြီး တစ်သက်တွင် တစ်ခါဟု ပြောရတော့မည့် ဒုက္ခဟုပင် ဆိုနိုင်ကောင်းတော့မည် ထင်သည်။ မျှော်လင့်မထားခဲ့သော ယင်းအဖြစ်တစ်ခုကြောင့် ကျမ်းတင်ပြီးသည်မှ ယနေ့တိုင် စာမရေးဖြစ်ခဲ့။ ဤအကြောင်းကို အကျယ် အကျယ် မပြောလိုသည့်အတွက် ရှိပါစေတော့။

အခုတော့ ယင်းဒုက္ခမှ သက်သာပြီး စာရေးချင်စိတ် ပြန်ပေါက်လာပါပြီ။ ရေးချင်စိတ် ပြန်ရှိလာသဖြင့် ဘလောဂ်သို့ ပြန်လာကြည့်ရာ စာလာဖတ်သူများ (နဲသော်လည်း) ရှိနေဆဲ ဖြစ်သည်ကို တွေ့ရပါသည်။ သို့အတွက် ကျေးဇူးတင် ဝမ်းသာရသလို မကြာမီ စာပြန်ရေးဖြစ်တော့မည် ထင်ပါသည်။

လာရောက် စာဖတ်သူများကို ကျေးဇူးတင်ပါသည်။

ဘုန်းဉာဏ်
(၂၇၊ ၀၁၊ ၂၀၁၄)

Feb 9, 2013

ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပိုသိကြသူများ

Photo: Young Buddhist Association

 (ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်း၊ စာအုပ်မှ ကောက်နှုတ်ချက်)

ပြီးတော့ ဆန်းလွင်၏ဘဝသည် ကျွန်တော်နှင့် အီတလီဘုန်းတော်ကြီး ဦးလောကနာထတို့ တွေ့ဆုံကြစဉ်အခါ ဆရာတော် မိန့်ကြားဖူးသော သြဝါဒ စကားထဲက ဘဝနှင့် တူနေသည်ဟုလည်း ထင်မိပါသည်။ (ထိုဆရာတော်သည် ရောမ ဘုရင်ဂျီဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော ပုဂ္ဂိုလ်မြတ် ဖြစ်ပါသည်။)

ဆရာတော်က ‘ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင့် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး၊ ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊ ဒီလိုပဲ ဒကာကြီး၊ မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာသူတွေဟာလည်း ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာ သုံးရပ်ရဲ့ တန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး၊ ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင့်တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး၊ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက် များတယ် ဆိုတာ သူပဲ သိတယ်၊ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိဖြစ်ရတာပေါ့၊ ဒီလိုပဲ ဒကာကြီး၊ တစ်ခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိလာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ်သူဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်’ ဟု မိန့်တော်မူပါသည်။ 

မှန်ပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အများစုနှင့် နိုင်းစာလျှင် တခြား ဘာသာ အယူဝါဒကို စွန့်လွတ်ပြီး ဗုဒ္ဓာဘာသာသို့ ရောက်ရှိလာသူများက ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပို၍ သိကြသည်မှာ ယုံမှားဖွယ် မရှိပါ။ ဗုဒ္ဓဘာသာဝင် အများစုမှာ ဘုရား၊ တရား၊ သံဃာ၌ ယုံကြည် ကိုးကွယ် ဆည်းကပ်ရမည့် အစား တန်ခိုး ဒ္ဓိပါဒ် ကိစ္စတွေ လျှို့ဝှက်ဆန်းကြယ်တွေကို လိုက်စားချင်စိတ် ရှိနေကြလေသည်။ ဤတွင် ‘တရားဆို မဆန်းနှင့်၊ စကားဆို မကြမ်းနှင့်’ ဆိုသော ခန္တီး ဆရာတော် ဘုရား၏ သြဝါဒကို မှတ်သားဖွယ် သတိရမိပါသည်။ အမှန်မှာ ရိုးဖြောင့်သောစိတ် (အမာယာဝီ အသဋ္ဌော) သည်ပင် တန်ခိုး သတ္တိရှိသော စိတ်ဖြစ်သည်ကို နားလည်သင့်ပါသည်။ ဤစာကို ဖတ်ရသော အခါ ထိုသဘောကို နားလည်ရပါသည်။

(ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်း၊ ဦးဟန်ဌေး၏ မိတ်ဆက် နိဒါန်း၊ စတုတ္ထအကြိမ်၊ ၁၉၉၉၊ စာ၊ ၁၀ -၁၁)မှ ကောက်နှုတ်ချက် ဖြစ်ပါသည်။ ဤပို့စ်ပါ ခေါင်းစီးမှာ မူလခေါင်းစီး မဟုတ်ပဲ ပို့စ် အဆင်ပြေစေရန် ထည့်ထားခြင်း ဖြစ်ကြောင်း အသိပေးပါသည်။

Oct 7, 2012

သီတင်းကျွတ်ပွဲတော်နှင့် ကောင်းမြတ်တဲ့ အစဉ်အလာ

(ယခုနှစ် သီတင်းကျွတ် ပွဲတော်ရသီ အတွက်လည်း စာ အသစ် မရေးဖြစ်တော့လောက်လို့ ၂၀၁၀ခုနှစ်က ရေးပြီး တင်ခဲ့တဲ့ ပို့စ်ကိုပဲ ပြင်ဆင်ခြင်း မပြုပဲ ပြန်တင်လိုက်ပါသည်။)



ဆယ့်နှစ်လရာသီ တစ်ခုလုံးကို ပွဲတော် အသီးသီးနှင့် တန်းဆာ ဆင်ထားတဲ့ မြန်မာတို့ ရိုးရာလေးက ချစ်စရာ၊ မြတ်နိုး စရာလေးပါ။ သေချာ စဉ်းစားကြည့်ရင် အဲဒီထဲမှာ ချစ်မြတ်နိုးစရာ အကောင်းဆုံးက သီတင်းကျွတ်လ မီးထွန်းပွဲ လို့ ထင်မိတယ်။


“သီတင်းကျွတ်လ ဆီးမီးထွန်းပွဲ” ဆိုတာလေးကို ကလေးငယ် ဘဝကတည်းက သိကြ၊ နှုတ်ကျိုး နေကြပါတယ်။ “သီတင်းကျွတ်လ မီးထွန်းပွဲ” ဆိုတဲ့ အတိုင်းပဲ ဒီပွဲတော်မှာ မီးတွေ ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး သုံးရက်ကြာ ထွန်းကြပါတယ်။ လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက် ညတွေမှာပေါ့။ 



အိမ်တွေမှာဆို ဘုရာစင်ကို စိတ်ကြိုက် တန်းဆာဆင်ကာ ထွန်းညှိတတ်ကြတယ်။ အိမ် ဝရံတာ စတဲ့ နေရာမျိုးတွေမှာလဲ မီးဆိုင်း၊ မီးပုံး ရောင်စုံလေးတွေကို ချိတ်ဆွဲ ထွန်းကြတယ်။ ဒါတင် မကသေးဘူး။ စေတီ ပုထိုးတွေ၊ လမ်းတွေနှင့် ဘာသာရေး အဆောက်အဦတွေ၊ ရွေးချယ် သတ်မှတ်ထားတဲ့ နေရာတွေမှာလဲ အရောင် အသွေးစုံ မီးလုံးလှလှလေးတွေ ဝေနေအောင် တပ်ဆင် ချိတ်ဆွဲကြကာ ထွန်းညှိကြပြန်တယ်။ ဒါကြောင့်လဲ မီးထွန်းထားတာတွေကို မိသားစုလိုက် လိုက်ကြည့်ကြတယ်။ လှပတဲ့ မီးရောင် အောက်မှာ အလွန်တရာ သပ္ပါယ်လှတဲ့ ဘုရား စေတီတွေကိုလဲ မိသားစုလိုက် လိုက်လံ ဖူးကြတယ်။ အဲဒီလို ဘုရားဖူးရ၊ လှည့်ပတ် ကြည့်ရှုရတာတွေက စိတ်ကို ရွှင်လန်း အေးမြ အပျော်တွေ ရစေတာပါ။


တကယ်တော့ မီးထွန်းတာဟာ အလှအပ သက်သက်အတွက်သာ ထွန်းတာ မဟုတ်ပါဘူး။ မီးထွန်းပွဲမှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ပါဝင်ပါတယ်။

မယ်တော် ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သား အမှုးရှိတဲ့ နတ် ဗြဟ္မာ အပေါင်းကို ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားရာက ပြန်ကြွလာတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကို လူတွေက ဆီးမီးတွေ၊ အမွေးတိုင်တွေ ထွန်းညှိ ပူဇော်ပြီး ကြိုဆိုခဲ့ကြတယ်တဲ့။ အဲဒါကို အတုယူ အစဉ်လိုက်ပြီး အထိမ်းအမှတ် အနေနဲ့ မီးတွေကို လှလှ ပပ ပြင်ဆင်ကြပြီး ဘုရားရှင်ကို ရည်မှန်း ပူဇော်ကြရာက မီးထွန်းပွဲတော် ဆိုတာ ဖြစ်လာခဲ့ဟန် တူပါတယ်။

နောက်တစ်ခုကတော့ ဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရား ဟောကြားတော်မူပြီး ကျေးဇူးဆပ်တယ် ဆိုတဲ့ အစဉ်အလာပါ။ ပဋိသန္ဓေ တည်နေပြီလို့ သိသည့် အချိန်မှသည် လူတစ်လုံး သူတစ်လုံး ဖြစ်လာသည်အထိ စောက်ရှောက် ကျွေးမွေးလာတဲ့ မိဘတွေဟာ သားသမီးတွေ အတွက် တုနှိုင်းမမီတဲ့ အနန္တကျေးဇူးရှင်တွေပါ။ အဲဒီ ကျေးဇူးတွေကို သားသမီးတွေ အနေနှင့် မိဘတွေ လိုအပ်တဲ့ အချိန်မှာ ပြန်လည် ပေးဆပ်ဖို့ လိုတယ်လေ။ မဆပ်နိုင်သည့်တိုင်အောင် သိနေဖို့၊ အစဉ်သတိယနေဖို့တော့ လိုအပ်တယ် မဟုတ်ပါလား။ ဒါကြောင့် ဒီပွဲတော်ဟာ မိဘတွေရဲ့ ကျေးဇူးတရားတွေကို သိရှိ အောက်မေ့စေတဲ့ပွဲ၊ ကျေးဇူးဆပ်တဲ့ပွဲ ဆိုလည်း မမှားဘူးပေါ့။

Photo: Aye Lwin Oo, Shwe Pachi (Yamaethin)

ဒါကြောင့်မို့ သီတင်းကျွတ် ကာလမှာ ဖေဖေ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦး ဒေါ်ဒေါ် စတဲ့ မိဘ ဆွေမျိုးတွေကို တင့်တယ် လှပတဲ့ လက်ဆောင် ပစ္စည်းတွေနဲ့ လှည့်လည် ကန်တော့ကြတဲ့ ဓလေ့လေး ရှိတာ ထင်ပါရဲ့။ အဝေးရောက်နေရင်လဲ လက်ဆောင် တစ်ခုခု ပေးပို့ပြီး ကန်တော့တတ်ကြတယ်။ ဒီအစဉ်အလာက ပွဲတော်မို့ လက်ဆောင်ပေးတာ သက်သက်ထက် အဓိပ္ပါယ် ပိုပါတယ်။ အတူ ယှဉ်တွဲ ဆက်ဆံ ပေါင်းသင်းနေကြတဲ့ လူတွေ ဆိုတော့ လောဘ၊ ဒေါသ၊ မောဟရဲ့ အထူ အပါး အလျှောက် ပြောမှားဆိုမှားတာတွေ၊ စိတ်နှင့် ပြစ်မှားမိတာတွေက အနည်းနှင့် အများတော့ ရှိတတ်ကြပါတယ်။ ဒါမှ မဟုတ်ရင်လဲ သံသယ ဖြစ်တတ်ကြပါတယ်။ အဲဒီလို နည်းနှင့် ကိုယ့်ထက် အသက် ဂုဏ်ဝါ ကြီးတဲ့ သူတွေကို ပြစ်မှားမိရင် ခွင့်လွှတ် ကျေအေးဖို့ တောင်းပန် ကန့်တော့ကြတာပါ။ 

လူငယ်ကသာ မဟုတ်ပါဘူး။ လူကြီးတွေဟာလဲ အလားတူ ပြစ်မှား မိတတ်ကြတာပါပဲ။ ဒါကြာင့်မို့ ကန်တော့ခံကြတဲ့  လူကြီးတွေ ကိုယ်တိုင်ကလဲ သူတို့တွေ အကယ်လို့ ပြောမှား ဆိုမှား ပြုမိမှား ရှိခဲ့ကြလျှင်လဲ ခွင့်လွှတ်ကြပါလို့ လူငယ်တွေကို  ပြန်ပြီး တောင်းပန်ကြလေ့ ရှိကြတာပါ။ 

စိတ်ထား နူးညံ့ သိမ်မွေ့တဲ့၊ ရိုးရာ အစဉ်အလာလည်း ကောင်းခဲ့၊ ထိမ်းလည်း ထိမ်းသိမ်းတဲ့ အိမ်တွေမှာဆို မိဘတွေကို မိသားစုဝင်တွေ အားလုံး စုံစုံ ညီညီ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုး ကန်တော့တဲ့ ဓလေ့ ရှိတတ်ကြတယ်။ တစ်ချို့ဆို အစ်ကိုကြီး အမကြီးတွေကိုတောင် အစဉ်လိုက် ကန့်တော့တတ်ကြသေးတယ်။ သြော် တကယ်ပဲ ကြည်နူးရတဲ့ ကာလနှင့် ဓလေ့လေးပါပဲနော်။ 

လူသားတွေသာ မကပါဘူး။ သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေလဲ “ပဝါရဏာ ကံ” ပြုကြပါတယ်။  

ပဝါရဏာ ဆိုတာက “ဖိတ်မံတက ပြုခြင်း (invitation) လို့ အဓိပ္ပါယ် ရပါတယ်။ ဝါကျွတ်တဲ့ အဆုံးမှာ လုပ်တဲ့ ပွဲတစ်ပွဲလို့ ဆိုလို့ ရကောင်းပါတယ်။ ပွဲဆိုလို့ တီးတာ၊ မှုတ်တာ၊ ကတာ၊ ခုန်တာမျိုးတွေ လုပ်တဲ့ ဒါမှမဟုတ် အဲဒါမျိုးတွေ ရောယှက်ထားတဲ့ ပွဲတော့ မဟုတ်ပါဘူး။ နယ်ပယ် အလိုက် ဆိုင်ရာ ဆိုင်ရာ သံဃာတော်များ အားလုံး စုစည်းပြီး ဖိတ်မံသမှု ပြုရတဲ့ ပွဲပါ။  

ရဟန်းဖြစ်စေဦးတော့၊ လူဆိုတာ တစ်ယောက်တည်း နေတဲ့အမျိုး မဟုတ်ပါဘူး။ အများနှင့် နေပြန်တော့လဲ ပြဿနာဆိုတာ အနည်းနှင့် အများတော့ ဖြစ်တတ်တယ်လေ။ သိတယ်မဟုတ်လား။ လူဆိုတဲ့ အမျိုးက တစ်ယောက်ထဲ နေတာတောင် သူ့စိတ်နှင့်သူ ရှေးစိတ်နှင့် နောက်စိတ် တည့်ချင်မှ တည့်တတ်တာမျိုးပါ။ အများနှင့် ဆိုလျှင်တော့ ပြောစရာတောင် မလိုတော့ဘူး။  

ဒီတော့ ညီညွတ်အောင် စကားမပြောပဲ နေမယ် ဆိုတော့လဲ မဖြစ်ပါဘူး။ လူ့သဘာဝနှင့်လဲ ဆန့်ကျင်ပါတယ်။ ဒါကြောင့်လဲ ညီညီ ညွတ်ညွတ် နေစေဦးတော့၊ စကားမပြောပဲ ညီညွတ်အောင် နေတာမျိုး၊ လိုအပ်တာလောက်ပဲ လက်ဟန် ခြေဟန်နှင့် စကားပြောတာမျိုးက အကောင်းဆုံး နေခြင်းမျိုး မဟုတ်ပါဘူး။ ဘုရားရှင်ကလဲ မကြိုက်ပါဘူး။ ကဲ့ရဲ့တော်မူပါတယ်။ ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား နေတာတောင် စကား မပြောပဲ နေကြလို့ “နွား၊ ဆိတ်၊ ရန်သူတို့ရဲ့ နေခြင်းမျိုးနှင့် နေကြတယ်” လို့ ခိုင်းနှိုင်းပြီး ကဲ့ရဲ့တော်မူခဲ့တာပါ။   

ပြောစရာ ရှိတာ ပြော၊ လုပ်စရာ ရှိတာ၊ လုပ်သင့်တာ လုပ်ရမှာပါ။ ဒီလို ပြောဆို လုပ်ကိုင်ပြန်တော့ အမှားအယွင်းတွေက ကြုံကြရ၊ ကြားကြရ ပြန်ပါတယ်။ ဒါမှမဟုတ် သံသယ ဖြစ်လာကြရပါတယ်။ ရလဒ်ကတော့ အနည်းနှင့် အများ စိတ်ဝမ်းကွဲကြရတယ်။ မမေးနိုင် မခေါ်နိုင်တွေ ဖြစ်ကြရတယ်။ ရန်သူတွေ ဖြစ်ကုန်ကြတယ်။ ဒီတော့ အတူနေသူ အားလုံး အပြန်အလှန် နားလည်ဖို့၊ အပြစ်ရှိရင် တောင်းပန်ဖို့နှင့် ကျန်တဲ့သူတွေကလဲ ကျေအေး ခွင့်လွတ်ဖို့ လိုပါတယ်။ အဲဒီတော့ အချင်းချင်း ပွင့်ပွင့် လင်းလင်း ဖိတ်ကြားထားဖို့ လိုတာပေါ့။  

ရဟန်းတော်တို့ရဲ့ ဝိနည်းမှာတော့ ဖိတ်ကြားမှုကို (၁) အချင်းချင်း လိုက်လျောစေ (ညီညွတ်စေ)ရန်၊ (၂) အာပတ်မှ ထမြောက်စေရန်၊ (၃) ဝိနည်းကို ရှေးရှုစေရန်ဆိုတဲ့ ရည်ရွယ်ချက် သုံးမျိုးနှင့် လုပ်တာပါ။

ဖိတ်ကြားပုံကတော့ ပါဠိလို “သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ” လို့ သုံးကြိမ် လျှောက်ကြား ဖိတ်မံရတာ ဖြစ်ပါတယ်။ “အရှင်ဘုရား (တို့)၊ သံဃာတော်ကို တပည့်တော် ဖိတ်ကြားပါတယ်။ မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်းများ ရှိခဲ့ပါလျှင် တပည့်တော်ကို သနားသဖြင့် ပြောဆိုကြပါ။ အပြစ်ကို မြင်လျှင် ကုစားပါမယ်ဘုရား” လို့ အဓိပ္ပါယ် ရပါတယ်။

ဒါကို အတုယူပြီး မိဘ ဘိုးဘွား စတဲ့သူတွေကို ရှိခိုးပြီး တောင်းပန်ကြတဲ့ ဓလေ့ ဖြစ်လာလေသလားလို့ စဉ်းစားမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ဒီဓလေ့လေးက အရမ်းကို ကောင်းတယ် ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လဲ လူမှုအသိုင်းအဝန်းမှာ ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့စေချင်ပါတယ်။  

ဘယ်အသိုင်းအဝန်းမှာပဲ ဖြစ်ဖြစ်၊ ဘုံရည်မှန်းချက် ရှိမယ်။ အဲဒီ ရည်မှန်းချက် ပန်းတိုင်ကို တစ်စိတ်တည်း တစ်ဝမ်းတည်း အတူ လက်တွဲ လုပ်ဆောင်ကာ နေကြမယ်။ ချီတက်ကြမယ်။ ဘယ်သူမှ လောဘ၊ ဒေါသ၊ မောဟကို အခြေမခံကြစတမ်းပေါ့။ အရပ်ပြော ပြောတော့ အားလုံး မညစ်ပတ်ကြစတမ်း။ လုံးဝ ရိုးသား ဖြူစင်မှုကို အခြေခံရမယ်ပေါ့။  

ဒါထဲကမှ အမှား လုပ်မိတာကို မြင်လို့ပဲ ဖြစ်ဖြစ်၊ ကြားလို့ပဲ ဖြစ်ဖြစ်၊ သံသယရှိလျှင်ပဲ ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းပေါ့။ ပွင့်ပွင့်လင်းလင်း ပြော ဆိုပေမဲ့ အကျိုး လိုလားစိတ်နှင့် ပြောဆိုရမှာပါ။ အဲဒီလို ပြောလာလျှင်လည်း လက်ခံပြီး ပြုပြင်ပါ့မယ်လို့ ဖိတ်ကြားရမှာပါ။ အဖွဲ့ဝင် အားလုံး ဒီလို စိတ်နှင့်ချည်း နေကြလျှင် ညီညွတ်မယ်။ ညီညွတ်လျှင် ချမ်းသာမယ်။ ချမ်းသာလျှင် အလုပ်ကို အာရုံစိုက်ပြီး လုပ်နိုင်မယ်။ အဲဒီလို လုပ်နိုင်လျှင် ရည်မှန်းချက် ပန်းတိုင်ကို ချမ်းချမ်းသာသာ ချောချော မွေ့မွေ့နှင့် ရောက်မယ်ဆိုတာ မြေကြီး လက်ခတ် မလွဲပါ။

မိသားစု တစ်ခုထဲမှာတောင် တစ်ယောက်နှင့် တစ်ယောက် အထင် လွဲတတ်ကြတယ်။ မိဘတွေက အစိုးရိမ် လွန်ပြီး ဒေါသတွေ ပေါက်ကွဲ၊ လိုအပ်တာထက် ပိုပြီး ပြောဆိုမိ ဆုံးမမိတတ်တယ်။ သားသမီးတွေက မိဘ စကားကို နားမထောင်၊ မလိုက်နာတာမျိုး၊ မကြားချင် မမြင်ချင်ယောင်ဆောင်တာမျိုး စတဲ့ တစ်ခုခုနှင့် ပြစ်မှား မိတတ်တယ်။ အပြန်အလှန် အထင်လွဲတာ၊ စိတ်ကောက်တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြစ်မှား ပြောဆိုမိတာတွေ ရှိတတ်ကြပါတယ်။ ဒါကလဲ လူ့သဘာဝပါပဲ။ သို့ပေမဲ့ ဒါတွေကို ဖုံးကွယ် မထားပဲ ပြောဆိုဖို့ ဖိတ်တယ် ဆိုတာ အင်မတန်မှ လေးနက် သိမ့်မွေ့ပြီး ချစ် မြတ်နိုးဖွယ်ရာပါ။  

မိဘနှင့် သားသမီးသာမက၊ ဆရာနှင့် တပည့်၊ ခင်ပွန်းနှင့် ဇနီးသည်၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းနှင့် အိမ်နီးနားချင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဆရာနှင့် ဒကာ၊ ပြည်သူနှင့် အစိုးရ စတဲ့စတဲ့ အချင်းချင်း ဆက်စပ် ပတ်သက်နေတဲ့ အသိုက်အဝန်း အားလုံးဟာလည်း အတူတူပါပဲ။ တကယ် မှားတာတွေ ရှိမယ်။ အမှားလုပ်တယ်လို့ မြင်တာ၊ ကြားတာ၊ သံသယဖြစ်တာတွေ ရှိမယ် ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ စေတနာဆိုးနှင့် မှားတာ မဟုတ်လျှင် အပြုပြင် ခံနိုင်၊ ဝေဖန် ထောက်ပြ အကြံဥာဏ် ပေးတာကို ခံနိုင်ရမှာပေါ့။ အပြန် အလှန် တောင်းပန်၊ ကျေနပ် ခွင့်လွှတ် လက်ခံနိုင်လျှင် အကောင်းဆုံးပါ။   

ဒီလိုသာဆိုလျှင် တကယ့် စိတ်ချမ်းမြေ့စရာ အကောင်းဆုံး၊ ပျော်စရာ အကောင်းဆုံး အသိုက်အဝန်း ဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် အချင်းချင်း အပြစ်ကို ဖိတ်မံ၊ လက်ခံ၊ ကျေအေးကြတဲ့ ဓလေ့လေး လူမှု အသိုင်းအဝန်းမှာ ဆထက်ကဲပို ထွန်းကားလာစေလိုပါတယ်။ ထွန်းကားလာပါစေလို့လည်း အလေးအနက် ဆန္ဒပြုလိုက်ရပါတယ်။ 

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ 

ဘုန်းဉာဏ် 
Mumbai, India 
19/10/2010